အခန်း (၅): ဝမ်ယွဲ့မှာ မိန်းကလေးတစ်ဦးမှန်း မသိခြင်း
လီတိုင်းပြည်၏ ခြေလျင်တပ်သားတို့သည် နားကွဲမတတ် အော်ဟစ်သံများဖြင့် စစ်တပ်စခန်းထဲမှ အလျင်အမြန် ထွက်ခွာလာကြသည်။ ခြေလျင်တပ်ရင်း တစ်ရင်းလုံး အပြင်သို့ ထွက်လာပြီးနောက် အုပ်စုတစ်စုတည်းအဖြစ် အားလုံး ရှေ့သို့ ပြေးထွက်လာကြသကဲ့သို့ ဖြစ်နေသော်လည်း ငှက်တစ်ကောင်၏ အမြင်မှ ကြည့်လျှင် ခြေလျင်တပ်သား အသီးသီးသည် နားလည်မှုအပြည့်ဖြင့် တိုက်စစ်ဆင်ရန် စတုရန်းကွက်များကို အုပ်စုလိုက် အလိုလိုဖွဲ့စည်းလိုက်သည်ကို တွေ့မြင်နိုင်လိမ့်မည်။
လင်ဝမ်ယွဲ့၏ နားထဲသို့ အချိန်နှင့်အမျှ လေထဲမှ ထိုးဖောက်ဝင်ရောက်လာသည့် မြားသံများသာ ကြားနေရ၏။ မြားပစ်သမားတို့သည် ဟန်စစ်သည်တို့၏ အင်အားစုများကို ဖြိုခွဲနိုင်ခဲ့သော်လည်း၊ လင်ဝမ်ယွဲ့၏ မျက်စိရှေ့တွင်ပင် မြားချက်များကြောင့် သေဆုံးနေသူ အများအပြား ရှိနေသည်။ ထိုမြားမိုးစွေစွေအောက်တွင် လင်ဝမ်ယွဲ့သည် သေမင်းနှင့် ပခုံးချင်းတိုက်ကာ အကြိမ်ကြိမ် ဖြတ်သန်းသွားလာခဲ့ရသည်။
မြေပြင်၏ တုန်ခါမှု အရှိန်သည် ပို၍ ပို၍ ကြီးမားလာသည်။ မြင်းခွာသံ တဒုန်းဒုန်း မြည်ဟိန်းခြင်းက မြေမှုန်များအဖြစ် ကောင်းကင်သို့ ပျံ့လွင့်တက်သွား၏။
‘ပိုနီးလာပြီ၊ သူတို့ ပိုပိုပြီး နီးကပ်လာနေပြီ!’
“အား!”
ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။ ဟန်မြင်းစီးတပ်သားများနှင့် လီတိုင်းပြည်၏ ခြေလျင်တပ်သားတို့၏ ပထမအကြိမ် တိုက်ပွဲ ထိတွေ့မှုက ပြီးစီးသွားခဲ့ပေပြီ။
ပထမအချီ၌ လင်ဝမ်ယွဲ့သည် ဟန် မြင်းစီးတပ်များကို လှံဖြင့် အတင်းထိုး တိုက်ခိုက်ခြင်းမပြုဘဲ လှံရှည်ကို မိမိခန္ဓာကိုယ်ရှေ့တွင် ခပ်စောင်းစောင်း အနေအထားဖြင့် ခုခံကာကွယ်သည့် ပုံစံသာ လုပ်ထားခဲ့သည်။ သူမ၏ စိတ်ဓာတ်ကို အပြည့်အဝ စုစည်းထားပြီး ဟန် မြင်းစီးတပ်သားများ အပြည့်အဝ ရောက်ရှိလာသည်ကို ကြည့်ကာ လိုအပ်သည့် ကာကွယ်ရေးအနေအထားအား ချိန်ညှိနေခဲ့၏။
လွန်ခဲ့သော နှစ်နှစ်အတွင်း လင်ဝမ်ယွဲ့သည် ဟန် စစ်သည်များနှင့် တိုက်ပွဲငယ်များရော၊ တိုက်ပွဲကြီးများပါ ရာနှင့်ချီ တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်သောကြောင့် သူမက ဟန် စစ်သည်တို့၏ တိုက်ခိုက်ပုံစံများကို အပိုင်တွက်ချက်နိုင်နေခဲ့ပြီ။
ဟန် စစ်သည်တို့သည် ဓားကောက်များအား အသုံးပြုပြီး မြင်းများပေါ်တွင် စီးနင်းတိုက်ခိုက်ကြကာ၊ အခြားလက်နက်များကို အသုံးပြုသည်က ရှားပါးသည်။ သူတို့သည် တပ်ဦးတွင် အင်အားအပြည့်အဝဖြင့် သုံးစွဲတတ်သောကြောင့် ပထမဆုံးအချီတိုင်း လီတိုင်းပြည် တပ်များအတွက် အကြီးမားဆုံး ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေတတ်၏။ ယခုအချိန်၌ အလျင်စလို တိုက်ခိုက်ခြင်းသည် အလွန်ပင် မိုက်မဲရာရောက်သဖြင့် လင်ဝမ်ယွဲ့က ခုခံမှုကိုသာ ပြုလုပ်နေခြင်း ဖြစ်သည်။
လင်ဝမ်ယွဲ့သည် ခြေနှစ်ဖက်ကို ခပ်ကျယ်ကျယ် ခွဲရပ်ထားပြီး ခံစစ်အတွက်ကို သေချာ ပြင်ဆင်ထားလိုက်၏။ “ဒေါင် ဒေါင် ဒေါင်” ဟု မြည်သော အသံကို ကြားလိုက်ရသည်နှင့် သူမ၏ လှံပေါ်မှ လက်ကိုင်သည် ထုံကျင်သွားသည်အထိ ဆုပ်ကိုင်ထားလိုက်မိသည်။ လီတိုင်းပြည် စစ်သည်တို့၏ စူးစူးဝါးဝါး အော်ဟစ်သံများက နေရာတိုင်းမှ ကြားလိုက်ရပြီး ယနေ့တိုက်ပွဲ၏ ပထမအချီက ပြီးဆုံးသွားကာ လင်ဝမ်ယွဲ့သည်လည်း မည်သည့် ထိခိုက်မှုမျှမရှိဘဲ အောင်မြင်စွာ အသက်ရှင်နိုင်ခဲ့သည်။
ဟန် စစ်သည်များနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ပြီးနောက် လင်ဝမ်ယွဲ့၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု လင်းလက်သွား၏။ ဟန် စစ်သည်တို့ ပထမအချီ တိုက်ခိုက်မှုအပြီးတွင် နောက်ပြန်ဆုတ်သွားကြလေသည်။
‘ဒါက တန်ပြန်တိုက်စစ်ဆင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ’
လင်ဝမ်ယွဲ့သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ သူမ၏ရှေ့တွင် ထောင့်ဖြတ်ပုံစံဖြင့် မြင်းလှည့်နေသော ဟန် မြင်းစီးတပ်သားတစ်ဦး ရှိနေသည်ကို သတိပြုမိလိုက်သည်။ ထိုသူက မဝေးလွန်းလှသော နေရာတွင်ရှိနေသဖြင့် လင်ဝမ်ယွဲ့သည် တုံ့ဆိုင်းမနေဘဲ သူမ၏ လှံကို ကိုင်စွဲကာ ဟန် မြင်းစီးတပ်သားများဆီသို့ ဒေါသတကြီး အော်ဟစ်ကာ ပြေးထွက်သွားတော့သည်။
“ယားး!”
လင်ဝမ်ယွဲ့၏ လှံသည် ဟန် မြင်းစီးတပ်သား၏ လည်ပင်းကို တိတိကျကျ ဖောက်ထွင်းသွားလေ၏။ လတ်ဆတ်သော သွေးများက ကျိုးပဲ့နေသော လည်ပင်းမှ ပန်းထွက်လာကာ လေထဲတွင် ကွေးညွတ်သွားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြန့်ကျဲသွားလေသည်။
လင်ဝမ်ယွဲ့သည် သွေးစွန်းနေသော လှံကို ဆွဲထုတ်လိုက်သော်လည်း ခဏမျှ ရပ်နေရဲခြင်း မရှိပေ။ သေနေသော ဟန် မြင်း၏ ဘေးသို့ ချက်ချင်းပင် ရောက်သွားပြီး သူမ၏ ကျောနှင့် ခေါင်းကို တတ်နိုင်သမျှ မြင်းနောက်တွင် ကာကွယ်ထားလိုက်သည်။ လက်တစ်ဖက်ဖြင့် လှံကို ဆုပ်ကိုင်ထားရင်း သူမ၏ ခါးရှိ ဓားရှည်လက်ကိုင်ရိုးအား အခြားလက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်လေသည်။ သူမ၏ လှုပ်ရှားမှုများက တစ်ချက်ကလေးမှ လစ်ဟာခြင်းမရှိပေ။ ထို့နောက် စစ်မြေပြင်အခြေအနေကို ခဏမျှ ခွဲခြမ်းစိတ်ဖြာပြီးနောက် လေ့လာကြည့်ရှုလိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်ပြီး ဟန် မြင်းစီးတပ်သား အနည်းငယ်ကို လီတိုင်းပြည်၏ လှံကိုင်စစ်သည်များက မြင်းများပေါ်မှ ဆွဲချနေကြလေသည်။ ထို့နောက် သူတို့ထံ လှံများဖြင့် ထိုးဖောက်လိုက်ကြရာ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံနှင့် သွေးနီရဲရဲ အိုင်တစ်အိုင်ကို ချန်ရစ်ထားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် လီတိုင်းပြည် စစ်သည် အနည်းငယ်မျှ၏ အသက်များမှာလည်း ဟန် မြင်းစီးတပ်သားများ၏ ဓားကောက်များအောက်တွင် အသက်ဆုံးရှုံးသွားခဲ့ရ၏။
အခြေအနေကို ခဏတာ ခွဲခြမ်းစိတ်ဖြာပြီးနောက် လင်ဝမ်ယွဲ့သည် သူမ၏ လက်ထဲမှ လှံကို ချက်ချင်း လွှတ်ချလိုက်သည်။ သူမ၏ ခါးရှိ ပိုသောင်းဓားရှည်ကို ဆွဲထုတ်လိုက်ချိန်တွင် လီတိုင်းပြည်၏ စစ်ဗုံသံများက စည်းချက်မပျက် “ဒုန်း... ဒုန်း... ဒုန်း...” ဆက်တိုက် ကြားနေရဆဲ ဖြစ်လေသည်။ ဟန်မြင်းစီးတပ်က ခြေလျင်တပ်ကို ဘေးနှစ်ဖက်စလုံးမှ ကွန်ယက်တစ်ခုလို ပြန့်နှံ့ကာ ပိတ်ဆို့ရန် စုရုံးထားကြသည်။
ဟန် ခြေလျင်တပ်သည်လည်း မြင်းစီးတပ်ကို မီလာပြီး တိုက်ပွဲထဲသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာခဲ့လေပြီ။ လင်ဝမ်ယွဲ့သည် သူမ၏ ပိုသောင်းဓားရှည်ကို ကိုင်စွဲကာ ရှေ့သို့ တိုးဝင်သွား၏။ သူမသည် သားရဲသားရေ ဝတ်ဆင်ထားပြီး ဓားကောက်ကို ကိုင်ဆောင်ထားသော ဟန် စစ်သည်တစ်ဦးနှင့် ရင်ဆိုင်လိုက်လေသည်။
စိတ်လှုပ်ရှားမှုတို့က လင်ဝမ်ယွဲ့၏ မျက်လုံးများတွင် လင်းလက်သွားပြီး သူမ၏ ဓားရှည်ကို ဆုပ်ကိုင်လိုက်ကာ ရှေ့သို့ ပြေးဝင်သွားခဲ့သည်။
“ဒင်!”
လင်ဝမ်ယွဲ့၏ ဓားရှည်သည် ဟန် စစ်သည်၏ ဓားကောက်ကို ပြင်းထန်စွာ ကျရောက်သွားလေသည်။ သူမ၏ ဓားခုတ်ချက်ဒဏ်ကြောင့် လူကောင်ကြီးမား ထွားကျိုင်းသော ဟန်စစ်သည်ကြီး နောက်သို့ ယိုင်သွားသည်ကို မြင်လိုက်ရ၏။ တစ်ချိန်တည်းမှာပင် လင်ဝမ်ယွဲ့သည် သူမ၏ နှုတ်ခမ်းအား လှောင်ပြောင်သည့်သဘောဖြင့် ကွေးညွတ်လိုက်ပြီး ညာခြေဖြင့် ဟန် စစ်သည်၏ ဝမ်းဗိုက်ကို ပြင်းပြင်းထန်ထန် ကန်လိုက်ပြန်သည်။
ဟန် စစ်သည်က နာကျင်မှုကြောင့် ခါးကိုင်းသွားချိန်တွင် လင်ဝမ်ယွဲ့သည် သူမ၏ ဓားရှည်ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြီး အောက်သို့ ပြင်းပြင်းထန်ထန် ပိုင်းချလိုက်တော့၏။
ဤအခြေအနေကို မြင်လိုက်ရသော ဟန် စစ်သည်က သူ၏ ဓားကောက်ဖြင့် တားဆီးရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ ထို့ပြင် သူ၏ ခြေထောက်တို့ကလည်း နာကျင်မှုကြောင့် မတည်မငြိမ် ဖြစ်နေသည်။ ဟန်စစ်သည်မှာ လင်ဝမ်ယွဲ့၏ ဓားရှည်ထိုးနှက်မှုကို ဓားကောက်ဖြင့် တားဆီးထားရင်းမှ နှစ်လှမ်းမျှ နောက်သို့ ဆုတ်လိုက်ရလေသည်။ ထို့နောက် ဟန်ချက်ပျက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ လင်ဝမ်ယွဲ့သည် ထိုစစ်သည်အနားသို့ ထပ်မံချဉ်းကပ်သွားလိုက်ပြီး သူမ၏ ဓားကို မြှောက်လိုက်ပြန်သည်။
သူမသည် ဟန် စစ်သည်၏ ဓားကောက်ပေါ်သို့ နင်းကာ ခြေတစ်လှမ်းလှမ်းလိုက်ပြီး၊ နောက်တစ်ကြိမ် ဟန် စစ်သည်၏ ရင်ဘတ်ကို အခြားခြေတစ်ဖက်ဖြင့် ကန်လိုက်သည်။ ဤအရပ်မြင့်မားပြီး သန်မာသော ဟန် စစ်သည်က လူကောင်သေးသေး ရန်သူတစ်ဦးထံ၌ ဤမျှအင်အားရှိမည်ဟု မထင်မှတ်ထားခဲ့ပေ။ ထိုကန်ချက်ကြောင့် သူ၏ ရင်ဘတ်ထဲတွင် အက်ကွဲသံများ ထွက်ပေါ်လာပြီး သူ၏ လည်ချောင်းမှ သွေးစိမ်းရှင်ရှင်များ အန်ထွက်သွားရ၏။
လင်ဝမ်ယွဲ့၏ ခြေထောက်အောက်မှ ဟန် စစ်သည်သည် မျက်စိသူငယ်အိမ် ကျုံ့ဝင်သွားပြီး သူ နောက်ဆုံး မြင်နေရသည်က ပိန်ပါးပြီး နေလောင်ထားသော လီတိုင်းပြည် စစ်သည်၏ ပြုံးရယ်နေသော မျက်နှာနှင့် ဖြူဖွေးသော သွားတန်းများ ဖြစ်လေသည်။
လင်ဝမ်ယွဲ့သည် သူမ၏ လက်များအား မြှောက်လိုက်ပြီးနောက် သူမ၏ ဓားကို အပေါ်သို့ လွှဲလိုက်လေသည်။
“ဖူ!”
သွေးနီများက သူမ၏ မျက်နှာတစ်ခုလုံးသို့ စင်သွားပြီး မျက်လုံး အပြူးသားဖြစ်နေသော ခေါင်းတစ်ခုက ဘေးသို့ လှိမ့်သွားလေတော့သည်။
တိုက်ပွဲက ပိုမို ပြင်းထန်လာသည်နှင့်အမျှ လင်ဝမ်ယွဲ့သည် သူမ၏ ဓားရှည်အား ဆုပ်ကိုင်ထားပြီး တိုက်ပွဲဝင်နေသော လူအုပ်ကြားတွင် အလျင်အမြန် လှုပ်ရှားနေလေသည်။ သူမသည် ဟန် စစ်သည်တစ်ဦး၏ ကျောဘက်ကို မြင်လိုက်ရတိုင်း၊ သူမ၏ ဓားအား လွှဲရန် တုံ့ဆိုင်းမနေချေ။
တစ်ချိန်တည်းမှာပင် သူမသည် မျက်လုံးများကို ကျယ်ကျယ် ဖွင့်ထားပြီး သူမ၏ နောက်ကျောဘက်တွင် မည်သည့်ရန်သူမျှ မရှိနေစေရန် အင်အားကုန် သုံးစွဲထားလေသည်။
တစ်နာရီခန့်ကြာပြီးနောက် လင်ဝမ်ယွဲ့၏ အဝတ်အစားကြမ်းများမှာ သွေးများဖြင့် စိုရွှဲနေခဲ့ပြီ။ လီတိုင်းပြည် ခြေလျင် စစ်သည်များသည် တိုက်ပွဲအလယ်တွင် ဟန်မြင်းတပ်များနှင့် တိုက်ခိုက်နေပြီး လီမြင်းစီးစစ်သည်များကို ထိုတိုက်ပွဲကို ပိုက်ကွန်သိမ်းသကဲ့သို့ ဝိုင်းပတ်ထားလိုက်ကြလေသည်။
ထိုအခြေအနေသို့ ရောက်ရန် ခြေလျင်စစ်သည်များက အသေခံ တိုက်ခိုက်ပေးထားရခြင်း ဖြစ်သည်။ ဟန် စစ်သည်များ တဖြည်းဖြည်းနှင့် ရန်သူအား ဝိုင်းရံလာသည်ကို မြင်လိုက်ရသောအခါ ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့၏။
လင်ဝမ်ယွဲ့သည် သူမ၏ ဓားရှည်ကို ကိုင်စွဲလိုက်ပြီး ရှေ့ဆက်တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သော်လည်း စစ်ဗုံသံများအား ကြားရသောအခါ ရပ်တန့်လိုက်သည်။
ဟန် စစ်သည်တို့သည် ထွက်ပြေးခဲ့ကြလေပြီ။ လီတိုင်းပြည် စစ်သည်အားလုံးက သူတို့၏ လက်နက်များကို မြှောက်ကာ ကောင်းကင်သို့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြလေသည်။
လင်ဝမ်ယွဲ့သည် ဟန် စစ်သည်များ ပြေးထွက်သွားသည်ကို ငြိမ်သက်စွာ ရပ်ကြည့်နေပြီး သူမ၏ ဒူးများမှာ ရုတ်တရက် ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ခဏမျှ ရုန်းကန်ပြီးနောက် သူမ၏ ခြေထောက်မှ ပြင်းထန်သော နာကျင်မှုတစ်ခုကို စတင်ခံစားလာရသည်။ သူမကိုယ်တိုင် ဒဏ်ရာရနေသည်ကို သတိမထားမိခဲ့ပေ။
“ကော!”
လင်ယွီသည် တိုက်ပွဲပြီးဆုံးပြီးနောက် လင်ဝမ်ယွဲ့၏ လူရိပ်ကို ရှာဖွေနေခဲ့၏။ ထိုအချိန်တွင် သူသည် လူအုပ်ကြားတွင် လဲကျသွားသော လင်ဝမ်ယွဲ့ကို မြင်လိုက်ရပြီး အံ့အားသင့်သွားခဲ့သည်။ သူသည် လင်ဝမ်ယွဲ့ဘက်သို့ ပြေးသွားကာ သူမ၏ ခန္ဓာကိုယ်ကို လှန်လိုက်ပြီးနောက် သူ့လက်မောင်းများထဲသို့ ဆွဲသွင်းလိုက်၏။ လင်ယွီက သူမကို လက်မောင်းများကြားထဲ၌ ဖက်ထားလိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်နေတော့သည်။
“ကော… အဆင်ပြေရဲ့လား၊ ဘယ်နေရာက နာတာလဲ”
လင်ယွီ၏ လက်မောင်းများကြားတွင် လင်ဝမ်ယွဲ့သည် သူမ၏ ခန္ဓာကိုယ်ထဲ၌ အင်အားမရှိတော့ကြောင်း ခံစားလိုက်ရ၏။ သူမ၏ ခြေထောက်ရှိ ဒဏ်ရာမှ နာကျင်မှုသည် ပို၍ ပို၍ ပြင်းထန်လာနေသည်။ သူမ၏ ဝမ်းဗိုက်ထဲတွင်လည်း မခံမရပ်နိုင်သော နာကျင်မှုတစ်ခု ရှိနေ၏။ လင်ဝမ်ယွဲ့သည် သူမ၏ ခြေထောက်များကြားမှ ပူနွေးသော အရည်တစ်ခု စီးဆင်းလာသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။
လင်ဝမ်ယွဲ့သည် ပုံမှန်ထက် အနည်းငယ် ဖြူဖျော့နေသော်လည်း အတော်လေး သတိရှိနေသေးကြောင်း လင်ယွီ မြင်လိုက်ရသောအခါမှ စိတ်သက်သာရာရသွားလေသည်။ သူသည် သူမအား ခေါင်းမှခြေဖျားအထိ ကြည့်လိုက်ပြီး သူမ မည်သည့်နေရာ နာကျင်နေသည်ကို ကြည့်လိုက်၏။
လက်ရှိတွင် လင်ဝမ်ယွဲ့၏ မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးစွန်းထင်းနေခဲ့သည်။ သူမ၏ အဝတ်အစားများက သွေးများဖြင့် စိုရွှဲနေလေသည်။ လင်ယွီသည် လင်ဝမ်ယွဲ့၏ ပေါင်ရင်းတွင် တစ်လက်မခန့်ရှည်သော ဒဏ်ရာကြီးတစ်ခုကို တွေ့လိုက်ရ၏။
‘ကော လဲကျသွားတာ အံ့ဩစရာ မဟုတ်ဘူး၊ ခြေထောက်မှာ ဒဏ်ရာရနေတာကိုး…’
လင်ဝမ်ယွဲ့၏ ခြေထောက်များကြားမှ နီညိုရောင် သွေးများက ဖြည်းည်းချင်း စီးထွက်လာသည်ကို မြင်လိုက်ရ၏။ လင်ယွီမှာ ကြောင်အမ်းမှင်တက်သွားပြီး မိမိခြေထောက်များကိုပင် အလိုအလျောက် ညှပ်ထားလိုက်မိသည်။ မျက်နှာမှာလည်း အနည်းငယ် ပျက်ယွင်းသွားပြီး လင်ဝမ်ယွဲ့ကို ကြည့်ကာ စိတ်ထဲမှ ငိုကြွေးနေတော့သည်။
‘ပြီးသွားပြီ… သာ့ကောက ဒီတိုက်ပွဲမှာ အရှုံးကြီး ရှုံးသွားပြီ၊ မျိုးတုံးသွားပြီ... အခုတော့ သာ့ကောက သူ့မိသားစုရဲ့ နောက်ဆုံးမျိုးဆက်ပဲ’
လင်ယွီသည် လင်ဝမ်ယွဲ့၏ ဖြူဖျော့နေသော မျက်နှာထံ ကြည့်လိုက်၊ သူမ၏ ပေါင်ကြားကို ကြည့်လိုက်နှင့် ဘာလုပ်ရကိုင်ရမှန်း မသိနိုင် ဖြစ်နေ၏။
ထို့ပြင် လင်ယွီ၏ မျက်နှာအအရာမှာ အမျိုးမျိုး ပြောင်းလဲနေပြီး သာ့ကောအား သူ၏ဒဏ်ရာအခြေအနေကို ဘယ်လိုစကားအစပျိုးကာ ပြောပြရမှန်း စဉ်းစားမရနိုင် ဖြစ်နေလေသည်။
နောက်ဆုံးတွင် ဘာစကားမှ မပြောတော့ဘဲ ပါးစပ်ကိုသာ တင်းတင်းပိတ်ထားလိုက်တော့၏။
End 5