no

Font
Theme

အခန်း (၈) ဆွေးနွေးခြင်းကပင် အကွက်ချစီမံခြင်း …

လူကုံထံတို့၏ အိမ်များတွင် စပျစ်ဝိုင်နံ့များ သင်းပျံ့နေသော်လည်း လမ်းများပေါ်တွင် အေးခဲသေဆုံးနေသော ရုပ်အလောင်းများ ရှိနေလေသည်။

လီနိုင်ငံတော်၏ နယ်စပ်တစ်လျှောက်ရှိ လယ်ယာခင်းများကို စစ်မြင်းများ၏ သံခွာသံများနှင့် စစ်သည်တော်တို့၏ ခြေဖဝါးများက နင်းချေဖျက်ဆီးခဲ့၍ အသက်မဲ့ခဲ့ရ၏။ သို့သော်လည်း လီနိုင်ငံတော်၏ နန်းတော်အတွင်း၌ သီချင်းဆိုခြင်း၊ ကခုန်ခြင်းတို့ဖြင့် ပျော်ရွှင်ကြည်နူးဖွယ် မြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။

နယ်စပ်တစ်လျှောက် ဖြစ်ပွားနေသော စစ်မီးများသည် နန်းမြို့တော်သို့ မရောက်ရှိနိုင်သောကြောင့် မြို့တော်ရှိ ဧကရာဇ်မင်းမြတ်သည်လည်း နယ်စပ်၏ ခြောက်ကပ်ဆိတ်သုန်းမှုများကို သိမြင်နိုင်ခြင်း မရှိပေ။

မိဖုရားခေါင်ကြီး လီချင်းချန်၏ ရုပ်ကလာပ်ကို ဂူသွင်းပြီး ဖြစ်သော်လည်း ဧကရာဇ်မင်းမြတ်က တစ်နိုင်ငံလုံးကို ထိန်းချုပ်မည့် အမိန့်တော်ကို မထုတ်ပြန်ခဲ့ပေ။ ထို့ပြင် လမ်းပန်းဆက်သွယ်ရေး အစုံစုံတို့သည် နန်းတွင်းသို့ ပြန်ရောက်လာကြသောကြောင့် လီနိုင်ငံတော်၏ နန်းတော်သည် လီချင်းချန်ကြောင့် ခဣဏတာ ငြိမ်သက်သွားပြီးနောက် အချိန်တိုအတွင်း ပုံမှန်အတိုင်း ပြန်လည် စည်ကားလာခဲ့သည်။

သေဆုံးသွားပြီဆိုသည်နှင့် အဆုံးသတ်သွားပြီပင်။ အသက်ရှင်စဉ်က မည်မျှပင် မြင့်မြတ်ကျော်ကြားစေကာမူ သေဆုံးပြီးသည်နှင့် အရာအားလုံးသည် မြေမှုန့်ဘဝသို့ ပြန်ရောက်သွားရသည်။

ဤသည်မှာ ကံကြမ္မာပင် ဖြစ်လေသည်။ လီချင်းချန်ကဲ့သို့ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ပင်လျှင် ဤကံကြမ္မာမှ မလွတ်မြောက်နိုင်ချေ။

လီနိုင်ငံတော်၏ ဧကရာဇ်မင်းမြတ်သည် လီချင်းချန်၏ နာရေးအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့သည်။ သို့သော်လည်း သူ၏ မျက်နှာတွင် လီချင်းချန်အတွက် မည်သည့် ဝမ်းနည်းပူဆွေးမှုကိုမျှ မမြင်ရပေ။

အမြင့်ဆုံးသော အာဏာကို ပိုင်ဆိုင်ထားသော ထိုသူအတွက် အမျိုးသမီးများက အမြဲတစေ မပြတ်မလပ် ရှိနေတတ်သည်။ လီနိုင်ငံတော်၏ နန်းတွင်းတစ်ခုလုံးတွင် နုနယ်ပျိုမြစ်၍ ကိုယ်လုံးကိုယ်ပေါက် လှပသော အမျိုးသမီးများစွာတို့သည် ဧကရာဇ်မင်း၏ မျက်နှာသာပေးမှုကို စောင့်မျှော်နေကြပြီး အမျိုးသမီးများစွာတို့မှာ တစ်သက်တာလုံး ဧကရာဇ်မင်း၏ ချစ်ခြင်းမေတ္တာကို မခံစားခဲ့ကြရပေ။ ထို့ကြောင့် လီချင်းချန်သည် တစ်ချိန်က ကမ္ဘာပေါ်တွင် အလှဆုံးအမျိုးသမီး ဖြစ်ခဲ့သည့်တိုင် သူမ၏ ကွယ်လွန်ခြင်းသည် ဧကရာဇ်မင်းအား ဝမ်းနည်းပူဆွေးစေခြင်း မရှိခဲ့ချေ။

ဧကရာဇ်မင်းသည် နယ်မြေအသီးသီးမှ ပြန်လည်ရောက်ရှိလာကြသော မင်းသားများကို တည်ခင်းဧည့်ခံရန် နန်းတွင်း၌ ဧည့်ခံပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီးနောက် တော်ဝင်မိသားစု၏ သီးသန့် ညစာစားပွဲများ ဖြစ်သွားခဲ့ရ၏။ မျိုးနွယ်တူ မောင်နှမများဖြစ်ကြပြီး မတွေ့ဖြစ်ကြသည်မှာ ကြာနေပြီဖြစ်သလို ယခုလိုအချိန်မှ မျက်နှာစုံညီ တွေ့ဆုံကြရခြင်းဖြစ်သည်။

လီရှန်သည် ရိုးရှင်းသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ကာ မြင်းလေးစီးကသော မြင်းရထားပေါ်တွင် ထိုင်လျက် ချီဝမ်၏ အိမ်တော်သို့ ဦးတည်သွားနေလေသည်။

လီမြို့တော်၏ လမ်းများသည် အလွန်ကျယ်ဝန်းပြီး မြင်းလေးစီး ရထားလုံးသည် လမ်းမပေါ်တွင် မောင်းနှင်နေသော်လည်း ကျဉ်းမြောင်းသည်ဟု မထင်ရပေ။ သို့ရာတွင် လီနိုင်ငံတော်၏ ပြည်သူများကတော့ အလွန်အမင်း အလိုက်တသိ လမ်းဖယ်ပေးနေခဲ့ကြရသည်။

လီနိုင်ငံတော်၏ "နိုင်ငံတော် ဧည့်ခံကျင့်ဝတ်" တွင် ဤသို့ မှတ်တမ်းတင်ထားလေသည်။ ဧကရာဇ်မင်းသည် မြင်းခြောက်စီး၊ အိမ်ရှေ့မင်းသားသည် မြင်းငါးစီး၊ မင်းသားများသည် မြင်းလေးစီး၊ မှူးမတ်ကြီးများသည် မြင်းသုံးစီး၊ အမတ်များသည် မြင်းနှစ်စီး၊ မင်းသမီးများသည် မြင်းနှစ်စီးတို့ဖြင့် သွားလာရပြီး အကြီးဆုံး သမီးတော် ဖြစ်သည့် မင်းသမီးကြီးသည် မင်းသားများ၏ အဆောင်အယောင်အတိုင်း ခံစားပိုင်ခွင့်ရှိသည်။

မြင်းလေးစီးရထားလုံးသည် မည်မျှပင် ရိုးရှင်းပါစေ၊ မြင်းလေးစီးဟူသော မြင့်မြတ်သော ဂုဏ်က အထင်အရှားရှိနေပြီးသား ဖြစ်၏။

လီရှန်သည် မြင်းလှည်းပေါ်မှ ဆင်းလာခဲ့ရာ ဝူရွှမ်းနယ်စားက တံခါးဝတွင် စောင့်ဆိုင်းနေပြီ ဖြစ်၏။

“အကြာကြီး စောင့်ဆိုင်းလိုက်ရပြီ ထင်တယ်... ရှန်အာကပဲ ကျေးဇူးတင်စကား ပြောပါရစေ”

သူမက ပြောလိုက်၏။

“မင်းသမီးကြီး၊ ကြွပါ”

ချီဝမ်၏ အိမ်တော်သည် မကြီးမားသော်လည်း တိတ်ဆိတ်အေးချမ်းလှသည်။ ထိုနန်းတော်အတွင်း၌ ထူးဆန်းသော ကျောက်တုံးကြီးများ၊ လှပသော ပန်းဥယျာဉ်များနှင့် စိမ်းလန်းစိုပြေသော ထင်းရူးပင်များဖြင့် ပြည့်နှက်နေသည်။

လီရှန်သည် နွေရာသီတွင် ဝူရွှမ်းနယ်စား၏ လမ်းညွှန်မှုဖြင့် ချီဝမ်အိမ်တော်ရှိ ပင်မအဆောင်တော်ကြီးသို့ ရောက်ရှိလာခဲ့ရာ ချီဖေး (ချီဝမ်၏ ကြင်ယာတော်)နှင့် ခုနစ်နှစ်အရွယ် သားတော် လီခယ်တို့သည် ထိုနေရာတွင် စောင့်ကြိုနေလေသည်။

“ရှန်အာက ချီဝမ်နဲ့ ယောင်းမတော်ကို အရိုအသေပေးပါတယ်”

“ကျွန်တော်မျိုးမ ချီဖေး၊ မင်းသမီးကြီးကို အရိုအသေပြုပါတယ်”

“ခယ်အာ၊ ဒေါ်ဒေါ်မင်းသမီးကြီးကို အရိုအသေပြုပါတယ်”

ချီဝမ်၏ သားကို လီရှန်က ကိုယ်တိုင် ပွေ့ချီကာ သူ့ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ရင်း ပြောသည်။

“နှစ်နှစ်လောက် မတွေ့ရတာ ခယ်အာ အများကြီး ကြီးလာပြီပဲ... ခြေလှမ်းနဲ့ ကိုယ်ဟန်အနေအထားက အစ်ကိုတော်ချီနဲ့ တူနေပြီ၊ ခြင်္သေ့ရဲ့သားက ခြင်္သေ့ဖြစ်လာတာ မဆန်းဘူးပဲ”

“ကျေးဇူးတင်ပါတယ် ဒေါ်လေး!”

ချီဝမ် လီကျန်းကလည်း ပြုံးကာ ပြောလိုက်သည်။

“မင်းသမီး၊ ထိုင်ပါဦး”

လီကျန်းသည် ထိပ်ဆုံးနေရာတွင် ထိုင်ပြီး လီရှန်က ညာဘက်၊ ကြင်ရာတော်က ဘယ်ဘက်တွင် ထိုင်ကြ၏။ မင်းသားငယ်လေး ခယ်အာသည် ကြင်ယာတော်ဘေးတွင် ထိုင်ပြီး ဝူရွှမ်းနယ်စားမှာ နောက်ဆုံးတွင် ထိုင်လိုက်လေသည်။

ချီဝမ်က လက်ခုပ်တီးလိုက်ရာ အစေခံများစွာတို့သည် အစားအစာများကို သယ်ဆောင်လာကြပြီး ခဏချင်းအတွင်းမှာပင် စားပွဲတစ်ခုလုံး ပန်းကန်များဖြင့် ပြည့်သွားလေသည်။

“နှမတော်... ဒီကန္တာရ သိုးသားဟင်းက အစ်ကိုတော်တို့ ချီနယ်မြေရဲ့ အထူးဟင်းလျာပဲ၊ နှမတော် မြည်းစမ်းကြည့်သင့်တယ်”

ချီဝမ် လီကျန်းက ကိုယ်တိုင်ကိုယ်ကျ သိုးသားတုံးကြီးတစ်တုံးကို လီရှန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

လီရှန်က မြည်းစမ်းကြည့်ပြီးနောက် ရယ်မောကာ ပြောလိုက်သည်။

“အစ်ကိုတော်ရဲ့ နယ်မြေက တကယ်ကို အရသာရှိတဲ့ ဟင်းလျာတွေ ရှိတာပဲ... ရှန်အာ ဒီနေ့ ဒါကို မြည်းစမ်းခွင့်ရတာ တကယ်ကို ကံကောင်းတယ်”

