no

Font
Theme

အခန်း(၄)။ ရုရှားမြေသို့ ပထမအကြိမ်

မနက်ဖြန်အတွက်တောင် မစဥ်းစားတတ်သေးသည့် ကလေးတစ်ယောက်အား 'သား ကြီးလာရင် ဘာလုပ်မလဲ' ဟု မေးခြင်းလောက် အသုံးမဝင်သောမေးခွန်း ရှိနိုင်ပါသေးသလား။ ကလေးတစ်ယောက်၏ စိတ်ကူးက သမ္မတ ကနေ ရှေ့နေ၊ ဆရာဝန်၊ အာကာသယာဉ်မှူး မှ ဖျော်ဖြေရေးနယ်က အနုပညာရှင်အထိ တစ်ညတည်းမှာပင် အမျိုးမျိုး ပြောင်းလဲနေနိုင်သည်။

သူတို့ စိတ်ပါဝင်စားသည့် ဘာသာရပ်နှင့် အသက်မွေးဝမ်းကျောင်းအလုပ်က အချိန်မရွေး ပြောင်းလဲ သွားနိုင်ကြောင်း ဂွမ်ထက်ဂျူက သာဓကပင်။ သူ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲခန်းထဲ ဝင်သည့် အချိန်အထိတောင် အမျိုးသား ထောက်လှမ်းရေးဌာန(NIS)မှ အေးဂျင့် ဖြစ်လာရန် တစ်ခါမျှ စိတ်မကူးဖူးချေ။

သူ၏ အစ်ကိုကတော့ အခြားကလေးများနှင့် ကွဲပြားကာ အိပ်မက်တစ်ခုတည်းကိုသာ တသမတ်တည်း မက်ခဲ့သူ ဖြစ်သည်။ ဖခင်လို စစ်သားတစ်ဦး ဖြစ်ချင်သည့် အိပ်မက်။ အစ်ကို၏ တစ်နှစ်ပြည့် မွေးနေ့တွင် စာအုပ်တစ်အုပ်ကို ရွေးချယ်ခဲ့သဖြင့် အမေက စိတ်သက်သာရာ သွားသည့်အချိန်၌ ထိုစာအုပ်က စစ်ရေးပရိယာများ ရေးသားထားသည့် စာအုပ် ဖြစ်နေခဲ့သည်။ ထို့အတွက် အမေက မကြာခဏဆိုသလို ညည်းတွား ပြောဆိုနေလေ့ရှိသည်။

[t/n : ကလေး တစ်နှစ်ပြည့်(သို့) ရက်တစ်ရာပြည့် မှာ ကလေးရှေ့ ပစ္စည်မျိုးစုံထားပြီး ပထမဆုံး ကောက်ကိုင်လိုက်တဲ့ ပစ္စည်းက ကလေးရဲ့ အနာဂါတ်အလုပ်အကိုင် လို့ ယူဆကြတာမျိုးပါ။ ]

အမေက သားနှစ်ယောက်အား စစ်သား၊ တရားရေး၊ နိုင်ငံရေးနှင့် ပတ်သတ်သော အလုပ်အကိုင်များကို မလုပ်စေချင်တော့ပေ။ အမေ၏ဖခင် အဘိုးကလည်း နိုင်ငံတော်အတွက် ဦးထိပ်ထားသူ ဖြစ်ကာ မိသားစုအရေးကိစ္စများကို နောက်ပို့ထားခဲ့ပြီး သမီးဖြစ်သူအတွက် အိမ်ထောင်ဖက်ကို သူနှစ်သက်သည့် စစ်သားတစ်ဦးဖြင့် စီစဥ်ပေးခဲ့လေသည်။

ထို့ကြောင့် မိခင်မှာ သူ့ဘဝ တစ်သက်တာတွင် ခြေထောက်ဆန့်ကာ စိတ်ချလက်ချ အိပ်ခဲ့ရသည့်ညများက လက်ချိုးရေတွက်နိုင်အောင် နည်းပါးခဲ့သည်။ သားငယ်လေး နှစ်ယောက်ကို ရင်ခွင်ထဲ ထားလျှက် ခရီးထွက်သွားသည့် ခင်ပွန်းအား စိတ်ပူပန်ရင်း ညပေါင်းများစွာ ဖြတ်သန်းခဲ့ရသည်။ သူ(မ)၏ ဘဝအတွေ့အကြုံများကို သားလေးနှစ်ယောက်ထံသို့ လက်ဆင့်မကမ်းပေးချင်သည်ကလည်း မိခင်တစ်ယောက်၏ အတ္တလို့ပင် ဆိုနိုင်သည်။

ဘယ်ကလေးကကော မိဘတို့ ဖြစ်စေချင်သည့်အတိုင်း သူတို့ဘဝကို တည်ဆောက်ခဲ့ဖူးပါသလဲ။

အစ်ကိုလုပ်သူက မိခင်၏ မျက်ရည်များကို လျစ်လျူရှုကာ ရေတပ်သို့ ကိုယ်ပိုင်ဆန္ဒဖြင့် ဝင်ရောက်သွားခဲ့ပြီး ကျဆုံးခဲ့သည်ပင် ဆယ်နှစ်ပြည့်ခဲ့လေပြီ။ ထိုအခါမှ စ၍ မိခင်က တစ်ဦးတည်း ကျန်ခဲ့သည့် သားငယ်အပေါ် သားနှစ်ယောက်စာအချစ်များ အကုန်စုပြုံကာ မျှော်လင့်ထားတော့၏။ သားကြီး၏ စျာပနအခမ်းအနား ပြီးသည်နှင့် သားငယ် ဂွမ်ထက်ဂျူကို ပွေ့ဖက်ရင်း 'မင်းအစ်ကိုလို မလုပ်နဲ့' ဟု ထပ်ကာ ထပ်ကာ ငိုယို တောင်းပန်နေခဲ့သည်။ သူ့ သွေးကြောထဲ စီးဆင်းနေသည့် သွေးက အမေ့မျက်ရည်ထပ် ပြစ်ခဲ့ပုံရ၏။ အမေ့၏ နောက်ဆုံး မျှော်လင့်ချက်လေးကို အကောင်အထည် မဖော်ပေးနိုင်ခဲ့ချေ။

NIS၏ တင်းကျပ်သော စည်းမျဥ်းများအရ ဝန်ထမ်းများက မိမိ၏ အလုပ်အကိုင်နှင့် တာဝန်ကို မိဘနှစ်ပါးကိုပင် ပြောပြခွင့် မရှိဘဲ လျှို့ဝှက်ထားကြရသည်။ အဆိုပါ စည်းမျဥ်း မရှိခဲ့ပါကလည်း ဂွမ်ထက်ဂျူက မိခင်ကို သူ၏အလုပ်အကိုင်ကို အမှန်အတိုင်း ပြောပြရဲမည် မဟုတ်ပါချေ။ သူ(မ)ဘဝတွင် အရေးပါသော ယောကျ်ား ၃ဦး ဖြစ်သည့် ဖခင်၊ ခင်ပွန်းနှင့် သားကြီး တို့ကို ဆုံးရှုံးခဲ့ပြီးသော အမျိုးသမီးအား သားငယ်လေးမှာလည်း ထောက်လှမ်းရေး အေးဂျင့်အဖြစ်ဖြင့် နေ့စဥ်နေတိုင်း အသက်အန္တရာယ်ကြား လိုက်တမ်းပြေးတမ်း ကစားနေရကြောင်း မသိစေလိုတော့ပေ။

သူ(မ)၏ ကျန်ရှိနေသည့်သားက ထမင်းစားတူကို ကိုင်သည့်အချိန်ထပ် သေနတ်ကိုင်သည့် အချိန်က ပိုများနေမှန်း သိသွားပါက ခံနိုင်ရည် ရှိလောက်တော့မည် မထင်။ ဂွမ်ထက်ဂျူကို မြို့ငယ်လေးတစ်ခုက ရာထူး မမြင့်သည့် အောက်ခြေ အစိုးရဝန်ထမ်းတစ်ဦး အဖြစ်သာ သိရှိထားပြီး သူ(မ)သားက ဂျပန်လူမျိုးတစ်ဦး အယောင်ဆောင်ပြီး မော်စကိုသို့ သွားလိမ့်မည်ဟု အိပ်မက်မက်မိဖို့ပင် မဖြစ်နိုင်ပါပေ။

ဂွမ်ထက်ဂျူ မျက်လုံးများ မှိတ်လျက် အတိတ်အကြောင်းကို စိတ်မောစွာ ပြန်စဥ်းစားရင်းမှ ရုတ်တရက် ဖုန်းကို ထုတ်ကာ စစ်ကြည့်လိုက်၏။ ထုံးစံအတိုင်း အမေ၏ စာတိုလေးက ရောက်ရှိနေခဲ့ပြီ။

["သားလေး နေ့လယ်စာ အရသာရှိရှိ စားနော်။ ဒီနေ့လဲ အကောင်းဆုံး ကြိုးစားနော်!"]

နေ့လယ်တိုင်း ထိုကဲ့သို့ စာလေးများကို အမြဲပို့ကာ သားဖြစ်သူ၏ အခြေအနေကို စူးစမ်းနေတတ်ပြီး သူသာ စာမပြန်ခဲ့ပါက ရုံးဆင်းချိန်လောက်တွင် အမေက သေချာပေါက် ဖုန်းဆက်လာလိမ့်မည်။ ထို့ကြောင့် မြေပြင်သို့ ရောက်သည်နှင့် အမေ့ထံသို့ စာပြန်ရမည်။

ဒီနေ့က တနင်္လာနေ့မို့လို့ ဖြေရှင်းစရာတွေ များနေလို့ ဟု ပြောလိုက်လျှင် အမေက ယုံသွားလောက်သည်။ အမေ့ကို တောက်လျှောက် လိမ်ညာလာသဖြင့် ဒီလောက်က အသေးအဖွဲလေးလောက်သာ။ ဂွမ်ထက်ဂျူ ဖုန်းမှ အချိန်ကို စစ်ဆေးလိုက်ပြီး တွက်ချက်ကြည့်လိုက်သည်။ သူ လေယာဥ် စီးနေသည်က ကိုးနာရီ ဝန်းကျင်ခန့် ရှိနေပြီ။ တည်နေရာပြ မြေပုံမှ အကွာအဝေး အရဆို နောက်ထပ် တစ်နာရီလောက် ထပ်စီးရန်သာ လိုတော့၏။

လေယာဥ် ဆိုက်ရောက်တော့မည် ဖြစ်သဖြင့် သူ့မျက်နှာဖုံးကို စစ်ဆေးသင့်ပြီဟု ယူဆကာ ထရပ်လိုက်သည်။ အခန့်သင့်ပင် သန့်စင်ခန်းကလည်း အသုံးပြုနေသူ မရှိချေ။ သန့်စင်ခန်းသို့ ဝင်ရန် တံခါးအဖွင့်၌ အီကိုနော်မီအတန်းဘက်မှ ဆူဆူညံညံအသံများကို ကြားလိုက်ရသည်။

[T/N : Economy Class= ဈေးအသက်သာဆုံး Class၊ ဘတ်ဂျက်ထိုင်ခုံတွေပါ။ လေယာဥ်မှာ Frist Class က စျေးအကြီးဆုံးပါ။ သူ့အောက်မှာ Business Class နဲ့ အနိမ့်ဆုံးက Economyပါ။ အခန်းတစ်ခုနဲ့ တစ်ခုကို တံခါးတွေ ကန့်လန့်ကာတွေနဲ့ ခြားထားတတ်ပါတယ်။)

ထို့ကြောင့် လိုက်ကာကို ပင့်ကာ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် အခြေအနေကို အကဲခတ်လိုက်၏။ ခရီးသည်တစ်ဦးက အခမဲ့ပေးသည့် အရက်ကို အလွန်အကျွံ သောက်ပြီး လေယာဥ်ဝန်ထမ်းနှင့် စကားများနေပုံရသည်။ ဒီလိုမျိုးက ဖြစ်နေကျမို့ ဂွမ်ထက်ဂျူ ဆက်မကြည့်တော့ဘဲ သန့်စင်ခန်းထဲသို့သာ ဝင်လိုက်တော့သည်။

သန့်စင်ခန်းတံခါး ပိတ်လိုက်ပြီးနောက် အလိုအလျောက် လင်းလာသည့် မီးရောင်ဖြင့် မှန်ထဲမှ မရင်းနှီးသည့် မျက်နှာကို ကြည့်လိုက်၏။ လက်ရှိတွင် သူက 'ဟီရို ဆာကာမိုတို'၏ မျက်နှာ ဖြစ်နေပြီး နားရွက်များကိုပင် တူအောင် ဖန်တီးထားသည်။ မျက်လုံးနက်နက်များကသာ ဂွမ်ထက်ဂျူ၏ မျက်လုံး အစစ်အမှန် ဖြစ်လေသည်။

ခေါင်းကို ဘယ်ညာလှည့်ပြီး မျက်နှာ အရေပြားအတုကို ကိုင်ကြည့်လိုက်သည်။ အထိအတွေ့က တကယ့် အရေပြားအစစ်ကို ကိုင်ရသလိုပင်။ ထို့ကြောင့် ကျေနပ်သွားပြီး လက်ဆေးကာ မသပ်မရပ် ဖြစ်နေသည့် ဆံပင်များကို ရေစိုနေသည့် လက်ဖြင့် သပ်တင်လိုက်၏။ သန့်စင်ခန်းမှ မထွက်ခင် တစ်ရှူးစက္ကူဖြင့် လက်သုတ်နေချိန်၌ တံခါးကို တစ်စုံတစ်ယောက်က လာရောက် ထုရိုက်လိုက်လေသည်။

အမျိုးသားတစ်ဦးက ဗလုံးဗထွေး အော်လျက် တံခါးကို အလောတကြီး ထုရိုက်နေခြင်းကြောင့် မျက်နှာကျက်မီးက မငြိမ်မသက် ဖြစ်သွားရသည်။ အပြင်ဘက်ရှိ အသံတို့က ပိုဆူညံလာပြီး အပြေးအလွှား လာနေသည့် အသံတို့ကိုလည်း ကြားလိုက်ရသည်။

"လူကြီးမင်း အဆင်ပြေရဲ့လား"

ထိုအချိန်မှ ဂွမ်ထက်ဂျူက တံခါးလော့ဒ်ကို ဖွင့်ပြီး ထွက်လိုက်လေသည်။ တံခါးကို ထုနေသည့်လူက သူ့ခြေထောက်ပေါ် သူ မရပ်နိုင်၍ တံခါးကိုပါ မှီထားပုံရပြီး တံခါးအဖွင့်တွင် သန့်စင်ခန်းထဲသို့ ပြိုကျလာလေသည်။

"လခွမ်း... ဘာတွေဖြစ်နေတာလဲ"

ကုန်ခါနီး ဗော့ဒ်ကာပုလင်းကို ကာကွယ်ရင်း လဲကျလာသူက ရုရှားအမျိုးသားတစ်ဦး ဖြစ်ကာ မျက်နှာသွင်ပြင်က အလွန်သာမာန် ဖြစ်လေသည်။ ၎င်းဗော့ဒ်ကာမှာ လေယာဥ်ကွင်းရှိ ဂျူတီဖရီးဆိုင်များမှ ဝယ်လာပုံရကာ ထိုပုလင်းကို အကုန်သောက် ပြီးတာတောင် လေယာဥ်မှ တိုက်သည့် အခမဲ့ အရက်ကို အရှက်မရှိ ထပ်သောက်ပြီး လူမှန်းသူမှန်း မသိတော့သည့် အရက်မူးသမား ဖြစ်နေ၏။

သန့်စင်ခန်း ကြမ်းပြင်တွင် လူးလိမ့်နေသည့် အမူးသမားကို ကြည့်ရင်း လေယာဥ်မယ်လေးမှာ အခက်တွေ့နေတော့သည်။

"လူကြီးမင်း ထနိုင်လားရှင့်။ ကျွန်မ ကူညီပါ့မယ်။"

"ဟေ့ ဟေ့ ငါ့ကို လာမထိနဲ့။ သွားစမ်း။"

"အာ့"

အမူးသမားက သူ့ကို ဆွဲထူပေးရန် ကြိုးစားနေသည့် လေယာဥ်မယ်လေးအား တွန်းထုတ်လိုက်၏။ အခြားလေယာဥ်မယ်လေးများမှာ လူကောင်ကြီးသည့်အပြင် မူးနေသည့် ရုရှားလူမျိုးကို မည်သို့ ကိုင်တွယ်ရမှန်းမသိ ဖြစ်နေကြလေသည်။ ခရီးသည်များထဲမှလည်း ဖြေရှင်းပေးချင်သူ တစ်ယောက်မှ ထွက်မလာချေ။ သူများကိစ္စတွင် ဝင်ပါရခြင်းက စိတ်အနှောက်အယှက် ဖြစ်ရသော်ငြား ဂွမ်ထက်ဂျူ ကိုယ်တိုင် ဖြေရှင်းရမှ ရတော့မည်။

ဂွမ်ထက်ဂျူက ပါဝင်သင့် မပါဝင်သင့် စဥ်းစားနေတုန်းမှာပင် လေယာဥ်မယ် တစ်ဦးက ထိန်းချုပ်ခန်းသို့ ဆက်သွယ် အကြောင်းကြားလိုက်လေပြီ။ လေယာဥ်ပေါ်တွင် မူးရူးသောင်းကျန်းမှု ဖြစ်ပါက အနီးဆုံးလေဆိပ်သို့ ဆင်းသက်လေ့ရှိကာ အမူးသမားအပါအဝင် လေယာဥ်တွင် လိုက်ပါသူ အားလုံးလည်း လေယာဥ်ပေါ်မှ ဆင်းရသည်။ ထို့နောက် အထုပ်အပိုးတို့ကို နောက်တစ်ကြိမ် စစ်ဆေးပြီးမှ လေယာဥ်ပေါ် ပြန်တက်ခွင့်ရကာ ခရီးစဥ်ကို ပြန်လည်စတင်မည် ဖြစ်သည်။ သို့မဟုတ်ပါက အခြားလေယာဥ်ကို ပြောင်းလဲ စီစဥ်ပေးသည့်အတွက် အချိန်အတိုင်းအတာတစ်ခုအထိကို ကြာမြင့်သွားနိုင်သည်။

သူ့အနေဖြင့် အခြားသူကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန်က မလုပ်သင့်သည့် ကိစ္စပင်။ လူတော်တော်များများ၏ အာရုံကို ဆွဲဆောင်မိသွားနိုင်ကာ သူ့အား သတိထားမိသွားစေနိုင်သည်။ အရှက်ကင်းမဲ့လွန်းသည့် လူတစ်ဦးကြောင့် သူ့ကိစ္စနှောင့်နှေးတော့မည် ဖြစ်သလို လူကိုယ်တိုင်လဲ ဝင်ပါရတော့မည် ဖြစ်သဖြင့် ဂွမ်ထက်ဂျူ စိတ်မရှည် ဖြစ်နေမိ၏။

မတတ်သာသည့်အဆုံး သူ့ခြေထောက်နားတွင် လဲနေသည့် အရက်သမား၏ အင်္ကျီဂုတ်ကို ကိုင်ကာ ဆွဲထူပေးလိုက်သည်။

"နည်းနည်းလောက် ထပါဦး"

"အမ်"

"အယ်"

ထို့နောက် ထိုလူအား သန့်စင်ခန်းထဲသို့ ဆွဲသွင်းပြီး ဘိုထိုင်အိမ်သာရှိရာသို့ အားနှင့် တွန်းထည့်လိုက်လေသည်။ ထို့ကြောင့် အရက်မူးသမား၏ တင်ပါးမှာ အိမ်သာခွက်နှင့် ပြင်းပြင်းထန်ထန် မိတ်ဆက်မိသွားပြီးနောက် ကြမ်းပြင်သို့ ပြုတ်ကျသွားလေသည်။ ထိုခဏတွင် စိတ်ဝင်တစား ကြည့်နေကြသည့် ခရီးသည်အချို့၏ အော်သံတိုးတိုးတို့ကို ကြားလိုက်ရပြီး ရှေ့ဆုံးခုံတွင် ထိုင်နေကြသည့် ခရီးသည်အချို့ဆိုလျှင် စိတ်လှုပ်ရှားပြီး မတ်တပ်ပင် ထရပ်လိုက်ကြ၏။ လေယာဥ်မယ်များက နေရာတွင် ပြန်ထိုင်ကြရန် တောင်းဆိုသော်လည်း မလိုက်နာကြဘဲ ဖုန်းများကို ထုတ်ကာ မှတ်တမ်းတင်မှုများ ပြုလုပ်လာကြသည်။

ဒေါသထွက်သွားသည့် အမူးသမားက ဒယိမ်းဒယိုင်ဖြင့် ထလာပြီး တံတွေးများ ပေပွနေသည့် ပါးစပ်ကို သူ့လက်ဖမိုးဖြင့်သူ သုတ်လိုက်လေသည်။

"မင်းက ငါနဲ့ တစ်ပွဲလောက်နွှဲချင်တာလား။ လာလေ"

အရက်သမားကက လက်သီး လက်မောင်းတန်းလျက် ထလာဖို့ လုပ်လိုက်သည့်အခါ ဂွမ်ထက်ဂျူက လက်ညှိုးတစ်ချောင်းကိုသာ ကွေးပြလိုက်၍ 'လာလေ'ဆိုသည့် သဘောဖြင့် ရန်ပွဲကို လက်ခံလိုက်လေသည်။

လူကောင်ကြီးကြီး အမူသမားက ကျွဲရိုင်းတစ်ကောင်ကဲ့သို့ ပြေးဝင်လာသည့်အခါ ဂွမ်ထက်ဂျူက ဆီးကြို၍ လည်ပင်းညှစ်ထားလိုက်လေသည်။ ဂွမ်ထက်ဂျူ၏ တွက်ဆချက်အရ အမူးသမားက ပြေးဝင်ဝင်လာခြင်း၌ ခါးကို ကိုင်းချလိုက်သည့် ကိုယ်နေဟန်ကြောင့် သူ့အား ခြေထောက်မှ ကိုင်ကာ လွင့်ပစ်ချင် နေပုံရ၏။ ဗလအားကိုးသည့် အရက်သမားသည် လည်ပင်းညစ်ခံထားရသည့်တိုင် အလျှော့မပေးသေးဘဲ ဂွမ်ထက်ဂျူ၏ ခြေထောက်များကို လက်နှစ်ဖက်စလုံးဖြင့် ချုပ်ကိုင်ကာ အားကုန် ဆွဲမြှောက်လိုက်လေသည်။

လန့်ဖြန့်ကာ သူတို့နှင့် အနီးဆုံးရှိ လေယာဥ်မယ်များက မျက်စိကို စုံမှိတ်လိုက်ကြ၏။ ရန်ပွဲတို့ကို မြင်နေကျလူများသာ တည်တည်ငြိမ်ငြိမ် ဆက်ကြည့် နေကြလေသည်။ အားလုံး မျှော်လင့်ထားကြသည့် ပြုတ်ကျသံက ထွက်ပေါ်မလာခဲ့ပေ။ နည်းနည်း ဝေးသည့် နေရာမှ ခရီးသည်တို့က သူတို့ မမြင်လိုက်ခင် တစ်ခုခု ဖြစ်သွားသည် ထင်ပြီး မျက်တောင်ခတ်ရင်း ဇဝေဇဝါ ဖြစ်နေလေသည်။

အချိန် အနည်းငယ်ကြာမှ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့် အသံက ထွက်ပေါ်လာလေသည်။ လဲကျသွားသူက ကျွဲရိုင်းလို ပြေးဝင်လာသည့် အမူးသမားပင်။ ထိုခန္ဓာကိုယ် ထွားကြိုင်းသည့်လူက လည်ပင်းကို ကိုင်လျက် လဲကျနေလေသည်။ ဂွမ်ထက်ဂျူက ထိုလူထွားကြီး၏ လည်ပင်းမှ အဓိကနေရာတို့ကို အသေအချာ ဖိကိုင်ထားပြီး သတိလစ်သွားတော့မှသာ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သတိလစ်နေသော လူ၏ ပခုံးကို ခြေထောက်ဖြင့် ကန်ကာ သန့်စင်ခန်း အပြင်သို့ တွန်းထုတ်လိုက်၏။

ထိုအခါမှ ကြောင်နေကြသည့် ခရီးသည်တို့က အော်ဟစ်ရန် သတိရသွားကြလေသည်။ ဂွမ်ထက်ဂျူက အော်သံတို့ကို ဂရုမစိုက်ဘဲ တွန့်ကြေသွားသည့် ကုတ်အင်္ကျီကိုသာ သပ်ရပ်အောင်လုပ်ရင်း သူ့ထိုင်ခုံနေရာသို့ ထွက်လာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

ယခုမှ ရောက်လာသော တွဲဖက်လေယာဉ်မှူးက လဲကျနေသော လူကို တစ်လှည့် ဂွမ်ထက်ဂျူကို တစ်လှည့် ကြည့်ကာ လေယာဉ်ဝန်ထမ်းများဘက်သို့ မျက်နှာမူကာ မေးလိုက်၏။

"ကလစ်"

ဂွမ်ထက်ဂျူ၏ ထိုင်ခုံခါးပတ်ပတ်သံက ဆူဆူပူပူကိစ္စတို့ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာလိုက်သလိုပင်။

လေယာဥ်ဝန်ထမ်းလေးများနှင့် တွဲဖက်လေယာဉ်မှူးတို့ အလုပ်များမည့် အလှည့်သို့ ရောက်ရှိသွားလေပြီ။ အရက်သမားကို ဖြေရှင်းအပြီး၌ ခရီးသည်တို့၏ တစ်ယောက်တစ်ပေါက် တိုင်တန်းချက်များကို ကျေနပ်အောင် လုပ်ဆောင်နေရလေသည်။

တွဲဖက်လေယာဥ်မှူးမှာလည်း

"လေးစားအပ်ပါသော ဧည့်သည်တော်များ ခင်ဗျာ..."

"ထိတ်လန့်သွားကြမယ် ထင်ပါတယ်။ ရေနွေးနွေးလေးတွေ ယူလာပေးပါ့မယ်ခင်ဗျ"

"အခု စိတ်ချရပါပြီရှင့်"၊ "စိတ်ပူစရာမရှိတော့ပါဘူး" ၊ "တောင်းပန်ပါတယ်" စသည့် စကားသံများက ပိတ်ထားသည့် လိုက်ကာနောက်ရှိ အီကိုနော်မီအတန်းမှ ဆက်တိုက် ကြားနေရသည်။

ဂွမ်ထက်ဂျူက သူနှင့် မဆိုင်သည့်အလား မျက်စိမှိတ် အနားယူနေခဲ့ပေမဲ့ တွဲဖက်လေယာဥ်မှူးနှင့် တာဝန်ခံက သူ့အနားသို့ ရောက်လာကာ အခက်အခဲကို ကူညီဖြေရှင်းပေးသည့်အတွက် ကျေးဇူးတင်စကား လာပြောကြလေသည်။

"လေယာဥ်က အချိန်မီဆိုက် နိုင်မလား"

"စိတ်မကောင်းပါဘူး ခင်ဗျ။ လေကြောင်း ထိန်းချုပ်ရေးစင်တာကို အကြောင်းကြားပြီးသား ဖြစ်သွားလို့ လေယာဥ်ဆင်းဖို့ ခွင့်ပြုချက် မရမချင်း ဆင်းလို့မရသေးဘဲ၊ လေထဲမှာပဲ စောင့်ရပါလိမ့်မယ်။ ဆိုက်ရမဲ့အချိန်ထက် တစ်နာရီလောက် နောက်ကျသွားနိုင်ပါတယ်ဗျ။ "

မဖြစ်ချင်သည့် ကိစ္စက နောက်ဆုံးတော့ ဖြစ်သွားခဲ့ပြီ။ စိတ်ထဲ မကျေမချမ်း ဖြစ်သွားပေမဲ့ ခေါင်းသာ ညိတ်ပြလိုက်ပြီး နားကြပ်ကို ကောက်တပ်လိုက်လေသည်။ ဂွမ်ထက်ဂျူ၏ စကားဆက် မပြောလိုသည့် အမူအယာကြောင့် ဝန်ထမ်းနှစ်ဦးမှာ ကျေးဇူးတင်စကားကို တိုတိုတုတ်တုတ်သာ ပြောပြီး ထွက်သွားကြ၏။

လေယာဥ်က လေကြောင်းကြမ်းကြမ်းများကြား ဖြတ်သန်းနေရခြင်းကြောင့် ခပ်ပြင်းပြင်း လှုပ်ခါသွားမှသာ ညည်းညူပြောဆိုနေကြသည့် ခရီးသည်တို့က တိုက်တွန်းစရာမလိုဘဲ မိမိတို့၏ထိုင်ခုံ အသီးသီးသို့ ဝင်ထိုင်လိုက်ကြကာ ခါးပတ်များကို ချက်ချင်း ပတ်ထားလိုက်ကြသည်။ ခရီးသည်တစ်ယောက်ဆိုလျှင် ဆုတောင်းစာများကိုပင် ရွတ်ဆိုနေလေသည်။ ဂွမ်ထက်ဂျူတစ်ယောက် နောက်ထပ် တစ်နာရီအတွင်း ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ရအောင် လုပ်ဆောင်ပေးသည့် လေယာဥ်မှူးကို စိတ်ထဲမှ ကျေးဇူးတင်လိုက်လေသည်။

ထိုတစ်နာရီအတွင်း လေယာဥ်မှာ မကြာခဏ လှုပ်ယမ်း နေသဖြင့် နားများ အူလာသောကြောင့် မျက်စိကို မှိတ်ထားကာသာ နေလိုက်ရလေသည်။ နောက်ဆုံးတွင် သူ စောင့်ဆိုင်းရမည့် တစ်နာရီမှာ ကုန်ဆုံးသွားခဲ့ပြီး မျှော်လင့်နေသည့် နားဝင်အချိုဆုံးသော ကြေညာသံကို ကြားလိုက်ရ၏။

[မကြာခင်မှာ ကျွန်တော်တို့ရဲ့ လေယာဥ်ဟာ မော်စကို ဒိုမိုဒေဒိုဗို လေဆိပ်ကို ရောက်ရှိပါတော့မယ်။ မော်စကိုမြို့ရဲ့ ဒေသစံတော်ချိန်မှာ ညနေ ၄နာရီ ၁၁ မိနစ်၊ ရာသီဥတုအခြေအနေမှာ တိမ်ထူနေပြီး အပူချိန်မှာ အနုတ် ၁၃ ဒီဂရီ စင်တီဂရိတ် အောက်ကျဆင်းနေပါတယ်။ လေယာဉ်ခရီးစဉ်အတွင်း အားလုံးကို အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အတွက် ကျွန်တော်တို့ လေကြောင်းလိုင်းက အနူးအညွတ် တောင်းပန်အပ်ပါတယ်။ ဒီထပ်ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အစဥ်အမြဲ ကြိုးစားလျက် လူကြီးမင်းတို့အားလုံး စောင့်ကြိုနေသူတွေနဲ့ ချောချောမွေ့မွေ့ တွေ့ဆုံနိုင်ပါစေ ခင်ဗျ။ ကျွန်တော်တို့ရဲ့ ဂျပန်လေကြောင်းလိုင်းကို ရွေးချယ်ခဲ့တဲ့ ခရီးသည်တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ရှိပါတယ် ခင်ဗျ။ ]

လေယာဥ် ဆင်းတော့မည်ဟု ကြေညာလိုက်ပြီးနောက် တော်တော်ကြာသည်အထိ လေထဲတွင် ဝဲပျံနေခဲ့သေးသည်။ ထို့ကြောင့် တကယ်မြေပြင်သို့ ဆင်းသက်သည့်အချိန်က ညနေ ငါးနာရီကျော်နေခဲ့ပေပြီ။

ဂွမ်ထက်ဂျူလည်း အခြားသူများ နည်းတူ ပြည်ပဆိုက်ရောက် လူဝင်မှု ကြီးကြပ်ရေး စစ်ဆေးရေးဂိတ်တွင် တန်းစီလိုက်လေသည်။ အခြားသူတစ်ဦးအဖြစ် ဟန်ဆောင်ကာ စစ်ဆေးရေးဂိတ်များကို အကြိမ်ကြိမ် ဖြတ်သန်းဖူးသည့် သူ့အတွက် ဒီလိုစစ်ဆေးမှုက ပျင်းစရာပင် ကောင်းနေကာ နည်းနည်းမှ စိတ်လှုပ်ရှားမှု မဖြစ်ပေါ်ပေ။ ထို့ကြောင့် စစ်ဆေးမှုက တစ်စက္ကန့်အတွင်း ပြီးဆုံးသွားခဲ့သည်။ စစ်ဆေးရေး ဝန်ထမ်းက တစ်ချက်သာ ကြည့်ပြီး ဂွမ်ထက်ဂျူကို မေးခွန်းတစ်ခုလေးတောင် မမေးခဲ့ချေ။ လွယ်လွယ်ကူကူ နိုင်ငံဝင်ခွင့် ရရှိကာ ခရီးဆောင်အိတ်တစ်လုံးဖြင့် လေဆိပ်ထွက်ပေါက်သို့ ချောချောမွေ့မွေ့ ဝင်ရောက်လာခဲ့သည်။

ထွက်ပေါက်တွင် ဆိုက်ရောက် ဧည့်သည်များကို ကြိုဆိုနေကြသည့် လူအများဖြင့် စည်ကားနေလေသည်။ သူက အခြားဖိတ်ကြားထားသူများထပ် တစ်ရက်စောပြီး လာရောက်ခဲ့ခြင်းကြောင့် သီးသန့် ကြိုဆိုမည့်သူ မရှိဘဲ ကိုယ့်အစီအစဥ်ဖြင့်သာ တည်းခိုမည့်ဟိုတယ်သို့ သွားရောက်ရန် စီစဥ်ထားခဲ့သည်။

သို့သော် လူအုပ်ကြားထဲက'ဟီရို ဆာကာမိုတို'ဟု ရေးထားသည့် ဆိုင်းဘုတ်တစ်ခုကြောင့် သူ့မျက်လုံးတို့ ရပ်တန့်သွားရကာ နေကာမျက်မှန်ကို ချွတ်ပြီး နောက်တစ်ကြိမ် ကြည့်လိုက်မိ၏။ သူ့နာမည်ကို ဂျပန်လို အပြင်၊ အင်္ဂလိပ်လိုပါ ရေးသားထားပြီး အောက်တွင်လည်း "အီတိုချူး ကော်ပိုရေးရှင်း" ဆိုသည့် ကုမ္ပဏီနာမည်ကိုပင် အသေးစိတ် ရေးသား ထားသေးသည်။

သူ လမ်းလျှောက်တာ ရပ်လိုက်သည်နှင့် ဆိုင်းဘုတ် ကိုင်ထားသည့် လူသည် ရွှင်ပြသော မျက်နှာအမူအရာဖြင့် မေးလာလေသည်။

"မစ္စတာ ဆာကာမိုတိုလား"

"ဟုတ်ပါတယ်။ ဒါပေမဲ့..."

ဂွမ်ထက်ဂျူသည် တုံ့ဆိုင်းစွာ တုံ့ပြန်လိုက်သောအခါ ထိုလူ၏ မျက်နှာပေါ်တွင် လင်းလက်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"မင်္ဂလာပါ ကျွန်တော့် နာမည်က ဗက်ဆီးလီယာ အလက်ဇန်းဒရိုဗစ်ခ်ျပါ။ ကျွန်တော် ဂက်ဇ်ပရွမ်ရဲ့ ပြည်သူ့ဆက်ဆံရေးရုံးမှာ အလုပ်လုပ်ပါတယ်။ လူကြီးမင်း ဒီနေ့ ကြိုရောက်မယ်လို့ ကြားလို့ လာကြိုတာပါခင်ဗျ"

လာကြိုသူက သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြီး လက်ဆွဲ နှုတ်ဆက်ရန် လက်ကို ကမ်းပေးလာခဲ့သော်လည်း ဂွမ်ထက်ဂျူက သူ့ရှေ့ကို ထိုးပေးလာထားသည့် လက်ကို မတုံ့ပြန်ဘဲ ခေါင်းစောင်းလျက် ကြည့်လိုက်၏။

"လာကြိုမယ် ဆိုပြီး အကြောင်းကြားထားတာမျိုး မရထားဘူး"

"ဒီအကြောင်းကို မသိသေးဘူးလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်တော်တို့က ဒီမနက်တင် လူကြီးမင်းတို့ ကုမ္ပဏီကို သတင်းပို့ပြီးသားပါ။ လူကြီးမင်းတို့ ကုမ္ပဏီကလဲ မစ္စတာ ဆာကာမိုတိုကို အကြောင်းကြားပေးမယ်လို့ ပြောခဲ့ပါတယ်။" ဟု ဗက်ဆီးလီယာက သူ့ဘက်က ဘာအမှားအယွင်းမှ မရှိသည်ကို ယုံကြည်အပြည့်ဖြင့် ပြောနေ၏။

"နားလည်ပါပြီ ခဏလေး စောင့်ပါဦး"။

ဂွမ်ထက်ဂျူသည် သူ၏ အလုပ်သုံးဖုန်းကို အမြန် စစ်ဆေးလိုက်သည်။ မိုဘိုင်းဆင်မ်ကတ်(SIM)ကုမ္ပဏီ မှ ပြည်ပမိုဘိုင်းကွန်ယက်ကို အသုံးပြုနေကြောင်းပို့သည့် မက်ဆေ့ချ်များနှင့် သံရုံးမှ ပေးပို့သည့် ကြေညာချက်များ အများအပြား ဝင်ရောက်နေခဲ့သည်။ များပြားလှသော မက်ဆေ့ချ်များကြား၌ အဖွဲ့မှူး အင်မ်၏ မက်ဆေ့ချ်က ရောနှောနေခဲ့၍ မမြင်လိုက်မိတာ ဖြစ်၏။ ဗက်ဆီးလီယာ အတည်ပြုခဲ့သလိုပင် ဂက်ဇ်ပရွမ်ဘက်မှ သူ့ကို လာကြိုမည်ဆိုသည်က အမှန်ပင်။

"အာ... ဟုတ်ပါတယ်"

"မှားယွင်းမှုတစ်ခု ဖြစ်ခဲ့တာ ထင်တယ်။ ကျွန်တော်တို့ လာကြိုမယ်ဆိုတဲ့ အကြောင်းကြားစာ ရတယ် မလား။ ခရီးအဝေးကြီးက လာရတော့ ပင်ပန်းနေမှာပဲ။ ပြီးတော့လဲ ရောက်ရမဲ့ အချိန်ထပ် အများကြီး နောက်ကျနေတယ်နော်"

"လေယာဉ်ပေါ်မှာ နည်းနည်းလောက် ဆူညံတာလေး ရှိသွားလို့ပါ"

"အရက်မူးတဲ့လူတွေက ပြဿနာ ထပ်ရှာတာလား"

"...အဲ့ဒါကို ဘယ်လို သိတာလဲ"

"အဲ့ဒါက ဗော့ဒ်ကာကြိုက်တဲ့ ရုရှားလူမျိုးတွေ မကြာခဏ အရက်မူးပြီး သောင်းကျန်းတတ်လို့လေ။ လူကြီးမင်းကတော့ ထူးဆန်းနေလိမ့်မယ်။ အိတ်တွေက ဒါပဲလား။ ကျွန်တော် သယ်ပေးပါ့မယ်"

"ရပါတယ်။ ကျွန်တော် ကိုင်နိုင်ပါတယ်"

"အာ ဟုတ်ကဲ့။ ဒီလမ်းကနေ လာခဲ့ပါ"

သူ၏ စေတနာကို ငြင်းပယ်ခံရသည့်အခါမှာပင် ဗက်ဆီးလီယာက ရှက်ရွံ့သွားခြင်း မရှိချေ။ ဆန့်ကျင်ဘက်အနေနှင့် စိတ်ပေါ့သွားသလို သွက်သွက်လက်လက် လမ်းပြပေးကာ ထွက်သွားလေသည်။

ဂွမ်ထက်ဂျူသည် နောက်မှ ဖြည်းဖြည်းချင်း လိုက်သွားရင်း ရုရှားသို့ ထွက်ခွာလာသည့်အချိန်မှ စ၍ ဖြစ်ပျက်ခဲ့သော အရှုပ်အထွေးများကို သုံးသပ်ကြည့်နေသည်။ သုံးသပ်ကြည့်ရသလောက် အခြေအနေများက တော်တော်လေး ရှင်းရှင်းလင်းလင်း ဖြစ်နေသည်ဟု ဆိုနိုင်သည်။

သူ တစ်ယောက်တည်း ရုရှားကို လာသည် ဖြစ်စေ၊ အဖွဲ့နှင့် လာသည်ဖြစ်စေ ဟိရို ဆာကာမိုတိုသည် အရေးပါသော ဧည့်သည် ဖြစ်နေသည့် အချက်ကြောင့် ရုရှားဘက်မှ အကြိုလွှတ်ခြင်းက ဖြစ်နိုင်သည့် အချက်ပင်။ ထိုအကြောင်းကြောင့် ဂွမ်ထက်ဂျူသည် ဘယ်လောက်ပဲ ပင်ပန်း၊ ခေါင်းကိုက်နေပါစေ ဟိုတယ်ကို ပြန်ရောက်သည့်အထိ ဟိရို ဆာကာမိုတို အဖြစ် သရုပ်ဆောင် ရဦးမည်။

သူနှင့် ဗက်ဆီးလီယာ တို့သည် အသင့်စောင့်နေသော အနက်ရောင်ဆီဒန် ဆီသို့ လျှောက်သွားလိုက်ကြသည်။ ယာဉ်မောင်းထိုင်ခုံမှ လူတစ်ယောက် ထွက်လာကာ နှုတ်ဆက်လိုက်ပြီး ဂွမ်ထက်ဂျူ၏ အိတ်ကို ကားနောက်ဖုံးထဲသို့ ထည့်လိုက်လေသည်။

[T/N : Sedan ဆိုတာက ကားရဲ့ ဒီဇိုင်းပုံစံ (Body Style) ကိုပြောတာပါ။ ယာဥ်မောင်းအတွက် တစ်ခန်း၊ ခရီးသည် အတွက် တစ်ခန်းနဲ့ ပစ္စည်းထည့်ဖို့ ကားနောက်ဖုံး မှာ နေရာသပ်သပ်တဲ့ အမျိုးအစားကိုပါ။ မျက်စိထဲ မြင်အောင် ပြောရရင် Toyota belta , crown လို ကားအမျိုးအစားပါ။ ကားနောက်ဖုံးထဲ ပစ္စည်းထဲတာ ထုတ်တာ လုပ်ချင်ရင် ကားပေါ်က ဆင်းပြီး လုပ်ရပါတယ်။ ]

ဗက်ဆီးလီယာကလည်း ကိုယ်တိုင် ကားနောက်ခန်းတံခါးကို ဖွင့်ပေးလာ၏။ ဂွမ်ထက်ဂျူ ဧည့်ကြိုနှစ်ယောက်၏ နွေးထွေးသော ဧည့်ဝတ်ပြုမှုများကို အောင့်သက်သက်ဖြင့် အသိအမှတ်ပြု ခေါင်းညိတ်ရင်း ကားထဲကို ဝင်လိုက်ရသည်။ ဗက်ဆီးလီယာသည် ယာဥ်မောင်းဘေးထိုင်ခုံတွင် ထိုင်လိုက်ပြီး တံခါးပိတ်လိုက်သည့်အခါ ဆီဒန်ကားက အချိန်မဆိုင်းဘဲ လေဆိပ်မှ အပြင်းမောင်းထွက် သွားလေသည်။

ဂွမ်ထက်ဂျူ တစ်ကိုယ်လုံးသည် လေကြောင်း ခရီးရှည်ကြောင့် ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ထို့ကြောင့် ထိုင်ခုံပေါ် ထိုင်ပြီး သိပ်မကြာခင်မှာပဲ မျက်လုံးများကိုပါ ပိတ်ထားလိုက်၏။ ဤသည်မှာ တိတ်ဆိတ်စွာ နေလိုပြီး မလိုအပ်သည့် စကားဝိုင်း မလုပ်ချင်ကြောင်း အရိပ်အမြွက်ပြလိုက်တာပင်။ သို့သော် ဗက်ဆီးလီယာသည် ရှေ့ခုံမှ ကိုယ်တစ်ဝက်လောက် လှည့်လာပြီး သူ့ကို လှမ်းကြည့်နေသည်။

"အရမ်းပင်ပန်းနေလား"

"အချိန်ကွာဟမှုကြောင့် နည်းနည်းပါ"

ဂွမ်ထက်ဂျူသည် စိတ်မပါ့တပါနှင့် ပြန်ဖြေလိုက်သည့်အခါ လေယာဉ်ပေါ်မှ "အစားအသောက်တွေ ဘယ်လိုရှိလဲ၊ ထိုင်ခုံတွေ အဆင်ပြေရဲ့လား၊ လေယာဉ်မယ်တွေ ကောင်းရဲ့လား" ဆိုသည်များကို ဆက်တိုက် မေးနေခဲ့သည်။

ဗက်ဆီးလီယာသည် သူ၏ လေယာဉ်ပေါ်မှ အတွေ့အကြုံများအကြောင်းပင် စိတ်အားထက်သန်စွာ ပြောပြလာခဲ့သည်။ ဂွမ်ထက်ဂျူမှာ စိတ်မပါ့တပါနှင့် နားထောင်ပြီး သူ့ခေါင်းကို ပြတင်းပေါက် အပြင်ဘက်သို့ လှည့်ထားလိုက်သည်။

ညမှောင်လာသော်လည်း မော်စကိုမြို့၏ အနေအထားကိုတော့ ကြည့်ရှုလို့ ရနေသေးသည်။ လမ်းမ၏ ဘယ်နေရာကိုပဲ ကြည့်ကြည့် လာဒါ(ရုရှား အစိုးရထုတ်ကား Brand)ကားများကိုသာ တွေ့နေရသည်။ ဤကားများက ရုရှား၏ ကားမော်ဒယ်အသစ်ဟု ခေါ်နိုင်သည်။

မြို့လယ်ခေါင်၌ နာမည်ကျော် Starbucks တံဆိပ်ကို ရုရှားစလုံးများဖြင့် ပေါင်းစပ် ရေးသားထားခြင်းက သူ့ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ လမ်းသွားလမ်းလာ အများစုက Shaft တံဆိပ် ဂျင်းဘောင်းဘီများကို ဝတ်ဆင်ထားလျက် အင်္ကျီလည်ပင်းကို ကြပ်နေအောင် စေ့ထားကြ၏။

အအေးဒဏ်ကြောင့် နီရဲနေသော နှာခေါင်းများရှိသည့် မော်စကို မြိုသူ့မြိုသားတို့၏ မျက်နှာများသည် တင်းမာနေပြီး အလွယ်တကူ မချဉ်းကပ်ရဲစေသည့် အမူအရာကို ဖော်ပြနေကြသည်။

အလွန်အေးသော ရာသီဥတုကြောင့် လူတိုင်း၏ မျက်နှာကလည်း အေးစက် တောင့်တင်း သွားကြဟန် တူသည်။

"ဒီရက်ပိုင်းမှာ အဲလောက်အထိ အေးတာလား"

ဂျပန်ကို ခရီးထွက်ခဲ့သည့်အကြောင်း တရစပ် ပြောနေသော ဗက်ဆီးလီယာသည် မမျှော်လင့်ထားသည့် မေးခွန်းကြောင့် ပြောနေသည့်စကားမှာ ရုတ်တရက် ရပ်သွားလေသည်။ သူ့ဇာတ်လမ်းကို အနှောင့်အယှက် ဖြစ်သွားသော်ငြား စိတ်ပျက်ခြင်းမရှိဘဲ ပြုံးမြဲ ပြုံးနေလေသည်။

"ဒီရက်ပိုင်းတော့ တော်တော်လေး နေလို့ကောင်းပါတယ်။ ဆောင်းရာသီဆိုပေမဲ့ အပူချိန်က အနုတ် ၁၅ ဒီဂရီစင်တီဂရိတ်လောက်ပဲ ရှိတယ်။ ဒါက တကယ်နေလို့ ကောင်းနေပြီ"

ဂွမ်ထက်ဂျူက အေးတာကို အမုန်းဆုံး ဖြစ်သောကြောင့် သူ့ပခုံးကိုပင် ကျုံ့ထားလိုက်မိ၏။ သို့သော် ဗက်ဆီးလီယာက အကြောင်းအရာအသစ်ကို ပြောပြရန် စိတ်အားထက်သန် လာပြန်သည်။

"တချို့တွေ မော်စကိုမြို့က မခံမရပ်နိုင်အောင် အေးတယ်လို့ ပြောကြတယ်၊ ဒါက တကယ့်ကို အေးတဲ့နေရာတွေကို တစ်ခါမှ မရောက်ဖူးလို့ပါ။ အီရ်ကူစက့်နဲ့ ဗာခိုယန့်စ်တို့မှာ အပူချိန်က အနုတ် ၂၀ ဒီဂရီကနေ အနုတ် ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိတယ်။ အဲ့ဒီနေရာတွေနဲ့ နှိုင်းယှဉ်ရင် မော်စကိုက ကမ္ဘာပေါ်က နတ်ဘုံနတ်နန်းတစ်ခု မဟုတ်ဘူးလား။ တိုကျို (Tokyo) လိုတော့ မဟုတ်ဘူးပေါ့။ အဲဒီနေရာမှာ အပူချိန်က သုညဒီဂရီအထက် အမြဲတမ်း ရှိနေတယ်လို့ ကျွန်တော် ကြားတယ်။ အဲဒါ ရုရှားမှာ အဲဒီမျိုး ဖြစ်ခဲ့ရင် ဘေးအိမ်က ခွေးကတောင် ထရယ်လိမ့်မယ်"

'-၄၀ ဒီဂရီစင်တီဂရိတ်အထိ ပြင်းထန်သည့် ရာသီဥတုလား'

ဒီအကြောင်းကို ကြားရုံနဲ့ပင် ဂွမ်ထက်ဂျူကို တုန်ယင်သွားစေရန် လုံလောက်သည်။ ဗက်ဆီးလီယာက မော်စကို၏ ရာသီဥတုက ကမ္ဘာပေါ်က နိဗ္ဗာန်ဖြစ်ကြောင်း ပေါက်ပေါက်ဖောက်ကာ ဆက်ပြီးပြောနေပြီး ဂွမ်ထက်ဂျူက နားထောင်နေခြင်း မရှိချေ။

ထို့ကြောင့် ဂွမ်ထက်ဂျူက ပြတင်းပေါက် အပြင်ဘက်သို့သာ လှည့်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်နေလိုက်သည်။ သိပ်မကြာခင် မောင်းနေသည့်ကားက အရှိန်လျော့ကျသွားပြီး ရပ်လိုက် သွားလိုက်ဖြင့် ဖြည်းဖြည်းချင်း သွားနေရသည်။

ထို့ကြောင့် ဂွမ်ထက်ဂျူ အရှေ့ကို ကြည့်လိုက်ရာ ကားများက ပွဲတော်တစ်ခုကဲ့သို့ ရှည်လျားစွာ တန်းစီနေသောကြောင့် ကားစပိတ်နေသည့် နေရာကို မြင်ပင် မမြင်ရပေ။ ယာဉ်ကြောပိတ်ချိန်ရောက် သွားသဖြင့် ပိတ်မိနေပုံရသည်။

လေယာဉ်သည် အချိန်မီ ရောက်လာခဲ့မယ်ဆိုလျှင် ဤသို့ ဖြစ်လာမည် မဟုတ်ပါပေ။ ထိုအရာအားလုံးက မူးပြီး သောင်းကျန်းသည့် အရက်သမား၏ အပြစ်ပင်။ အမူးသမားကို ဒီထပ်ပို ဆုံးမလိုက်သင့်သည်။ အခုတော့ သူ့ဒေါသကို ဘယ်သူအပေါ် ပုံချရမှန်း မသိဖြစ်နေ၏။

ဗက်ဆီးလီယာသည် ယာဉ်မောင်းနှင့် စကား အနည်းငယ် ပြောရန် ဂွမ်ထက်ဂျူကို ခွင့်တောင်းလိုက်၏။

"ဒီလို ဆက်သွားနေရင် ကျွန်တော်တို့ လုံးဝ ရွေ့နိုင်တော့မယ် မထင်ဘူး။ အဲဒါကြောင့် လမ်းဖြတ်သွားတာက ဘယ်လိုလဲ။ ဒီကောင်က မော်စကိုက လမ်းတွေ အားလုံးကို သိတယ်။ ညဉ့်နက်နေပြီဆိုတော့ မစ္စတာ ဆာကာမိုတိုလဲ ဗိုက်ဆာနေလောက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးရှည်ကြီးပြီးရင် အနားယူချင်နေမှာပဲ မဟုတ်လား"

ဤသည်မှာ ကြားရသမျှ စကားများထဲ နားဝင်အချိုဆုံး သတင်းပင်။ ဂွမ်ထက်ဂျူသည် တစ်ခုခု မြန်မြန်စားပြီး အိပ်ရာပေါ်တွင် လှဲလျောင်းချင်နေပြီ။ ထို့ကြောင့် "အဆင်ပြေလား"ဟု သူ့ကို မေးနေသည့် ဗက်ဆီးလီယာကို သူ အကြိမ်ပေါင်းများစွာ ခေါင်းညိတ်ပြလိုက်သည်။

ခွင့်ပြုချက် ရသည်နှင့်တစ်ပြိုင်နက် ယာဉ်မောင်းက ကားရှည်တန်းမှ ထွက်ခွာပြီး အနီးဆုံးက ဘေးလမ်းတစ်ခုထဲ ချိုးဝင်လိုက်လေသည်။ လမ်းကျဥ်းလေးတစ်ခု ဖြစ်လေရာ လူများ လမ်းလျှောက်ရန် ပလက်ဖောင်း မရှိသလို လမ်းမီးများလည်း မရှိပေ။

ကားက မီးကြီးထွန်းပြီး မှောင်မည်းနေသောလမ်းထဲ မောင်းနေခဲ့ရသည်။ အမှောင်ထဲတွင် အမှိုက်ပုံးထဲက အစာရှာနေသော ကြောင်တစ်ကောင်က ကားမီးရောင်ကြောင့် လန့်ကာ ထွက်ပြေးသွားပုံမှာ လူအသွားအလာ နည်းသည့် နေရာဖြစ်ဟန် တူ၏။

ယာဉ်မောင်းသည် လမ်းကြောင်းကျွမ်းကျင်သည်ဟု ပြောထားသော်ငြား လူသွားရန်ပင် မလွယ်သည့် လမ်းကြိုလမ်းကြားများမှ ကွေ့ပတ် မောင်းနှင်နေခဲ့သည်။ ပုံမှန်လမ်းအတိုင်း သွားလျှင် ကြာသွားနိုင်လို့ ဒီလို လှည့်ပတ်မောင်းပါက မြန်မြန်ရောက်နိုင်သည် ဟု အကောင်းမြင်စိတ်လေးဖြင့် တွေးကာ စိတ်လျော့လိုက်ပြီး ဂွမ်ထက်ဂျူ ထိုင်ခုံကို ကျောပြန် မှီလိုက်ချိန်တွင်

"..."

သူ့ခေါင်းကို ပြတင်းပေါက်ဘက်သို့ အမြန် လှည့်လိုက်၏။ သူ့မျက်လုံးထောင့်မှ ထူးဆန်းသည့် အရာဝတ္ထုတစ်ခု ကို ဖြတ်ခနဲ မြင်လိုက်ရသည်။

ဖြတ်လာခဲ့သည့် လမ်းကို ပြန်ကြည့်ရန် အမြန် နောက်ပြန်လှည့်လိုက်သော်ငြား ထူးခြားတာ ဘာမျှ မရှိချေ။ ခုဏက လူရိပ်တစ်ခုကို မြင်လိုက်သလိုပင်။

‘မှောင်နေလို့ အမြင်မှားတာလား'

ပတ်ဝန်းကျင် မှောင်နေ၍ သေချာ မမြင်ရခြင်းကြောင့် ပိုပြီး သင်္ကာမကင်းမှုကို ခံစားလာရသည်။ ထို့ကြောင့် ဖြည်းဖြည်းချင်း လှည့်လိုက်ကာ ထိုင်ခုံအနောက်ကို မှီကာ တည့်တည့်ပြန် ထိုင်လိုက်၏။

ဂွမ်ထက်ဂျူ၏ လှုပ်ရှားမှုကြောင့် ဗက်ဆီးလီယာက "ဘာဖြစ်နေတာလဲ" ဟု မေးလာသောအခါ ဘာမှမဟုတ်ဘူး ဟုသာ ပြန်ဖြေလိုက်သည်။

သို့သော် ဂွမ်ထက်ဂျူ အပြင်ဘက်သို့ အကြည့်တွင် သူ့ကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည့် အရာတစ်ခုကို သတိပြုမိလိုက်သည်။

ကားက ထိုလမ်းကြောင်းအတိုင်း ပြန်ပြန်(ပတ်) မောင်းနေခြင်းပင်။

အဆောက်အအုံများသည် အကုန်လုံး အတူတူပင် ဖြစ်ပြီး လမ်းကြားမှာလည်း အလွန်မှောင်နေသည့်အတွက် ဘေးပတ်ဝန်းကျင်ကိုလည်း မမြင်နိုင်လေရာ ပုံမှန်ဆို ဂွမ်ထက်ဂျူ အနေဖြင့် သတိပြုမိဖို့ မလွယ်ကူပေ။

သို့သော် အမှိုက်ပုံး... အမှိုက်ပုံးက ကားက ဒီနေရာကို ဖြတ်လာဖူးကြောင်း သတိပြုမိစေသည်။

"လမ်းမှားနေပြီ ထင်တယ်"

"လမ်းမမှားပါဘူး။ လမ်းကြောင်းအတိုင်း သွားနေတာပါ"

"မဟုတ်ဘူး။ ဒါက ခုနကလမ်းက အတိုင်းပဲ။ ဘယ်ဘက်ခြမ်းက အမှိုက်ပုံးက ခုနက မြင်ခဲ့ရတဲ့ အမှိုက်ပုံးနဲ့ တူတူပဲ။ အညစ်အကြေးတွေရှိတဲ့နေရာ၊ အမှိုက်တွေလျှံကျနေတာနဲ့ အမှိုက်ပုံးရဲ့အဖုံးက အစ အတူတူပဲ"

အမှိုက်ပုံ အနောက်မှ အဆောက်အဦးကလည်း အတူတူပင်။

အပြင်နံရံက အက်ကြောင်းများ၊ အုတ်တွေရဲ့ အရောင်နှင့် ပြတင်းပေါက်ဘောင်၏ ပုံသဏ္ဍာန်၊ ထိုအပေါ်တွင် ချိတ်ထားသည့် အဝတ်များနှင့် ပန်းအိုးများအထိ အကုန်တူနေပြီး တစ်နေရာလေးတောင် လွဲချော်နေသည် မရှိပေ။

ဂွမ်ထက်ဂျူသည် ပြတင်းပေါက် အပြင်ဘက်မှ မြင်ကွင်း အသေးစိတ်များကို သူ၏ မှတ်ဉာဏ်ထဲမှ အရာများနှင့် နှိုင်းယှဉ်ပြီး အတည်ပြုနေကို ဗက်ဆီးလီယာက တိတ်ဆိတ်စွာ နားထောင်နေပြီးနောက် ရယ်လိုက်၏။

"လူကြီးမင်း မျက်လုံးတွေက တော်တော်ကောင်းတာပဲ"

သရော်သလို ပြောဆိုလာသည့် မှတ်ချက် နှင့်အတူ ဗက်ဆီးလီယာ၏ သဘောကောင်းမှုနှင့် ဖော်ရွေမှုများက ပျောက်ဆုံးသွားလေပြီ။ ဤသို့ သဘောထား အပြောင်းအလဲက ဂွမ်ထက်ဂျူအတွက် ကောင်းသောအရာတော့ ဟုတ်မနေပေ။

ဂွမ်ထက်ဂျူသည် တွန့်ဆုတ်မနေဘဲ ကော့(Colt)သေနတ်ကို ထုတ်လိုက်ကာ သေနတ်မောင်းခလုတ်ကို တစ်ဝက် ဆွဲတင်လိုက်၏။

ထို့နောက် နောက်ကြည့်မှန်မှ တစ်ဆင့် ယာဉ်မောင်းကို ကြည့်လိုက်ပြီး

"ရပ်လိုက်”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment