no

Font
Theme

အခန်း (၂) စစ်မြေပြင်မှာ သေခြင်းတရားကို ဘာကြောင့် ကြောက်ရမှာလဲ

"တစ်!" "ဟူး!"

"နှစ်!" "ဟား!"

"တစ်!" "ဟူး!"

"နှစ်!" "ဟား!"

မိုးလင်းရုံသာ ရှိသေးသော်လည်း လေ့ကျင့်ရေးကွင်း၌ စစ်ရေးလေ့ကျင့်မှုများ စတင်နေပြီဖြစ်သည်။ လင်ဝမ်ယွဲ့သည် သူမ၏ လက်ထဲက လှံကို တင်းတင်းဆုပ်ကိုင်ထား၏။ အသားကျနေပြီးသား လှုပ်ရှားမှုများအတိုင်း သူမက စနစ်တကျ လှုပ်ရှားနေလေသည်။ သူမ၏ တိုက်ခိုက်မှုတိုင်း၌ အားအင်အပြည့် ထည့်သွင်းထားသည်။

လင်ဝမ်ယွဲ့သည် သူမ၏ ရိုးရှင်းသော လှုပ်ရှားမှုနှင့် တည်ငြိမ်သော အရှိန်သည် သူမ၏ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိခဲ့၏။

တပ်ထဲတွင် နှစ်နှစ်ကြာ ရှိနေပြီးနောက် သူမကို ယခုအခါ ဝါရင့်စစ်သည်တစ်ဦးဟု သတ်မှတ်နိုင်သည်။ သူမနှင့် တစ်ချိန်တည်း စာရင်းသွင်းခဲ့သော သူမ၏ ရဲဘော်များတွင် အချို့မှာ သေဆုံးသွားခဲ့ပြီး အချို့က စစ်သည်ငါးယောက်၏ အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့ကြသည်။ အများစုက မြင်းတပ်မှလွဲ၍ အခြားတပ်များသို့ ပြောင်းရွှေ့ခံခဲ့ရသည်။

သို့သော်ငြား သူမသည် သာမန်ခြေလျင်တပ်သားတစ်ဦးအဖြစ် အသက်ရှင်ကျန်ရစ်ခဲ့ပြီး သေဆုံးမှုနှုန်း အမြင့်ဆုံးသော တပ်တွင် ပါဝင်ခဲ့၏။ သို့သော်လည်း လင်ဝမ်ယွဲ့ ဂရုမစိုက်ချေ။

သူမသည် ဤစစ်တပ်စခန်းတွင် နေထိုင်နေသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

ရာထူးတိုးရန်နှင့် ချမ်းသာကြွယ်ဝရန် ကြိုးစားခြင်းသည် သူမအတွက် အနှောင့်အယှက် အဟန့်အတားသာ ဖြစ်လာစေနိုင်သည်။ သူမ လိုချင်ခဲ့သမျှမှာ ရွာတစ်ရွာကို သတ်ဖြတ်ခဲ့သော လူတစ်ရာ့ရှစ်ဆယ်အတွက် လက်စားချေရန်သာ ဖြစ်သည်။ ထို့နောက် သူမသည် တပ်မှထွက်ကာ သူမ၏ ကျန်ရှိသော ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မည့် ရွာလေးတစ်ရွာ ရှာဖွေနေထိုင်မည်။

သို့သော်လည်း နောက်ပိုင်းတွင် တိုက်ခိုက်ရခြင်း၌ ပို၍ စိတ်အားထက်သန်လာခဲ့ပြီး သူမ၏ အလောင်းကို ဖျာဖြင့် လိပ်ကာ သယ်မထွက်ခင်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်၏။ လင်ဝမ်ယွဲ့သည် ဤစစ်တပ်စခန်းသို့ ခြေချကတည်းက ထိုနေရာမှ ထွက်ခွာရန် တစ်ခါဖူးမျှ မတွေးခဲ့ပေ။ သို့သော် လင်ဝမ်ယွဲ့သည် တိုက်ပွဲတစ်ခု မစတင်မီတိုင်းတွင် လင်ဝမ်ယွဲ့ ကိုယ့်ကိုယ်ကိုယ် ပြောလေ့ရှိသော စကားတစ်ခွန်းရှိ၏။

‘ဒီသတ်ရမယ့် အရေအတွက် မပြည့်မချင်း အသက်ရှင်အောင် အစွမ်းကုန် ကြိုးစားမယ်’

အမျိုးသားများနှင့် အမျိုးသမီးများကြား ကာယပိုင်းဆိုင်ရာ ကွာခြားချက်များသည် အသက်အရွယ် တဖြည်းဖြည်း ကြီးလာသည်နှင့်အမျှ ပို၍ထင်ရှားလာခဲ့၏။ အတူတူ စစ်ထဲဝင်ခဲ့သော လူငယ်များသည် အရပ်များ ရှည်လာခဲ့ကြသော်လည်း လင်ဝမ်ယွဲ့မှာ အလျင်အမြန် မကြီးထွားခဲ့သကဲ့သို့ ကြီးထွားနှုန်း နှောင့်နှေးနေသည်လည်း မဟုတ်ပေ။

နှစ်နှစ်တာ လေ့ကျင့်မှုများကြောင့် သူမသည် သက်တူရွယ်တူ မိန်းကလေးများထက် အနည်းငယ် ပို၍ အရပ်ရှည်ပြီး သန်မာလာခဲ့သည်။ သို့သော်ငြား သူမသည် ထိုစစ်သားအုပ်စုထဲသို့ ရောက်သွားသောအခါတွင် သေးငယ်ပြီး ပိန်လှီနေလေသည်။

သို့သော် သူမ၏ ခွန်အားနှင့် ခံနိုင်ရည်သည် အခြားသူများထက် နိမ့်ကျခြင်း မရှိခဲ့ပေ။ ထိုကာယပိုင်းဆိုင်ရာ အားနည်းချက်ကို ပြန်လည်ဖြည့်တင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ ပုံမှန်ထက် ပို၍ ကြိုးစားလေ့ကျင့်ရန် ဖြစ်သည်။

ကံကောင်းစွာဖြင့် မည်သူကမျှ လင်ဝမ်ယွဲ့၏ လိင်ကို သံသယမဝင်ခဲ့ကြပေ။ စစ်မက်ဖြစ်ပွားနေသော အချိန်ကာလတွင် စစ်မှုထမ်းမျိုးရိုးရှိသော ချမ်းသာသည့် မိသားစုများက သူတို့၏ သားမြေးများကို ငွေအမြောက်အမြား သုံးစွဲကာ မိသားစုစာရင်းမှ ဖယ်ထုတ်ထားချင်နေကြသည်။ ထိုအခြေအနေမျိုး၌ ဘယ်မိန်းမတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အသေခံပြီး ယောက်ျားလေးယောင်ဆောင်ကာ စစ်စခန်းထဲသို့ ဝင်ရောက်ပါ့မလဲ။

လေ့ကျင့်မှုများ ပြီးဆုံးသွားသောအခါ အစားစားချိန်သို့ ရောက်လာသည်။ လူအုပ်သည် နှစ်ယောက်တစ်အုပ်စု၊ သုံးယောက်တစ်အုပ်စုစီဖြင့် စားဖိုတဲဆီသို့ ဦးတည်သွားနေကြပြီး လင်ဝမ်ယွဲ့က ထိုအုပ်စုလေးများ၏ နောက်တွင် တစ်ယောက်တည်း လျှောက်လာနေသည်။

"ရှင်းကော!"

လင်ယွီသည် လင်ဝမ်ယွဲ့၏ နောက်မှ ခုန်ထွက်လာပြီး သူမ၏ ပခုံးများကို ရွှင်လန်းစွာ ဖက်လိုက်၏။

လင်ဝမ်ယွဲ့သည် လင်ယွီ၏ လက်မောင်းအောက်မှ လျင်မြန်စွာ ထွက်သွားခဲ့သော်လည်း မကျေနပ်သည့် အအရာ မပြဘဲ လင်ယွီကို ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့နှစ်ဦးသည် စားဖိုတဲဆီသို့ အတူတကွ လျှောက်သွားခဲ့ကြ၏။

လင်ဝမ်ယွဲ့၏ အေးစက်စက် နေထိုင်မှုနှင့် ပတ်သက်၍ လင်ယွီသည် အသားကျနေပြီ ဖြစ်သည်။ လင်ယွီကလည်း သူ၏ ရှင်းကော ဘယ်လိုနေနေ ဂရုမစိုက်ပေ။ သူသည် လင်ဝမ်ယွဲ့နှင့် ပခုံးချင်းယှဉ်၍ လျှောက်လျက် ပေါ့ပေါ့ပါးပါး စကားများကို တတွတ်တွတ် လာခဲ့၏။

လင်ဝမ်ယွဲ့သည် လင်ယွီ စစ်တပ်စခန်းသို့ ရောက်လာသောအခါ၌ ပထမဆုံး ရင်းနှီးခဲ့သူ ဖြစ်သည်။ ထိုအချိန်က လင်ယွီသည် အသက်ဆယ့်လေးနှစ် ဖြစ်ပြီး လင်ဝမ်ယွဲ့မှာ အသက်ဆယ့်ငါးနှစ် ဖြစ်၏။ လင်ယွီ၏ မိသားစုသည် မျိုးဆက်ပေါင်းများစွာ စစ်မှုထမ်းခဲ့သော်လည်း လင်ယွီက အသက်ဆယ့်လေးနှစ်အရွယ်တွင် မုန်လာဥနီကဲ့သို့ သေးငယ်ပြီး ပိန်လှီနေခဲ့၏။ လင်ယွီ သည် လင်ဝမ်ယွဲ့နှင့် တဲကို မျှဝေသုံးစွဲရန် နေရာချထားခံရသောအခါ လင်ဝမ်ယွဲ့၏ဘေးနားတွင် တစ်နေရာစာသာ လွတ်တော့သည်။

တဲထဲရှိ စစ်သားကြီးအများစုသည် အရပ်ရှည်ရှည် ဗလတောင့်တောင့်များ ဖြစ်ကြပြီး ထိုသေးငယ်သော မုန်လာဥနီလေးက အထုပ်ကလေးကို ပွေ့ဖက်၍ တဲထဲဝင်လာသည်ကို မြင်ကြသောအခါ၊ အားလုံးက ပျော်ရွှင်ရယ်မောကာ လင်ယွီ၏ ခေါင်းကို တစ်ယောက်ပြီးတစ်ယောက် ဆွဲဖွကြတော့သည်။ ထိုလူအုပ်၏ အဝေးတွင် အေးစက်စက် မျက်နှာထားဖြင့် ရပ်နေသော လင်ဝမ်ယွဲ့မှလွဲ၍ ကျန်လူအားလုံးက သူ့အနားတွင် ဝိုင်းနေလေသည်။ သို့သော် လင်ဝမ်ယွဲ့က လင်ယွီအား ကိုယ်ထိလက်ရောက် ဘာမှမလုပ်ပြုခဲ့ပေ။

ထိုအချိန်မှစ၍ လင်ယွီသည် လင်ဝမ်ယွဲ့ကို ရှင်းကော ဟု ခေါ်ဝေါ်ခဲ့တော့သည်။

လင်ဝမ်ယွဲ့သည် ထိုသို့ခေါ်ခြင်းအပေါ် တစ်ခုခုပြန်မပြောသော်လည်း၊ စစ်မြေပြင်ပေါ်တွင် လင်ယွီ၏ အသက်ကို အကြိမ်ကြိမ်ကယ်တင်ခဲ့၏။

ထိုအချိန်တွင် လင်ယွီသည် ရှင်းကောက ယခုကဲ့သို့ တောင့်တင်းသော ခန္ဓာကိုယ်သည် လေ့ကျင့်သား ပြည့်ဝ၍ ဖြစ်လာသည်ခဲ့မှန်း သဘောပေါက်သွားလေသည်။ သူ၏ လှုပ်ရှားမှုနှင့် အအရာများသည် အလွန် ကျွမ်းကျင်ပြီး တိုက်ပွဲအလယ်တွင်လည်း အေးဆေးတည်ငြိမ်စွာဖြင့် ရပ်တည်နိုင်ခဲ့သည်။ တိုက်ပွဲဝင်သောအခါတွင် ရှင်းကောထံမှ အခြားသူများ ကြောက်လန့်တကြား နောက်ဆုတ်သွားစေနိုင်လောက်သည့် ဖိအားကို ထုတ်လွှတ်လေ့ရှိသည်။

လင်ယွီသည် စစ်တပ်စခန်းတွင် ကြာရှည်စွာနေထိုင်လေလေ လူများအကြောင်းကို ပို၍ သိလာလေလေ ဖြစ်သော်လည်း သူက ထိုလူများအား အမြဲလိုလို လင်ဝမ်ယွဲ့နှင့် နှိုင်းယှဉ်ကြည့်လေ့ရှိသည်။ သူသည် တပ်ရင်းတစ်ခုလုံး၌ အဖွဲ့ခေါင်းဆောင်များနှင့် အုပ်စုခေါင်းဆောင်များအပါအဝင် မည်သူမျှ သူ၏ “ရှင်းကော” ကဲ့သို့ တိုက်ခိုက်ရာတွင် အားကောင်းသူ မရှိကြောင်း တွေ့ရှိခဲ့၏။ သို့သော် လင်ဝမ်ယွဲ့သည် သာမန်စစ်သား တစ်ဦးအဖြစ်သာ ဆက်လက် တည်ရှိနေခဲ့သည်။ ဘာအတွက်ကြောင့် ထိုသို့ ဖြစ်နေမှန်းလည်း လင်ယွီ နားမလည်နိုင်ခဲ့ချေ။

လင်ယွီ၏ မိသားစုသည် မျိုးဆက်ပေါင်းများစွာ စစ်မှုထမ်းခဲ့သောကြောင့် စစ်သူကြီး လီမု၏ တပ်ရှိ အတင်းကျပ်ဆုံး စစ်စည်းကမ်းအား လူကြီးမိဘများထံမှ သိရှိပြီး မျက်နှာသာပေးမှုဖြင့် ရာထူးတိုးပေးခြင်းကို မည်သည့်အခါမျှ ခွင့်မပြုကြောင်းလည်း သိထား၏။ ထို့ကြောင့် လင်ဖေးရှင်းအား နှစ်နှစ်ကြာ ရာထူးမတိုးပေးရသည့် အကြောင်းအရင်းကို မမေးရဲဘဲ အဖြေကိုသာ ဖြည်းဖြည်းချင်း ရှာဖွေရန် ရွေးချယ်လိုက်သည်။

လေ့လာစောင့်ကြည့်မှု တစ်နှစ်ခွဲခန့် ကြာပြီးနောက် လင်ယွီသည် အကြောင်းရင်းကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ လင်ဝမ်ယွဲ့က တစ်ယောက်တည်း သီးသန်ရပ်တည်သူ ဖြစ်ကြောင်း တွေ့ရှိခဲ့၏။ လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်း ဤစစ်တပ်စခန်းတစ်ခုလုံးတွင် လင်ယွီမှလွဲ၍ သူမနှင့် စကားပြောဆိုဖော် မရှိခဲ့ချေ။

အကြောင်းရင်းမှာ အလွန် ရိုးရှင်းလေသည်။

လင်ဝမ်ယွဲ့က အဖွဲ့နှင့် လုံးဝကို ကွဲပြားနေ၏။

စစ်တပ်အတွင်း လူငယ်များ မိတ်ဆွေဖွဲ့ရန် အတူတကွ လေ့ကျင့်ခြင်း၊ မြစ်ကမ်းဘေး၌ အတူတကွ ရေချိုးခြင်း၊ တပ်တွင်းပြည့်တန်ဆာများဆီသို့ အတူတူ သွားခြင်း၊ အားလပ်ရက်များ၌ မြို့အနီးတစ်ဝိုက် လည်ပတ်ခြင်းစသည် စစ်သည်ရဲဘက်များကြား ဆက်ဆံရေး ပိုမိုခိုင်မာလာနိုင်သည့် ကိစ္စရပ်များ ဖြစ်သည်။ သို့သော် လင်ဝမ်ယွဲ့သည် ထိုအရာများတွင် တစ်ခါမျှ မပါဝင်ခဲ့ဖူးပေ...

လင်ယွီ၏ ကိုယ်လုံးသည် တပ်ထဲတွင် နှစ်နှစ်ကြာ ရှိနေပြီးနောက် ရုတ်တရက် ဖွံ့ဖြိုးလာခဲ့သည်။ သူ့အရပ်သည် ရှိနေသင့် နေရာမှ တဖြည်းဖြည်း မြင့်လာခဲ့ပြီး ယခုအခါ လင်ဝမ်ယွဲ့ထက်ပင် ခေါင်းတစ်လုံးစာ မြင့်နေပြီ ဖြစ်သည်။ သို့သော် ရှင်းကော၏ ကြီးမြတ်သော ပုံရိပ်သည် လင်ယွီ၏ နှလုံးသားထဲတွင် မည်သို့သောအခါမျှ မသေးသိမ်သွားခဲ့ပေ။

ထမင်းစားချိန်ဖြစ်သဖြင့် တဲသို့ ရောက်သောအခါ လူများ ပြည့်နှက်နေလေပြီ။ လင်ဝမ်ယွဲ့က သူမ ရှိသည့်နေရာတွင် ရပ်နေခဲ့ပြီး လင်ယွီသည် လူအုပ်ထဲသို့ တိုးဝင်ကာ လမ်းကြောင်းဖောက် တိုးဝင်သွားခဲ့၏။ ခဏအကြာတွင် သူသည် အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် ဆီများသော အသားတစ်ဖတ်ဖြင့် တင်ထားသော ပြောင်းဆန်ထမင်း ပန်းကန်ကြီး နှစ်လုံးကို ယူလာခဲ့သည်။

"ရှင်းကော… ဒီမှာ!"

လင်ယွီပေးသော ထမင်းပန်းကန်ကို လင်ဝမ်ယွဲ့ လက်ခံလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ကျေးဇူးတင်ပဲ"

လင်ယွီသည် သွားတန်းညီညီလေးကို ပြကာ ပြုံးလိုက်၏။ သူသည် လင်ဝမ်ယွဲ့ကို ပြောလာသည်။

"ကောနဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေကြားမှာ ကျေးဇူးတင်စရာ ဘာရှိလဲ၊ ကော... ကောက ကျွန်တော့်ကို အမြဲတမ်း ကျေးဇူးတင်စကား ပြောနေတာပဲ"

လင်ဝမ်ယွဲ့သည် နောက်ထပ် ဘာမျှ မပြောတော့ပေ။ နှစ်ဦးသားသည် ညစ်ပေနေသော တိုင်တစ်ခုအောက်တွင် ထိုင်လိုက်ကြပြီး ထမင်းပန်းကန်ကြီးများကို ကိုင်ကာ စတင်စားသောက်ကြတော့၏။

"ရှင်းကော... ကြားပြီးပြီလား၊ နောက်ရက်အနည်းငယ်အတွင်း တိုက်ပွဲတစ်ခု ဖြစ်လာနိုင်တယ်တဲ့!"

"အိုး..."

"တိကျတဲ့ သတင်းအချက်အလက်တော့ မရှိပါဘူး... ဒါပေမဲ့ ကျွန်တော့်ရဲ့ လေ့လာတွေ့ရှိချက်တွေအရ မကြာခင် တိုက်ပွဲတစ်ခု ဖြစ်လာမှာ သေချာတယ်"

လင်ဝမ်ယွဲ့သည် နောက်ထပ် ထမင်းတစ်လုတ်ကို ပါးစပ်ထဲ ထည့်လိုက်သည်။ သူမ ဝါးနေစဉ် သူမ၏ ဦးခေါင်းကို လင်ယွီဘက်သို့ လှည့်ကာ သူ ဆက်ပြောရန် စောင့်နေခဲ့၏။

လင်ယွီသည် နှစ်လိုဖွယ် ပြုံးလိုက်ပြီးမှ သူ့ပန်းကန်ထဲရှိ အသားတစ်ဖဲ့ကို ကောက်ယူကာ လင်ဝမ်ယွဲ့အား ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ ရေရှည် လေ့လာတွေ့ရှိချက်တွေအရ ကျွန်တော်တို့ပန်းကန်ထဲက အသားက တိုက်ပွဲနီးလာရင် အမြဲတမ်း ပိုထူလာတတ်တယ်... ပုံမှန်ဆို လက်သန်းလောက်ပဲ ရှိပေမယ့် တိုက်ပွဲဝင်ရမယ့်အချိန်ရောက်ရင် လက်မလောက် ထူလာလိမ့်မယ်"

လင်ယွီ ပြောပြီးသည်နှင့် လင်ယွီက ပန်းကန်ကို ဘေးချထားလိုက်ပြီး သူ၏ လက်မအား နှိုင်းယှဉ်ရန် ဆန့်ထုတ်လိုက်၏။ ထိုအသားက လက်မ၏ အထူအတိုင်း ရှိနေလေသည်။

"စားကြရအောင်"

လင်ဝမ်ယွဲ့သည် ပါးစပ်ထဲသို့ အစားအစာများ ထည့်နေရင်း ဆက်ပြောသည်။ တိုက်ပွဲများသည် သူမအတွက် အသစ်အဆန်း မဟုတ်တော့ပေ။ တပ်ထဲတွင် နှစ်နှစ်ကြာ ရှိနေပြီးနောက် လင်ဝမ်ယွဲ့သည် အကြီးအသေး စုစုပေါင်း ကိုးဆယ့်ရှစ်ကြိမ် တိုက်ပွဲဝင်ခဲ့ဖူး၏။ အရေအတွက်ကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

လင်ဝမ်ယွဲ့နှင့် လင်ယွီတို့သည် စားသောက်ပြီးနောက် ပန်းကန်များကို အတူတကွ ပြန်ပေးရန် သွားခဲ့ကြသည်။ လင်ယွီသည် လင်ဝမ်ယွဲ့အတွက် အလုပ်များစွာ လုပ်ပေးချင်ခဲ့ဖူးသော်လည်း ရှင်းကောက အချိန်တိုင်း သူ့ကို ငြင်းပယ်ခဲ့၏။

ရှင်းကောသည် သူ၏ ခန္ဓာကိုယ်သည် အလွန် လျှို့ဝှက်ထားပြီး လူအုပ်နှင့် ရောနှောရန်လည်း မလိုလားခဲ့ပေ...

ပန်းကန်ကို ပြန်ပေးပြီးသည်နှင့် လင်ဝမ်ယွဲ့သည် လူအုပ်ထဲမှ ထွက်သွားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ လင်ယွီသည် သူမနောက်မှ လိုက်လာခဲ့လေသည်။ လင်ဝမ်ယွဲ့ အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း လင်ယွီက ပြုံးရွှင်သော မျက်နှာဖြင့် ပြောလိုက်နိုင်သည်။

"ကော... နောက်ရက်အနည်းငယ်အတွင်း တိုက်ပွဲတစ်ခု ဖြစ်လာတော့မယ်၊ နောက်ထပ် လေ့ကျင့်မှုတွေအတွက် ကောနောက်ကို လိုက်မယ်၊ နောက်ကျတာထက် မလုပ်တာက ပိုဆိုးတယ်လေ... ကျွန်တော့်ကို နောက်ထပ် အကြံဉာဏ်ကောင်းတွေ ပေးနိုင်သေးတယ် မလား?"

"သွားကြရအောင်"

စစ်တပ်တွင်း နေ့စဉ် လေ့ကျင့်မှုများအပြင် လင်ဝမ်ယွဲ့သည် မိုးရွာရွာ လေတိုက်တိုက် နှစ်နှစ်တာ ကာလတစ်လျှောက် နှစ်နာရီစီ အပိုလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့၏။ စစ်ပွဲတစ်ခု ဖြစ်ပြီးသည့်နေ့တွင်ပင်၊ လူအားလုံး ပင်ပန်းနွမ်းနယ်စွာဖြင့် အနားယူနေချိန်၌ လင်ဝမ်ယွဲ့သည် သူမ၏ ပင်ပန်းနွမ်းနယ်နေသော ကိုယ်ခန္ဓာကို တွန်းအားပေးကာ နှစ်နာရီကြာအောင် အပိုလေ့ကျင့်ခန်း ဆက်လုပ်လေ့ရှိသည်။

သူမ ရှင်သန်ရမည်။ သူမသည် လူတစ်ရာ့ရှစ်ဆယ်၏ သွေးကြွေးကို ဆက်လက် ထမ်းပိုးထားဆဲ ဖြစ်သည်။ ရွာအဝင်ဝတွင် လောင်ကျွမ်းနေသော အလောင်းများ၏ အနံ့ဆိုးအား ရှုရှိုက်ကာ မျက်စိရှေ့တွင် ပြင်းထန်စွာ တောက်လောင်နေသော မီးတောက်များကို ကြည့်ရှုရင်း သူမ ဒူးထောက်၍ သွေးသစ္စာ ကျိန်ဆိုခဲ့သည်။

သို့သော် သူမသည် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ ခံနိုင်စွမ်းနှင့် အားများသည် ယောက်ျားများကို မမှီနိုင်ပေ။ သူမ၏ ရန်သူများမှာ လီနိုင်ငံသား ယောက်ျားများထက်ပင် ပိုမိုကြံ့ခိုင်ပြီး တိုက်ခိုက်ရေး ကျွမ်းကျင်သော ဟန်လူမျိုးများ ဖြစ်သည်။ အနည်းငယ်မျှ ပျင်းရိပေါ့ဆမိပါက စစ်မြေပြင်ပေါ်တွင် သူမ အသက်ဆုံးရှုံးရလိမ့်မည်။

လင်ဝမ်ယွဲ့သည် သေခြင်းကို မကြောက်ပေ။ ယခင်က သူမပါဝင်ခဲ့သော စစ်ပွဲတိုင်းတွင် အသက်ရှင်ပြန်လာမည်ဟု တစ်ခါမျှ မတွေးမိခဲ့ချေ။ ထို့ကြောင့် သူမသည် အပြင်းထန်ဆုံးနှင့် အဆင်ခြင်မဲ့ဆုံး တိုက်ခိုက်ခဲ့သည်။ သို့သော်ငြား အသက်ရှင်လိုစိတ်သည် လူတိုင်းအရိုးထဲ စွဲနေသော မွေးရာပါဗီဇ တစ်ခု ဖြစ်ခြင်းကြောင့် ရှင်သန်လာနိုင်ခဲ့၏။

End 2

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment