no

Font
Theme

အပိုင်း(၁၃)။ ။ နားစိုက်ထောင်ပါ။

‘ဒါဆို အဲဒီလူက 'အန်နာစတေးရှား' စီမံကိန်းကို ဦးဆောင်သူပေါ့။ မော်ဂန်လည်း အဲလို ထင်ခဲ့လို့ သူ့ကို ချဉ်းကပ်ဖို့ ကြိုးစားရင်းကနေ အသတ်ခံလိုက်ရတာလား။ တိကျတဲ့ သက်သေအထောက်အထား မရှိပေမဲ့၊ အလွန် သံသယဖြစ်စရာ ကောင်းနေတာကတော့ အမှန်ပဲ။’

ဂွမ်ထက်ဂျူ တွေးတောရင်း အာရုံလွင့်နေစဥ် ဇန်းညာက "အရက် ကုန်နေပြီ" ဟု ရုတ်တရက် ထ,ပြောလိုက်သည်။ ဇန်းညာ ပြောသည့်အတိုင်းပင် သူ ကိုင်ထားသည့် ဗန်းပေါ်၌ အရက်ခွက်အလွတ်များသာ ကျန်တော့၏။

ပုံမှန် စားပွဲထိုးတစ်ဦးသာဆိုရင် ကျွမ်းကျင်သော တည်ခင်းမှုကို ပြသရန်အတွက် အရက်မကုန်ခင် မီးဖိုချောင်ဆီ ပြန်သွားမှာပင်။ သို့သော် ဂွမ်ထက်ဂျူက ဇန်းညာ၏ စကားများထဲ လုံးဝ နစ်မြုပ်နေသောကြောင့် အရက်အားလုံး ကုန်သွားမှန်း သတိမပြုလိုက်မိပေ။ သူက မီးဖိုဆောင်ဘက်ကို ကြည့်လိုက်ချိန် မန်နေဂျာက သူ့ကို အရင်တစ်ခေါက်ကလိုပဲ ထူးဆန်းသော အမူအရာနှင့် စောင်းကြည့်နေသည်။

"ငါ သွားရတော့မယ်။"

"မင်း မသွားခင် ဒီစကားကို နားထောင်သွားဦး။ ငါ ခုလေးတင် ဆိုက်ဘော့ဒါနော့ဗ် အပေါ်ထပ် တက်သွားတာ မြင်လိုက်တယ်။ အလက်ဇေ ပဲရော့ဗ်(Alexei Perov) နဲ့ ယူရီ ရေပင် (Yuri Repin) တို့လဲ မယောင်မလည်နဲ့ လိုက်သွားကြတယ်။"

အလက်ဇေ ပဲရော့ဗ် နှင့် ယူရီ ရေပင် တို့သည် ရုရှားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်၏။ ထိုဝန်ကြီးနှစ်ယောက်နှင့် ဆိုက် ဘော့ဒါနော့ဗ်က လျှို့ဝှက်တွေ့ဆုံခြင်း ဖြစ်နိုင်သောကြောင့် ဂွမ်ထက်ဂျူက သူတို့ ဘာတွေ ပြောကြမလဲဆိုတာကို သိအောင် လုပ်ရမည်။

"ငါ ကာဗာပေးထားမှာမလို့၊ ဆက်သွယ်ရေး ကိရိယာ ဖွင့်လိုက်။"

ဂွမ်ထက်ဂျူက မီးဖိုချောင်ဆီ ပြန်လှည့်ဖို့ ကြိုးစားနေတုန်း ဇန်းညာက ပြောလိုက်သည်။ ဘာကြောင့်မှန်းမသိ သူ၏ လေသံက ပျော်စရာတစ်ခုခု ဖြစ်တော့မလိုမျိုး မြူးတူးနေသည်။ ဂွမ်ထက်ဂျူသည် အနှီသံသယဖြစ်စရာ ပါတနာကို ယုံသင့်မယုံသင့် မဆုံးဖြတ်နိုင်သေး၍ ခေါင်းခါလျက် စင်္ကြံတစ်လျှောက် အမြန် ထွက်သွားလိုက်သည်။

"နေဦး"

လမ်းကြား၌ ရပ်နေသော မန်နေဂျာကို မမြင်ချင်ယောင်ဆောင်ရန် ကြိုးစားနေပေမဲ့ မန်နေဂျာက ဂွမ်ထက်ဂျူကို လှမ်းခေါ်လိုက်သည့်အတွက် ဗန်းနှင့် မျက်နှာကို ကွယ်ထားလိုက်၏။

"စည်းကမ်းချက်တွေ မေ့သွားပြီလား။ မြန်မြန်သွားပြီး သေချာလုပ်။"

"ဟုတ်ကဲ့ပါ။"

"ပြန်ဖြေနေမဲ့အစား မြန်မြန်သာ ရှေ့ကို ဆက်သွားစမ်းပါ။"

မန်နေဂျာအလုပ်၏ အဓိကတာဝန်က ဝန်ထမ်းများ၏ အမှားကို ရှာပြီး ဆူပူပေးရမည့် အလုပ် ဖြစ်သည်ကို နားလည်သည်။ သို့သော် သူကိုချည်း မျက်စိဒေါက်ထောက်ကြည့်ကာ လိုက်ဆူနေသလို ဖြစ်နေ၍ ဂွမ်ထက်ဂျူ စိတ်ရှုပ်လာမိ၏။ သို့သော် စိတ်တို့ကို ချုပ်တည်းထားကာ မီးဖိုခန်းဆီသို့ အပြေးသွားလိုက်တော့သည်။

စားဖိုမှူး၏ မာန်မဲသံများက မီးဖိုခန်းထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်ပြီး စားပွဲထိုးများက ဗန်းအလွတ်များကို ချလိုက်ပြီးတာနှင့် အစားအသောက်သစ်တွေ ထည့်ထားသော ဗန်းများကို ကိုင်ပြီး အပြင်ဘက်ကို အတင်း ပြန်ပို့ခံရသည်။ ဂွမ်ထက်ဂျူ မီးဖိုခန်းထဲ ရောက်ရောက်ချင်း တစ်စုံတစ်ယောက်က သူ့လက်ထဲက ဗန်းအလွတ်ကို ဆွဲယူသွား၏။

ဂွမ်ထက်ဂျူက မီးဖိုခန်းထဲ ဝေ့ဝိုက်ကြည့်လိုက်ရာ အခန်း၏ ထောင့်တစ်နေရာတွင် အစားအစာများကို စုပုံသွန်ချထားတာကို တွေ့ရလိုက်ရသည်။ အခြား စားပွဲထိုးတစ်ဦးနှင့် စားဖိုမှူးတို့ စကား အချေအတင် ပြောနေကြသည်ကို အခွင့်ကောင်းယူကာ ဟင်းပွဲပြင်သည့် ကောင်တာနားသို့ သွားလိုက်၏။

လက်ထောက်စားဖိုမှူးများက သူတို့ တာဝန်ယူထားသော ဟင်းပွဲတစ်ခုစီအတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်၊ ချက်ပြုတ်၊ ဟင်းပွဲ အလှဆင်ခြင်းများကို အမှားတစ်စုံတစ်ရာ မပါအောင် အာရုံစိုက် ပြုလုပ်နေကြသည်။ နောက်ဆုံး ဆော့စ်ဖြင့် အလှဆင်ခြင်းလို အရေးသိပ်မပါသည့် အဆင့်မျိုး၌ အမှားပါသွားခဲ့လျှင်ပင် ခေါင်းဆောင် စားဖိုမှူးက အမှိုက်ပုံးထဲသို့ ရက်ရက်စက်စက် ပစ်ချလိမ့်မည်။

ပြီးပြည့်စုံသော အစားအသောက်များကို တည်ခင်းလိုခြင်း၏ နောက်ဆက်တွဲရလဒ်က အမှိုက်များ စုပုံလာပြီး ကြမ်းပြင်ပေါ်အထိ လျှံကျလာခြင်း ဖြစ်၏။

သူလေ့လာထားသည့် အိမ်တော်ကြီး၏ ပုံကြမ်းအရဆိုလျှင် ပစ္စည်းသိုလှောင်ခန်းမှ နောက်ဖေးခြံသို့ ထွက်နိုင်သော တံခါးတစ်ချပ် ရှိပြီး ထိုတံခါးမှ အမှိုက်များကို စွန့်ပစ်လေ့ရှိသည်။

အိမ်တော်ကြီး၏တစ်ခုလုံးတွင် နောက်ဖေးခြံထက် လှုပ်ရှားရ ပိုလွယ်သောနေရာ မရှိနိုင်တော့ပေ။ ထို့ကြောင့် ဂွမ်ထက်ဂျူက ပြည့်လျှံနေသည့် အမှိုက်ပုံးကို စိတ်လိုလက်ရ မ,လိုက်သည်။

စားဖိုဆောင်ဝန်ထမ်းများက ကိုယ်စီတာဝန်များဖြင့် အလုပ်ရှုပ်နေသောကြောင့် တခြားသူကို မျက်လုံးလှန်ကြည့်ရန်ပင် အချိန်မရနိုင်အောင် ရှိနေသည်။ သို့ဖြင့် အလုပ်ရှုပ်နေသည့် ဟင်းပြင်ကောင်တာများကို ပတ်ပြီး အမှိုက်ပုံးအလေးကြီးအား သယ်ကာ ပစ္စည်းသိုလှောင်ခန်းထဲသို့ ဝင်သွားလိုက်သည်။

ပစ္စည်းသိုလှောင်ခန်း၏ တစ်ဖက်တွင် ဘေးတံခါးတစ်ချပ် ရှိပြီး တံခါးက အတွင်းဘက်မှ ဂျက်ထိုး,ထားသောကြောင့် တံခါးကို လွယ်လွယ်ကူကူ ဖွင့်ကာ ထွက်လိုက်နိုင်သည်။ သို့သော် တံခါး အပြင်ဘက်က လုံခြုံရေး တင်းကျပ်ထားသေးသဖြင့် သတိထားနေရဆဲပင်။

မျှော်လင့်ထားသည့်အတိုင်းပင် ဂွမ်ထက်ဂျူ အပြင်ကို ထွက်ဖို့ တံခါးဖွင့်လိုက်သည်နှင့် လုံခြုံရေးအစောင့်တစ်ဦးက သူ့ကို တားဆီးထား၏။

"ဘာလုပ်တာလဲ?"

"အာ အမှိုက်တွေ အရမ်းများလွန်းလို့... အခုချက်ချင်း မရှင်းရင် ကျွန်တော်တို့ စားဖိုမှူးကြီး ပေါက်ကွဲတော့မယ်"

လုံခြုံရေးအစောင့်က ဂွမ်ထက်ဂျူကို ကြည့်လိုက်ပြီး လက်ထဲက အမှိုက်ပုံးကို စစ်ဆေးလိုက်သည်။ ထို့နောက် ဂွမ်ထက်ဂျူကို ကျော်ပြီး မီးဖိုခန်းရှိရာဆီကို အကြည့်ရောက် သွားပြန်သည်။ တမင် ဖွင့်ထားခဲ့သည့် တံခါးကြားမှ စားဖိုမှူး၏ ဆူပူသံများက အပြင်သို့ပင် လျှံထွက်လာနေသည်။

လုံခြုံရေးအစောင့်က အခြေအနေကို နားလည်သွားပုံရသွားသဖြင့် ဂွမ်ထက်ဂျူက ခေါင်းညိတ်ပြကာ အမှိုက်စွန့်ပစ်ရာနေရာဆီ ဆက်လျှောက်သွားလိုက်သည်။ အဆောက်အဦး၏ အပြင်ပိုင်းကို မသိမသာ အကဲခတ်လျက် စားကြွင်းစားကျန်များကို မနှေးမမြန် သွန်ထုတ်နေလိုက်သည်။

ဝန်ကြီးနှစ်ယောက်နှင့် ဘော့ဒါနော့ဗ်တို့ လျှို့ဝှက်အစည်းအဝေး လုပ်ကြမယ်ဆိုလျှင် ပါတီကျင်းပနေသည့် ပထမထပ်တွင်တော့ လုပ်လောက်မည် မဟုတ်ပေ။ ပထမထပ်တစ်ခုလုံးကို သူ ရှာဖွေရမည့် စာရင်းမှ ဖယ်ထုတ်လိုက်လျှင်တောင် အခန်းလွတ်များစွာ ရှိနေသေးသည်။

ဂွမ်ထက်ဂျူက အိမ်ကြီးတစ်ခုလုံးကို ထပ်မံ ကြည့်လိုက်သည့်အခါ တတိယထပ်ရှိ အစွန်ဆုံးအခန်းဆီ အကြည့်ရောက်သွား၏။ ညအချိန်မို့ အခန်းအားလုံးက လိုက်ကာ ချထားပေမဲ့ အစွန်ဆုံး အခန်းတစ်ခန်းတည်းကသာ လိုက်ကာ မချထားခဲ့ပေ။ ဤမြင်ကွင်းက သူ့ကို အကြောင်းအရင်းမရှိ စိတ်ထင့်သွားစေကာ သွားကြည့်ရန်လည်း တိုက်တွန်းနေလေသည်။

ဂွမ်ထက်ဂျူက ထိုအခန်းသို့ သွားနိုင်မည့် လမ်းကြောင်းကို ခေါင်းထဲတွင် အကြမ်းဖျင်း ပုံဖော်ကြည့်လိုက်သည်။ အိမ်တော်အတွင်းထဲတွင် စောင့်ကြည့်နေသော မျက်လုံးများ ပိုများသောကြောင့် အပြင်ဘက်မှ လှုပ်ရှားသည်က ပိုကောင်းမည်ဟု ယူဆမိသည်။

နောက်ဖေးခြံသည် တိတ်ဆိတ်ပြီး အဆောက်အဦး၏ အရိပ်များကို အားကိုးကာ ဘယ်သူမှ သတိမပြုမိအောင် ရွေ့လျားနိုင်သည်။ ထိုသို့ လုပ်နိုင်ရန်အတွက် ပြဿနာသေးသေးလေးတစ်ခု ရှိနေသည်။ ထိုအရာက လုံခြုံရေးအစောင့်အား ဖယ်ရှားဖို့ပင်။

ဂွမ်ထက်ဂျူက အမှိုက်ပုံးအလွတ်ကို ကိုင်ပြီး ပစ္စည်းသိုလှောင်ခန်းဆီသို့ ပြန်လာခဲ့၏။ လုံခြုံရေးအစောင့်က ထိုနေရာ၌ပင် ဂွမ်ထက်ဂျူကို စောင့်ကြည့်နေဆဲ ဖြစ်သည်။ ဂွမ်ထက်ဂျူ အနားရောက်လာတော့ သူ ဘာမှ မပြောဘဲ လှည့်ထွက်သွားတော့သည်။

နောက်တစ်ခဏတွင်...

"..ဂွပ်!!"

လုံခြုံရေးအစောင့်၏ ခေါင်းပေါ်ကို အမှိုက်ပုံးတစ်လုံး ရောက်လာခဲ့သည်။

မြင်ကွင်းကို ပိတ်ခြင်းခံလိုက်ရသောကြောင့် လုံခြုံရေးအစောင့်က သေနတ်ကို ချက်ချင်း ထုတ်လိုက်၏။ သို့သော် ဂွမ်ထက်ဂျူက သူ့လက်ကို ဒူးနှင့် တိုက်ထုတ်လိုက်ရာ သေနတ်က မြောက်တက်သွားပြီး ဂွမ်ထက်ဂျူ၏ လက်ထဲသို့ ကိုင်လျက် အနေအထားဖြင့် လှလှပပ ရောက်ရှိသွားခဲ့သည်။

လုံခြုံရေးအစောင့်မှာလည်း ထိုအချိန်အတွင်း သူ့ခေါင်းပေါ်မှ အမှိုက်ပုံးကို ဖယ်လိုက်နိုင်၏။ ရှေ့သို့ပြန် မြင်ရရချင်းပင် ဂွမ်ထက်ဂျူ၏ လက်သီးက မျက်စိရှေ့တွင် ရောက်နေခဲ့ပြီး ညည်းတွားသံတစ်ခု ပြုလုပ်ရင်း နှာခေါင်းကို ဖိလျက် လဲကျသွားတော့သည်။ လုံခြုံရေးအစောင့်သည် မျက်နှာကို ရှေ့တည့်တည့် ထိုးခံလိုက်ရခြင်းကြောင့် နှာခေါင်းရိုး ကျိုးသွားပုံရသည်။

ဂွမ်ထက်ဂျူမှာ အစောင့်ကို ကြည့်ပြီး သူပါ နာကျင်လာသလိုလို မျက်နှာ ရှုံ့မဲ့ သွားသော်လည်း သတိလစ်သွားစေရန် အမြန် တိုက်ခိုက်လိုက်၏။

ထို့နောက် အစောင့်ကို အဆောက်အဦး နံရံနား အထိ ဆွဲယူသွားပြီး အမှောင်ထဲမှာ ပုန်းကာ ပတ်ဝန်းကျင်အခြေနေကို စောင့်ကြည့်နေပေမဲ့ မည်သူမျှ သတိထားမိဟန် မတူချေ။

ထိုသို့ဆိုလျှင် အဆောက်အဦးပေါ်သို့ တက်ရန်သာ ကျန်တော့သည်။ အိမ်တော်ပေါ်သို့ တက်ရန်မှာ နည်းလမ်းနှစ်ခု ရှိ၏။ ကြိုးကို အသုံးပြုပြီး ခေါင်မိုးပေါ်ကနေ ဆင်းခြင်းနှင့် အောက်ကနေ တွယ်တက်ခြင်း ဖြစ်သည်။

ကံကောင်းတယ်လို့ ပြောရမလားပဲ..

အိမ်တော်ကြီး၏ ခမ်းနားသည့် အပြင်အဆင်ကြောင့် ခြေထောက် အားပြုစရာ နေရာများစွာ ရှိနေ၏။ အိမ်တော် အရှေ့ပိုင်းကို လုံခြုံရေးများ ထူထပ်စွာ ချထားပေမဲ့ ခြံနောက်ဘက်ကိုတော့ ပေါ့ပေါ့ဆဆ စီစဥ်ထားပုံပင်။

ဒီည ကံကောင်းနေတာပဲ.... ဒါဆို တက်လိုက်ကြစို့။

ဂွမ်ထက်ဂျူက ရှပ်အင်္ကျီလက်တွေကို ခေါက်တင်လိုက်ပြီး လက်တွင် ပတ်ထားသော နာရီကို ခေါင်မိုးဆီ ချိန်ရွယ်ပြီး ဘေးဘက်က ခလုတ်ကို နှိပ်လိုက်သည်။ သေးငယ်ခိုင်ခံ့သော နိုင်လွန်ကြိုးတစ်ချောင်းက နာရီထဲမှ ထွက်လာပြီး အဆောက်အဦး ခေါင်မိုးသို့ ပျံထွက်သွားလေသည်။ ကြိုးကို အားပြင်းပြင်း ဆွဲကြည့်လိုက်ပြီး စစ်ဆေးလိုက်သည့်အခါ ကြိုးစက တစ်နေရာရာမှာ ချိတ်မိသွားသလို ကြိုးတစ်ခုလုံး တင်းသွားသည်။

ဂွမ်ထက်ဂျူက နာရီဘေးမှ ခလုတ်ကို ထပ်နှိပ်လိုက်ရာ နာရီအတွင်းရှိ မော်တာက ချက်ချင်း လည်ပတ်သွားပြီး ဝါယာကြိုးကို ရစ်ပတ်ကာ ပြန်ဆွဲသွင်းတော့သည်။ ဂွမ်ထက်ဂျူသည် နာရီမော်တာ၏ ဆွဲတင်ခြင်းဖြင့် ဘယ်ဘက်လက်မောင်းကို တွဲခိုလျက် တောင်တက်သကဲ့သို့ အဆောက်အဦးနံရံကိုကန်ကာ အပေါ်သို့ တက်လေသည်။

ဖိနပ်အောက်ခံက ချောနေသောကြောင့် တစ်ချက်တစ်ချက် ခြေချော်သွားပေမဲ့ ထိုအရာက ပြဿနာ မဟုတ်ဘဲ အပေါ်ရောက် တက်လေလေ ပိုလေးလာလေလေ ဖြစ်နေသည့် သူ့ခန္ဓာကိုယ် အလေးချိန်ကြောင့် နာကျင်နေသည့် သူ့ဘယ်ဘက်လက်ကောက်ဝတ်ကသာ ပြဿနာ ဖြစ်သည်။

တူနာငါးကြီးများကို ဖမ်းသည့် နိုင်လွန်ငါးမျှားကြိုး ဖြစ်သောကြောင့် ကြိုးက သူ့လက်ကောက်ဝတ်ထပ်ပင် ပိုခိုင်ခံ့နေသေးသည်။ သူ့လက်ကောက်ဝတ် ပြုတ်ထွက်သွားခြင်းကသာ ကြိုးပြတ်သွားခြင်းထက် ပို၍ ဖြစ်နိုင်ခြေရှိသည်။