ထိုစကားကို ကြားသောအခါ ချီဝမ်သည် ကျယ်လောင်စွာ ရယ်မောပြီး ပြော၏။

“နှမတော်ရယ်... ဘယ်တုန်းက ဒီလောက် အစားမက်သွားတာလဲ၊ နှမတော် ကြိုက်ရင် အိမ်တော်က စားဖိုမှူးကို မင်းအတွက် ပို့ပေးလိုက်မယ်... နောက်ဆို စားချင်ရင် စားလို့ရပြီ”

“ဒါဆို ရှန်အာက အစ်ကိုတော်ကို ကျေးဇူးတင်ပါတယ်”

ဝိုင်သုံးခွက်၊ ဟင်းလျာငါးမျိုး စားသောက်ပြီးနောက် ချီဝမ်သည် ဝူရွှမ်းကို မျက်စိတစ်ချက် မှိတ်ပြလိုက်ရာ ဝူရွှမ်းက နားလည်ပြီး ချီဖေးနှင့် သားတော် လီခယ်တို့ကို ပြန်ခေါ်သွားကာ သူကိုယ်တိုင်လည်း အဆောင်တော် အပြင်ဘက်တွင် အစောင့်အဖြစ် ရပ်နေလေသည်။

မောင်နှမနှစ်ဦးသည် ခဏတာ မျက်နှာချင်းဆိုင်ကြည့်နေကြသည်။ လီရှန်သည် သူမ ပြောလိုသော စကားများကို တိုက်ရိုက်သာ ပြောဆိုလိုက်လေသည်။

“နှမတော် ဒီတစ်ခါ ကျူးအာ (အိမ်ရှေ့စံ)ကို ကိုယ်စားပြုပြီး ရောက်လာတာပါ၊ ဒီထီနန်းကလည်း နေရာလွတ်အဖြစ်ပဲ မှတ်ယူထားတာမို့ အစ်ကိုတော်က အခြေအနေအရပ်ရပ်ကို ဦးဆောင်ပေးဖို့ မျှော်လင့်ပါတယ်”

လီကျန်းသည် လီရှန်က ယခုကဲ့သို့ တည့်တိုးပြောလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ အံ့ဩတုန်လှုပ်သွားပြီး သူ၏ အရှေ့ရှိ ဝိုင်ခွက်ကို ကောက်ယူကာ တစ်ကျိုက်သောက်ပြီးမှ ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်၏။

“နှမတော် ဘာလို့ ဒီလိုမျိုးပြောရတာလဲ၊ အိမ်ရှေ့စံက မိဖုရားခေါင်ကြီးရဲ့ သား ဖြစ်တာမို့ သူ့နေရာနဲ့သူ မှန်ကန်တယ်၊ သူက ငယ်သေးပေမဲ့ တော်ဝင်သွေးစစ်စစ်မို့ ဘာမှ မှားတာမရှိဘူး၊ ဘာနေရာက နေရာလွတ်မှာလဲ ...”

“အခု မယ်တော်က နတ်ရွာစံသွားပြီ၊ မောင်တော်လေးကလည်း ငယ်သေးတယ်၊ ရှန်အာဆိုတာလည်း နောက်ဆုံးတော့ လက်ထပ်ရမယ့် မိန်းကလေးတစ်ဦးပါပဲ၊ ဦးရီးတော်က နယ်စပ်မှာမို့ ဝေးကွာနေသလို နိုင်ငံအရေးတွေကိုလည်း ဝင်မပါချင်ပါဘူး၊ ကျွန်မတို့ မောင်နှမနှစ်ယောက်မှာ ဘယ်သူ့ကိုမှ မှီခိုစရာမရှိဘူး... နန်းတွင်းရေးဆိုတာလည်း အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်၊ မယ်တော်က နတ်ရွာမစံခင်ကတည်းက မှာကြားခဲ့ပြီးပြီ... စည်းကမ်းတွေ ထုံးတမ်းတွေဆိုတာ မီးခိုးငွေ့လိုပဲ ပျောက်ကွယ်သွားလိမ့်မယ်တဲ့၊ ကျွန်မတို့ မောင်နှမနှစ်ယောက် အခြေအနေကို သိတတ်ဖို့ မှာကြားခဲ့ပါတယ်”

လီရှန်၏ စကားကို နားထောင်ပြီးနောက် လီကျန်းမှာ တိတ်ဆိတ်သွားသည်။ သူသည် နိုင်ငံကို မှောက်လှန်နိုင်ခဲ့သော ထိုအမျိုးသမီးကို သတိရသွား၏။ သူမ၏ မျက်နှာပေါ်တွင် ထက်မြတ်သော အရိပ်အယောင်များ ရှိနေတတ်ပြီး အပြုံးကလည်း ငြိမ်သက်နေတတ်သည်။ သူမ၏ ကန်ရေပြင်လို ကြည်လင်သော မျက်လုံးများတွင် ကမ္ဘာလောကကြီးတစ်ခုလုံးကို ခွင့်လွှတ်နိုင်သော အကြည့်များဖြင့် ပြည့်နှက်နေသည်။

ထို့နောက် ကွယ်လွန်သွားသော မိဖုရားခေါင်ကြီးနှင့် ခုနစ်ပုံတူသော သူ၏ရှေ့မှ နှမတော်လေး၏ မျက်လုံးများထံတွင်လည်း တူညီသော အရိပ်အယောင်များ ရှိနေပြီး မျက်နှာအမူအရာက အလွန် ရိုးသားကြောင်း မြင်တွေ့နိုင်၏။ ထို့ကြောင့် လီကျန်းသည် ထိုစကားများက အမှန်တရားများဖြစ်ကြောင်း မယုံကြည်ဘဲ မနေနိုင်တော့ပေ။

“နှမတော်... အဲဒီနေရာကို ငါ စိတ်မဝင်စားဘူး... တခြားသူကို သွားရှာလိုက်ပါ”

လီကျန်းက လီရှန်ကို ကြည့်ပြီး ခပ်အေးအေး ပြောလိုက်သည်။

လီရှန်၏ မျက်နှာတွင် အံ့ဩသွားသော အရိပ်အယောင်များ ဖြတ်သန်းသွားသော်လည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး ပြုံးကာ ဆက်ပြောသည်။

“‘ဟွမ်ဝမ်’က လူကြားထဲမနေချင်ဘူး၊ ‘ဖေးဝမ်’ ကတော့ ငယ်သေးတယ်၊ စိတ်ဓာတ်လည်း မရင့်ကျပ်သေးဘူး... အစ်ကိုတော် ‘ချွမ်း’ ကတော့ ခေါင်းမာပြီး စစ်ပွဲကို အရူးအမူးစွဲလမ်းတယ်... သူသာ နန်းတက်မယ်ဆိုရင် လီပြည်သူတွေ ကောင်းကျိုးရော ဆိုးကျိုးပါ ကြုံရမှာ... အစ်ကိုတော် ချူဝမ်ကတော့ အိမ်ခြေတစ်သောင်း အပိုင်စားရပြီး၊ ခမည်းတော် မင်းကြီးရဲ့ အချစ်ဆုံးသားလည်း ဖြစ်တယ်၊ လျန်ဖေးကတော့ ထက်မြက်တယ်၊ အကျင့်လည်း ကောင်းတယ်... စိတ်ထားလည်း မြင့်မြတ်တယ်... ဒါပေမဲ့ အစ်ကိုတော် ချူဝမ်က ကျူးအာကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး၊ သူသာ နန်းတက်ရင် ကျွန်မတို့မောင်နှမ ဘေးကင်းဖို့ မသေချာဘူး၊ ရှန်အာကလည်း မောင်တော်လေးကို ကျန်တဲ့ဘဝတစ်လျှောက်လုံး နန်းမြို့တော်မှာ အကျဉ်းချထားတာမျိုး မမြင်ချင်ဘူး၊ နောက်ဆုံး ပိုင်နက်နယ်မြေလေးတစ်ခုလောက် ပိုင်ဆိုင်ပြီး ကျွန်မတို့မောင်နှမ နှစ်ယောက် ကျန်တဲ့ဘဝကို အတူတူနေထိုင်နိုင်ဖို့ပဲ ဆန္ဒရှိတယ်၊ အစ်ကိုတော် ချီဝမ်ကတော့ ပြည်သူတွေအတွက် ချစ်မြတ်နိုးပြီး စိတ်နှလုံးဖြူစင်တယ်၊ စစ်မှန်တဲ့ စိတ်ဓာတ်လည်း ရှိတယ်... ခယ်အာကလည်း အစ်ကိုတော်ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို အမွေဆက်ခံထားတယ်၊ အနည်းဆုံးတော့ လီနိုင်ငံတော်အတွက် ထိုက်တန်တဲ့ အမွေခံတစ်ယောက် ရှိတာပေါ့... ဒါက ရှန်အာရဲ့ စိတ်ထဲမှာ အကောင်းဆုံး ရွေးချယ်မှုပဲ၊ အစ်ကိုတော် ချီဝမ်သာ လက်မခံဘူးဆိုရင် ရှန်အာက လီပြည်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် အစ်ကိုတော် ချူဝမ်ကိုပဲ ပြောင်းပြီး အားကိုးရတော့မယ်... ဒါပေမဲ့ အစ်ကိုတော် ချူဝမ်ရဲ့ စိတ်ဓာတ်နဲ့ဆိုရင်... နှစ်အနည်းငယ်အတွင်း တော်ဝင်မိသားစုဝင် ဘယ်နှစ်ယောက် အသက်ရှင်ကျန်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ”

လီရှန်က သူမရှေ့ရှိ ဝိုင်ခွက်ကို အလျင်အမြန် ကောက်ယူကာ တစ်ကျိုက်တည်း သောက်လိုက်သည်။ သူမ စကားအများကြီး ပြောလိုက်ရ၍ နှုတ်ခမ်းများ ခြောက်သွေ့သွား ပုံရလေသည်။

လီကျန်း၏ မျက်လုံးများတွင် ရုတ်တရက် နားမလည်နိုင်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူက လီရှန်ကို ပြင်းထန်စွာ ကြည့်ပြီး ပြောလိုက်သည်။

“ဒီနေရာမှာ ဘယ်သူထိုင်ထိုင် ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ လီရွှမ် (ချူဝမ်) ကတော့ ထိုင်လို့မရဘူး”

“ဒါဆို အစ်ကိုတော် ချီဝမ် ဘာကို ဆိုလိုတာလဲ”

လီရှန်က ပြုံးနေသော်လည်း သူမ၏ မျက်နှာပေါ်တွင် မည်သည့် စိတ်ခံစားမှုကိုမျှ မမြင်ရပေ။

“ငါက အိမ်ရှေ့စံအတွက် အတားအဆီးတွေကို ဖယ်ရှားပေးချင်တယ်၊ အိမ်ရှေ့စံကို ရာဇပလ္လင်ပေါ် တင်ချင်တယ်၊ ဒါပေမဲ့ ကိစ္စတွေ ပြီးသွားရင် ငါ အိမ်ရှေ့စံကို ကြိုက်တာတောင်းဆိုခွင့် လိုချင်တယ်”

ဟက်... ကျူးအာကို ရုပ်သေးရုပ် လုပ်ခိုင်းချင်တာလား…

လီရှန်က စိတ်ထဲမှာ အေးစက်စက် ရယ်မောလိုက်သော်လည်း သူမ၏ မျက်နှာပေါ်၌ လေပြည်လေညင်းလေးကဲ့သို့ အေးဆေးနေလေသည်။

သူမက လီကျန်း၏ မျက်လုံးနှစ်လုံးကို တည့်တည့်ကြည့်ပြီး ညင်သာစွာ ပြောလိုက်၏။

“အစ်ကိုတော်... နှမတော်တို့က ဒီနေရာကို လက်လွှတ်ထားပြီးသားပဲ... အစ်ကိုတော် တောင်းဆိုမယ့် အရာလေးလောက်ကို ပေးဖို့ စဉ်းစားနေစရာ မလိုပါဘူး”

“ကောင်းပြီ!”

လီကျန်းက “ဖြောင်း!” ခနဲ စားပွဲကို ရိုက်လိုက်သည်။ သူက လီရှန်ကို ချီးကျူးသည့် မျက်လုံးများဖြင့် ကြည့်ရင်း ပြောသည်။

“ရှန်အာလေး မင်းတကယ် ကြီးလာပြီပဲ... မင်းသာ ယောက်ျားတစ်ယောက် ဖြစ်ခဲ့ရင် ရာဇပလ္လင်အတွက် အကောင်းဆုံးလူဖြစ်မှာ သေချာတယ်”

“အစ်ကိုတော်က နောက်နေပြန်ပါပြီ... ရှန်အာက အားနွဲ့တဲ့ မိန်းမတစ်ယောက်ပါ... နောင်ဆိုရင် အစ်ကိုတော် ချီဝမ်ကိုပဲ အားကိုးရတော့မှာပါ”

“လာ!”

ချီဝမ် လီကျန်းက ပြန်မဖြေဘဲ သူ၏ ဝိုင်ခွက်ကို ကောက်ယူကာ လီရှန်အတွက် ဝိုင်ထည့်ပေးလိုက်သည်။

“ချွင်!” ဟု အသံထွက်လာပြီး မောင်နှမနှစ်ဦးသည် ခွက်ချင်းတိုက်ကာ ဝိုင်ကို အတူတူ သောက်လိုက်ကြတော့သည်။

လမင်းသည် မိုးကုပ်စက်ဝိုင်းမှ မြင့်တက်လာကာ သစ်ပင်ထိပ်ဖျားသို့ ရောက်ချိန်တွင် လီရှန်က ထရပ်ကာ နှုတ်ဆက်လိုက်သည်။

မြင်းလှည်းပေါ်တွင် ထိုင်နေသော လီရှန်သည် အနည်းငယ် ပင်ပန်းနေ၏။ သူမက နားထင်ကို ဖွဖွလေး ပွတ်သပ်ရင်း မြင်းလှည်းအတွင်းရှိ ဘာမှမရှိသည့် နေရာကို ကြည့်ကာ ပြောနေလေသည်။

“မင်းသမီးကြီးက ချီဝမ် အိမ်တော်ကို ညစာစားပွဲ တက်ရောက်ဖို့ သွားတယ်။ နောက်တော့ ဝမ်ဖေးနဲ့ သားတော်က ထွက်သွားကြပြီး... ဝူရွှမ်းက တံခါးဝမှာ စောင့်နေတယ်၊ အထဲမှာ လူနှစ်ယောက် နာရီဝက်နီးပါး လျှို့ဝှက်ဆွေးနွေးပြီးမှ မင်းသမီးကြီးက ထွက်လာတယ်။ ဒီသတင်းကို ချူဝမ်ဆီကို အပြောင်းအလဲမရှိဘဲ တင်ပြလိုက်ပါ”

“ဒေါက်”

တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး အရိပ်ကိုယ်ရံတော်က ပျောက်ကွယ်သွားလေသည်။

လီရှန်သည် နားထင်ကို ဖိထားသော လက်အား ဖယ်ရှားလိုက်ပြီး ပြတင်းပေါက်အပြင်ဘက် မြင်ကွင်းကို ကြည့်ရင်း သူမ၏ လက်ချောင်းများက မြင်းလှည်းပြတင်းပေါက်ကို ပွတ်သပ်လိုက်လေတော့သည်။

ဤသို့ဖြင့် သူမ၏ ကစားကွက်တစ်ခုကို ပါးပါးနပ်နပ် စတင်ဖွင့်လှစ်လိုက်ခဲ့လေပြီ။

End 8

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment