အပိုင်း ၉
သူ(မ)တို့မှာ ကျန်းမိသာစုမှ ပြဿနာကောင်နှင့် ဆုံခဲ့ရသည်ဆိုသော်ငြား၊ အဝတ်အစားနှင့် လက်ဝတ်လက်စားများ ဝယ်ခဲ့ရသည်ကတော့ ပျော်ရွှင်ဖွယ် အတွေ့အကြုံပင်။ တစ်ခုတည်းသောဆိုးကျိုးမှာတော့ သူ(မ)၏ဆဠမအစ်ကို မင်ချွင်းဖုတစ်ယောက် ကျသင့်ငွေရှင်းသောအချိန်တွင် အနည်းငယ် လက်တုန်နေခြင်းပင်။
“ညီမလေး။”
မင်ချွင်းဖုက သူ၏ တစ်ဝက်လောက်ပြောင်သွားပြီဖြစ်သော အိတ်လေးကို ကိုင်ထားကာ ပြောလိုက်သည်။
“အစ်ကို့ကို ရထားလုံးပေါ်မှာစောင့်နေရင်ရော။ အစ်ကို လမ်းတစ်ဖက်က စာအုပ်ဆိုင်မှာ စာအုပ်တချို့ သွားယူမလို့။”
“ဟုတ်။”
ကျို့ကျူက သူ(မ) ယခုလေးတင်ဝယ်လာသော ဆံထိုးလေးကို ကိုင်ထားကာ ပျော်ပျော်ရွှင်ရွှင် ပြန်ဖြေလိုက်လေ၏။
သူ့ညီမလေး၏မျက်နှာမှ အပြုံးလေးကို မြင်လိုက်ချိန်တွင်တော့ မင်ချွင်းဖုမှာ ဘာကြောင့်ရယ်များ အလွန်တွန့်တိုနေခဲ့မိကြောင်း အတွေးဝင်လာမိတော့သည်။ သူ့ညီမလေးပျော်နေသရွေ့ ဘာလို့များငွေကြေးကို ဂရုစိုက်နေဦးမလဲ။
“အစ်ကို အမြန်ပြန်လာမယ်နော်။”
မင်ချွင်းဖုက ချွမ်းဖန်ကို မှာလိုက်သည်။
“သူ(မ)ကို သေချာဂရုစိုက်နော်။”
“စိတ်မပူပါနဲ့အစ်ကိုရဲ့။ ညီမလေး ရထားလုံးထဲမှာ လိမ်လိမ်မာမာ စောင့်နေပါ့မယ်။”
ကျို့ကျူက လက်လေးဝှေ့ယမ်းပြကာ
“စာအုပ်ကို အေးအေးဆေးဆေးရွေးနော်။”
“အစ်ကို မြန်မြန်ပြန်လာမယ်။”
ရထားလုံးကို အဝတ်အထည်ဆိုင်ရှေ့တွင် ရပ်ထားခြင်းဖြစ်သည်။ သို့နှင့် ကျို့ကျူ ရထားလုံးဆီသို့ လျှောက်သွားစဉ် မိန်းကလေးတစ်ယောက်၏အော်သံကို ကြားလိုက်ရ၏။
“ပိုးကောင်ကြီး! ပိုးကောင်ကြီး!”
“ငါ့ အဝတ်အစားပေါ်တက်လာပြီလေ! မောင်းထုတ်ပေး!”
ထိုမိန်းကလေး၏ကြောက်ရွံ့တကြီးဖြစ်နေပုံကို မြင်လိုက်သည်နှင့် ကျို့ကျူသည် အလျင်အမြန်ပင် အင်္ကျီလက်ကိုခါကာ ရှေ့သို့အမြန် တိုးသွားလိုက်ပြီး မိန်းကလေး၏အင်္ကျီလက်ပေါ်မှ ပိုးကောင်ကို ဖမ်းလိုက်သည်။
“မကြောက်ပါနဲ့ သခင်မလေး။ ဒါက ပုရစ်တစ်ကောင်ပါ။”
ကျို့ကျူက ပြောရင်း ထိုပုရစ်ကို မြင်လျှင် နောက်တစ်ကြိမ်ထပ်ကြောက်နေဦးမည်စိုး၍ သူ(မ)၏နောက်ကျောတွင် ဝှက်လိုက်သည်။
“ကျေးဇူးတင်ပါတယ်။”
မိန်းကလေးသည် ပြောလိုက်ရင်း သူ(မ)၏ကြောက်ရွံ့စိတ်လည်း တဖြည်းဖြည်း ပြေလျော့သွားခဲ့လေပြီ။ ထို့နောက် ကျို့ကျူကို ကျေးဇူးတင်စကားဆိုပြီးသည်နှင့် သူ(မ)၏ရထားလုံးပေါ်သို့ အလျင်အမြန် တက်သွားလေတော့၏။
“မိန်းမငယ်လေး၊ အဲဒါ ကိုယ့်ရဲ့ စစ်သူကြီးချန်ရှန်းပါ။”
“(T/n - ချန်ရှန်းဆိုတာ အမြဲတမ်းအောင်နိုင်ခြင်း၊ မရှုံးနိမ့်သောဆိုတဲ့အဓိပ္ပာယ်ပါ။ ပုရစ်ကို အောင်နိုင်သူစစ်သူကြီးဆိုတဲ့သဘောမျိုး နာမည်ပေးထားတာပါ။)
ကျို့ကျူ လှည့်ကြည့်လိုက်ရာ ခရမ်းရောင်ဝတ်စုံနှင့် သခင်လေးတစ်ယောက် အဝတ်အထည်ဆိုင်၏ဝင်ပေါက်တွင် ရပ်နေကာ ပုရစ်လှောင်အိမ်တစ်ခုကို ကိုင်ထားလျက် သူ(မ)ကို ပြုံးပြနေသည်။
“ရှင့်ဟာ?”
“ဟုတ်တယ်။”
ခရမ်းရောင်ဝတ်စုံဝတ်ထားသော သခင်လေးသည် လက်ဝါးဖြန့်လာကာ
“ဒီသစ္စာဖောက်လေးက သခင်ဆီက ထွက်ပြေးသွားတာ။ အဲတော့ ပိုင်ရှင်အမှန်ဖြစ်တဲ့ ကိုယ့်ဆီ ကမ်းပေးလိုက်တာပဲ ပိုကောင်းမယ်။”
“ဟုတ်ပြီလေ။”
ကျို့ကျူလည်း ထိုသူထံသို့ ဖြည်းဖြည်းလေးတိုးသွားလိုက်ကာ ပုရစ်ကို အနည်းငယ်ဖြူဖျော့ဖျော့နိုင်သော လက်ဖဝါးထက်သို့ တင်ပေးလိုက်သည်။
ထို “စစ်သူကြီးချန်ရှန်း” ဟုဆိုသော ပုရစ်သည်တော့ ခရမ်းရောင်ဝတ်စုံဝတ်ထားသော သခင်လေး၏လက်ထဲတွင် အားနည်းဖျော့တော့စွာ ခဏလောက် ရုန်းကန်နေပြီးနောက် လုံးလုံးလျားလျား မလှုပ်ရှားတော့ပေ။
“ဟွန်….”
ကျို့ကျူတစ်ယောက် တိတ်တိတ်လေး နောက်သို့တစ်လှမ်းဆုတ်လိုက်ပြီး၊ ထိုခရမ်းရောင်ဝတ်စုံဝတ်ထားသော သခင်လေး၏အမူအရာကို ကြည့်လိုက်ပြီးနောက်တွင်တော့ ခြေလှမ်းလေးတစ်လှမ်းလောက် နောက်ထပ်ဆုတ်လိုက်မိသည်။
“ကျွန်မ ခုနက အမှတ်တမဲ့နဲ့ နည်းနည်းလောက် အားပိုသုံးမိသွားတယ်ထင်တယ်။”
သူ(မ)က ထိုအချက်ကို အလေးပေးပြောနိုင်ရန်အတွက် လက်မလေးနှင့် လက်ညှိုးလေးကို သေးငယ်သောပမာဏလေး လုပ်ပြလိုက်ပြီး
“တကယ်ပါ။ နည်းနည်းလေးမှ နည်းနည်းလေး။”
ခရမ်းရောင်ဝတ်စုံနှင့် သခင်လေးသည် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး “စစ်သူကြီးချန်ရှန်း” ကို ပုရစ်လှောင်အိမ်ထဲသို့ ပစ်ထည့်လိုက်ရာ ထိုသူ၏အစေခံတစ်ယောက်က အလျင်အမြန်ပင် လှောင်အိမ်ကိုယူလိုက်ပြီး သူ့ထံသို့ လက်ကိုင်ပဝါတစ်ထည် ကမ်းပေးလာသည်။
အနှီသခင်ငယ်လေး အေးအေးလူလူဟန်နှင့် လက်သုတ်နေစဉ်တွင် ကျို့ကျူက သူ(မ)၏ငွေအိတ်လေးထဲမှ ငွေတုံးလေးတစ်တုံး ထုတ်လိုက်သည်။ ခဏလောက်စဉ်းစားပြီးသောအခါတွင်မူ ထိုတစ်ခုက ကြီးလွန်းသည်ဟု ဆုံးဖြတ်ကာ ပြန်ထည့်လိုက်ပြီး ပိုသေးသောတစ်ခု တွေ့သည်အထိ ရှာနေခဲ့၏။ ထို့နောက် သူ(မ)က အလျင်အမြန် ရှေ့သို့တိုးသွားလိုက်ပြီး ထိုငွေတုံးသေးသေးလေးကို ခရမ်းရောင်ဝတ်စုံဝတ်ထားသော သခင်လေး၏လက်ဖဝါးထဲသို့ ထည့်ပေးလိုက်ပြီး ခြေလှမ်းအနည်းငယ်လောက် ပြန်ဆုတ်လိုက်လေသည်။
“တော်တော်လေး ရက်ရောတဲ့ ငွေတုံးပမာဏပဲ။”
ခရမ်းရောင်ဝတ်စုံဝတ်ထားသော သခင်လေးသည် တော်တော်လေးသေးငယ်သော ငွေတုံးလေးကို လက်ထဲတွင် ကိုင်ထားလျက် မှတ်ချက်ပြုလိုက်၏။
“ဒီကသခင်မလေးက တော်တော်လေး ရက်ရောတာပဲ။”
ကျို့ကျူမှာ ထိုငွေစကို မခွဲနိုင်မခွာရက်ဖြစ်နေခဲ့သော်လည်း သူ(မ)သည် အကြွေစေ့တစ်စေ့မျှ မယူလာခဲ့ချေ။
“ဒါက ဘာမှမဟုတ်တဲ့ပမာဏလေးပါ။”
သူ(မ)မှာ ထိုသူ၏လက်ထဲမှ ငွေတုံးလေးကို မကြည့်မိအောင် အတင်းအကျပ် ထိန်းချုပ်ရင်း ပြောလိုက်သည်။
“ပုရစ်လေးအတွက် အသုဘစရိတ်လို့ပဲ မှတ်ယူလိုက်ပေါ့။”
ပုရစ်လှောင်အိမ်ကိုကိုင်ထားသည့် အစေခံတစ်ယောက်မှာ အနည်းငယ် တုန်ယင်မိသွားသော်လည်း မင်းသားအိမ်တော်မှ ဝါရင့်အစေခံတစ်ယောက်ဖြစ်သောကြောင့် သူ၏သခင်ဘာမှမပြောခင်တွင် မည်ကဲ့သို့သော ခံစားချက်မျိုးမှ မပေါ်လွင်စေပေ။
“ကောင်းပြီ။”
ခရမ်းရောင်ဝတ်စုံဝတ်ထားသောသခင်လေးသည် ထိုငွေတုံးသေးသေးလေးကို သူ၏ခါးပတ်ထဲသို့ ထည့်လိုက်ပြီး
“မင်းဆန္ဒအတိုင်း ကိုယ် “စစ်သူကြီးချန်ရှန်း”ကို ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးလိုက်မယ်။”
“အွန်း…..”
ကျို့ကျူသည် သာသာလေး ဦးညွတ်ပြလိုက်ပြီး တောင်းပန်လိုက်၏။
“တောင်းပန်ပါတယ်။”
ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့သည်မဟုတ်သော်လည်း တကယ်ပင် မတော်တဆဖြင့် ပုရစ်လေးကို သတ်လိုက်မိသည်။
ကျို့ကျူသည် မြို့တော်မှလူများက ပုရစ်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးကြကြောင်း မသိသည့် သူ(မ)၏အတွေ့အကြုံမရှိမှုကိုသာ အပြစ်တင်လိုက်တော့သည်။
“ထားလိုက်ပါတော့။”
ခရမ်းရောင်ဝတ်စုံနှင့်သခင်လေးသည် မြင်းပေါ်သို့တက်လိုက်ပြီး သူ၏အစေခံထံမှ ကျာပွတ်ကို ယူလိုက်ကာ
“ဘာပဲဖြစ်ဖြစ်ပါ။ သေဖို့ကံပါလာတယ်ပဲပေါ့။”
သို့သော် သူသည် ကျာပွတ်ကိုမြှောက်လိုက်ကာ ထွက်ခွာရန်ဟန်ပြင်ပြီးမှ ရုတ်တရက် ကျို့ကျူနားထင်နားမှ ရွှေဖြင့်ပြုလုပ်ထားသည့် သစ်ခက်ပုံ ဆံထိုးကို ပြန်လှည့်ကြည့်လိုက်ပြီး
“ဒီကသခင်မလေးက ဘယ်မိသားစုကလဲ။ ဒီမှာ တစ်ခါမှ မမြင်ဖူးလို့။”
ကျို့ကျူက မျက်ဝန်းနက်နက်များဖြင့် ခရမ်းရောင်ဝတ်စုံဝတ်ထားသော သခင်လေးကို ကြည့်လိုက်ကာ ခြေလှမ်းများကို ရထားလုံးဆီသို့ နောက်ဆုတ်သွားတော့သည်။
မြို့တော်က သခင်လေးတွေက ဘာများဖြစ်နေကြတာလဲ။ ဘာလို့များ မိန်းကလေးတစ်ယောက်နဲ့တွေ့လိုက်တာနဲ့ သူ(မ)ရဲ့နာမည်တွေ၊ မိသားစုတွေ မေးနေကြတာလဲ။
မိန်းကလေး၏အမူအရာကို တွေ့လိုက်ပြီးနောက် ခရမ်းရောင်ဝတ်စုံနှင့် သခင်လေးသည် စိတ်မရှည်ဟန်ဖြင့် စုတ်တစ်ချက်သပ်လိုက်သည်။ ဘယ်မိသားစုကများ ဒီလောက် ခေါင်းမာတဲ့ မိန်းကလေးကို ပျိုးထောင်ထားကြတာလဲ။ သူ(မ)သာ ဒီလိုပုံစံနဲ့ လက်ထပ်မယ်ဆိုရင် အမျိုးတွေ ဝိုင်းနှိပ်စက်တာ ခံရလောက်မယ်မလား။
ခရမ်းရောင်ဝတ်စုံနှင့် သခင်လေးသည် “ဒီယုန်တော့ အကင်ခံရတော့မှာပဲ” ဟူသည့် အကြည့်မျိုးနှင့် ကြည့်လာပြီးနောက် သူ၏မြင်းကို ကျာပွတ်နှင့်ရိုက်ကာ ထွက်ခွာသွားလေတော့၏။ ကျို့ကျူ ယခုတော့ ကိစ္စတစ်ခုကို သေချာ သိလိုက်ရလေပြီ။
ပြဿနာက သူ(မ)မဟုတ်ဘဲ မြို့တော်တစ်ခုလုံးသာ ဖြစ်၏။
“ညီမလေး။”
မင်ချွင်းဖုတစ်ယောက် လက်ထဲတွင် စာအုပ်အနည်းငယ်သယ်လျက် ပြန်ရောက်လာ၏။
“အိမ်ပြန်ကြမယ်လေ။”
“ဟုတ်။”
ရထားလုံးပေါ်သို့ တက်လိုက်ပြီးသည်နှင့် ကျို့ကျူသည် သူ(မ)၏ငွေအိတ်လေးကို ဆုပ်ကိုင်ထားပြီး အနည်းငယ်နောင်တရလာသည်။
“ဆဠမအစ်ကို၊ ညီမလေး မတော်တဆနဲ့ လူတစ်ယောက်ရဲ့ပုရစ်ကို သတ်လိုက်မိလို့ အဲဒီပုရစ်အတွက် အသုဘစရိတ် ပေးလိုက်ရတယ်။”
“ဘာပုရစ်လဲ။”
မြို့တော်မှ သခင်လေးတချို့က ပုရစ်များမွေးထားပြီး ပုရစ်တိုက်ပွဲလုပ်ရသည်ကို ကြိုက်နှစ်သက်ကြကြောင်း မင်ချွင်းဖု သိလေသည်။
“သူ့သခင်ကတော့ စစ်သူကြီးချန်ရှန်းလို့ ခေါ်တာပဲ။”
“ဘယ်လို?”
ပျင်းပျင်းရိရိ ထိုင်နေခဲ့သော မင်ချွင်းဖုမှာ ချက်ချင်းပင် ကိုယ်ကိုမတ်လိုက်ပြီး
“စစ်သူကြီးချန်ရှန်း ဟုတ်လား။”
မြို့တော်တစ်ခုလုံးတွင် အများနှင့်မတူ တစ်မူထူးခြားလှသော ချန်းဝမ်မှလွဲ၍ မည်သူကများ ပုရစ်တစ်ကောင်ကို အနှီနာမည်မျိုး ပေးမည်တဲ့လဲ။
“ညီမလေး လျော်ကြေးဘယ်လောက်……ပေးလိုက်ရလဲ။”
သူ မေးလိုက်ပြီးနောက် အာခေါင်များပင် ခြောက်သွေ့လာသလို ခံစားလိုက်ရသည်။
“ညီမလေး ငွေတုံးဒီလောက်လောက်တောင် ပေးလိုက်တယ်။”
ကျို့ကျူက သူ(မ)၏ပန်းရောင်သမ်းနေသော လက်ချောင်းလေးမှ လက်သည်းတစ်ဝက်အရွယ်အစားလောက် လုပ်ပြ၍ ပြောလိုက်သည်။
သို့မှသာ မင်ချွင်းဖုတစ်ယောက် ချက်ချင်းလိုလို စိတ်သက်သာရာရသွားတော့သည်။ သည်လောက်ဈေးပေါနေလျှင်တော့ ချန်းဝမ်၏ စစ်သူကြီးချန်ရှန်း မဟုတ်လောက်ပေ။
သတင်းများအရတော့ ချန်းဝမ်က ပုရစ်တစ်ကောင်ဝယ်ရန်အတွက် ရွှေဒင်္ဂါးအပြားတစ်ရာလောက် သုံးလေ့ရှိပြီး စစ်သူကြီးချန်ရှန်းဟု အမည်ပေးတတ်လေသည်။ ထိုပုရစ်က အမှန်စင်စစ် အရှင်မင်းသား၏ ပုရစ်သာဆိုလျှင် သူ့ညီမလေး ပေးခဲ့သည့်ငွေတုံးပမာဏနည်းနည်းလောက်က ထိုပုရစ်၏ခြေချောင်းတချို့လောက်သာ ဝယ်၍ရပေမည်။
ရက်အနည်းငယ်ကြီးပြီးနောက်၊ ကျို့ကျူတစ်ယောက် အမေဖြစ်သူနှင့် အိမ်တော်တွင် လက်ဖက်ရည်သောက်နေချိန်တွင် သူ(မ)၏အဖေက ခပ်တည်တည်မျက်နှာနှင့် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။
“တစ်ခုခုဖြစ်လို့လား။”
ရှန်းရှီက များများစားစား စဉ်းစားမနေဘဲ မေးလိုက်၏။
“ထွေထွေထူးထူးမဟုတ်ပါဘူး။ နန်းတော်က ပြဿနာအသေးအဖွဲလေးတွေပါ။”
မင်ကျင်းကျိုးသည် ဖျစ်ညှစ်ပြုံးပြလိုက်ပြီး ရှန်းရှီ၏အရှေ့မှ နှစ်ငုံစာလောက်ကျန်သည့် လက်ဖက်ရည်ခွက်ကို ယူလိုက်ကာ
“ဒီနေ့ နန်းတော်မှာ လူတချို့က ဧကရာဇ်ကို ဆက်ခံသူကို သတ်မှတ်သင့်ပြီဖြစ်ကြောင်း လျှောက်တင်ကြတယ်လေ။ ဟွေ့ဝမ်နဲ့ ချီဝမ်ကိုတော့ အဆိုပြုကြတာ အသံအထွက်ဆုံးပဲ။”
“ဧကရာဇ်က ဘယ်လိုလုပ်ခဲ့လဲ။”
***
Aurora Novel Translation Team