no

Font
Theme

အခန်း ၁။ ကနဦးဇာတ်ကြောင်း။ ဘူဆန်မြို့ အထူးတာဝန် (၁)

ဘူဆန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ည၇နာရီ ၄၉မိနစ်...

မှောင်မိုက်နေသော ဆိပ်ကမ်းတွင် သင်္ဘောထွက်ခွာရန် အဆင်သင့် ဖြစ်နေလေပြီ။ တောက်ပသော လမ်းမီးရောင်အောက်တွင် တန်ချိန် ငါးထောင်ရှိသော သင်္ဘောကြီးက သူ့စွမ်းပကားကို ထုတ်ပြနေချေသည်။ တစ်နေ့တစ်ကြိမ် ပြေးဆွဲသော ပင်လယ်ကူး သင်္ဘောကြီးက မနက်ဖြန်မနက်တွင် ဂျပန်နိုင်ငံ ရှိမိုနိုဆဲခိ သို့ ဆိုက်ရောက်မည် ဖြစ်၏။

သင်္ဘောထွက်ခွာမည့် နောက်ဆုံး သတ်မှတ်ချိန်အပြီးတွင် တံခါးကို ပိတ်ချလိုက်၏။ နောက်ဆုံးကုန်သေတ္တာကို တင်ပြီးသွားသော ဝန်ချီစက်ကိုလည်း ဖြည်းဖြည်းချင်း ပြန်သိမ်းသွားလေသည်။

သင်္ဘောဆိပ်ရှိ မီးအလင်းရောင် အားလုံးကလည်း ဤအချိန်ကို စောင့်ဆိုင်းနေသည့်အလား မှိတ်ကျသွားပြီး သင်္ဘောကြီးသည်လည်း ည၏ဆိတ်ငြိမ်မှုထဲသို့ နစ်မြုပ်သွားလေတော့သည်။

ပိန်းပိတ်အောင် မှောင်မည်းနေသော လှိုင်းထန်ထန် ပင်လယ်ကြီးထက်တွင် ဤသင်္ဘောကြီး တစ်စင်းသာ ခုတ်မောင်းနေခဲ့၏။

သင်္ဘောကြီးအတွင်းပိုင်း၏ လေထုအခြေအနေကား အလွန်ကွဲပြားလှသည်။ အခန်းထဲသို့ စောစောဝင်ပြီး အနားယူကြသူများမှာ လက်တစ်ဆုပ်စာသာ ရှိနေသည်။ ခရီးသည် အများစုကမူ စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် သင်္ဘောပေါ်တွင် လှည့်လည် သွားလာရင်း အလုပ်များနေကြသလို ခန်းမထဲရှိ ရိုးရိုးစားပွဲတစ်ခုတွင် စုဝေး၍‌ သောက်စားနေသူက သောက်စားနေပြီး အခိုက်အတန့်တိုင်းကို ကင်မရာဖြင့် မှတ်တမ်းတင် ရိုက်ကူးနေသူကလည်း ရှိသည်။

လူများ အုပ်စုဖွဲ့နေသော နေရာတိုင်းတွင် အော်ဟစ် ရယ်မောသံများ ရှိပြီး ထူးခြားလှသော လေထုတစ်မျိုးကလည်း အေးစက်စက် ကုန်းပတ်ပေါ်တွင် ပျံ့လွင့်နေချေသည်။

စတင်တော့မည့် ခရီးစဉ်အတွက် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်စောင့်စားမှုတို့က နေရာအနှံ့တွင် မြင်တွေ့နေရသည်။

ထိုလူအုပ်ထဲတွင် ဂွမ်ထက်ဂျူလည်း ရှိနေ၏။ ပေါ့ပေါ့ပါးပါး သာမန်ဝတ်စုံနှင့် သားရေဂျာကင်ကို ဝတ်ထားသော သူ့အသွင်အပြင်ကမူ အပျော်ခရီးထွက်လာသော လူတစ်စုနှင့် ကွဲပြားနေပေသည်။

သို့သော် အလွန်တရာ ပင်ပန်းနွမ်းနယ်နေသော အမူအရာကတော့ သူတို့နှင့် မကွာခြားလှပေ။ ထိုပုံစံမှာ ဈေးအကြီးဆုံး ဧည့်ခန်းပါ ဟိုတယ်ခန်းကို ငှားထားသူ တစ်ယောက်၏ ပုံစံမျိုးတော့ မဟုတ်ချေ။

သူသည် ရံဖန်ရံခါတွင် အင်္ကျီလက်ကို ဆွဲတင်ကာ အချိန်ကို စစ်ဆေးကြည့်နေသည်။ အချိန်ကား မည်သူ့ကိုမှ မစောင့်ပါဘဲ တိတ်တိတ်လေး ကုန်ဆုံးသွားခဲ့ကာ ရှစ်နာရီ တင်းတင်း ရှိသွားချေပြီ။

သင်္ဘော ဖြတ်သန်း ထွက်ခွာသွားရာ လမ်းတစ်လျှောက်တွင် ပင်လယ်ရေများကို ထိုးခွဲ ကျန်ရှိခဲ့သည့် စွတ်ကြောင်းများက လှုပ်ခပ်ကာ ကျန်ရစ်ခဲ့ကြသည်။

ဂွမ်ထက်ဂျူ အချိန်ကိုက်ပင် လသာဆောင်ဘက်သို့ ထွက်လာခဲ့လိုက်၏။

နေရာလွတ်လပ်နေသော လသာဆောင်တစ်ခုတွင် မတ်တတ်ရပ်ရင်း အောက်ဘက်ကို ကြည့်လိုက်တော့ ကုန်းပတ်က လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား မြင်လိုက်ရသည်။

အချို့သော ခရီးသွားများမှာ ဓာတ်ပုံရိုက်ရင်း အလုပ်ရှုပ် နေကြ၏။ ယခုလို မှောင်မည်းသည့် ညအချိန်မျိုးတွင် ဓာတ်ပုံကောင်းကောင်း တစ်ပုံရဖို့ပင် ခက်ခဲမည် ဖြစ်သော်ငြား သူတို့ကတော့ ခလုတ်ကို အဆက်မပြတ် နှိပ်နေကြသည်။

သူလည်း ထိုအဆက်မပြတ် လှုပ်ရှားမှုကို အရေးမစိုက်ဟန်ဖြင့် ကြည့်နေချိန်တွင် သူ့ဘယ်ဘက်နားထဲရှိ ကိရိယာထဲမှ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရပြီး တစ်စုံတစ်ယောက်၏ အသံက ဆက်တိုက် ထွက်ပေါ်လာပြန်သည်။

“မင်း ဘယ်လိုထင်လဲ။ ညဘက်ပင်လယ်ပြင်ရဲ့ ကဗျာဆန်မှုကို ခံစားရတာ ဘယ်လိုသဘောရလဲ”

"မဆိုးပါဘူး။ ဆူညံပြီး ရှုပ်ယှက်ခတ်နေပေမဲ့ ပျင်းဖို့ကောင်းနေတုန်းပဲ"

ခပ်တိုးတိုး ရယ်မောသံတစ်သံက ဆက်သွယ်ရေးကိရိယာထဲမှ ထွက်ပေါ်လာလေသည်။

ထိုအချိန်တွင် ဂွမ်ထက်ဂျူ၏ အကြည့်ကား ကုန်းပတ်ဆီသို့ ကျရောက်သွားလေသည်။ ဖြတ်သွားသော လူတစ်ယောက်ချင်းစီတိုင်းကို သူ ဂရုတစိုက် စစ်ဆေးလိုက်၏။ ထင်းထွက်နေသူ ဟူ၍ တစ်ယောက်မှ မရှိချေ။

"အစီရင်ခံပါ"

“လုံခြုံရေးဌာနရဲ့ စီနီယာအဖွဲ့ဝင် ကင်မ်ယောင်ဟီးနဲ့ အီချော့ဂျင်းတို့ နှစ်ယောက်လုံး သင်္ဘောပေါ် တက်သွားကြောင်း အတည်ပြု ပြီးပါပြီ။ အီချော့ဂျင်းက တရုတ်နိုင်ငံသားအဖြစ် ရုပ်ဖျက်ထားပါတယ်။ ဂျပန်ကို ရောက်တာနဲ့ သူ တရုတ်ကို ချက်ချင်း ထွက်ခွာမယ် ထင်တယ်။ ကင်မ်ယောင်ဟီးကတော့ မနက်ဖြန်မနက် ရှိမိုနိုဆဲခိက ထွက်ခွာမဲ့ သင်္ဘောတစ်စင်းကို ကြိုငှားထားပြီးပါပြီ…”

"ဒါဆို ငါတို့ မရောက်ခင် ဆက်သွယ်ကြမှာပဲ"

သူက တစ်ကိုယ်တည်း တီးတိုးဆိုရင်း လသာဆောင်မှ လှည့်ပြန်လာခဲ့လိုက်သည်။ ယခု သူသည် ဆက်သွယ်ရေးကိရိယာ၏ တစ်ဖက်က လူထံသို့ သွားတော့မည်။ ဂွမ်ထက်ဂျူလည်း မူလရှိနေခဲ့သော အခန်းထဲမှ ထွက်လာခဲ့ပြီး လူရှင်းနေသော စင်္ကြံလမ်းအတိုင်း ဆင်းသွားရင်း ပြန်ဖြေလိုက်၏။

"တူတူပုန်းတဲ့နေရာမှာ တော်တဲ့လူတွေက အရဲကိုးတတ်တယ်"

ပစ်မှတ်များက အချင်းချင်း ဆက်သွယ်ကြမည်ဆိုလျှင် ဝရုန်းသုန်းကား ဖြစ်နေသည့် အချိန်မျိုးက အသင့်တော်ဆုံးပင်။ လူနည်းသော အချိန်သာဆိုလျှင် ပိုသိသာ နေပေလိမ့်မည်။

သူလည်း ကြောင်လိမ်လှေကား နှစ်ထစ်မျှ ခုန်ဆင်းလိုက်သည်။ လူတစ်စုက ဒုတိယထပ်ရှိ စားသောက်ဆိုင်ရှေ့တွင် စုဝေးနေကြသည်။ ဘေးနားက ဖြတ်သွားရင်း တစ်ဖက် တစ်ချက်စီကို စစ်ဆေးခဲ့သေးသည်။

ဤတစ်ကြိမ်တွင်လည်း မသင်္ကာစရာ ကောင်းနေသူ ဟူ၍ မရှိချေ။ ထို့နောက် ဂွမ်ထက်ဂျူလည်း ပထမထပ်ရှိ ဧည့်ခန်းမဆီသို့ တိုက်ရိုက်ပေါက်သော လှေကားများထက်မှ ဆင်းလာခဲ့လိုက်ပြီးနောက် တိုတိုတုတ်တုတ် အမိန့်တစ်ခု ပေးလိုက်၏။

"ငါ့ကို ဖုန်းခေါ်လိုက်"

မိုဘိုင်းဖုန်းက ချက်ချင်း ထမြည်လာခဲ့သည်။ ထိုဖုန်းက မကိုင်ဘဲ ထားထားခံ ရခြင်းကြောင့် အကြိမ်အနည်းငယ်ခန့် ဆက်လက် တုန်ခါနေချေသည်။ ထို့နောက် လှေကားထစ် တစ်ဝက်သို့ ရောက်မှသာ သူ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို" ဟု ပြောပြီးနောက် ဘာစကားမှ ပြန်မပြောသည့် တစ်ဖက်လူနှင့် လေးလေးနက်နက်ရှိသော ဆွေးနွေးမှုများကို ဆက်ပြော နေလိုက်လေသည်။

ဖုန်းပြောရင်း ဦးတည်ရာမဲ့ လျှောက်သွားနေသော သူ့အား မည်သူကမှ သံသယ မဖြစ်ကြပေ။

ခဏအကြာတွင် အမျိုးသမီးတစ်ယောက်က သူ့နောက်ကျောမှ ဖြတ်ကျော် သွားလေသည်။ သူ(မ)ဝတ်ဆင်ထားသော ကုတ်အင်္ကျီကား အလွန်ထူးဆန်း လှချေသည်။ ဂွမ်ထက်ဂျူ၏ စူးရှလှသည့် အကြည့်တို့က ထိုအမျိုးသမီးကို တိတ်တဆိတ် အကဲခတ် နေခဲ့သည်။

ထိုအမျိုးသမီးက သတင်းအချက်အလက် ကောင်တာနားမှ ဖြတ်သန်းသွားပြီး ဓာတ်လှေကားနားရှိ အလိုအလျောက် အအေးရောင်းစက်ဆီသို့ ချဉ်းကပ် သွားလေသည်။

သူ(မ)သည် အချိုရည် ရွေးနေသည့်အလား စက်ရှေ့တွင် အတော်ကြာသည်အထိ ဆက်ရပ်နေလေသည်။ အခြားလူတစ်ယောက် ရောက်လာချိန်တွင် သူ(မ)က အလှည့်ကျော် ခွင့်ပေးလိုက်ပြန်သည်။

ထိုအမျိုးသမီးသည် သူ့ဘေးပတ်ဝန်းကျင်က ရှင်းလင်း တိတ်ဆိတ်သွားသော အခါမှသာ ယန်းတစ်ထောင်တန်ကို ထုတ်လိုက်၏။

အကြာကြီး စဉ်းစားပြီးနောက် သူ(မ)ရွေးချယ်လိုက်သည်မှာ လက်ဖက်စိမ်း ဖြစ်နေချေသည်။ ပြန်အမ်းသည့် အကြွေစေ့တို့က စက်က အံခွက်ထဲ့သို့ ချပေးလိုက်သလို အအေးဘူးကလည်း မပြတ်မသား အသံတစ်သံနှင့်အတူ ထွက်ကျလာလေသည်။

ထိုအခါ သူ(မ)ကလည်း သဘာဝကျကျပင် အအေးဘူးကို ကောက်ယူလိုက်၏။ ထို့နောက် ပိုသည့် အကြွေစေ့များကို ဂရုတစိုက် ယူပြီးနောက် ဒုတိယထပ်သို့ ပြန်တက်သွားလေ၏။

ဂွမ်ထက်ဂျူကမူ ထိုအမျိုးသမီးကို သတိမထား မိသလို သရုပ်ဆောင်နေခဲ့သည် ဖြစ်ရာ ထိုအမျိုးသမီးမှာ သူ့အား အထူးတလည် ဂရုစိုက်နေခြင်းမျိုး မရှိပေ။

- ပစ်မှတ် ချဉ်းကပ်လာပါပြီ

ထိုအမျိုးသမီး အပေါ်ထပ်သို့ ထွက်သွားပြီးနောက် ဆက်သွယ်ရေးကိရိယာထဲမှ အသံက အာရုံစိုက်မှုကို ဆွဲဆောင်လိုက်လေသည်။

"ကောင်းပြီ။ နောက်မှတွေ့မယ်"

ဂွမ်ထက်ဂျူက သာမန်ကာလျှံကာ နှုတ်ဆက်၍ ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်၏။

ထိုအချိန်မှာပင် ဧည့်ကြိုခန်း၏ အနောက်ဘက်ရှိ အများနားနေခန်းထဲမှ အမျိုးသားတစ်ယောက် ထွက်လာလေသည်။ ထိုလူက အပြာရင့်ရောင် ခေါင်းစွပ်ကို ဝတ်ဆင်ထားပြီး အအေးစက်နားသို့ လှမ်းသွားလေသည်။

ထို့နောက် သူ့အိတ်ကပ်ထဲ ရှာဖွေပြီးနောက် အကြွေစေ့ တစ်စေ့ကို ထုတ်လိုက်၏။ သို့သော် သူက စက်ထဲက အအေးဘူးများကို ကြည့်နေခြင်း မဟုတ်ဘဲ ဘေးဘီဝဲယာကို မျက်စိကစား နေပြီး အလွန် သတိကြီးကြီးထားနေမှန်း သိသာနေသည်။

အချိန်အတော်ကြာ ပြီးနောက်မှ အမျိုးသားက ယန်းတစ်ရာတန် အကြွေစေ့ကို အပေါက်ထဲသို့ ထည့်လိုက် လေတော့သည်။

၎င်းအချိန်တွင် ထိုအမျိုးသား၏ ပခုံးအထက်မှ လက်မောင်းတစ်ဖက် ထွက်ပေါ်လာချေသည်။ အအေးစက်ထံမှ ရွှင်ပျလန်းဆန်းစေသော "ကလစ်"ခနဲ မြည်သံတစ်သံကလည်း တပြိုင်နက် ထွက်ပေါ်လာ၏။

ထိုအသံမှာ ရင်းနှီးနေပြီးသား အသံတစ်သံပင်။ အအေးစက်၏ ကျဉ်းမြောင်းလှသော သတ္ထုလမ်းကြောင်းထဲသို့ အကြွေစေ့ ဝင်ရောက်သွားသည့် အသံသာ။

သို့သော် အပြာရင့်ရောင် ခေါင်းစွပ်စွပ်ထားသူ၏ လက်ထဲတွင်မူ ယန်းတစ်ရာတန် အကြွေစေ့တစ်စေ့ ရှိနေဆဲပင်။

ရုတ်တရက် အလှည့်ကျော်တက်လာသော သူသည် သဘာဝကျကျပင် ခလုတ်နှိပ်ပြီး အအေးဘူးကို ရွေးချယ်လိုက်ပေသည်။

"..ဘာလဲဟ"

ထိုအခါမှသာ အပြာရင့်ရောင် ခေါင်းစွပ်စွပ်ထားသူလည်း အခြေအနေကို သဘောပေါက် သွားလေတော့သည်။

လေးလံသော သံဘူးက တဂျွတ်ဂျွတ်မြည်သံ ထွက်လာလေသည်။ အပြာရင့်ရောင် ခေါင်းစွပ်ပိုင်ရှင်မှာ အအေး ထွက်လာမည့် အပေါက်နားသို့ အလောတကြီး ဦးတည်သွားနေသော ဂွမ်ထက်ဂျူ၏ လက်ကို လှမ်းဆွဲလိုက်၏။

သူသည် ထင်မှတ်မထားသော အခြေအနေကြောင့် စိတ်ရှုပ်ထွေးဟန်ဖြင့် အသံကုန်မြှင့်၍ အော်လိုက်ပေသည်။

"မင်း သောက်ကျိုးနည်း ဘာလုပ်နေတာလဲ"

"ခင်ဗျား မပြတ်မသား ဖြစ်နေလို့ တော်တော်နဲ့ ဆုံးဖြတ်ချက် ချနိုင်မယ် မထင်လို့လေ။ ကျွန်တော်သာ ဆက်စောင့်နေရင် တစ်နေကုန် စောင့်နေရလိမ့်မယ်"

ဂွမ်ထက်ဂျူက သူ့လက်နှစ်ဖက်ကို ပိုက်၍ လူမိုက်အထာဖြင့် ပြန်ဖြေလိုက်သည်။ မသင်္ကာဖွယ် ကောင်းသော ခပ်ရွဲ့ရွဲ့အသံတွင် ရန်စမှုအရိပ် အယောင်တစ်ခု ကပ်ပါနေချေသည်။ ခပ်ဖွဖွပြုံးနေသော မျက်နှာထက်တွင်လည်း တောင်းပန်လိုသော အရိပ်အယောင် တစ်စိုးတစ်စိမှ မရှိပေ။

သူသည် ဤရန်ပွဲကို မျှော်လင့်နေသည်ဟု ထင်ရ၏။ မကောင်းသော အရာတစ်ခု၊ မလိုလားအပ်သော ခံစားချက်တစ်ခုပင်။

အလိုလို သိစိတ်ကား အန္တရာယ်ကို ဦးနှောက်ထက် ခြေတစ်လှမ်းစော၍ အာရုံခံနိုင်လေသည်။

အပြာရင့်ရောင် ခေါင်းစွပ်ပိုင်ရှင်ကား မျက်မှောင်ကြုတ် လိုက်မိသည်။ ထိုအခိုက်အတန့်တွင် ဒေါသကြောင့် မျက်နှာထား ခက်ထန်သွားပြီး စိတ်လှုပ်ရှားမှုကလည်း မျက်နှာတွင် အထင်းသား ပေါ်လာ၏။ သူ့အသက်ရှူသံကား ပိုမို ကြမ်းရှလာသည်။ နဖူးထက်တွင်လည်း ချွေးစေးများ ပြန်နေချေသည်။

"ဟေ့"

ခဏအကြာမှာပင် အပြာရင့်ရောင် ခေါင်းစွပ်ပိုင်ရှင်လည်း အအေးရောင်းစက်ဆီသို့ လက်လှမ်း လိုက်လေတော့သည်။

ခေါင်းစွပ်ပိုင်ရှင်က အထဲရှိ ပစ္စည်းကို အရင်ရအောင် ယူချင်နေသလို တံခါးအဖုံးကို လှန်ဖွင့်ပြီး အထဲမှာ ရှိနေသော အရာကို ကောက်ယူလိုက်..

ဂွမ်ထက်ဂျူကလည်း တွေဝေ တုံ့ဆိုင်းခြင်းမရှိပါဘဲ အဖုံးကို နင်းထားလိုက်သည်။

"အား"

အဖုံးပေါ်ကို လက်တင်ထားသော ထိုအမျိုးသားထံမှ အော်သံတစ်သံ ထွက်လာချေသည်။ ဂွမ်ထက်ဂျူကမူ ဘာပြဿနာမှ မရှိသည့်အလား အေးအေးလူလူပင်။

"အရူးကောင်"

ထိုအမျိုးသားလည်း အဆက်မပြတ် ရန်စမှုများကြောင့် ဂွမ်ထက်ဂျူ၏ အင်္ကျီကော်လံကို ဆုပ်ကိုင် လိုက်လေတော့သည်။ စူးစူးရဲရဲ စိုက်ကြည့်နေသော သူ့မျက်လုံးများမှာ အလွန်ထက်ရှလှ၏။

သို့သော် ဂွမ်ထက်ဂျူကမူ မျက်လုံးတစ်ချက်ပင် လှန်မကြည့်ချေ။ သူသည် သူ့အဝတ်အစားများနှင့် ထိုအမျိုးသားကို တစ်လှည့်စီ ကြည့်နေပေသည်။ ထူးထူးဆန်းဆန်း စိတ်အေးလက်အေး ဖြစ်နေသော သူ့သဘောထားကြောင့် ထိုအမျိုးသားမှာ မျက်မှောင်ကြုတ်ထားလေသည်။

ဂွမ်ထက်ဂျူက သူ့အင်္ကျီကော်လံကို ကိုင်ထားသည့် ထိုအမျိုးသား၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။ အကြောက်အရွံ့ကင်းသော တုံ့ပြန်မှု တစ်ခုချင်းစီတိုင်းကြောင့် တစ်ဖက်လူ၏ စိတ်ထဲတွင် မှန်းဆမိသွားလေဟန် ရှိသည်။ ထိုလူ၏ မျက်ဆန်များကလည်း လှုပ်ရှားသွားချေသည်။

[T/N: လက်ကောက်ဝတ်ကို ကိုင်ထားတော့ မပြေးနိုင်အောင် ချုပ်ခံထားရတဲ့ သဘောမျိုးပါ။ သူ ဖမ်းမိခံလိုက်ရလို့ သဘောပေါက်သွားတာပါ။]

ဂွမ်ထက်ဂျူကို စိုက်ကြည့်နေသည့် မျက်လုံးများမှာမူ သူ့လက်ကောက်ဝတ်ကို ငုံ့ကြည့်နေပြီ ဖြစ်ကြ၏။ သူ လျစ်လျူရှုထားဖို့ ကြိုးစားလျှင်ပင် ကြမ်းတမ်းလှသော ထိုခွန်အားကို လျစ်လျူရှုထား၍ မရနိုင်ပေ။ တစ်ချိန်တည်းမှာပင် မျှော်လင့်ချက် ကင်းမဲ့မှုကို တပြိုင်နက် ခံစားလိုက်ရသည်။

ဂွမ်ထက်ဂျူက စုဝေးရောက်ရှိ လာကြသော စောင့်ကြည့်နေသူများကို လှည့်ကြည့်၍ သရော်လေဟန်ဖြင့် ရေရွတ်လိုက်၏။

"အမလေး.. ငါက အာရုံစိုက်ခံရတာကို သိပ်မုန်းတာ။ နားလည်တယ်မလား အီချော့ဂျင်း။ ဒီနယ်ပယ်ထဲမှာ လူတိုင်းက ဒီလိုပဲ လုပ်တာ"

သူ့နာမည်အရင်းကို အခေါ်ခံလိုက်ရသည်နှင့် ဂွမ်ထက်ဂျူ၏သရုပ်မှန်ကို သူ သိလိုက်ရသည်။ ဒေါသများဖြင့် ပြည့်နှက်နေသည့် ထိုအမျိုးသား၏မျက်နှာကား ချက်ချင်းဆိုသလို ဖြူဖျော့သွားလေတော့သည်။

ခရီးသည်များမှာ သူတို့ မသိလိုက်ခင်မှာပင် သူတို့နှစ်ယောက်အား ဝိုင်းထား လိုက်ကြလေသည်။

ကြည့်ရှုစရာများထဲတွင် အကောင်းဆုံးမှာ ရန်ပွဲဖြစ်ပြီး ပွဲလာကြည့်ကြသူများ၏ မျက်နှာထက်တွင် ထူးဆန်းလှသော မျှော်လင့်စောင့်စားမှုတစ်မျိုး ရှိနေလေသည်။ အချိန်ဆွဲထားခြင်းထက် ပိုကောင်းသောအရာဟူ၍ မရှိတော့ပေ။

ချောင်ပိတ်မိနေသော ကြွက်က ကြောင်ကို ပြန်ကိုက်နေလေပြီ။ ယခုထက်ပိုပြီး ဖိနှိပ်ခံရလျှင် အီချော့ဂျင်းဘက်က မည်သို့နှယ် ရုတ်တရက်ဆန်သော လုပ်ရပ်မျိုးကို လုပ်လာမလဲဆိုသည်ကို မသိရပေ။

အကယ်၍ အရပ်သားများ ထိခိုက်မှု ဖြစ်ပွားခဲ့ပါက တောင်းပန်စာ တစ်စောင် နှစ်စောင်မျှဖြင့် ပြီးသွားနိုင်မည်မဟုတ်ချေ။

အီချော့ဂျင်း၏လက်မောင်းကို သူ ဆွဲလိုက်၏။ ထိုအချိန်တွင် ရယ်သံတစ်သံ ထွက်ပေါ်လာလေသည်။

".. အာရာ့ဆော ဒဲဒန်းဟဲ " ဟု အီချော့ဂျင်းမှ ကိုရီယားလို ပြောလာ၏။

[T/N : အာရာ့ဆော ဒဲဒန်းဟဲ (알았어 대단해 ) = သိပြီ တော်တယ်။ ]

သူလည်း ထပ်ဟန်ဆောင် မနေတော့ပေ။ သရုပ်မှန်ကား ပေါ်သွားပြီ ဖြစ်၏။ သို့ဖြစ်လေရာ အေးဂျင့်များတွင် ရွေးချယ်စရာ နှစ်ခုသာ ရှိ၏။ ကြိုတင်ပြင်ဆင်လာခဲ့သော ဆေးများကို သောက်၍ သေကြောင်းကြံစည်ခြင်း သို့မဟုတ် အင်အားသုံး၍ လွတ်မြောက်အောင် လုပ်ခြင်းတို့ပင်။

ခက်ခက်ခဲခဲ ရယူထားသော ပစ္စည်းကို စွန့်ပစ်ရန်မှာ လုံးဝ မဖြစ်နိုင်။ ထို့ကြောင့် ဤတစ်ခေါက်တွင်မူ ဒုတိယနည်းလမ်းကိုသာ ရွေးချယ်ရပေလိမ့်မည်။

အီချော့ဂျင်းက သူ့လက်ကို ကုတ်အင်္ကျီထဲသို့ အမြန်ဆွဲသွင်းကာ အင်္ကျီထဲရှိ သေနတ်ကို ထုတ်ရန်လုပ်စဉ် ဂွမ်ထက်ဂျူသည် ထိုလက်မောင်းကို ဆွဲချုပ်ထားလိုက်လေသည်။ တစ်ဆက်ထည်းမှာပင် နောက်လက်တစ်ဖက်ဖြင့် အီချော့ဂျင်၏ လည်ပင်းကို ညှစ်ကာ သူ့(အီချော့ဂျင်)နောက်တွင် ရှိနေသော အအေးရောင်းစက်ဖြင့် နောက်စေ့ကို ပစ်ဆောင့်လိုက်၏။

အအေးရောင်းစက်ခမျာ ဘန်းခနဲ မြည်သံနှင့် အတူ ပျက်စီးသွားရသည်။ တိုက်မိသွားသည့် အရှိန်ကြောင့် အီချော့ဂျင်း လဲကျသွားသည်ကို အခွင့်ကောင်းယူကာ သူ့လက်မောင်းသူ လိမ်ချိုးလိုက်ပြီး သူ့သေနတ်ကို လွယ်လင့်တကူ ထုတ်ယူလိုက်၏။

သေနတ်တစ်လက် ရုတ်တရက် ပေါ်ထွက်လာသောအခါ စုဝေးနေကြသော ပွဲကြည့်သူများမှာလည်း ခပ်ပြတ်ပြတ် အော်သံတစ်ချို့ပေး၍ နောက်ဆုတ် သွားကြလေသည်။

သို့သော် ဂွမ်ထက်ဂျူကတော့ အီချော့ဂျင်း၏ တင်ပါးကိုသာ အားပါပါ ဆောင့်ကန်ပစ်လိုက်သည်။

ထိုအခါ ထိုလူလည်း ကြမ်းပြင်ပေါ်သို့ မျက်နှာအပ်ကာ လဲကျသွားလေတော့သည်။ အတော်ကြာသည်အထိ သတိပြန်ဝင်မလာဘဲ လက်နှစ်ဖက်ကိုထပ်၍ သူ့ခေါင်းကို ဆုပ်ကိုင်ထားချေပြီ။

ထိုအချိန်အတောအတွင်း ဂွမ်ထက်ဂျူကမူ အအေးရောင်းစက်၏ အဖုံးကို ဆွဲဖွင့်ပြီး ယူအက်စ်ဘီ (Memory Stick) ကို ထုတ်ယူလိုက်၏။ ဤအရာကို ထိုအမျိုးသမီး ထားသွားခဲ့ခြင်းပင်။ ရရှိထားသည့် သတင်းမှန်ပါက ထိုအထဲတွင် နိုင်ငံတော်အဆင့် လျှို့ဝှက်ချက်များနှင့် ညီမျှသော အဆင့်မြင့်သတင်းများ ပါဝင်ပေလိမ့်မည်။

"ခဏလောက် နောက်ဆုတ်ပေးပါ။ ခဏနေပါဦး"

ထိုအချိန်တွင် ရေယာဉ်အမှုထမ်းတစ်ဦးက ပင်လယ်ပြင်ထဲမှ တက်လာလေသည်။ သူ့ပုံစံကား အစီရင်ခံတင်ပြမှုတစ်ခု ရရှိထားဟန်ပင်။ ထိုနေရာသို့ သူ သာမန်ကာ လျှံကာ ကြည့်နေချိန်တွင် ထိုင်းမှိုင်းလှသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။

"ဒီနေရာမှာ ရှာဖွေခွင့် မရှိပါဘူး"

သူ့ခမျာ စိတ်တထင့်ထင့်ဖြင့် ခေါင်းလှည့်ကြည့်လိုက်သောအခါ အီချော့ဂျင်နှင့် အကြည့်ချင်း ဆုံလေတော့သည်။ ထိုလူ၏ မျက်လုံးများမှာ ထူးထူးဆန်းဆန်း တောက်ပနေပေသည်။ ထို့ကြောင့် ဝန်ထမ်းမှာ အံ့အားသင့် သွားရ၏။

အီချော့ဂျင်က သူ့ရှေ့သို့ ရောက်ရှိလာသည့် အသက်ကယ်ကြိုးကို လက်လွှတ်မခံပေ။

"မင်းက ဘာဖြစ်နေတာလဲ"

မေးခွန်းထုတ်နေသော ရေယာဉ်အမှုထမ်းကို သူ အမိအရ ပြန်ပြောလိုက်လေသည်။

"..ဟဲဟဲ!"

အီချော့ဂျင်းက လျှပ်တစ်ပြက်အတွင်းမှာပင် ထိုဝန်ထမ်း၏နောက်ကျောဘက်သို့ ရောက်ရှိသွားကာ ဝန်ထမ်း၏လည်ပင်းကို လက်တစ်ဖက်ဖြင့် အနောက်မှ သိုင်းချုပ်ထားလိုက်ပြီး ကျန်လက်တစ်ဖက်တွင်မူ ထက်ရှသော လက်နက်တစ်ခုကိုကိုင်ထားကာ ထိုလက်နက်နှင့် ဝန်ထမ်း၏ လည်ပင်းနေရာကို ရွယ်ထား လိုက်လေသည်။

"အား!!!"

ခရီးသည်များလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကာ ထွက်ပြေးကြလေတော့သည်။ ဂွမ်ထက်ဂျူတစ်ယောက်သာ ထိုနေရာ၌ ရပ်နေခဲ့ခြင်းပင်။

ဂွမ်ထက်ဂျူလည်း အကျင့်ဖြစ်နေသည့်အတိုင်း သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ ကိစ္စများ အဆင်ပြေချောမွေ့နေလျှင် သူ့စိတ်ထဲ မသက်မသာ ဖြစ်နေကျပင်။ နောက်ဆက်တွဲရလဒ် မကောင်းခဲ့သည့် ကိစ္စများ ဖြစ်တတ်ကာ ယခုတစ်ခေါက်တွင်လည်း ခြွင်းချက်မရှိချေ။

အီချော့ဂျင်းက ဓားစားခံ၏လည်ပင်းကို ဓားဖြင့်ထောက်ထားလိုက်လေပြီ။ ထိုအခါ ဓားစာခံကလည်း အသည်းအသန် အော်ဟစ်လိုက်ချေတော့သည်။ ဂွမ်ထက်ဂျူကမူ ဒုက္ခရောက်နေဟန်ဖြင့် ခေါင်းတကုတ်ကုတ် လုပ်နေလေ၏။

"ဒီကို ပြန်ပေး"

အီချော့ဂျင်းက သူ့လက်ကို ဆန့်ထုတ်၍ တောင်းလာလေသည်။ ဓားစာခံ၏ လည်ပင်းထက်ရှိ ဓားကိုလည်း တင်းတင်းကျပ်ကျပ် ဖိကပ်လိုက်လေသည်။ ဂွမ်ထက်ဂျူက ထိုမြင်ကွင်းကို ကြည့်ရုံသာ ကြည့်နေပြီး လုံးဝ မတုံ့ပြန်ပေ။

အီချော့ဂျင်းက စိတ်လှုပ်ရှားနေဟန် အမူအရာဖြင့် ဆန့်ထုတ်ထားသော သူ့လက်ကို လှုပ်ယမ်း ပြလိုက်ပြန်သည်။

"ပစ်လိုက်"

သူက အော်ပင် အော်လိုက်သေးသည်။

ဂွမ်ထက်ဂျူက တစ်ဖက်လူ၏ လှည့်ကွက်များကို စိတ်ကုန်နေပြီ ဖြစ်ပြီး ဓားစာခံ၏ မျက်နှာကိုသာ စက္ကန့်မလပ် သတိထား စောင့်ကြည့်နေလိုက်၏။

ဓားစာခံမှာ မျက်နှာဖြူဖျော့လျက်ရှိပြီး အသက်ရှုနှုန်းကလည်း မြန်နေကာ အလွန်တရာ ထိတ်လန့်သောအခါ ရင်ထဲ စုဖွဲ့လာသည့် ကြောက်လန့်မှုတို့ကြောင့် ရှိုက်သံ တစ်ခုက ထွက်လာခဲ့သည်။

ဂွမ်ထက်ဂျူသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ယူအက်စ်ဘီကို အချိန်မဆိုင်းဘဲ ပစ်ထုတ် လိုက်လေသည်။ ယူအက်စ်ဘီ သေးသေးလေးက ဓားစာခံ၏ ခန္ဓာကိုယ်ကို ထိမှန်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ယူအက်စ်ဘီကို လိုချင်နေသည့် အီချော့ဂျင်းက ကောက်ရန် ပြုလိုက်ပေမဲ့ ခဏအတွင်း စိတ်ပြောင်းသွားကာ ဓားစာခံကို ချုပ်ထားသည့် လက်ကို လွှတ်ပေးလိုက်ပြီး ကောက်ခိုင်း လိုက်လေသည်။

ဓားစာခံက ယူအက်စ်ဘီကို တုန်တုန်ရီရီဖြင့် ကုန်းကောက်လိုက်ပေမဲ့ အားငယ် ကြောက်လန့် စိတ်ကြောင့် မထိန်းထားနိုင်တော့သော ဆီးတို့က သူ့ဘောင်းဘီကို စိုရွှဲသွားစေသည်။

ဓားစာခံ၏ ခြေထောက်များက အားမရှိတော့သလို ပျော့ခွေနေကာ မတ်တပ်ပင် ပြန်မရပ်နိုင်သည့် အခြေအနေမို့ အီချော့ဂျင်းက သူ့ကို အတင်းဆွဲထူပြီး နောက်သို့ တလှမ်းချင်း စတင် ဆုတ်ခွာလိုက်သည်။

ဂွမ်ထက်ဂျူကလည်း ထိုအချိန်တွင်း၌ ဖြည်းဖြည်းချင်း သူတို့ထံသို့ ရွေ့လျားနေလေသည်။ အီချော့ဂျင်း နောက်ဆုတ်လိုက်သည်နှင့် ပိုမို နီးကပ်စေရန် တိုးကပ်သွားသည်။ ဓားစာခံ၏ ဘေးကင်းရေးကို ဂရုမစိုက်ခြင်းမရှိသည့် ရက်စက်သော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

အီချော့ဂျင်း နောက်သို့ တစ်လှမ်းတိုင်း သူက ရှေ့သို့ တစ်လှမ်းတက်သည်။ အီချော့ဂျင်း၏ အသံသည် ဒေါသကြောင့် သိသိသာသာ ကွဲအက်နေခဲ့သည်။

"ငါ့နောက်ကို မလိုက်နဲ့!"

သို့သော် ခြိမ်းခြောက်မှုက ဂွမ်ထက်ဂျူအပေါ် အလုပ်ဖြစ်မနေပေ။ သူ နောက်သို့ တစ်လှမ်းဆုတ်သောအခါ ထိုလူက ရှေ့သို့ တစ်လှမ်း တိုးလာတုန်းပင်။ သူတို့နှစ်ယောက်ကြားတွင် အကွာအဝေးတစ်ခုကို ထိန်းထားပြီး အလျော့မပေးဘဲ ဆက်လက်လိုက်နေ၍ အီချော့ဂျင်းမှာ အကြပ်ရိုက် နေခဲ့သည်။

"ရပ်တော့!"

"ကူညီပါဦး!"

ဓားစာခံကပင် သူ့လက်နှစ်ဖက်ကို ပူးကပ်ကာ ဂွမ်ထက်ဂျူကို အသနားခံနေခဲ့သည်။ သူ့ဘောင်းဘီကို စိုရွှဲစေခဲ့သော ဆီးများသည် ကြမ်းပြင်ပေါ်သို့တိုင် စီးကျနေခဲ့ပြီ။ ထိုအချိန်၌ နှစ်ခုလုံး၏ လှုပ်ရှားမှုများ ခတ္တခဏ ရပ်တန့်သွားသကဲ့သို့ ဆူညံသံများလည်း ရပ်တန့်သွားခဲ့သည်။

အီချော့ဂျင်းက ခြေတစ်လှမ်းကို နောက်သို့ ဆုတ်ကာ ဂွမ်ထက်ဂျူ ထပ်လိုက်လာ မလိုက်လာ စမ်းသပ်လိုက်၏။ သို့သော် ဂွမ်ထက်ဂျူက သူ့နောက်ကို ထပ်လိုက် လာပြန်သည်။

'သူက ရူးနေတာလား။' အရူးကောင်၏ မျက်လုံးများက ဓားစာခံ လည်ပင်းပေါ်က ဓါးကို မမြင်နိုင်သလိုပင်။

"ခွေးမသား ရပ်ဖို့ပြောတာ မကြားဘူးလား"

အီချော့ဂျင်းက ဒေါသတကြီး အော်ဟစ် လိုက်သော်လည်း ဂွမ်ထက်ဂျူ၏ မျက်နှာတွင် ညှိနှိုင်းချင်သည့် အမူအယာမျိုး ရှိမနေချေ။

ဓားစာခံ၏ အသက်အန္တရာယ်ရှိနေသည့်တိုင် နောက်ဆုတ်မည့်ပုံ မပေါ်ပေ။ ရှင်းနေသည်မှာ ဓားစာခံ သေဆုံးသည်နှင့်တစ်ပြိုင်နက် အီချော့ဂျင်း ဘေးကင်းလိမ့်မည် မဟုတ်ပေ။ ထိုအရာအားလုံးသည် ဂွမ်ထက်ဂျူ၏ တိတ်တဆိတ် ဖိအားပေးနေသော အကြည့်တွင် အဓိပ္ပာယ်တို့က သက်ရောက်ပြီးသား ဖြစ်၏။

" ခွေးမသား...!!"

အီချော့ဂျင်းသည် ဂွမ်ထက်ဂျူနှင့် ထိပ်တိုက် ရင်ဆိုင်မှုကို လျင်မြန်စွာ လက်လျှော့လိုက်ပြီး ဓားစာခံကို တွန်းလိုက်လေသည်။ ထို့နောက် သူ့နောက်မှ လှေကားပေါ်သို့ အမြန်တက်သွားတော့သည်။

ဂွမ်ထက်ဂျူသည် လဲကျနေသော ဓားစာခံကို တစ်ဖက်တွင် ထားခဲ့ပြီး အီချော့ဂျင်း နောက်သို့ လိုက်သွားခဲ့သည်။ သူ ဒုတိယထပ်သို့ တက်လိုက်သည်နှင့် သင်္ဘောကုန်းပတ် ဝင်ပေါက်မှ လူများ အလျင်စလို ပြေးထွက်လာနေသည်။

ထို့ကြောင့် ထိုဘက်သို့သာ တန်းတန်းမတ်မတ် လိုက်သွားလိုက်၏။ သူမှန်းထားသည့် အတိုင်းပင် အလျင်အမြန် ထွက်ပြေးသွားသော အီချော့ဂျင်းကို မြင်လိုက်ရလေသည်။

ဂွမ်ထက်ဂျူက သူ့နောက်သို့ ပြေးလိုက်သွားခြင်း မဟုတ်ဘဲ ခြေလှမ်းကို အနည်းငယ် ပိုကျယ်ကျယ် လှမ်းပြီး အရှိန် နည်းနည်းသာ တင်ထားခဲ့သည်။ အလျင်လိုစရာ အကြောင်းလည်း မရှိပေ။ သင်္ဘောသည် ပင်လယ်ပြင်သို့ ဦးတည်နေပြီး အီချော့ဂျင်းက စဥ့်အိုးထဲက အပြင်မထွက်နိုင်တော့သည့် ကြွက်တစ်ကောင်သာ ဖြစ်သည်။

အလျင်စလို ထွက်ပြေးနေသော အီချော့ဂျင်း၏ နောက်ကို ဂွမ်ထက်ဂျူက ဖြည်းဖြည်းမှန်မှန်သာ လိုက်နေခဲ့သည်။ ဂွမ်ထက်ဂျူ၏ အနက်ရောင်ဆံပင်များက ပင်လယ်လေကြမ်းကြမ်း ဝေ့ဝဲတိုက်ခတ်မှုကြောင့် တဖျတ်ဖျတ် လွင့်လူးနေသည်။ ထိုပုံစံကပင် ထူးဆန်းသော ဖိအားတစ်ခုကို ဖြစ်ပေါ်နေစေ၏။

"- စီနီယာ လက်ထောက်ရေယာဉ်က ကမ်းခြေစောင့်တပ်ဖွဲ့ကို သေနတ်သမားတစ်ဦး သင်္ဘောပေါ်မှာ ရှိနေတယ်လို့ အခုပဲ သတင်းပို့လိုက်ပါတယ်။"

'တစ်ခုခု မှားနေတာလား။'

ရုတ်တရက် သူ့နားတွင် ဆက်သွယ်ရေးကိရိယာမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ငါ မင်းနဲ့ နောက်မှ ပြောမယ်။ ငါ နည်းနည်း အလုပ်များနေတယ်။"

ဂွမ်ထက်ဂျူက သင်္ဘောကုန်းပတ် သံတန်းများအထိ နောက်ဆုတ်နောက်ဆုတ်ဖြင့် ရွေ့လျားနေသော အီချော့ဂျင်းနှင့် မျက်နှာချင်းဆိုင်တွင် ခဏရပ်ကာ ကြည့်နေလိုက်သည်။

ဆက်သွယ်ရေးကိရိယာမှ တားမြစ်သံက ထွက်ပေါ်လာ နေသော်လည်း ဂွမ်ထက်ဂျူက ချက်ချင်း ပါဝါ ပိတ်လိုက်လေသည်။

ထို့ကြောင့် လေထန်နေသော ကုန်းပတ်ပေါ်တွင် အီချော့ဂျင်းနှင့် ဂွမ်ထက်ဂျူသာ ကျန်ရှိတော့၏။

အီချော့ဂျင်းသည် မှောင်မဲနေသော ပင်လယ်ရေပြင်ကို ငုံ့ကြည့်လိုက်ရင်း သံတန်းကို ကိုင်တွယ်ထားသော သူ့လက်များကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

ထိုအချိန်အတွင်း ဂွမ်ထက်ဂျူကလည်း အကွာအဝေးကို ကျဉ်းမြောင်းအောင် တည်တည်ငြိမ်ငြိမ် တိုးကပ် ကာနေခဲ့သည်။ ပြေးရန် မြေမရှိတော့သော အီချော့ဂျင်းသည် သူ့ဓားကို လေထဲတွင် ဝှေ့ယမ်းလိုက်၏။

သူ၏ လွတ်မြောက်ရန် ကြိုးစားမှုက အတော်လေး အဓိပ္ပာယ်မဲ့လေသည်။ ရန်သူကို ကြောက်ရွံ့ နေသည့် အခါမျိုးတွင် ခွန်အားနှင့် ဥာဏ်ရည်ကို အပြည့်အဝ ထုတ်မသုံးနိုင်တော့ဘဲ ယုတ်လျော့ သွားကြပုံရသည်။

"မလာနဲ့!"

ရန်လိုစွာ ခုခံနေသော အီချော့ဂျင်းထံ ဂွမ်ထက်ဂျူ၏ တရွေ့ရွေ့ ချဉ်းကပ်မှုက မရပ်တန့်သွားပေ။ အနီးသို့ ရောက်ရှိလာနေပြီ ဖြစ်သော ဂွမ်ထက်ဂျူကြောင့် အီချော့ဂျင်းက သူ့ကျောပေးထားသော အနက်ရောင် ပင်လယ်ပြင်ကို ခေါင်းစောင်းကြည့်ရင်း ဓားကိုလည်း လေထဲတွင် အဆက်မပြတ် ဝှေ့ယမ်းနေသည်။

"ငါ မင်းကို မလာနဲ့လို့ ပြောနေတယ်!"

အီချော့ဂျင်း စိတ်ရှုပ်ထွေးစွာဖြင့် ဒေါသတကြီး ထအော်လိုက်၏။

ထိုအချိန်တွင် ဂွမ်ထက်ဂျူ၏ လက်ထဲ၌ Colt ပစ္စတိုတစ်လက်က မျက်လှည့်ပြလိုက်သလို ရောက်ရှိ နေခဲ့သလို အီချော့ဂျင်း၏ ဓားက သတ္တုအပိုင်းအစ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့် အခိုက်အတန့်လည်း ဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment