အခန်း ၃: လပြည့်ဝန်းဆီ လွင့်ပျံသော လေး
လင်ဝမ်ယွဲ့သည် အသုံးပြု၍ မရတော့သည့် ပျက်စီးနေသော လက်နက်ဟောင်းများ စုပုံထားသည့် စစ်တပ်၏ မြေလွတ်ဆီသို့ လင်ယွီကို ခေါ်ဆောင်သွားသည်။ လင်ဝမ်ယွဲ့သည် ထိုနေရာသို့ ပုံမှန်လာလေ့ရှိသော သူတစ်ဦး ဖြစ်သည်။
သူမသည် လက်နက်ပုံကြီးထံ၌ မွှေနှောက်ရှာဖွေပြီးနောက် ‘ပိုသောင်း’ ဓားတစ်လက်ကို ယူကာ လင်ယွီအား ပေးလိုက်ရင်း သူမ ပြောလိုက်လေ၏။
“ဟိုမှာ နေရာရှာပြီး ဒီဓားရှည်နဲ့ အချက်တစ်ထောင်လောက် ခုတ်နေလိုက်”
(မှတ်ချက်- ‘ပိုသောင်း’ ဆိုတာ ဓားရှည်တစ်မျိုး ဖြစ်ပါတယ်)
“ကော... ဒါပဲလား”
လင်ယွီမှာ အတော်လေး စိတ်ပျက်သွားသည်။ လင်ဝမ်ယွဲ့သည် သူ့အား လျှို့ဝှက်သော နည်းစနစ်အချို့ကို သင်ပေးလိမ့်မည်ဟု ထင်ထားခဲ့သည်။ လင်ယွီသည် စစ်မြေပြင်တွင် လင်ဝမ်ယွဲ့၏ စွမ်းရည်ကို ယခင်က မြင်ဖူးသည်။
သူမ၏ လှုပ်ရှားမှုနှင့် အအရာတိုင်းသည် ထိရောက်ပြီး ပြတ်သားကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တိကျ၏။ လင်ဝမ်ယွဲ့၏ ဘိုးဘေးများထံမှ အချို့သော နည်းစနစ်များကို ရရှိခဲ့သည်ဟု သူ ထင်ခဲ့သဖြင့် ဝမ်းသာအားရစွာဖြင့် သူမနောက် လိုက်လာခဲ့သော်လည်း ရလဒ်မှာတော့…
လင်ဝမ်ယွဲ့သည် သူမလုပ်နေသည့်အရာကို ရပ်လိုက်၏။ သူမသည် ကိုယ်ကို မတ်မတ်ထားလိုက်ပြီး မပျော်ရွှင်သော မျက်နှာဖြင့် လင်ယွီအား ကြည့်လိုက်သည်။ ထိုခဏတွင် သူမ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ သူမ၏ မောင်ငယ် ဖေးရှင်း အသက်ရှင်သေးသည်ဆိုလျှင် ယခုလို မျက်နှာမျိုး ဖြစ်နေလိမ့်မလား။
လင်ဝမ်ယွဲ့၏ နှလုံးသားသည် ထိုအကြောင်းကို တွေးမိသောအခါ နူးညံ့သွားရသည်။ ထို့နောက် သူမသည် လင်ယွီအား ပထမဆုံးအကြိမ် ရှင်းပြခဲ့သည်။
“ဟိုတုန်းက ငါတို့ လီမျိုးနွယ်ရဲ့ ခြေလျင်တပ်သားတွေ အများဆုံး သုံးတဲ့ လက်နက်က လှံပဲ… ဒါပေမဲ့ ငါတို့ လီနိုင်ငံတော်က နှစ်ပေါင်းနှစ်ဆယ်နီးပါး ဟန်လူမျိုးတွေနဲ့ ရာနဲ့ချီတဲ့ တိုက်ပွဲတွေ တိုက်လာခဲ့ပြီးတော့ လှံက အနီးကပ် တိုက်ခိုက်တဲ့နေရာမှာ သိပ်အားနည်းမှန်း သိလာတယ်၊ အနီးကပ်တိုက်ပွဲမှာ လှံကို သုံးတာက မြင်းတပ်နဲ့ တိုးရင် အားနည်းချက် ဖြစ်သွားတယ်… ဟို ဟန်မြင်းတပ်တွေမှာကျတော့ လေးမြားပစ်တာ အရမ်း တိကျတယ်လေ၊ ဝေးတဲ့နေရာကနေ ငါတို့ ခြေလျင်တပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နိုင်တယ်… ပြီးတော့ ငါတို့ လှံတွေက ပျံလာတဲ့ မြားတွေကိုလည်း ကာကွယ်နိုင်စွမ်း မရှိဘူးလေ၊ ဒါကြောင့် ငါတို့ ခြေလျင်တပ်သားတွေ သေဆုံးတဲ့နှုန်းက အမြဲတမ်း အရမ်းများနေခဲ့တာ ဓားရှည်ကို အသုံးပြုရတာ အသားကျသွားပြီဆိုရင် အနီးကပ် တိုက်ခိုက်ရတဲ့ အခြေအနေမျိုးမှာဆိုရင် လှံကို ဝှေ့ယမ်းပြီး တိုက်ခိုက်တာထက်စာရင် ပိုပြီး အနိုင်ရဖို့ အခွင့်အရေး များတယ်”
လင်ယွီသည် သူ၏နေရာတွင် ဓားရှည်ကို ကိုင်လျက် ရပ်နေ၏။ သူသည် လင်ဝမ်ယွဲ့အား မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။ ထို့နောက် ရှင်းကော ပြောသည့် စကားများက သွေးထွက်အောင် မှန်ကန်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားကာ စိတ်ပျက်နေသောအအရာများ ပျောက်ကွယ်သွားပြီး ချီးကျူးလေးစားမှုအရိပ်အယောင်များ ဝင်ရောက်လာ၏။ သူ့အနေဖြင့် လင်ဝမ်ယွဲ့အပေါ် ကြည့်သော အကြည့်များသည်လည်း ပြောင်းလဲသွားသည်။
လင်ယွီ၏ မျက်နှာအအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ လင်ဝမ်ယွဲ့သည် သူ၏ စိတ်ထဲတွင်ရှိသော စိုးရိမ်ပူပန်မှုများအား သဘောပေါက်သွားသည်။ စိတ်သက်သာရာရသွားသဖြင့် သူမသည် မည်သည့်အရာမျှ ဆက်မပြောတော့ဘဲနှင့် လက်နက်ပုံကြီးကို ဆက်လက် မွှေနှောက် ရှာဖွေနေ၏။
လင်ယွီသည် အချိန်မဆွဲတော့ဘဲ ခြေထောက်နှစ်ဖက်အား တည်ငြိမ်စွာ ချထားပြီး ဓားရှည်ကို အားထည့်ကာ စတင် ဝှေ့ယမ်းနေတော့သည်။ သို့ရာတွင် အကြည့်များသည် တစ်ခါတစ်ရံ လင်ဝမ်ယွဲ့ဆီသို့ ရောက်သွားတတ်သည်။
အရပ်အမောင်း မထွားကျိုင်းသော ရှင်းကောကိုကြည့်ပြီး လင်ယွီ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
‘စစ်မြေပြင်ရဲ့ အားနည်းချက် အားသာချက်တွေကို ကွက်တိ ကောက်ချက်ချနိုင်ပုံမျိုးက သာမန်စစ်သူကြီးတွေတောင် အဲဒီလောက် မြင်နိုင်မှာ မဟုတ်ဘူး’
ထိုအတွေးက ဆက်လက်စီးမြောသွားပြီး စစ်သည်ကောင်းတစ်ယောက်၏ ရဲရင့်သော စိတ်ဓာတ်များ ထွက်ပေါ်လာရ၏။
'ယောက်ျားတစ်ယောက် ဖြစ်လာမှတော့ ဘာလို့ ဓားကို ဆွဲမထုတ်ရဲရမှာလဲ၊ ရာထူးရဖို့အတွက် မြင်းပေါ်ကနေ တိုက်ယူရမှာပေါ့'
လင်ယွီတို့ မျိုးနွယ်တွင် ရည်မှန်းချက် မရှိသည့်လူ၊ ရာထူးကြီးကြီး မလိုချင်သည့်လူ၊ ချမ်းသာကြွယ်ဝမှုကို မရှာဖွေသည့်လူ တစ်ယောက်မှ မရှိခဲ့ချေ။ သူ့မိသားစုသည် မျိုးဆက်နှင့်ချီပြီး စစ်တပ်မှာ အမှုထမ်းခဲ့ကြ၏။
သို့သော်ငြား အောင်မြင်ဆုံးသူမှာ လယ်မြေဧက တစ်ရာ ပိုင်ဆိုင်ခဲ့သည့် သူ၏ဘိုးဘေးသာ ရှိခဲ့သည်။ လင်ဝမ်ယွဲ့အား ကြည့်ပြီး သူသည် သာ့ကော (အစ်ကိုကြီး) ကဲ့သို့ လူတစ်ယောက်ကို ရခဲ့ခြင်းသည် ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ သာ့ကောကဲ့သို့ လူတစ်ယောက်၏ နောက်ကို လိုက်သ၍ တိုင်းပြည်အတွက် အမှုထမ်းပြီး ရာထူးအာဏာ ရလာရန်က အနှေးနှင့်အမြန်သာ ကွာခြားလိမ့်မည်။
လင်ဝမ်ယွဲ့၏ မျက်လုံးများသည် လက်နက်ပုံကြီးထဲမှ လေးတစ်လက်ကို ဆွဲထုတ်လိုက်သောအခါ တောက်ပသွား၏။ သူမသည် လေးကို လက်ထဲတွင် လှည့်ပတ်ကြည့်ရှုပြီး အလေးချိန်အား ခန့်မှန်းပြီးနောက် အကျိုးအပဲ့ ရှိ၊ မရှိ စမ်းသပ်ကြည့်လိုက်သည်။ သူမသည် လေးကို လက်မှ မချနိုင်အောင် ဖြစ်နေတော့သည်။
ထိုအချိန်တွင် သူမသည် လေးကိုယ်ထည်၏ ကြိုးဆက်ထားသော နေရာ၌ သေးငယ်သော အက်ကြောင်းတစ်ခုကို သတိပြုမိလိုက်၏။ ထိုအက်ကြောင်းသည် အရေးမပါဟု ထင်ရသော်လည်း ကောင်းမွန်သော လေးတစ်လက်၏ တိကျမှုကို ပျက်ပြားစေရန် လုံလောက်လေသည်။ ထို့ကြောင့် ထိုလေးကို လွှင့်ပစ်ခဲ့ခြင်း ဖြစ်နိုင်သည်။
လင်ဝမ်ယွဲ့သည် အနက်ရောင်လေးကို သူမ၏ လက်ထဲတွင် ကိုင်ထား၏။ ထိုကဲ့သို့သော လေးကို ပိုင်ဆိုင်နိုင်ရန်အတွက် စစ်သည်ငါးရာကို အုပ်ချုပ်ခွင့်ရသော တပ်မှူးအဆင့်လောက်သော ဂုဏ်သရေရှိရန် လိုအပ်သည်။
“ရှင်းကော… ဟိုတလောက ဟူလူတောင်ကြားမှာ တိုက်ပွဲတုန်းက ကောထက် ခေါင်းတစ်လုံးပိုရှည်တဲ့ ဟန်လူမျိုးနဲ့ တိုက်နေတာ ကြည့်ရတာ လန့်စရာကြီးဗျာ၊ ကျွန်တော်လာပြီး ကူညီဖို့လုပ်သေးတယ်… ကော သူ့ကို ခေါင်းဖြတ်လိုက်တာ မြင်လိုက်ရတော့ ကျွန်တော် ကြောက်ပြီး လမ်းတစ်ဝက်မှာတင် ကြောင်ကြည့်နေမိတယ်၊ ဒါနဲ့လေ… ကောတို့ ဘိုးဘွားစဉ်ဆက်က ရခဲ့တဲ့ ပညာတွေ အများကြီး ရှိတယ်ဆိုရင်လေ၊ ကျွန်တော့်ကို နည်းနည်းလောက် သင်ပေးလို့ မရဘူးလား”
လင်ယွီ၏ စကားများသည် လင်ဝမ်ယွဲ့၏ နှလုံးသားအား နွေးထွေးစေခဲ့သော်လည်း သူမသည် အနက်ရောင် လေးမှ မျက်လုံးများကို ခွာ၍ လင်ယွီ ဓားရေးကျင့်နေသည်ကို လှည့်ကြည့်လိုက်သောအခါ သူမ မျက်မှောင်ကြုတ်သွားပြီး မကျေမနပ်ဟန်ဖြင့် မေးလိုက်၏။
“မင်း ဘာလုပ်နေတာလဲ”
လင်ဝမ်ယွဲ့၏ စကားကို ကြားပြီးနောက် လင်ယွီက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“ကော ပြောတဲ့အတိုင်း ဓားရှည်ကိုင်နည်း ကျင့်နေတာလေ”
လင်ဝမ်ယွဲ့သည် တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သူမသည် လေးကို သူမ၏ နောက်ကျောတွင် လွယ်လိုက်ပြီးနောက် လင်ယွီဘေးသို့ လျှောက်သွားလိုက်သည်။
သူမသည် ဓားရှည်ကို ယူကာ …
“မင်း အခုလို လေ့ကျင့်နေရင် ဘာမှ အကျိုးမရှိတဲ့အပြင် တကယ်တမ်း သုံးတဲ့အခါ အန္တရာယ် ဖြစ်လာနိုင်တယ်… ငါ မင်းကို အပိုလေ့ကျင့်ချိန်တွေ ပေးဖို့ သဘောတူတယ်ဆိုတာ မင်းကို နောက်ဆုံးအထိ အသက်ရှင်စေချင်လို့၊ ဒုက္ခပေးချင်လို့ မဟုတ်ဘူး”
သူမသည် ဓားရှည်ကို သူမ၏ လက်ထဲတွင် လွှဲယမ်းလိုက်၏။ သူမ၏ ဓားရှည်လှုပ်ရှားမှုတိုင်းတွင် ဟူး ဟူး ဟူး ဟူသော လေကို ခွင်းထွက်သွားသည့် အသံများ စည်းချက်မှန်မှန် ဆက်တိုက် ထွက်ပေါ်လာသည်။
ဓားရှည်က လေကို ဖြတ်သန်းသွားသည့် အသံတိုင်းက အလွန် စည်းချက်ကျလေသည်။ အသံ၏ အတိုအရှည်၊ လေတိုးသံရပ်နေသည့် ကြားကာလနှင့် အသံအတိုးအကျယ် အားလုံးက လုံးဝ ညီညာကာ တသမတ်တည်းကျနေ၏။
လင်ဝမ်ယွဲ့ဘေးတွင် ရပ်နေသော လင်ယွီသည် ဓားရှည် ဝှေ့ယမ်းလိုက်တိုင်း ထွက်ပေါ်လာသော လေ၏ ဖိအားကို ခံစားနိုင်သည်။ အချိန်ခဏလေးအတွင်းမှာပင် ဓားရှည်သည် ရှင်းကော၏ လက်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခု ဖြစ်လာသည်ကို မြင်သောအခါ လင်ယွီက ယခု သူ မည်မျှ အားနည်းသေးသည်ကို ပြန်လည် တွေးမိပြီး မြေကြီးထဲတွင် တွင်းတူး၍ အထဲ၌ ပုန်းအောင်းချင်စိတ်ပင် ပေါက်သွား၏။
လင်ဝမ်ယွဲ့က ဓားရှည်ကို လင်ယွီထံ ပြန်မပေးခင် အကြိမ်ပေါင်းများစွာ လွှဲယမ်းပြခဲ့သည်။
“မင်းရဲ့ ရှိသမျှအားအင်ကို ဓားသွားတစ်ခုစီထဲကို ထည့်သွင်းလိုက်၊ အဲဒီခံစားချက်ကို မှတ်သားထား… အဲဒါကို မင်းရဲ့ အလိုလို သိတဲ့စိတ် ဖြစ်သွားအောင် လုပ်၊ မင်း တိုက်ခိုက်နေတုန်းမှာ အားအင်ကို ချွေတာရမယ်… ဒါပေမဲ့ တစ်ချက် လှုပ်ရှားလိုက်ပြီဆိုရင်တော့ မင်းရဲ့ အားအင်အားလုံးကို ထုတ်သုံးလိုက်၊ ဒီအင်အားအဆင့်နဲ့ ရင်းနှီးသွားအောင် လုပ်ရမယ်၊ ဘာလို့လဲဆိုတော့ ဟန်လူမျိုးတွေက လွယ်လွယ်နဲ့ အလျှော့ပေးမယ့်ပုံ မပေါ်ဘူး”
ခဏအကြာတွင် လင်ဝမ်ယွဲ့က ဆက်ပြောသည်။
“ငါတို့ မိသားစုမှာ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေ ဘာမှမရှိဘူး၊ ငါ စစ်ထဲမဝင်ခင်က သာမန် လယ်သမား မိသားစုပဲ… အဲဒါကြောင့် မင်း ငါ့ကို အားကျနေဖို့ မလိုဘူး၊ မင်း တကယ် သင်ယူချင်စိတ်ရှိရင် ဒါက မင်းအတွက် အခွင့်အရေးကောင်းပဲ… မင်း ခုတ်ချလိုက်တဲ့ ဓားချက်တိုင်းကို မင်းရဲ့ အားအင်အကုန် ထည့်သုံး၊ လေ့ကျင့်နေတဲ့ အချိန်တိုင်းမှာ မင်းဘေးမှာ ဟန်လူမျိုးတစ်ယောက် ရပ်နေတယ်လို့ မှန်းကြည့်… သူတို့ ဘယ်ဘက်ကနေ တိုက်ခိုက်လာမလဲ၊ ဘယ်ထောင့်ကနေ ဓားကောက်နဲ့ ထိုးမလဲဆိုတာကို တွေးကြည့်… ပြီးတော့ မင်းရဲ့ အားနည်းချက်ကို ဘယ်လို ဖျက်ဆီးပြီး တန်ပြန်တိုက်ခိုက်မလဲဆိုတာကို စဉ်းစား၊ မင်း လက်နက်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သွားပြီဆိုရင် မင်းရဲ့ အားသာချက်တွေကို ဘယ်လို အသုံးချရမလဲ၊ အားနည်းချက်တွေကို ဘယ်လို ဖုံးကွယ်ရမလဲ ဆိုတာကို သိလာလိမ့်မယ်… ဘယ်လို ထောင့်တွေကနေ တိုက်ခိုက်ရမလဲ၊ ဘယ်လို အခြေအနေတွေမှာ ဘယ်လို လက်နက်ကို သုံးရမလဲဆိုတာကို တခြားသူတွေ လာသင်ပေးဖို့ မလိုတော့ဘူး… အဲဒီအချိန်ရောက်ရင် အဲဒါက မင်းဆီကို သူ့အလိုလို ရောက်လာလိမ့်မယ်၊ စစ်မြေပြင်မှာ ရှင်တာနဲ့ သေတာကြားမှာ ဘယ်လောက်မှ မခြားဘူး … လျှို့ဝှက် နည်းစနစ်တွေလည်း အသုံးမဝင်ဘူး”
လင်ဝမ်ယွဲ့သည် ထိုနေရာတွင် စကားကို ရပ်လိုက်၏။ သူမက ဘေးသို့ လှည့်ကာ သူမ၏ နောက်ကျောမှ အနက်ရောင်လေးကို ယူလိုက်သည်။
လင်ယွီမှာ လင်ဝမ်ယွဲ့၏ စကားရှည်များကို ကြားပြီးနောက် သူ၏ နှလုံးသားသည် အကြောင်းမရှိဘဲ လေးလံလာရသည်။ လင်ဝမ်ယွဲ့သည် ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း သူမ၏ စကားများကြားတွင် လင်ယွီအတွက် သူမ၏ စကားများဖြင့် ဖော်မပြနိုင်သော ထူးဆန်းသည့် ဝမ်းနည်းမှုနှင့် အထီးကျန်ဆန်မှုများ ပါဝင်နေသည်။
အနက်ရောင် လေးကို ဆုပ်ကိုင်လိုက်ပြီး လင်ဝမ်ယွဲ့သည် သူမ၏ ကိုယ်ဟန်အနေအထားအား ပြင်လိုက်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လေးကို မြှောက်လိုက်သည်။ သူမ၏ တင်းမာနေသော လက်ချောင်းများနှင့် ကြမ်းတမ်းသော လက်ဖဝါးများဖြင့် လေးကြိုးကို ဖြည်းညှင်းစွာ ဆွဲလိုက်၏။
လင်ဝမ်ယွဲ့သည် သူမ၏ သွားများအား တင်းတင်းကြိတ်ကာ အနက်ရောင် လေးကို ဆွဲလိုက်သည်။ သူမ လွှတ်လိုက်သောအခါ လေးကြိုး၏ တုန်ခါသွားသောအသံသည် ထိုးဖောက်ဝင်ရောက်ပြီး နားထောင်ရသူအတွက် ကြည်နူးစေ၏။
“ကောင်းလိုက်တဲ့ လေး”
လင်ဝမ်ယွဲ့သည် သူမ၏ နှလုံးသားအောက်ခြေမှ ချီးကျူးလိုက်မိသည်။ လေး၏ အနာအဆာ သေးသေးလေးက ပစ်မှတ်တိကျမှုအတွက် အလွန်ကြီးမားသော အားနည်းချက်တစ်ခု ဖြစ်နေသည်။
လင်ယွီက ထိုလေးသည် အလွန်ကောင်းမွန်သော လေးတစ်လက်ဖြစ်ကြောင်း နားလည်လိုက်သဖြင့် လေ့ကျင့်နေသည်ကို ရပ်လိုက်ပြီး လင်ဝမ်ယွဲ့ဘေးသို့ လာကာ ပြောလိုက်၏။
“ဒါ တကယ်ကို ကောင်းတဲ့ လေးပဲ၊ ဘယ်သူများ ဒီလို လေးကောင်းကို လွှင့်ပစ်ရတာလဲကွာ”
လင်ဝမ်ယွဲ့သည် လေးတွင်ရှိသော အက်ကြောင်းကို ထောက်ပြပြီး...
“ဒါ တိကျမှု မရှိတော့ဘူး… ကိုယ်ထည်ကတော့ ပြင်လို့ရသေးပေမဲ့ လေးအသစ်တစ်လက် ဝယ်လိုက်တာက ပိုပြီး မြန်ဦးမယ်”
လင်ယွီသည် အက်ကြောင်းကို ကြည့်ပြီး ဒုတိယအတွေးတစ်ခု ဝင်လာသောအခါ အားနာသကဲ့သို့ ဖြစ်သွားသည်။ ထိုကဲ့သို့ ကောင်းမွန်သော လေးတစ်လက်သည် သာမန် ခြေလျင်တပ်သားနှစ်ဦး၏ လက်ထဲသို့ မည်သည့်အခါမျှ ရောက်ရှိမည် မဟုတ်ပေ။
“ကော... ကျွန်တော် စမ်းကြည့်လို့ရမလား”
လင်ဝမ်ယွဲ့သည် ခေါင်းညိတ်ပြီး လေးကို လင်ယွီအား ပေးလိုက်၏။ လင်ယွီက လေးကို ကိုင်၍ ခြေတစ်လှမ်းတိုးပြီး နောက်တစ်လှမ်းဆုတ်ကာ အားကုန်ဆွဲလိုက်သည်။
လေးကြိုးသည် လှုပ်တောင်မလှုပ်သွားပေ။
လင်ယွီသည် မျက်လုံးများ ပြူးသွားကာ သူ၏ အားအင်အပြည့်ကို သုံးလိုက်သည်။ သူ၏ လက်နှင့် လေးကြိုး ပွတ်တိုက်သံကို ကြားလိုက်ရပြီး လေးကြိုးသည် တစ်ဝက်ခန့် ဆွဲနိုင်ခဲ့သော်လည်း ထိုထက်ပို၍ မရတော့ပေ။
လင်ယွီ၏ မျက်နှာသည် အားစိုက်ထုတ်မှုကြောင့် နီရဲသွားသော်လည်း လေးကို အဆုံးထိ ဆွဲနိုင်စွမ်း မရှိခဲ့ပေ။ နောက်ဆုံးတွင် သူသည် သားရေ ဘောလုံးလေးတစ်ခုကဲ့သို့ အားပျော့ကာ လက်လျှော့လိုက်ရတော့သည်။
“ဒါ... ဒါက နှစ်တင်းအားရှိတဲ့ လေးပဲ ကော...”
“အင်း… နှစ်တင်းအားလေး”
(t/n: နှစ်တင်းအား = ၁၂၀ ကီလိုဂရမ် (၂၆၄ ပေါင်))
“ကောက နှစ်တင်းအားလေးကို တကယ် ဆွဲနိုင်တယ်ပေါ့၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျွန်တော် မြင်လိုက်ရတာတော့ ဖေးယွီ တပ်ရင်းရဲ့ အရည်အချင်းစစ်ပွဲမှာ နှစ်တင်းအားလေးကို ဆွဲနိုင်ရုံနဲ့ တပ်ရင်းမှူးဖြစ်သွားတာလေ… ကော! ခင်ဗျား တပ်ရင်းမှူး ဖြစ်နိုင်တယ်နော်”
လင်ဝမ်ယွဲ့သည် ခေါင်းခါလိုက်ရင်းမှ ပြောလိုက်၏။
“တိုက်ပွဲမှာ အဲဒါက ဘာမှ အသုံးမဝင်ဘူး… ငါ့ရဲ့ ဆွဲအားက နှေးသေးတယ်၊ တကယ်လို့ လေးကို ဆွဲတာ ကြာနေမယ်ဆိုရင် အခွင့်အရေးကောင်းတွေကို လွတ်သွားလိမ့်မယ်… ပြီးတော့ ပိုဆိုးတာက ပစ်ချိန်တောင် မရလိုက်ဘဲ ငါအရင် သေသွားနိုင်တယ်”
လင်ဝမ်ယွဲ့ ဘာအတွက်ကြောင့် ရာထူးကြီးကြီးမားမားကို မလိုချင်သည်ကို လင်ယွီအား မပြောနိုင်သောကြောင့် သူမသည် တိုက်ရိုက်မဖြေဘဲနှင့် မေးခွန်းကိုသာ ရှောင်လွှဲလိုက်သည်။
ထိုနေ့၌ လင်ဝမ်ယွဲ့နှင့် လင်ယွီတို့ ညစာစားချိန်ရောက်သည်အထိ မြေကွက်အလွတ်တွင် အပိုလေ့ကျင့်ခဲ့ကြပြီး အခြားအကြောင်းအရာများ ထပ်မံ မဆွေးနွေးခဲ့ကြတော့ပေ။
End 3