အပိုင်း (၇) ။ ။ မျက်နှာချင်းဆိုင် တွေ့ဆုံခြင်း။
ဂွမ်ထက်ဂျူ က ဟိုတယ်အခန်းထဲသို့ ဝင်လာခဲ့သည်။ ခရီးဆောင်အိတ်က သူ့ထက် အရင် အခန်းထဲသို့ ရောက်ရှိနေခဲ့၏။ သို့သော် အိတ်ကို အရင်မဖွင့်ဘဲ အဝတ်အစားများကို ချွတ်လိုက်ပြီး၊ ရေချိုးခန်းထဲသို့သာ တန်းဝင်သွားလိုက်သည်။
ရေပန်းအောက်တွင် ရပ်၍ ခလုတ်ကို ဆွဲဖွင့်လိုက်ကာ ရေနွေးနွေးအောက်၌ ခဏမျှ ငြိမ်သက်စွာ အနားယူလိုက်သည်။ သူ့ခေါင်းပေါ်မှ ရေနွေးများက ဖြည်းညှင်းစွာ စီးကျနေလျက် ခန္ဓာကိုယ်အပေါ်ပိုင်းက နံရံတွင် မှီထားလိုက်၏။ နောက်ဆုံးတွင် သူ့အတွေးများကို ပြန်လည်စုစည်းရန် တစ်ယောက်တည်း ဆိတ်ငြိမ်သောအချိန်ကို ရရှိလာခဲ့ပြီ။
ရုရှားသို့ ရောက်ရောက်ချင်းမှာပင် ပြန်ပေးဆွဲခံရခြင်းမှာ ဓာတ်ငွေ့စက်ရုံ တည်ဆောက်ရေးစာချုပ်ကို ဆန့်ကျင်သော အင်အားစုများ၏ လုပ်ရပ်ဖြစ်သည် ဟူသော ရဲတပ်ဖွဲ့၏ ဖြေရှင်းချက်ကိုသာ ရရှိခဲ့သည်။ အခြားသံသယ ဖြစ်စရာ အကြောင်းအရင်းလည်း မရှိချေ။
သို့သော် သူ နားမလည်နိုင်သည့်အရာမှာ ထိုနေရာတွင် ပေါ်ပေါက်လာခဲ့သော မိကျောင်းသားရေဖိနပ်ပင်။
‘အဲဒီလူက ဘယ်သူလဲ၊ ဘာရည်ရွယ်ချက်နဲ့ ရောက်လာခဲ့တာလဲ၊ သူ့ဆီက အကူအညီ ရခဲ့ပေမဲ့လဲ မဟာမိတ်လို့ ပြောရအောင်ကြတော့ သူ့လုပ်ပုံကိုင်ပုံက ကူညီတာနဲ့ မတူပြန်ဘူး’
‘အစကတည်းက သတ်ဖို့ အထိ မရည်ရွယ်ခဲ့တာလား၊ ရဲတွေ ရောက်လာတာ မြန်လို့ မသတ်ဘဲ ထားခဲ့တာလား’
ထိုလူက သူ့အား နောက်ကျောဘက်မှ ဖမ်းချုပ်ထားသည်ဟု စဉ်းစားလိုက်ရုံမျှဖြင့်ပင် စိတ်တို့က မွန်းကြပ် သွားကြသည်။ ဖမ်းချုပ်ခံရစဥ်တွင် ဂွမ်ထက်ဂျူသည် လှုပ်ရှားမှု အနည်းငယ် လုပ်ရန်ပင် မဝံ့ရဲအောင် ရှိခဲ့သည်။ မိကျောင်းတစ်ကောင်က သူ့နောက်မှ ချောင်းမြောင်းနေသကဲ့သို့ ရင်တထိတ်ထိတ် ဖြစ်နေပြီး အနည်းငယ် လှုပ်မိလျှင်ပင် သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိမ့်မည်ဟု ထင်နေမိသည်။
ထိုခံစားချက်က လူရိုင်းကမ္ဘာထဲသို့ လက်ဗလာဖြင့် ပစ်ချခံလိုက်ရသည်နှင့် တူသည်။ ထို့ပြင် သူ ပြန်လည် တိုက်ခိုက်ရန်ပင် မဝံ့ရဲခဲ့သည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ သူ၏ နောက်ဆုံးထွက်ပေါက် အဖြစ် တိုက်ခိုက်လိုက်သည့် ကြိုးစားမှုကလည်း အလွယ်တကူ ကျရှုံးသွားခဲ့သည်မှာ မယုံနိုင်စရာပင်။ အကယ်၍ ထိုလူသတ်သမားက သူ့ကို ဒုက္ခပေးရန် စိတ်ပိုင်းဖြတ်ထားပါက ဘယ်လိုဖြစ်သွားနိုင်လဲ။
ထိပ်ချွန် ဖိနပ်၊ ဆေးပြင်းလိပ်နံ့၊ အေးစက်စက်အသံ၊ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းနှင့် အသားကျနေသူ။
သူ၏ ကြမ်းရမ်းသည့် တိုက်ခိုက်မှုက ပြိုင်ဘက်ကို ထိန်းချုပ်ထားခြင်းမျှသာ မဟုတ်ဘဲ၊ သားကောင်၏ စိတ်ထဲသို့ ကြောက်ရွံ့ခြင်းကို သံမှိုရိုက်သလို ထင်ကျန်စေပြီး သွေးပျက်ကာ ကြောက်လန့်နေစေသည်။
ဂွမ်ထက်ဂျူ က သွားများကို ကြိတ်ကာ ခေါင်းခါလိုက်ပြီး၊ စွဲကျန်နေသော ထိုပုံရိပ်ကို အတင်းအကျပ် ဖယ်ရှားပစ်လိုက်၏။ အကယ်၍ ထိုအရာမှာ မကောင်းသော အမှတ်တရတစ်ခုဖြစ်ပါက အမြန်ဆုံး မေ့ပစ်လိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
ဂွမ်ထက်ဂျူက ရေချိုးခြင်းကို အမြန်လက်စသတ်ချင်သော်လည်း လက်ကောက်ဝတ်ပေါ်မှ ပတ်တီးက အနှောက်အယှက် ပေးနေလေသည်။ ထို့ကြောင့် ဘာမှစဥ်းစားမနေဘဲ ရေစိုနေသော ပတ်တီးကို ဖြုတ်လိုက်၏။ လက်ကောက်ဝတ်က နာနေသေးပေမဲ့ မခံမရပ်နိုင်လောက်အောင်တော့ မဟုတ်ပေ။
မျက်နှာပေါ်တွင် ဖုံးအုပ်ထားသော အရေပြားအတုကိုလည်း မဆိုင်းမတွ ခွာချလိုက်သည်။ ထိုတော့မှ အသက်ရှုချောင်သွားကာ၊ ဂွမ်ထက်ဂျူ၏ လန်းဆန်းနေသော မျက်နှာလေး ပေါ်လာခဲ့သည်။ မျက်နှာသစ်ခြင်း နှင့် ဆံပင်ခေါင်းလျှော်ခြင်းတို့ကို မြန်မြန်ဆန်ဆန် ပြုလုပ်လိုက်ပြီး ရေချိုးဝတ်စုံကို ဝတ်ဆင်လိုက်၏။
ရေချိုးခန်းထဲက ထွက်လာမှသာ သူ လျစ်လျူရှုထားသော ခရီးဆောင်အိတ်ကို ဖွင့်လိုက်လေသည်။ အိတ်ကလည်း ပိုင်ရှင်လိုပဲ ပွတ်တိုက်မိထားသော ဒဏ်ရာပလပွဖြင့် ရှိနေပြီး အထဲက ပစ္စည်းများမှာ ဗြောင်းဆန်အောင် ရှုပ်ပွနေလေသည်။
ရောထွေးနေသော အဝတ်အစားများကို ဖယ်ရှားလိုက်သောအခါ မုတ်ဆိတ်ရိတ်စက်၊ ဂိမ်းစက်၊ နာရီ၊ တက်ဘလက်၊ ကင်မရာ စသည်တို့ကို တွေ့လိုက်ရသည်။ ထို့နောက် အဆိုပါပစ္စည်းများကို တန်းစီချထားလိုက်ပြီး၊ ခရီးဆောင် တူးဘောက်စ်(Toolbox) ထဲမှ ဝက်အူလှည့်အသေးတစ်ချောင်းကို ထုတ်လိုက်၏။
ဂွမ်ထက်ဂျူက မျက်စိတစ်မှိတ်အတွင်းမှာပင် တန်းစီထားသော ပစ္စည်းများကို အပိုင်းပိုင်းအောင် ဖြုတ်လိုက်လေသည်။ ပစ္စည်းတစ်ခုချင်းစီမှ လိုအပ်သော အစိတ်အပိုင်းများကို ထုတ်ယူကာ နောက်ထပ်ပစ္စည်း တစ်ခုအဖြစ် ပေါင်းစပ်လိုက်၏။
ထိုသို့ ပြုလုပ်ပြီးစီးသွားသော ပစ္စည်းမှာ မိုဘိုင်းဖုန်းနှင့် ချိတ်ဆက်အသုံးပြုရသည့် ကိရိယာငယ် လေးတစ်ခု ဖြစ်လာသည်။ ယင်းကိရိယာငယ်လေးမှာ ဟိုတယ်၏ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနေသည့်တိုင်အောင် IP ကို မကြာခဏ ပြောင်းလဲပေးနေနိုင်ပြီး ခိုးနားထောင်ခြင်း၊ ကြားဖြတ် ခိုးယူခံရခြင်းကို ကာကွယ်နိုင်သည့် အဆင့်မြင့်နည်းပညာသုံး ကိရိယာတစ်ခု ဖြစ်သည်။
ကိရိယာငယ်ကို လက်တော့ပ်နှင့် ချိတ်ဆက်၍ ပါဝါခလုပ်အား နှိပ်လိုက်၏။ ဂွမ်ထက်ဂျူက စကားဝှက်ကို ရိုက်ထည့်ကာ ခဏမျှ စောင့်လိုက်သော် ရိုးရှင်းသော မျက်နှာပြင်တစ်ခု ပေါ်လာလေသည်။ မရေမတွက်နိုင်သော အိုင်ကွန်များထဲမှ လူသုံးများသော SNS စာတိုပေးပို့သည့် အပလီကေးရှင်းတစ်ခုကို ရွေးချယ်ကာ နှိပ်လိုက်သည်။ လော့ဂ်အင် ဝင်ပြီးပြီးချင်းပင် NIS ၏ လိုဂိုပေါ်လာကာ ဂွမ်ထက်ဂျူက ဌာနချုပ်နှင့် လျင်မြန်စွာ ချိတ်ဆက်မိသွားခဲ့သည်။
ဆက်သွယ်မှု ချိတ်သွားသည်နှင့် “မင်းနောက်ကျတယ်” ဟု ပြောလာသည့် အဖွဲ့မှူးလင်မ်၏ သုန်မှုန်နေသော မျက်နှာက ပေါ်လာခဲ့ရာ၊ ဂွမ်ထက်ဂျူ ကလည်း မဆိုင်းမတွပင် မကျေနပ်ချက်တို့ကို ထုတ်ပြောလိုက်၏။
“ကျွန်တော်တို့ မစ်ရှင်က လျှို့ဝှက်ပြီး လှုပ်ရှားရမှာ ဆိုတော့ ပိုပြီး စိတ်ချရတဲ့ဇာတ်ရုပ်ကို ရွေးသင့်တာ မဟုတ်ဘူးလား?”
“မစ်ရှင်အတွက် ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ လိုအပ်တယ်လေ။ ဒီတော့ ဇာတ်ရုပ်ကလဲ ပြန်ပေးဆွဲခံရလောက်အောင် တန်ဖိုးရှိနေဖို့ လိုအပ်တယ်။”
“ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ သိနေခဲ့ပုံပဲနော်၊ ဟမ်”
“အတိအကျတော့ ဘယ်သိမှာလဲ။ ဖြစ်နိုင်လောက်တယ်လို့ ငါ တွက်ဆထားရုံပါပဲ။ မင်းက ထူးချွန်တဲ့ အေးဂျင့်ဆိုတော့ အန္တရာယ်ဖြစ်ရင်တောင် အသက်ရှင်နိုင်မယ်လို့ ငါ ယုံကြည်ထားပြီးသား”
မကုန်ဆုံးနိုင်သည့် ဆင်ခြင်များနှင့် အကြောင်းပြချက်များအား ပေးနိုင်လွန်းသည့် အထက်လူကြီးကို ဂွမ်ထက်ဂျူ က မကျေနပ်သော မျက်နှာထားဖြင့် ထပ်မေးလိုက်၏။
“ဘာတွေ ဖြစ်ခဲ့တာလဲ၊ ပြောတော့ ဂက်ဇ်ပရွမ် က ကျွန်တော့်ကို လာကြိုမယ်ဆို။”
“ဟုတ်တယ်။ အဲဒီဘက်က ငါ့ကို ဆက်သွယ်ပြီး၊ လေဆိပ်ကို လူတစ်ယောက် လွှတ်ပေးမယ်လို့ ပြောခဲ့တာပဲ။”
“တကယ်ပဲ ဂက်ဇ်ပရွမ် ဆီက အဆက်အသွယ်ရခဲ့တာလား။”
“ဘာဖြစ်လို့လဲ”
“မင်းရဲ့ အထောက်အထား ပေါ်မလို ဖြစ်သွားတာလေ။ ဂက်ဇ်ပရွမ်က လူတွေက လေဆိပ်မှာ အကြာကြီး စောင့်နေကြတယ်။ မင်းက ပေါ်မလာတော့ သူတို့က အီတိုချူး ကို ချက်ချင်း ဖုန်းဆက်ပါလေကော၊ အဲဒါကို ငါက သူ့တို့ ဖုန်းကို လိုင်းပြောင်းတာတွေ၊ ဖြတ်တောက်တာတွေ လုပ်ထားရတာ”
“ပြီးတော့ မင်းရဲ့ လေယာဉ်က ပြဿနာဖြစ်လို့ အချိန်မီ မရောက်လာခဲ့ဘူးလို့ ကြားတယ်၊ အဲဒါကြောင့် လေဆိပ်ကို လာကြိုတဲ့ ဂက်ဇ်ပရွမ် ဝန်ထမ်းနဲ့ လွဲသွားပုံပဲ။ မင်း မရောက်ခင် ရုရှားကို ဝင်လာတဲ့ အာရှသားတစ်ယောက်က ဟိရို ဆခမိုတို အဖြစ် ဟန်ဆောင်သွားတယ်လို့လဲ ကြားတယ်။ နောက်မှ သူက ဟိရို ဆခမိုတို မဟုတ်မှန်း သိလိုက်ရတာ။ အဲဒီအချိန်မှာပဲ မင်းက ဝန်ထမ်းအတုနောက်ကို ပျော်ပျော်ကြီး လိုက်သွားပြီ”
‘ဟုတ်တယ်၊ အရှုပ်အထွေးတွေက အဲဒီလေယာဥ်ပေါ်မှာကတည်းက စတာ၊ ရုရှားအမူးသမားက ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ရန်စလာတယ်၊ အဲမှာ လေဆိပ်ကို နောက်ကျမှ ရောက်တယ်။ ဂက်ဇ်ပရွမ်က ဝန်ထမ်းအတု ဗက်ဆီးလီယာနဲ့ တွေ့တယ်’
“မင်းရဲ့ လေယာဥ်က အချိန်အတော်ကြီး နောက်ကျသွားတယ် မဟုတ်လား?”
“လေယာဉ်ပေါ်မှာ ဆူပူတာလေး ရှိသွားလို့ပါ။”
“အရက်မူးပြီး ပြဿနာရှာတဲ့လူတွေ ထပ်ရှိ ပြန်ပြီလား”
“..အဲဒါကို ခင်ဗျား ဘယ်လိုသိတာလဲ?”
ဒီစကားက ဗက်ဆီးလီယာပြောတာနှင့် တစ်ထပ်တည်း ဖြစ်နေသည်။
ဘယ်လိုလုပ် သိတာလဲ။ တစ်ဖွဲ့တည်းလား။
သူက ဗက်ဆီးလီယာကို လွယ်လွယ်ကူကူ သတ်ပစ်လိုက်မိသည်။ အခုတော့ ကောင်းကင် တက်သွားသည့်သူကို စစ်ဆေးရန် မတတ်နိုင်တော့ချေ။ ဂွမ်ထက်ဂျူမှာ ဒေါသတကြီးဖြင့် လက်သီးများကို ဆုပ်လိုက်မိပြီးနောက်၊ လက်ကောက်ဝတ်က ရုတ်တရက် နာကျင်လာသည့်အတွက် မျက်မှောင် ကြုတ်လိုက်လေသည်။
သူ၏ ညာဘက်လက်ကို ငုံ့ကြည့်လိုက်ရာ၊ လူသတ်သမား ဖမ်းဆုပ်ခဲ့သည့်နေရာတွင် လက်ဖဝါးရာက ညိုမည်း စွဲကျန်နေဆဲပင်။ သူ မေ့ပြစ်ထားသည့် အရှက်ရမှုနှင့် ရှက်ရွံ့မှုတို့က တစ်ဖန်ပြန်၍ ခေါင်းထောင်လာကြ၏။
ဤလူ၏ အချက်အလက်ကို ဖော်ထုတ်ရမည်။ သို့မဟုတ်ပါက ကျန်ရှိနေသော ဘဝတစ်လျှောက်လုံးတွင် သူတောင်စားတစ်ယောက်လို လက်နက်ချ အရှုံးပေး အညံ့ခံခဲ့ရသည့် ခံစားချက်ဖြင့် ထာဝရ နေထိုင် သွားရလိမ့်မည်။
ထို့ကြောင့် ဂွမ်ထက်ဂျူက လူသတ်သမားအကြောင်းကို လင်မ်အား ပြောပြလိုက်၏။ ဌာနချုပ်၏ ထောက်လှမ်းရေး စွမ်းဆောင်ရည်ကို အသုံးပြုပြီး လူသတ်သမား၏ အချက်အလက်ကို ရှာဖွေချင်ရုံသာ။ သို့သော် အားကိုးနိုင်လောက်သည်ဟု မျှော်လင့်မိသော လင်မ်ထံမှ စိတ်ပျက်ဖွယ်ရာ တုံ့ပြန်မှုသာ ပြန်ရခဲ့၏။
“မင်း သူ့မျက်နှာကို မမြင်ဖူးဘူးတော့ အတည်ပြုနိုင်မဲ့ နည်းလမ်း မရှိဘူးလေ။ သူသောက်တဲ့ ဆေးပြင်းလိပ်ကလဲ ဘူးပေါင်းလေးထောင် ရောင်းချခဲ့တယ်၊ ဆိုလိုတာက ဝယ်သူ လေးထောင်အထိ ရှိနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အားလုံးကို လိုက်ပြီးခြေရာခံဖို့ ကြိုးစားရင် အချိန်အများကြီး ကုန်လိမ့်မယ်။ ဒါ့အပြင် သူ စီးတဲ့ ဖိနပ်ကလဲ ကန့်သတ်ထုတ်ကုန် မဟုတ်ဘူး။”
ဂွမ်ထက်ဂျူ က ပါးစပ်ဟ လိုက်သော်လည်း၊ တုံ့ပြန်ရန် စကားမရှိ၍ ပြန်ပိတ်လိုက်ရသည်။ လင်မ်၏ ပြောတာကလည်း မမှားပေ။
“ပထမဆုံးနေ့မှာတောင် မင်းအတွက် ခက်ခဲသွားရတယ်။”
လင်မ်၏ နှစ်သိမ့်မှုကို လျစ်လျူရှုကာ၊ ဂွမ်ထက်ဂျူ က မကြည်မလင်ဖြင့် ဦးခေါင်းကိုသာ ကိုင်ထားလိုက်သည်။ အဖွဲ့မှူး လင်မ်က ခဏမျှ စောင့်ကြည့်ပြီးနောက် ကိုယ်ကို အရှေ့သို့ တိုးလိုက်ပြီး
“မင်း တစ်ယောက်တည်း အလုပ်လုပ်ရတာ ကြိုက်တယ်ဆိုပေမဲ့၊ စရောက်ကတည်းက ဒီလောက် ရှုပ်ထွေးနေတာ၊ ပြီးတော့ အဝေးကြီးရောက်နေတဲ့ မင်းကို ငါ ဘယ်လို စိတ်ချနိုင်မှာလဲ။ မင်းအတွက် အရမ်း စိုးရိမ်နေရလိမ့်မယ်”
“ခင်ဗျားက ဘာလို့ ရုတ်တရက် ဒီလို စိတ်ပျက်စရာကောင်းတဲ့ စကားတွေကို လာပြောရတာလဲ?”
“ငါက တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်လို့ပါ၊ မင်းကို ကူညီမယ့် လူတစ်ယောက် ငါရှာထားတယ်။”
“ခင်ဗျား အရင်က အဲ့လိုမပြောခဲ့ပါဘူး။”
ဂွမ်ထက်ဂျူ က မျက်မှောင်ကြုတ်လိုက်၏။ ဤမစ်ရှင်မှာ သူတစ်ဦးတည်း ဆောင်ရွက်ရန်သာ ဖြစ်သည်။ သူ မထွက်ခွာမီအချိန်အထိ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ရှိလာလိမ့်မည်ဟု တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
သူတစ်ယောက်တည်း လာခဲ့ပြီး မစ်ရှင် စတင်တော့မှ ထိုအမှန်တရားကို တိတ်တဆိတ် ထုတ်ဖော်လာခဲ့သည်။ ဤကောက်ကျစ်သောလူသည် မြွေတစ်ကောင်နှင့် ဘာမှမခြားပေ။ ခြေလှမ်းတို့ကို မမြင်အောင် ဖုံးအုပ်ကာ လှုပ်ရှားတတ်ပြီး စကားကို အမျိုးမျိုး ပြောင်းလဲတတ်သော သစ္စာဖောက် မြွေတစ်ကောင်လို့ မြင်နေမိသည်။
ဂွမ်ထက်ဂျူက စခရင်မျက်နှာပြင်ကို စူးစူးရဲရဲ စိုက်ကြည့်နေလိုက်၏။ လင်မ်ကတော့ ဂရုစိုက်ခြင်းမရှိဘဲ ဆက်လက်ပြောနေခဲ့သည်။
“အဲဒီ ပါတနာက မြေအနေအထားကို ကျွမ်းကျင်ရုံတင် မကဘူး၊ အာဏာရှိတဲ့ လူကုံထံ အသိုင်းအဝိုင်းက လှုပ်ရှားမှုတွေကိုပါ သိတယ်။ မင်းအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။ ကြည့်ရတာ အဲဒီအဖွဲ့သားက မင်းကို သန်ဘက်ခါလောက် ဆက်သွယ်လာလိမ့်မယ်လို့ ငါထင်တယ်။ အချိန်ရရင် သူ့ဓာတ်ပုံကို ပို့ပေးလိုက်မယ်၊ သေချာကြည့်ထားလိုက်ဦး”
လင်မ်က ပြောချင်ရာကို နည်းနည်းလေးမျှ ရှက်ရွံ့ခြင်း မရှိဘဲ ပြောချသွားပြီးနောက်၊ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် “အာ” ဟု အသံပြုလိုက်သည်။
“မနက်ဖြန် မင်းက စာချုပ်ချုပ်မယ့် အစုရှယ်ယာရှင်တွေနဲ့ လူချင်း တွေ့ရမှာဆိုတော့ LNG စက်ပစ္စည်း စီမံကိန်းအကြောင်း ပိုလေ့လာထားလိုက်ဦး။”
ဂွမ်ထက်ဂျူ စကား မပြောနိုင်မီမှာပင် လင်မ်က ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပြီး ဖိုင်တစ်ခုကို ပို့လာခဲ့သည်။
ဂွမ်ထက်ဂျူ ဘာမှမတတ်နိုင်ဘဲ မကျေမနပ်ဖြင့် ဖိုင်ကို ဖွင့်ကြည့်လိုက်၏။ မကြာမီက ရုရှားနှင့် ဂျပန်တို့ လက်မှတ်ရေးထိုးထားသော စာချုပ်အသေးစိတ်နှင့် LNG စက်ရုံ တည်ဆောက်ရေး စာရွက်စာတမ်းများပါသော စာမျက်နှာ ၅၂၇ မျက်နှာရှိ PDF ဖိုင်တစ်ခု ဖြစ်လေသည်။
ဂွမ်ထက်ဂျူ က စာလုံးသေးသေးလေးများဖြင့် ပြည့်နှက်နေသော စာများကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် ခေါင်းကို လှည့်ကြည့် လိုက်မိသည်။ တွန့်ရာလေး တစ်ခုတောင် မရှိသည့် နူးညံ့သော အိပ်ရာက သူ့ကို ဆွဲဆောင်နေလေသည်။ သို့သော် သူ့တွင် အခြား ရွေးချယ်စရာမရှိပေ။
ဂွမ်ထက်ဂျူ က တောင့်တင်းနေသော ပခုံးကြောကို လျော့ရင်း သက်ပြင်းချလိုက်ကာ မတ်တပ်ထရပ်လိုက်၏။ သူ နိုးကြားနေရန် လိုအပ်သောကြောင့် မီနီဘားကို ဖွင့်ကာ ဘီယာတစ်ပုလင်း ကို ထုတ်ယူလိုက်လေသည်။ ရေခဲရိုက်ထားသော ဘီယာအေးအေးကို တစ်ဝက်ခန့်ကို မော့သောက်လိုက်ပြီးနောက် စားပွဲဆီသို့ ပြန်လာခဲ့သည်။
ထို့နောက် အသက်ကို ပြင်းပြင်းရှူကာ ထိုင်ချလိုက်ရင်း စာကို စဖတ်လေတော့၏။
“အခုအချိန်ထိတောင် စာကျက်ရမဲ့ ကံက ပါလာသေးတာပဲ။”
______
နောက်တစ်နေ့တွင် ဂွမ်ထက်ဂျူက အလွန်ငြီးငွေ့စိတ်ပျက်နေဟန်ဖြင့် စားသောက်ခန်းမတွင် ထိုင်နေခဲ့၏။ ရုရှားနှင့် ဂျပန်မှ အရေးကြီး ပုဂ္ဂိုလ်ကြီးများ အတူအကွ တွေ့ဆုံပြီး နေ့လယ်စာ စားသုံးကြလိမ့်မည်။ သူ့လို ရာထူးသိပ်မကြီးသည့် ဝန်ထမ်းတစ်ဦးအပေါ် အာရုံမစိုက်လာကြခြင်းက ဂွမ်ထက်ဂျူအတွက် ကံကောင်းသွားခဲ့သည်။
သို့ဖြင့် ဂျပန်အရာရှိများဘက်မှ သူ့အပေါ် သံသယ မရှိဘဲ နေ့လယ်စာစားပွဲကို ဘေးကင်းစွာဖြင့် ကျော်ဖြတ်နိုင်လျှင်၊ နောက်ရက် အနည်းငယ်အတွင်း ကျင်းပမည့် အောင်ပွဲခံပါတီကို တက်ရောက်ရန်သာ လိုတော့သည်။
ရုရှားနိုင်ငံရေးနှင့် စီးပွားရေးလောကမှ ကျားများ၏ စုဝေးပွဲမှ ထွက်ခွာရမည့် အခိုက်အတန့်တွင် သူ၏ ဟိရို ဆခမိုတို အဖြစ် သရုပ်ဆောင်ရသည့် အခန်းကဏ္ဍမှာ ပြီးဆုံးသွားမည်။
ရုတ်တရက် ဂွမ်ထက်ဂျူက နာရီကို ကြည့်လိုက်ရာ၊ သတ်မှတ်ထားသော နေ့လယ်စာ စားချိန်မှာ မွန်းတည့် ၁၂ နာရီ ဖြစ်သော်လည်း၊ မိနစ်လက်တံမှာ '၁၂' ဂဏန်းကို ကျော်လွန်ကာ '၆' ဂဏန်းဆီသို့ ဦးတည်နေခဲ့ပြီ။
အချိန်မီ ရောက်ရှိလာသူများက ဂက်ဇ်ပရွမ်ဘက်မှ ကိုယ်စားလှယ် မရောက်သေးသည့်အတွက် မိနစ် ၃၀ ခန့် မဖြစ်မနေ စောင့်ဆိုင်းနေခဲ့ရ၏။ ဂက်ဇ်ပရွမ် ၏ တာဝန်ခံဝန်ထမ်းက ကုမ္ပဏီသို့ အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ဆိုနေပြီး ထိုင်ရမလို ထရမလို ဖြစ်နေသည့် ထိုသူ၏ ပုံစံက အလွန်သနားစရာ ကောင်းနေလေပြီ။
“...မစ္စတာ ဆခမိုတို။”
ဂွမ်ထက်ဂျူ က ထိုစိတ်မသက်စရာ မြင်ကွင်းကြောင့် အာရုံလွင့်နေခဲ့ရာ ရုရှားအရာရှိတစ်ဦး၏ မေးခွန်းကိုပင် မကြားလိုက်ဘဲ ဖြစ်သွား၏။
“ဗျာ။ အာ၊ တောင်းပန်ပါတယ်။ ခုနက ဘာပြောလိုက်တာလဲ?”
“ခင်ဗျား နိုင်ငံထဲဝင်တဲ့နေ့က ကံဆိုးမှုတချို့ ကြုံခဲ့ရတယ်လို့ ကြားပါတယ်။ အဆင်ပြေရဲ့လား။”
“အာ၊ ဟုတ်ပါတယ်။ ရုရှားရဲတွေ အချိန်မီ ရောက်လာလို့ ကျွန်တော် ဘေးကင်းခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို တည်းတဲ့နေရာအထိတောင် ကြင်ကြင်နာနာနဲ့ လိုက်ပို့ပေးခဲ့ပါသေးတယ်။”
“ဒီကိစ္စကို ဘယ်လို တောင်းပန်ရမှန်းတောင် မသိတော့ပါဘူး... ခင်ဗျားကို ဒီလိုအဖြစ်မျိုး ကြုံတွေ့စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။”
“မဟုတ်တာ၊ ခင်ဗျားက ဘာလို့ တောင်းပန်ရမှာလဲ။ ကျွန်တော်ကသာ ပိုပြီး သတိထားသင့်တာပါ၊ တကယ်ကို မျက်နှာ မပြရဲလောက်အောင်ပါပဲ။”
ဂွမ်ထက်ဂျူက ယဉ်ကျေးစွာ ပြန်ဖြေခဲ့သော်လည်း၊ မျက်လုံးများတွင် အားနာသည့် အရိပ်အယောင် တစ်စုံတစ်ရာ မပါရှိခဲ့ပေ။ သို့နှင့် အခြားတစ်ဖက်မှလူက အဆက်မပြတ် တောင်းပန်လာခဲ့ပြီး ဂျပန်ကိုယ်စားလှယ်အဖွဲ့ကပင်လျှင် တစ်ညီတစ်ညွတ်တည်း ခေါင်းငုံ့ကာ စတင် တောင်းပန်လာကြသည်။
“ကျွန်တော်တို့ဘက်က တာဝန်ပေါ့လျော့လို့ ဖြစ်သွားတာပါ။ ကျွန်တော်တို့ အမှားပါ။ ဒါကြောင့် မစ္စတာ ဆခမိုတို မျက်နှာပျက်စရာ မရှိပါဘူး၊ စိတ်မကောင်းဖြစ်ရတာအတွက် တောင်းပန်ပါတယ်၊”
ဤသို့ နှစ်ဖက်ကိုယ်စားလှယ်များ အပြန်အလှန် တောင်းပန်နေကြရင်းဖြင့် ခန်းမထဲရှိ လူတိုင်းမှာ ပရမ်းပတာ ဖြစ်နေကြ၏။
ဂွမ်ထက်ဂျူက တဖြည်းဖြည်း စိတ်မသက်မသာ ဖြစ်လာပြီး မတ်တပ်ထရပ်လိုက်မှ ကိုယ်စားလှယ်အဖွဲ့ နှစ်ဖက်လုံး၏ အာရုံစိုက်မှုက သူထံသို့ ရောက်ရှိလာကြသည်။ တိတ်တဆိတ် လစ်ထွက်ရန် ကြိုးစားနေသည့် ဂွမ်ထက်ဂျူက ခပ်ယဲ့ယဲ့ပြုံး၍ နားလည်ပေးရန် မေတ္တာရပ်ခံလိုက်၏။
“ခဏလောက် ခွင့်ပြုပါဦး။”
သူက လက်ဆေးရန် အကြောင်းပြ၍ အပြင်သို့ ထွက်လာခဲ့လိုက်သည်။ ခန်းမတံခါးကို ပိတ်လိုက်ပြီးမှပဲ ဂွမ်ထက်ဂျူ သက်ပြင်းရှည်ကြီး တစ်ခုကို ပြုလုပ်လိုက်ပြီး တင်းကြပ်နေသော နက်ခ်တိုင်ကို ဖြေလျော့လိုက်သည်။
ဂက်ဇ်ပရွမ်၏ တာဝန်ခံက စင်္ကြံလမ်းတွင် ဖုန်းပြောနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသောကြောင့် ခဏ ရပ်ကာ ကြည့်နေလိုက်၏။ တာဝန်ခံက ဖုန်း၏ တစ်ဖက်မှလူကို ဒေါသသံ အနည်းငယ်ပါသောလေသံဖြင့် စကားပြော နေသော်လည်း ဖြစ်နိုင်သမျှ အတိုးဆုံးအသံနှင့် ပြောနေခဲ့၏။
“စီအီးအို ဘယ်မှာလဲ။ သူ ထွက်လာပြီလား။ သူ မလာတော့ဘူးလား။”
ဟိုဘက်က ဘာပြောလိုက်သည် မသိရပေမဲ့ ဝာာဝန်ခံ၏ သည်းခံထားမှုများက ဆပ်ပြာပူဖောင်းများလို ပျောက်သွားပြီး ရုတ်ခြည်း ထပေါက်ကွဲကာ ပြောလိုက်သံကို ကြားလိုက်ရ၏။
“ကိုယ်စားလှယ်လား၊ ခင်ဗျား ဘာတွေပြောနေတာလဲ။ ကိုယ်စားလှယ် လာမှာလား။”
ဂက်ဇ်ပရွမ်၏ အဓိက ကိုယ်စားလှယ်ဖြစ်သည့် စီအီးအိုမှာ ရောက်မလာနိုင်သည့် အခြေအနေတွင် ရှိနေပုံရသည်။ ထို့ကြောင့် ဂွမ်ထက်ဂျူ သည်းခံမှု ထားသမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားသလို ခံစားလိုက်ရပြီး လျှာကို တစ်ချက် စုတ်သပ်လိုက်လျက် သန့်စင်ခန်းကို ရှာရန် ပေါ့ပေါ့ပါးပါး လျှောက်သွား လိုက်လေသည်။
စင်္ကြံလမ်းအတိုင်း ဆက်လျှောက်လာခဲ့ပြီး လမ်းအဆုံးတွင် သန့်စင်ခန်းကို ရှာတွေ့လိုက်သည်။ ငါးမီတာ မြင့်သောအခန်း၏ မျက်နှာကျက်အထိ ဖောက်ထားသော တံခါးချပ်ကြီးကို တွန်းဖွင့်ကာ ဝင်သွားလိုက်၏။ ထို့နောက် ထုံးစံအတိုင်း အခန်းအတွင်းကို စစ်ဆေးကြည့်လိုက်ပြီး၊ သံသယဖြစ်ဖွယ် လက္ခဏာများ မရှိသည့်အခါ၊ ရှည်လျားသော သက်ပြင်းတစ်ချက်ကို ရှူထုတ်လိုက်ကာ ဘေစင်ရှေ့တွင် ရပ်လိုက်လေသည်။
ဂွမ်ထက်ဂျူ က လက်များကို သုတ်လိုက်ကာ၊ ယနေ့ သူ၏ လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်နေမိသည်။ လွန်ခဲ့သည့်ရက်က သူသည် အဖွဲ့မှူး လင်မ် ပေးပို့လိုက်သော PDF ဖိုင်ကို ကြည့်ရင်း အိပ်ပျော်သွားခဲ့၏။ ထိုညက ဝေဝေဝါးဝါး အိပ်မက်တစ်ခု မက်ခဲ့သည်မှ လွဲ၍ ဘာမှ ထပ်မဖြစ်ခဲ့ချေ။ သူ တကယ်ပဲ အိပ်ပျော်သွားခဲ့တာလား။ ပင်ပန်းလွန်းလို့ သတိလစ်သွားတာလား တစ်ခုခုပင်။
ယမန်နေ့ မနက်ပိုင်း၊ ဂွမ်ထက်ဂျူ နိုးလာမှ ကျန်ရှိနေသော စာများကို ဖတ်ပြီးခဲ့ပြီး ယနေ့ နေ့လယ်တွင် ဂျပန်ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုရန် လေဆိပ်သို့ သွားခဲ့သည်။ သူ့လုပ်ဆောင်ချက် တစ်ခုချင်းစီကို စစ်ဆေးပြီးသည့်တိုင် ကြီးမားသော အမှားအယွင်း မရှိခဲ့သေးပေ။ သူက စာများကို နှစ်ရက်နှင့်အပြီး ကြိတ်မှိတ် အလွတ်ကျက်ရုံသာ ကျက်ခဲ့သော်လည်း၊ ထိုအကျိုးကျေးဇူးကြောင့် စကားဝိုင်းမှ ဆွေးနွေးချက်မှုများကို အခက်အခဲမရှိ နားလည်နိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် တံခါးအပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ လူတစ်ယောက်တည်း၏ အသံ ဖြစ်သောကြောင့် ဖုန်းပြောနေခြင်း ဖြစ်နိုင်သည်။
‘အပြင်မှာ ဖုန်းပြောနေတဲ့ ဂက်ဇ်ပရွမ်က တာဝန်ခံလား’
တံခါးပွင့်လာသောကြောင့် အသံကို ဂွမ်ထက်ဂျူ ပိုမိုရှင်းလင်းစွာ ကြားလိုက်ရပြီးနောက်တွင် ခန္ဓာကိုယ်က တောင့်တင်းသွားပြီး နှလုံးတစ်ချက် စောင့်ခုန်သွားလေသည်။
“...မဟုတ်ဘူး။ ငါ လာတယ်။ ဒါပေမဲ့ ပျင်းစရာကောင်းမယ် ထင်တာပဲ။”
‘ဒီအသံကို ကြားဖူးသလိုပဲ၊ ဘယ်မှာ ကြားဖူးတာလဲ’
အသံက ခဏခဏ ကြားနေကျ အသံလည်း မဟုတ်ဘဲ မကြာသေးခင်ကမှ ကြားဖူးထားတာမျိုးပင်။ သို့ဆိုလျှင် ဆိုးရွားသည့် အတွေ့အကြုံနှင့်အတူ သူ့စိတ်ထဲ စွဲထင်ကျန်နေသည့် အသံဖြစ်နိုင်သည်။
ဂွမ်ထက်ဂျူမှာ အသံ၏ လှုံဆော်မှုကြောင့် မေ့ပြစ်ထားသော အဖြစ်အပျက်များကို ပြန်လည် အမှတ်ရသွားစဥ် ဖုန်းပြောနေသည့် အသံက တစ်ဖန် ထွက်ပေါ်လာပြန်သည်။
သူ့နောက်ကျော တည့်တည့်မှပင်။
“ရှင်းရှင်းလင်းလင်း ပြောရအောင်။ အကယ်၍ အကူအညီပေးဖို့ဆိုရင် နောက်ဆုံးတစ်ကြိမ်တုန်းက လုပ်ခဲ့တာလောက်နဲ့ လုံလောက်နေပြီ။”
သူပဲ...
ဂွမ်ထက်ဂျူ က နောက်သို့ လှည့်ကြည့်စရာပင်မလိုပဲ အတိအကျ သိလိုက်၏။ ဤသူမှာ လွန်ခဲ့သောနှစ်ရက်က ဆောက်လက်စ အဆောက်အဦးတွင် တွေ့ဆုံခဲ့သော လူသတ်သမားပင်။ အန္တရာယ်ရှိကြောင်း သိသိချင်း ဂွမ်ထက်ဂျူ၏ အာရုံခံစားမှုတို့က ထက်ရှလာပြီး ဦးဆုံး အသုံးပြုလိုက်မိသည်က အနံ့ခံ အာရုံပင် ဖြစ်လေသည်။
ဂွမ်ထက်ဂျူသည် သစ်ရွက်ကြွေတို့ တမြေ့မြေ့ လောင်ကျွမ်းနေသည့် ပြင်းရှရှအနံ့ကို ရနေသည်။ ကွန့်ညက် (cognac) ၏ နူးညံ့သိမ့်မွေ့သော ရနံ့ နှင့် ရောစပ်ထားသည့် ဆေးရွက်ကြီးနံ့က မမှားနိုင်သော ‘ကိုဟီးဘား ဗယ်ဟီခဲ’ ဆေးပြင်းလိပ်မှ ထွက်လာသော အနံ့။
ထိုလူက ဆေးပြင်းလိပ် သောက်မနေသော်ငြားလည်း သူ၏ကိုယ်ပိုင်အနံ့လို ခန္ဓာကိုယ်မှပင် ထုတ်လွှတ် နေပုံရသည်။ အနံ့၏ ခြောက်လှန့်မှုက လျစ်လျူရှုထား၍ မရနိုင်အောင် အနှောက်အယှက် ပေးနေပြီး သူ့ပခုံးများပေါ်တွင် လေးလံသော ဖိစီးမှုကို ဖြစ်ပေါ်လာစေသည်။
ထိုလူက တံခါးဝတွင် ရပ်ကာ ဖုန်းဆက် ပြောနေလေသည်။ အသံက သူ့နောက်နားမှ ကြားနေရဆဲပင်။
ဂွမ်ထက်ဂျူ သူ့နောက်ကျောသို့ အကြည့်တစ်ခု ကျရောက်နေကြောင်း နောက်သို့ လှည့်မကြည့်ဘဲ၊ မှန်ထဲသို့ မကြည့်ဘဲ သိနေ၏။ ကျောရိုးတစ်လျှောက်က စိမ့်တက်သွားသည့် အအေးဓာတ်က ထိုသူ၏ အကြည့်များကြောင့် ဖြစ်လာသည့် အာရုံခံစားမှုပင်။
“တော်လောက်ပြီ... ငါသိတယ်။”
ထိုလူက ဖုန်းခေါ်ဆိုမှု အပြီးသတ် လိုက်သည့်နောက်တွင် သူ့အား ယခင်ကထပ် ပို၍ စိုက်ကြည့်နေကြောင်း ခံစားလို့ ရနေသည်။ ယခုအခါ တံခါးပိတ်ထားသော သန့်စင်ခန်းထဲတွင် သူနှင့် ဂွမ်ထက်ဂျူ တို့နှစ်ယောက်သာ ကျန်နေတော့၏။
ဂွမ်ထက်ဂျူ လက်ကို ဟန်မပျက် ဆေးကြောရင်း ထိုလူ၏ လှုပ်ရှားမှုများကို အနံ့ခံအာရုံနှင့် အကြားအာရုံတို့ကို အသုံးပြုကာ အလွတ်မပေးဘဲ စောင့်ကြည့်နေလေသည်။ သူ့နောက်တွင် ရှိနေသူကို အရေးမစိုက်သည့် ပုံစံဖြင့် လက်များကိုသာ တစ်ချိန်လုံး ငုံ့ကြည့်နေခဲ့သည်။ အခန်းအတွင်းရှိ လေထုက တိတ်ဆိတ်နေသလို၊ တင်းမာလာ သွားခဲ့ပြီး၊ အချိန်ကလည်း အလွန်နှေးကွေးစွာ ကုန်ဆုံးနေသည်ဟု ထင်မိသည်။
‘အဲအတိုင်း ဘယ်လောက်ကြာအောင် ရပ်နေမှာလဲ’
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးမှ ထိုလူ၏ ခြေသံက အလုံပိတ်အခန်းထဲတွင် ပဲ့တင်လျက် ထွက်ပေါ်လာခဲ့သည်။ ဂွမ်ထက်ဂျူ၏ ဘေးနားရှိ ဘေစင်သို့ ခြေလှမ်းမှန်မှန် လျှောက်လာခဲ့သည်။ မကြာမီတွင် 'ကလစ်' ဟူသော အသံနှင့်အတူ ရေပိုက်ခေါင်းမှ ရေများ စီးကျသံကို ကြားလိုက်ရပြီး ထိုလူက သူ့လက်များကို စတင် ပွတ်ဆေးနေလေသည်။
ထိုလူက ဖြည်းညင်းစွာ လှုပ်ရှားနေသော်လည်း အဆိုပါ လှုပ်ရှားမှု သေးသေးလေးက ကိုဟီးဘားရနံ့ကို ဂွမ်ထက်ဂျူထံ ပို့ဆောင်ပေးနေပြီး၊ ထိုရနံ့နှင့် ချိတ်ဆက်ထားသော ပထမအကြိမ် တွေ့ဆုံသည့် မှတ်ဥာဏ် အပိုင်းအစများက ခေါင်းထဲသို့ တိုးဝင်လာကြပြန်သည်။
ဂွမ်ထက်ဂျူ သူ့လှုပ်ရှားမှု အားလုံးကို တည်တည်ငြိမ်ငြိမ် ဖြစ်နေစေရန် တတ်နိုင်သမျှ အားထုတ်နေခဲ့သည်။ ထိုသူအား မမှတ်မိသလို ပြုမူကာ ရေကို ပိတ်လိုက်ပြီး အသင့်ပြင်ထားသော မျက်နှာသုတ်ပဝါဖြင့် လက်ခြောက်သွေ့အောင် သုတ်နေလိုက်သည်။ လုပ်သမျှ အားလုံးကို ပုံမှန်အတိုင်း တစ်ဆင့်ချင်း လုပ်ကိုင်လိုက်ပြီး အလျင်စလို တစ်ခုမှ မလုပ်ဆောင်ခဲ့ပေ။
‘ကျွတ်… ဒီဆိုက်ကိုလူသတ်သမားက ဘာလို့ ပေါ်လာရတာလဲ’
‘တိုက်တိုက်ဆိုင်ဆိုင်ကွာ၊ ကံကလဲ ချီးလို ကောင်းနေလိုက်တာ ’
‘ဒီနေရာမှာ စားသောက်ပွဲ လုပ်နေတာဆိုတော့ ဝင်ချင်တိုင်း ဝင်လို့ရတဲ့ နေရာတော့မဟုတ်ဘူး’
‘သောက်ပြဿနာ ဒင်းနဲ့ တစ်ခန်း ပိတ်မိနေတာပဲ’
ဤလူအား ရင်မဆိုင်ဘဲ ရှောင်ထွက်သွားသင့်ကြောင်း သူ့ခန္ဓာကိုယ်ကကော၊ အသိစိတ်ထဲကပါ အချက်ပေးနေသည်။ စိတ်ဖိစီးမှုကြောင့် ဦးခေါင်းမှ သွေးဖိအားများပင် တိုးလာနေသည်ကို ခံစားလိုက်ရ၏။
လက်သုတ်လိုက်ပြီး မျက်နှာသုတ်ပဝါအစိုကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ကာ အခန်းထဲမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် ထွက်ပေါ်လာသော စကားတစ်ခွန်းကြောင့် အသက်ရှူ အောင့်ထားလိုက်မိ၏။
“နှုတ်တောင် မဆက်တော့ဘူးလား။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိကြတယ် ထင်တာပဲ”
“ဒါဆို ဂျပန်လူမျိုးတွေက အဲဒီလောက်တောင် ယဉ်ကျေးမှု မရှိဘူးလား”
ဂွမ်ထက်ဂျူက အနောက်သို့ လှည့်မကြည့်သလို၊ သူကိုင်ထားသော တံခါးလက်ကိုင်ကိုလည်း မဖွင့်ခဲ့ချေ။
သူ၏ မဆင်မခြင်လုပ်လိုက်သည့် အပြုအမူတစ်ခုကြောင့် လက်မရွံ့ဆိုက်ကိုကောင်ကို လှုပ်ရှားသွားစေမည်ကို စိုးရိမ်နေခဲ့၏။ ဆိုက်ကိုကောင်က သူအား ဤနေရာတွင် ထုရိုက်သတ်လိုက်လျှင်ပင် မည်သူမျှ သိလိမ့်မည် မဟုတ်ပေ။ သိသွားခဲ့လျှင်လည်း အလွန် နောက်ကျပြီးမှ သိနိုင်လိမ့်မည်။
လူသတ်ကောင်က သူ့အား ရှုံ့ချသည့် စကားတို့ကို လှောင်ပြောင်သလို ဆက်တိုက် ပြောဆိုနေလေသည်။
“ဆာမူရိုင်းဆိုတာ ဒီလိုမျိုးပေါ့လေ”
အသံမှာ တည်ငြိမ်သော်လည်း လျစ်လျူရှု ခံရသောကြောင့် မကျေမလည် ဖြစ်နေမှန်း သိသာ၏။ သို့သော် ထိုစကားကို ပြောပြီးနောက် ဘာမှ ထပ်မပြောလာတော့ချေ။
ဂွမ်ထက်ဂျူက သူ၏ အာရုံခံစားမှုအားလုံးကို အနောက်ဘက်သို့ စုစည်းထားလိုက်ပြီး စကားတစ်ခွန်းမှ ပြန် မပြောဘဲ ထွက်သွားလိုက်သည်။
အခန်းတံခါးကို ပိတ်လိုက်ပြီး ထိုသူနှင့် ဝေးကွာသွားသည့် အခါမှသာ ဂွမ်ထက်ဂျူ သက်ပြင်းချနိုင်တော့သည်။ သူ့နှလုံးက တဆတ်ဆတ် ခုန်လှုပ်ကာ တုန်ယင်နေကြောင်းကို ယခုမှ သတိပြုလိုက်မိ၏။
ဤမျှစိတ်ဖိစီးခဲ့ရသည့် အခြေအနေမျိုး မကြုံတွေ့ရသည်မှာ အချိန်တချို့ပင် ရှိခဲ့ပြီ။