no

Font
Theme

အခန်း (၆) လေနီကြမ်းများ တိုက်ခတ်ခြင်း

ဖုန်းကျောက်နန်းဆောင်၏ ကျယ်ဝန်းသော ခြံဝင်းကြီးအတွင်း၌ ဝမ်းနည်းပူဆွေးသည့် ဝတ်ရုံများ ဆင်မြန်းထားသော နန်းတွင်းသူများနှင့် အစေခံအများအပြားတို့က ဒူးထောက်လျက်ရှိနေကြ၏။

လီတိုင်းပြည်မှ မင်းသမီးကြီး လီရှန်နှင့် အိမ်ရှေ့စံ လီကျူးတို့သည် နတ်ကွန်းတော်ကြီးအတွင်း၌ မီးလျှံများ တောက်လောင်နေသည့် ရွှေရောင်သစ်သားခေါင်းတလားရှေ့တွင် ရပ်နေကြ၏။

လီရှန်နှင့် လီကျူးတို့သည် မီးပုံထဲသို့ စက္ကူငွေများကို အဆက်မပြတ် ထည့်နေကြလေသည်။ ထိုစဉ် လီရှန်၏ မျက်လုံးများက မီးပုံထံ ငေးမောကြည့်ရင်း အတွေးနယ်ချဲ့နေသည့်ဟန်ဖြင့် မှေးမှိန်လျက်ရှိပြီး မည်သည့်အရာအား ပြန်လည်အမှတ်ရနေသည်ကို မည်သူမျှ မသိနိုင်ပေ။

“ချူဝမ်နဲ့ ဖျင်ယန်နယ်စားရဲ့ သားတော်တို့က မိဖုရားခေါင်ကြီးကို လာရောက်ဂါရဝပြုပါတယ်!”

“အစ်မတော်!”

လီကျူးသည် လီရှန်အား မြေပြင်ပေါ်မှ ကျွမ်းကျင်စွာ ထူမပေးလိုက်၏။ ခဏအကြာတွင် ချူနယ်၏ ဘုရင်ငယ်ဖြစ်သော လီရွှမ် (ချူဝမ်) နှင့် ဖျင်ယန်နယ်စား၏ သားတော် လီကျုံးတို့သည် ခန်းမဆောင်ကြီးအတွင်းသို့ လျှောက်လှမ်း ဝင်ရောက်လာကြသည်။

“လီရှန်က အစ်ကိုတော် ချူဝမ်ကို ဂါရဝပြုပါတယ်”

“လီရွှမ်က အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်”

(မှတ်ချက် : ချူဝမ်၏ နာမည်ရင်းမှာ လီရွှမ် )

“လီကျုံးက အိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးကြီးကို ဂါရဝပြုပါတယ်”

လီရွှမ်သည် အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ရှိပြီဖြစ်သော လျန်မိဖုရား၏ သားတော် ဖြစ်လေသည်။ ထိုသို့ တွေးတောနေစဉ် လီရွှမ်သည် ဘုရင်ငယ်တို့ ဝတ်ဆင်ရသော အနက်ရောင်နဂါးဝတ်ရုံကို ဆင်မြန်းထားလျက် ဝင်လာသည်။ ထို့နောက် လီရှန်တို့ မောင်နှမနှစ်ဦးအား ဝတ်ကျေတန်းကျေ နှုတ်ဆက်စကားဆိုကာ လှည့်ပင်မကြည့်ဘဲ လီချင်းချန်၏ ခေါင်းတလားရှေ့သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားပြီး အရိုအသေပြု၍ မီးပုံထဲသို့ စက္ကူငွေအနည်းငယ်ကို ကျဲထည့်လိုက်၏။

ထို့နောက် လီရှန်ဘေးသို့ လှည့်လာကာ အေးစက်စက် လေသံဖြင့်…

“လူတိုင်းမှာ အတက်အကျ ဆိုတာရှိစမြဲပါ၊ ညီမတော်လည်း အရမ်း ဝမ်းနည်းမနေပါနဲ့… ကျွန်တော်မျိုး အလုပ်ရှိလို့ မကြာခင် ပြန်ရတော့မယ်”

“ခဏနေရင် ဟွာချင်းနန်းဆောင်မှာ ကျွန်တော်မျိုးကို လာရှာပါ”

ထို့နောက် ဖျင်ယန်နယ်စား၏ သားတော် လီကျုံးဘက်သို့ လှည့်ကာ မိန့်ကြားပြီး ခန်းမဆောင်ကြီးမှ လျင်မြန်သော ခြေလှမ်းဖြင့် ထွက်ခွာသွားလေ၏။

“မင်းသမီး”

ဖျင်ယန်နယ်စား၏ သားတော် လီကျုံးသည် ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာသည်မှစ၍ လီရှန်ထံမှ မျက်လုံးက တစ်ခဏမျှပင် မခွာခဲ့ချေ။ အသက် ဆယ့်လေးနှစ်အရွယ်က နန်းတော်သို့ ပထမဆုံးအကြိမ် ဝင်ရောက်လာသည့်အချိန်၌ အသက်ဆယ့်နှစ်နှစ်အရွယ် လီရှန်အား ပထမဆုံး မြင်တွေ့ခဲ့ရသည့်အချိန်မှစ၍ သူသည် လီရှန်အား တိတ်တဆိတ် နှစ်သက်မြတ်နိုးခဲ့ပြီး သူ၏နှလုံးသားထဲတွင် အခြားသူတစ်ဦးတစ်ယောက်အတွက်မျှ နေရာမရှိတော့ပေ။

လက်ရှိအချိန်တွင် လီရှန်၏ မျက်လုံးများက အနည်းငယ် ဖူးရောင်နေသော်လည်း သူမ၏ လှပသော အသွင်အပြင်ကို အနည်းငယ်မျှပင် သက်ရောက်မှုမရှိပေ။ လီကျုံး၏ မျက်လုံးများထဲတွင် ယခုလို အားငယ်နေသော လီရှန်သည် ပို၍ သနားကရုဏာသက်စရာကောင်းနေပြီး သူ့နှလုံးသားကို ရင်ခုန်စိတ်လှုပ်ရှားလာစေသည်။

“မင်းသမီး သိပ်ဝမ်းမနည်းပါနဲ့၊ ဒီမှာ သုတ်လိုက်ပါ”

လီကျုံးသည် လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူကာ လီရှန်အား ကမ်းပေးလိုက်၏။

လီကျုံး၏ ကြင်နာမှုအပေါ် လီရှန်သည် မည်သည့်တုံ့ပြန်မှုမျှ မပြုခဲ့ချေ။ လီရှန်က ဤလူ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာသည်မှစ၍ သူ၏မျက်လုံးများသည် သူမ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည်ကို ကြိုတင်သိရှိပြီး ဖြစ်သည်။ လီရှန်သည် လီကျုံးရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး သူကမ်းပေးသော လက်ကိုင်ပဝါကိုပင် လက်မခံခဲ့ပေ။ ထို့အစား လီကျုံးအား ငြိမ်သက်စွာ စိုက်ကြည့်ကာ ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။

“မလိုပါဘူး ဖျင်ယန်နယ်စားရဲ့ သားတော်… ဒါပေမဲ့ ဒီနန်းဆောင်ရဲ့ မယ်မယ်ဘုရားကို အရင် ဂါရဝ မပြုသင့်ဘူးလား”

လီရှန်၏အသံသည် လီကျုံးအတွက် နတ်သံစဉ်ကဲ့သို့ပင် သူ၏နှလုံးသားကို ထိမှန်စေခဲ့၏။ လီရှန်၏ ကြင်နာသော တုံ့ပြန်မှုအား အချိန်အတော်ကြာ ကြည်နူးနေပြီးနောက် သူသည် သတိပြန်ဝင်လာကာ လက်ကိုင်ပဝါကို လျင်မြန်စွာ သိမ်းဆည်းလိုက်၏။

ထို့နောက် လီချင်းချန်၏ ခေါင်းတလားရှေ့သို့ လှည့်လာကာ လေးစားသမှုဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ပြီး မီးပုံထဲသို့ စက္ကူငွေ အမြောက်အများကို ထည့်သွင်းပြီးမှ ထရပ်ကာ လီရှန်ဘေးသို့ ပြန်လာလေသည်။

ထိုစဉ် လီရှန်သည် လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူကာ သူမ၏ မျက်ရည်များကို ဖြည်းညှင်းစွာ သုတ်လိုက်၏။

ဤမြင်ကွင်းအား မြင်တွေ့ရသောအခါ လီကျုံးသည် သူ၏လက်ကိုင်ပဝါကို ရှက်ရွံ့စွာ ရင်ဘတ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်ရုံသာ တတ်နိုင်တော့၏။

“ဖျင်ယန်နယ်စားရဲ့ သားတော်နဲ့ အစ်ကိုတော် ချူဝမ်တို့က ခရီးဝေးကနေ လာရောက်ကြတာမို့ ဒီနန်းဆောင်ရဲ့ ဒီနေရာကနေ ကျေးဇူးတင်ပါရစေ… ပြီးတော့ မင်းသားလေးက ဧည့်ဝတ်မကျေတာရှိရင် နားလည်ပေးဖို့ တောင်းဆိုပါရစေ”

“မဟုတ်တာ၊ မဟုတ်တာ မင်းသမီးလေး… မိဖုရားကြီးက အရင်သွားနှင့်ပါပြီ၊ မင်းသမီးလေး အရမ်း ဝမ်းနည်းမနေဘဲ၊ ကျန်းမာရေးကို အထူးဂရုစိုက်ပါဦး”

“မင်းသားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ရှန်အာ မှတ်ထားပါ့မယ်”

လီရှန်သည် လနေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေလျက် လီကျုံးအား ဆက်လက်စကားပြောရန် စိတ်ရှည်စွာ စောင့်ဆိုင်းနေပုံရ၏။ သို့သော် လီကျုံးသည် လီရှန်၏ ထိုသို့သော တုံ့ပြန်မှုကို ကြားပြီးနောက် မည်သို့စကားစရမှန်းပင် မသိတော့ပေ။ သူသည် လီရှန်အား စွဲလမ်းမြတ်နိုးလွန်း၍ သူမဘေးတွင် အမြဲရှိနေချင်၏။

ထို့ကြောင့် မိဖုရားကြီးကို နောက်ဆုံးဂါရဝပြုရမည်ဟု ကြားသိရသောအခါ ချူဝမ်နှင့်အတူ မိုင်ရာချီဝေးသော ခရီးသို့ လိုက်ပါလာခဲ့ခြင်းမှာ လီရှန်အား တစ်ကြိမ်မျှ ထပ်မံတွေ့ဆုံလို၍ပင်။ သို့သော် ထိုအချိန်တွင် သူ၏နှလုံးသားထဲမှ အမြဲတမ်း တွေးတောနေခဲ့ရသူသည် သူ၏ရှေ့တွင် ရပ်နေပြီး သိမ်မွေ့သောအပြုံးဖြင့် သူ့ကို ကြည့်နေပါလျက် သူ၏နှလုံးသားထဲတွင် အလှမ်းဝေးကွာလွန်းသည့် ခံစားချက်မျိုး အလိုလို ပေါ်ပေါက်လာရ၏။

လီကျုံး၏ နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုများ ပေါ်ပေါက်လာစဉ် လီရှန်က တိုးညှင်းသော လေသံဖြင့် ထပ်မံပြောကြားလိုက်၏။

“မင်းသားက ခရီးပန်းလာမှာ သေချာပါတယ်၊ အရင်ဆုံး အစ်ကိုတော် ချူဝမ်နဲ့အတူ နားလိုက်ပါလား”

လီရှန်၏ ထိုသို့ပြောကြားမှုကို ကြားသောအခါ လီကျုံးသည် စိတ်သက်သာရာရသွားကာ လီရှန်အား ပျော်ရွှင်စွာ ပြောကြားလိုက်၏။

“မင်းသမီးက ဒီလိုပြောတော့လည်း ကျွန်တော်မျိုးကို သွားခွင့်ပြုပါဦး”

“ချီဝမ်နဲ့ ဝူရွှမ်းနယ်စားတို့ မိဖုရားကြီးကို ဝမ်းနည်းကြောင်း လာရောက်ဂါရဝပြုပါတယ်!”

ဖျင်ယန်နယ်စား၏ သားတော်မင်းသား လီကျုံးအား ပြန်လည်ပို့ဆောင်ပြီးနောက် ချီဝမ်နှင့် ဝူရွှမ်းနယ်စားတို့ ရောက်ရှိလာကြ၏။ ချီဝမ်သည် ကြင်ယာတော်ရှန်၏ သားတော်ဖြစ်ပြီး အသက်နှစ်ဆယ့်ခြောက်နှစ် ရှိနေလေပြီ။ သူသည် အခြား မြို့စားမင်းနှင့် လုံးဝမတူညီပေ။

ချီဝမ်သည် မင်းသားဘဝကတည်းက တပ်သားများ ခေါ်ဆောင်၍ စစ်ပွဲများ ဆင်နွှဲကာ ထက်မြက်သော စစ်တပ်တစ်ခုကို တည်ဆောက်ခဲ့၏။ အရွယ်ရောက်ပြီးနောက် ချီနယ်မြေကို တိုင်းပြည်၏ အကာအကွယ်တံတိုင်း ဖြစ်စေရမည်ဟူသော စကားအလှသုံးကာ မိမိအား ပေးသနားရန် တောင်းဆိုခဲ့လေသည်။

ထို့ကြောင့် ချီမင်းသားသည် မင်းသားများထဲတွင် စစ်အာဏာကို ပိုင်ဆိုင်သော တစ်ဦးသော မင်းသားဖြစ်ပြီး ‘ဝမ် (ဘုရင်ငယ်)’ ဘွဲ့ကို ရရှိခဲ့၏။

ဝူရွှမ်းနယ်စားသည် ယခင်က ချီဝမ်၏ စစ်တပ်မှ စစ်သူကြီးတစ်ဦး ဖြစ်ပြီး နောက်ပိုင်း ချီဝမ်က နယ်မြေတစ်ခုကို အပိုင်စားရလာသောအခါ ထူးချွန်သည့် လက်အောက်ငယ်သား ဝူရွှမ်းကိုလည်း မိမိပိုင်နယ်မြေမှ ဒေသတစ်ခုကို ပေးကာ လက်အောက်ခံနယ်စားအဆင့်အထိ ချီးမြှင့်ခဲ့၏။

ဤအရာများကို တွေးလိုက်မိသောအခါ လီရှန်၏ စိတ်ထဲတွင် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိ၏။ ချူဝမ်သည် မျက်နှာသာ ပေးခံရသော်လည်း ချီဝမ်တွင်လည်း စစ်တပ်ရှိနေသည်။ အိမ်ရှေ့စံမင်းသားလေးက ငယ်ရွယ်လွန်းပြီး အားကိုးရာမဲ့နေ၏။ ဦးရီးတော်ကလည်း နိုင်ငံရေးပရိယာယ်များကို စိတ်မဝင်စားဘဲ စစ်တပ်ကိုသာ ဦးဆောင်တတ်၏။

“လီရှန်၊ အစ်ကိုတော် ချီဝမ်ကို ဂါရဝပြုပါတယ်”

“ကျွန်တော်မျိုး လီကျန်း အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်”

(မှတ်ချက် : ချီဝမ်၏ နာမည်ရင်းမှာ လီကျန်း)

“ကျွန်တော်မျိုး ဝူရွှမ်းနယ်စား အိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးကြီးကို ဂါရဝပြုပါတယ်”

လီရှန်သည် လီကျန်း၏ အရိုအသေပြုနေသော လက်မောင်းနှစ်ဖက်ကို ထောက်မလိုက်ရင်း ပြောလိုက်၏။

“အစ်ကိုတော် ချီဝမ်က ဘာလို့ ဒီလို ရိုးကျိုးနေရတာလဲ”

လီကျန်းသည် လီရှန်ဘက်သို့ နူးညံ့စွာ လှည့်လိုက်ရာ မည်သည့်အခါမှ ရိုသေမှုမရှိဖူးသော်လည်း မပြောင်းလဲသော လေသံဖြင့် ပြောကြားလိုက်၏။

“စည်းကမ်းတွေကို ပယ်ဖျက်လို့မရဘူးလေ၊ အိမ်ရှေ့စံမင်းသားနဲ့ တိုင်းပြည်ဝန်ကြီးတွေက မတူကြပါဘူး”

ဤစကားကို ကြားသောအခါ လီရှန်က အနည်းငယ်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်၏။

“ကျွန်တော်မျိုးမတို့က တူညီတဲ့ မျိုးရိုးတစ်ခုတည်းကနေ ပေါက်ဖွားလာတာမို့ အသက်ကြီးသူနဲ့ ငယ်သူကြားက စည်းမျဉ်းတွေကို လိုက်နာသင့်တာပေါ့… ဒီမှာက အပြင်လူတွေလည်း မရှိဘဲနဲ့ အစ်ကိုတော်က လီရှန်နဲ့ ယဉ်ကျေးမှုကို ပြောနေတာဆိုရင် အစ်ကိုကြီးက ဝါပိုကြီးတာမို့လို့ နှမတော်တို့ကပဲ တရိုတသေ ဂါရဝပြုရမှာပါ”

ထို့နောက် လီရှန်သည် လီကျူးအား ညင်သာစွာ ထိတွေ့လိုက်ရာ လီကျူးက ချက်ချင်း နားလည်သဘောပေါက်သွားပြီး လေးစားသမှုဖြင့် လီကျန်းအား သင့်တင့်သော ဂါရဝပေးမှုကို ပြုလုပ်လိုက်၏။

“ကျူးအာက အစ်ကိုတော် ချီဝမ်ကို ဂါရဝပြုပါတယ်”

လီကျန်းသည် အရိုအသေပေးလာသော လီကျူးအား အလျင်အမြန် ကူညီထူမပေးလိုက်ပြီး လီရှန်အား ပြုံးကြည့်ကာ ပြောကြားလိုက်၏။

“နှစ်နှစ်လောက်လေး မတွေ့ရတာကို နှမတော်လေး တော်တော် ကြီးပြင်းလာခဲ့တာပဲ”

လီရှန်ကလည်း ပါးစပ်ထောင့်စွန်းကို ကွေးညွတ်လိုက်ရာ သူမ၏ ပါးစပ်ထောင့်တွင် ပါးချိုင့်နှစ်ခု ထွက်ပေါ်လာလေ၏။

လီကျန်းသည် လီချင်းချန်၏ ခေါင်းတလားရှေ့သို့ ရိုသေစွာ သွားရောက်ဂါရဝပြုပြီးနောက် စက္ကူငွေအနည်းငယ်ကို ထည့်လိုက်သည်။ ဝူရွှမ်းမှူးမတ်သည်လည်း သူ့နောက်မှ အနီးကပ် လိုက်ပါလာခဲ့၏။

ရိုသေမှုပြုပြီးနောက် လီကျန်းသည် လီရှန်ရှေ့သို့ တိုးညင်းသော အသံဖြင့် ထပ်မံရောက်ရှိလာကာ ပြောကြားလိုက်၏။

“ဒီနေ့တော့ အကြာကြီး နေလို့မရဘူး၊ ဖုန်းကျောက်နန်းဆောင်ရဲ့ ကိစ္စရပ်တွေ စီမံပြီးမှ ကျွန်တော်မျိုးတို့ မောင်နှမတွေ နောက်မှ ထပ်တွေ့ကြတာပေါ့”

“အစ်ကိုတော် ချီဝမ်၊ ဖြည်းဖြည်းကြွပါ”

လီရှန်သည် လီကျန်းအား ရိုသေစွာ နှုတ်ဆက်လိုက်၏။ ထို့နောက် လီကျန်းသည် ဝူရွှမ်းနယ်စားကို ခေါ်ဆောင်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ခန်းမဆောင်ကြီးမှ ထွက်ခွာသွားလေ၏။

လီရှန်သည် လီကျန်းနှင့် ဝူရွှမ်းနယ်စားတို့ကို ဖုန်းကျောက်နန်းဆောင်မှ ထွက်ခွာသည်အထိ စူးစိုက်ကြည့်နေပြီးနောက် လီကျူးနှင့် မျက်နှာချင်းဆိုင်လိုက်ကာ မောင်နှမနှစ်ဦးသာ ကြားနိုင်သော အသံဖြင့်မေးမြန်းလိုက်၏။

“ကျူးအာလေး... အစ်ကိုတော် ချီဝမ်နဲ့ အစ်ကိုတော် ချူဝမ်ကို ဘယ်လိုမြင်လဲ”

လီကျူးသည် ခေါင်းငုံ့ကာ ခဏတာ စဉ်းစားပြီးနောက် ပြန်လည်ဖြေကြားလိုက်၏။

“အစ်ကိုတော် ချူဝမ်က အရမ်း မောက်မာတယ်… အစ်ကိုတော် ချီဝမ်ကတော့ ကောင်းတဲ့လူပါ”

လီကျူး၏ ထိုသို့သော အဖြေကို ကြားသောအခါ လီရှန်သည် အနည်းငယ် အံ့အားသင့်သွားပြီး မိမိ၏ ကွယ်လွန်သွားသော မယ်တော်မိဖုရားကြီးအား ပြန်လည်အမှတ်ရကာ နှလုံးသားထဲတွင် ချဉ်စူးစူးခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့၏။ လီရှန်သည် နူးညံ့ဖြူစင်သော လက်ဖြင့် လီကျူး၏ ပိန်ပါးသော ပခုံးကို ညင်သာစွာ ထိတွေ့လိုက်ပြီး…

“ကျူးအာ… အစ်မတော် ပြောတဲ့စကားကို မှတ်ထားနော်၊ ဘယ်တော့မှ မေးခွန်းတွေ ထပ်မမေးပါနဲ့ ဘယ်တော့မှ ထပ်မေးခွင့် မရှိဘူး… နောက်ပိုင်းကျ မင်းကို တစ်ယောက်ယောက်က အခုလို တူညီတဲ့ မေးခွန်းမျိုး ဘယ်သူပဲမေးမေး၊ ခမည်းတော်ဖြစ်စေ၊ မင်းဘေးနားက ကိုယ်ရံတော်တွေဖြစ်စေ၊ ဒါမှမဟုတ် ဆရာပဲဖြစ်စေ၊ မင်းပြောရမှာက အစ်ကိုတော် ချူဝမ်က ကောင်းတဲ့လူဖြစ်သလို…. အစ်ကိုတော် ချီဝမ်ကလည်း ကောင်းတဲ့လူပါပဲ၊ သူတို့အားလုံးက လီနိုင်ငံ ဘုရင့်သွေးသားတွေ ပြီးတော့ မင်းနဲ့ မျိုးရိုးတူ အစ်ကိုတော်တွေပဲ… ဒါပေမဲ့ မင်းရဲ့နှလုံးသားထဲမှာ အမြဲတမ်း မှတ်ထားရမှာက နောက်ပိုင်းမှာ သူတို့ မင်းကို ဘယ်လိုပဲ ဆက်ဆံ ဆက်ဆံ၊ အစ်ကိုတော် ချီဝမ်က မကောင်းတဲ့လူဆို… အစ်ကိုတော် ချူဝမ်ကလည်း မကောင်းတဲ့လူပဲ”

ရှစ်နှစ်အရွယ် လီကျူးသည် လီရှန်၏ စကားကို နားထောင်ပြီးနောက် မျက်လုံးလေးများ ဝိုင်းကာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း လီရှန်၏ ရှင်းပြချက်ဖြင့် ခဏအကြာတွင် နားလည်သွားကာ နာခံစွာ ခေါင်းညိတ်လိုက်၏။

“မှတ်သားထားပါ့မယ် အစ်မတော်”

လီရှန်သည် ကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး သူမ၏ဘေးမှ မောင်ငယ်လေးကို ကြည့်ကာ သူမ၏ ကွယ်လွန်သွားသော မယ်တော်မိဖုရားကြီး၏ ခေါင်းတလားကြီးကို စကားတစ်လုံးမျှ မဆိုဘဲ ငြိမ်သက်စွာ ငေးကြည့်နေလေတော့သည်။

End 6

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment