အခန်း ၁: ဝမ်ယွဲ့ မှ ဖေးရှင်း ဖြစ်လာခြင်း
သူမ၏ ခြေထောက်အောက်ရှိ မြေပြင်သည် သွေးတို့ဖြင့် နီရဲစိုစွတ်လျက် ရှိသည်။ ရွာငယ်လေးအတွင်း စီးဆင်းနေသော စမ်းချောင်းငယ်ပင် သွေးရောင်သန်းကာ နီညိုနေလေ၏။
အလောင်းများသည် မြေပြင်အနှံ့ ပြန့်ကျဲလျက်ရှိနေကာ အလောင်းတစ်ခုစီတွင် လတ်ဆတ်သော သွေးစက်များဖြင့် စွန်းထင်းနေသော ရင်းနှီးကျွမ်းဝင်သည့် မျက်နှာတစ်ခုစီ ရှိနေသည်။
ထိုမျက်နှာများသည် ကြေကွဲဝမ်းနည်းစွာဖြင့် ရှုံ့မဲ့လျက်။ ရွာပတ်လည်ရှိ နံရံများသည် ပြိုကျပျက်စီးလုနီးပါးဖြစ်ကာ တစ်ဝက်ခန့်မှာ မီးလောင်ကျွမ်းထားသော မြေဆီလွှာအဖြစ် ပြောင်းလဲသွားလေပြီ။ လေထုထဲတွင် သံချေးနံ့သင်းသင်း ရောနှောလျက် ရှိသည်။
လင်ဝမ်ယွဲ့သည် သူမ၏ ဖခင်ဖြစ်သူ ရုပ်အလောင်းအား တွေ့လိုက်ရသည်။ သူ၏ လက်သည် ရေခပ်ရန်အတွက် ပခုံးပေါ်တွင် တင်ထားသည့် ထမ်းပိုး၏ ဝါးတန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲပင်။
အသက်ဆယ့်လေးနှစ်အရွယ်သာ ရှိသေးသော လင်ဝမ်ယွဲ့သည် သူမ၏ ဖခင်လက်မှ ထိုတန်းကို အားကုန်ဆွဲထုတ်ရန် ကြိုးစားသော်လည်း မရခဲ့ချေ။ နောက်ဆုံးတွင် သူမသည် သူမ၏ မိခင်၊ ညီငယ်တို့နှင့် ဖခင်ကိုပါ ထိုထမ်းပိုးနှင့်အတူ မြှုပ်နှံခဲ့ရသည်။
သူမ မိခင်ဖြစ်သူ၏ ရုပ်အလောင်းကို ရွာအပြင်ဘက်ရှိ ဖုန်ထူသော လမ်းဘေးတွင် တွေ့ရသည်။ သူမ မိခင်သည် သူမ၏ ဆယ့်လေးနှစ်အရွယ် ညီငယ်လေးအား တင်းကျပ်စွာ ဖက်ထားပြီး သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်ကို လှံဖြင့် ထိုးဖောက်ခံထားရသည်။
ပထမဦးဆုံးအကြိမ်အဖြစ် လင်ဝမ်ယွဲ့သည် လက်နက်တစ်ခုက အသားစိုင်ကို ဖောက်ထွက်သွားသော အသံအား ကြားလိုက်ရ၏။ ထိုအသံသည် သူမ၏ မိခင်နှင့် ညီငယ်တို့၏ ခန္ဓာကိုယ်မှ လှံကို ဆွဲထုတ်စဉ်က ထွက်ပေါ်လာခြင်း ဖြစ်သည်။
"အား!"
လင်ဝမ်ယွဲ့သည် သစ်သားခုတင်ပေါ်မှ လန့်နိုးကာ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။ သူမ၏ ပတ်ဝန်းကျင်တွင် တစ်ယောက်ပြီးတစ်ယောက် အိပ်ပျော်နေသော ဟောက်သံများ တဖြည်းဖြည်း မြင့်တက်လာကာ တဖြည်းဖြည်း ပြန်ဆင်းသွားကြ၏။ သူမဘေးတွင် အိပ်ပျော်နေသော လင်ယွီသည် လင်ဝမ်ယွဲ့၏ ငိုသံကြောင့် နိုးလာခဲ့သည်။
သူသည် မျက်လုံးကို မှေးစင်းကာ…
"ရှင်းကော၊ ခင်ဗျား... ထပ်ပြီး အိပ်မက်ဆိုးတွေ မက်နေပြန်ပြီလား”
လင်ယွီ တိုးတိုးမေးကာ အရေးမစိုက်ဟန်ဖြင့် လှည့်၍ ပြန်အိပ်သွား၏။
လင်ဝမ်ယွဲ့သည် အသက်ရှူမဝသကဲ့သို့ ခပ်ပြင်းပြင်း အသက်ရှူနေစဉ် ချွေးစိုနေသော အဝတ်အစားများကို တင်းတင်းဆုပ်ထားသည်။ သို့သော် သူမသည် ထိုအဝတ်အစားများကို လုံးဝ ချွတ်ပစ်လိုစိတ်မရှိပေ။
လွန်ခဲ့သော နှစ်နှစ်က သူမ၏ ဖခင်၊ မိခင်နှင့် ညီငယ်တို့သည် ဟန်လူမျိုးတို့၏ သတ်ဖြတ်ခြင်းအား ခံခဲ့ရသော်လည်း သူမသည် ထိုနေ့ရက်၏ အိပ်မက်ဆိုးကို အချိန်တိုင်း မက်နေဆဲ ဖြစ်သည်။ ထိုအိပ်မက်သည် အလွန်ရှင်းလင်းပြီး အလွန်တရာမှ အဖြစ်မှန်နှင့် နီးစပ်လွန်းသောကြောင့် နိုးလာတိုင်း သူမ၏ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေတတ်၏။
ထိုအရာသည် ထပ်ခါထပ်ခါ ဖြစ်ပေါ်နေတတ်သောကြောင့် ညရောက်တိုင်း သူမသည် ကြောက်ရွံ့တုန်လှုပ်နေတတ်သည်။ မည်သည်ကြောင့်ဆိုသော် အနှီနေရာသည် သူမ၏ မိဘများနှင့် ညီငယ်ကို ပြန်လည်တွေ့ဆုံခွင့်ရသည့် တစ်ခုတည်းသော နေရာဖြစ်သောကြောင့်ပင်။
လင်ဝမ်ယွဲ့သည် သက်ပြင်းရှည်တစ်ခုကို ချကာ သစ်သားပျဉ်ခင်းထားသော ကြမ်းပြင်မှ ထရပ်လိုက်၏။ သူမသည် လူဆယ့်ငါးဦးဆံ့သော စစ်တပ်၏ တဲတစ်ခုမှ တုန်ယင်စွာ ထွက်လာခဲ့သည်။
"ဘယ်သူလဲ?!"
တဲအပြင်တွင် လှည့်ကင်းစောင့်နေသော စစ်သားတစ်ဦးက လင်ဝမ်ယွဲ့ကို တွေ့သွားပြီး မေးလိုက်၏။ ထိုအချိန်သည် စစ်ဖြစ်နေသော ကာလဖြစ်သောကြောင့် အရာအားလုံးက အန္တရာယ်များဖြင့် ဝန်းရံနေပြီး မည်သူမျှ ဂရုမစိုက်ဘဲ မနေနိုင်ပေ။
"အစီရင်ခံပါတယ်! ယီတပ်ရင်း တတိယတပ်ဖွဲ့မှ ခြေလျင်တပ်သား လင်ဖေးရှင်းပါ"
လင်ဝမ်ယွဲ့သည် လေ့ကျင့်ထားသည့်အတိုင်း တိကျစွာ အစီရင်ခံလိုက်သည်။ ကင်းလှည့်နေသော စစ်သားသည် သူမအား တဲအပြင်သို့ ထွက်သွားခွင့်ပြုလိုက်၏။ လင်ဝမ်ယွဲ့သည် လှံတစ်လက်နှင့် အကာတစ်ခုအား ဆုပ်ကိုင်ထားပြီး သူမ၏ နာမည်ပါသော သစ်သားပြားလေးကို စစ်ဆေးကာ လှည့်ထွက်သွားသည်။
လင်ဝမ်ယွဲ့သည် ကြည်လင်သော ကောင်းကင်ယံတွင် လင်းလက်နေသည့် လမင်းကြီးကို ငေးကြည့်နေ၏။ လရောင်ဖြူဖွေးဖွေးက စစ်တပ်၏ တပ်စခန်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။
နှစ်ပေါင်းများစွာကြာမြင့်သော စစ်ပွဲများကြောင့် ထိုဒေသသည် လူသူကင်းမဲ့သော မြေအဖြစ် ပြောင်းလဲသွားခဲ့သည်။ လီနိုင်ငံတော်နှင့် ဟန်လူမျိုးတို့သည် ထိုနယ်စပ်ဒေသ၌ သုံးနှစ်ခန့်ကြာ တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်စလုံးတွင် တူညီသော အနိုင်အရှုံး ရှိခဲ့၏။
ထိုဒေသသည် ဟန်လူမျိုးများနှင့် လီနိုင်ငံတော်တို့၏ တိုက်ပွဲများကြောင့် မြေရိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ အလွန်မာကျောသော မြက်ပင်များပင် သွေးစွန်းထင်းနေသော မြေဆီလွှာကို ထိုးဖောက်နိုင်စွမ်း မရှိတော့ကာ မြင်းခွာများဖြင့် နင်းခြေခံထားရလေ၏။
ဤနေရာတွင် ငယ်စဉ်က လင်ဝမ်ယွဲ့ ရင်းနှီးခဲ့သော ပိုးမွှားများ၏ တအီအီမြည်သံများ မရှိတော့ချေ။ တပ်စခန်းတစ်ခုလုံးမှ တိုးတိတ်စွာ လွင့်ပျံ့လာသော အိပ်ပျော်နေသူများ၏ ဟောက်သံမှလွဲ၍ အခြားမည်သည့်အသံမျှ မကြားရပေ။
လင်ဝမ်ယွဲ့သည် ကောင်းကင်ထံ မော့ကြည့်ရင်း လောကအပြင်ဘက်သို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူမ၏ စိတ်သည် သူမ၏ အိပ်မက်များရှိရာသို့ ပြန်လည်ရောက်ရှိသွားသည်ဟု ထင်မိသည်။
လီနိုင်ငံတော်၏ အစွန်အဖျားတွင် ချန်ကျွမ်းရွာ ဟုခေါ်သော ရွာငယ်လေးတစ်ရွာ တည်ရှိ၏။ ထိုရွာတွင် လူလေးဦးသာရှိသော မိသားစုတစ်စု နေထိုင်ကြသည်။ ဖခင်သည် ရွာတွင် ပညာတတ်တစ်ဦးတည်း ဖြစ်သောကြောင့် ရွာသူရွာသားများက သူ့ကို အလွန်လေးစားကြ၏။
မိခင်သည် စိတ်သဘောထားကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့သူဖြစ်သည်။ သူမတို့တွင် အမွှာမောင်နှမ နှစ်ဦးရှိပြီး အစ်မဖြစ်သူ၏ နာမည်မှာ လင်ဝမ်ယွဲ့ဖြစ်ကာ မောင်ဖြစ်သူ၏ နာမည်မှာ လင်ဖေးရှင်းဖြစ်သည်။ သူမတို့သည် ငယ်စဉ်ကတည်းက ချစ်ခင်ရင်းနှီးစွာ ကြီးပြင်းခဲ့ကြပြီး သုံးနှစ်အရွယ်တွင် စာသင်ခဲ့ကြသည်။
သို့သော် လွန်ခဲ့သော ၂ နှစ်က ထိုမိသားစုသည် အဆုံးသတ်သွားခဲ့ရသည်။ လင်ဝမ်ယွဲ့သည် တောက်ပထက်မြက်သူ ဖြစ်သော်လည်း သူမ၏ ညီလေး လင်ဖေးရှင်းမှာ ပို၍တည်ငြိမ်အေးဆေးသူ ဖြစ်သည်။ ဆယ့်လေးနှစ်အရွယ် လင်ဝမ်ယွဲ့သည် တောင်ပေါ်သို့ တိတ်တဆိတ် တက်ကာ ရွာ၏ အရှေ့ဘက်တွင် နေထိုင်သော ဆရာဝန်ကြီးထံမှ ဆေးဖက်ဝင်အပင်အချို့ကို ရှာဖွေရန် အမြဲသွားလေ့ရှိသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ထိုဆရာဝန်ကြီးသည် သူမအား ထိုအပင်များအကြောင်း သင်ကြားပေးခဲ့၏။
သို့သော် လင်ဝမ်ယွဲ့သည် ရွာသို့ ပြန်ရောက်သောအခါ ရွာတစ်ခုလုံး ဟန်လူမျိုးတို့၏ ရက်စက်စွာ သတ်ဖြတ်ခံထားရသည်ကို တွေ့လိုက်ရသည်။ သူမ၏ မိဘများနှင့် ညီငယ်လေးတို့ပင် အသက်မရှင်တော့ချေ။
လင်ဝမ်ယွဲ့သည် သူမ၏ မိဘများနှင့် ညီငယ်လေးကို ကိုယ်တိုင် မြှုပ်နှံခဲ့ပြီးနောက် မတ်တပ်ရပ်ကာ ကျန်ရစ်ခဲ့သော အလောင်းများအား တစ်ဦးပြီးတစ်ဦး ရင်ဆိုင်ခဲ့သည်။ သူမသည် ထိုအလောင်းများကို တစ်ဦးတည်း သယ်ယူကာ မြှုပ်နှံခဲ့၏။ နောက်ဆုံးတွင် အလောင်းအများအပြားသည် ပုပ်သိုးစော်နံနေပြီး လောက်ကောင်များပင် စားသောက်နေကြသော်လည်း လင်ဝမ်ယွဲ့က သူမတို့အားလုံးကို မြှုပ်နှံခြင်းအား မရပ်နားခဲ့ပေ။
နောက်ဆုံးတွင် သူမသည် ရွာကို မီးရှို့ရန် ဆုံးဖြတ်လိုက်၏။ သူမသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဦးညွှတ်ပြီး…
"ဦးလေးတို့၊ အဒေါ်တို့… ဝမ်ယွဲ့မှာ အားအင်မရှိတော့ပါဘူး၊ လူတိုင်းကို တစ်ယောက်ချင်း မြှုပ်နှံဖို့ မတတ်နိုင်တော့ပါဘူး၊ သမီး တတ်နိုင်တာဆိုလို့ လူတိုင်း တောထဲမှာ ပုပ်သိုးပြီး အနံ့ဆိုးတွေ မထွက်ရအောင် မီးသင်္ဂြိုဟ်ပေးဖို့ပဲ ရှိပါတယ်၊ အားလုံး အေးအေးချမ်းချမ်း အနားယူကြပါတော့"
အမျိုးသမီးများသည် စစ်သားများ မဖြစ်နိုင်သောကြောင့် လင်ဝမ်ယွဲ့က သူမ၏ မောင်ငယ်လေး၏ အမည်ကို အသုံးပြုကာ အသက်ရှင်ရန် ကြိုးစားခဲ့သည်။
လင်ဝမ်ယွဲ့သည် ရက်ပေါင်းများစွာ ခရီးနှင်ခဲ့၏။ သူမသည် ဗိုက်ဆာသောအခါ အစားအစာများကို ရှာဖွေခဲ့သည်။ အစားအစာ မရသောအခါ တောထဲမှ စားသုံးနိုင်သော အပင်များနှင့် အခေါက်များကို စားကာ အသက်ဆက်ခဲ့သည်။
သူမသည် သနားကြင်နာတတ်သော လူများကို သတိထားရမည်။ အကြောင်းမှာ ထိုသူများသည် လူယောင်ဖန်ဆင်းထားသော မိစ္ဆာများ ဖြစ်နိုင်သောကြောင့်ပင်။ ခရီးစဉ်တစ်ခုလုံးတွင် လင်ဝမ်ယွဲ့သည် ချန်ကျွမ်းရွာ၌ မိဘများနှင့် ညီငယ်လေးတို့ သေဆုံးခဲ့ရသော ဝမ်းနည်းမှုကို အမြဲခံစားနေရသည်။
နောက်ဆုံးတွင် လင်ဝမ်ယွဲ့သည် လီနိုင်ငံတော်၏ နာမည်ကျော် စစ်သူကြီး လီမု၏ စစ်တပ်စခန်းသို့ ရောက်ရှိခဲ့သည်။ သူမသည် လင်ဖေးရှင်း၏ အမည်ဖြင့် စစ်မှုထမ်းရန် စာရင်းသွင်းခဲ့၏။ လီနိုင်ငံတော်တွင် စစ်မှုထမ်းရန် အခွင့်အရေးရရှိရန်မှာ မလွယ်ကူပေ။
မည်သည်ကြောင့်ဆိုသော် ထိုနိုင်ငံတွင် အရာရှိများ၊ စစ်သားများ၊ လယ်သမားများ၊ အလုပ်သမားများနှင့် ကုန်သည်များဟူ၍ အသက်မွေးဝမ်းကြောင်း အမျိုးမျိုး ကွဲပြားလျက်ရှိပြီး လူအများစုမှာ မျိုးဆက်အဆက်ဆက် မိရိုးဖလာ အလုပ်အကိုင်များကိုသာ လုပ်ကိုင်ကြသောကြောင့် ဖြစ်သည်။ တရားရုံး၏ ခွင့်ပြုချက်မရှိလျှင် သာမန်လူများ စစ်တပ်တွင် စာရင်းသွင်းရန် ခွင့်မပြုပေ။
သူမ၏ နောက်ဆုံးမျှော်လင့်ချက်က ကွယ်ပျောက်လုနီးပါးဖြစ်နေသည်ကို သိသောကြောင့် လင်ဝမ်ယွဲ့သည် စာရင်းသွင်းဌာနမှ စာရေး၏ ခြေရင်းတွင် ဒူးထောက်လိုက်ပြီး…
"တောင်းပန်ပါတယ်… ကျွန်တော့်ကို စစ်တပ်ထဲ ဝင်ခွင့်ပြုပါ"
ထိုစာရေးသည် အသက်နှစ်ဆယ့်ငါးနှစ် သို့မဟုတ် နှစ်ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးသော လူငယ်တစ်ဦးဖြစ်သည်။ သူသည် လင်ဝမ်ယွဲ့ကို အံ့အားသင့်စွာ ကြည့်ရှုလိုက်သည်။ သူသည် လက်ထဲမှ စုတ်တံကို ချကာ လင်ဝမ်ယွဲ့ထံ မော့ကြည့်ပြီး အခက်အခဲရှိဟန်ဖြင့်…
"ကလေး… မင်းက ငါ့ကို အခက်တွေ့အောင် လုပ်နေတာပဲ၊ မင်းက စစ်မှုထမ်းရိုးရာရှိတဲ့ မိသားစုကလည်း မဟုတ်ဘူးဆိုတော့ ငါ ဒီဆုံးဖြတ်ချက်ကို ချလို့မရဘူး။ စာရင်းသွင်းတဲ့ ကိစ္စက သိပ်အရေးမကြီးပေမဲ့ လွယ်တဲ့ကိစ္စလည်း မဟုတ်ဘူး၊ ငါက စာတတ်တဲ့သူဆိုတော့ စာလုံးအနည်းငယ်ကို မှတ်မိရုံနဲ့ အာဏာရှိတဲ့သူလို့ မထင်နဲ့"
"ဆရာရယ်… ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် တောင်းပန်ပါတယ်… ကျွန်တော်တို့ ရွာတစ်ခုလုံး ဟန်လူမျိုးတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်၊ ကျွန်တော့်ရဲ့ အဖေ၊ အမေနဲ့ အစ်မတွေအားလုံး သေဆုံးသွားကြပါပြီ။ ကျွန်တော့်မှာ မှီခိုစရာ ဘယ်သူမှ မရှိတော့ပါဘူး။ အရင်က လူတစ်ရာ့ရှစ်ဆယ်ကျော်ရှိတဲ့ ချန်ကျွမ်းရွာမှာ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တာပါ။ ရုပ်အလောင်းတွေက နေရာတိုင်းမှာ အပုပ်နံ့တွေလည်း ထွက်နေပါပြီ… ကျွန်တော်တစ်ယောက်တည်း သူတို့ကို မြှုပ်နှံဖို့ မဖြစ်နိုင်ပါဘူး၊ အဲဒါကြောင့် ကျွန်တော်က ဒီကို တစ်လမ်းလုံး လမ်းလျှောက်လာခဲ့တာပါ။ ဆရာရယ်… ကျွန်တော့်ကို စစ်ထဲဝင်ခွင့်ပြုပါလို့ တောင်းပန်ပါတယ်!"
လင်ဝမ်ယွဲ့သည် ဝမ်းနည်းကြေကွဲစွာဖြင့် ဒူးထောက်လျက် ရှိသည်။ သူမ၏ ပခုံးက ငိုရှိုက်သံကြောင့် တုန်ရီနေသော်လည်း သူမသည် ခေါင်းမော့မလာဘဲနှင့် စာရေး၏ အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားသည်။
ထိုစာရေးက ချန်ကျွမ်းရွာတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ကြားသိထားပြီးဖြစ်သည်။ လင်ဝမ်ယွဲ့၏ စုတ်ပြတ်နေသော အဝတ်အစားများနှင့် ညစ်ပတ်ပေရေနေသည့် အသွင်အပြင်ကို သူ သနားမိသည်။ သူမ၏ မျက်နှာတွင် ဝမ်းနည်းမှုနှင့် ခိုင်မာသော ဆုံးဖြတ်ချက်တို့ ရောယှက်နေသည်ကို သူ သတိပြုမိသည်။
သူမ၏ ခြေထောက်ကို သူကြည့်လိုက်သောအခါ ဖိနပ်တစ်ဖက် ပျောက်ဆုံးနေပြီး ကျန်တစ်ဖက်တွင် နီညိုရောင် မြေကြီးများ စွန်းထင်းနေသည်အား တွေ့လိုက်ရသည်။ ထိုအရာကို မြင်သောအခါ စာရေးသည် စိတ်မသက်မသာ ဖြစ်သွားသည်။
ထိုစာရေးသည် ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားနေ၏။ နောက်ဆုံးတွင် စာရေးက သက်ပြင်းချလိုက်ကာ…
"ငါ့မှာ ဆုံးရှုံးစရာ ဘာမှ မရှိဘူးထင်တယ်၊ ငါ အခု စစ်သူကြီးဆီ သွားပြီး ဒီကိစ္စကို တင်ပြမယ်… ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကံကြမ္မာအတိုင်းပဲ ဖြစ်လိမ့်မယ်… မင်း စောင့်နေ၊ အဆင်မပြေရင်တော့ ငါ့ကို လာမနှောင့်ယှက်နဲ့တော့!"
လင်ဝမ်ယွဲ့သည် ပြန်မဖြေဘဲနှင့် ခေါင်းအား ညွှတ်ကာ သူမ၏ ကျေးဇူးတင်ကြောင်းကို ဖော်ပြလိုက်သည်။
ခဏအကြာတွင် ထိုစာရေးသည် လင်ဝမ်ယွဲ့ကို တဲအကြီးတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။ စစ်သူကြီး လီမုသည် လင်ဝမ်ယွဲ့အား တွေ့သောအခါ ဝမ်းနည်းကြောင်း စကားအနည်းငယ် ပြောကြားပြီး သူ၏ လက်ထောက်ထံ လင်ဝမ်ယွဲ့၏ လယ်ယာစိုက်ပျိုးရေး မှတ်ပုံတင်စာရွက်ကို စစ်မှုထမ်း မှတ်ပုံတင်စာရွက်အဖြစ် ပြောင်းလဲခိုင်းလိုက်၏။
ထိုနည်းတူပင် လင်ဝမ်ယွဲ့သည် သူမ၏ သွေးသားတော်စပ်သော မောင်ဖြစ်သူ လင်ဖေးရှင်း၏ အမည်ကိုယူကာ ဤခက်ခဲကြမ်းတမ်းသော ကမ္ဘာတွင် အသက်ရှင်နေထိုင်ရန် အခွင့်အရေး ရရှိသွားခဲ့သည်။
ထိုအချိန်မှစ၍ နှစ်နှစ်ကြာခဲ့ပြီးနောက်…
အမျိုးသမီးတစ်ဦးအနေဖြင့် စစ်တပ်၌ စာရင်းသွင်းရန်နှင့် အခြားသူတစ်ဦး၏ အမည်ကို အသုံးပြုရန်မှာ လီနိုင်ငံတော်တွင် ပြင်းထန်သော ပြစ်မှုတစ်ခုဖြစ်သည်။ အကယ်၍ ဖော်ထုတ်ခံရပါက ခေါင်းဖြတ်စီရင်ခံရနိုင်သည်။
သို့သော်ငြား လင်ဝမ်ယွဲ့သည် ဂရုမစိုက်ခဲ့ချေ။ သူမ၏ မိသားစုဝင်အားလုံး သေဆုံးသွားခဲ့ပြီးပြီ။ သူမ အသက်ရှင်နေရခြင်းမှာ သူမ၏ မိဘများ၊ ညီငယ်လေးနှင့် ရွာမှ အသက်ဆုံးရှုံးခဲ့ရသည့် တစ်ရာ့တစ်ဆယ့်ရှစ်ဦးသော သူတို့၏ မတရားသေဆုံးမှုအတွက် တရားမျှတမှုကို ရယူရန်အတွက်သာ ဖြစ်သည်။
…………..
မှတ်ချက်:
* (Lin Wanyue) - ဆွဲငင်သော လ
* (Lin Feixing) - ပျံသန်းနေသော ကြယ်
* (Chanjuan Village) - ချန်ကျွမ်းရွာ၊ ချန်ကျွမ်းဟူသောအမည်သည် လဟု အဓိပ္ပာယ်ရပြီး ရှေးဟောင်းစာပေများတွင် ချစ်ခြင်းမေတ္တာကို ဖော်ပြရန် အသုံးပြုကြသည်။
End 1