no

Font
Theme

အပိုင်း(၁၄) ။ ။ အရမ်းမမုန်းလိုက်ပါနဲ့။

ဂွမ်ထက်ဂျူ လှေကားအလယ်သို့ ရောက်ရှိချိန်တွင် အောက်ဘက်မှ တဟုန်ထိုး ပြေးတက်လာသည့် ခြေသံများကို ကြားလိုက်ရသည်။ ခြေသံအရ အနည်းဆုံး သုံးလေးယောက်ခန့် ရှိနိုင်ပြီး ထိုသို့ အလျင်စလို တက်လာခြင်းက ကျူးကျော်သူကို ရှာဖွေနေသော အစောင့်များ ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေသည်။

‘ကြာရင် အစောင့်တွေ ပိုများလာတော့မယ်’

အစောင့်ဦးရေ နည်းနေတုန်း ရှောင်တိမ်းလိုက်ခြင်းက အကောင်းဆုံး အခြေအနေ ဖြစ်သဖြင့် ဂွမ်ထက်ဂျူ အောက်သို့ ဆက်မဆင်းတော့ဘဲ အပေါ်ထပ်သို့ တက်သွားလိုက်၏။

တတိယထပ်တွင် အစောင့်တစ်ယောက်မှ မရှိဘဲ တိတ်ဆိတ်နေ၏။ နံရံကို ကျောကပ်ပြီး လှေကားအောက်သို့ ချောင်းကြည့်လိုက်သည့်အခါ၊ အစောင့်များက တတိယထပ်ကို တက်လာနေကြပြီ။ ဂွမ်ထက်ဂျူသည် ဖိနပ်သံ လုံးဝမထွက်စေရန် သတိပြု၍ ခြေလှမ်းကျဲကျဲလှမ်းကာ စင်္ကြံတစ်လျှောက် လျင်မြန်စွာ ဖြတ်သွားလိုက်သည်။

ဂွမ်ထက်ဂျူ အခန်းတစ်ခုရှေ့မှ ဖြတ်သွားစဥ် အတွင်း၌ လူရှိနေကြောင်း အလိုအလျောက် ရိပ်မိလိုက်သည်။ ထိုအခန်းထဲမှ တစ်စုံတစ်ဦးသည် တံခါးနားသို့ ချဥ်းကပ်လာနေသည်။ တံခါးလက်ကိုင် အနည်းငယ် လှုပ်ရှားသွားသည်နှင့် တပြိုင်နက် ဂွမ်ထက်ဂျူက တံခါးနောက်က အရိပ်ထဲသို့ လျပ်တစ်ပြက် ဝင်ရောက်၍ ပုန်းအောင်းလိုက်တော့သည်။

အခန်းတံခါး ပွင့်သည့် အချိန်တွင် အစောင့်များကလည်း တတိယထပ်ကို ရောက်ရှိလာပြီး စစ်ဆေးရန် အခန်းနားသို့ ချဉ်းကပ် လာကြသည်။

“စစ်ဆေးပြီးပြီလား?”

ထိုအသံက သူ ခိုးနားထောင်ခဲ့သော ဖုန်းထဲက လေသံနှင့် တထပ်တည်း ဖြစ်နေသဖြင့် ဂွမ်ထက်ဂျူ တောင့်တင်း သွားသည်။

‘ဆိုက်ခ် ဘော့ဒါနော့ဗ်ပဲ’

“ကျွန်တော်တို့ ရှာဖွေတုန်းပါပဲ၊ တစ်ယောက်ယောက် ခိုးဝင်လာပုံရတယ်။ အိမ်အပြင်ဘက်မှာ ခိုးဝင်လာတဲ့ အထောက်အထားတွေကို တွေ့ခဲ့ရပါတယ်။ ဒီနေရာက အန္တရာယ်မကင်းလို့၊ ကျွန်တော်တို့နှင့်အတူ အောက်ထပ်သို့ လိုက်ခဲ့ပါ။”

ဝန်ကြီးနှစ်ဦးနှင့် ဆိုက်ခ် ဘော့ဒါနော့ဗ်တို့သည် အကြံပြုချက်အတိုင်း တိတ်တဆိတ် လိုက်ပါသွားကြသည်။ တတိယထပ်သို့ တက်လာသည့် အစောင့်များ၏ တစ်ဝက်ခန့်သည် သူတို့အား ကာကွယ်ရန် လိုက်ပါသွားရာ၊ တံခါးအပြင်ဘက်တွင် အစောင့် နှစ်ယောက်မှ သုံးယောက်ခန့်သာ ကျန်ရစ်တော့သည်။ အစောင့်တိုင်းက လက်နက် ကိုင်ဆောင်ထားလေရာ အပြန်အလှန် ပစ်ခတ်လျှင် အများနှင့် တစ်ယောက်မို့ လွတ်မြောက်ရန် အခွင့်အရေးကလည်း မရှိသလောက်ပင်။

ထိုစဥ် အစောင့်တစ်ဦးသည် အခန်းတံခါးကို ပိတ်ရန် ချဉ်းကပ်လာနေသဖြင့် ဂွမ်ထက်ဂျူက အသက်ရှူသံကို အောင့်ထားပြီး တံခါးလက်ကိုင်ကို စူးစိုက်ကြည့်နေ၏။ ထိုအစောင့်က တစ်ဖက်ခြမ်းမှ လက်ကိုင်ကို ဆွဲလိုက်ချိန်တွင်၊ ဂွမ်ထက်ဂျူ ရှိရာဘက်မှ လက်ကိုင်ကလည်း ဆတ်ခနဲ လှုပ်ရှားသွား၏။

ထိုအချိန်တွင် ဂွမ်ထက်ဂျူက တံခါးကို အင်အား အကုန်သုံးပြီး တွန်းထုတ်လိုက်လေသည်။ တံခါးက အသံကျယ်ကျယ် တစ်ချက်ဖြင့် အစောင့်၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။ အစောင့်မှာ အသံပင် မထွက်နိုင်ဘဲ ကြမ်းပြင်ပေါ် လဲကျသွားလေသည်။

အခြားအစောင့်တစ်ဦးက ဘေးခန်းကို စစ်ဆေးနေစဉ် ရုတ်ခြည်း ကြားလိုက်ရသော အသံကြောင့် တံခါးဝ နားသို့ ခေါင်းထွက်ကာ ကြည့်လိုက်၏။

အစောင့်အဖွဲ့သား တစ်ယောက် လဲကျနေခြင်းကို မြင်ပြီး သင်္ကာမကင်းသော မျက်နှာဖြင့် ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။ လဲကျနေသူကို စစ်ဆေးရန် ခါးကို ကိုင်းလိုက်စဥ်၊ တံခါးနောက်မှ အရိပ်တစ်ခု ထွက်လာလေသည်။

သူသည် သေနတ်ကို လျင်မြန်စွာ ဆွဲယူလိုက်သော်လည်း တံခါး၏ တစ်ဖက်ခြမ်းမှ ထွက်လာသော ကျည်ဆန်က သူ့ပခုံးကို ဖောက်ထွင်းသွားခဲ့သည်။

“အာ့...!”

တတိယ အစောင့်တစ်ဦးကလည်း သေနတ်သံ ကြားလိုက်သဖြင့် စင်္ကြလမ်းထိပ်မှ အပြေးရောက်လာ၏။ ဒဏ်ရာရနေသော မိမိအဖွဲ့သားများကို တွေ့သောအခါ ရန်သူ ရှိနေကြောင်း သေချာသွားပြီး နှောင့်နှေးမနေရဲဘဲ စတင် ပစ်ခတ်လိုက်တော့သည်။

ဂွမ်ထက်ဂျူမှာ မိမိထံ ဝင်ရောက်လာသော ကျည်ဆန်လမ်းကြောင်းကို ရှောင်ရှားလျက် စင်္ကြလမ်းအဆုံးက လှေကားဆီ ပြေးသွားလိုက်သော်လည်း၊ နောက်ထပ် အစောင့်များက အလုံးအရင်းနှင့် လှေကားထိပ်တွင် စုဝေး ရောက်ရှိလာနေခဲ့ပြီ။

နောက်ဆုံးတွင် ဂွမ်ထက်ဂျူက အနီးရှိ အခန်းတစ်ခုထဲသို့သာ ပြေးဝင်လိုက်ရ၏။ သူ့အဖြစ်က ထောက်ချောက်ထဲမိနေသည့် ကြွက်တစ်ကောင်နှင့် မခြားပေ။ ထွက်ပေါက်မရှိသည့် အခန်းထဲသို့ ပြေးဝင်ရုံမှတပါး အခြားရွေးချယ်စရာလည်း ရှိမနေချေ။

အရင်ဦးဆုံး တံခါးကို လော့ချထားလိုက်ပြီး ရွေ့ရလွယ်သော ပရိဘောဂများဖြင့် တံခါးရှေ့တွင် ယာယီအတားအဆီးတစ်ခု ပြုလုပ်ထားလိုက်သည်။ သူ့နောက် လိုက်လာသည့် အစောင့်များက တံခါးကို ချိုးဖျက်ရန် ထုရိုက်နေကြလေသည်။ ယခုအချိန်တွင် တံခါးက လှုပ်မသွားသေးသော်လည်း၊ သိပ်ကြာကြာ ခံနိုင်တော့မည် မဟုတ်ပေ။

ဂွမ်ထက်ဂျူသည် တံခါးနားမှ လှည့်ကာ ထွက်ပြေးရန်အတွက် အခန်းကို လှည့်ပတ် ကြည့်လိုက်စဥ်၊ မြင်ဖူးသလို ခံစားချက်တစ်ခုက သူ့ကို ရုတ်တရက် လွှမ်းခြုံလာခဲ့သည်။ ဤအခန်းသည် တတိယထပ်၏ အဆုံးတွင်ရှိပြီး မီးလင်းနေသည်ကို မြင်ခဲ့ရသည့် အခန်းဖြစ်ကြောင်း ပြန်မှတ်မိသွား၏။

တစ်ချိန်တည်းမှာပင် တံခါးအပြင်ဘက်မှ ဆူညံသံများသည် ပို၍ ပို၍ များပြားလာနေသည်။ အနီးအနားမှ အစောင့်များသည် သူပုန်းနေသည့် အခန်းတံခါးရှေ့တွင် စုဝေးရောက်ရှိနေကြပုံပင်။

“အခု ဘာလုပ်ရမလဲ?”

ဂွမ်ထက်ဂျူ သည် သတိထားပြီး ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ၊ အောက်ထပ်တွင် အစောင့် အများအပြား စုဝေးနေကြပြီး၊ တတိယထပ်သို့ မည်သို့ဝင်ရောက်ရမလဲကို ဆွေးနွေးနေကြဟန် ရှိသည်။

ဂွမ်ထက်ဂျူက စားပွဲပေါ်သို့ တက်ကာ မျက်နှာကျက်ကို ကိုင်ကြည့်လိုက်၏။ ပါးလွှာသည့် အထပ်သား ဖြစ်ပါက ဖောက်ပြီး တက်သွားရန် ကြံရွယ်ခဲ့သော်လည်း၊ မျက်နှာကျက်က အလွန်မာကျောနေသည်မှာ လျှပ်စစ်တူးရွင်းနှင့်ပင် မဖောက်နိုင်လောက်ချေ။ စိတ်ပျက်လက်ပျက်ဖြင့် စားပွဲပေါ်မှ ဆင်းလိုက်ပြီး ပတ်ဝန်းကျင်ရှိ နံရံများကို စစ်ဆေးကြည့်သည့် အခါတွင်လည်း အခြေအနေက အတူတူပင် ဖြစ်နေသည်။

စကြင်္လမ်းထဲရှိ အစောင့်များက ပိတ်ထားသည့် တံခါးကို စတင် ပစ်ခတ်ကြတော့၏။ ကျည်ဆန်များက မိုးသီးများပမာ ကျရောက်လာပြီး သစ်သားတံခါးမှာ ပျားအုံလို အပေါက်များစွာ ဖြစ်သွားလေသည်။

“ပြေးပေါက်ပိတ်နေပြီ။ ငါ ဘာလုပ်သင့်လဲ။”

ဂွမ်ထက်ဂျူက လက်ရှိအခြေအနေတွင် အလုံခြုံဆုံးဖြစ်သည့် စာအုပ်စင်ကို ကျောပေးပြီး အသင့်အနေအထားဖြင့် ခါးပတ်ကြားမှ ကော့သေနတ် နှစ်လက်ကို ယူကာ လက်နှစ်ဖက်တွင် ကိုင်ထားလိုက်၏။

အများနှင့် တစ်ယောက် ရင်ဆိုင်ရမည့် အခြေအနေ၌ စွန့်စားရန် ရွေးချယ်ခြင်းသည် အဆင်အခြင်မဲ့လွန်းသော လုပ်ရပ် ဖြစ်သည်။ သို့သော် သူလုပ်နိုင်သော တစ်ခုတည်းသော အရာမှာလည်း ရင်ဆိုင်တိုက်ခိုက်ရန်သာ။

လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး၊ ပေါက်ပြဲနေသည့် တံခါးကို စူးစိုက်ကြည့်လိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများမှာ တင်းမာနေပြီး တိုက်ခိုက်ရန် အသင့် အနေအထားသို့ ရောက်ရှိနေလေပြီ။

ဂွမ်ထက်ဂျူ၏ မျက်နှာတွင် ထိတ်လန့်မှု လုံးဝ မရှိသလို ဒေါသထွက်နေခြင်းလည်း မရှိပေ။ ဤ အကျပ်အတည်းဆုံး အခြေအနေတွင်ပင် သူသည် အေးစက်စက် မျက်လုံးများဖြင့် အနည်းငယ်မျှ စိတ်မလှုပ်ရှားဘဲ တည်ငြိမ်စွာ ရှိနေခဲ့သည်။

ဆေးပြင်းလိပ်နံ့ ပြင်းပြင်းတစ်ခု က သူ့အနံ့ခံအာရုံသို့ ရုတ်ခြည်း ဝင်ရောက်လာပြီး သူ့ တည်ငြိမ်မှုကို ချက်ချင်း ပြိုပျက်သွားစေသည်။ ရင်းနှီးလွန်းသော အနံ့တစ်ခု။ ထိုရနံ့လာရာသို့ ခေါင်းမလှည့်နိုင်မီ စာအုပ်စင်ဘေးမှ လက်တစ်ဖက် ထွက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်လိုက်သည်။

မျက်တောင်တစ်ခတ်စာပင် မရှိလိုက် သည့် အချိန်လေးအတွင်း သူ့ပါးစပ်ကို ပိတ်ဆို့ခံလိုက်ရပြီး လည်ပင်းက သန်မာသော လက်မောင်းတစ်ဖက်၏ တင်းတင်းကျပ်ကျပ် ညှစ်ဖမ်းခြင်းကို ခံလိုက်ရသည်။

ဦးနှောက်မှ ‘ပြေး’ ဟု သတိပေးသည့် အချက်ပြမှု သည်ပင် နောက်ကျခဲ့ပြီ ဖြစ်ပြီး ရနံ့ပိုင်ရှင်၏ လက်တွင်း၌ မလှုပ်နိုင်အောင် ဖမ်းချုပ်ခံနေရသည်။ ထို့ပြင် ရုန်းကန်ခွင့် တစ်ခုလေးတောင် မပေးချင်သလို အတွင်းဘက်ကို ဆွဲခေါ်သွားလိုက်သဖြင့်၊ သူ့ အမြင်အာရုံများ မှောင်အတိကျသွားလေသည်။

ဘာကိုမှ မမြင်ရတော့သော်လည်း တံခါးကို ဖောက်ထွင်း ဝင်ရောက်လာသည့် အသံများကိုတော့ အတိုင်းသား ကြားနေရသည်။ ပရိဘောဂများကို တွန်းဖယ်လိုက်သံ၊ အခန်းထဲသို့ ဝင်ရောက်လာသည့် အစောင့်တို့၏ ခြေသံများ။

ဤအရာအားလုံးက ဂွမ်ထက်ဂျူ၏ ဦးခေါင်းထက်မှ ကြားနေရခြင်းပင်။ အမှောင်ထုထဲ ဆွဲသွင်းခံလိုက်ရခြင်းကြောင့် ဘာတွေ ဖြစ်ပျက်သွားမှန်း မရှင်းလင်းသော်လည်း သူ့ခေါင်းပေါ်တွင် မာကျောသော အခင်းတစ်ခုခု ရှိနေပုံ ရ၏။

”ကျူးကျော်သူ မတွေ့ဘူး!”

“မရှိတော့ဘူး!”

”ဘယ်ကို ပြေးတာလဲ၊ အပြင်ဘက်ကိုလား?”

အစောင့်တို့၏ အသံများက အံ့သြသင့်မှုကို ဖော်ပြနေကြ၏။ သူတို့သည် စာအုပ်စင်များပေါ်မှ စာအုပ်အားလုံးကို ကြမ်းပြင်ပေါ်သို့ တွန်းချကာ၊ ပရိဘောဂများနှင့် လိုက်ကာများ အားလုံးကို ဖယ်ရှားပြီး၊ တစ်လက်မ မကျန် ရှာဖွေနေကြသည်။ ဤအချိန်တွင် ဂွမ်ထက်ဂျူမှာ တစ်နေရာရာသို့ ဆက်ပြီး ဆွဲခေါ်သွားခြင်း ခံနေရ၏။

ယခုအခါတွင် ဂွမ်ထက်ဂျူ၏ တင်းမာမှုနှင့် သတိရှိမှုများက သိသိသာသာ လျော့ကျသွားခဲ့ကာ ထူးခြားသည့်အနံ့မှ တစ်ဆင့် သူ့နောက်ကလူက ဘယ်သူလဲ ဆိုသည်ကို သိရှိ နေခဲ့ပြီ။ သူ နားမလည်နိုင်သေးသည့် အချက် ကတော့ ဇန်းညာ ဒီနေရာသို့ ဘယ်လို ရောက်လာသလဲ ဆိုသည်ကိုသာ ဖြစ်သည်။။

သူတို့နှစ်ဦးသည် ရှည်လျား၍ မှောင်မိုက်နေသော လမ်းကြောင်းတစ်ခုကို ဖြတ်လျှောက် လာခဲ့ကြသည်။ ဤလမ်းသည် အခန်းနံရံ နှင့် ကြမ်းပြင်များကြားရှိ လျှို့ဝှက်လမ်းကျဉ်းလေး ဖြစ်ပြီး၊ ရှုပ်ထွေးလှသော ကွေ့ကောက်မှုများကို ကြည့်ခြင်းအားဖြင့် အဆောက်အအုံ တစ်ခုလုံးသို့ ဆက်သွယ်ထားဟန် ရကာ ပုရွက်ဆိတ်အုံအတွင်းမှ လမ်းကြောင်းများနှယ်ပင်။

ဇန်းညာ က အတန်ကြာသည်အထိ အရှေ့မှ ဦးဆောင် လျှောက်နေ ပြီးနောက် တစ်နေရာ အရောက်တွင် ရပ်တန့် လိုက်၏။ သွားလိုသည့် နေရာကို အတိအကျ သိနေသကဲ့သို့ ခေါင်းအထက်က မျက်နှာပြင်တစ်ဝိုက် ကို စမ်းသပ် ကြည့်ရှု နေလေသည်။

မကြာခင်မှာပင် ထူထဲသော ကျောက်ပြားတစ်ချပ် က ဇန်းညာ၏ လက်ထဲတွင် လှုပ်ခါ လာ၏။ ဇန်းညာကို ကြောင်တောင်တောင် ငေးကြည့် နေခဲ့သော ဂွမ်ထက်ဂျူ မှာ ထိုအခါမှ သတိပြန်ဝင် သွားပြီး သူ၏ ကော့သေနတ် ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် ထားလိုက်သည်။

ဇန်းညာက ကျောက်ပြားကို အနည်းငယ် ပင့်တင်လိုက်ပြီး အပေါ်ဘက်မှ အခန်းအတွင်း အခြေအနေကို ကြည့်လိုက်၏။

ထို အဟကြားလေးမှ တစ်စုံတစ်ယောက်၏ ခြေထောက်များ ရှေ့နောက် လျှောက်သွားနေသည်ကို မြင်နေရလေသည်။ ဂွမ်ထက်ဂျူနှင့် ဇန်းညာသည် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ ဂွမ်ထက်ဂျူက ကျောက်ပြားကို ပြန်ချလိုက်ရန် လက်ဟန်ဖြင့် အချက်ပေးလိုက်သောအခါ ဇန်းညာမှာ နာခံလျက်လုပ်ဆောင်ပေးလိုက်သည်။ သို့သော် လက်ကတော့ ကျောက်ပြားကို ထိကိုင်ထားဆဲသာ။ အခန်းတစ်ခုလုံးကို လှည့်ပတ် စစ်ဆေးနေသည့် အစောင့်က ဇန်းညာ ကိုင်ထားသည့် ကျောက်ပြားနားသို့ တည့်တည့် လျှောက်လာနေသည်။

ဂွမ်ထက်ဂျူက နောက်ထပ် တစ်ကြိမ် အချက်ပြ လိုက်သောအခါ၊ ဇန်းညာမှာ ကြမ်းခင်း ကျောက်ပြားကို ခပ်ကြမ်းကြမ်း တွန်းတင်လိုက်၏။ ထို့ကြောင့် ကျောက်ပြားကို နင်းထားသော အစောင့်မှာ ဟန်ချက်ပျက်လျက် လဲကျသွားလေသည်။

အစောင့်လဲကျသွားသည်ကို အခွင့်ကောင်းယူကာ ဂွမ်ထက်ဂျူလည်း အပေါ်သို့ တက်လိုက်သည်။ အစောင့်မှာ ကျူးကျော်သူများကို သေနတ်ဖြင့် ပစ်ခတ် တားဆီးလိုက်သဖြင့် သေနတ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။

သူ့ထံသို့ ဝင်လာသော ကျည်ဆန်တစ်ချက်ကို ဇန်းညာက ခေါင်းအနည်းငယ် စောင်းကာ အသာအယာ ရှောင်တိမ်းလိုက်၏။ သို့သော် ကပ်လျက်ပါလာသည့် ကျည်ဆန်မှာ သူ့ နားရွက်ကို ထိမှန်သွားပြီး အနီရောင် သွေးများ ချက်ချင်း ပန်းထွက်လာကာ လည်ပင်းတစ်လျှောက် စီးကျလာလေသည်။ ဇန်းညာသည် နားရွက်မှ ဒဏ်ရာကို လက်ဖြင့် ထိကြည့်ရင်း သဘောကျသလို ခပ်ဟဟ ရယ်မောလိုက်၏။

ဂွမ်ထက်ဂျူက ပြန်လည် ပစ်ခတ်လိုက်သည့် ကျည်ဆန်ကလည်း အစောင့်၏ ညာဘက်လက်ကို ထိမှန်သွားခဲ့သည်။ အစောင့်မှာ ဒဏ်ရာရနေသော လက်ကို ဆုပ်ကိုင်လိုက်ရင်း အော်ဟစ်နေလေသည်။

‘အား ...’

သို့သော် သူ၏ ကံဆိုးမှုမှာ ဤမျှနှင့် မပြီးဆုံးသေးမှန်း သူကိုယ်တိုင်ပင် သိမည် မဟုတ်ပေ။ ဇန်းညာက သူ့အနီးသို့ ရောက်နေခဲ့ပြီ။ ဂွမ်ထက်ဂျူသည် ထိုကံမကောင်းသူထံ နောက်ထပ် ကံဆိုးမှုကြီးတစ်ခု ရောက်ရှိ လာတော့မည်ကို ကြိုတင်ခန့်မှန်းမိနေပြီ။

ဇန်းညာကို တားဆီး လိုက်ချင်သော်လည်း သူတို့ အနေဖြင့် အပြန်အလှန် စကားများနေရမည့် အချိန်အခါမျိုးလည်း ဟုတ်မနေပြန်။ သို့ဖြင့် အရူးကောင်ကို မ,တားနိုင်လိုက်ဘဲ....

“...အင့်!”

အစောင့်၏ မေးရိုးမှာ မဆံ့မပြဲ ဖြစ်လျက် မတန်တဆ ဖြဲခံထားရသော်လည်း ဇန်းညာသည် သူ့လက်များကို ထိုးသွင်းနေမှုကို တစ်စက်ကလေးမျှ မလျှော့ဘဲ ဆက်လုပ်နေခဲ့သည်။

“အာ... အာ... အီးးး... အာ့…”

ထိုအစောင့်မှာ ဇန်းညာ၏ လက်ကို ကြောက်လန့်တကြား ကိုင်ထားရင်း သူ့ပါးစပ်ထဲမှ ဖယ်ထုတ်ပစ်နိုင်ရန် ကြိုးစားနေလေသည်။ သို့သော် ဇန်းညာက အစောင့်၏ မသေခင် ရုန်းကန်နေမှုကို လုံးလုံး ဂရုစိုက်ခြင်း မရှိဘဲ ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ဆွဲဖြဲလိုက်တော့သည်။

ဂွမ်ထက်ဂျူမှာ သူ့မျက်နှာကို တစ်ဖက်သို့ အလျင်အမြန် လှည့်လိုက်သော်လည်း၊ သွေးပျက်စရာ အသံကို ကို လုံးဝ ရှောင်လွှဲ၍ မရနိုင်ပေ။ ထိုအသံမှာ မေးရိုးဆစ်တစ်ခုလုံး ကြေမွသွားပြီး အောက်မေးရိုး အရိုးအဆစ်မှ ဆတ်ခနဲ ပြုတ်ထွက်သွားသည့် အရိုးကျိုးသံနှင့် အသားများကို ဆွဲဖြဲလိုက်သည့် အသံ တို့ ပေါင်းစပ်နေသော ကြက်သီးထဖွယ်ရာ အသံပင်။

ကံမကောင်းသည့် အစောင့်မှာ တုန်ယင်လျက် သတိလစ်သွားသောအခါ ဂွမ်ထက်ဂျူသည် မျက်မှောင်ကြုတ်ကာ နောက်သို့ မသိမသာ တစ်လှမ်း ဆုတ်လိုက်မိပြီး အစာငတ်ခံထားရသော ဒဏ်ရာရသားရိုင်းကောင်တစ်ကောင်၏ သွေးရူးသွေးတန်း တိုက်ခိုက်မှုကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအရာမျိုးက စိတ်ပုံမှန်ရှိသည့် လူသားတစ်ဦး လုပ်လိမ့်မည့် လုပ်ရပ်မျိုး မဟုတ်နေပေ။ အနည်းဆုံးတော့ ထိုအရူးကောင်ကဲ့သို့ မျက်နှာတွင် အပြုံးကြီးကို ဆင်မြန်းကာ လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။

ဇန်းညာက သူ၏ သွေးစွန်းနေသောလက်ကို မြှောက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ထို့နောက် သူ့မျက်လုံးများမှာ ဂွမ်ထက်ဂျူ ကို စူးစိုက်ကြည့်နေသည်။ ပိုတိတိကျကျ ပြောရလျှင် ဂွမ်ထက်ဂျူ ၏ ရှပ်အင်္ကျီကို ကြည့်နေခြင်းသာ။

ဂွမ်ထက်ဂျူမှာ နောက်တစ်လှမ်း ဆုတ်ကာ ခေါင်းကို အပြင်းအထန် ခါလိုက်၏။

“မရဘူး”

သူ လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ၊ ဇန်းညာမှာ သူ့အနီးသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။

ကွမ်ထက်ဂျူမှာ နောက်သို့ ဆုတ်လိုက်သော်လည်း ခွေးထက်ပင် မြန်ဆန်လှသော ထိုကောင်က သူ့အနားသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူ့နောက်ဆုတ်ခြင်းက အသုံးမဝင်လိုက်ပေ။

ထို့ကြောင့် ဂွမ်ထက်ဂျူက ဟန့်တားသလို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သော်လည်း၊ ဇန်းညာမှာ သူ၏ ရှည်လျားသော လက်များကို ဆန့်ထုတ်လိုက်ပြီး၊ ရှပ်အင်္ကျီကို ဆုပ်ကိုင်လိုက်လေတော့သည်။

ဂွမ်ထက်ဂျူ မှာ ဇန်းညာ၏ သွေးလက်ဝါးရာ စွန်းထင်းနေသော အင်္ကျီကို အသံတိတ်လျက် ငုံ့နေပြီး၊ သူ၏မေးရိုးများကို တင်းတင်းဖိ ကိုက်ထားသည်မှာ အံ့ကြိတ်သံပင် ကြားရနိုင်သည်။

ဇန်းညာကို စိုက်ကြည့်နေသော ဂွမ်ထက်ဂျူ၏ မျက်လုံးများတွင် လူသတ်ချင်သည့် စိတ်နှင့် ပြည့်နှက်နေလေသည်။ ထို စူးရဲနေသည့် အကြည့်က ဇန်းညာကို စိတ်အနှောက်အယှက် နည်းနည်းလေးတောင် မဖြစ်စေဘဲ သူ၏ နှုတ်ခမ်းထောင့်တစ်ဖက်ကို ပို၍သာ ကွေးတက်သွားစေသည်။

ဂွမ်ထက်ဂျူမှာ ဒေါသထွက်လာကာ အစောင့်၏ ရှပ်အင်္ကျီမှ ကြယ်သီးများကို ကြမ်းကြမ်းတမ်းတမ်း ဆွဲဖြုတ်လိုက်သည်။ ထို့နောက် ဆဲဆိုရင်း သွေးပေနေသည့် ရှပ်အင်္ကျီကို ချွတ်ကာ ဇန်းညာ၏ မျက်နှာပေါ်သို့ ပစ်ပေါက် ပေးလိုက်လေသည်။

ဇန်းညာမှာ သူ့အပြုအမူက လွန်သည်ဟု နည်းနည်းမျှ မတွေးမိသလို၊ သူ့လက်ပေါ်က သွေးများနှင့် ချွဲကျိကျိ အရည်များကို ရှပ်အင်္ကျီနှင့် ဆက်သုတ်နေလေသည်။

“မင်း လက်ကိုင်ပဝါ ဘာလို့ မဆောင်ထားတာလဲ”

“ဘာလို့ ဒီလို သောက်ကျင့်မျိုး ရှိနေရတာလဲ”

ဂွမ်ထက်ဂျူ လေသံမှာ ‘တခြားတစ်ယောက်ရဲ့ အင်္ကျီနဲ့ သုတ်လေ’ ဟု ပြောချင်နေသကဲ့သို့ပင်။

ထိုစဥ်..

“ဒီဘက်မှာ!”

နေရာအနှံ့မှ အခြားအစောင့်များသည် သေနတ်သံ ကြားသည့် နေရာသို့ ပြေးလာနေကြသည်။

ဂွမ်ထက်ဂျူမှာ လျှို့ဝှက်လမ်းထဲ ပြန်ပုန်းရမလား၊ ပြန်တိုက်ခိုက်ရမလား တွေဝေနေစဥ် ဇန်းညာက သူ၏ အင်္ကျီကော်လံကို ဆုပ်ကိုင်ကာ ပြတင်းပေါက်ဘက်သို့ ဆွဲခေါ် သွားလေသည်။

ဂွမ်ထက်ဂျူမှာ အပြင်ဘက်သို့ လှမ်းကြည့် လိုက်ရာ ဤအခန်း မှာ အိမ်တော်ကြီး၏ အနောက်ဘက် တွင် မဟုတ် ဘဲ အရှေ့ဘက်ခြမ်းမှ အခန်း ဖြစ်ကြောင်း သိလိုက်ရသည်။ ဇန်းညာက ပြတင်းပေါက်တံခါးကို ဖွင့်လိုက်၏။ အိမ်တော် ခြံဝင်းအတွင်းတွင် ရုတ်ရုတ်သည်းသည်း ဖြစ်နေကာ ဧည့်သည်တော်များ၏ ကားများက အလျင်အမြန် ထွက်ခွာနေကြလေသည်။

ဇန်းညာက ထိုမြင်ကွင်းကို တစ်ချက် ကြည့်လိုက်ပြီး ဂွမ်ထက်ဂျူကို ပြတင်းပေါက်အဝနားသို့ ဆွဲယူလိုက်၏။ ထို့နောက် သူ၏ အားသန်လွန်းလှသည့် လက်ဖြင့် တံခါးဘောင်ပေါ်သို့ တက်ရန် အတင်းအကျပ် တွန်းတင်လိုက်ပြန်သည်။

“မလှုပ်နဲ့!”

ထိုအစောင့်များက ဘယ်တုန်းကတည်းက အခန်းထဲသို့ ရောက်လာမှန်းပင် မသိလိုက်ဘဲ အသံကြားမှ သူတို့ရှိနေကြောင်း သတိပြုမိသည်။ ဂွမ်ထက်ဂျူမှာ မလှုပ်သာသည့် ပစ်မှတ် အခြေအနေသို့ ရောက်ရှိ သွားပြန်သည်။

သူတို့၏ ဦးခေါင်း၊ ကျောပြင်၊ လက်မောင်း၊ ခြေထောက် အားလုံးက အစောင့်တို့၏ ပစ်ကွင်း အတွင်းသို့ လုံးလုံးလျားလျား ရောက်ရှိနေ၏။

ထိုသို့ ဝိုင်းရံခံနေရသည့်တိုင် ဇန်းညာက လုပ်စရာရှိသည်ကို အလျော့မပေးဘဲ ဆက်လုပ်နေသည်။ သူက အရှေ့ကိုသာ တည့်တည့် ကြည့်ပြီး နားမလည်နိုင်သည့် စကားလုံးများကို တီးတိုး ပြောနေ၏။

“အသင့်ပြင်ထား”

“ဘာ?”

“အခုပဲ။”

“ခုန်ချ” ဆိုသည့် အသံကို ဂွမ်ထက်ဂျူ နားမလည်နိုင်မီမှာပင် သူ၏ခန္ဓာကိုယ်က လေထဲသို့ ဆွဲချခံလိုက်ရပြီး ဇန်းညာ၏ ရူးမိုက်သည့် ခုန်ချမှုတွင် အတူ ပူးပေါင်း ပါဝင်လိုက်ရ၏။

အိမ်တော်ကြီးပေါ်မှ အလွတ် ခုန်ချလာသည့် လူနှစ်ယောက်သည် အမြန်မောင်းလာသော ဆီဒန်ကား ခေါင်းမိုး ပေါ်သို့ တည့်တည့် ကျသွားလေသည်။ ကားလေးမှာ တစ်ချက် ရမ်းခါသွားပြီး အရှိန်ပြင်းပြင်းဖြင့် ဆက်လက် မောင်းထွက်သွားလေသည်။

ကြိုတင် မပြင်ဆင်ဘဲ ခုန်ချလိုက်ရသည့် ဂွမ်ထက်ဂျူမှာ ကားခေါင်မိုးပေါ်မှ လျောကျသွားခဲ့သည်။ ဂွမ်ထက်ဂျူသာ သူ့လက်ချောင်းများကို ကားအနောက်ဖုံးရှိ အပေါက်ထဲသို့ အလျင်အမြန် မထည့်ထားလိုက်နိုင်ပါက ကားပေါ်မှ ပြုတ်ကျသွားမှာ အသေအချာပင်။

ဇန်းညာက သူ၏ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းထားပြီး ယာဉ်မောင်းဘက်ရှိ ပြတင်းပေါက်ကို အားနှင့် ထိုးခွဲနေလေသည်။ ကားမှန်တံခါးမှာ ဇန်းညာ၏ လက်သီးချက် အနည်းငယ် ခံရပြီးနောက် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေသည်။

ဇန်းညာသည် လက်တစ်ဖက်က ကားကိုယ်ထည်ကို ကိုင်ထားလျက်မှ နောက်လက်တစ်ဖက်ဖြင့် ယာဉ်မောင်းကို ကားထဲမှ ဆွဲထုတ်လိုက်၏။ အားကို အပြည့်အဝ အသုံးမပြုနိုင်သော အခြေအနေတွင် ရှိနေသော်ငြားလည်း ထိုင်ခုံ ခါးပတ်ပတ်ထားသည့် ယာဥ်မောင်းမှာ အလွယ်တကူ ဆွဲထုတ်ခံလိုက်ရသည်။

ယာဉ်မောင်းကို ဆွဲထုတ် ခံလိုက်ရခြင်းကြောင့် ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် လူမှာ စတီယာရင်ကို အမြန် ဝင်ထိန်းလိုက်ရသည်။ ထိုအချိန်မှာပင် ဇန်းညာ၏ ခြေထောက်နှစ်ချောင်းက ကားအတွင်းသို့ ဝင်လာပြီး ယာဉ်မောင်းခုံတွင် အလျင်အမြန် ဝင်ထိုင်လိုက်ကာ လီဗာကို ဆက်နင်း ထားလိုက်လေသည်။

ထိုအခါ ဂွမ်ထက်ဂျူသည် အရှိန်ပြင်းပြင်းဖြင့် ထိုးထွက်သွားသော ကား၏ နောက်ဖုံးပေါ်တွင် လေထဲ ပျံဝဲနေသကဲ့သို့ မြှောက်တက်လျက် လိုက်ပါနေရတော့သည်။

ခဏအကြာမှ ဇန်းညာက သူ့ကို သတိရသွားပြီး အနောက်ခန်းတံခါးကို ဖွင့်ပေးလိုက်၏။ သို့သော်လည်း တစ်နာရီ ကီလိုမီတာ ၁၀၀ ကျော် အမြန်နှုန်းဖြင့် မောင်းနှင်နေသည့် ကားထဲတွင် ဝင်နိုင်ရန် အကြီးအကျယ် ရုန်းကန်လိုက်ရပြန်သည်။ ကားက ဘယ်ညာ ယိမ်းထိုးကာ မောင်းနေခြင်းကြောင့် ဖွင့်ထားသည့် တံခါးမှာ ပြန်ပိတ်မိ လုနီးပါး ဖြစ်သွားခဲ့သေးသည်။

နောက်ဆုံးတွင် အခက်အခဲများကို ကျော်လွှားပြီး ကားနောက်ခန်းထဲ ဝင်နိုင်လိုက်သော်လည်း အသက်ရှူရန် အချိန် မရသေးဘဲ နောက်ခန်းမှာ ထိုင်နေသည့် ကားပိုင်ရှင်ကို သေနတ်ဖြင့် ချိန်ထားလိုက်၏။

သေနတ်ဖြင့် ချိန်ရွယ်လိုက်ခြင်းက ခြိမ်းခြောက်ရုံသာ။

ဇန်းညာ နှင့် ဂွမ်ထက်ဂျူ တို့သည် ထိုကားပေါ် ခုန်ချလိုက်သည်နှင့် တစ်ပြိုင်နက် လုံခြုံရေးအဖွဲ့များ၏ ပစ်ခတ်မှုများ ရပ်တန့်သွားခဲ့သည်။ ဘော့ဒါနော့ဗ် ကိုယ်တိုင်ပင် ဤကားပိုင်ရှင်နှင့် ပြဿနာ မဖြစ်ချင်တာ ဖြစ်နိုင်သည်။ ဤထက် ပိုကောင်းသည့် အကာအကွယ် မရှိတော့ပေ။

သို့သော် ဂွမ်ထက်ဂျူ၏ ယူဆချက်လေးမှာ ကြာကြာ မခံလိုက်ပါဘဲ ခဏတာ ရပ်တန့်သွားခဲ့သည့် ကျည်ဆန်များမှာ ပျံသန်းလာကြပြန်သည်။ ဤတစ်ကြိမ်၌ ရိုင်ဖယ်သေနတ်သံပင်။

ဂွမ်ထက်ဂျူ အိမ်တော်ကြီးဘက်ကို လှည့်ကြည့်လိုက်စဥ်၊ ဗလာဒီမီရ် ဘော့ဒါနော့ဗ် (ဘော့ဒါနော့ဗ်၏ အစ်ကိုအကြီးဆုံး) က ရိုင်ဖယ်သေနတ်ကို ကိုင်ပြီး၊ ဖွင့်ထားသည့် ပြတင်းပေါက်နေရာမှ သူ့ကိုယ်တပိုင်းကို ထုတ်ထားကာ ကားကို အဆက်မပြတ် ပစ်ခတ်နေလေသည်။

ကံကောင်းသည်က သူတို့ အတော်ဝေးဝေးကို ရောက်နေပြီ ဖြစ်၍ ရိုင်ဖယ် ကျည်ဆန်က ကားအနောက်ဘက်ကိုပင် မထိမှန်ခဲ့ပေ။ ကျူးကျော်သူ နှစ်ဦးနှင့် ဓားစာခံ တစ်ယောက်ကို တင်ဆောင်လာသော ဆီဒန်ကားမှာ အိမ်တော်ကြီးအနီးမှ အမြန်ဆန်ဆုံး လွတ်မြောက်လာခဲ့သည်။

သို့သော် နောက်ထပ် အတားအဆီးတစ်ခု ကျန်နေသေးသည်။ အခိုင်အခံ ပိတ်ဆို့ထားသည့် ပင်မဂိတ်တံခါး။ စေ့ပိတ်ထားသည့် သံဂိတ်တံခါးကို မြင်တွေ့သော်လည်း ဇန်းညာက အရှိန်မလျှော့ဘဲ လီဗာကို ပိုမို ဖိနင်းကာ အမြင့်ဆုံး အရှိန်အထိ တင်လိုက်လေသည်။

ကားပိုင်ရှင်မှာ သံဂိတ်ပေါက်နှင့် ပိုမိုနီးကပ်လာသည်ကို မြင်ရသောအခါ သေတော့မည့် လူတစ်ယောက်နှယ် အော်ဟစ်လေတော့သည်။ လည်ချောင်းတစ်ခုလုံး မြင်ရလောက်သည်အထိ ပါးစပ်ကို အစွန်းကုန် ဖြဲကာ ကြောက်လန့်တကြား အော်နေလေ၏။

“အရူးတွေ... အရူးတွေ... သေချင် နေကြတာလား။ လူ့အသက်ကို လွယ်လွယ်လေးများ ထင်နေတာလား။ ငါ့ကားပေါ်မှာ လုပ်ချင်တာလုပ်နေကြတယ်”

မည်သို့ပင်ဖြစ်စေ ဤအခြေအနေတွင် ဂိတ်တံခါးကို ဦးတည်နေခြင်းမှ ရှောင်လွှဲ၍ မရတော့ပေ။ ဘရိတ် နင်းလိုက်လျှင်ပင် ကား၏ အရှိန်က ကျန်နေဦးမည်။ ပင်မဂိတ်တံခါးရှေ့တွင် တာဝန်ကျနေသည့် လုံခြုံရေးအဖွဲ့များကလည်း အရှိန်မလျော့ဘဲ မောင်းနှင်လာသော ဆီဒန်ကားကို ရှောင်တိမ်းရန် အလျင်အမြန် ထွက်ပြေးနေကြပြီ။

ဂိတ်တံခါးနှင့် ဆီဒန်ကား၏ ရှေ့ဘန်ဘာ ထိမိတော့မည့် အချိန်တွင် ဂွမ်ထက်ဂျူပင် ခေါင်းကို လက်ဖြင့် အုပ်ကိုင်ကာ ကာကွယ်လိုက်မိသည်။ ကားနှင့် ဂိတ်တံခါးတို့ ထိလုထိခင်၌ အသေပိတ်ထားသည့် သံဂိတ်တံခါးကြီးက ရုတ်တရက် ပွင့်သွားလေသည်။ ဆီဒန်ကားလေးက တစ်ဝက်တစ်ပျက် ပွင့်နေသော သံတံခါးကို တိုက်ကာ အရှိန်တင်လျက် ထွက်ခွာ သွားလေတော့သည်။

လုံခြုံရေးအဖွဲ့များမှာ မျှော်လင့်မထားသော မြင်ကွင်းကို အံ့အားသင့်စွာ ကြည့်မိနေရင်း အချိန်နှောင်းမှ သေနတ်များနှင့် ပစ်ခတ် လိုက်ကြသော်လည်း ပြေးထွက်သွားသည့် ဆီဒန်ကားကို တားဆီးခြင်းငှာ မစွမ်းသာတော့ပေ။

“အားးးးးးး…!”

သေဘေးမှ လွတ်မြောက်သွားပြီ ဖြစ်သော်လည်း၊ ကားပိုင်ရှင်မှာ ဆက်လက် အော်ဟစ်နေဆဲပင်။ သူ့အသံမှာ အရမ်း ကျယ်လွန်းသောကြောင့် ဂွမ်ထက်ဂျူမှာ သူ့ကို ထိုးကြိတ် ပစ်လိုက်ရ ကောင်းမလားဟု တွေးနေမိသည်။

ထိုစဥ် သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး ဂွမ်ထက်ဂျူ၏ နားစည်များ ပေါက်ပြဲမလို ကြားနေရသည့် အော်သံကလည်း ချက်ချင်း ရပ်တန့်သွားလေသည်။ စက္ကန့်ပိုင်းအတွင်း ကားပိုင်ရှင်၏ နဖူးတွင် အပေါက်တစ်ခု ဖြစ်သွားကာ ဦးခေါင်းက အနောက်သို့ လှန်ကျသွားပြီး မျက်လုံးနှင့် ပါးစပ်ပင် မပိတ်သေးဘဲ ပွင့်လျက် ကျန်နေခဲ့သည်။

ဂွမ်ထက်ဂျူ ကိုယ်ပေါ်တွင် သွေးများ ပေစွန်း သွားပြန်လေသည်။ ယာဉ်မောင်းသူ နေရာကို ဒေါသတကြီး စူးစိုက်ကြည့်နေပြီး သူလည်း ဇန်းညာ၏ ဦးခေါင်းကို ဖောက်ခွဲလိုက်ရလျှင် အတော်လေး စိတ်သက်သာရာ ရသွားမည်ဟု တွေးနေမိသည်။

သို့သော် ဇန်းညာမှာ သူ့ထံသို့ ဦးတည်နေသည့် ဒေါသများကို ဂရုမပြုမိဘဲ၊ ခြင်တစ်ကောင်ကို ရိုက်သတ်လိုက်သကဲ့သို့ ခပ်အေးအေးသာ ပြောလိုက်၏။

“နားဆူလို့”

_ _ _

ရေချိုးခန်းထဲ၌ ရေပန်းမှ ရေများ တရစပ် ကျနေပြီး ရေဆင်းပေါက်တွင် စုပြုံနေလေသည်။ အမျိုးသားတစ်ဦးသည် လည်စည်းကို ချွတ်နေရင်းမှ သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းဆိုနေ၏။ ထို့နောက် အဝတ်အစားများ ချွတ်ချရာ ကြမ်းပြင်ပေါ်သို့ ပုံကျသွားလေသည်။ အဝတ်အစားတို့ အောက်တွင် ပုန်းကွယ်နေသည့် ကြံ့ခိုင်သော ခန္ဓာကိုယ်က ပေါ်ထွက်လာသည်။ အမျိုးသားမှာ စိုနေသည့် သူ့ဆံပင်ကို ခပ်ဖြည်းဖြည်း ခါလိုက်ပြီး ရေပန်းအောက်သို့ ဝင်သွားလေသည်။

စိုစွတ်နေသည့် ရွှေဝါရောင်ဆံပင်များမှာ နဂိုထပ် အရောင် ပိုရင့်နေ၏။ မေးစေ့တစ်လျှောက် စီးကျလာသော ရေသည် တောင့်တင်းသည့် လည်ပင်းရိုးများ ပေါ်တွင် ခဏမျှ ဝေ့ဝဲနေပြီး၊ ရင်အုပ်ကြွက်သားမာမာများပေါ်မှ လိမ့်ဆင်းသွားကြသည်။ စိုနေသည့် ရင်အုပ်ပေါ်မှ တက်တူးကလည်း ပို၍ တောက်ပြောင်နေလေသည်။ အမျိုးသားသည် သူ၏ ကျစ်လစ်သန်မာသည့် ကြွက်သားများပေါ် ရေနွေးစက်လေးများက စီးဆင်း ရိုက်ခတ်နေလိုက်သည်ကို ခံစားရင်း စိတ်အေးလက်အေး ရေချိုးနေလေသည်။

ရေစိုနေသည့် ဆံပင်ပျော့ပျော့များကို နူးညံ့ ရှည်သွယ်သော လက်ချောင်းများဖြင့် သပ်တင်ရင်း ရေနွေးငွေ့များ ကြောင့် မှုန်နေသည့် မှန်ထဲမှ မိမိမျက်နှာကို ပြန်ကြည့် နေလေသည်။ ပုံရိပ်ယောင်ထဲရှိ အမျိုးသား၏ မျက်နှာက ဆန့်ကျင်ဘက် အဓိပ္ပာယ်များဖြင့် လွှမ်းခြုံနေခဲ့သည်။

အကြည့်တို့က သွေးအရသာကို စတင်မြည်း စမ်းလိုက်ရသည့် မိကျောင်းတစ်ကောင်၏ အကြည့်မျိုးကဲ့သို့ပင်။ ချိုမြိန်သည့် အရသာကြောင့် ကျေနပ်သွားသော်လည်း လတ်ဆတ်သည့် အသားကို ဝါးမြိုချင်နေသေးသည့်ပမာ မျက်လုံးတွင် ရက်စက်ကြမ်းတမ်းသည့် အငွေ့အသက်များကို အပြည့်အဝ ဖော်ပြနေသလောက် နှုတ်ခမ်းများက နှစ်လိုဖွယ် ကွေးညွှတ်နေလေသည်။

ဂွမ်ထက်ဂျူသည် ရေခဲများ ထည့်ထားသည့် ပုံးထဲသို့ ဈေးပေါသည့် ဗော့ဒ်ကာ တစ်ပုလင်းလုံးကို လောင်းထည့်လိုက်၏။ ရေခဲရေနှင့် ဗော့ဒ်ကာ ရောစပ်သွားသော ရေများက ပုံးအဝနားထိ ပြည့်လျှံသွားကာ ရေခဲတုံးလေးများ ပေါလောပေါ်လာ ကြသည်။

သူ၏ ညာဘက်လက်ကို ထိုဗော့ဒ်ကာရေခဲပုံးထဲ သို့ ထည့်လိုက်ရာ အရည်များ ဖိတ်စင်သွားပြီး၊ ရေခဲတုံးတချို့က စားပွဲပေါ်သို့ ကျသွားကြသည်။ သို့သော် သူ၏လက်ကောက်ဝတ်တွင် ရှိနေသည့် ဖူးယောင်နေသော ခံစားမှုက အတန်ငယ် သက်သာသွား၏။ အရင်က အဆစ်လွဲဖူးသည့် နေရာမှာ ပြန်ယောင် လာပြန်သည်။ လက်ကောက်ဝတ်ကို အနားမပေးဘဲ အလွန်အကျွံ သုံးစွဲခြင်း၏ ရလဒ် ဖြစ်ပြီး ဆရာဝန်က ပတ်တီးစည်းထားရန် အကြံပြုချက်ကို လျစ်လျူရှုထားခြင်း၏ အကျိုးဆက်လည်း ဖြစ်လေသည်။

ဂွမ်ထက်ဂျူ သက်ပြင်းချလိုက်ပြီး၊ ခေါင်းကို အနောက်သို့ မှီထားလိုက်၏။ ဆိုဖာအဟောင်းပေါ်မှ ဖုန်များက သူမှီလိုက်သည့် အရှိန်ကြောင့် ပျံ့လွင့်လာသည်ကိုပင် ဂရုမစိုက်ဘဲ မျက်လုံးများကို မှိတ်ထားလိုက်သည်။ သွေးအေးလာသောအခါ ခန္ဓာကိုယ်နေရာ အနှံ့အပြားမှ နာကျင်မှုများကို စတင် ခံစားလာရသဖြင့် မျက်ခုံးမွှေးနက်နက်များကို တွန့်ချိုးထားလိုက်မိသည်။

ရေချိုးကန်မပါသော ရေချိုးခန်းထဲတွင် ရေကျနေသည့်အသံများက ပဲ့တင်ထပ်နေ၏။ ဇန်းညာ ရေချိုးနေခြင်း ဖြစ်ပြီး၊ ခွင့်ပြုချက်ပင် မတောင်းဘဲ တခြားတစ်ယောက်၏ ရေချိုးခန်းကို အပိုင်စီးသွားခြင်းပင်။

ဂွမ်ထက်ဂျူ သည် ဘော့ဒါနော့ဗ် အိမ်တော်ကြီးထဲမှ လွတ်မြောက်လာပြီး သူ အရင်နေခဲ့သည့် မိုတယ်ဟောင်းသို့ ပြန်ရောက်လာခဲ့ကြသည်။ မိုတယ်ပိုင်ရှင်က အပြင်သွားနေသာကြောင့် သူတို့နှစ်ယောက် အလွယ်တကူ ပြန်ဝင်နိုင်ခဲ့သော်လည်း အချိန်အကြာကြီး နေရန် မသင့်ပေ။ ဂွမ်ထက်ဂျူက အခန်းခကို ဇန်းညာ၏ ကတ်နှင့် ပေးချေခဲ့သည့်အတွက် ဤနေရာမှာ မကြာမီတွင် ပေါ်ပေါက်သွားလိမ့်မည်။

ပြတင်းပေါက် အပြင်ဘက်ရှိ လောကကြီးမှာလည်း ဆူညံပွက်လော ရိုက်နေလေသည်။ လမ်းမများ၌ စစ်ဆေးမှုများ ပြုလုပ်နေကာ ဝင်ပေါက်တိုင်းတွင်လည်း အတားအဆီးများ ချထား၏။ ကင်းလှည့်ကား ဒါဇင်ပေါင်းများစွာက မြို့လယ်ခေါင်တွင် လူးလာခေါက်ပြန် မောင်းနှင်နေခြင်းကြောင့် သတိပေးခေါင်းလောင်းများကို တောက်လျှောက် ကြားနေရသည်။

ရုရှား ထိပ်တန်းခေါင်းဆောင်များ၏ စည်းဝေးပွဲတစ်ခုတွင် လူသတ်မှုကြီး ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးများ တင်းကျပ်သွားခြင်းမှာ ထူးခြားသည့် ဖြစ်စဥ်မဟုတ်ချေ။ ထို့ကြောင့် ဂွမ်ထက်ဂျူ အနေဖြင့် အလျင်စလို လုပ်ဆောင်ခြင်းထက် စောင့်ကြည့်မှုများ လျော့နည်းသွားသည်အထိ စောင့်ဆိုင်းခြင်းက ပိုကောင်းသည်ဟု တွက်ဆထား၏။ သို့သော် ကြာရှည်စွာ စောင့်ဆိုင်းခြင်းကလည်း အန္တရာယ်ကို ထိုင်စောင့်နေခြင်းနှင့် မကွာခြားပေ။

သိပ်မကြာခင်မှာပင် ရေကျသံများ ရပ်တန့်သွားရာ၊ နောက်ဆုံးတွင် ဇန်းညာမှာ ရေချိုးပြီးစီး သွားပုံရသည်။ တံခါးဖွင့်သံ ကြားသောကြောင့် ဂွမ်ထက်ဂျူ လှည့်ကြည့်လိုက်၏။ ရေချိုးခန်း အတွင်းမှ ထွက်လာသည့် ဇန်းညာ ပုံစံက သူ့ကို အံ့အားသင့်စေလေသည်။

ခေါင်းအစ ခြေအဆုံး ဝတ်စုံပြည့်ကို ဝတ်စားထားခြင်းပင်။ စိုစွတ်နေသော ခန္ဓာကိုယ်ပေါ် အဝတ်အစားများ ထပ် ဝတ်လိုက်ပါက အဝတ်များက ခန္ဓာကိုယ်နှင့် ကပ်နေပြီး နေရထိုက်ရခက်မည် မဟုတ်ပါလား။

ဤစုတ်ပြတ်သပ်နေသည့် မိုတယ်တွင် ရေချိုးဝတ်စုံ မရှိသော်လည်း သူတို့နှစ်ယောက်စလုံးက ယောက်ျားများ ဖြစ်သည့် အတွက်၊ အောက်ပိုင်းကို ဖုံးအုပ်ရုံနှင့်တင် လုံလောက်သည်။

အဝတ်အစားမပါဘဲ ကိုယ်လုံးတည်း လျှောက်သွားနေလျှင်ပင် မထူးဆန်းသည့် အရူးကောင်က လူကြီးလူကောင်းတစ်ယောက်လို ယဥ်ကျေးစွာ ပြုမူနေသည်မှာ ရယ်စရာ ကောင်းလှသည်။

ဇန်းညာ စိတ်ထဲတွင် ဂွမ်ထက်ဂျူက သူ့ကို ဘာလို့ အဲဒီလောက် မရိုမသားကြီး ငေးနေရတာလဲဟု တွေးမိကာ အသေအချာ ပြန်စိုက်ကြည့်နေ၏။

“မင်းက... ဘယ်သူလဲ”

မမျှော်လင့်ထားသည့် မေးခွန်းတစ်ခုကို ကြားလိုက်ရသည့်အခါ ဇန်းညာက ဗော့ဒ်ကာကို တစ်ငုံ သောက်လိုက်ပြီး ဂွမ်ထက်ဂျူက ထိုမေးခွန်းကို ဘာကြာင့် မေးနေမှန်း နားမလည်သည့် မျက်နှာမျိုး ပြုလုပ်လိုက်၏။

“ဘယ်လို ကြည့်ကြည့်... မင်းက အေးဂျင့်တစ်ယောက်နဲ့ မတူဘူး။ ဘော့ဒါနော့ဗ် အိမ်တော်မှာ ဖြစ်ခဲ့တာတွေကို ကြည့်ရင် ရှင်းနေတာပဲ။ မင်းက ပါတီပွဲအတွက် တရားဝင် ဖိတ်ကြားချက် ရခဲ့တယ်။ ပါတီပွဲမှာ မင်းက ဧည့်သည်တွေကို အလွယ်တကူပဲ စကားဝင် ပြောနိုင်တဲ့ ဆက်ဆံရေးမျိုး ရှိတယ်။ မင်းပုံစံက ဟန်ဆောင်နေတာ လှည့်စားနေတာမျိုး လုံးဝ မဟုတ်ဘူး”

“ဒါပဲလား”

“မင်းက အိမ်တော်ရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံနဲ့ အရေးပေါ် ထွက်ပေါက်တွေကိုပါ သိနေသေးတယ်”

“နောက်တစ်ခုက ပါတနာတွေဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ဘယ်မှာရှိတယ်၊ ဘာလုပ်နေတယ်ဆိုတာ ပြောပြသင့်တာပဲ။ ဒါပေမဲ့ မင်းဆီကတော့ ဒီအချက်တွေကို ဘယ်တော့မှ မသိရဘူး။ မင်းက ရုတ်တရက် ပေါ်လာတတ်တယ်၊ ဒါပြီးရင် မင်းဘယ်မှာ ရှိတယ်၊ ဘာစီစဉ်ထားတယ်ဆိုတာ ငါ မသိရဘူး”

“မင်းရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ”

“မင်းသိသမျှ အချက်အလက်တွေကို ငါ့ကို အကုန် မပြောပြဘူး။ ငါ မြင်တာကတော့ မင်းမှာ ငါနဲ့ မတူတဲ့ ရည်မှန်းချက်တွေ ရှိပုံရတယ်။ ဟုတ်တယ်မလား”

“မင်းရဲ့ အထက်အရာရှိက မင်းကို အရာအားလုံး မပြောပြရသေးဘူး ထင်တယ်။”

“ငါ ဘာမှ မသိခဲ့ရဘူး၊ ဒါကြောင့် ငါ့ကို အားလုံးပြောပြပါ၊ ဘာတစ်ခုမှ မချန်ထားပါနဲ့။”

“ဒါက စစ်ဆေး မေးမြန်းခံနေရတာလား”

“ဒါကို ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တာလို့ ခေါ်လိုက်ရအောင်။ မင်းက သေချာ မိတ်ဆက်ရသေးတာ မဟုတ်ဘူး။”

ဂွမ်ထက်ဂျူက စားပွဲကို ဖွဖွလေး ခေါက်ကာ ဇန်းညာကို ထွက်ပြေးဖို့ မတွေးသင့်ကြောင်း အသိပေးလိုက်သည်။ ဇန်းညာမှာမူ မမျှော်လင့်ထားသည့် မေးခွန်းများကြောင့် တုန်လှုပ် မသွားဘဲ ပြုံးလျက် ဂွမ်ထက်ဂျူ စဥ်းစားနေသည်များကို ခန့်မှန်းနေလေသည်။

“ဘယ်လိုပဲ ကြည့်ကြည့် ငါက ရုရှားလူမျိုးပဲ။ ငါ့ရဲ့ လေယူလေသိမ်းနဲ့ အသံထွက်က အစပေါ့။ ရုရှား မြေပေါ်မှာ မွေးပြီး၊ ရုရှားမြေပေါ်မှာပဲ ကြီးပြင်းလာတဲ့ သူတစ်ယောက်။ ကိုယ်ပိုင်ရဟတ်ယာဉ်ကိုလဲ အလွယ်တကူနဲ့ သုံးနိုင်တယ်၊ မြို့လယ်ခေါင်မှာ ဆူညံနေတဲ့ ပဋိပက္ခ တစ်ခုမှာတောင် ပါဝင်ခဲ့တယ်။ ဒါတွေကြောင့် မင်းက ငါ့အကြောင်း သိချင် သွားတာလား။"

“ကောင်းပြီ။ ၁၀၀% ရုရှားလူမျိုးလဲ ဖြစ်တယ်။ ဒီနိုင်ငံရဲ့ အခွင့်ထူးခံ လူတန်းစားလဲ ဖြစ်တဲ့ မင်းက ဘာလို့ ငါတို့ အလုပ်ကို ကူညီနေရတာလဲ ဆိုတာ ငါ နားမလည်ဘူး။”

ဒီမေးခွန်းက ဂွမ်ထက်ဂျူ၏ စိတ်ထဲမှာ အချိန်တိုင်း ရှိနေခဲ့၏။ ဇန်းညာက ရုရှားလူမျိုးစစ်စစ် ဖြစ်သည်။ ထို့ပြင် ဂွမ်ထက်ဂျူ လိုမျိုး အထက်အရာရှိများ၏ ညွှန်ကြားချက်အောက် အလုပ်လုပ်နေခြင်းမျိုးလည်း မဖြစ်နိုင်ပေ။ ပြည်သူများအကြား ပြုလုပ်ခဲ့သည့် ပဋိပက္ခများကို ပြေငြိမ်းသွားအောင် လုပ်ဆောင်နိုင်သည်။ သို့ဆိုလျှင် ဒီစစ်ဆင်ရေးမှာ ဘာကြောင့် ပူးပေါင်းပါဝင်နေရသလဲ။ ထိုအချက်က မေးစရာ ဖြစ်လာခဲ့ပြီ။

“ဒါဟာ အရမ်းထူးခြားပြီး၊ အရမ်းအရေးကြီးတဲ့ အခြေအနေတစ်ခု ဖြစ်ရလိမ့်မယ်၊ မဟုတ်ရင် ငါ နားလည်မှာ မဟုတ်ဘူး။”

ဇန်းညာက ဂရုမစိုက်ဟန်ဖြင့် ပခုံးတစ်ချက် တွန့်လိုက်၏။

“ငါက ရုရှားနိုင်ငံသားတစ်ယောက် ဖြစ်တဲ့အပြင်၊ စီးပွားရေးသမားတစ်ယောက်လဲ ဖြစ်တယ်။"

ဂွမ်ထက်ဂျူ၏ မျက်နှာအမူအရာမှာ ပို၍ ရှုပ်ထွေးလာလေသည်။ ဇန်းညာ၏ စကားက ခက်ခဲသည့် ဝါကျ ဖြစ်ခြင်းကြောင့် မဟုတ်ဘဲ၊ သူအနေဖြင့် အကြောင်းအရာကို ဆက်စပ် မစဥ်းစားနိုင်သောကြောင့်ပင်။

ဒါဆို သူက ဒီကစားပွဲထဲကနေ အကျိုးအမြတ်ရဖို့ အတွက်နဲ့ သေရေး၊ ရှင်ရေးကိုတောင် ဂရုမစိုက်ဘဲ စွန့်စားခဲ့တာလား။ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်ကို သစ္စာဖောက်တယ်လို့တောင် ပြောလို့ရတဲ့ လုပ်ရပ်တွေကို လုပ်နေတာ မဟုတ်ဘူးလား။

“မင်းက နာမည်ကောင်း လိုချင်နေတာလား?”

“ဒါထက် အကျိုးအမြတ်ကောင်းတဲ့ စီးပွားရေး မရှိတော့ဘူး။”

ဒီလို အပေါစားပူးပေါင်းမှုမျိုးပဲ ပေါ့လေ။ ဤလူထံမှလည်း ရည်မှန်းချက် ကြီးကြီးမားမား ကြားရလိမ့်မည်ဟု မမျှော်မှန်းထားပါချေ။

ဂွမ်ထက်ဂျူ၏ မျိုးချစ်စိတ်ဓာတ်ကလည်း အတော်လေး ထူးခြားသည်။ ဤအရာအားလုံးကို သူ၏ အလုပ်ဖြစ်၍သာ လုပ်နေခြင်းဖြစ်ပြီး နိုင်ငံအတွက် အသက်ပေးဆပ်ရန် ဘယ်တုန်းကမှ မတွေးဖူးချေ။ သို့သော် ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံကို ထိခိုက်အောင် လုပ်ခြင်းကတော့ နောက်ကိစ္စ တစ်ရပ် ဖြစ်သည်။

“မင်း... ဒီမစ်ရှင်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ သိလား”

“သိတာပေါ့။ တောင်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံလုံးကို တုန်လှုပ်စေနိုင်မယ့် လက်နက်ကို ဖန်တီးနေတာကို အတည်ပြုဖို့ ကြိုးစားနေတာ၊ အဲဒီလက်နက်ကို တွေ့ရင် ငါတို့ ဖျက်ဆီးပစ်မယ်။ မပြီးသေးရင်တော့ ပုံကြမ်းတွေကို ယူသွားမယ်၊ ဒါပဲ မဟုတ်လား"

ဇန်းညာက အရာအားလုံးကို တိတိကျကျ သိနေသည်။

အကယ်၍ ဒီလိုဆိုရင်၊ ဒီမစ်ရှင် အောင်မြင်ခဲ့လျှင် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဘယ်လို ဆိုးကျိုးတွေ သက်ရောက်သွားနိုင်လဲ၊ သူ့နိုင်ငံကို အကျိုးယုတ်စေမယ်ဆိုတာကို သူ သိကို သိပေလိမ့်မည်။

“မင်း အဲဒီကနေ ဘာရမှာလဲ”

“ငါ့အတွက်ကတော့ အဲဒီလက်နက် တီထွင်မှုအောင်မြင်တာပဲ ဖြစ်ဖြစ်၊ မအောင်မြင်တာပဲ ဖြစ်ဖြစ် အရေးမကြီးဘူး။ အရေးအကြီးဆုံးက အန်နာစတေးရှား ရဲ့ ပုံကြမ်းက ဒီနိုင်ငံရဲ့ တစ်နေရာရာမှာ ရှိနေတယ် ဆိုတာပဲ။”

“မင်းတို့ရဲ့ ရည်မှန်းချက်နဲ့တော့ နည်းနည်းလေး ကွဲပြားတာပေါ့။ ငါ တကယ် ဂရုစိုက်တာက အန်နာစတေးရှား မဟုတ်ပါဘူး၊ ပုံကြမ်းပဲ။ ငါ ဒီအလုပ်ကို တစ်ကြိမ် အောင်မြင်အောင် လုပ်နိုင်ခဲ့ရင် အဲဒီ ပုံကြမ်းကို ငါရမယ်။”

“ဘာရယ်”

“ဒီ သဘောတူညီချက်က မကောင်ဘူးလို့ မင်း ထင်နေတာလား။ ဒီလို သဘော မတူထားရင် ဘယ်သူက အသက်နဲ့ရင်းပြီး ပါဝင်ချင်မှာလဲ။”

“စဉ်းစား ကြည့်ပါဦး။ အန်နာစတေးရှားကို ပိုင်ဆိုင်တဲ့သူက အရမ်း ကြောက်စရာကောင်းတဲ့ စစ်အာဏာကို ပိုင်ဆိုင် လာမှာလေ။”

“ငါ့ဆီမှာ ပုံကြမ်း ရှိရင် ငါ့ရဲ့ကိုယ်ပိုင် အန်နာစတေးရှား ကို ဖန်တီးနိုင်လိမ့်မယ်။ ငါ မအောင်မြင်ခဲ့ရင်တောင် ကိစ္စမရှိဘူး။ နောက်ထပ် လက်နက်တွေ ဖန်တီးဖို့ နမူနာပုံစံ အနေနဲ့ သုံးလို့ ရနေသေးလို့ပဲ။ အဲဒီ ဒီဇိုင်းအပေါ် အခြေခံပြီး လက်နက်အသစ်တစ်ခုကို တီထွင်ပြီး ဝယ်လက်ကြီးကြီးတွေကို ရောင်းမှာပေါ့”

”ဝယ်လက်ကြီးကြီး တွေလား”

ဇန်းညာက ဘာမှပြန်မဖြေဘဲ ပြုံးရယ်နေ၏။ ဒုတိယ အန်နာစတေးရှား ကိုသာ ဖန်တီးနိုင်ခဲ့မည်ဆိုလျှင် သူ၏ ဝယ်လက်များမှာ ကိုရီးယားလဲ ဖြစ်လာနိုင်သလို၊ အမေရိကန် လည်း ဖြစ်လာနိုင်သည်။

ဇန်းညာ၏ စကားများကို နားထောင်ပြီးနောက် ဤမစ်ရှင်၏ ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းရှင်းလင်းလင်း ပုံဖော်နိုင်ခဲ့ကာ သူ၏ သံသယအများစုမှာ ဖြေရှင်းပြီးသား ဖြစ်သွားလေသည်။ သို့သော် ဇန်းညာနှင့် သူ၏ အန်နာစတေးရှားကို ရှာဖွေရသည့် ရည်ရွယ်ချက်က မိုင်ပေါင်း ထောင်ချီ ကွာဝေးနေ၏။

ဇန်းညာ၏ ထူးဆန်းသည့် ပူးပေါင်းမှုများကို နားလည်သွားချေပြီ။ သူ၏ သတင်းအချက် ရယူနိုင်စွမ်းက ဂွမ်ထက်ဂျူ၏ ပါတနာ ဖြစ်လာရသည့် အကြောင်းအရင်း တစ်ရပ်လည်း ဖြစ်နေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် NIS ဌာနချုပ်သည် ကြိုတင်ခန့်မှန်း၍ မရသော အန္တရာယ်များထဲသို့ စွန့်စားဝင်ရောက်ပြီး သတင်းအချက်အလက် ရယူရန် မတတ်နိုင်သောကြောင့်ပင်။

သူ၏ သံသယ အားလုံးအတွက် ခြေဖျက်စရာ အကြောင်းအရင်းများ ရှိသွားသော်လည်း ဂွမ်ထက်ဂျူမှာ ဘာကြောင့်မှန်းမသိ စိတ်ထဲတွင် မတင်မကျ ဖြစ်နေဆဲ ဖြစ်၏။

သူက သံသယမျက်လုံးများဖြင့် ဇန်းညာကို ဆက်ကြည့်နေကာ ဇန်းညာကလည်း မချိုမချဥ် ပြုံးပြနေမြဲသာ။

“ပထမအကြိမ်တွေ့တုန်းကလဲ မကောင်းခဲ့တော့ မင်းက ငါ့ကို သတိထားနေမှာပေါ့”

“ငါက စဥ်းစားကြည့်ရုံပါ”

“ငါ့ကို အရမ်းကြီး မမုန်းပါနဲ့။”

ဇန်းညာမှာ သူ ပြောလိုက်သည့်စကားက ရယ်စရာကောင်းနေသလို အသံကျယ်ကျယ်နှင့် ရယ်နေပြန်သည်။

ဂွမ်ထက်ဂျူသည် စကား အကောင်းပြော မရသည့် အရူးကောင်အား မကျေနပ်သလို ကြည့်လိုက်ပြီး အိတ်ကပ်ထဲမှ အရာတစ်ခုကို ထုတ်ယူကာ ပစ်ပေးလိုက်၏။ ဇန်းညာက အလွယ်တကူ ဖမ်းယူလိုက်လေသည်။

ထိုအရာက အသံသွင်းစက်တစ်ခု ဖြစ်ပြီး၊ ဆိုက်ခ် ဘော့ဒါနော့ဗ် နှင့် 'ဆွန်ချက်ဗ်' မှ တစ်စုံတစ်ယောက်တို့ ဖုန်းပြောနေသည်ကို အစအဆုံး အသံသွင်းထားခြင်းပင်။

“မင်း ကြားပြီးသားအတိုင်းပဲ၊ ဘော့ဒါနော့ဗ်က လက်နက်တစ်ခုကို တီထွင်နေတယ်လို့ ထင်တယ်။ ဖြစ်နိုင်တာက တိုက်ခိုက်ရေးဒုံးကျည် (ICBM) တစ်မျိုးမျိုး ဖြစ်နိုင်ပေမဲ့ တိတိကျကျ သိရဖို့တော့ စစ်ဆေးကြည့်ဖို့ လိုတယ်။ ဒါက အန်နာစတေးရှား ဟုတ်လား၊ မဟုတ်လားတော့ ငါလဲ မသိဘူး။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ မြောက်ကိုရီးယားတို့ ပါဝင်နေတဲ့အတွက် ဒါက အန်နာစတေးရှား ဖြစ်ပုံရတယ်။”

ဇန်းညာက တိတ်တဆိတ် နားထောင်းရင်း ခေါင်းညိတ်လိုက်ပြီး ဂွမ်ထက်ဂျူ ကို ဆက်ပြောစေချင်သည့် ပုံစံမျိုးနှင့် ကြည့်နေလေသည်။

“ငါက အသံဖမ်းစက်ထဲက ဆိုဒ် ဘော့ဒါနော့ဗ် ရဲ့ အသံကို အသံပြောင်းစက်ထဲ ထည့်ပြီး ပရိုဂရမ် ရေးဆွဲမယ်။ ဒါဆို သူနဲ့ ဖုန်းပြောတဲ့ 'ဆွန်ချက်ဗ်' အဖွဲ့က လူနဲ့ ဆက်သွယ်ပြီး ဘယ်သူလဲဆိုတာ သိအောင် လုပ်မယ်။”

“ဆွန်ချက်ဗ်ကို သိပြီ ဆိုရင် လာမယ်ပြောတဲ့ မြောက်ကိုရီးယား အင်ဂျင်နီယာက ဘယ်သူလဲနဲ့ ဘယ်ကိုသွားနေလဲဆိုတာ ဆက်စုံစမ်းလို့ ရတာပဲ"

“”

ဇန်းညာသည် ဂွမ်ထက်ဂျူ၏ အစီအစဥ်များကို တိတ်တဆိတ် နားထောင်နေပြီးနောက် မဖြစ်နိုင်သည့် အမူအယာဖြင့် သူ့မျက်ခုံးများကို လက်နှင့် ပွတ်သပ်ရန် လက်ကို မြှောက်လိုက်၏။

“မာဖီးယားတွေ အားလုံး သူတို့ရဲ့ ကိုယ်ပေါ်မှာ တက်တူးတွေ ရှိကြတယ်။ အဲဒါရဲ့ အဓိပ္ပာယ်ကို မင်း သိလား?”

“အဲဒါ အခုအရေးကြီးလို့လား”

“အရေးကြီးဘူးလို့ ထင်ရင် အသက်တိုသွားလိမ့်မယ်”

“မင်း ဘာကို ဆိုလိုတာလဲ”

“မာဖီးယားတက်တူးတွေက 'မင်းက ဒီအဖွဲ့ဝင်ပါ’ ကို ဆိုလိုလိုက်တာပဲ၊ မာဖီးယား အဖွဲ့ဟောင်းတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ကြည့်ရင် သူရဲ့ဘဝဇာတ်ကြောင်းကို မင်း သိနိုင်တယ်။ သူ ဘယ်အဖွဲ့အစည်းကလဲ၊ ဘယ်သူ့ကို သစ္စာခံထားလဲ ဆိုတာကိုပေါ့။”

“ဒါကြောင့် မင်းက 'ဆွန်ချက်ဗ်' ထဲက တစ်ယောက်ကို ထိခိုက်အောင် လုပ်ရင်၊ သူ့လို တက်တူးတွေရှိတဲ့ လူတိုင်းကို ရန်သူဖြစ်အောင် လုပ်လိုက်တာပဲ။ ဒါဆို အရေးကြီးသွားပြီ မဟုတ်လား?”

“အရေးမကြီးပါဘူး”

“မင်းကို ဘာကများ ယုံကြည်ချက်တွေ အဲလောက်ပေးနေတာလဲ”

“ငါ ဘာကိုမှ မယုံကြည်တာ မဟုတ်ဘူး။ ငါက …”

“မင်းက ... ဘာဖြစ်လဲ”

ဂွမ်ထက်ဂျူ က သူ၏ညာဘက်လက်ကို ရေခဲပုံးထဲမှ ဆွဲထုတ်လိုက်၏။ သူက တောင့်တင်းနေသည့် လက်ကောက်ဝတ်ကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး ဆက်ပြောလိုက်၏။

“ငါက အတော်လေး အသုံးတည့်တဲ့ မကောင်းဆိုးဝါးတစ်ကောင်နဲ့ မဟာမိတ် ဖွဲ့ထားတယ်လေ”

ဇန်းညာသည် ‘မကောင်းဆိုးဝါး’ ဆိုသည့် အသုံးအနှုန်းက သူ့ ရည်ညွှန်းနေမှန်း ချက်ချင်း သိလိုက်၏။ ထိုစကားတစ်ခွန်းက ချီးကျူးခြင်း ပါဝင်သော်လည်း အနည်းငယ် ဝိရောဒိ ဖြစ်နေသည်။ ဂွမ်ထက်ဂျူက ပုံမှန် လေသံဖြင့် ပြောနေခြင်းကြောင့် ချီးကျူးစကားဟု ယူဆ၍လည်း မရနိုင်ပြန်။ သို့သော် အနှောင့်အသွား မလွတ်သည့် စကားက သူ့ကို ထူးဆန်းစွာ စိတ်လှုပ်ရှားသွားစေခဲ့သည်။

“ဒီလိုဆိုတော့လဲ။ ဟုတ်သားပဲ”

ဇန်းညာက အလွန်တရာ အေးစက်သော အသံဖြင့် ပြန်ထောက်ခံလိုက်သည်။

သို့သော် သူ့မျက်နှာပေါ်တွင် ဖုံးမထားနိုင်သည့် ဂုဏ်ယူမှုများကိုတော့ ရှင်းလင်းစွာ မြင်နေရ၏။ ပခုံးများကို ကျယ်ကျယ် ဖွင့်ထားပြီး မေးစေ့ကိုပင် အနည်းငယ် မော့ထားလိုက်သေးသည်။ ချီးကျူးလျှင် ဝေလငါးကိုပင် ကခိုင်းလို့ရသည် ဆိုသည့် စကားအတိုင်းပင်၊ အခုလို ချီးမွမ်းစကား မဟုတ်သည့် စကားတစ်ခွန်းကြောင့် မိကျောင်းတစ်ကောင်လို မော်ကြွားနေသည့် အရူးကောင်ကို ကြည့်ကာ ဂွမ်ထက်ဂျူမှာ မျက်နှာပင် ပူချင်သွားသည်။

သို့သော် ပြောင်းလဲသွားသည့် လေထု အခြေအနေက သူ့ တာဝန်ကို မေ့လျော့သွားစေခြင်း မရှိခဲ့ချေ။ ဇန်းညာ ၏ စိတ်လှုပ်ရှားနေသည့် အခြေအနေကို အခွင့်ကောင်းယူရန် ဆုံးဖြတ်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် ဂွမ်ထက်ဂျူက အချိုသာဆုံး ပြုံးပြလျက် ဇန်းညာ အကြိုက်အတိုင်း လိုက်ပြောပေးရင်း ဖုန်းကို ထုတ်ပေးလိုက်သည်။

“ငါပြောတာ မှန်တယ် မဟုတ်လား။ ဒါဆို ဖုန်းခေါ်လိုက်။”

“ဆွန်ချက်ဗ်” ထွက်လာအောင် ဖုန်းဆက်ပြီး အချိန်းအချက် ပြုလုပ်ရန်ပင်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment