အပိုင်း ၃
ရထားလုံးသည် အလွန်ခမ်းနားထည်ဝါကာ သက်သောင့်သက်သာရှိလှပြီး၊ ထိုင်ခင်းများကိုပင် ပန်းပွင့်ပုံလေးမျာနှင့် အနုစိတ်ကျကျ ချည်ပန်းထိုးထားသည်။ ကျို့ကျူ ထိုပန်းပွင့်လေးများကို လှမ်းကိုင်ကြည့်လိုက်ရာ တိမ်စိုင်လေးများအလား နူးညံ့အိထွေးနေကြောင်း သိလိုက်ရ၏။
သူ(မ) လိုက်ကာကို မတင်လိုက်ရာ မြို့တော်တွင် မြင်မြင်သမျှက စည်ကားသက်ဝင်နေသော မြင်ကွင်းများသာ။
အဝေးမှ မြင်းခွာသံက နီးကပ်လာခဲ့ပြီး ရထားလုံးအနားသို့ရောက်သောအခါတွင်တော့ တဖြည်းဖြည်းချင်း တိုးသွားခဲ့လေသည်။ မြင်းစီးသူက မြင်းဇက်ကြိုးကို ဆွဲလိုက်ပုံပင်။
“ရှေ့က ရထားလုံးက ဘယ်သူ့ရထားလုံးလဲ။”
“အရှင်မင်းသားကို ပြန်လည်လျှောက်တင်ပါတယ်။ အဲဒါ မင်ယွဲ့နန်းဆောင်က တစ်ယောက်ယောက်ဖြစ်မယ်ထင်ပါတယ်။”
ကျို့ကျူက အမြဲလိုလို နားပါးသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ(မ)သည် ပြောနေသူအား ခေါင်းလေးပြူကြည့်လိုက်၏။
ကောင်းမွန်စွာဝတ်စားထားသော မြင်းနောက်ကျောထက်မှ အမျိုးသားကလည်း မော့ကြည့်လာရာ သူ(မ)တို့ အကြည့်ချင်းဆုံသွားကြသည်။
ကျို့ကျူလည်း သာသာလေး ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးမှ ရထားလုံးထဲသို့ ပြန်ဝင်လိုက်ပြီး နားထင်နားမှ ဖီးနစ်ပုံစံ ဆံထိုးလေးကို စမ်းကြည့်လိုက်သည်။
ရွှေဆံထိုးက ရှိနေဆဲပင်။ သို့မှသာ သူ(မ) စိတ်အေးသွားတော့သည်၊ ယင်းက အဖိုးများစွာ ထိုက်တန်ပေ၏။
ရထားလုံးက နန်းတော်ဂိတ်ပေါက်ဝကို အစစ်အဆေးအမေးအမြန်းမရှိဖြင့် ဖြတ်ကျော်သွားပေသည်။ နန်းတော်ဂိတ်စောင့်သည် စီးနင်းလိုက်ပါလာသူက ချန်းဝမ်၏ ဝမ်ဖေးဖြစ်လာမည့်သူဖြစ်ကြောင်း သိ၍ သည်အတိုင်းသာ ဖြတ်သွားခိုင်းလိုက်သည်။
ရှေ့သို့အနည်းငယ်လောက် ဆက်သွားပြီးသောအခါတွင်တော့ ကျို့ကျူ ရထားလုံးပေါ်မှ ဆင်းလိုက်တော့သည်။ မင်ယွဲ့နန်းဆောင်မှသူများက သူ(မ)အတွက် ဝေါယာဉ်တစ်ခု စီစဉ်ပေးထားကြပြီဖြစ်၏။
နန်းတော်ထဲတွင် မှူးမတ်အရာရှိကြီးတစ်ယောက်၏သမီးက ဝေါယာဉ်စီးသည်ဆိုသည်မျိုးမှာ မကြားစဖူးပင်။ သို့သော် ကျို့ကျူကမူ မြို့တော်သို့ပြန်ရောက်ခါစသာရှိသေးပြီး သူ(မ)ကို မိသားစုကလည်း ရတနာလေးတစ်ပါးပမာ သဘောထားလေသည်။ သူတို့က ကျို့ကျူအား ဂုဏ်ရှိန်ဝါမြင့်မားသည့် မှူးမတ်အရာရှိကြီးများ၏အရှေ့တွင် ပြုမူရမည့် ပုံစံများကိုလည်း တစ်ခါမှမသင်ပေးထားကြ၍ ထိုကဲ့သို့ ဓလေ့ထုံးတမ်းများကို မသိပေ။
နန်းတော်မှ သူ(မ)အတွက် ဝေါယာဉ်ပြင်ဆင်ပေးထားသည်ကို တွေ့သောကြောင့် နာနာခံခံလေး တက်ထိုင်လိုက်ပြီး လက်တန်းပေါ်တွင် အနုစိတ်ပုံဖော်ထားသည့် လက်ရာများကိုပင် ချီးကျူးလိုက်သေးသည်။
အထိန်းတော်ကြီးက ကြင်နာစွာ ပြုံးပြလျက်
“မယ်မယ်ကလည်း ဒီအဆင်ကို သဘောကျတယ်လေ။ သူ(မ)က ဒါက သက်ဝင်တက်ကြွပြီး မြင်ရတဲ့လူတိုင်းကို ပျော်ရွှင်စေတယ်တဲ့။”
စုကွေ့ဖေးက ဧကရာဇ် အနှစ်သက်ဆုံးသူဖြစ်နေသည်မှာ မဆန်းဟု ကျို့ကျူ တွေးလိုက်မိသည်။ သူ(မ)၏အကြိုက်က ထူးခြားလှပေသည်။
သူ(မ)ကလည်း စုကွေ့ဖေးနှင့်အကြိုက်တူရာ သူ(မ)သည်လည်း အနုပညာရသကို ခံစားနိုင်စွမ်းရှိသည်ဟူသည့် သဘောပင်။
ကျို့ကျူတစ်ယောက် စိုးရိမ်စိတ်များ ပျောက်သွားပြီး ယုံကြည်မှုအပြည့်ဖြင့် မတ်မတ်လေးထိုင်လိုက်လေ၏။
ကျန်ခဲ့သော မင်မိသားစုအိမ်တော်တွင်တော့ ချွမ်းဖန်သည် ယခုလေးတင်နန်းတော်သို့သွားသည့် သူ(မ)၏သခင်မလေးအတွက် အလွန်စိုးရိမ်နေလေ၏။
“သခင်မကြီး၊ သခင်မလေးက မထင်မှတ်ထားဘဲ စုကွေ့ဖေးကို အပြစ်ပြုမိသွားရင်ရော။ သူ(မ)က နန်းတော်က ဓလေ့ထုံးတမ်းတွေကို နားလည်တာမဟုတ်ဘူးလေ။”
“မစိုးရိမ်ပါနဲ့။”
ရှန်းရှီက အိမ်တော်စာရင်းကို လှန်ကြည့်နေရင်း ဖြေလိုက်သည်။
“ကျို့ကျူက ငါတို့ရဲ့သမီးလေးပဲ။ သူ(မ)အမှားတစ်ခုခုလုပ်ခဲ့ရင်တောင် နန်းတော်က မမြင်ချင်ယောင်ဆောင်ပေးထားကြမှာပဲ။ စုကွေ့ဖေး သူ(မ)ကို သဘောမကျဘူးဆိုရင်လည်း သဘောမကျနဲ့ပေါ့။”
အမှန်တော့ ယင်းသို့ဖြစ်နေလျှင် အကောင်းဆုံးပင်။ နှစ်ဖက်လုံးက တစ်ဖက်နှင့်တစ်ဖက် သဘောမကျကြလျှင် မင်္ဂလာပွဲကိစ္စကို ပြန်ဆွေးနွေး၍ရပြီဖြစ်၏။
မင်ယွဲ့နန်းဆောင်တွင်မူ၊ နံ့သာထွန်းသည့်ခွက်ထဲမှ မီးခိုးငွေ့ဖျော့ဖျော့လေး ထွက်နေသည်။ စုကွေ့ဖေးက နူးညံ့အိစက်နေသည့် ထိုင်ခုံတစ်ခုံတွင် ပျင်းရိစွာ မှီထိုင်နေပြီး မျက်နှာအမူအရာက သဘာဝကျကျ မျက်နှာအမူအရာနှင့်ပင် တံခါးဝဘက်သို့ ငေးစိုက်ကြည့်နေပြီး အတွေးလွန်နေဟန်။
အပြင်ဘက်မှ ခြေသံကြားလိုက်သောအခါမှ သူ(မ)က မတ်မတ်ထိုင်လိုက်ပြီး လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ကို ညင်သာစွာ ထိလိုက်သည်။
“မယ်မယ်။ သခင်မလေးမင် ရောက်ပါပြီ။”
စုကွေ့ဖေးသည် နန်းဆောင်ထဲသို့ဝင်လာသည့် မိန်းမငယ်လေးအား မျက်လွှာပင့်ကာ မော့ကြည့်လိုက်ပြီးနောက် အကြည့်မလွှဲနိုင်ဖြစ်သွားရသည်။
ကမ္ဘာလောကတွင် ရှားပါးလှသော အလှနှစ်မျိုးရှိပေသည်.....တစ်ခုက ယောက်ျားများ၏ နူးညံ့သိမ်မွေ့မှုဖြစ်ပြီး နောက်တစ်ခုမှာ မိန်းကလေးများ၏ နွေးထွေးမှုပင်။
မင်ကျင်းကျိုးကဲ့သို့ မျက်နှာထားတင်းတင်း ခက်ထန်လှသော ပညာရှိတစ်ယောက်တွင် ယင်းသို့သောသမီးတစ်ယောက်ရှိနေမည်ဟု သူ(မ) မထင်မှတ်ထားခဲ့ပေ။
“ဒီငယ်သား စုကွေ့ဖေးကို အရိုအသေပြုပါတယ်။”
စုကွေ့ဖေးကို တွေ့ပြီးသောအခါ ကျို့ကျူ၏မျက်ဝန်းများက လခြမ်းကွေးလေးပမာ ကွေးညွတ်သွားတော့သည်။
သူ(မ) သည်မယ်မယ်ကို ယခင်က တွေ့ဖူးခဲ့ပေသည်။
“ယဉ်ကျေးနေစရာမလိုပါဘူးကွယ်။ ထိုင်ပါဦး။”
စုကွေ့ဖေးသည် အထိန်းတော်ကြီးအား ကျို့ကျူကို ထူပေးလိုက်ရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် ကျို့ကျူတစ်ယောက် ထိုင်ပြီးသည်နှင့် မေးလိုက်၏။
“မင်းငယ်ငယ်က ချူချာလို့ တာအိုဘုရားကျောင်းတစ်ခုမှာ ကြီးပြင်းခဲ့ရတယ်ဆို။ အခု မြို့တော်ကို ပြန်လာတော့ရော။ နေရထိုင်ရတာ အသားတကျဖြစ်ရဲ့လား။”
အနှီဖြစ်ရပ်သည် မင်မိသားစုက အပြင်လောကကြီးကို အသိပေးထားသည့် ဇာတ်ကြောင်းတစ်ခုဖြစ်ပြီး အမှန်တရားကိုမူ ဧကရာဇ်သာ သိပေသည်။ ယခင်က မင်ညီအစ်ကိုသုံးယောက်သည် ယခုဧကရာဇ်အတွက် ဝေးလံခေါင်ဖျားသော ဒေသထံသို့ ပြည်နှင်ဒဏ်ပေးခံခဲ့ရသည်။ သည်ကိစ္စအား တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခဲ့ပြီး ဧကရာဇ်နှင့် မင်မိသားစုသာ သိပေ၏။
“အစစအရာရာ အဆင်ပြေပါတယ်ရှင်။”
ကျို့ကျူသည် ခဏလောက် စဉ်းစားပြီးနောက် ဖြေလိုက်၏။
“မိဘတွေက ဒီငယ်သားကို ရတနာလေးတစ်ပါးလို ဆက်ဆံပြီး ဦးလေးတွေ အန်တီတွေကလည်း အမြဲတမ်း နွေးထွေးကြင်နာပေးကြပါတယ်....”
မြို့တော်သို့စရောက်စဉ်တည်းက အကြောင်းအရာများကို ပြောပြနေစဉ်တွင် သူ(မ)၏မျက်ဝန်လေးများ၌ ပျော်ရွှင်မှုများ ပြည့်နှက်နေလေ၏။
“ဒါပေမဲ့....”
သူ(မ)က အနည်းငယ် ဖျော့တော့သွားသော အမူအရာလေးနှင့်
“ဒီငယ်သားရဲ့ ဆရာနှစ်ယောက်ကိုတော့ သတိရမိပါတယ်။”
ကျို့ကျူမျက်ဝန်းထဲမှ အလင်းရောင်လေး မှိန်ဖျော့သွားသည်ကို တွေ့လိုက်ချိန်တွင် စုကွေ့ဖေးမှာ ယင်းဆရာနှစ်ယောက်ကို မြို့တော်သို့ မည်သို့ခေါ်ပေးရမည့်အကြောင်း မတွေးလိုက်မိဘဲ မနေနိုင်ခဲ့ပေ။ ထိုသနားစဖွယ်မိန်းကလေး၏ပုံစံက အလွန် အထီးကျန်ဆန်နေခဲ့သည်။
“မင်း သူတို့ကို သတိရရင် ဒီမယ်မယ်က သူ(မ)တို့ မြို့တော်ကိုလာဖို့ စီစဉ်ပေးနိုင်တယ်။”
“ကျေးဇူးတင်ပါတယ်၊ မယ်မယ်၊ ဒါပေမဲ့ သူ(မ)တို့က လင်းကျိုမှာပဲ နေချင်ကြတာပါ။”
တကယ်တော့ သူ(မ)၏ဆရာများက မြို့တော်သည် လူထူထပ်ပြီး ဆူညံလွန်းသောကြောင့် တရားကျင့်ကြံရန် မသင့်တော်ဟု ပြောခဲ့ခြင်းဖြစ်သည်။
ကျို့ကျူက သူ(မ)၏ဆရာသမားများမှ မြို့တော်က ဖုန်းရွှေမကောင်းဟု ပြောခဲ့သည့်အကြောင်း မပြောပြချင်၍သာဖြစ်သည်။ သူ(မ)ကဲ့သို့ ထက်မြက်လှသောမိန်းကလေးက ဘယ်စကားကို ပြောရမည်၊ ဘယ်စကားကို မပြောသင့် စသည်ဖြင့် နားလည်သည်။
“ဒီငယ်သားရဲ့ ဆရာသမားတွေက သဘာဝတရားနဲ့ ကျင့်ကြံနေထိုင်ကြသူတွေပါ။ သူ(မ)တို့ကို ဖိအားမပေးချင်ပါဘူး။”
“လင်းကျို.....”
စုကွေ့ဖေးသည် လွန်ခဲ့သောသုံးနှစ်က ဧကရာဇ်နှင့်အတူ လိုက်ပါသွားခဲ့သည့်အကြောင်းကို ပြန်တွေးလိုက်မိသည်။ ရှုခင်းများကလည်း အလွန်မျက်စိပသာဒဖြစ်လှပြီး မနက်ခင်းတွင် မြစ်ပြင်၌ နှင်းများဝေ့ဝဲနေတတ်၏။
“လင်းကျိုက တကယ်ကို သဘောကျစရာ နေရာတစ်ခုပဲ။”
“မယ်မယ်။”
ကျို့ကျူသည် စိတ်ဝင်တစားနှင့် မေးလိုက်သည်။
“မယ်မယ့်မှာ ပန်းချီကာကောင်းတစ်ချပ်ရှိတယ်လို့ ဒီငယ်သား ကြားခဲ့ပါတယ်။ ဒီငယ်သား ကြည့်ခွင့်ရှိမလား။”
အမှန်တကယ် တန်းဖိုးကြီးလှသော ပန်းချီကားတစ်ချပ်ကို တစ်ခါမှ မမြင်ဖူးခဲ့၍ ကျို့ကျူ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
စုကွေ့ဖေးသည် လက်ဖက်ရည်သောက်နေရင်း လက်ပင်တန့်သွားခဲ့ရသည်။ ပန်းချီကားကြည့်ရန်ဖိတ်ခြင်းသည် ကျို့ကျူကို နန်းတော်သို့ခေါ်ရန် ရမယ်ရှာခြင်းသာဖြစ်သည်။ ဘာလို့များ အလေးအနက်ကြီး မှတ်ယူနေရတာလဲ။
စုကွေ့ဖေးတစ်ယောက် စာပေနှင့်အနုပညာများကို စိတ်မဝင်စားကြောင်း နန်းတော်ရှိ ဂုဏ်သရေရှိ အမျိုးသမီးတိုင်း သိကြပေသည်။
သို့သော်ငြား ကျို့ကျူ၏ တောင့်တနေဟန် မျက်ဝန်းလေးများကို တွေ့သောအခါတွင်တော့ စုကွေ့ဖေးသည် သူ(မ)ကို ခစားသည့် အစေခံဘက်သို့လှည့်လိုက်ကာ
“ဒီမယ်မယ် သီးသန့်စုဆောင်းထားတာတွေထဲက ပန်းချီကားတစ်ချပ် ယူလာခဲ့ချေ။”
အမွှေးတိုင်နှစ်တိုင်ထွန်းစာအချိန်လောက် ကြာပြီးသောအခါတွင်တော့ အစေခံသည် ပန်းချီကားလိပ်တစ်လိပ်ကိုသယ်ကာ ပြန်ရောက်လာပြီး ဂရုတစိုက်နှင့် ကျို့ကျူအရှေ့တွင် ဖြန့်ခင်းပေးလိုက်လေသည်။
ကျို့ကျူသည် ပန်းချီကားကို အာရုံစိုက်ကြည့်နေပြီး အံ့ဩဖွယ် လက်ရာမြောက်လက်ရာတစ်ခုကို နားလည်ခံစားနိုင်ရန် ကြိုစားနေတော့သည်။
သည်လိုအရာမျိုး ရှိသေးတာလား။
ဆောင်းဥတု၏အအေးဆုံးသောအချိန်မှာ ဆီးပန်းပွင့်တွေ ပွင့်နေတာကတော့ ဟုတ်ပါပြီ၊ သို့သော် ဘာလို့များ လိပ်ပြာတွေ ပျံနေတာလဲ။
ပြီးတော့ ဘာလို့များ ကြောင်တစ်ကောင်က နှင်းထဲမှာ အိပ်နေတာလဲ။ ကြောင်က မအေးနေဘူးလား။
သို့သော် သည်ပန်းချီကားသည် နာမည်ကြီးပန်ချီကားဖြစ်ပေ၏။ ထို့ကြောင့် မမှားယွင်းနိုင်ပေ။ အမှားက သူ(မ)၏နားလည်နိုင်စွမ်း နိမ့်ပါးနေမှုပင် ဖြစ်မည်။
ကျို့ကျူက ပန်းချီကားကို ကြည့်ပြီးနောက် အနုပညာလက်ရာကို ရှုစားနေသည့် စုကွေ့ဖေးထံသို့ တစ်ချက်ခိုးကြည့်လိုက်လေသည်။ ထို့နောက် သူ(မ)သည် ဤကဲ့သို့လှပကြော့ရှင်းနေသော အမျိုးသမီးကြီး၏ရှေ့မှောက်တွင် အရှက်မရစေရန် မည်သို့မှတ်ချက်ပြုသင့်ကြောင်း စဉ်းစားနေမိ၏။
“ဒီကြောင်လေးက တော်တော်ချစ်ဖို့ကောင်းတယ်နော်။ အရမ်း အသက်ဝင်လွန်းပါတယ်။”
ကျို့ကျူ ပြောလိုက်သည်။
“ဟုတ်တယ်မလား။”
စုကွေ့ဖေးက အနားသို့ပိုတိုးကပ်လာကာ
“မျက်လုံးလေးတွေက ဝိုင်းစက်နေတာပဲ။”
အထိန်းတော်ကြီးက အနားသို့ကပ်ကာ အနီးကပ်ကြည့်လိုက်သည်။ ဝိုင်းဝိုင်းအစက်လေးနှစ်စက်က မျက်လုံးများမဟုတ်ပါပေ.....ကြောင်မျက်နှာမှ အမွေးအစုလေးများသာ ဖြစ်ပေ၏။
“ဆီးပန်းပွင့်လေးတွေကလည်း တော်လိုက်တာ။ ဒီလို အေးစက်နေတဲ့ရာသီဥတုမှာတောင် လိပ်ပြာလေးတွေကို ဆွဲဆောင်နိုင်တုန်းပဲ။ ပန်းချီဆရာက တော်တော်လေး ပြောင်မြောက်အောင် ဆွဲတတ်တာပဲ။”
“အဟုတ်ပဲ။”
စုကွေ့ဖေးက ထောက်ခံလိုက်သည်။
“ဆီးပန်းပွင့်အောက်က ဝါးပင်ပေါက်လေးတွေကိုလည်း ကောင်းကောင်းဆွဲထားတာပဲနော်။ နူးညံ့လတ်ဆတ်နေတဲ့ ပုံစံမျိုး။ တော်တော်လေး အရသာရှိမှာပဲ။”
“ပြီးတော့ နှင်းပွင့်လေးတွေရော။”
စုကွေ့ဖေး၏ ထောက်ခံမှုကြောင့် အားတက်သွားကာ ကျို့ကျူက ထပ်ပြောလိုက်၏။ ရုတ်တရက် သည်အရာမှာ လူအများပြောကြသည့် ပင်ကိုပါရမီဟူသည်ပင် ဖြစ်မည်ဟု သူ(မ) နားလည်လိုက်သည်။ သူ(မ)က ပန်းချီနှင့်ပတ်သက်၍ ဘာမျှမယ်မယ်ရရ မသိပါသော်လည်း အနှစ်သာရကို ဖမ်းဆုပ်နိုင်ခဲ့သည်လေ။
ယင်းက မည်သို့သော အဓိပ္ပာယ်ဖြစ်မည်နည်း။
ယင်းသည် သူ(မ)က ပန်းချီနယ်ပယ်တွင် ပါရမီရှင်ဟူသည့် သဘောပင်။
***
Aurora Novel Translation Team