အခန်း (၇) ပုန်းကွယ်နေသော ရွာနှင့် ပွင့်လန်းလာသော ပန်းများ
ဟန်လူမျိုးများနှင့် တိုက်ခိုက်ကာ ရက်အတော်အတန်ကြာပြီးနောက် စစ်သူကြီး လီမုက တပ်စခန်းချကာ ခေတ္တမျှ ငြိမ်သက်ခြင်းကို ရရှိခဲ့၏။
သို့သော် လင်ဝမ်ယွဲ့ဆိုသည့် ကြိုးစားအားထုတ်သူတစ်ဦးကား အမြဲတစေ ပုန်းကွယ်နေခဲ့သည်။ သူမ၏ ခြေထောက်တစ်ဖက်မှာ ဓားခုတ်ဒဏ်ရာဖြင့် နာကျင်နေဆဲ ဖြစ်လေ၏။
ခြေလျင်တပ်အတွင်း၌ လင်ဝမ်ယွဲ့သည် ထူးဆန်းသော တည်ရှိမှုတစ်ခု ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် လွန်ခဲ့သော ( ၂ ) နှစ်အတွင်း မည်သည့်ရာထူးမှ မတိုးဘဲ စစ်တပ်၏ သေဆုံးနှုန်း မြင့်မားသည့် ဤနေရာတွင် ( ၂ ) နှစ်တိုင်အောင် တာဝန်ထမ်းဆောင်နေဆဲဖြစ်ခြင်းကြောင့်ပင်။
ထို့ကြောင့် သူမအား စစ်တပ်၏ ဝါရင့်စစ်သည်ဟု သတ်မှတ်၍ ရနေလေပြီ။ လင်ဝမ်ယွဲ့သည် စည်းကမ်းတင်းကျပ်မှုကို လိုလားပြီး လူမှုဆက်ဆံရေးတွင် မကျွမ်းကျင်ပေ။ လင်ယွီမှလွဲ၍ အခြားအပေါင်းအသင်းဟူ၍ မရှိဟုပင် ဆိုရမည်။
သို့သော် ဤအချက်များကြောင့် အခြားသူများက လင်ဝမ်ယွဲ့အား မလေးစားဟု မဆိုလိုပေ။ စစ်တပ်အတွင်း၌ လူသားအချင်းချင်း ဆက်ဆံရေးသည် ပိုမိုရိုးရှင်းကြသည်။ လင်ဝမ်ယွဲ့၏ ကြိုးစားအားထုတ်မှုနှင့် စစ်မြေပြင်မှ ရဲစွမ်းသတ္တိတို့ကို အများစုက သိရှိထားကြ၏။ ထို့ကြောင့် လင်ဝမ်ယွဲ့သည် ရက်အတော်ကြာ ဆက်တိုက် ဒဏ်ရာရရှိကာ လေ့ကျင့်ရေးတွင် မပါဝင်နိုင်သော်လည်း သူမ၏ တပ်စုမှူးက မည်သည့်စကားမျှ ဝင်မပြောပေ။
သို့သော် လင်ယွီသည် ဤအကြောင်းကို စိုးရိမ်ပူပန်လျက်ရှိ၏။ လင်ဝမ်ယွဲ့ မည်သို့သောသူဖြစ်သည်ကို လင်ယွီ ကောင်းစွာ သိထား၏။ တစ်ချိန်က လင်ဝမ်ယွဲ့သည် ရန်သူများနှင့် တိုက်ခိုက်ရင်း လက်မောင်းကျိုးသွားခဲ့သော်လည်း လေ့ကျင့်ရေးသို့ ဆက်လက်ပါဝင်ခဲ့သည်ကို လင်ယွီ မှတ်မိ၏။
ထိုမြင်ကွင်းကို ပြန်လည်တွေးတောမိသည့်အခါ လင်ဝမ်ယွဲ့၏ ခြေထောက်နှစ်ဖက်ကြားမှ သွေးနီရဲရဲများ စီးကျလာသည်ကို လင်ယွီ မြင်ယောင်လာမိ၏။ လင်ယွီ၏ ရင်ထဲတွင် လေးလံသော သက်ပြင်းချသံ ထွက်ပေါ်လာရပြန်သည်။
[ ယောက်ျားတစ်ယောက်က အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဆုံးရှုံးသွားတယ်ဆိုတော့… ရှင်းကောအတွက်လည်း တော်တော်ပြင်းထန်မှာပဲ… ]
"ကော၊ ထမင်းစားချိန်ရောက်ပြီ"
လင်ယွီသည် ထမင်းခွက်ကို ကိုင်ကာ တပ်စခန်းသို့ ပြန်ရောက်လာပြီးနောက် လင်ဝမ်ယွဲ့ကို သစ်သားခုတင်ပေါ်တွင် တွေ့ရသည်။ သူမ၏ မျက်နှာမှာ ဖြူဖျော့နေပြီး လက်ထဲတွင် သစ်သားပြားတစ်ချပ်ကို ကိုင်ကာ ပွတ်တိုက်နေသည်။
"ကော… ထမင်းစားပြီးပြီလား"
လင်ယွီသည် လင်ဝမ်ယွဲ့ဘေးတွင် ထိုင်လိုက်ပြီး ထမင်းခွက်ကို ပေးလိုက်သည်။ လင်ဝမ်ယွဲ့သည် အတွေးနယ်ချဲ့နေရာမှ လင်ယွီ၏ စိုးရိမ်တကြီး ကြည့်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် တစ်ဖက်လူ စိတ်သက်သာစေရန် ပြုံးပြကာ ပြန်ဖြေလိုက်သည်။
"ကျေးဇူးပဲ ငါ ခြေထောက်ဒဏ်ရာ သက်သာသွားပါပြီ၊ မနက်ဖြန် လေ့ကျင့်ရေးမှာ ပါမယ်"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လင်ယွီသည် ထမင်းပန်းကန်ထဲမှ ထမင်းကို စားရင်း မပီမသပြောလိုက်သည်။
"ခြေထောက်ဒဏ်ရာက သေးသေးလေး မဟုတ်ဘူး၊ ဒီတစ်ခါ ဟန်လူမျိုးတွေကို တိုက်ပြီးသွားတော့ သူတို့ ဆယ်ရက်၊ တစ်လလောက်တော့ ငြိမ်နေလိမ့်မယ်၊ အခုက ဆောင်းဦးရာသီလည်း မဟုတ်တော့ ဟန်လူမျိုးတွေက ဆောင်းတွင်းအတွက် စားနပ်ရိက္ခာ စုဆောင်းစရာ မလိုဘူး… ဒီလောက်ထိ ကြိုးစားအားထုတ်နေကြမှာ မဟုတ်ပါဘူး၊ ကြည့်ပါဦး… ကျွန်တော်တို့ အသားတုံးလေးတွေတောင် ပါးကုန်ပြီ"
လင်ဝမ်ယွဲ့သည် လင်ယွီ၏ စကားကြောင့် နှုတ်ခမ်းလေးများ ကွေးညွတ်သွားသော်လည်း ဟက်ဟက်ပက်ပက် ရယ်မောနိုင်ခြင်း မရှိချေ။
လင်ဝမ်ယွဲ့သည် ခေါင်းငုံ့ကာ ပန်းကန်ထဲမှ အစားအစာကို ကြည့်လိုက်သော်လည်း အစာစားချင်စိတ် ရှိမနေပေ။ ပထမဆုံးအကြိမ် မိန်းကလေး ဓမ္မတာ ရောက်ရှိလာသည့် အကျပ်အတည်းက သူမအား အသက်မရှူနိုင်လောက်အောင် ဖိအားပေးနေလေသည်။
ဆယ့်လေးနှစ်သမီးဘဝမှစ၍ စစ်မှုထမ်းခဲ့ရာမှ ယခုအချိန်အထိ လင်ဝမ်ယွဲ့သည် ကြိုးစားလေ့ကျင့်ခြင်းနှင့် အခြားသူများထက် အဆပေါင်းများစွာ ပိုမိုကြိုးစားခြင်းဖြင့် သူမ၏ ကျား၊ မ အားနည်းချက်များကို ကျော်လွှားနိုင်သည်ဟု အမြဲတစေ ယူဆခဲ့သည်။
သို့သော် သူမသည် မိန်းကလေး သဘာဝ ရာသီသွေးဆင်းမည့် အခြေအနေကို မေ့လျော့နေခဲ့သည်။ ဆယ့်ခြောက်နှစ်သမီးဖြစ်ပြီး ပထမဆုံး ဓမ္မတာ စတင်စီးဆင်းပြီးနောက် သူမသည် အရွယ်ရောက်ပြီးသော မိန်းမသားတစ်ဦး ဖြစ်သွားခဲ့ပြီ။ သာမန်မိန်းကလေးတစ်ဦးအတွက် ဤအရာသည် အဓိပ္ပာယ်ရှိသော ကိစ္စရပ်ဖြစ်သော်လည်း သူမအတွက် ခေါင်းဖြတ်သတ်ခံရမည့် အန္တရာယ်ပင် ဖြစ်လာနိုင်သည်။
လင်ယွီသည် လင်ဝမ်ယွဲ့၏ မျက်နှာ ဖြူဖျော့ကာ အတွေး၌ လွင့်မျောနေသည်ကို မြင်သောအခါ သူ၏ ရင်ထဲတွင် လေးလံမှုကို ခံစားလိုက်ရသည်။ ထို့နောက် လင်ဝမ်ယွဲ့၏ အာရုံကို လွှဲပြောင်းရန် ကြိုးစားရင်း မေးလိုက်သည်။
"ကော… ခုနက ကိုင်ထားတဲ့ သစ်သားပြားက ဘာလဲ၊ စစ်မြေပြင်ကိုတောင် ယူလာတယ်ဆိုတော့"
လင်ဝမ်ယွဲ့သည် ထိုစကားကို ကြားသောအခါ ထမင်းပန်းကန်ကို ဘေးသို့ ချလိုက်ပြီး သူမနောက်ကျောမှ သစ်သားပြားကို ကောက်ယူလိုက်သည်။
"ဒါကို ပြောတာလား"
"အင်း"
လင်ယွီသည် သစ်သားပြားကို ကြည့်လိုက်သည်။ အထူးအဆန်း မဟုတ်ပေ။ သာမန်သစ်သားပြား တစ်ချပ်သာ ဖြစ်ပြီး မညီမညာခြစ်ရာလေးများ တန်းစီလျက်ရှိသည်။
"ရှားပါးတဲ့ ပစ္စည်းတစ်ခုမှ မဟုတ်ပါဘူး၊ ငါ့ဇာတိကနေ ယူလာတဲ့ ရိုးရိုးသစ်သားပြားတစ်ချပ်ပါပဲ"
"အဲဒီအပေါ်က ခြစ်ရာတွေက ဘာတွေလဲ"
"အော်... ဒါတွေကလား"
လင်ဝမ်ယွဲ့သည် ပါးစပ်ထောင့်စွန်းကို ကွေးညွတ်လိုက်ပြီး လက်ချောင်းဖြင့် သစ်သားပြားပေါ်ရှိ ခြစ်ရာများကို ညင်သာစွာ ပွတ်သပ်လိုက်ကာ အေးဆေးစွာ ပြန်ဖြေလိုက်သည်။
"ဟန်လူမျိုးတစ်ယောက်ကို သတ်လိုက်တိုင်း ဒီသစ်သားပြားပေါ်မှာ တစ်ချက် ခြစ်မှတ်လိုက်တယ်"
လင်ဝမ်ယွဲ့၏ ရှင်းပြချက်ကို ကြားသောအခါ လင်ယွီ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လင်ဝမ်ယွဲ့၏ နားမလည်နိုင်သော မျက်နှာကို ကြည့်နေမိ၏။
လင်ဝမ်ယွဲ့သည် လင်ယွီကို အကြာကြီး စောင့်ဆိုင်းမနေစေဘဲ မိမိဘာသာ ရှင်းပြလိုက်သည်။
"ငါ မေ့သွားမှာကို စိုးရိမ်လို့ပါ၊ တစ်နေ့ကျရင် ဦးနှောက် ထိခိုက်ပြီး တခြားဟာတွေ မေ့သွားရင် မေ့ပါစေ … ဒါကိုတော့ မှတ်ထားရမယ် ဒီနေ့ မင်းကို ပြောပြရတာက တစ်နေ့ကျရင် ငါ ဘယ်လိုအခြေအနေနဲ့ပဲ သေသည်ဖြစ်စေ၊ ဒီသစ်သားပြားကို အိမ်ပြန်ယူသွားပြီး ချန်ကျွမ်းရွာလေးရဲ့ ရွာထိပ်မှာ ဒီသစ်သားပြားကို ငါ့အတွက် မီးရှို့ပေးပါ၊ ပြီးရင်… ဖေးရှင်းက အစွမ်းကုန် ကြိုးစားခဲ့တယ် ဆိုတဲ့အကြောင်း ပြောပြပေးပါ"
လင်ဝမ်ယွဲ့၏ အသံသည် နူးညံ့နေသော်လည်း အရာရာက အေးစက်နေ၏။ သို့သော် လင်ယွီ ကြားလိုက်ရသည်မှာ ဖော်ပြ၍ မရသော ကြေကွဲဖွယ်ရာ အေးစက်မှုကိုသာ ဖြစ်သည်။
"ကျွန်တော် မီးမရှို့ဘူး၊ မီးရှို့ချင်ရင် ကိုယ်တိုင် သွားရှို့… ဘာလို့ စိတ်ပျက်အားငယ်စရာ စကားတွေ ပြောနေတာလဲ၊ ကော… ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အတူတူ ရာထူးကြီးတွေ ရအောင် လုပ်ရဦးမယ်!"
လင်ဝမ်ယွဲ့သည် လင်ယွီ၏ နှစ်သိမ့်စကားကို ကြားပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ငါ့လိုလူအတွက် ရာထူးတိုးတော့ကော ဘာထူးမှာမို့လို့လဲ"
လင်ယွီ၏ နားထဲတွင် ဤစကားသည် အခြားအဓိပ္ပာယ်ရှိနေသည်။ လင်ဝမ်ယွဲ့က ဤသို့ ပြောပြီးနောက် လင်ယွီသည် ပန်းကန်ကို ချလိုက်ပြီး လင်ဝမ်ယွဲ့အား ပြင်းထန်စွာ ပြောလိုက်သည်။
"ကော၊ တကယ်တော့ ကောရဲ့ ကိစ္စတွေအားလုံးကို ကျွန်တော်သိတယ်"
"ဒုန်း!" ဟူသော အသံနှင့်အတူ လင်ဝမ်ယွဲ့လက်ထဲမှ သစ်သားပြားသည် လွတ်ကျကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ထိုစဉ် လင်ဝမ်ယွဲ့၏ စိတ်ထဲတွင် လုံးဝ ဟာလာဟင်းလင်း ဖြစ်သွား၏။
[ ငါ့ကို ခေါင်းဖြတ်တော့မှာလား… ]
[ ငါ့ရဲ့ ကံကြမ္မာက ဒီလိုဖြစ်နေတာလား… ]
[ ဒါပေမဲ့ (ခြစ်ရာ) ခြောက်ဆယ်ခု လိုသေးတာ… ]
လင်ယွီသည် လင်ဝမ်ယွဲ့၏ မျက်နှာ ဖြူဖျော့သွားသည်ကို မြင်သောအခါ သူ၏ ခန့်မှန်းချက်ကို ပိုမိုခိုင်မာသွားသည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
"ကော၊ ကောရဲ့ မျိုးဆက်ပွားတဲ့နေရာ ထိခိုက်သွားတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ စိတ်ဓာတ်မကျပါနဲ့ စစ်တပ်မှာ အသက်ရှင်နေနိုင်တာနဲ့တင် ကံကောင်းနေပြီ နောင်ကျရင် ကျွန်တော် မိန်းမယူရင် ဝဝကစ်ကစ် သားလေးတစ်ယောက်ကို ကောကို မွေးစားခွင့် ပေးပါမယ်၊ စိတ်ချ ကော"
[ မျိုးဆက်ပွားတဲ့ နေရာ? မွေးစားတာ? ဝဝကစ်ကစ် သားလေး? ]
လင်ဝမ်ယွဲ့၏ ဦးနှောက်သည် အလျင်အမြန် လည်ပတ်သွားပြီး လင်ယွီ၏ အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွား၏။
[ တကယ်တော့... ဒီလိုကိုး… ]
ရုတ်တရက် လင်ဝမ်ယွဲ့၏ ရင်ထဲမှ လေးလံသော ကျောက်တုံးတစ်ဝက်ခန့် ပပျောက်သွားပြီး သူမ၏ မျက်နှာလည်း နူးညံ့လာလေသည်။ ထို့နောက် လင်ယွီ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ၊ ငါတို့အားလုံး ကောင်းကောင်း အသက်ရှင်ကြမယ်"
လင်ယွီသည် လင်ဝမ်ယွဲ့၏ စိတ်ခံစားချက်များ အနည်းငယ် မြင့်တက်လာသည်ကို မြင်သောအခါ သူ့စိတ်ထဲတွင် ပျော်ရွှင်မှုများ ဖြစ်ပေါ်လာသည်။
“ညီအစ်ကို” နှစ်ယောက်မှာ ပျော်ပျော်ရွှင်ရွှင်နှင့် ထမင်းစားပြီးနောက် ဆက်လက် စကားမပြောကြတော့ချေ။
ထမင်းစားပြီးနောက် လင်ယွီသည် ပန်းကန်ခွက်ယောက်များကို ကိုင်ဆောင်ကာ တပ်စခန်းမှ ထွက်ခွာသွားလေသည်။ လင်ဝမ်ယွဲ့အား ကောင်းစွာ အနားယူရန်လည်း မှာကြားခဲ့သည်။ လင်ဝမ်ယွဲ့သည် သစ်သားခုတင်ပေါ်တွင် လှဲလျောင်းရင်း လေးလံစွာ သက်ပြင်းချလိုက်သည်။ သူမ၏ ရင်ထဲတွင် အသက်ရှင်သန်နေဆဲဖြစ်သည့် ကံကောင်းခြင်းမျိုးကို ခံစားရသော်လည်း အန္တရာယ်က ရှိနေဆဲဖြစ်ရာ လင်ဝမ်ယွဲ့ ပြုံးမရနိုင်ပေ။
လင်ဝမ်ယွဲ့သည် ဆယ့်သုံးနှစ်သမီးအရွယ်တွင် သူမ၏ မိခင်က မိန်းကလေးများ၏ ဓမ္မတာအကြောင်း ပြောပြခဲ့သည်ကို မှတ်မိသည်။ ပထမဆုံး ဓမ္မတာ စတင်စီးဆင်းပြီးနောက် မိန်းကလေးများသည် အရွယ်ရောက်လာကြပြီး နောက်ပိုင်းတွင် လစဉ် ပုံမှန်ရက်များတွင် ဓမ္မတာလာလိမ့်မည်။
[ ယခုတစ်ခါတော့ သူမ ကံကောင်းစွာနှင့် ရှောင်လွှဲနိုင်ခဲ့၏။ ]
[ ဒါပေမဲ့ နောက်ပိုင်းကျရင် ဘယ်လိုလုပ်မလဲ… ]
လင်ဝမ်ယွဲ့သည် ထွင်းထုထားသော ခြစ်ရာ ငါးဆယ့်ရှစ်ခုရှိသည့် သစ်သားပြားကို ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။ သူမ၏ မှတ်ဉာဏ်သည် ချန်ကျွမ်းရွာသို့ တစ်ဖန်ပြန်ရောက်သွား၏။
ထိုရွာမှ တောင်တန်းများ၊ မြစ်ချောင်းများ၊ ရွာသူရွာသားများ…
နေထိုင်သူတွေကို သားသမီးကဲ့သို့ ချစ်သော ရွာသူကြီး ကျန့်၊ တရားမျှတသော အုပ်ချုပ်ရေးမှူး ကျန်း၊ အန်တီဝမ်၏ ပြောင်းဖူးပေါင်မုန့်တွေက အလွန်ပင် မွှေးကြိုင်ပြီး ချိုမြိန်၏။ ရွာအနောက်ဘက်ခြမ်းမှ အားနျိုမှာ ဖေးရှင်းကို အမြဲဒုက္ခပေးလေ့ရှိသည်။ ရှစ်နှစ်သမီးအရွယ်တွင် ရွာသို့ ပြောင်းရွှေ့လာပြီး ရွာ၏ အရှေ့ဘက်ခြမ်းတွင် နေထိုင်သော အဘိုးအို သမားတော်ကြီးတစ်ဦးလည်း ရှိသည်။ သူသည် လူနာများကို ကုသရာတွင် ပိုက်ဆံမယူပေ။ သူက လေးစားခံရသင့်သူတစ်ဦး ဖြစ်သော်လည်း လူတိုင်းက သူ့အား အဘိုးအို သမားတော်ကြီးဟုသာ ခေါ်စေခဲ့သည်။
ရုတ်တရက် လင်ဝမ်ယွဲ့၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သလို အတွေးတစ်ခု ဝင်လာသည်။
"ဟေး… ဒီကောင်မလေး၊ ဒီ ဆေးပင်ကို မကိုင်နဲ့!"
သမားတော်အိုကြီးသည် လင်ဝမ်ယွဲ့ကို အမြဲတမ်း ချစ်ခင်ပြီး လင်ဝမ်ယွဲ့သည်လည်း သူ့ထံသို့ အမြဲတမ်း သွားလာခဲ့သည်။ နောက်ပိုင်းတွင် သူသည် လင်ဝမ်ယွဲ့အား ဆေးပညာအကြောင်း၊ ဆေးပင်များကို မှတ်မိပုံအကြောင်း သင်ကြားပေးခဲ့သည်။
ဆယ့်လေးနှစ်သမီးအရွယ်တွင် သူမ အသေးစား ဒဏ်ရာများနှင့် နာကျင်မှုများကို ကုသနိုင်ခဲ့သည်။ တစ်နေ့တွင် သမားတော်အိုကြီး၏ ဆေးရုံတွင် လင်ဝမ်ယွဲ့သည် တစ်ပင်လုံး အနက်ရောင်ရှိသည့် ဆေးပင်တစ်ပင်ကို တွေ့လိုက်ရပြီး အကူအညီပေးရန် ကြိုးစားခဲ့သည်။ သို့သော် အဘိုးအို သမားတော်ကြီးသည် ရုတ်တရက် ဒေါသထွက်လာပြီး သူမ၏ လက်ထဲမှ ဆေးပင်ကို လုယူကာ သူမအား ဆူပူကြိမ်းမောင်းလေသည်။
လင်ဝမ်ယွဲ့ က ဝမ်းနည်းပြီး အော်ဟစ်ငိုယိုတော့မှ သမားတော်အိုကြီးက သူမအား ပြောလိုက်သည်။
"ဒီကလေးမလေး၊ ညည်းကတော့လေ စေတနာကို မသိဘူး၊ နင့် ဦးလေးဟွား တာဝန်ထမ်းဆောင်တုန်းက ခန္ဓာကိုယ်တစ်ခြမ်းလုံး မီးလောင်ပြီး အခု အနာတွေက အပူဒဏ်ကြောင့် မကျက်တာ… ဒီဆေးပင်ကလေ၊ ယောင့်ဝမ်ပန်းလို့ ခေါ်တယ်၊ အပူဒဏ်ကို ကုဖို့ အာနိသင်ပျော့စေတဲ့ ဆေးပင်တချို့နဲ့ ပေါင်းစပ်ပြီး သုံးရင် အကောင်းဆုံးပဲ၊ ဒါပေမဲ့ သူ့တစ်ခုတည်းကို စားလိုက်ရင်တော့ တော်တော်ဆိုးတယ်၊ အထူးသဖြင့် မိန်းကလေးတွေအတွက် ယောင့်ဝမ်ပန်းက အအေးဓာတ်ပဲ… သေချာ ဂရုမစိုက်ရင် နင်ဆိုတဲ့ ကလေးမစုတ်လေး၊ နောင်ကျရင် အမေဖြစ်နိုင်တော့မှာ မဟုတ်ဘူး၊ ဆေးဆရာအိုကြီးက စေတနာနဲ့ နင့်ကို ကယ်တာ… နင်က နှာခေါင်းကြီးရှုံ့ပြီး ငိုနေတုန်းပဲ၊ မြန်မြန် သုတ်လိုက်ပါဦး…"
မှုန်ဝါးဝါး မှတ်ဉာဏ်များက ရုတ်တရက် ကြည်လင်လာသည်ကို မည်သို့မျှ မသိလိုက်ရပေ။
လင်ဝမ်ယွဲ့ သစ်သားခုတင်ပေါ်မှ ထထိုင်လိုက်လေသည်။
"ယောင့်ဝမ်ပန်း!"
End 7