သို့သော်လည်း မမျှော်မှန်းနိုင်သည့် အခြေအနေဆိုတာ နေရာတိုင်းတွင် ရှိနိုင်၏။ အဘယ်မျှ ခိုင်ခံ့လွန်းသော ကြိုးဖြစ်ပါစေ၊ အချွန်အတက်များဖြင့် လှလှပပ ပုံဖော်ထားသော ရွှေအဆင်တန်ဆာများနှင့် အကြိမ်ကြိမ် ပွတ်တိုက်မိမည်ဆိုလျှင် ကြိုး၏ ခိုင်ခံ့မှုကို အာမခံနိုင်ပါဦးမလား။

ယခု ဂွမ်ထက်ဂျူ ရင်ဆိုင်နေရသော အခိုက်အတန့်မျိုးပင်။

ကြိုးပြတ်သွားသလို ခပ်အုပ်အုပ် အသံတစ်ခုက သူ့နားထဲ ဝင်ရောက်လာခဲ့ပြီး နာကျင်နေသော ဂွမ်ထက်ဂျူ၏ ဘယ်လက်မောင်းမှ ဖိအားက ရုတ်တရက် လျော့ကျသွားခဲ့သည်။

"ပြုတ်ကျပြီ!!!”

ဂွမ်ထက်ဂျူ တစ်ကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး အာရုံခံစားမှု အားလုံး တင်းခနဲဖြစ်သွားကာ မျက်လုံးကို တင်းတင်း မှိတ်ထားလျက် ထိခိုက်မှု ဖြစ်လာမည့် အချိန်ကို စောင့်နေလိုက်သည်။

သူ့ဆံပင်များတောင် ထောင်ထလာသည်အထိ ကြောက်လန့်သွားခဲ့သော်လည်း သူ မျှော်လင့်ထားတဲ့ နာကျင်မှုကို မခံစားရသေးပေ။

သို့ဖြင့် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်က လေထဲတွင် မြောက်လျက် ရှိနေဆဲပင်။ ကြိုးပြတ်သွားချိန်တွင် တတိယထပ် ပြတင်းပေါက်ဘောင်ကို အလိုအလျောက် ဆွဲကိုင်ထားလိုက်မိသည်။ အခိုင်ခံ့ဆုံးသော နိုင်လွန်ကြိုးမှာတော့ အောက်ကြမ်းပြင်ဆီ ပုံခနဲ ကျသွားခဲ့ပြီ။

ဂွမ်ထက်ဂျူသည် ကြောက်လန့်တကြား ရှုသွင်းထားသည့် လေကို ဖြည်းဖြည်းချင်း ရှုထုတ်လိုက်၏။

‘အန္တရာယ်များလိုက်တာ... အရင်တုန်းက မီတာ ၁၁၀ လောက်မြင့်တဲ့ မိုးမျှော်တိုက်ပေါ်ကနေတောင် ပြုတ်ကျခါနီးတဲ့ အတွေ့အကြုံလောက် မဆိုးသေးပါဘူး’

တင်းမာနေသော ကြွက်သားများနှင့် အာရုံကြောများကို တည်ငြိမ်သွားသည်အထိ စောင့်ဆိုင်းပြီးမှ ပြတင်းပေါက်ဘောင်ပေါ် တက်လိုက်၏။ ထို့နောက် ဂွမ်ထက်ဂျူက အသက်ရှုနှုန်းကို မှန်အောင် ထိန်းချုပ်ရင်း အခန်းထဲကို လှည့်ပတ်ကြည့်လိုက်၏။

"...ဟာ"

စိတ်ပျက်လက်ပျက် ဖြစ်မှုက သူ့မျက်နှာထက်တွင် မဖုံးနိုင်မဖိနိုင် ပေါ်လာ၏။

တတိယထပ်၏ အစွန်ဆုံးအခန်းက လုံးဝ ဗလာဖြစ်နေပြီး အခန်းထဲတွင် လူရှိခဲ့ဖူးသော အရိပ်အယောင်တောင် မတွေ့ရပေ။

ဂွမ်ထက်ဂျူက အခြားအခန်းများဘက်သို့ လှမ်းကြည့်လိုက်၏။ အဆောက်အဦးက အရွယ်အစားကို ကြီးမားသလို အခန်းတစ်ခုစီကလည်း ကျယ်ဝန်းသောကြောင့် ဤအထပ်မှ အခြားအခန်းများသို့ ကူးသွားဖို့ပင် မလွယ်ကူချေ။

ဆိုက်ခ် ဘော့ဒါနော့ဗ်နှင့် ဝန်ကြီးနှစ်ယောက်တို့ စကားပြောနေချိန် အတွင်း ရှာတွေ့နိုင်ပါ့မလား။ ဂွမ်ထက်ဂျူ စိတ်အာရုံကို စုစည်းရန် ကြိုးစားနေတုန်း 'ကလစ်' ဆိုသော အသံက သူ့နားထဲ ကြားလိုက်ရသည်။

"ဟေး... မင်း ဘာလို့ တွဲလောင်းခိုနေတာလဲ"

ဇန်းညာရဲ့ အသံပင်။

အသံကြားမှ သူ့နားတွင် ဆက်သွယ်ရေးကိရိယာ ရှိနေသေးတာကို သတိရလိုက်၏။ ဂွမ်ထက်ဂျူ ပြတင်းပေါက်ဘောင်ပေါ် ထိုင်လျက် ခဏနားလိုက်ကာ အမောဖြေရင်း "အချိန်ကောင်းလေးတွေ ဖြတ်သန်းနေတာ" ဟု ပြောလိုက်သည်။

"ပျော်စရာတွေ လျှောက်လုပ်ပြီးရင် အခု နားထောင်ရမယ့်အလှည့်ပဲ။ သေချာ နားထောင်"

ဟမ် ဘာပြောချင်နေတာလဲ။

ဂွမ်ထက်ဂျူ ထပ်မေးဖို့ ပြင်လိုက်တုန်း တံခါးဖွင့်သံ ကြားလိုက်ပြီး တံခါးပိတ်သံကိုလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ အသံဖြစ်ပေါ်စေသော အရင်းခံနေရာမှ အခြေအနေကို ဇန်းညာ ထံမှ မသိလိုက်ရသော်လည်း အနှောက်အယှက် တစ်စုံတစ်ရာ ဖြစ်သွားမည် စိုးသလို အသက်ရှူအောင့်ထားလိုက်မိသည်။ ထို့နောက် တိတ်တဆိတ် အာရုံစိုက်လျက် သေချာနားထောင်လိုက်သောအခါ တံခါးဖွင့်ပိတ်သံများအပြင် တီးတိုးစကားပြောဆိုနေသော စကားသံကိုလည်း ကြားနေရ၏။

စကားသံက တိုးသော်လည်း တစ်ဦးချင်းစီ၏ လေသံက ကွဲပြားနေသဖြင့် လူသုံးဦး စကားပြောနေကြကြောင်း ဂွမ်ထက်ဂျူ သေချာသိလိုက်သည်။ ဆက်သွယ်ရေးကိရိယာကနေ တဆင့် ထွက်လာသောအသံ ဖြစ်နေသဖြင့် ထိုလူသုံးဦးတွင် ဆိုက်ခ် ဘော့ဒါနော့ဗ် ရှိ၊ မရှိ အတည်ပြုနိုင်ဖို့ ခက်ခဲနေ၏။ ထို့ကြောင့် ဂွမ်ထက်ဂျူ သူတို့၏ စကားဝိုင်းကို ဆက်နားထောင်ရန် ဆုံးဖြတ်လိုက်တော့သည်။

"SS-29 ရဲ့ အခြေအနေက ဘယ်လိုလဲ။ တိုးတက်လာရဲ့လား"

" ‘ဆွန်ချက်ဗ်’ဆီက သတင်းကို စောင့်နေတုန်းပဲ။ SS-29 ရဲ့ အမှားတွေကို ပြင်နိုင်မဲ့ ကျွမ်းကျင်သူကို ရှာနေတယ်လို့ ပြောတယ်။ ဒီနေ့ ပါတီကို သူ မတက်ဘူးဆိုတော့ တော်တော် အလုပ်ရှုပ်နေပုံရတယ်။ ဆွန်ချက်ဗ်က မကြာခင် ဆက်သွယ်မယ်လို့ ပြောထားတာမို့ စောင့်လိုက်ကြရအောင်"

"ဒီအမှားနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားကရော ဘာပြောသေးလဲ"

"မတော်တဆ ဖြစ်တာပါလို့ ပြောတာပေါ့။ စမ်းသပ်မှု သုတေသနအတွင်း အဲဒီလို အမှားမျိုး မရှိခဲ့ဘူးတဲ့။"

ဂွမ်ထက်ဂျူ၏ နှုတ်ခမ်းထောင့်များက ကျေနပ်သွားသည့်အလား ကော့တက်သွားကြသည်။ ရုရှားတွင် 'SS ' နှင့် စသော သတ်မှတ်ချက်များသည် တိုက်ကြီးများကို ဖြတ်ကျော် ပစ်ခတ်နိုင်သည့် မောင်းသူမဲ့ အဝေးထိန်း ဒုံးကျည်များဖြစ်သည့် ICBM (Intercontinental Ballistic Missiles) ကို ရည်ညွှန်း အသုံးပြုကြသည်။

ဆိုဗီယက်ပြည်ထောင်စုခေတ်ဟောင်းက အစွမ်းထက်ဆုံး ICBM ဟု လူသိများသော 'စေတန်ဒုံးကျည်' ၏ တရားဝင် အမည်က 'SS-18' ဖြစ်သည်။ ဒါကြောင့် သူတို့ ပြောနေသော 'SS-29' ကလည်း အလားတူ နျူကလီးယားလက်နက် အမျိုးအစား ဖြစ်နိုင်ခြေ မြင့်မား၏။

ထို့အပြင် သူပြောသွားသည့် အထဲမှာ ပါလာတဲ့ ‘ဆွန်ချက်ဗ်’ ဆိုတာက ’ဆလပ်ဗစ် မာဖီးယား’ အဖွဲ့အစည်းပင်။ 'SS-29' လို့ သိထားသော လက်နက်က ဆလပ်ဗစ်တို့၏ ပိုင်ဆိုင်မှု ဖြစ်ပုံရ၏။ ဆလပ်ဗစ်တို့က ဘော့ဒါနော့ဗ် မိသားစုနှင့် လက်ပွန်းတတီး ရှိသည့် ဆက်ဆံရေးမျိုး ဖြစ်နိုင်သည်။ မဟုတ်လျှင် ဘော့ဒါနော့ဗ် အိမ်တော်ကြီး၌ ယခုလို ပွဲမျိုးကို ကျင်းပနေစရာ အကြောင်းမရှိချေ။ ထို့ပြင် မြောက်ကိုရီးယားကတောင် ဤလက်နက် တည်ဆောက်ရေးတွင် တစ်နည်းတစ်ဖုံ ပါဝင်ပတ်သတ်နေနိုင်သည်။

'SS-29' က 'အန်နာစတေးရှား' ဖြစ်နိုင်ခြေ ရှိတာလား။

"အမေရိကန်တွေ ဘက်ကကော။ ငြိမ်နေတုန်းပဲလား"

"အခုထိတော့ ငြိမ်နေတုန်းပဲ။ သူလျှို လာလုပ်တဲ့ ကြွက်စုတ်ကို ရှင်းလိုက်ပြီဆိုတော့ သူတို့ ပိုပြီး သတိထားနေနိုင်ပေမဲ့... ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ သူတို့က အလောင်းကိုတောင် ပြန်ယူလို့ မရတဲ့ အခြေအနေမှာ ရောက်နေပြီလေ"

‘ကြွက်စုတ်ဆိုတော့.. မော်ဂန်ကို ရှင်းလိုက်တဲ့အကြောင်းကို ပြောနေတာလား’

‘ရုရှားမှာ လျှို့ဝှက်နျူကလီးယားလက်နက် ထုတ်လုပ်နေတယ်၊ မြောက်ကိုရီးယားကလည်း အဲထဲမှာ ပါဝင်နေတယ်၊ အမေရိကန်တွေ လွှတ်လိုက်တဲ့ သူလျှိုကို ရှင်းလိုက်တယ်’။ အကြောင်းအရာ အကုန်လုံးကတော့ ကိုက်ညီနေပြီ။ ဒါပေမဲ့ ဒါက ထင်ကြေးသက်သက်သာပဲ ရှိသေးတယ်။ အထောက်အထား အတိအကျ မရှိသေးဘူး။’

စကားဝိုင်းက ခဏ ရပ်သွားပြီး တံခါးဖွင့်ပိတ်သံကို ကြားလိုက်ရသည်။

‘အခန်းထဲကနေ ဘယ်သူ ထွက်သွားတာလဲ။’

ဂွမ်ထက်ဂျူ ဟိုဟိုဒီဒီ မှန်းဆနေတုန်းတွင် ဇန်းညာက အခန်းထဲက အခြေအနေကို ပြောပြလာခဲ့သည်။

"ဘော့ဒါနော့ဗ် ထွက်သွားပြီ ဖုန်းလာလို့ ဖြစ်မယ်"

ဂွမ်ထက်ဂျူက "အာ" ဟု ရေရွတ်လိုက်ပြီး ထိုစကားက ဘယ်နေရာတွင် ထူးဆန်းနေသလဲကို ခေါင်းပင် စောင်းကာ တွေးနေမိသည်။

သူက အဆောက်အဦးအပြင် ဘက်တွင် ထိုင်ကာ ခိုးနားထောင်နေသည်။ အခန်းထဲက အခြေအနေများကို မမြင်နိုင်ပေ။ သို့သော် သူ့ခေါင်းထဲ ပေါ်လာသည့် မေးခွန်းကို ခွေးကောင်က အဖြေပေးလာခဲ့သည်။

‘အဲခွေးကောင်က ဘယ်မှာမလို့ သူက ဆိုက် ဘော့ဒါနော့ဗ်ရဲ့ လှုပ်ရှားမှုတွေကို ရှင်းရှင်းလင်းလင်း သိနေရတာလဲ။’

"ခုနက ဘာဖြစ်သွားတယ်ဆိုတာကို မင်း ဘယ်လို သိတာလဲ။"

"အခုပဲ အိုလ်ဂါ (Olga) ဆိုတဲ့ မိန်းမက အိမ်ကြီးကို လိုက်ပြပေးမယ်လို့ ပြောလာတာကို ငြင်းစရာလား။ အဲဒါကြောင့် သူတို့ ရှိနေတဲ့ အခန်းရဲ့ သော့ပေါက်ထဲမှာ ခိုးနားထောင်တဲ့ စက်လေး ထည့်ပေးထားလိုက်တာ"

'အိုလ်ဂါ' က ဗီဆာရီယွန် ရိုမန်နိုဗစ်ချ် ရဲ့ သမီးအငယ်ဆုံး၊ အိုလ်ဂါ ဗီဆာရီယိုနော့ဗ်နာ ဖြစ်၏။

ယခုအချိန်တွင် ဂွမ်ထက်ဂျူက 'အန်နာစတေးရှား' ထက် ဇန်းညာကို ပိုပြီး စိတ်ဝင်စားသွားတော့သည်။

ပါတီပွဲကို ဖိတ်ကြားခံရရုံနှင့် လုံခြုံရေး တင်းကျပ်ထားသော ဘော့ဒါနော့ဗ် အိမ်ကြီးထဲတွင် သွားချင်သလို လျှောက်သွားလို့ရပါသလား။

"မင်း အခု ဘယ်မှာလဲ"

"မြေအောက်ခန်းက ထိန်းချုပ်ခန်းမှာ"

"အဲဒီမှာ ဘာလုပ်နေတာလဲ"

"တစ်ယောက်ယောက်ကို စောင့်ကြည့်နေတာ..."

ဇန်းညာ ပြောနေရင်း ခဏရပ်လိုက်ပြီး စကားကို ဆက်ပြောလိုက်သည်။

"...တတိယထပ်ကနေ ပြုတ်ကျခါနီး ဖြစ်သွားတဲ့ တစ်ယောက်ယောက်ကိုပေါ့"

ဇန်းညာ၏အသံတွင် ရယ်သံသဲ့သဲ့လေး ပါဝင်နေလေသည်။

ဂွမ်ထက်ဂျူက သူ့နား ပတ်ဝန်းကျင်တစ်ဝှိက်တွင် အသည်းအသန် ရှာဖွေလိုက်သည့်အခါ အပြင်နံရံ၏ ထောင့်တစ်ခုတွင် တပ်ဆင်ထားသော စောင့်ကြည့်ကင်မရာတစ်ခုကို တွေ့လိုက်ရသည်။

ထို့နောက် သူ့ကို ချိန်ရွယ်ထားသည့် ကင်မရာမှန် တည့်တည့်ကို ကြည့်ပြီး လက်ခလယ်ကို ထောင်ပြလိုက်လေသည်။ အဲဒီနောက်မှာ အောင့်အီးထားသည့် တခိခိ ရယ်သံက တစ်ဖြည်းဖြည်း ကျယ်လာတာကို နားကြပ်ထဲမှတဆင့် ကြားလိုက်ရတော့သည်။

ဇန်းညာက စိတ်လှုပ်ရှားပြီး ပြုံးလိုက်ပေမဲ့ နောက်တခဏတွင် အံ့အားသင့်သွားပြီး ပြန်မေးလာသည်။

"မင်းက ဘာလို့ အဲလို တွဲလောင်း ဖြစ်နေတာလဲ။"

ဂွမ်ထက်ဂျူက ပြန်မဖြေခဲ့။ ဘာရှင်းပြစရာမှ မလို။

နာရီကို ကြည့်လိုက်ချိန်တွင် မနက် ၃ နာရီ နီးပါး ရှိနေပြီ။ ဆိုက်ခ် ဘော့ဒါနော့ဗ် အခန်းထဲမှ ထွက်သွားရသည့် အကြောင်းရင်းက ဖုန်းဖြေရန်ပင်။ ထိုဖုန်းမှာ အလုပ်ထက်ပင် ဦးစားပေးရမည့် အရေးကြီးသော ခေါ်ဆိုမှုလား။ ဂွမ်ထက်ဂျူ ခုနက ကြားခဲ့ရသော စကားဝိုင်း၏ တစ်စိတ်တစ်ပိုင်းကို ရုတ်တရက် သတိရလိုက်သည်။

"ဆိုက်ကိုကောင် သွားကိုင်တဲ့ ဖုန်းက ဆွန်ချက်ဗ် ဆီကလား။"

"ဒါတော့ ငါလဲ သေချာ မသိဘူး။ ဒါပေမဲ့ သိအောင် လုပ်ကြည့်လို့ရတာပဲ။ ခုနက အိမ်ကြီးထဲ လျှောက်သွားတုန်းက ဒုတိယထပ် စင်္ကြံလမ်းရဲ့ အဆုံးမှာ ကြိုးဖုန်းတစ်လုံး တွေ့ခဲ့တယ်။ ဘော့ဒါနော့ဗ် ရုံးခန်းမှာလဲ တစ်လုံး ရှိတယ်။"

“ဖုန်းလိုင်းနှစ်ခုက မတူပေမဲ့ ရုံးခန်းကို ခေါ်တဲ့ ဖုန်းကို အဲဒီကနေလဲ လက်ခံလို့ရတယ်”

"ဖုန်းကို ခိုးနားထောင်ဖို့ နည်းလမ်း မင်းမှာ ရှိတယ် မဟုတ်လား"

ဂွမ်ထက်ဂျူ အိမ်ကြီး၏ အောက်ခြေကို ငုံ့ကြည့်ပြီး မေးလိုက်သည်။ ဇန်းညာ ပြောသည့်အခန်းက သူ လက်ရှိရောက်နေသော နေရာနှင့် သိပ်မဝေးပေ။

သူရောက်နေသည့် အထပ်၏ အောက်ထပ်က အခန်းတံခါးကို ဖွင့်ဝင်လိုက်သည်နှင့် မျက်နှာချင်းဆိုင်တွင် ဖုန်း ရှိနေသည်။ အခန်းထဲတွင် အတားအဆီးတစ်ခုခု ရှိနေလား စစ်ဆေးရန်သာ လိုအပ်သလို အခန်းနားသို့ သွားရန်က သိပ်မခက်ခဲချေ။

"အင်း။ မင်း အခုရှိတဲ့နေရာကနေ အဲဒီနေရာကို ၈ စက္ကန့်အတွင်း အမြန်သွားနိုင်မယ်ဆိုရင်ပေါ့"

ဖုန်းလိုင်း ချိတ်ဆက်သွားပြီးနောက် ‘ဆိုက်ခ် ဘော့ဒါနော့ဗ်’က သူ့ရုံးခန်းထဲမှ ဖုန်းကို ကိုင်လိုက်ချိန်တွင် သူကလည်း စင်္ကြန်လမ်းမှ ဖုန်းကို ကိုင်လိုက်နိုင်ဖို့ပင်။ အရေးကြီးသည်က တပြိုင်နက်တည်း ဖုန်းကိုင် လိုက်နိုင်ရန်သာ ဖြစ်သည်။

ဂွမ်ထက်ဂျူအတွက် ရှစ်စက္ကန့်အတွင်း ဖုန်းဆီ အရောက် သွားပြီး ဖုန်းကို ကိုင်ရန်မှာ အချိန် လုံလောက်သည်။ ကြားဖြတ်နားထောင်ရန်အတွက်မူ ဖုန်းခွက်ကို အချိန်ကိုက် ကိုင်နိုင်ရန်သာ လိုအပ်သည်ဟု ဆိုသော်လည်း လွဲချော်မှု တစ်စုံတစ်ရာ ရှိသည်ကပင် ပြဿနာကြီး ဖြစ်သွားနိုင်သည်။

သို့သော် ခိုးနားထောင်ရန် ဆုံးဖြတ်လိုက်ပြီး ဂွမ်ထက်ဂျူက CCTV ကို ခေါင်းညိတ်ပြလိုက်လေသည်။

ပီကေတစ်ခုကို ထုတ်ကာ ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် ပြတင်းပေါက်ဘောင်ပေါ် မတ်တပ်ရပ် ရန် ကြိုးစားလိုက်၏။ သူ့ကျောနှင့် ကပ်နေသော နံရံက သူ့ခန္ဓာကိုယ်ကို တွန်းထုတ်နေသလိုပင်။ ဂွမ်ထက်ဂျူ၌ လုံခြုံရေးကိရိယာများ ပြင်ဆင်ရန် အချိန်မရပေ။ ၈ စက္ကန့်ဆိုတာက အလွန် တိုတောင်းလွန်းသည့် အချိန် ဖြစ်၍ လေးကို တဝကြီး ရှူသွင်းလိုက်ပြီး ချက်ချင်း ခုန်ချလိုက်တော့သည်။

သူ့ ခြေထောက်များ လွတ်သွားသည်နှင့် ဒုတိယထပ်မှ ပြတင်းပေါက်ဘောင်ကို ဆွဲကိုင်လိုက်သည်။

လက်ဆစ်များ၊ လက်ကောက်ဝတ်များ၊ တံတောင်ဆစ်များပါ ပြုတ်ထွက်တော့မလို နာကျင်သွားပေမဲ့ တစ်စက္ကန့်မျှပင် အနားမယူနိုင်ဘဲ အံကို တင်းတင်းကြိတ်ပြီး ပြတင်းပေါက်ဘောင်ကို တက်သွားလိုက်သည်။ ၃ စက္ကန့်အကြာ၌ ဒုတိယထပ်၏ ပြတင်းပေါက်ဘောင်ပေါ်သို့ ဂွမ်ထက်ဂျူ အန္တရာယ်ကင်းကင်း ဆင်းသက် သွားနိုင်ခဲ့သည်။

"တော်တော် မိုက်တယ် မဟုတ်လား"

ဇန်းညာက အခြေအနေကို စောင့်ကြည့်ရင်း တခစ်ခစ်သာ ရယ်နေသည်။ ဂွမ်ထက်ဂျူက အသက်နှင့်ရင်းကာ ရုန်းကန်နေရပေမဲ့ သူက သက်သောင့်သက်သာ ထိုင်ပြီး ကွန်ပျူတာမျက်နှာပြင်ကို ပျော်ရွှင်စွာ ကြည့်နေလေသည်။

‘ခွေးကောင်က ပျော်ပျော်ကြီး ကြည့်နေတာပဲ’

ဂွမ်ထက်ဂျူသည် ဇန်းညာ၏ ရယ်သံကို လျစ်လျူရှုထားရင်း မီးခြစ်ကို ထုတ်ယူလိုက်သည်။ သာမန် ဇစ်ပို (Zippo) မီးခြစ်ပုံစံဖြစ်ပေမဲ့ ဂွမ်ထက်ဂျူက အဖုံးကို ဖွင့်လိုက်သည့်အခါ ဝက်အူလှည့်လို ရှည်လျားပါးလွှာသည့် ပိုက်တံလေးတစ်ခုက ထွက်လာသည်။ ပိုက်တံလေးကို ကွေးကာ မီးညှိလိုက်လျှင် ပိုက်တံ၏ အဖျားမှ မီးတောက်တစ်ခု လင်းခနဲ တောက်လာလေသည်။

ဂွမ်ထက်ဂျူက ပြတင်းပေါက်မှန်ပေါ် ပီကေကို ကပ်လိုက်ပြီး မီးတောက်ဖြင့် ပီကေ ပတ်ပတ်လည်ကို စက်ဝိုင်း ပုံ ဆွဲလိုက်၏။ ထို့နောက် ပီကေကို အားနည်းနည်း ထည့်ကာ ဂရုတစိုက် ဆွဲလိုက်ရာ ပီကေတွင် စက်ဝိုင်းပုံ မှန်အဝိုင်းလေးက ကပ်ပြီး ပါလာလေသည်။

မှန်ဝိုင်းလေး ကျကွဲပြီး အသံမထွက်သွားစေရန် ပြတင်းပေါက်ဘောင်ပေါ် သေသေချာချာ တင်လိုက်ပြီး အပေါက်ဖြစ်သွားသော ပြတင်းပေါက်မှန်ထဲ လက်ထိုးထည့်ကာ သော့ကို ဖွင့်လိုက်၏။ ပြတင်းပေါက်သည် 'ကလစ်' ဟူသော အသံနှင့်အတူ ပွင့်သွားတော့သည်။

ဂွမ်ထက်ဂျူက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ပြီး ပြတင်းပေါက်ကို ကျော်ကာ အခန်းထဲသို့ အမြန် ဝင်လိုက်၏။ ထို့နောက် ဘာကိုမှ မထိခိုက်မိအောင် သတိထားလျက် ကြောင်လေးတစ်ကောင်လို ခြေသံလုံလုံဖြင့် အခန်းတံခါးဆီကို လှစ်ခနဲ ပြေးကပ်သွားလိုက်သည်။

သို့သော် အခန်းထဲမှ မထွက်သေးဘဲ အပြင်ဘက် စင်္ကြံလမ်းထဲမှ အသံများကို နားစွင့်နေလိုက်သည်။ အပြင်ဘက်တွင် တိတ်ဆိတ်နေလေရာ ဂွမ်ထက်ဂျူက တံခါးကို ညင်ညင်သာသာ ဖွင့်ပြီး ထွက်လိုက်၏။

ထို့နောက် ညာဘက်ကို ကြည့်သောအခါ စင်္ကြံလမ်း၏ အဆုံး၌ စားပွဲတစ်လုံး ရှိနေလေသည်။ ဇန်းညာ ပြောသည့် ဖုန်းက ထိုစားပွဲပေါ်မှာပင်။

စားပွဲထံ လျှောက်သွားရန် လုပ်နေစဥ် ဇန်းညာ၏ အသံက သူ့နားစည်ကို ရိုက်ခတ်လာပြန်သည်။

"ငါ အချိန်ရေ ပေးမယ်၊ မင်း ကွက်တိ ဖြစ်အောင် ကိုင်လိုက်"

ဂွမ်ထက်ဂျူက ဖုန်းခွက်ကို ကိုင်ထားရင်း ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် ဇန်းညာက တစ်ဖက်ကနေ စတင် ရေတွက်တော့သည်။

"သုံး"

ဂွမ်ထက်ဂျူ အသက်ကို ပြင်းပြင်း ရှူလိုက်မိသည်။

"နှစ်"

ဂွမ်ထက်ဂျူ စင်္ကြန်လမ်းကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ကာ လူရှိ၊ မရှိကို သေချာအောင် စစ်ဆေးလိုက်သည်။

"တစ်"

ဇန်းညာ၏ ‘တစ်’ ဟူသော ရေတွက်သံကို ကြားလိုက်သည်နှင့် ဂွမ်ထက်ဂျူက ဖုန်းခွက် ကိုင်ထားသော လက်ကို မြှောက်တင်လိုက်သည်။

"နားထောင်တော့"

ဂွမ်ထက်ဂျူက ဖုန်းကို အနားကပ်ကာ နားထောင်လိုက်၏။ ဘာသံမှ မကြားရချေ။ ဖုန်း၏ တစ်ဖက်ခြမ်းကလည်း တိတ်ဆိတ်နေပြီး ဇန်းညာကလည်း စကားပြော မလာတော့ပေ။ ဖုန်းကိုင်ထားသူက ဂွမ်ထက်ဂျူ တစ်ယောက်တည်းသာ ရှိနေပုံရ၍ သူ့အာခေါင်များပင် ခြောက်ကပ်လာသည်။

‘လွဲသွားတာလား’

ဂွမ်ထက်ဂျူက ဖုန်းခွက်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး အသံတစ်ခုခု ကြားရဖို့ မျှော်လင့်နေမိသည်။

လေတိုက်သံလို တရှဲရှဲ မြည်နေသော အသံတိုးတိုး နောက်မှ ဆိုက် ဘော့ဒါနော့ဗ်၏ အသံက ရုတ်ခြည်း ထွက်ပေါ်လာလေသည်။

"အတော်ပဲ။ ငါတို့ အဲဒီအကြောင်း ပြောနေတာ"

"ခုနလေးကတင်ပဲ ဟိုဘက်နဲ့ သဘောတူညီချက် ရလိုက်တယ်"

"ဒါဆို အခြေအနေက ဘယ်လိုလဲ"

"မြောက်ကိုရီးယားက ကျွမ်းကျင်ပညာရှင်တွေကို ပို့ပေးမယ်"

"ဒါက ကြားရတဲ့ အထဲမှာ အကောင်းဆုံးပဲ။ ဘယ်အချိန်လောက် ပို့ပေးမလဲ"

"မနက်ဖြန် ထွက်လာမယ်။ သဘက်ခါလောက် မော်စကို ရောက်လိမ့်မယ် ထင်တယ်"

"ပြီးခဲ့တဲ့ တစ်ခေါက်ကလို ကြွက်စုတ်တွေ ပါမလာအောင် သတိထားရမယ်နော်"

"ဒီတစ်ခါတော့ တရုတ်ခရီးသွားလို ဟန်ဆောင်ပြီး လာမှာမို့လို့ အမေရိကန်တွေ သိဖို့ မလွယ်ဘူး"

"ဆက်လုပ် ထားလိုက်ပါ။ အခြေအနေကို သတင်းပို့ဖို့ မမေ့နဲ့။"

"မမေ့ပါဘူး"

ဤသို့ဖြင့် စကားပြောဆိုမှုကို အဆုံးသတ်လိုက်၏။ ဖုန်းထဲက အပြန်အလှန် စကားတို့မှာ အချိတ်အဆက်မိ သော်လည်း အကြောင်းအရာကို တိုက်ရိုက် ဖော်ပြပြောဆိုခြင်းကို မပြုလုပ်ကြချေ။ ထိုသို့ အလွန်သတိထားကာ ပြောနေကြခြင်းက ဂွမ်ထက်ဂျူ၏ သံသယကို ပိုမို ခိုင်မာသွားစေသည်။

ဖုန်းကို ဆက်ကိုင်ထားပြီး ဆိုက်ခ် ဘော့ဒါနော့ဗ် ဖုန်းချသွားသည်ကို စောင့်နေချိန်၌ ဂွမ်ထက်ဂျူ၏ နားတွင် တပ်ဆင်ထားသော ဆက်သွယ်ရေးကိရိယာမှ မြည်သံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

အသံလှိုင်းက သူ၏ နားစည်ကို ဆူးနှင့် ထိုးခွဲလိုက်သလို နာကျင်သွားပြီး ဦးနှောက်ထဲရှိ အာရုံကြောများကိုပင် စူးအောင့်သွားစေသည်။ ဂွမ်ထက်ဂျူမှာ ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားတော့မလား ထင်မိကာ ခေါင်းကို ခါယမ်းလိုက်၏။

ထို့ကြောင့် နားထဲ ထည့်ထားသည့် အဆက်မပြတ် အော်ဟစ်နေသော ဆက်သွယ်ရေးကိရိယာက ပြုတ်ကျကာ လိမ့်ထွက် သွားလေသည်။ သို့ပေမဲ့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်၌ ဆူညံသံများ ပြုလုပ်ခဲ့လေသည်။

နဖူးပြင်၌ ချွေးစေးများ စို့နေပြီး ကျောရိုးတလျှောက် အေးစိမ့်မှုတို့ ဝင်ရောက်လာ၏။ အမြင်အာရုံတို့ ဝေဝါးသွားကာ နှလုံးက တဒိန်းဒိန်းဖြင့် ထိတ်လန့်တကြား အပြင်းအထန် ခုန်နေလေသည်။

‘အကောင်းအတိုင်း ရှိနေတဲ့ နားကြပ်က ဘာလို့ ပြဿနာ ထ,ပေးရတာလဲ။ ဒီလောက်ထိ အသံကျယ်သွားမှတော့ ဆိုက်ကိုကောင်လဲ ကြားသွားမယ် ထင်တယ်။’

‘သေလိုက်တော့.. မကောင်းတာဆို တကယ် ဖြစ်လာတာပဲ...’

အိမ်တော်ကြီး၏ အပြင်ဘက်မှ သေနတ်သံများ ရုတ်ခြည်း ထွက်ပေါ်လာကြသည်။ ခုနက ပြဿနာကြောင့် ဇန်းညာကိုလည်း အစောင့်များက ရှာတွေ့သွားတာ ဖြစ်နိုင်သည်။

‘အရင်ဆုံး လွတ်အောင် ရှောင်ရမယ်’

"...ဟာချီးပဲကွာ"

ဂွမ်ထက်ဂျူသည် မူးဝေနေမှုမှ မသက်သာသေးသဖြင့် မတ်တပ်ရပ်လျှင်ပင် ခြေထောက်များက တုန်ယင်နေကြသည်။ နာကျင်နေသေးသည့် ခေါင်းကို ဖိကိုင်ရင်း စင်္ကြံလမ်းတစ်လျှောက် ပြေးဆင်းလိုက်ပေမဲ့ သူ့စိတ်က ပုံမှန် အခြေအနေသို့ ပြန်မရောက် နေသေးပေ။

ထို့ကြောင့် ဤအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းကို သေချာ မစဥ်းစားနိုင်သေးဘဲ ဦးတည်ချက်မရှိ ခြေဦးတည်ရာ လျှောက်ပြေးနေမိသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment