အပိုင်း(၁၀)။ ။ မင်းအနားမှာ ထားပြီး ကြည့်နေချင်တာလား။
ဂွမ်ထက်ဂျူသည် မြစ်အနီးတွင် သူ့ကို လက်ခံမည့် မိုတယ်ဟောင်းတစ်ခုကို ရှာတွေ့ခဲ့၏။
မိုတယ်မှာ ရုရှားအစိုးရ၏ ဖိတ်ကြားချက်ဖြင့် နေထိုင်ခဲ့သော အဆင့်မြင့်ဟိုတယ်နှင့် မတူဘဲ အပြင်အဆင်က မိုးနှင့်မြေလို ကွာခြားနေသည်။ အခန်းအမျိုးအစားများစွာ ရှိသော်လည်း ရေနွေးဖြင့် ရေချိုးရန် အလွန်လိုအပ်နေသောကြောင့် အမျိုးအစား အားလုံးထဲမှ စျေးအများဆုံးပေးရသော အခန်းကို ရွေးချယ်လိုက်၏။
မိုတယ်အခန်းထဲသို့ ရောက်သောအခါ အဘယ်ကြောင့် အခြားအခန်းများထက် ပိုစျေးကြီးရသည်ကို သူ နားမလည်ခဲ့ပေ။ ပြတင်းပေါက်ရှိမရှိ အပေါ် မူတည်၍ စျေးနှုန်းကို သတ်မှတ်ခြင်းလား။
ဤကျဉ်းမြောင်းသော အခန်းထဲတွင် တစ်ယောက်အိပ် ခုတင်ဟောင်းတစ်လုံးနှင့် ခြေတစ်ချောင်း ကျိုးနေသော စားပွဲတစ်လုံးသာ ရှိသည်။ ထိုခုတင်က သူ့တစ်ကိုယ်စာ ဆန့်ပါ့မလားပင် မသိ။
အပျင်းပြေ ကြည့်ရန် လက်ဖဝါး အရွယ်အစားရှိသော တီဗီတစ်လုံးကို ထည့်ပေးထားသော်လည်း၊ မှိန်စုတ်နေသည့် မီးရောင်ကြောင့် တီဗီဖွင့်ရန် လျှပ်စစ်ဓာတ်အား လုံလောက်ရဲ့လားဟုပင် သံသယ ဖြစ်မိသည်။
Wi-Fi ကဲ့သို့သော ဝန်ဆောင်မှုတစ်ခုခုကို မျှော်လင့်ရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။
ရေပုံမှန် ထွက်နေသရွေ့ အခြား အဆင်မပြေမှုများကို ကိုယ့်ဟာကိုယ် ဖြေရှင်းလိုက်လို့ ရသည်။ ဂွမ်ထက်ဂျူက ကိုယ်တွင် အေးခဲပြီး ကပ်နေသော အဝတ်အစားများကို မနည်းချွတ်ပစ်ကာ ရေပန်းအောက်တွင် ရပ်လိုက်၏။
ခန္ဓာကိုယ် အတွင်းထဲထိ အေးစက်နေမှုကို လျော့သွားစေရန် ရေပူဘက်သို့ ခလုပ်ကို အပြည့်ဖွင့် လိုက်သော်လည်း၊ မျှော်လင့်ထားသည့် ရေပူမှာ ရေအေးနှင့် ရေချိုးပြီးမှသာ ရေပိုက်ခေါင်းမှ ထွက်လာခဲ့သည်။ ရေအေးများဖြင့် ချိုးပြီးနောက် ရေချိုးဝတ်စုံ မရှိသည့် ပြဿနာအတွက် သဘက်ကြီးကြီးတစ်ထည်ကို ခါးတွင် ပတ်ကာ အဆင်မပြေမှု နောက်တစ်ခုကို ဖြေရှင်းလိုက်၏။
ဂွမ်ထက်ဂျူ အိပ်ခန်းကျဥ်းလေးထဲ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် အကောင်ငယ်လေးများက လှစ်ခနဲ ပြေးပုန်းသွားကြသည်။ သူ့အခန်းဖော် ပိုးဟပ်လေးများ ဖြစ်ပြီး၊ အနည်းဆုံး အကောင်ပေါက်လေး ၃-၄ ကောင်ခန့်ပင် ရှိလိမ့်မည်။ ဆိုက်ဘီးရီးယားကဲ့သို့ အေးသောဒေသ (အပူချိန် အနုတ် ၄၀ မှ ၅၀ ဒီဂရီစင်တီဂရိတ် အထိ) တွင်ပင် မိတ်လိုက်ကာ ဥအုနိုင်သည် ကို အကောင်လိုက် ထွက်ပြကာ သက်သေ ပြသွားကြ၏။
ဂွမ်ထက်ဂျူက စိတ်ပျက်မှုကို ခေါင်းယမ်းပြီး ခါထုတ်လိုက်ကာ အိပ်ရာပေါ်သို့ မဆိုင်းမတွ လှဲချလိုက်သည်။ မည်သည့်အချိန်က သန့်ရှင်းရေးလုပ်ခဲ့သည်ကို မသိသော မွေ့ယာပေါ်မှ ဖုန်မှုန့်တစ်သိုက်က ဂွမ်ထက်ဂျူထံ အလုံးအရင်းနှင့် ပြေးဝင်လာကြ၏။
ဖုန်တို့ကြောင့် နှာခေါင်းနှင့် လည်ချောင်းထဲတွင် ယားယံပြီး မသက်မသာဖြစ်ကာ ချောင်း ဆက်တိုက်ဆိုး နေသော်လည်း၊ ဂွမ်ထက်ဂျူက ထ,မထိုင်ချင်ပေ။ ယခုအချိန်တွင် လက်ချောင်းလေးတစ်ချောင်း မြှောက်ရန်ကိုပင် အားမသုံးချင် ဖြစ်နေပြီ။
သူ လှည့်လိုက်တိုင်း အိပ်ရာစပရိန်က တကျွီကျွီ မြည်နေ၏။ ခုတင်က သူ့အလေးချိန်ကြောင့် ချက်ချင်း ပြိုကျသွားလျှင်တောင် အံ့ဩမည် မဟုတ်ပေ။ သို့သော် ခုတင်ကျိုးခြင်း မကျိုးခြင်းကို စဥ်းစားမနေတော့ဘဲ အိပ်ပျော်သွားရန်သာ ကြိုးစားလိုက်သည်။
ဂွမ်ထက်ဂျူသည် လှဲအိပ်နေသော်လည်း သူ၏ခန္ဓာကိုယ်က လေးလံနေသည်ဟု ခံစားနေရဆဲဖြစ်ကာ ခေါင်းထဲတွင် မူးနောက်ရီဝေနေသည့်အတွက် မျက်လုံး ခဏမှိတ်လိုက်လျှင် သတိပြန်လည်လာပါ့မလားဟုပင် တွေးစရာ ဖြစ်နေ၏။ သို့သော်လည်း ပင်ပန်းလွန်းနေသည့် သူ့မျက်လုံးများ မှေးစင်းလာပြီး အိပ်ငိုက်လာတော့သည်။
ဂွမ်ထက်ဂျူက မျက်လုံးများ ဖြည်းဖြည်းချင်း မှိတ်ကျလာပြီး အိပ်ပျော်တော့မည့် အချိန်တွင် စိတ်က အမေထံသို့ ရောက်သွားလေသည်။
ယခုဆို အမေကို ဆက်သွယ်ရန် အချိန်ရောက်နေပြီ ဖြစ်သော်လည်း၊ ဖုန်းအပါအဝင် အရာအားလုံး ပေါက်ကွဲမှုထဲ ပါသွားသောကြောင့် ဘာလုပ်ရမှန်း မသိတော့ပေ။ ဂွမ်ထက်ဂျူက သူ၏ မိခင်နှင့် လုံးဝဆက်သွယ်မှု ပြတ်တောက်သွားသည့် အခြေအနေကို စိတ်ကူးကြည့်မိသည်။ တစ်ရက်ဆိုလျှင် ပြဿနာ မရှိသော်လည်း၊ ရက်အနည်းငယ် ကြာသွားလျှင် အမေက ဂွမ်ထက်ဂျူကို ရှာဖွေရန် အိမ်က ထွက်လာပေလိမ့်မည်။
ဂွမ်ထက်ဂျူက သာမန်အရာရှိလေးတစ်ဦး မဟုတ်သည်ကို သိသွားလျှင်၊ သေချာပေါက် အိပ်ရာထဲလဲ သွားဦးမည်ပင်။ အမေက သူ့ကို အဖေနှင့်အစ်ကိုတို့ကဲ့သို့ ဖြစ်သွားမည်ကို တွေးပူလျက် နေ့ညမပြတ် ငိုကြွေးနေရင်း သူ ပြန်အလာကို မစောင့်နိုင်ဘဲ အရင်ကွယ်လွန်သွားနိုင်သည်။
‘မဖြစ်ဘူး.. ဒီလို ဖြစ်လို့မရဘူး..’
ဂွမ်ထက်ဂျူ ထထိုင်လိုက်ပြီး စားပွဲပေါ်က တယ်လီဖုန်းလက်ကိုင်ကို ကောက်ယူလိုက်ကာ ဧည့်ကြိုကောင်တာကို ဖုန်းခေါ်လိုက်၏။ သို့သော် ဖုန်းခွက်ထဲမှ အသံတစ်ခုမျှ မကြားရဘဲ တိတ်ဆိတ်နေလေသည်။ ဖုန်းကို ဖုန်းအထိုင်ခွက်ပေါ် ချလိုက်ပြီး ခေါ်ကြည့်သော်လည်း အခြေအနေက မပြောင်းလဲချေ။
ဂွမ်ထက်ဂျူက သံသယဝင်လာပြီး ဖုန်းကြိုးကို ဆွဲကြည့်လိုက်ရာ ထင်ထားသည့်အတိုင်း ကြွက်ကိုက်ထားပုံရသည့် ဝါယာကြိုးတန်းလန်းကို မြင်လိုက်ရသည်။
အဆိုးရွားဆုံး အခြေအနေများတွင်ပင် တည်ငြိမ်နေခဲ့သော ဂွမ်ထက်ဂျူသည် လက်ထဲ ကိုင်ထားသော ဖုန်းကို ဒေါသတစ်ကြီး ပစ်ချလိုက်၏။
‘တစ်နေ့လုံး စိတ်တိုင်းကျတာ တစ်ခုမှ မရှိသေးဘူး’
သူ့ စိတ်လိုပင် ရှုပ်ထွေးနေသော ဆံပင်ရေစိုများကို လက်ဖြင့် ထိုးဖွရင်း ဘာလုပ်ရမလဲ တွေးကာ ခေါင်းစား သွားတော့သည်။
‘ဒါပဲ လုပ်စရာ ရှိတော့တယ်’
ရေခဲရိုက် အဝတ်အစားများကိုလည်း ပြန်မဝတ်ချင်ပေ။ ဧည့်ကြိုကောင်တာသို့ မသွားလို့ကလည်း မဖြစ်သည့် နောက်တော့ သူ၏ အရေးအကြီးဆုံး အစိတ်အပိုင်းကို ဖုံးပြီး သွားရန်သာ ရှိတော့သည်။ သို့ဖြင့် သဘက်အသေးတစ်ထည်ကို ခါးတွင်ပတ်ပြီး ရုပ်တည်ဖြင့် ပထမထပ်သို့ ဆင်းလာခဲ့သည်။
သူ့ကို ဝိုင်းကြည့်ကြမည့် အခြားဧည့်သည်များ ရှိနေမလား စိုးရိမ်ခဲ့ပေမဲ့ တစ်ယောက်မျှ ရှိမနေခဲ့ပေ။ မိုတယ်ပိုင်ရှင်က ကောင်တာပေါ်တွင် ထိုင်ပြီး ငိုက်မျဥ်းနေရာ၊ ဂွမ်ထက်ဂျူက စားပွဲကို လက်ဖြင့် ခေါက်လိုက်မှ လန့်နိုးသွား၏။
“အို၊ လန့်သွားတာပဲ။ ဘာကိစ္စလဲ?”
“ကျွန်တော် နိုင်ငံခြားဖုန်း ခေါ်ချင်တယ်။”
“ဒါက စျေးကြီးတယ်၊ အဆင်ပြေလား?”
“ပြဿနာ မရှိဘူး၊ ကတ်နဲ့ပေးလို့ ရမလား?”
မိုတယ်ပိုင်ရှင်က ဂရုမစိုက်သလို ခေါင်းညိတ်ကာ ကောင်တာထဲမှ နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်သည့် ဖုန်းတစ်လုံးကို ထုတ်ယူလိုက်၏။ ဖုန်းမှာ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေပြီး ကြာမြင့်စွာ အသုံးမပြုဘဲ ထားဟန်တူသည်။
ဂွမ်ထက်ဂျူက ငွေပေးချေမှုအတွက် လိုအပ်သော အချက်အလက်များ ပေးလိုက်ပြီးနောက် ဖုန်းလက်ကိုင်ကို ကောက်ယူလိုက်၏။ ထို့နောက် အချိန်မဆိုင်းတော့ဘဲ နိုင်ငံကုဒ်နှင့် အိမ်ဖုန်းနံပါတ်ကို နှိပ်လိုက်လေသည်။
ဖုန်းခေါ်သံများ စတင် မြည်လာပြီး မကြာခင် အမေက ဖုန်းကို ကိုင်လိုက်၏။
“ဟယ်လို” ဟု ထူးသံကပင် ပုံမှန်မဟုတ်ဘဲ စိုးရိမ်နေဟန် တူသည်။
“သားပါ၊ အမေ သားကို ဖုန်းခေါ်ခဲ့သေးလား?”
ဂွမ်ထက်ဂျူက အမေ ဆက်တိုက် မေးလာမည့် မေးခွန်းများကို မျှော်မှန်းထားပြီးသားပင်။ ဖုန်း ဘာကြောင့် မကိုင်တာလဲ၊ ဘာတွေ ဖြစ်နေတာလဲ၊ ဘယ်နေရာမှာများ ဒဏ်ရာရနေလဲ? စသဖြင့်။
အမေဖြစ်သူက စိုးရိမ်စွာဖြင့် ရက်ပေါင်းများစွာ အဆက်အသွယ် ပြတ်သွားသူတစ်ဦးကဲ့သို့ အသေးစိတ် မေးမြန်းနေ၏။ ဂွမ်ထက်ဂျူက ဤအခြေအနေမျိုးကို ကျင့်သားရနေပြီ ဖြစ်ရာ၊ အမေ စိတ်သက်သာရာရစေရန် ရှောင်လွှဲ ပြောဆိုတတ်နေခဲ့ပြီ။
အမေ့ဆီ နေ့တိုင်း ဖုန်းဆက်ပါမည့် အကြောင်း အက်ကြောင်းထပ်အောင် ပြောပြီးမှ ဖုန်းချနိုင်ခဲ့၏။ အမေနှင့် ဖုန်းပြောရန် စိတ်ခွန်အား အတော် သုံးလိုက်ရသဖြင့် အင်အားတို့ ကုန်ခမ်းသွားလေပြီ။
ဂွမ်ထက်ဂျူက ပင်ပန်းနေသည့် မျက်လုံးများကို ဖိပွတ်လိုက်စဉ် ဗိုက်ထဲမှ အသံမြည်ပြန်၏။ ဗိုက်ဝမှသာ သက်တောင့်သက်သာ အိပ်ပျော်မည် ဖြစ်သဖြင့် တစ်ခုခု စားရန် တွေးမိလိုက်သည်။
အိပ်ချင်တယ် အနှောက်အယှက်မပေးနဲ့ ဟု မပြောရုံတမည် အမူအရာဖြင့် ဆက်တိုက် သမ်းနေသည့် မိုတယ်ပိုင်ရှင်ဘက်သို့ ဂွမ်ထက်ဂျူ လှမ်းကြည့်လိုက်ပြီး
“ဒီနားမှာ စားကောင်းတဲ့ ဆိုင်တွေ ရှိလား?” ဟု မေးလိုက်၏။
မိုတယ်ပိုင်ရှင်မှာ အတော်လေး စိတ်မရှည်ဖြစ်သွားကာ ထရပ်လိုက်ပြီး ဆိုင်တစ်ဆိုင်ရှိရာဘက်သို့ လက်ညှိုးနှင့် ညွှန်ပြလိုက်လေသည်။
မိုတယ်ပိုင်ရှင်က ဆိုင်ကို ညွှန်ပြပြီးနောက် ပြန်ထိုင်ရန် အလုပ်တွင် ဂွမ်ထက်ဂျူ၏ ခါးတွင် ပတ်ထားသော သဘက်မှာ လျော့ကျသွားလေသည်။ ဂွမ်ထက်ဂျူ ပြန်မဆွဲ ရသေးခင်မှာပင် သဘက်က ကြမ်းပြင်ပေါ်သို့ ကျသွားခဲ့လေပြီ။ ဂွမ်ထက်ဂျူက သူ၏အောက်ပိုင်းကို စိုက်ကြည့်နေသော ပိုင်ရှင်အား နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်၏။
“ကျွန်တော် အဝတ်အစားတွေလဲ လိုအပ်မယ် ထင်တယ်။”
အနီးတစ်ဝိုက်ရှိ စားသောက်ဆိုင် အများကြီးကြားမှ ဘာကြောင့် ခြောက်ကပ်နေသောဆိုင်ကို ညွှန်းခဲ့သလဲ။
ဂွမ်ထက်ဂျူက လူသူကင်းမဲ့နေသော စားသောက်ဆိုင်ထဲတွင် ထိုင်နေရင်း၊ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေမိ၏။
ဤဆိုင်က ဒေသခံများသာသိသော လျှို့ဝှက်အရသာရှိသည့် ဆိုင်တစ်ဆိုင် ဖြစ်လိမ့်ဟု သူ့ကိုယ်သူ နှစ်သိမ့်ဖို့ ကြိုးစားနေစဥ် ဆိုင်ပိုင်ရှင်ကို မြင်သည်နှင့် သူ့အတွေးများ ချက်ချင်းပင် ပြောင်းသွားသည်။
အကယ်၍ မိုတယ်ပိုင်ရှင်က ' အီဗန်နိုဗစ်ချ် ' ဆိုလျှင် ဒီဆိုင်ပိုင်ရှင်က ' အီဗန်နိုဗာ ' ဖြစ်နိုင်သည်။ ဆံပင်ပုံစံ အနည်းငယ် ကွဲသော်လည်း၊ မသိလျှင် တစ်ယောက်တည်း ဟုပင် ထင်ရလောက်သည်။
[T/N : ' အီဗန်နိုဗစ်ချ် က ယောက်ျားလေး နာမည်။ အီဗန်နိုဗာ က မိန်းကလေးနာမည်ပါ။ ဆိုင်ကလည်း တစ်ပုံစံတည်း လူကလည်း တစ်ပုံစံတည်းလို့ ပြောချင်တာပါ။ ]
မီနူးစာအုပ် မရှိသလို အော်ဒါမှတ်ရန် စာရွက်လေး တစ်ရွက်ပင် ကိုင်မလာချေ။ ဂွမ်ထက်ဂျူကို အချိန်အတော်ကြာအောင် လျစ်လျူရှုထားသည့် ဆိုင်ပိုင်ရှင်က သူမှာ ယူထားခြင်းမရှိသော အစားအစာများကို ယူဆောင် လာပေးသည်။ ဂေါ်ဖီဖြင့် ချက်ထားသော ဘောရှ့်ခ် ဟင်းရည်နှင့် ရုရှားစတိုင် ပယ်လ်မင်နီ (Pelmeni) ဖက်ထုပ်များ ဖြစ်သည်။
ဂွမ်ထက်ဂျူက စူးစမ်းသည့် အကြည့်နှင့် ဆိုင်ပိုင်ရှင်ကို ကြည့်လိုက်ရာ သူ(မ)က အရှေ့တွင် ရှိသော နံရံကို ညွှန်ပြလိုက်ပြီး နံရံတွင် ကော်ဖီ၊ ဗော့ဒ်ကာနဲ့ ကဗားစ် (Kvas) ဆိုသည့် စာများ ရေးထားတာသည်ကို တွေ့လိုက်ရသည်။
ရုရှားရိုးရာ ယမကာဖြစ်သည့် ကဗားစ် ကို ရွေးချယ်ပြီး သူ့စားပွဲပေါ်တွင် အသင့် တင်ထားသော အစားအစာများကို စတင် မြည်းစမ်းလိုက်၏။
ပထမတစ်ကိုက် စားလိုက်သည်နှင့် သိုးသားအနံ့က ပျံ့နှံ့လာပြီး အရသာက ပေါပေါပဲပဲ ရောင်းတန်း အရသာလောက်သာ ဖြစ်နေသည်ကို သိလိုက်ရသောအခါ မျက်ခုံးကြုတ်ပြီး ဆက်လက် စားနေလိုက်၏။ ဂွမ်ထက်ဂျူမှာ အရသာ မခံတော့ဘဲ ကဗားစ် ယမကာကို သောက်ရင်းနှင့် အစာများ အရက်ဖြင့် မျှောချနေရသည်။
ဝါးလိုက် မြိုချလိုက် လုပ်နေရင်း ခေါင်းထဲ၌ ဖြစ်စဥ်များအားလုံးကို ပြန်လည် စုစည်းနေမိ၏။ ရုရှား သို့ ရောက်ပြီးကတည်းက ကံဆိုးမှုများသာ တွေ့ကြုံနေရသည်။ ဤမျှ ရှုပ်ထွေးမွှေနှောက် သွားအောင် ဖြစ်သွားသည်မှာ တစ်ခုခု၏ ပယောဂ မကင်းသောကြောင့် ဖြစ်နိုင်သည်။
နယ်မြေ မကျွမ်းကျင်သော နေရာသို့ တာဝန်ပေးအပ်ခံရခြင်း၊ ရုရှားရောက်ပြီး ပထမနေ့တွင်ပင် ပြန်ပေးဆွဲခံရခြင်း၊ တတိယနေ့တွင် ဗုံးပေါက်ကွဲမှု တစ်ခုကြောင့် သူ၏ပစ္စည်းအားလုံး ပျောက်ဆုံးသွားခြင်းနှင့် မကြာသေးမီကပင် ရေနစ်သေလုနီးပါ ဖြစ်ခဲ့ရခြင်း တို့ဖြင့်၊ ဤအသက်လေးတစ်ခုကို ထိန်းသိမ်းရန် အခက်တွေ့ခဲ့ရသည်။
ထို့ပြင် သုံးစားမရသည့် အရူးပါတနာ တစ်ယောက်လည်း ရှိသေးသည်။ အရူးကောင်လက်ချက်ဖြင့် အသက် မထွက်သွားသည်ကပင် ကံကောင်းသည်ဟု ဆိုနိုင်သည်။
‘ဟူးးး တစ်ဘဝလုံးစာ ကံဆိုးမှုတွေက သုံးရက်အတွင်း တစ်ပြိုင်တည်း ရောက်လာကြတာလား’
ဂွမ်ထက်ဂျူ စိတ်ထဲတွင် အလွန်အမင်း မရိုးမရွ ဖြစ်နေပြီး ဒေါသတို့ ပေါက်ကွဲ ထွက်ချင်နေသော်လည်း၊ စိတ်အေးအေးထားကာ တည်ငြိမ်ရန် ကြိုးစားနေ၏။ ပြီးပြီးသားကိစ္စများအတွက် ပေါက်ကွဲနေလျှင်လည်း အကျိုးမရှိပေ။ ဘယ်လို ရှေ့ဆက်ရမလဲ စဥ်းစားခြင်းက ပိုထိရောက်မှု ရှိသည်။
ပထမဦးစွာ သူ အသက်ရှင်နေသေးကြောင်းနှင့် မတော်တဆဖြစ်စဉ် အပါအဝင် လက်ရှိအခြေအနေအားလုံးကို ဌာနချုပ်သို့ အစီရင်ခံပြီး အထောက်အပံ့များ ထပ်ယူရမည်။ ပြီးလျှင် ဤနေရာမှ အမြန်ဆုံးထွက်ခွာရမည်။
ဂွမ်ထက်ဂျူက ဘော့ဒါနော့ဗ် ၏ ပစ်မှတ်တစ်ခု ဖြစ်လာခြင်းကို ထည့်သွင်း စဉ်းစားပါက၊ ဘော့ဒါနော့ဗ် အပြင် အခြားသူများကလည်း သူ့ကို ပစ်မှတ်ထားနိုင်သည်။ သူ၏ လုံခြုံရေးအတွက် အခြေအနေအရပ်ရပ်ကို ရှင်းရှင်းလင်းလင်း နားလည်ထားရန် လိုအပ်နေပြီ။
‘ဌာနချုပ်ကို ဘယ်လို ဆက်သွယ်ရမလဲ။ ‘
ဆက်သွယ်ရေးပစ္စည်းများ ပေါက်ကွဲ ပျက်စီးသွားပြီ ဖြစ်ကာ၊ ဂွမ်ထက်ဂျူ ရုရှားတွင် ရှိနေသည်မှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ကိုရီးယား၏ လူဝင်မှုကြီးကြပ်ရေးဌာနများ သာမက၊ သံရုံးကပါ ဤအမှန်တရားကို မသိရှိခဲ့ပေ။
ရုရှားတွင် နေထိုင်စဉ် ဂွမ်ထက်ဂျူ၏ ကိုယ်ရေးအချက်အလက်မှာ “ဟိရို ဆခမိုတို” ဖြစ်သော်လည်း၊ မျက်နှာအတု မရှိဘဲနှင့် ဂျပန်သံရုံးသို့ သွားလို့မရပေ။
ဂွမ်ထက်ဂျူသည် အချိန်ပေးပြီး အခြားလုပ်နိုင်သောအရာများ ရှိနိုင်သေးမလား စဥ်းစားနေ၏။ သို့သော် သူ့တွင် ဇန်းညာ ဆိုသော ရွေးချယ်စရာ နည်းလမ်းတစ်ခုတည်းသာ ရှိနေသည်။ အနှီအရူးကို မည်သို့ ဆက်သွယ်ရမှန်း မသိသည်ကလည်း ပြဿနာတစ်ရပ်ပင်။
ဇန်းညာသည် ကြိုတင် မချိန်းဆို တတ်သလို သူပေါ်လာချင်သည့် အချိန်မှသာ ပေါ်လာတတ်ပြီး၊ ကြိုတင်ခန့်မှန်း၍ မရသောကြောင့် စောင့်ဆိုင်းရုံသာ ရှိတော့မည်။ အယုတ်တမာကောင်က ဘာတစ်ခွန်းမှ မပြောဘဲ ကတ်တစ်ခု ပေးခဲ့ရုံနှင့် လုံလောက်ပြီ ထင်နေသည်။ ဂွမ်ထက်ဂျူမှာမူ ဘယ်သောင်ဘယ်ကမ်း ကပ်ရမည် မသိသည့် ခွေးလေလွင့်လေးလို ဖြစ်နေ၏။
“တကယ်ပါပဲ”
ဘာမှ မတတ်နိုင်သည့် ကိစ္စအတွက် စိတ်ရှုပ်နေခြင်းကို အဆုံးသတ်လိုက်ပြီး ခက်ရင်းကို ချလိုက်။ ဗိုက်ပြည့် သွားသည့်အခါ အရသာ မရှိသောအစားအစာများကို ဆက်စားချင်စိတ် မရှိတော့ပေ။
ဂွမ်ထက်ဂျူက ဘေလ်ယူပြီး ငွေရှင်းကောင်တာဆီသို့ လျှောက်သွားလိုက်သည်။ ထိုစဥ် သူ့အနောက်တွင် ရှိသော တံခါးမှ ခေါင်းလောင်းသံ မြည်လာခဲ့ပြီး ရဲအရာရှိနှစ်ဦး အတွင်းသို့ ဝင်လာခဲ့ကြသည်။
သူတို့သည် ဆိုင်ပိုင်ရှင်နှင့် အလွန်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ဟန်တူသည်။ ထို့ကြောင့် ဝင်ဝင်ချင်း ဆိုင်ရှင်ကို ဖော်ရွေစွာ နှုတ်ဆက်ပြီး၊ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ကြ၏။ ပိုင်ရှင်က သူတို့ သောက်နေကျ ဗော့ဒ်ကာ နှင့် ဖန်ခွက် ယူလာပြီး စားပွဲ၌ ခဏစကားပြောကာ ငွေရှင်းကောင်တာသို့ ပြန်လာခဲ့သည်။
“ငွေ ၃၀၀၀ ရူဘယ် ကျပါတယ်”
သူ(မ)သည် ငွေပမာဏ ပြောရာတွင် အလွန်နှေးကွေးစွာ ပြောဆိုခဲ့သည်။
၁၀၀၀ ရူဘယ် သည်ပင် များပြားလှပြီ ဖြစ်သော်လည်း၊ သူ(မ)၏ မျက်နှာအမူအရာမှာ မလုံမလဲဟန် တစ်စက်မျှ မရှိဘဲ ယုံကြည်မှု အပြည့်ဖြင့် ရှိနေခဲ့၏။
ဂွမ်ထက်ဂျူက အစားအစာ၏ အရည်အသွေးနှင့် ဈေးနှုန်းကို လုံးဝ မကျေနပ်ပေမဲ့ အငြင်းအခုံ ပြုလုပ်ရန် အင်အားရှိ မနေချေ။ ကတ်ထဲက ပိုက်ဆံက အရူးကောင်၏ ပိုက်ဆံသာ ဖြစ်သည့်အတွက် ကတ်ကို တိတ်တဆိတ် ထုတ်ပေးလိုက်၏။
ဆိုင်ပိုင်ရှင်က ကတ်ကို မြင်တော့ အတော်လေး မကျေမနပ် ဖြစ်သွားပုံရလေသည်။ ဂွမ်ထက်ဂျူက ငွေသား မရှိကြောင်း ပြောသည့်အခါ မဖြစ်မနေ ကတ်ကို လက်ခံလိုက်ရ၏။
ငွေပေးချေသည့် စက်တွင် ပြဿနာတစ်ခု ရှိနေဟန်တူပြီး အတော်အတန် ကြာသည်အထိ မပြီးနိုင် ဖြစ်နေ၏။
ဆိုင်ပိုင်ရှင်က သူ့ကတ်ကို အကြိမ်များစွာ ဖြတ်ကြည့်ပြီးနောက် ဂွမ်ထက်ဂျူကို တစ်ချက်ကြည့်ကာ ရဲအရာရှိ နှစ်ဦးထိုင်နေသော စားပွဲဆီသို့ သွားလေသည်။ ထို့နောက် သူတို့က ဂွမ်ထက်ဂျူ ဘက်သို့ ကြည့်ပြီး တစ်ခုခုကို တီးတိုး ပြောနေကြလေသည်။
ဂွမ်ထက်ဂျူကလည်း သူတို့ စားပွဲဝိုင်းသို့ လှည့်ကြည့် လိုက်ချိန်တွင် ရဲနှစ်ဦးနှင့် မျက်လုံးချင်းဆုံမိသည်။ ထိုရဲနှစ်ဦး၏ မျက်လုံးတွင် အမျိုးအမည် မသိသော ရှုတ်ချမှုတို့ ရှိနေလေသည်။
‘ငါ့အကြောင်း ပြောနေကြတာလား’
ရဲနှစ်ဦးအနက်မှ တစ်ဦးက ထလိုက်ကာ ဂွမ်ထက်ဂျူထံသို့ ချဉ်းကပ်လာလေသည်။
“ကျွန်တော်မှာ တစ်ခုခု မှားနေလို့လား?” ဟု ပြောလျက် ရဲအရာရှိကို စိတ်ရှုပ်စွာဖြင့် စိုက်ကြည့်လိုက်၏။
“စကားနည်းနည်း ပြောကြမလား၊ ဆရာ”
ထိုအချိန်အတွင်း ထိုင်နေသော ရဲအရာရှိက သူ့ကို ဘေးတစ်ဖက်သို့ ရောက်လာပြီး လက်မောင်းကို ဆုပ်ကိုင်လိုက်၏။
‘ဘာဖြစ်ပြန်တာလဲ။ သောက်ပြဿနာတွေက မပြီးနိုင်တော့ဘူးလား’
‘တစ်ခုခု နားလည်မှု လွဲတာလား’
နားလည်မှုလွဲခြင်းဆိုလျှင် အေးအေးဆေးဆေး စကားပြောဆိုရုံဖြင့် ပြီးသွားနိုင်သည်။
အဓိကအချက်မှာ သူက မျက်နှာအတု မဝတ်ထားသောကြောင့် မျက်နှာအစစ်နှင့် ဖြစ်နေပြီး “ဟိရို ဆခမိုတို” မဟုတ်တာပင်။ သူ၏ ပုံစံအမှန် ပေါ်သွားနိုင်သောကြောင့် ရဲတပ်ဖွဲ့နှင့် ဆက်စပ်နေသည့် အရာများကို ရှောင်ရှားရမည်။
‘ဒီအတိုင်း ထွက်ပြေးလိုက်ရမလား’
သူ့အတွက် ရဲနှစ်ဦးစလုံးကို လက်ဗလာနှင့် တိုက်ခိုက်ရန်လည်း မခက်ခဲပေ။ သို့သော် ဂွမ်ထက်ဂျူ စိုးရိမ်မိသည်မှာ ထွက်ပြေးလိုက်ပါက သူ မသိသော စွပ်စွဲချက်များကို ဝန်ခံရာရောက်ပြီး ရုရှားရဲတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးခြင်းကို ခံရနိုင်သည်။ လက်ရှိ ပုန်းအောင်းနေရသည့် အခြေအနေအရ သူ့နောက်လိုက်သူ ပိုမို များပြားလာခြင်းက ကောင်းကျိုး နည်းနည်းမျှ မရှိချေ။
ပထမဆုံး ဂွမ်ထက်ဂျူ အနေနှင့် ဘာလုပ်သင့်သည်ကို အေးအေးဆေးဆေး စဉ်းစားဖို့ လိုအပ်သည်။
“အကြောင်းပြချက်လေးတော့ ပြောပြရမှာ မဟုတ်ဘူးလား?”
“ခင်ဗျား သုံးနေတဲ့ကတ်က ခိုးခံရတယ်လို့ တိုင်ထားတယ်”
ဟမ်.. မဖြစ်နိုင်တာ..
ဤကတ်ကို မိုတယ်တွင် အသုံးပြုခဲ့စဥ်က မည်သည့် ပြဿနာမှ မရှိခဲ့ချေ။ ဆိုင်ပိုင်ရှင်က မယုံနိုင်သလို ဖြစ်နေသည့် ဂွမ်ထက်ဂျူကို ကတ်တာမင်နယ်တွင် ပေါ်နေသည့် သတိပေးစာကို ပြလိုက်သည်။
“အချိန်ဆွဲမနေနဲ့ သွားကြမယ်။”
ရဲအရာရှိက သတိပေးစာကို ကြောင်ကြည့်နေသော ဂွမ်ထက်ဂျူကို ဖိအားပေးလိုက်၏။
‘ဘာလုပ်ရမလဲ။ လိုက်သွားရင်လဲ ပိုရှုပ်ကုန်လိမ့်မယ်’
ယခုအချိန်တွင် သူက ဌာနချုပ်နှင့် အဆက်အသွယ် ပြတ်နေပြီး၊ အကူအညီရရန် မျှော်လင့်လို့ မရနိုင်ပေ။ ဂွမ်ထက်ဂျူက ရဲနှစ်ယောက်ကို အမှောက်သိပ်ပြီး ထွက်ပြေးရမလား စဉ်းစားနေတုန်းမှာပင် ဖိအားပေးနေသည့် ရဲက လက်ထိပ်ကို ထုတ်ကာ သူ့ကို ဖမ်းရန် လုပ်နေလေပြီ။
ထိုခဏအတွင်းမှာပင် ဂွမ်ထက်ဂျူ၏ လက်သီးက မြှောက်တက်လာခဲ့၏။
“ခွပ်”
သူ့ကို လက်ထိပ်ခတ်ရန် ကြိုးစားနေသည့် ရဲ၏မျက်နှာကို ဂွမ်ထက်ဂျူက လက်ပြန် ရိုက်လိုက်ပြီး၊ တံတောင်ဆစ်ဖြင့် ရင်ဘတ်ကို တစ်ဆက်တည်း ထိုးနှက်လိုက်သည်။ ရဲအရာရှိမှာ နှာခေါင်းနှင့် ရင်ဘတ်ကို ကိုင်ပြီး လဲကျသွားလေသည်။ မျက်နှာကို ကိုင်ထားသည့် ရဲ၏ လက်ချောင်းများကြားမှ နီရဲနေသောသွေးများ စီးထွက်လာ၏။
အခြားရဲတစ်ဦးက သူ့အဖော် သွေးထွက်သွားသည်ကို မြင်လိုက်ရခြင်းကြောင့် ဒေါသထွက်သွားကာ မျက်လုံးကြီး ပြူးလျက် တိုက်ခိုက်လာလေသည်။
“အာ... ဒီကောင်!”
ဂွမ်ထက်ဂျူက သူ့လက်မောင်းကို ရဲလက်ထဲမှ လွှတ်အောင် ရုန်းလိုက်ပြီး ရဲ၏ ဝမ်းဗိုက်ကို ဖြတ်ကန်ရန် အားယူနေစဥ် ဆိုင်တံခါးမှ ခေါင်းလောင်းသံတစ်ချက် မြည်လာခဲ့သည်။
ဂွမ်ထက်ဂျူ၏ ခြေထောက်ရှည်ရှည်တို့က လေထဲတွင် မြောက်လျက် တန်းလန်းကြီး ဖြစ်နေသလို ရဲအရာရှိကလည်း ပြန်ကာရန် လုပ်နေကာ နှစ်ယောက်လုံး၏ လှုပ်ရှားမှုတို့က တို့လို့တန်းလန်း ဖြစ်နေကြ၏။
အချိန်ကိုက် အတိအကျ ဝင်လာသူမှာ ဇန်းညာပင်။
မျှော်နေသူ၏ မျက်နှာကို မြင်လိုက်ရသောကြောင့် ဂွမ်ထက်ဂျူက စိတ်သက်သာရာ ရသွားမိ၏။
‘ကတ်ပိုင်ရှင် ရောက်လာပြီဆိုတော့ ပြေးစရာမလိုတော့ဘူး‘
ထို့ကြောင့် ဂွမ်ထက်ဂျူ တိုက်ခိုက်မနေတော့ဘဲ ပုံမှန်အတိုင်း ပြန်ရပ်နေလိုက်လေသည်။ သို့သော် ရဲအရာရှိက သူ့အား ခုန်အုပ်ကာ ကြမ်းပြင်ပေါ်သို့ ဖိချထားလိုက်လေသည်။ ထို့နောက် ဂွမ်ထက်ဂျူ၏လက်များကို နောက်ပြန်ကွေးကာ လက်ထိပ်ခတ် လိုက်လေသည်။
ဂွမ်ထက်ဂျူက ဇန်းညာကို မျက်ရိပ်ပြလိုက်ပြီး ဤအခြေအနေကို အမြန်ဆုံး ဖြေရှင်းပေးရန် မျက်လုံးဖြင့် အချက်ပြနေသည်။
သို့သော် ဇန်းညာက အရှုပ်အထွေး ဖြစ်နေသည့်နားကို မလာဘဲ စားသောက်ဆိုင်အတွင်း အေးအေးလူလူ လှည့်ပတ် ကြည့်ရှုနေ၏။
‘ဆိုင်ကို အရင် စစ်ဆေးနေတာလား၊ အရေးကြီးတာကို အရင်လုပ်သင့်တာ မဟုတ်ဘူးလား ’
ဂွမ်ထက်ဂျူမှာ ရဲများ၏ အထုအထောင်းကို ခံလိုက်ရပြီး ကြမ်းပြင်မှ အကြမ်းပတမ်း ဆွဲထူခံလိုက်ရသည်။
လက်ထိပ်ခတ် ပြီးသွားသည့် ရဲက အသက်ကို အမောတကော ရှုလိုက်ပြီး ယခုလေးတင် သတိပြန်လည်လာသည့် သူ့အဖော်၏ အခြေအနေကို မေးမြန်းနေ၏။ နှာခေါင်း သွေးယိုနေသောရဲမှာ မုန်းတီးမှု အပြည့်ဖြင့် ဂွမ်ထက်ဂျူကို နောက်ကျော်ဘက်မှ တွန်းရင်း ဆိုင်မှ ထွက်ခွာရန် ဖိအားပေးလိုက်သည်။
ဂွမ်ထက်ဂျူက တစ်လှမ်းမျှ မရွေ့ဘဲ နေရာတွင် ခိုင်ခိုင်မြဲမြဲ ရပ်နေပြီ ဇန်းညာကိုသာ စူးစူးစိုက်စိုက် ကြည့်နေ၏။
“မြန်မြန်သွား!”
ရဲအရာရှိက ဒေါသထွက်ကာ အော်ဟစ်လိုက်တော့သည်။
သို့သော် ဂွမ်ထက်ဂျူက ရွေ့မည့်ဟန် မရှိသဖြင့် အားသုံးပြီး ဆုံးမရန် လက်သီးကို ရွယ်လိုက်လေသည်။ အားပြင်းသည့် လက်သီးချက်က လက်နောက်ပြန် လက်ထိပ်ခတ် ခံထားရသော ဂွမ်ထက်ဂျူ၏ မျက်နှာပေါ်သို့ ကျရောက်ခါနီးဆဲဆဲတွင် လျင်မြန်သောအဟုန်ဖြင့် တစ်စုံတစ်ရာက ဝင်ရောက် ဟန့်တားလိုက်၏။
“အာ့!”
မိမိ မျက်စိရှေ့ တွင် ဖြစ်ပျက်နေသော်ငြားလည်း ဂွမ်ထက်ဂျူမှာ ယိုးတိုးရိပ်တိတ်သာ မြင်လိုက်ပြီး ဘာဖြစ်သွားမှန်း မသိချေ။ နောက်ဆုံး သိလိုက်ရသည်က ဇန်းညာ၏ ဖြောင့်စင်းနေသော ကျောပြင်က သူ့အရှေ့တွင် နံရံတစ်ခုကဲ့သို့ ခိုင်မာစွာ ကာကွယ်ပေးထားသည်ကိုပင်။
ဇန်းညာက ရဲ၏ လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင် မြှောက်တင်ထားပြီး လည်ပင်းကို တင်းတင်းညစ်ခံထားရသောကြောင့် ရဲ၏မျက်နှာမှာ တခဏအတွင်း ဖြူဆုတ်သွားလေသည်။ ရဲအရာရှိ၏ မျက်လုံးများက ပြူးကျယ်လာလျက် သတိလစ်တော့မလို ဖြစ်လာသည့်အခါမှသာ ဇန်းညာက လွှတ်ချလိုက်လေသည်။
ထိုရဲမှာ အရုပ်လေးတစ်ရုပ်လို ကြမ်းပြင်ပေါ်သို့ ခြေကားယား လက်ကားယားဖြင့် ပြုတ်ကျသွားလေသည်။ အစက ဖြူစုပ်သွားသော မျက်နှာမှာ သွေးများ ပြန်လည် စီးဆင်းလာသည့်အတွက် နီမြန်းလျက်ရှိသည်။
“ငါနဲ့ အရင် စကားပြောရအောင်”
ဇန်းညာ က ကြမ်းပြင်ပေါ် လဲကျသွားသော ရဲကို ငုံ့ကြည့်ရင်း ခပ်အေးအေး ပြောလိုက်၏။
ရုတ်တရက် ညှိနှိုင်းလာသည့် လူကို ဘယ်လို ယူဆရမည်မသိဘဲ ရဲနှစ်ဦးက တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြ၏။ အချိန်အတန်ကြာမှ ရဲတစ်ဦးက တုံ့ဆိုင်းစွာ ခေါင်းညိတ်လိုက်ပြီး၊ ဇန်းညာကို သူ့နောက် လိုက်ခဲ့ရန် အချက်ပြလိုက်လေသည်။ ဇန်းညာ က ဂွမ်ထက်ဂျူ ဘက်သို့ တစ်ချက်ကြည့်ပြီး တိတ်တဆိတ် လိုက်ပါသွား၏။
ဂွမ်ထက်ဂျူသည် ပြတင်းပေါက်အနီးရှိ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ပြီး၊ ဇန်းညာနှင့် ရဲတစ်ဦး အပြင်တွင် စကားပြောနေကို စောင့်ကြည့်နေသည်။ အရူးကောင်က ကြောင်တောင်တောင် အပြုံးကို ခဏခဏ လုပ်နေပြီး ရဲအရာရှိနှင့် အဆင်ပြေပြေ ညှိနှိုင်းနေပုံရသည်။
ဂွမ်ထက်ဂျူသည် ဇန်းညာ၏ နှုတ်ခမ်းလှုပ်ရှားမှုများကို ကြည့်ကာ ဘာပြောနေသလဲကို မှန်းဆ ကြည့်နေသော်လည်း သူ့ကို စောင့်ကျန်ခဲ့သည့် ရဲက မြင်ကွင်းကို ပိတ်ဆို့နေသဖြင့် ဘာမှ မသိလိုက်ရပေ။
ဂွမ်ထက်ဂျူ အာရုံစိုက်လိုက်သည့် အချိန်တိုင်း ထိုရဲ၏ အဆီထူသော တင်ပါးက သူ့မြင်ကွင်းကို လာ၍ ပိတ်ဆို့နေလေသည်။
ညှိနှိုင်းခြင်းက သိပ်မကြာလိုက်ဘဲ ဇန်းညာနှင့် ရဲအရာရှိတို့ စားသောက်ဆိုင်ထဲသို့ ပြန်ဝင်လာကြ၏။ ဂွမ်ထက်ဂျူ က အခြေအနေကို မေးသလို ဇန်းညာကို ကြည့်လိုက်ရာ အနှီအရူးက ထုံးစံအတိုင်း အူကြောင်ကြောင် အပြုံးတစ်ခုကို လုပ်ရင်း ပခုံးသာ တွန့်ပြလာသည်။ သူနှင့် အတူဝင်လာသော ရဲအရာရှိသည် အံ့အားသင့်နေသော အဖော်ရဲအား အသေးစိတ် မရှင်းပြဘဲ ဂွမ်ထက်ဂျူကို လက်ညှိုးထိုးလိုက်ပြီး ထင်မထားသော စကားကို ပြောလိုက်၏။
“မင်းကို လွှတ်လိုက်ပြီ”
သို့သော် ဂွမ်ထက်ဂျူမှာ မယုံနိုင်သေးသလို ရှိနေကာ ဇန်းညာကို ကြည့်နေပြီး ညှိနှိုင်းမှုက ဘယ်လို ဖြစ်သွားလဲ မေးချင်နေလေသည်။
ရဲအရာရှိက လက်ထိတ်များကို ချက်ချင်း ဖြုတ်ပေးလိုက်ပြီး ခပ်မြန်မြန် နှုတ်ဆက်ကာ စားသောက်ဆိုင်မှ ထွက်ခွာသွားကြလေသည်။
ယခုအချိန်ထိ အဖြစ်အပျက်အားလုံးကို စောင့်ကြည့်နေခဲ့သော ဆိုင်ပိုင်ရှင်မှ ခေါင်းပင် စောင်းလျက် တအံ့တသြ ဖြစ်နေ၏။ ဂွမ်ထက်ဂျူမှာလည်း ထိုနည်းတူစွာ ရှုပ်ထွေးနေလေသည်။
“မင်း ဘာလုပ်လိုက်တာလဲ”
“သူတို့ကို အရက်ဖိုးအနေနဲ့ ပိုက်ဆံ နည်းနည်း ပေးလိုက်တာပါ” ဟု ဇန်းညာက အရေးမကြီးသလို ပေါ့ပေါ့ပါးပါး ဖြေလာခဲ့သည်။
ဂွမ်ထက်ဂျူက လက်နှစ်ဖက်ကို ပိုက်လျက် ရပ်နေပြီး ဇန်းညာကို မယုံသလို စိုက်ကြည့်နေ၏။
ဇန်းညာသည် မည်သည့်အချိန်၌မဆို ခပ်ပြုံးပြုံးဖြင့် အေးအေးသက်သာ ရှိနေတတ်သည်။ ထိုအသက်မပါသည့် အူကြောင်ကြောင်အပြုံးက တစ်ခုခုကို ဖုံးကွယ်ထားသည့် မျက်နှာဖုံးပင် ဖြစ်နေနိုင်သည်။
သူ့ပုံစံက အရူးတစ်ယောက်ကဲ့သို့ ထင်ရာမြင်ရာ လုပ်ဆောင်နေသလို ဖြစ်နေသော်လည်း အကွက်ကျကျ စီစဥ်ပြီးမှ လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း ဂွမ်ထက်ဂျူ ရိပ်မိလာ၏။
သူ ရှိရာကို ဇန်းညာက ဘာကြောင့် တန်းတန်းမတ်မတ် ရောက်လာခဲ့သလဲ။
ဤအခြေအနေကလည်း ဇန်းညာ ကြိုတင်တွက်ဆထားသည့် အဖြစ်အပျက်မျိုး ဖြစ်ဟန် တူသည်။ သူ့ကို ပေးခဲ့သော ကတ်၏ အသုံးပြုမှုနေရာကို ခြေရာခံရန် စီစဥ်ထားသည်၊ သူ့ကို ရှာမတွေ့ပါက ခိုးယူခံရသော ကတ်အဖြစ် ရဲဌာနသို့ တိုင်ကြားမည်။
ပါတနာက အဆင်ပြေနေ၊ မပြေနေကို ဂရုမစိုက်ဘဲ လိုချင်သည့်အရာကိုသာ ရှေးရှုတတ်သည့် စရိုက်ကလည်း ဒီအရူးကောင်က မရိုးရှင်းနိုင်ကြောင်း ဖော်ပြနေသည့် အထောက်အထားတစ်ခုပင်။
နောက်တစ်ချက်မှာ ဆိုက်ခ် ဘော့ဒါနော့ဗ် ရှိနေသည့် ကား ဆိုသော်လည်း သူ့ပါတနာ ကားထဲ ရှိနေချိန်မှာပင် နည်းနည်းမျှ တွန့်ဆုတ်မနေဘဲ သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။
ဇန်းညာသည် ဂွမ်ထက်ဂျူ၏ သံသယမျက်လုံးများဖြင့် အကြည့်ခံနေရခြင်းနှင့် အလွန်ရင်းနှီးနေသလို သက်တောင့်သက်သာ ရှိနေ၏။ အဆိုးဆုံးမှာ နည်းနည်းမျှ စိတ်မသက်မသာ မဖြစ်သည့်အပြင် ဂွမ်ထက်ဂျူက သူ့ကို စိတ်ဝင်စားစွာ ကြည့်ရှုစေချင်သလိုမျိုး ဂွမ်ထက်ဂျူ ရှေ့တွင် ပြုံးပြုံးကြီး ရပ်နေပေးခြင်းပင်။
အရူးကောင်၏ စိတ်ကသိကအောက် ဖြစ်စရာအပြုအမူကြောင့် ဂွမ်ထက်ဂျူ၏ သရော်သံက ယခင်ကထက် ပိုကျယ်လာတော့သည်။
“အရမ်း အလုပ်များတာပဲလား။ မျက်နှာတစ်ခါ မြင်ဖို့တောင် မလွယ်ဘူး"
“ဘာလဲ။ မင်းက ငါ့ကို မင်းအနားမှာ ထားပြီး အမြဲ ကြည့်နေချင်တာလား”
‘သောက်ရူးကောင် မင်းနားနဲ့ နှုတ်သီးကို ချုပ်ထားလိုက်ရင် အကောင်းဆုံးပဲ ’
ဂွမ်ထက်ဂျူက ဇန်းညာ လုပ်သကဲ့သို့ သွားများကို ပေါ်အောင် စပ်ဖြီးဖြီး ပြန်ပြုံးပြလိုက်၏။
ဇန်းညာကို စိုက်ကြည့်နေသော မျက်လုံးများက ဇန်းညာ၏ ပခုံးကို ကျော်ပြီး နောက်က လှုပ်ရှားနေသည့် အရိပ်တစ်ခု ထံသို့ ရောက်သွား၏။ ဇန်းညာက ဂွမ်ထက်ဂျူ အကြည့်ကြောင့် နောက်လှည့်ကြည့်မည် အပြုတွင် ဂွမ်ထက်ဂျူက ဇန်းညာကို မေးစေ့မှ ကိုင်လိုက်ပြီး မျက်လုံးများကို စိုက်ကြည့်ကာ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။
“တစ်ယောက်ယောက်က ခုနကတည်းက ဒီဘက်ကို လှမ်းကြည့်နေတယ်၊ မင်း နောက်ကို လိုက်နေတာလား မသိဘူး”
“အာ...”
“လုံးဝ သတိမထားမိဘူးနဲ့ တူတယ်”
“ငါတို့ အခု ဘယ်လိုလုပ်ရမလဲ”
“ရှင်းပစ်မှ ဖြစ်မှာပေါ့”
“ဒါဆို မင်း ဒီမှာနေ ငါ ဖြေရှင်းပြီး ပြန်လာမယ်”
“အကူအညီလိုရင် ငါ့ကို အခုပြောလို့ ရတယ်။”
“ကျေးဇူးပဲ ဒါပေမဲ့ မလိုဘူး”
ဇန်းညာက အပြုံးလေးဖြင့် အဖြေပေးပြီး ထွက်သွား၏။ ဇန်းညာ စားသောက်ဆိုင်မှ ထွက်သွားသည်နှင့် တပြိုင်နက် ထောင့်တစ်နေရာတွင် ပုန်းအောင်းနေသူက မငြိမ်မသက် ဖြစ်လာလေသည်။
ဇန်းညာက ထိုလူ ရှိရာဘက်သို့ အေးဆေးတည်ငြိမ်စွာ လျှောက်သွားနေကာ သူ၏ရှည်လျားသော ကုတ်အင်္ကျီ အနားစများမှာ လေထဲတွင် တလူလူ လွင့်နေလေသည်။
ဇန်းညာ နီးကပ်လာလေ ကြောက်လန့်လေ ဖြစ်နေသည့် သူလျှိုမှာ နောက်ဆုံးတွင် ထွက်ပြေးလေတော့သည်။ သူ့နောက်သို့ လိုက်နေသည့် ဇန်းညာကတော့ ဖြည်းဖြည်းသာ လမ်းလျှောက်နေရင်း မကြာမီ ဂွမ်ထက်ဂျူ၏ မြင်ကွင်းမှ နှစ်ဦးစလုံး ပျောက်ကွယ်သွားကြသည်။
၂-၃ မိနစ်အကြာတွင် ဇန်းညာ ပြန်ပေါ်လာလေသည်။ ဂွမ်ထက်ဂျူက ဇန်းညာကို ကြည့်ရင်း တစ်ခုခု လွဲနေသလို မျက်ခုံးများကို ကြုတ်လိုက်မိသည်။ အကြောင်းမှာ လွန်ခဲ့သော မိနစ်အနည်းငယ်ကပင် ဝတ်ဆင်ထားသေးသည့် စျေးကြီးပုံရသော သားမွေးအနွေးထည်ရှည်ကြီးက မပါလာသောကြောင့်ပင်။
“ကုတ်အင်္ကျီက ဘယ်ရောက်သွားလဲ?”
“ပစ်လိုက်ပြီ”
ဂွမ်ထက်ဂျူက အကြောင်းရင်းကို ဆက်မေးမနေတော့ပေ။ ကုတ်အင်္ကျီက ဘာဖြစ်သွားလဲ ဆိုသည်ကို သိနေပြီ ဖြစ်သော်လည်း ဇန်းညာမှာ အခြေအနေကို တက်တက်ကြွကြွ ရှင်းပြချင်နေသည်။
“ညစ်ပတ်သွားလို့လေ”
ထိုအဖြေကြောင့် ဂွမ်ထက်ဂျူက ဇန်းညာ၏ လက်ချောင်းများကို ကြည့်လိုက်မိ၏။ ကြည့်ရန် မရည်ရွယ်ပေမဲ့ ထိုလက်ချောင်းများက သူ့အာရုံကို ဆွဲဆောင်ထားနိုင်သည်။ ထိုလက်ချောင်းများဖြင့် လူတစ်ယောက်၏ မျက်လုံးများကို ထိုးဖောက်ခဲ့ဖူးသည်။
‘ဒီနေ့ကော ဘယ်နေရာကို ထိုးဖောက်ခဲ့တာလဲ။ ကုတ်အင်္ကျီ ညစ်ပစ်သွားတာ ဆိုတော့ လည်ပင်းလား၊ ပါးစပ်နဲ့ နှာခေါင်းကို ဖိပြီး အသက်ရှုကြပ်အောင် လုပ်လိုက်တာလား။’
‘ မဖြစ်နိုင်ဘူး ထင်ရပေမဲ့ ဒီအရူးအတွက်ကျ လွယ်လွန်းတယ် ’
ဂွမ်ထက်ဂျူ ကိုယ်ခန္ဓာတစ်ခုလုံးရှိ အကြောအခြင်များမှာ စိတ်မသက်မသာဖြစ်မှုကြောင့် တောင့်တင်းသွားလေသည်။
‘သူကမှ မြစ်ထဲ သေသွားတဲ့ ‘ဆိုက်ခ် ဘော့ဒါနော့ဗ်’ ထပ် ‘ဆိုက်ကိုကောင်’ လို့ ခေါ်သင့်တာ’
ဂွမ်ထက်ဂျူသည် ဇန်းညာ၏ လက်ချောင်းများကို စိုက်ကြည့်ရင်း အတွေးထဲ နစ်ဝင် နေလေသည်။ 'ဖျောက်' ဆိုသော အသံပျော့ပျော့ တစ်ခုကို ကြားလိုက်ရသောကြောင့် ဂွမ်ထက်ဂျူ၏ အတွေး ပြတ်တောက်သွား၏။
ဇန်းညာက သူ့မျက်နှာအရှေ့တွင် လက်ဖျောက် လာတီးနေသည်ကိုပင် သတိမမူမိမှန်း သိသွားသောအခါ ဂွမ်ထက်ဂျူ တုန်လှုပ်သွားမိသည်။
ဂွမ်ထက်ဂျူ မော့ကြည့်လိုက်ရာ ဇန်းညာက အပြုံးတုကြီးတစ်ခု ဖြင့် ပြုံးပြနေပြန်သည်။ ဂွမ်ထက်ဂျူကလည်း ထိုအပြုံးကို တစ်စက်ကလေးမျှ ကြည့်မရပေ။
ထို့နောက် ဇန်းညာက မျက်မှောင်ကြုတ်လိုက်ကာ ယခုပြောမည့်ကိစ္စက အရေးကြီးသယောင် မျက်နှာကို အလေးအနက်ထားဟန် ပြင်ဆင်လိုက်ပြီး ဂွမ်ထက်ဂျူကို စူးစိုက်ကြည့်ရင်း ရင်ဘတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်လေသည်။
“တစ်ခြားတွေ ကြည့်မနေနဲ့၊ ဒီကို ကြည့်”