no

Font
Theme

အခန်း ၂။ ကနဦးဇာတ်ကြောင်း။ ဘူဆန်မြို့ အထူးတာဝန် (၂)

အီချော့ဂျင်းသည် ဂွမ်ထက်ဂျူအား အထိတ်တလန့်ဖြင့် ကြည့်ရင်းမှ ထိုသူ၏ မျက်လုံးများ ညွှန်နေရာသို့ အကြည့် ရောက်သွားခဲ့သည်။

ဒုတိယမြောက် မြည်ဟိန်းသံ တစ်ခုနှင့်အတူ ဂွမ်ထက်ဂျူသေနတ်မှ မီးပွားများ လွင့်စင်ထွက်လာပြီး၊ ကျည်ဆံမှာ ပစ်မှတ်ဆီသို့ တိကျစွာဖြင့် ထိမှန်သွားခဲ့သော်လည်း အော်ဟစ်၍ ရုတ်ချည်း လဲကျသွားသူမှာ အီချော့ဂျင်း မဟုတ်ဘဲ ဂွမ်ထက်ဂျူ အနောက်မှ တိတ်ဆိတ်စွာ ချည်းကပ်လာနေသည့် ကင်မ်ယောင်ဟီးသာ ဖြစ်လေသည်။

ကင်မ်ယောင်ဟီး၏ ဆင်စွယ်ရောင် အပေါ်ကုတ်အင်္ကျီမှာ သွေးနီတို့ဖြင့် စွန်းထင်းနေပြီး လက်ထဲမှ လွင့်စင်ထွက်သွားသည့် ပစ္စတိုကလည်း လေထဲတွင်ပင် သေနတ်တစ်ချက်ကို ပစ်ခတ် သွားခဲ့သည်။ ထိုပစ်ချက်က ဘယ်သူ့ကို ချိန်ရွယ်ထားခဲ့သလဲ? ဂွမ်ထက်ဂျူလား? သူ့ပါတနာ အီချော့ဂျင်းကိုလား? မရေမရာ ဖြစ်နေသည်။

ထိုအချိန်တွင် ကင်မ်ယောင်ဟီးမှာ ကျည်ဆံ ထိမှန်ခံထားသည့် ညာဘက်လက်ကို ဆုပ်ကိုင်၍ အောက်သို့ ထိုင်ချလိုက်တော့သည်။

ဂွမ်ထက်ဂျူတစ်ယောက် အီချော့ဂျင်းဘက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် အီချော့ဂျင်းက ဓားကို အဝေးသို့ လွှင့်ပစ်လိုက်ထားပြီး သူ့ကို ကျောခိုင်းကာ မတ်တပ် ရပ်နေလေသည်။ စင်္ကြံသံလက်တန်းကို ဖမ်းကိုင်လျက် အသက်ပြင်းပြင်း ရှုရှိုက်နေသည့် အီချော့ဂျင်း၏ ပုခုံးတို့က မြင့်တက်သွားကာ ကျောပြင်တို့မှာလည်း ပြည့်ဖောင်း လာကြသည်။

ထိုမြင်ကွင်းကြောင့် အီချော့ဂျင်း တစ်ခုခု လုပ်လာတော့မည် ဖြစ်ကြောင်း အေးဂျင့်တစ်ယောက်၏ အလိုလိုသိစိတ်က ဂွမ်ထက်ဂျူကို သတိပေးနေသည်။ ထိုအချိန်၌ပင် အီချော့ဂျင်းက သံလက်တန်းကို တင်းကြပ်စွာ ဖမ်းဆုပ်ထားရာမှ ပင်လယ်ထဲသို့ ရုတ်တရက် ခုန်ချသွားလေသည်။

ဂွမ်ထက်ဂျူ အလျင်အမြန် ပြေးလိုက်သွားသော်လည်း အနီးသို့ မရောက်မီ “ဝုန်း” ကနဲ မြည်သံတစ်ခုကို ကြားလိုက်ရသည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ မည်းနက်နေသည့် ပင်လယ်ပြင်ကြီး၏ တစ်နေရာ၌ လှိုင်းကြက်ခွပ်ဖြူဖြူများ လှုပ်ခတ်နေသည်ကိုသာ မြင်လိုက်ရသည်။

ယင်းနေရာ တစ်ဝိုက်အတွင်း အီချော့ဂျင်းကို အတန်ကြာ ရှာဖွေကြည့်သော်လည်း ဘာအရိပ်အယောင်မှ မတွေ့ရှိခဲ့ပေ။ ဂွမ်ထက်ဂျူမှာ လက်မလျော့ချင်သေးဘဲ ခဏမျှ ထပ်မံ စောင့်ကြည့်နေစဉ်မှာ အစောပိုင်း ရေလှိုင်းခတ် နေသည့်နေရာမှ အီချော့ဂျင်းတစ်ယောက် ဖြည်းညင်းစွာ ဦးခေါင်း ပြူထွက်လာသည်ကို တွေ့လိုက်ရသည်။

‘ဒီလောက် အမြင့်ကြီးကနေ ပင်လယ်ပြင်ထဲ ခုန်ချတာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာပဲ မဟုတ်လား’ ထိုစဥ် ပင်လယ်ထဲ ကူးခတ်နေသော အီချော့ဂျင်း အနီးသို့ လှေတစ်စင်းက ရုတ်တရက် ထူးဆန်းစွာ ရောက်ချလာခြင်းက ဂွမ်ထက်ဂျူ၏ အတွေးကို လှောင်ပြောင်ပျက်ရယ် ပြုလိုက်သလိုပင်။

ထွန်းထားသည့် မီးရောင်ဖြင့် ကြည့်လျှင် သစ်သား ငါးဖမ်းလှေဟောင်းကြီးဟုသာ ထင်ရသော်လည်း ယင်းသို့ အသွင်ယူ ပြင်ဆင်ထားကြောင့်သာလျှင် စုံစမ်းစစ်ဆေးရေးဌာနများ၏ စောင့်ကြည့်စစ်ဆေးရာ နယ်နိမိတ်များ ထံမှ သံသယကင်းစွာ ရှောင်ကွင်း လွတ်မြောက်၍ ဤနေရာဆီသို့ ရောက်လာခြင်း ဖြစ်နိုင်သည်။

အမှောင်ထုတွင်း အီချော့ဂျင်း ရှိရာထံ ဖြည်းညင်းစွာ ခုတ်မောင်းနေသည့် ထိုလှေအိုမှာ ကြိုတင်စီစဉ်ပြီးသား လွတ်လမ်းတစ်ခုဖြစ်ကြောင်း ရိပ်မိသွားသောကြောင့် ဂွမ်ထက်ဂျူ ရုတ်ချည်း ထိတ်ပျာ သွားတော့သည်။

အီချော့ဂျင်း၏ အကြံအစည်မှာ သင်္ဘော အပြန်လက်မှတ်တစ်စောင်ဖြင့် သတင်းလိုက်သူတို့၏ အာရုံကို လွှဲပြောင်းထားလိုက်ပြီး ပစ်မှတ်ပစ္စည်း လက်ခံရရှိသည်နှင့် တပြိုင်နက် ပင်လယ်တွင်း ပျောက်ကွယ်သွားရန် ဖြစ်နိုင်ခြေ ရှိသည်။

ဂွမ်ထက်ဂျူ သေနတ်ဖြင့် အမြန်ပစ်ခတ်လိုက်သော်လည်း ညအမှောင်ယံ၏ မှုန်ရီဝိုးတဝါး မြင်ကွင်းကြား ဝေးလံသည့် တစ်နေရာတွင် ခုတ်မောင်းနေသည့်လှေကို ထိမှန်ရန်က မလွယ်ကူချေ။ ယခုအချိန်တွင် ပစ်မှတ်က မျက်စိရှေ့တွင် မြင်နေရသေးပြီး ထိုသူအား လွတ်မြောက်ခွင့်ပေးလိုက်ပါက သူ၏ မူလအစီအစဉ်ကို ပိုမိုရှုပ်ထွေးသွားနိုင်စေသည်။ ထိုသူအား ပစ်သတ်ခွင့်မပြုသည့် အမိန့်တာဝန်ကြောင့်သာ သူ့အနေဖြင့် ဤမျှ ကြိုးပမ်း အားထုတ်နေရခြင်း ဖြစ်သည်။

ယခုအထူးတာဝန် စီမံကိန်း၏ ရည်ရွယ်ချက်မှာ တောင်ကိုရီးယားနိုင်ငံတွင်း အချိန်ကာလကြာမြင့်စွာ ပုန်းခိုနေထိုင်ပြီး လူမှုနယ်ပယ်တွင်း ရာထူးကြီး အထင်ကရပုဂ္ဂိုလ်များ အနေဖြင့် နိုင်ငံရေး လျှို့ဝှက်ချက်များ ခိုးယူနေသည့် မြောက်ကိုရီးယားသူပုန်များကို ရှာဖွေရန် ဖြစ်သည်။

အဆိုပါ ကြိုးပမ်းမှုများ၏ နောက်ကွယ်တွင် ပူးပေါင်းဆက်နွယ်နေသူမှာ ဧကန်မလွဲ တစ်ဦးထက်မက ပိုနေနိုင်သောကြောင့် ပြဿနာဇစ်မြစ်တစ်ခုလုံး မထုတ်ဖော် နိုင်သေးသ၍ ထိုသူကို အပြတ်ရှင်းလို့ မရနိုင်သေးသည်ကို ဂွမ်ထက်ဂျူ နားလည်ထားသည်။

သူ စီးနင်းလိုက်ပါရာ အပျော်စီးသင်္ဘောက ဆက်လက် ခုတ်မောင်းနေလေရာ ငါးဖမ်းလှေငယ်က ပိုမိုဝေးကွာသထက် ဝေးကွာသွားခဲ့လေသည်။

ငါးဖမ်းလှေ၏ စက်ခန်းထဲမှ လူတစ်ယောက် ထွက်လာပြီး အီချော့ဂျင်းကို လှေပေါ်သို့ ဆွဲတင်လိုက်လေသည်။ ရေစိုနေသည့် အပေါ်အင်္ကျီကို ချွတ်လိုက်ချိန် အီချော့ဂျင်း၏ ခန္ဓာကိုယ်ပတ်လည်တွင် ရေပေါ်ပေါ်စေသည့် အသက်ကယ် ရေပူဖောင်းများစွာကို ချည်နှောင်ထားသည်ကို တွေ့လိုက်ရ၏။

အီချော့ဂျင်းက သူတို့၏ ငါးဖမ်းလှေ မောင်းထွက်သွား နှင့်တပြိုင်နက် ဂွမ်ထက်ဂျူအား သရော်ပြုံးတစ်ခုဖြင့် ကြည့်လျက် အောင်နိုင်သူ ဟန်ပန်ဖြင့် လက်ပြ နှုတ်ဆက်လိုက်လေသည်။

ဂွမ်ထက်ဂျူသည် နှုတ်ခမ်းတွန့်ရုံမျှသာ တစ်ချက် ပြုံးလိုက်ပြီး ပုံမှန်မျက်နှာတည် နေကျအတိုင်း ချက်ချင်း ပြောင်းလဲ သွားပြီးလျှင် နောက်လှည့်၍ လဲကျနေသည့် ကင်မ်ယောင်ဟီးထံ ချဉ်းကပ် သွားလေတော့သည်။

ကင်မ်ယောင်ဟီးမှာ လက်မောင်း ထိခိုက်ဒဏ်ရာကြောင့် တုန်ရီနေသော်လည်း တစ်စုံတစ်ရာကို ထုတ်ယူရန် ကြိုးစားနေခဲ့သည်။ ထိုတစ်စုံတစ်ရာက အဆိပ်ဆေးလုံးပင်။ ထို့ကြောင့် ဂွမ်ထက်ဂျူက သတ်သေရန် အားထုတ်နေသည့် ကင်မ်ယောင်ဟီး၏ နောက်စေ့ကို အလျင်အမြန် ရိုက်ချလိုက်၏။

သတိလစ်သွားသော ကင်မ်ယောင်ဟီး သတိပြန်ဝင်လာပါက မိမိကိုယ်ကို ထပ်မံ ထိခိုက်ခြင်း မပြုနိုင်စေရန် ပါးစပ်တွင်း လက်ကိုင်ပုဝါတစ်ထည် ထိုးထည့်လိုက်၍ ဘယ်လက်ကို နောက်ကျောဘက်သို့ ဆွဲယူပြီး ချုပ်နှောင် ထားလိုက်သည်။

ထိုအချိန်တွင် ဂွမ်ထက်ဂျူက မမျှော်လင့်ဘဲ ကင်မ်ယောင်ဟီး၏ ဘယ်လက်သူကြွယ်ရှိ လက်စွပ်တစ်ကွင်းကို တွေ့မြင် လိုက်ရသည်။ လက်စွပ်မှာ ပွန်းပဲ့ထိခိုက်ထားခြင်း အလျဉ်း မရှိသဖြင့် မကြာသေးမီကမှ ဝယ်ယူထားခြင်း ဖြစ်ကြောင်းလည်း အကဲခတ် လိုက်မိသည်။

“လက်စွပ်က ဒီလောက်လှ နေတာကို လိုက်ဖက်သွားအောင် လက်ကောက်ပါ ဆင်ပေးရမှာပေါ့”

ဂွမ်ထက်ဂျူမှ ထိုသို့ထေ့ငေါ့စွာ ပြောဆိုလျက် လက်ထိပ်တစ်ခု ထုတ်ယူကာ ကင်မ်ယောင်ဟီး ဘယ်ဘက်လက်နှင့် သံလက်တန်းကို တွဲ၍ လက်ထိပ်ခတ် ထားလိုက်၏။

လုပ်စရာရှိသည်များကို အပြီးသပ်ပြီးချိန်တွင် ဂွမ်ထက်ဂျူသည် ဆက်သွယ်ရေးကိရိယာကို ပြန်ဖွင့် ထားလိုက်သည်။

“အိုကေ၊ (၈) စက္ကန့်အတွင်း ရောက်အောင်လာခဲ့”

“အမ်??”

တစ်ဖက်လူမှ နားကြားမှားသည်အထင်ဖြင့် အာမေဋိတ်သံတစ်ခု ထွက်လာသည်ကို ဂွမ်ထက်ဂျူ တစ်ယောက် လျစ်လျူရှုထားလိုက်ပြီး သူ့လက်တွင် ပတ်ထားသည့် နာရီကိုသာ အာရုံစိုက် ကြည့်နေလေသည်။

နာရီဘေးရှိ ပြန်လည် စတင်သည့် ခလုတ်(Reset)ကို နှိပ်လိုက်သည့်အခါ နာရီလက်တံများ ကွယ်ပျောက်သွားပြီး လမ်းညွှန်အမှတ်အသားများ ထွက်ပေါ်လာသည်။ ဂွမ်ထက်ဂျူသည် အီချော့ဂျင်းကို နောက်ယောင်ခံလိုက်နေစဉ် ခြေရာခံစက်ကိရိယာကို ထိုသူ၏ ခါးပတ်တွင် မသိမသာ တပ်ဆင်နိုင်ခဲ့သည်။

ပစ်မှန်၏ တည်နေရာကို ကိုယ်စားပြုသော အနီရောင် အစက်တစ်စက်က အတော်အတန် ဝေးကွာသော လမ်းညွှန်မျဥ်းကြောင်းများ ကြားတွင် ဖြည်းညင်းစွာ ရွေ့လျားနေသည်ကို တွေ့လိုက်ရ၏။

ဂွမ်ထက်ဂျူက ထပ်မံ အချိန်ဆွဲနေရန် မဖြစ်နိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။

ထို့နောက် အသက်ကို ပြင်းပြင်းရှုသွင်းလိုက်ပြီး အပျော်စီးသင်္ဘော၏ အနောက်ဘက်ခြမ်းသို့ မဆိုင်းမတွ ပြေးထွက် သွားလေတော့သည်။

ကုန်းပတ်အဆုံးတွင် မတ်တပ်ရပ်လျက် လက်ရန်းတန်းပေါ် ခြေတစ်လှမ်းတက်လိုက်ပြီး တုံ့ဆိုင်းခြင်း မရှိဘဲ ခုန်ချလိုက်လေသည်။

ဂွမ်ထက်ဂျူ တစ်ဒင်္ဂမျှ အမြင်အာရုံ ပျောက်ဆုံး သွားခဲ့ပြီး သူ့ထံသို့ ဘက်ပေါင်းစုံမှ ပြေးဝင်လာသည့် အေးစက်နေသည့် လေပြင်းများကိုသာ ခံစားနေရပြီး ပြုတ်ကျနေသည့် ကြာချိန်မှာလည်း သူ့မျှော်မှန်းထားသည်ထပ် ပိုကြာနေလေသည်။

ဗွမ်း!!

နောက်ဆုံးတွင် ကျယ်လောင်သော ရိုက်ခတ်သံတစ်ခုနှင့်အတူ ပင်လယ်ရေတို့က ရေမျက်နှာပြင်ပေါ်သို့ မို့မောက်တက် သွားကြသည်။

မည်းမှောင်အေးစက်နေသော ပင်လယ်ရေသည် သူ့ကြွက်သားတိုင်းကို ဖိအားပြင်းပြင်းဖြင့် ဖျစ်ညှစ်နေကြပြီး ခန္ဓာကိုယ်ရှိ အပေါက်တိုင်းသို့လဲ အရှိန်ဖြင့် တိုးဝင်လာကြလေသည်။

ရုတ်ခြည်း ကျရောက်လာသည့် ပတ်ဝန်းကျင် အပြောင်းအလဲနှင့် သူ့ခန္ဓာကိုယ်က သဟဇာတ ဖြစ်သွားစေရန် ဂွမ်ထက်ဂျူ ရေအောက်ထဲသို့ ခေတ္တမျှ ငုပ်ဝင်နေလိုက်ပြီး၊ ရေစီးကြောင်းအတိုင်း မြောပါမသွားအောင် သူ့လက်မောင်း၊ ခြေထောက်တို့ကို အလိုက်သင့် ဖြည်းညင်းစွာ လှုပ်ရှားရင်း ခန္ဓာကိုယ်ကို ပြန်လည် ချိန်ညှိ နေလေသည်။

ထို့နောက် မျက်လုံးဖွင့်ပြီး ဘေးဘီကို ကြည့်လိုက်ချိန်တွင် အလင်းတစ်စုံတစ်ရာမရှိသည့် အမှောင်ထုအပြည့် ဖုံးလွှမ်းနေသော ပင်လယ်ရေများကိုသာ တွေ့လိုက်ရ၏။ ဂွမ်ထက်ဂျူ ရှိသမျှ အားအင်အလုံးစုံဖြင့် ခြေနှစ်ဖက်ကို ယက်ကန်လိုက်ပြီး ရေမျက်နှာပြင်ပေါ် တက်လာနိုင်ခဲ့သော်လည်း၊ ဤကဲ့သို့ လှိုင်းထန်နေသည့် ပင်လယ်ပြင်၌ မြောပါမသွားဘဲ လက်ရှိနေရာတွင် ဆက်လက်နေနိုင်ရန် အခက်တွေ့နေလေသည်။

ဂွမ်ထက်ဂျူက လက်ကောက်ဝတ်ကို ရေပေါ်သို့ မြှင့်တင်နိုင်ရန် မနည်း အားယူလိုက်ရပြီး ပြန်လည် စတင်သည့် ခလုတ်(Reset)ကို ထပ်မံနှိပ်လိုက်သည့်အခါ ရေကြောင်းလမ်းညွှန် အမှတ်အသားများ ကွယ်ပျောက်၍ နာရီမျက်နှာပြင် တစ်ခုလုံး လင်းထိန်သွားလေသည်။

နာရီကို မိုးပေါ်ထောင်လျက် အရေးပေါ် အချက်ပြမီးကဲ့သို့ အသုံးပြုပြီး နောက်ထပ် (၂)၊ (၃) စက္ကန့်အကြာတွင် နားယဥ်နေသည့် မော်တော်ဘုတ် အင်ဂျင်စက်သံကို မနီးမဝေးနေရာမှ ကြားလိုက်ရ၏။ မော်တော်ဘုတ်သံက တစ်စထပ်တစ်စ ကျယ်လောင်စွာ ကြားလာရပြီး သိပ်မကြာခင်မှာ ဆူညံသံက ပျောက်ဆုံးသွားကာ တိတ်ဆိတ်ခြင်းထဲသို့ ပြန်လည်ကျရောက်သွားလေသည်။

သို့သော် အရှိန်မသေသေးသည့် ပန်ကာမှ ပြန်ထွက်လာသော ရေမှုန်ရေမွှားတို့က ဂွမ်ထက်ဂျူ၏ အရေပြားကို လာရောက် ရိုက်ခတ်လာပြီး နားပူနားဆာ စကားသံတစ်ခွန်းကိုလည်း ကြားလိုက်ရ၏။

“ဒီအတိုင်း ဆက်လုပ်နေရင် ရေစောင့်သရဲ ဖြစ်သွားလိမ့်မယ်ကွ”

သူ ရှိရာနေရာဆီ (၈) စက္ကန့်အတွင်း အားအင် အကုန်ထုတ်သုံး၍ ပြေးထွက်လာခဲ့သည့် ယွန်းဂျုံးဝူ၏ လက်ကို ဂွမ်ထက်ဂျူ ဆုပ်ကိုင်၍ လှေပေါ်သို့ တက်လိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ရေစိုရွှဲနေသည့်အပြင် လွန်စွာ ချမ်းအေး၍ သက်တောင့်သက်သာ မဖြစ်သော်ငြား ဂွမ်ထက်ဂျူသည် သူ့နာရီကို ချွတ်ပြီး ယွန်းဂျုံးဝူဆီ ပစ်ပေးလိုက်သည်။

ယွန်းဂျုံးဝူမှ တစ်စုံတစ်ရာ မေးမြန်းခြင်းမရှိဘဲ နာရီထဲရှိ ဦးတည်ရာလမ်းကြောင်းမှ အနီရောင်အစက်ရှိရာဆီသို့သာ လှေကို စတင် ခုတ်မောင်းနေတော့သည်။

ဂွမ်ထက်ဂျူက သူ့အပေါ် အင်္ကျီချွတ်ပြီး ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။

မှောင်မိုက်နေသည့် ပင်လယ်ပြင်ထဲတွင် မော်တော်ဘုတ်လှေငယ်လေးမှာ လှိုင်းလေကြမ်းများကို အန်တုပြီး မြောက်ချည်ပေါ်ချည်ဖြင့် နယ်နမိတ်စည်း အပြင်ဘက်သို့ ရောက်လုနီးပါးဖြစ်နေသည့် အနီစက် ရှိရာဆီ ဦးတည်ကာ အလျင်အမြန် ခုတ်မောင်း သွားနေလေသည်။

ပီ၊ ပီ၊ ပီ၊ ပီ၊ ပီ၊ ပီပီပီ။

ရှေ့မြင်ကွင်း၌ ပစ်မှတ် သစ်သားစက်လှေကို မြင်တွေ့သည်အထိ နီးကပ်လာပြီး စက်လှေ ခုတ်မောင်းသံကိုလည်း ကြည်လင်ပြတ်သားစွာ ကြားလာရသည်။ ထွက်ပြေး တိမ်းရှောင်နေကျသူများပီပီ သူတို့အား နောက်ယောင်ခံ လိုက်လာနေသည်ကို ထိုလှေပေါ်မှ သတိထားမိပေလိမ့်မည်။

မကြာမီတွင် စက်ခန်းထဲမှ အမျိုးသားတစ်ဦး ထွက်လာပြီး ရိုင်ဖယ်ပြောင်းရှည်တစ်လက်ကို စွဲကိုင်လိုက်သည်ကို မြင်လိုက်ရသော ယွန်းဂျုံးဝူတစ်ယောက် အံကြိတ်၍ လှေပဲ့လမ်းကြောင်းကို အလျင်အမြန် ပြောင်းလိုက်ရသည်။ ရုတ်တရက် ကွေ့လိုက်သည့် လှေအရှိန်ကြောင့် လခြမ်းပုံ ရေလှိုင်းကြီးတစ်ခုပင် ဖြစ်ပေါ်သွားရလေသည်။

သို့သော်လည်း ပစ်ခွင်း ဝင်ရောက်လာသော သေနတ်ကျည်ဆံ အများစု ရှောင်လိုက်နိုင်ပြီး လှေဘေးဘက် တစ်နေရာသို့သာ ကျည်တစ်တောင့် ထိမှန်သွားခဲ့သည်။ ကံကောင်းစွာဖြင့် လှေအင်ဂျင်၊ ဓာတ်ဆီကန်ကို မထိမှန်သွားသောကြောင့် မီးလောင်ပေါက်ကွဲမှုကို ရှောင်နိုင်လိုက်၏။

ထိုငါးဖမ်းလှေ ပတ်လည်တွင် မီးအလင်း တစ်စုံတစ်ရာ မရှိပေ။ ထိုအခြေအနေမျိုးတွင် တစ်ဖက်ရန်သူကို သေနတ်မသုံးဘဲ ဖမ်းဆီး ထိန်းသိမ်းရန်မှာ မဖြစ်နိုင်မှုကြီး တစ်ခုလို ဖြစ်နေသည်။

ထိုလှေနားသို့ ချဉ်းကပ် လိုက်တိုင်း သေနတ်ကျည်ဆံများ အဆက်မပြတ် ကျရောက်လာကြပြန်သည်။ လက်နက်ကိုင်ပစ်မှတ်ကို အရှင်ဖမ်းဆီးရမည့် အမိန့်တာဝန်ကြောင့် ဂွမ်ထက်ဂျူတို့ဘက်မှ လှုပ်ရှားရန် အခွင့်မသာခဲ့ချေ။

သေနတ်ကျည်ဆံ ပစ်ခတ်မှုများမှ ရှောင်ရှားနေရခြင်း၊ ပစ်မှတ်ထံ ချဉ်းကပ်စဉ် ထပ်မံပစ်ခံရခြင်း၊ ဤသို့ ချောင်ပိတ်မိသည့် အနေအထားထဲတွင် ရောက်ရှိနေခြင်းကြောင့် ယွန်းဂျုံးဝူမှာ လှေပဲ့(စတီယာရင်ဘီး)ကို ဒေါသတကြီး လက်သီးဖြင့် ထိုးလိုက်သည်။ သူတို့၏ပစ်မှတ် လက်တစ်ကမ်းအကွာတွင် ရှိနေသည့်တိုင် မည်သို့မျှ ချဉ်းကပ်မရနိုင်သည်က အလွန်ပင် စိတ်ညစ်ဖွယ် ကောင်းနေတော့သည်။

“မင်း ဘေးဖယ်လိုက်တော့”

ယွန်းဂျုံးဝူကို အနောက်ဘက်သို့ ဆွဲထုတ်လိုက်ပြီး ဂွမ်ထက်ဂျူ ကိုယ်တိုင် လှေပဲ့ကို ထိန်းကိုင်၍ ထိုငါးဖမ်းလှေရှိရာဆီသို့ အရှိန်ဖြင့် ခုတ်မောင်းသွားလိုက်သည်။ လှေတစ်ခုလုံး ယိမ်းထိုး လှုပ်ခါနေပြီး ယွန်းဂျုံးဝူမှာလည်း ဟန်ချက်ပျက်၍ အထိတ်တလန့်ဖြင့် အော်ဟစ်နေတော့သည်။

“ဟာ စီနိယာ.. တိုက်မိတော့မယ်၊ တိုက်မိတော့မယ်ဗျ”

ယွန်းဂျုံးဝူမှာ ကြောက်လန့်စိတ်ကြောင့် ဆောက်တည်ရာမရ အော်ဟစ်နေသော်လည်း ဂွမ်ထက်ဂျူက လှေကို အရှိန်ထပ်တင် လိုက်ပြန်လေသည်။

ငါးဖမ်းလှေမှ ပစ်ခတ်လာသည့် ကျည်ဆံများကို ဂွမ်ထက်ဂျူက ကျွမ်းကျင်စွာ ပဲ့(စတီယာရင်ဘီး) ကို ထိန်းရင်း ရှောင်ရှား လိုက်သည့်အပြင် ထိုရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသော ရေလှိုင်းကြီးများကလည်း ငါးဖမ်းလှေ၏ ပဲ့ပိုင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင် ရိုက်ခတ်လိုက်ကြသည်။

ထိုဖြစ်စဉ်ကြောင့် သေနတ်ပစ်ခတ်မှုများ အရှိန်လျော့လာသဖြင့် ဂွမ်ထက်ဂျူသည် သစ်သားလှေ အရှေ့သို့ ဦးအောင် ကျော်တက် မောင်းနှင်သွားပြီးနောက် စတီယာရင်ဘီးကို ရုတ်တရက် ညာဘက်သို့လှည့်၍ လှေကို ကွေ့ဝိုက် လိုက်လေသည်။

မနိုင်ဝန်ထမ်းနေရသည့် အင်ဂျင်မှာ ကျယ်လောင်စွာ မြည်ဟီးနေလေသည်။ လှေတစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်နေသည့်အပြင် ရုတ်တရက် ကွေ့ဝိုက် လိုက်ခြင်းကြောင့် ယွန်းဂျုံးဝူမှာ ဟန်ချက် မထိန်းနိုင်တော့ဘဲ မျက်နှာ ဖြူဖတ်ဖြူရော် နေလေတော့သည်။

ဂွမ်ထက်ဂျူက အစောပိုင်းက မောင်းနှင်လာခဲ့သည့် လမ်းကြောင်းအတိုင်း မော်တော်ဘုတ်ကို နောက်ပြန်မောင်းနှင်လိုက်သည့် အချိန်တွင် ယွန်းဂျုံးဝူမှာ ဟန်ချက် မထိန်းနိုင်တော့ဘဲ လဲကျတော့မလို ဖြစ်သွားလေသည်။

မော်တော်ဘုတ်သည် သစ်သားလှေရှိရာသို့ ဦးတည်ကာ အမြင့်ဆုံးအရှိန်အထိ တင်ပြီး အင်ဂျင်ကုန် ဖွင့်ကာ လာနေချေပြီ။

အမှောင်ထဲတွင် ခဏတာ ပျောက်ဆုံးသွားသော မော်တော်ဘုတ်လှေက သူတို့ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် ထိုသစ်သားလှေပေါ်မှ ရန်သူများသည် ကြောက်လန့်တကြား အဆက်မပြတ် ပစ်ခတ်ကြတော့သည်။

ပဲထိန်း စတီယာရင်ဘီးကို မလွတ်တမ်း ကိုင်ထားရသည့် ဂွမ်ထက်ဂျူမှာ ပြန်လည် ပစ်ခတ်နိုင်စွမ်း မရှိချေ။ ပျာယာခတ်နေသည့် ယွန်းဂျုံးဝူမှာမူ ကာကွယ် ပစ်ခတ်ပေးရန် မဆိုထားနှင့် သူ့ခန္ဓာကိုယ်ကို မထိခိုက်မိစေရန် ဦးခေါင်းကို လက်နှစ်ဖက်ဖြင့်ဖိ၍ ကာထားလေသည်။

“ဒီအတိုင်း ဆက်မောင်းနေရင် သေသွားလိမ့်မယ်။ ခင်ဗျား သေသွားလိမ့်မယ်၊ သေသွားလိမ့်မယ်ဗျ သိရဲ့လား။ စောက်ရူးဘဲကြီး နားရော ထောင်နေရဲ့လား”

ကြောက်လန့်နေသည့် ယွန်းဂျုံးဝူ၏ အထက်လူကြီးပင် ဖြစ်လင့်ကစား ဂွမ်ထက်ဂျူအား မဆိုင်းမတွ အော်ဟစ် ဆဲဆိုတော့သည်။

သတိပေးနေသည်ကို အရေးမစိုက်ဘဲ ၎င်းအရှိန် ဖြင့်သာ ဆက်မောင်းနေပါက လှေနှစ်ဆင်း ထိပ်တိုက်ဝင် ဆောင့်တော့မှာ ဧကန်မလွဲပင်။

ယွန်းဂျုံးဝူသည် မျက်လုံးများကို စုံမှိတ်ချလိုက်ရင်းမှ သူအိမ်ပြန်အလာကို စောင့်မျှော်နေသော မိဘနှစ်ပါး၏ပုံရိပ်ကို မြင်ယောင် မိလာပြီး မျက်ရည်များပင် ဝဲတက်လာတော့သည်။

လွန်ခဲ့သည့်နှစ်လက သူ့အမေ ပို့ပေးလာသော ကင်မ်ချီဖိုးကို မပေးနိုင်သေးသော်ငြား သူ့အမေ့ထံမှ “ခွေးကောင်လေး သေချာစား” ဆိုသည့် စာတို ပို့လာခဲ့သည့်အမှတ်တရ သူ့စိတ်ထဲ စွဲထင်လာသည်။ မိခင်ဆိုသည်မှာ ထိုသို့ပင်။

ငါးဖမ်းလှေပေါ်မှ ရန်သူများသည်လည်း ဘေးအန္တရာယ်ဆိုးနှင့် ကြုံရတော့မည့်ဟု အရိပ်အယောင်ကို ခံစားနေခဲ့ရပြီ။ သူတို့ထံ အရှိန်ပြင်းပြင်း ဦးတည်လာနေသာ မော်တော်ဘုတ်ကို စိုက်ကြည့်ပြီး အခြေအနေမဟန်ဟု ယူဆကာ လှေကို စွန့်ခွာပြီး ခုန်ချလိုက်ကြသည်။

လှေနှစ်စင်း၏ အကွာအဝေးမှာ (၅)မီတာပင် မဝေးတော့သလို မော်တော်ဘုတ်၏ ဂီယာစက်သီး တို့က မရပ်မနား လည်ပတ်နေတုန်းပင်။ ယွန်းဂျုံးဝူမှာ မျှော်လင့်ချက်ကင်းမဲ့ခြင်း နှင့် စိတ်ဓာတ်ကျခြင်း တို့၏ ဖိစီးမှုကို အကြီးအကျယ် ခံစားနေရ၏။

လုံးဝ သွားပြီ ဟု သူထင်လိုက်သော အခိုက်အတန့်တွင်..

ဂွမ်ထက်ဂျူက စတီယာရင်ဘီးကို ခပ်ကြမ်းကြမ်း လှည့်လိုက်သလို စက်ကုန်ဖွင့်လာသည့် အရှိန်ကိုလည်း ရုတ်တရက် သပ်လိုက်ကာ ဘရိတ်ကို အားကုန် ဆွဲချလိုက်၏။

သို့သော် စက်ကုန်မောင်းလာသည့် မော်တော်ဘုတ်ငယ်လေးမှာ အရှိန်မသတ်နိုင်ဘဲ ညာဘက်သို့ ဦးတည် ရွေ့လျားသွားကာ ဂွမ်ထက်ဂျူ ဘရိတ်ဆွဲလိုက်သည့် ရေပြင်၌ ရှည်လျားသည့် ရေစွပ်ကြောင်း အကွေးတစ်ခုကို ချန်ရစ်ထားခဲ့သည်။ ထိုရေစွပ်ကြောင်းထဲသို့ မော်တော်ဘုတ်၏ ကိုယ်ထည်အပိုင်းအစ အချို့ကလည်း ပြုတ်ကျ ကျန်ခဲ့ကြလေသည်။

အရှိန်က လျော့သွားသော်လည်း ထိခိုက်မှု မဖြစ်အောင် တိမ်းရှောင် နိုင်လိုက်ခြင်းတော့ မဟုတ်ချေ။

ယခုအချိန်သည် မိမိအသက်ကို ဦးစားပေးရမည့် အချိန်ဖြစ်သော်လည်း ခေါင်းမာလွန်းလှသော ဂွမ်ထက်ဂျူက စတီယာရင်ဘီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲပင်။

ငါးဖမ်းသစ်သားလှေ၏ ညာဘက်ခြမ်းနှင့် မော်တော်ဘုတ်လှေ ပဲ့ပိုင်းတို့ ဝင်ဆောင့်မိပြီး ‘ဘုန်း’ ကနဲ မြည်သံကျယ်ကြီးနှင့်အတူ လှေနှစ်စီးလုံး ကြမ်းတမ်းစွာ လှုပ်ခါသွားပြီး၊ ဝင်ဆောင့်ထားသည့်နေရာတွင်လည်း လျှပ်စစ်မီးပွားများ ထွက်ပေါ်လာတော့သည်။ တစ်ဒင်္ဂအတွင်း၌ လှေတစ်ခုလုံးသည် လေပေါ်တွင် မြောက်တက်သွားသည်ဟု ခံစားလိုက်ရ၏။

“ဟမ်?”

ပေါက်ကွဲသံတို့ ငြိမ်သက်သွားပြီးနောက် ယွန်းဂျုံးဝူတစ်ယောက် ဖြည်းဖြည်းချင်း မျက်လုံးများပွင့်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေမိသည်။ သူသည် အေးစက်သည့် ပင်လယ်ရေထဲမှာ မဟုတ်ဘဲ လှေပေါ်တွင်သာ ရှိနေပြီး၊ ဂွမ်ထက်ဂျူသည်လည်း ယာဥ်မောင်း ထိုင်ခုံတွင် ထိုင်လျက် ဖြစ်နေသေးသည်။

သူတို့ လှေနောက်ခြမ်းတွင် မီးခိုးငွေ့များ အူထွက်နေပြီး၊ ရန်သူလှေ၏ ညာဘက်ခြမ်းတွင် ပျက်စီးသွားသည့် အပေါက်ကြီးတစ်ခုသာရှိပြီး ကြီးကြီးမားမား ပျက်စီးမှုတော့ မရှိပေ။ မွန်းကြပ်နေစေသည့် စိတ်ဖိစီးမှုဒဏ်ကို ရုတ်တရက် ဖြေလျှော့သွားသော်ငြားလည်း ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်မရနိုင်သည်အထိ နှလုံးခုန်နှုန်းများ အလွန် မြန်ဆန်နေလေသည်။

မရပ်မနား လည်ပတ်ခဲ့ရသည့် အင်ဂျင်မှာ နောက်ဆုံးတော့ ရပ်သွားခဲ့ပြီး မော်တော်ဘုတ်ငယ်ဆီသို့ ပုတ်လာသော ရေလှိုင်းများကြောင့် လှေနှစ်စင်မှာလည်း ပိုမို နီးကပ်သွားကြ၏။

လှိုင်းပုတ်လိုက်တိုင်း သစ်သားလှေကို မော်တော်ဘုတ်နောက်ခြမ်းပိုင်းက ဝင်ဝင်တိုက်သဖြင့် ဒုန်းခနဲ မြည်သံဖြင့် ပြတ်တောင်းပြတ်တောင်းကို ကြားနေရလေသည်။

ဂွမ်ထက်ဂျူသည် ထိုင်ခုံမှ ထရပ်၍ တစ်ဖက်လှေဆီသို့ လမ်းလျှောက်သွားသည်ကို မြင်မှသာ ယွန်းဂျုံးဝူတစ်ယောက် အသိစိတ်ပြန်ဝင်လာပြီး လှေကြမ်းပြင်တွင် စမ်းတဝါးဝါးဖြင့် သူ၏ ပစ္စတိုကို ကောက်ယူလိုက်၏။

‘ဒါဆို မသေသွားဘူးပဲ’

ငါးဖမ်းလှေပေါ် တက်လာသည့် ဂွမ်ထက်ဂျူသည် ပတ်ဝန်းကျင်ကို ဓာတ်မီးဖြင့် ထိုးကြည့်လိုက်ရာ ပုန်းရန်နေရာ မရှိသည့် ပင်လယ်ရေပြင်၌ လူရိပ်နှစ်ခုက လွတ်လိုလွတ်ငြား ကူးခတ်နေကြသည်ကို တွေ့လိုက်ရသည်။

ထိုနှစ်ယောက်၏ သွေးရူးသွေးတန်း လုပ်ရပ်များကို ဂွမ်ထက်ဂျူ ငြိမ်သက်စွာ ငေးကြည့်ရင်းမှ ဘေးတွင်ရှိသော ငါးဖမ်းပိုက်ကွန်ကို လှမ်းယူလိုက်ပြီး ပိုက်မရှုပ်စေရန် အသေအချာ ကိုင်၍ ထွက်ပြေးနေသူတို့ထံ ပစ်လွှတ် လိုက်လေသည်။

လေပေါ်ပျံဝဲလာသည့် ပိုက်ကွန်သည် အားကြိုးမာန်တက် ရေကူးနေသူ အမျိုးသားနှစ်ဦးပေါ် ကျသွားပြီး ပိတ်မိ သွားကြလေသည်။ သူတို့ ထွက်ပြေးရန် ကြိုးစားလေ၊ ပိုက်ကွန်၏ တင်းကြပ်စွာ ဖမ်းချုပ်ထားလေ ဖြစ်ကာ အခက်ကြုံနေကြ၏။

ထိုသို့ပြင်းထန်စွာ ရုန်းရင်းဆန်ခတ် ဖြစ်နေမှုကို ဂွမ်ထက်ဂျူ ခဏအကြာ စောင့်ကြည့် လေ့လာပြီးမှသာ ငါးဖမ်းပိုက်ကွန်နှင့် ချိတ်ဆက်ထားသည့်စက်ကို ခလုတ် နှိပ်လိုက်လေသည်။ ငါးဖမ်းလှေငယ်များတွင် အသုံးများလေ့ရှိသော စက်ခေါင်းမှ သံချေးတက်နေသည့် ယန္တရားမောင်းသံ ထွက်ပေါ်လာချိန်တွင် စက်က အသုံးပြုရ မခက်ခဲမှန်း သဘောပေါက်သွားလေသည်။

ဂွမ်ထက်ဂျူ ရုတ်တရက် အနောက်လှည့် ကြည့်လိုက်စဉ်၊ ချောင်တွင် ကွယ်ကာ သေနတ်တစ်လက်ဖြင့် ပစ်ကူပေးမည့် ပုံစံလုပ်နေသည့် ယွန်းဂျုံးဝူက ရှက်ရွံ့နေဟန်ဖြင့် ထွက်လာပြီး ငါးဖမ်းပိုက်ကွန် ဆွဲတင်သည့် စက်ကို ပိုမို ပြင်းထန်စွာ လှည့်လိုက်လေသည်။ ထို့ကြောင့် အီချော့ဂျင်းနှင့် သူ၏အပေါင်းအပါကို ပိုက်ကွန်နှင့်အတူ တွဲလျက်သားဖြင့် လှေပဲ့ပိုင်းဆီ ခဏချင်းပင် ဆွဲတင်ခံ လိုက်ရလေသည်။

“ဟဲဟဲ ကျွန်တော်အခု ဘာလုပ်ပေးရဦးမလဲဗျ”

ချွေးသုတ်နေရင်း မေးလိုက်သည့် ယွန်းဂျုံးဝူ အမေးကို ဂွမ်ထက်ဂျူမှ ပြန်မပြောသေးချေ။ ထို့ကြောင့် ယွန်းဂျုံးဝူက ဂွမ်ထက်ဂျူးကို လိုက်ကြည့်နေစဥ်၌ ထိုလူက မော်တော်ဘုတ်လှေဆီသို့ ကူးသွားပြီး တစ်စုံတစ်ခုကို အပြင်းအထန် ရှာဖွေနေပုံရသည်။

“ဘာတွေလုပ်နေတာလဲ စီနီယာ”

“ငါ မင်းကို ပြင်ဖို့ပြောထားတာရော”

“ဪ ယာဥ်မောင်း ထိုင်ခုံအောက်မှာ ရှိတယ်လေဗျာ”

ဂွမ်ထက်ဂျူသည်လည်း မဆိုင်းမတွ ခုံအောက်သို့ ငုံ့ကြည့်လိုက်ရာ ယွန်းဂျုံးဝူ ပြောသည့်အတိုင်း လက်ဆွဲသေတ္တာတစ်လုံး သိမ်းထည့်ထားသည်ကို တွေ့လိုက်ရသည်။ ထိုသေတ္တာဇစ်ကို ဖွင့်စစ်ပြီးနောက် ယွန်းဂျုံးဝူထံ တာဝန်ဆိုင်ရာ ညွှန်ကြားချက်များကို ပြောကြားလိုက်၏။

“ငါတို့ အီချော့ဂျင်းနဲ့ အပေါင်းအပါတွေကို ဖမ်းမိထားတယ်၊ ယူအက်စ်ဘီ လည်း လက်ထဲရောက်ပြီဆိုတာ ရုံးချုပ်ကို ဖုန်းဆက်အကြောင်းကြားရမယ်။ ကင်မ်ယောင်ဟီးကိုလည်း အပျော်စီးသင်္ဘောပေါ်မှာ လက်ထိပ် ခတ်ခဲ့တော့ ကမ်းခြေစောင့်တပ်ဖွဲ့တွေ အခုလောက်ဆို သူ့ကို ရှာနေလောက်ပြီ။ အဲ့တော့ သူတို့ကိုလည်း ဆက်လုပ်ရမယ့်ကိစ္စတွေ ဖုန်းဆက်ပြောပြီး တာဝန်လွှဲပေးလိုက်တော့”

“ဟုတ်ကဲ့ဗျ၊ စီနီယာ။ ဒါနဲ့လေ ဘာလို့ ကျွန်တော် တစ်ယောက်တည်း ဒါတွေ အားလုံး လုပ်ရမယ့်ပုံလိုကြီး ပြောနေတာလဲ?”

“ဒါဆို တခြား ဘာလုပ်ရဦးမှာလဲ?”

“ဒါဆို စီနီယာကရော?”

“ဒီအရူးကောင်မှာ တက်ရမယ့် မိသားစုပွဲလေးတွေ ရှိသေးတယ်လေ။ ကြိုးစားလိုက်ပါအုံး”

လူတို့က သေခြင်းတရားနှင့် ရှင်ခြင်းတရားကြား လက်တစ်လုံးသာ ခြားတော့သည့် အချိန်မျိုးတွင် ဆင်ခြင်တုံတရား ပျောက်ဆုံးသွားတတ်ကာ ပြောသင့် မပြောသင့်လေးတောင် ဂရုမစိုက်နိုင် ကြတော့ဘူးလား။

ယွန်းဂျုံးဝူ၏ တစ်သီတစ်တန်း မေးခွန်းများအတွက် အဖြေက သူကိုယ်တိုင်၏ ရင်ထဲ၌ ရှိနေပြီးသားပင်။ လက်တွေ့ကို ရင်မဆိုင်ချင်၍ မျက်ကွယ်ပြုထားခြင်းသာ ဖြစ်ပေလိမ့်မည်။

ကံတရားကလည်း ထိုမရေရာသည့် အဖြေကို အတည်ပြု ပေးလိုက်သည့်အလား မော်တော်ဘုတ်လှေငယ်က ဆန်းကြယ်စွာဖြင့် စက်နှိုး၍ ရသွားလေသည်။

ယွန်းဂျုံးဝူကို သစ်သားလှေငယ်လေးပေါ် ပိုက်ကွန်ဖြင့် ဖမ်းမိထားသည့် အမျိုးသားနှစ်ဦးဖြင့် ထားရစ် ခဲ့ပြီးနောက် ဂွမ်ထက်ဂျူသည် နောက်ကို ပြန်မလှည့်ကြည့်တော့ဘဲ နှုတ်ဆက် ထွက်ခွာသွားလေသည်။

အားပြင်းသည့် မော်တော်ဘုတ်အင်ဂျင်မှာ မောင်းနှင်သူအလိုကျ သူ့တာဝန်ကို လျင်မြန်စွာ ထမ်းရွက်နေသည်။ အရာအားလုံး တမဟုတ်ချင်း ဖြစ်ပျက်သွားခဲ့ပြီး ယွန်းဂျုံးဝူမှာ စဉ်းစားချိန်ပင် မရလိုက်ပေ။

ဂွမ်ထက်ဂျူ ထွက်သွားသည်ကို ကြောင်ကြည့်နေသည့် ယွန်းဂျုံးဝူ၏ ဖိနပ်များ ရေများ စတင် စိုလာခဲ့သည်။ အကြောင်းအရင်းမှာ ပေါက်သွားသည့် လှေကိုယ်ထည်မှ ရေများ စိမ့်ဝင်လာခြင်းကြောင့် ဖြစ်လေသည်။

ဝမ်းဗိုက်ပေါက်နေသည့် လှေက ချက်ချင်း မနစ်မြုပ်နိုင်သော်လည်း၊ နည်းနည်းလေးတောင် လိပ်ပြာမလုံ မဖြစ်ဘဲ၊ နည်းနည်းလေးမှ မတွေဝေဘဲ၊ သူ့အထက်လူကြီးက ဒီလက်အောက်ငယ်သားလေးကို စွန့်ပစ်သွားနိုင်တယ်လား?

ယွန်းဂျုံးဝူ၏ ကြောက်လန့်စိတ်ဖြင့် အော်ဟစ်လိုက်မိသည်။

"မဖြစ်နိုင်ဘူး!"

ဂွမ်ထက်ဂျူကတော့ ထိုအော်ဟစ်သံကို လေတိုးသံ၊ ရေလှိုင်းသံဟုသာ ယူဆကောင်းယူဆ မိလိမ့်မည်။

ဂွမ်ထက်ဂျူ : ‘ဒီနေ့ လေတိုးသံကတောင် လူအော်သံနဲ့ တူနေသလိုပဲ’

‘ကလေးကိုချစ်လျှင် အလိုမလိုက်နဲ့’ ဆိုသည့် စကားရှိသလို၊ ‘ဆန်ရင်း နာနာဖွပ်’ ဆိုသည့် စကားပုံလဲ ရှိသည်။

ဒါကြောင့် သူသေချာပေါက် နားကြားမှားတာပဲ ဖြစ်မှာပါ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment