အပိုင်း ၂
ထို့ကြောင့် ကျို့ကျူတစ်ယောက် ကောင်းကောင်းနေ ကောင်းကောင်းစားနေရသော်ငြား ရှန်းရှီသည် ကျို့ကျူ သူ(မ)အရှေ့တွင် ရပ်လိုက်သည်နှင့် အစားအသောက်များကျွေးတတ်သည့်အကျင့်က စွဲသွားတော့သည်။ ယင်းက သူ(မ) ဆယ့်ငါးနှစ်ကျော် စုဆောင်းထားခဲ့သော ချစ်ခြင်းမေတ္တာများကို အစားအသောက်ထဲသို့ လောင်းထည့်ကာ သမီးလေးကို နွေးထွေးသော ချစ်ခြင်းမေတ္တာများဖြင့် ထွေးပွေ့၍ သူ(မ)က အမြဲတမ်း ချစ်ခဲ့ပါကြောင်း၊ တန်းဖိုးထားခဲ့ပြီး ဘယ်တော့မှ ထားသွားတော့မည်မဟုတ်ကြောင်း ပြသနေသည့်နှယ်။
ကံကောင်းသည်မှာမူ ရှန်းရှီက အစားအသောက်ကျွေးမွေးရသည်ကို နှစ်သက်ပြီး ကျို့ကျူကတော့ စားရသည်ကို နှစ်သက်လေသည်။ သို့ဖြစ်ရာ အထိန်းအချုပ်မရှိသော မိခင်မေတ္တာများက ကျို့ကျူ၏အစာအိမ်လေးထဲသို့ ချောချောမွေ့မွေ့ စီးဆင်းနေတော့၏။
“ဂိတ်စောင့်ပြောတာ ဘာသာရေးနဲ့ ဓလေ့ထုံးတမ်းဌာနက အမတ်ကြီးတွေ အမိန့်ပြန်တမ်းလွှာ လာပို့တယ်ဆို။”
ရှန်းရှီသည် သူ(မ)၏သမီးအတွက် ယူလာသည့် အဆောင်လေးကို နူးနူးညံ့ညံ့ထိတွေ့နေရင်း ပြောလိုက်သည်။
“ဘာတဲ့လဲ။”
“အမိန့်ပြန်တမ်းလွှာထဲမှာ ဧကရာဇ်က ချန်းဝမ်နဲ့ ကျို့ကျူကို လက်ထပ်ပေးပြီး ကျို့ကျူကို ဝမ်ဖေးအဖြစ် ချီးမြှင့်မယ်လို့ မိန့်ထားတာပါ။”
*(T/n - ဝမ်ဖေးဆိုတာ မင်းသားရဲ့ တော်ဝင်ကြင်ယာတော်ကို ခေါ်တာပါ။)*
“ဘယ်မင်းသားနဲ့?”
“ချန်း....ဝမ်”
“ဘာချီးမြှင့်မယ်?”
“ဝမ်ဖေးပါ။”
“မင်းသားချန်းရဲ့ ဝမ်ဖေးပါ။”
မင်ချွင်းဖုသည် ရှန်းရှီတစ်ယောက် စိတ်ထိခိုက်သွားမည်စိုး၍ အလျင်အမြန် ထပ်ပြောလိုက်သည်။
“တရားဝင် ဝမ်ဖေးပါ။”
အခန်းထဲတွင် အချိန်အတော်ကြာအောင်ထိ တိတ်ဆိတ်နေတော့သည်။ နောက်ဆုံးတော့ ရှန်းရှီသည် တစ်ဝက်လောက်ထုတ်ထားပြီးသည့် အဆောင်လက်ဖွဲ့ကို သူ(မ)၏အင်္ကျီလက်ထဲသို့ ပြန်ထိုးထည့်လိုက်တော့၏။
တော်တော်အသုံးမကျတဲ့ နတ်ဘုရားတွေ! သူ(မ)ရဲ့သမီးကို မကာကွယ်ပေးနိုင်မှတော့ ဘာလို့များ ကိုးကွယ်နေရဦးမှာလဲ!
ရှန်းရှီမှာ တွေးလေလေ ဒေါသထွက်လေလေဖြစ်လာကာ မတ်တတ်ထရပ်လိုက်ပြီး ဒေါသတကြီးနှင့် ထွက်သွားရန် ဟန်ပြင်နေလေပြီ။
“ရှင်မ၊ စိတ်အေးအေးထားပါ၊ စိတ်လျော့ပါဦး!”
မင်ကျင်းကျိုးသည် အလျင်အမြန် မတ်တတ်ထရပ်လိုက်ပြီး သူ(မ)၏အင်္ကျီလက်ကို လှမ်းဆွဲလိုက်ရသည်။
“ဒီကိစ္စကို သီးသန့်တိုင်ပင်ကြရအောင်ပါ။”
သူ(မ) နန်းတော်သို့ ဒုန်းစိုင်းထွက်သွား၍မရ.......အဖိုးအခအနေဖြင့် ခေါင်းပြတ်သွားပေလိမ့်မည်!
ကျို့ကျူက သူ(မ)၏မိဘနှစ်ပါး တစ်ယောက်နှင့်တစ်ယောက် ဆွဲလားရမ်းလားဖြစ်နေသည်ကို ကြည့်နေရင်း မျက်နှာလေးကို လက်ဖြင့်ထောက်ထားလျက်သားနှင့် နားမလည်နိုင်စွာ မေးလိုက်သည်။
“ချန်းဝမ်က မကောင်းဘူးလားဟင်။”
မင်ကျင်းကျိုနှင့် ရှန်းရှီတို့သည် သူတို့၏သမီးလေးကို လှည့်ကြည့်လိုက်ကြပြီး မျက်ဝန်းများတွင်မူ အဖိုးတန်ရတနာလေးအား ဓားပြများမှ ခိုးယူသွားသည့်အလား ဝမ်းနည်းဒေါသထွက်မှုများဖြင့်။
“ထိုင်ပြီး စကားပြောကြရအောင်လေ။”
ကျို့ကျူက လင်းကျိုဒေသလေသံလေးဖြင့် ချိုသာနူးညံ့စွာ ပြောလိုက်သည်။ သူ(မ)က လင်းကျိုရှိ တာအိုဘုရားကျောင်းတွင်သာ ကြီးပြင်းလာရ၍ အပြင်လူများနှင့် ထိတွေ့မှုနည်းခဲ့သောကြောင့် ပင်ကိုဖြူစင်မှုလေး ရှိနေကာ ပြောလိုက်သည့်စကားများက နူးနူးညံ့ညံ့ တောင်းဆိုဟန်လေးဖြစ်နေသည်။ သူ(မ)ပြောသည်ကို ကြားလိုက်သည်နှင့် မိဘများမှာ နှလုံးသားများ အရည်ပျော်သွားတော့၏။
“ချန်းဝမ်က.....”
မင်ကျင်းကျိုးခမျာ ပြောရန်ချီတုံချတုံဖြစ်နေ၍ နှုတ်ခမ်းများက ဟလာလိုက် ပြန်စေ့သွားလိုက်ဖြစ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ သက်ပြင်းသာချလိုက်ကာ
“အဖေ နန်းတော်သွားပြီး ဧကရာဇ်ကို အမိန့်ပြန်တမ်း ရုပ်သိမ်းပေးဖို့ သွားတောင်းဆိုလိုက်မယ်။”
“သူက တော်တော် ရုပ်ဆိုးလို့လား။”
သူ(မ)အဖေ၏ ချန်းဝမ်အကြောင်းပြောရန် တုံ့ဆိုင်းနေပုံကို မြင်လိုက်ရ၍ ကျို့ကျူသည် စိတ်ထဲတွင် မျက်နှာစိမ်းစိမ်၊ ဝက်ဝံတစ်ကောင်ကဲ့သို့ လက်မောင်းများ၊ ဝံပုလွေတစ်ကောင်နှယ် ခန္ဓာကိုယ်တို့ဖြင့် အစွယ်တငေါငေါ မကောင်းဆိုးဝါးကြီးတစ်ကောင်ပုံစံ ပုံဖော်နေမိတော့သည်။
ထို့နောက် သူ(မ)၏ သေးသေးသွယ်သွယ် လက်ကောက်ဝတ်လေးကို တစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို အစေခံတစ်ယောက် ယူလာပေးသည့် အားဖြည့်စွပ်ပြုတ်ကိုပင် မသောက်ချင်ဖြစ်သွားရသည်။
“သူက ရုပ်မဆိုးပါဘူး၊ ဒါပေမဲ့ ချန်းဝမ်က.....”
မင်ကျင်းကျိုးသည် ပြောနေရာမှ ရပ်လိုက်ပြီးမှ
“ရှုပ်ထွေးလွန်းတယ်။”
ချန်းဝမ်သည် ရုပ်မဆိုးရုံတင်မဟုတ်ဘဲ မိန်းမငယ်လေးများ စွဲမက်ကြသည့် ရုပ်ရည်မျိုးရှိသည်။ သို့သော် ယောက်ျားတစ်ယောက်၊ မင်းသားတစ်ပါးအနေဖြင့်မူ ရုပ်ကလေးချောနေရုံဖြင့် မလုံလောက်ပါပေ။
ကျို့ကျူသည် စိတ်ထဲမှ မကောင်းဆိုးဝါးပုံကြီး ပျောက်ကွယ်သွားပြီး မင်းကျင်းကျိုးထံသို့ တောက်တောက်ပပ မျက်ဝန်းလေးများဖြင့် ကြည့်လိုက်ကာ
“အဖေ၊ ဒီအကြောင်း အေးအေးဆေးဆေးပြောကြရအောင်လေ။”
“ချန်းဝမ်ရဲ့အမေ စုကွေ့ဖေးက ကုန်သည်မိသားစုက မွေးတာ။ သူ(မ) နန်းတော်ကိုစဝင်တည်းကနေ နှစ်ပေါင်းများစွာကြာတဲ့အထိ ဧကရာဇ်က ထူးထူးကဲကဲ မျက်နှာသာပေးခဲ့တယ်။ အချိန်ကြာလာတော့ ဧကရာဇ်က စုကွေ့ဖေးအတွက်နဲ့ ထုံးတမ်းစဉ်လာတွေ့ကို သွေဖယ်ပြီး အသက်ငယ်ငယ်အရွယ်တည်းက ချန်းဝမ်ကို ဝမ်ဘွဲ့ပေးခဲ့တာ။ သူ့ရဲ့ညီအစ်ကိုတွေထက်တောင် မြင့်တဲ့ဘွဲ့ကို ပေးခဲ့တာ။”
“ချန်း” ဟူသည် ကောင်းကင်နှင့် မြေကြီးတို့၏ဆုံမှတ် အထွတ်အထိပ်နေရာဟူသည့် အဓိပ္ပာယ်ဖြစ်ပြီး လေးလေးနက်နက် အဓိပ္ပာယ်ဖြင့် ပေးထားသော ဘွဲ့တော်တစ်ခုဖြစ်သည်။ မည်သည့်ဧကရာဇ်ကမှ ယင်းကဲ့သို့နာမည်ကို မင်းသားငယ်လေးတစ်ပါးအား ပေါ့ပေါ့တန်တန် ချီးမြှင့်ခဲ့မည်မဟုတ်ပေ။
“နန်းတော်မှာ ဧကရီလည်း မရှိဘူးဆိုတော့ ဧကရာဇ်က ဘယ်ကွေ့ဖေးကို မျက်နှာသာပေးတယ်ဆိုတာ အရေးကြီးသေးလို့လား။”
ကျို့ကျူမှာ သည်ကိစ္စတွင် ဘာကရှုပ်ထွေးသည်ဆိုသည်ကို နားမလည်သေးချေ။
“မင်း နားမလည်ဘူးပဲ။”
မင်ကျင်းကျိုး ပြောလိုက်သည်။
ချန်းဝမ်၊ သူ၏မယ်တော်တို့နှင့် နန်းတော်မှမှူးမတ်များကြားမှ ရှုပ်ထွေးလှသော မကျေနပ်ချက်များနှင့် ပူးပေါင်းမှုများက စာအုပ်ဆယ်အုပ်လောက်ရှိပြီး၊ တစ်အုပ်ချင်းစီတိုင်းကလည်း စျေးကွက်ထဲတွင် ရောင်းကောင်းလောက်ပေမည်။
မင်းကျင်းကျိုးက သူ၏အမတ်ဝတ်စုံကို သေသပ်အောင် လုပ်လိုက်ပြီး
“အမေနဲ့ ဝမ်းကွဲအစ်ကိုက အဖော်ပြုပေးလိမ့်မယ်နော်။ အဖေ နန်းတော်မှာ ဧကရာဇ်နဲ့သွားတွေ့လိုက်ဦးမယ်။”
အဆုံးတွင်မှ သူ၏ ချစ်စဖွယ်ကောင်းလှသော အပြစ်ကင်းစင်သည့် သမီးလေးကို တွေ့ခဲ့ရခြင်းဖြစ်သည်။ ဘယ်လိုများ ချန်းဝမ်လိုလူမျိုးနှင့် လက်ထပ်ပေးနိုင်မည်တဲ့လဲ!
“အဖေ....”
ကျို့ကျူ သူ(မ)၏အဖေကိုတားရန် လက်လှမ်းလိုက်သော်လည်း ဝတ်စုံကိုသာ ထိမိသွားခဲ့သည်။
“သူ့ကို မတားပါနဲ့။”
ရှန်းရှီက ဝင်ပြောလိုက်၏။
“အနည်းဆုံးတော့ သူ ကြိုးစားကြည့်ပါစေလေ....”
ယင်းသို့လုပ်ခြင်းက အနည်းဆုံးတော့ သူ့အား အနည်းငယ်မျှတော့ စိတ်သက်သာရာရစေမည်ပင်။
“စွပ်ပြုတ်သောက်လိုက်ဦး။”
ရှန်းရှီသည် ပြောပြီးသည်နှင့် အားတင်းပြုံးထားရသော အပြုံးတစ်ပွင့်နှင့်ပင် သူ(မ)သမီးထံသို့ စွတ်ပြုတ်ကို တိုးပေးလိုက်သည်။ ခုနက အစေခံ စွပ်ပြုတ်ယူလာပေးတည်းက ကျို့ကျူ ထိပင်မထိရသေးကြောင်း သူ(မ) မှတ်မိသည်။
သူ(မ)နှင့် သူ(မ)၏သမီးလေးကို ပြုစုပျိုးထောင်ပေးရန် စိတ်ပိုင်းဖြတ်ထားမှုကို မည်သည့်ယောက်ျားမှ ဝင်ရောက်စွက်ဖက်၍မရပေ။
“သခင်မ။”
အစေခံတစ်ယောက်က တံခါးနားသို့ ပြေးလာပြီး သတင်းပို့လေသည်။
“မင်ယွဲ့နန်းဆောင်ကလူတွေ ရောက်လာပါတယ်။ စုကွေ့ဖေးက နာမည်ကြီးပန်းချီကားတစ်ချပ်ရထားလို့ သခင်မလေးကို နန်းတော်မှာ လာရှုစားဖို့ ဖိတ်ခေါ်ပါတယ်တဲ့။”
စုကွေ့ဖေးနှင့် ပန်းချီကားရှုစားသည်မျိုးက ဘယ်တုန်းကများ သက်ဆိုင်သွားခဲ့ပါလိမ့်။
ရှန်းရှီက စွပ်ပြုတ်ပန်းကန်လုံးကို ကိုင်ထားကာ ကျို့ကျူကို ပြုံးပြလိုက်ပြီး
“အေးအေးဆေးဆေးလုပ်ပါ။ အဆောတလျင် လုပ်စရာ မလိုပါဘူး။ သမီး သောက်ပြီးတော့မှ တစ်ယောက်ယောက်ကို သန့်စင်ဖို့အတွက် ကူခိုင်းလိုက်။”
ကျို့ကျူက စွပ်ပြုတ်ကို တစ်ကျိုက်နှစ်ကျိုက် သောက်လိုက်ပြီးသည်နှင့် မတ်တတ်ထရပ်လိုက်ပြီး အတွင်းဆောင်ဆီသို့ ဦးတည်သွားတော့သည်။ သူ(မ) သွားနေစဉ် အိမ်တော်၏ဘဏ္ဍာထိန်းက ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်ကို သူ(မ)တို့ရှိရာဘက်သို့ ခေါ်လာနေကြောင်း ဝိုးတဝါး တွေ့လိုက်ရ၏။
“ဟိုးကသခင်မလေးက ဒီ မြင့်မြတ်လှတဲ့အိမ်တော်ရဲ့ သခင်မလေးဖြစ်မယ်ထင်တယ်။”
မင်ယွဲ့နန်းဆောင်မှ အထိန်းတော်ကြီးသည် ရပ်လိုက်ပြီး ဘဏ္ဍာထိန်းထံသို့ ခေါင်းညိတ်ပြကာ ပြုံးပြလိုက်သည်။
“ဒီအထိန်းတော်ကြီး သူ(မ)ရဲ့မျက်နှာကိုမမြင်ဖူးပေမဲ့ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သခင်မလေးမှာ ထူးခြားတဲ့ ကျက်သရေမျိုးရှိတယ်ဆိုတာကို သိနိုင်ပါတယ်။”
“ဟဟ၊ ကုကုကတော့ သခင်မလေးကို မြှောက်ပင့်လွန်းနေပါပြီ။”
*(T/n- ကူးကူဆိုတာ အဒေါ်ဆိုတဲ့ အဓိပ္ပာယ်ပါ။)*
ဘဏ္ဍာထိန်းသည် စိတ်ထဲမှ တွေးလိုက်မိသည်။
နောက်နေတာလား၊ သည်လောက်အကွာအဝေးနဲ့ဆို ယောက်ျားလား၊ မိန်းမလား သိနိုင်ရင်တောင် ကံကောင်းကို။
သူ(မ)သည် လက်မထပ်ခင်တွင်တော့ ကောင်းကင်ဘုံအထိတိုင် ချီးကျူးဂုဏ်တင်တတ်ကြပြီး လက်ထပ်ပြီးသည်နှင့် အသေးအဖွဲလေးများကအစ အပြစ်တင်ပြောဆိုတတ်သည့် မိသားစုများစွာကို မြင်ဖူးပေသည်။
သည်အထိန်းတော်ကြီးက သူ(မ)တို့၏သခင်မလေးကို တကယ်ပဲ ချီးကျူးနေတာလား။
မဟုတ်ဘူး၊ သူ(မ)က သခင်မလေးရဲ့ အမတ်ကြီးတစ်ယောက်ရဲ့သမီးဆိုတဲ့ ဂုဏ်ပုဒ်ကိုပဲ မျက်စိကျနေတာ!
နန်းတော်မှလူများအားလုံးသည် ပရိယာယ် ကြွယ်ကြပေသည်။
“ချွမ်းဖန်၊ ဒီဖီးနစ်ပုံဆံထိုးက လေးလွန်းတယ်။”
ကျို့ကျူသည် သူ(မ)၏နားထင်နားမှ ဆံထိုးကို ပြုတ်ကျသွားမည်စိုး၍ ထိန်းကိုင်ထားရင်း ပြောလိုက်၏။ ယင်းဆံထိုးလေးကို ရွှေစင်စစ်ဖြင့်သာ ပြုလုပ်ထားသည့် ရွှေချည်မျှင်များနှင့် ပြုလုပ်ထားပြီး အလွန်အဖိုးထိုက်တန်လှပေသည်။
တွဲလောင်းကျနေသော ပုလဲလုံးလေးများကလည်း သူ(မ)၏ပါးပြင်လေးနားတွင် ယိမ်းခါနေပြီး မျက်နှာနုနုလေးကို ပို၍ပင် စွဲမက်ဖွယ်ဖြစ်သွားစေ၏။
ချွမ်းဖန်တစ်ယောက် ကျို့ကျူ၏ အရည်လဲ့နေသော ခွေးပေါက်လေးပမာ မျက်ဝန်းလေးများနှင့် အကြည့်ချင်းဆုံသွားချိန်တွင် နှလုံးသားလေးအရည်ပျော်သွားတော့သည်။ သူ(မ)က အလျင်အမြန် အကြည့်လွှဲလိုက်ပြီး
“သခင်မလေး၊ သခင်မလေး နန်းတော်ကို စုကွေ့ဖေးနဲ့တွေ့ဖို့သွားတဲ့အခါ ကောင်းကောင်းမွန်မွန် ဝတ်စားပြင်ဆင်သွားရပါမယ်။”
ထို့နောက် သူ(မ) ကျောက်စိမ်းဘီးကို ချလိုက်သည့်အချိန်တွင် မတော်တဆဖြင့် မှန်တင်ခုံထောင့်စွန်းနှင့် တိုက်မိသွားခဲ့သည်။ သို့နှင့် ချွင်းဖန်တစ်ယောက် အော်လိုက်တော့မည့်အချိန်တွင် မအော်ရသေးခင်၌ပင် ကျို့ကျူက လှမ်းဖမ်းလိုက်ပြီး မှန်တင်ခုံပေါ်သို့ ပြန်တင်လိုက်၏။
“သခင်မလေး။”
အပြင်ဘက်မှ အစေခံတစ်ယောက်က သတိပေးသည့်အနေဖြင့် တိုးဖွဖွလေး လှမ်းပြောလေသည်။
“နန်းတော်ကရထားလုံး ရောက်နေပါပြီ။”
ကျို့ကျူတစ်ယောက် ယုံကြည်မှုရှိရှိနှင့် ရထားလုံးပေါ်သို့ တက်လိုက်ပြီး နန်းတော်ဆီသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။ သူ(မ)သည် တာအိုဘုရားကျောင်းတွင် ရံဖန်ရံခါဆိုသလို ပန်းချီဆွဲလေ့ရှိသော်လည်း သူ(မ)၏ဆရာနှစ်ယောက်က အလွန်နွမ်းပါးလှ၍ မင်၊ စုတ်တံနှင့် စာရွက်တို့ကို ချွေတာရလေသည်။
သို့သော် သူ(မ)၏ဆရာများက သူ(မ)ကို ပန်းချီဆွဲရာတွင် ပါရမီပါကြောင်း ချီးမွမ်းတတ်ကြ၏။ ထို့ကြောင့် ပန်းချီကားတစ်ချပ်ကို ရှုစားရခြင်းက သူ(မ)အတွက် အလွန်မခက်ခဲနေသင့်ပေ။
“သခင်မကြီး။”
ရှန်ရှီ၏စိုးရိမ်နေပုံရသော ပုံစံကို သတိထားမိသွားသောကြောင့် သူ(မ)၏ယုံကြည်ရသော အစေခံက နှစ်သိမ့်ပေးလေ၏။
“သခင်မလေးက သခင်မကြီးနဲ့ သခင်ကြီးတို့ရဲ့ သွေးသားပါ။ သူ(မ)က သခင်မကြီးရဲ့ အနုပညာအမွေကို ဆက်ခံထားမှာ အသေအချာပါပဲ။”
ရှန်းရှီ : “……..”
အို မဖြစ်ဘူး။
***
Aurora Novel Translation Team