အပိုင်း ၇
“ညီမလေး ဒီလမ်းမှာက ပါးနီဆိုင်တွေနဲ့ ကျောက်စိမ်းဆိုင်တွေ အများကြီးပဲ။ မိန်းကလေးတွေက အားလပ်တဲ့အခါတိုင်း ဒီကို မကြာခဏလာလေ့ရှိကြတယ်။”
မင်ချွင်းဖုက ကျို့ကျူတစ်ယောက် အပြင်မှမြင်ကွင်းများကို သေသေချာချာမြင်ရစေရန် လိုက်ကာစကို ဟပေးလိုက်သည်။
ကျို့ကျူ ခေါင်းလေးပြူကြည့်လိုက်ရာ မိန်းမငယ်လေးများက အတူတကွ လမ်းလျှောက်နေကြကာ ရံဖန်ရံခါဆိုသလို တီးတိုးပြောဆိုလိုက်ကြ ရယ်မောလိုက်ကြ လုပ်နေကြသည်ကို တွေ့လိုက်ရသည်။ သူ(မ)တို့၏ဆံကေသာထက်မှ ပုလဲဖြင့်ပြုလုပ်ထားသည့် အဆင်တန်ဆာလေးများကလည်း လှုပ်ရှားလိုက်တိုင်း ညင်သာစွာ ယိမ်းနွဲ့လှုပ်ယမ်းနေကြ၏။
ပညာတတ်ဆန်ဆန် သပ်ရပ်စွာဝတ်စားထားသော အမျိုးသားများကလည်း အဝေးမှလာနေသော မိန်းမပျိုများထံသို့ ယဉ်ကျေးသိမ်မွေ့စွာဖြင့် ဦးညွတ်နှုတ်ဆက်နေကြသည်။
ရထားလုံးများနှင့် ဝေါယာဉ်များလည်း ဖြတ်သန်းသွားလာနေပြီး အတူလိုက်ပါလာကြသော အစေခံများသည်လည်း တိတ်ဆိတ်စွာဖြင့်သာ ခေါင်းငုံ့ထားကြပြီး မောက်မာဝင့်ကြွားနေဟန်မျိုး အလျဥ်းမရှိကြ။
လမ်းပေါ်တွင်မူ သပ်ရပ်စွာဝတ်ဆင်ထားသော ရဲမက်များက ဓားကို ခါးတွင်ချိတ်လျက် ကင်းလှည့်နေကြသည်။ သူတို့သည် အသိအကျွမ်းများနှင့် တွေ့သောအခါ အချင်းချင်းစကားအနည်းငယ်ပြောကြရင်း လဲကျသွားသောကလေးတစ်ယောက်ကို ကောက်ချီပေးလိုက်သည်။ ကလေးက ငိုတော့မည်ဟန်ပြင်နေသော်လည်း ရဲမက်၏ခါးမှ ဓားကိုတွေ့သွားအခါတွင်တော့ မျက်ရည်များ ပြန်ဝင်သွားကာ ညစ်ညစ်ပတ်ပတ်လက်ကလေးက လှမ်းလာပြီး တွန့်ဆုတ်စွာဖြင့် ဓားရိုးကို ကိုင်ကြည့်ရန်လုပ်နေသည်။
ရဲမက်က ကလေး၏စပ်စုချင်စိတ်ကို မသိချင်ယောင်ဆောင်ထားလိုက်ကာ ကလေးကို မိဘများထံသို့ ပြန်ပေးလိုက်ပြီးနောက် လူအုပ်ကြားထဲသို့ ပျောက်ကွယ်သွားလေသည်။
“အစ်ကိုတို့ ပါးနီဆိုင်ကို ရောက်ပြီ။
ကျို့ကျူက အတွေးလွန်နေရာမှ အသိစိတ်ပြန်ဝင်လာကာ
“ရောက်ပြီလား။”
“ဟုတ်ပ။”
မင်ချွင်းဖုက ရထားလုံးပေါ်မှ ဆင်းလိုက်ပြီး ကျို့ကျူထံသို့ လက်ကမ်းပေးလိုက်သည်။
“လာ။ ဆင်းလိုက်။”
ကျို့ကျူ ရထားလုံးပေါ်မှ ငုံ့ဆင်းလိုက်ချိန်တွင် မြင်းခွာသံကြာလိုက်ရသည်။
သူ(မ) ခေါင်းလှည့်ကြည့်လိုက်ရာ ခရမ်းရောင်ဝတ်စုံဝတ်ထားသည့် ချောမောခံ့ညားသောအမျိုးသားတစ်ယောက်က ငွားငွားစွင့်စွင့် မြင်းဖြူကြီးတစ်ကောင်ကို စီးနင်းလာကြောင်း တွေ့လိုက်ရ၏။ ထိုသူ၏ ခရမ်းရောင်ဝတ်စုံက လေထဲတွင် တဖျပ်ဖျပ်လှပ်နေခဲ့ပြီး သူသည် တိတ်ဆိတ်နေသော လမ်းမထက်တွင် သိသာထင်ရှားသော ကွဲပြားမှုတစ်ခုပမာဖြစ်နေသည်။
မြင်းက ဖြည်းညင်းစွာ သွားနေခဲ့ပြီး လူငယ်လေး၏ကိုယ်ဟန်မှာ ကမ္ဘာလောကကြီးတွင် မည်သူ့အရာကမှ သူ့အာရုံကိုမဖမ်းစားနိုင်သည့်နှယ် ပေါ့ပါးနေခဲ့သည်။
“ညီမလေး၊ ဘာကြည့်နေတာလဲ။”
မင်ချွင်းဖုက ကျို့ကျူကြည့်ရာနေရာသို့ ကြည့်လိုက်ရာ အင်္ကျီဆိုင်တစ်ဆိုင်ကို တွေ့လိုက်သည်။
“ညီမလေး ကြိုက်တာတစ်ခုခု တွေ့လို့လား။”
မြင်းဖြူစီးထားသည့် လူငယ်လေးက အနားမှ လမ်းသွယ်လေးထဲသို့ ကွေ့ဝင်သွားခဲ့ပြီဖြစ်သည်။ ကျို့ကျူ အကြည့်လွှဲလိုက်ကာ
“အစ်ကို၊ ညီမလေးက ရှုခင်းကြည့်နေတာပါ။”
“ရှုခင်း။”
မင်ချွင်းဖုသည် ခဏတာလောက် နားမလည်နိုင်ဖြစ်နေခဲ့ပြီးနောက် သနားစိတ်လေးဝင်သွားရသည်။ သူ၏ဝမ်းကွဲညီမလေးခမျာ တောရွာလေးတွင် ကြီးပြင်းခဲ့ရ၍ မြို့တော်မှ သာမန်လမ်းမတစ်ခုကပင် သူ(မ)အတွက် ရှုခင်းတစ်ခုနှယ် ဖြစ်နေရှာသည်။
သူသည် ခါးတွင်ချိတ်ထားသည့် ငွေအိတ်ကို ကိုင်ကြည့်လိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်သည်။
“လာ။ အထည်တချို့ သွားရွေးရအောင်။ ညီမလေး ကြိုက်တာဝယ်။”
သူ၏မိသားစုက စည်းကမ်းတင်းကျပ်ပြီး တစ်လတာအသုံးစရိတ်ကိုလည်း ဘယ်သောအခါကမှ ရက်ရက်ရောရော ခွင့်ပြုပေးထားသည်မဟုတ်ချေ။ သို့သော် ကျို့ကျူက သူ၏တစ်ဦးတည်းသောဝမ်းကွဲညီမလေးဖြစ်၍ အစ်ကိုကြီးတစ်ယောက်အနည်းဖြင့် နည်းနည်းလောက် ရက်ရောရန်သာ ဆုံးဖြတ်လိုက်တော့သည်။
“ဟုတ်။”
ကျို့ကျူ ခေါင်းလေးညိတ်ပြလိုက်ကာ ရထားပေါ်မှ ခုန်ဆင်းလိုက်၏။
မင်ချွင်းဖုမှာ သူ၏လက်ဗလာကို ကြည့်လိုက်၊ ပါးနီဆိုင်ဆီသို့ သွက်လက်တက်ကြွစွာ လျှောက်သွားပြီဖြစ်သော သူ၏ဝမ်းကွဲညီမလေးကို ကြည့်လိုက် လုပ်နေခဲ့ပြီးမှ ပတ်ဝန်းကျင်သို့ မသိမသာ ကြည့်လိုက်မိကာ သက်ပြင်းသာချလိုက်မိတော့သည်။
ဘယ်သူမှမမြင်ဘူးဆိုရင်တော့၊ မသင့်တော်ဘူးလို့ ပြောလို့မရပါဘူးလေ။
မောင်နှမနှစ်ယောက် ပါးနီဆိုင်ထဲသို့ဝင်လိုက်သည်နှင့် လူတစ်ယောက်က မင်ချွင်းဖုအနားသို့ ရောက်လာသည်။
“မင်ရှုန်း။”
(*ရှုန်း - ညီအစ်ကို)
ကျိုးရှုချန်းသည် မင်ချွင်းဖုအား မိန်းမငယ်လေးတစ်ယောက်နှင့် ပထမဆုံးအချိန် အတူတွဲ၍ မြင်ဖူးခြင်းဖြစ်ရာ ခပ်သာသာ ဦးညွတ်ပြပြီးသည်နှင့်
“ဒီနေ့ လင်းရှုန်းက သူ့ရဲ့စံအိမ်တော်မှာ ပွဲတော်ကျင်းပနေတယ်လေ မင်ရှုန်း။ ဘာလို့ မတက်ရောက်တာလဲ။”
“ကျိုးရှုန်း။”
မင်ချွင်းဖုလည်း ပြန်နှုတ်ဆက်လိုက်သည်။
“အခုတလော မိသားစုကိစ္စလေး အလုပ်များနေတာနဲ့ သိပ်မအားလပ်ဘူးဖြစ်နေတာ။ လင်းရှုန်းကို ကျွန်တော်က တောင်းပန်တယ်လို့ ပြောပေးပါဦး။”
ကျိုးရှုချန်းသည် ခဏလောက် တွေးနေခဲ့ပြီးနောက် သဘောပေါက်သွားလေပြီ။ မင်ချွင်းဖု၏အဖေက ယခုတလောလေးတွင်မှ နန်းတော်၏တာဝန်ပေးမှုကြောင့် တောင်ဘက်ပိုင်းသို့ စေလွှတ်ခံခဲ့ရပြီး၊ မင်ချွင်းဖု၏မိသားစုက သူ၏စာပေလေ့လာရေးအတွက် စိတ်ပူကာ မင်ကျင်းကျိုးထံ၌ ဂရုစိုက်ပေးပါရန် အပ်နှံခဲ့ခြင်းဖြစ်မည်။
မင်ကျင်းကျိုး၏သမီးဖြစ်သူ၏ ချန်းဝမ်နှင့် လက်ဆက်မည့်သတင်းကလည်း တော်တော်လေး ပြန့်နှံ့နေခဲ့ပြီဖြစ်ရာ မင်ချွင်းဖုတစ်ယောက် သည်ရက်ထဲတွင် သိုသိုသိပ်သိပ်နေ’နေသည်က အံ့ဩစရာတော့လည်း မဟုတ်ပေ။
“ပြီးတော့ ဒီကမိန်းမငယ်လေးက…..”
“ဒါက ကျွန်တော့်ရဲ့ဝမ်းကွဲညီမလေးပါ။”
မင်ချွင်းဖုက ပြုံးလိုက်ကာ
“သူ(မ)က မြို့တော်ကို ပြန်လာကာစဆိုတော့ အစ်ကိုတစ်ယောက်အနေနဲ့ သူ(မ)နဲ့ အချိန်ဖြုန်းပေးရမှာပေါ့ဗျာ။”
ကျိုးရှုချန်းက ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြလိုက်ပြီး ကျို့ကျူထံသို့ ဦးညွတ်လိုက်ကာ
“သခင်မလေးမင်နဲ့ ဆုံတွေ့ရတာဝမ်းမြောက်မိပါတယ်။”
မင်ညီအစ်ကိုသုံးယောက်၏ သွေးစည်းမှုကို လူတိုင်း သိကြသည်။ မကောင်းသည့်သူများထံမှ အစ်ကိုအကြီးဆုံးဖြစ်သူ ချောက်ချခံရစဉ်ကမူ ကျန်နှစ်ယောက်သည် အကျဉ်းကျခံရနိုင်သည်ကိုပင် အရဲစွန့်ကာ အစ်ကိုဖြစ်သူဘက်မှ ရပ်တည်ပေးခဲ့ကြသည်။
သေရေးရှင်ရေးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် ညီအစ်ကိုအချင်းချင်းကြားမှ သစ္စာတရားကို မြဲမြံစွာ ထိန်းသိမ်းထားခဲ့ကြပြီး သည်လုပ်ရပ်သည်ပင် တခြားသောမိသားစုများနှင့် ကွဲပြားနေသော အရည်အသွေးဖြစ်ပေ၏။
ကံဆိုးစွာဖြင့် သူတို့၏နောက်မျိုးဆက်ဖြစ်သည့် တစ်ဦးတည်းသောသမီးလေးသည်တော့ ချန်းဝမ်နှင့် လက်ဆက်ရပေတော့မည်။
ကျို့ကျူသည် ကျိုးရှုချန်း သူ(မ)ကို ကြည့်သည့်အကြည့်က ထူးဆန်းနေသယောင် ခံစားနေရ၏။ သူ(မ)က မြားထိထားသည့်ယုန်ကလေးတစ်ကောင်ပမာ၊ အရေကိုခွာ၍ အကင်ခံရတော့မည့်အတိုင်းပင်။
“ဧည့်သည်တော်တွေကို၊ ဂရုစိုက်လိုက်ဦး။”
ရုတ်ရုတ်သဲသဲအသံကြားလိုက်ရ၍ ကျို့ကျူ မော့ကြည့်လိုက်ရာ အပေါ်ထပ်မှဆင်းလာသည့် မိန်းကလေးတစ်ယောက်နှင့် အကြည့်ချင်းဆုံသွားခဲ့သည်။
မိန်းကလေးသည် ခဏလောက် တန့်သွားပြီးနောက် ကျို့ကျူက သူ(မ)ထံသို့ ပြုံးပြလာသည်ကို မြင်လိုက်ရသောအခါ နှုတ်ခမ်းလေးများကို အနည်းငယ်ကွေးညွတ်ကာ ပြန်ပြုံးပြလိုက်၏။
“အစ်ကို၊ ကျွန်မရဲ့ပစ္စည်းတွေကို ရွေးပြီးပါပြီ”
မိန်းကလေးသည် ကျိုးရှုချန်းဆီသို့ လျှောက်လာပြီး မင်မောင်နှမထံသို့ ခေါင်းလေးငုံ့ကာ ဦးညွတ်လိုက်ပြီး
“သခင်လေးမင်၊ သခင်မလေးမင်။”
လာပြန်ပြီ…..ဒီအကြည့်၊ သူ(မ)က ကင်ဖို့ပြင်ထားတဲ့ ယုန်တစ်ကောင်ပမာ ကြည့်နေသည့်အကြည့်။
ကျိုးမောင်နှမ ထွက်သွားသောအခါမှ ကျို့ကျူက မင်ချွင်းဖုကို တိုးတိုးလေး ပြောလိုက်လေသည်။
“အစ်ကို။ ညီမလေးက ဆင်းရဲခဲ့တယ်ဆိုတာကို တစ်မြို့တော်လုံးက သိတာလား။”
မဟုတ်ရင်၊ ဘာလို့များ လူတိုင်းက သူ(မ)ကို အဲလိုအကြည့်နဲ့ ကြည့်နေကြမှာလဲ။
မင်ချွင်းဖု : “…….”
မဟုတ်ဘူး၊ မင်းက ပုံမှန်မဟုတ်တဲ့ လူတစ်ယောက်နဲ့ လက်ထပ်ရတော့မှာမို့လို့……. သနားနေကြတာ။
“ဟူး။”
ကျို့ကျူ သက်ပြင်းချလိုက်သည်။
သူ(မ)သာ မြို့တော်က သည်လိုစိတ်နှလုံးကောင်းမွန်သူများနှင့် စောစောတွေ့ဆုံခဲ့မည်ဆိုလျှင် သူ(မ)တို့၏ ဘုရားကျောင်းကို လှူဒါန်းလိုစိတ်ဖြစ်ခဲ့ကြမည်မှာ အသေအချာပင်။
နောက်ဆုံးရောက်ထားသည့်ပါးနီများထဲမှ ဘူးတချို့ရွေးပြီးသောအခါတွင်တော့ ကျို့ကျူသည် မင်ချွင်းဖုနှင့်အတူ အင်္ကျီဆိုင်သို့ လိုက်လာတော့သည်။
မြို့တော်သည် လွန်စွာချမ်းသာကြွယ်ဝသော နေရာတစ်ခုဖြစ်ပြီး အဝတ်အထည်အတွက် အသုံးပြုသည့် ပိတ်စများကလည်း လက်ရာမြောက်လှပလှပေသည်။ ဆိုင်ထဲတွင် အမျိုးသမီးဈေးဝယ်သူများနှင့်သာ ပြည့်နေ၍ မင်ချွင်းဖုလည်း လက်ဖက်ရည်သောက်ရန် ပြန်ထွက်လာလိုက်ပြီး ကျို့ကျူ အဝတ်များစမ်းဝတ်နေသည်ကိုတော့ သူ(မ)၏အစေခံ ချွမ်းဖန်ကိုသာ အဖော်ပြုခိုင်းထားလိုက်တော့သည်။
မျိုးရိုးမြင့်များ လာတတ်သည့် အဝတ်အထည်ဆိုင်များတွင် အမျိုးသားဧည့်သည်များ နားနေရန်အတွက် နေရာ ရှိလေ့ရှိသည်။ အမျိုးသမီးများ စိတ်အေးလက်အေး ဈေးဝယ်နေစဉ်တွင် အမျိုးသားများ စိတ်ရှည်စွာ ထိုင်စောင့်နိုင်ရန်ဖြစ်၏။
“သခင်မလေးက ချစ်စရာလေးပဲ။ ဘာလေးဝတ်ဝတ် ကြည့်ကောင်းနေတာ။”
ဆိုင်မှ အလုပ်သမလေးမှာ ချီးကျူးမဆုံးဖြစ်နေပြီး ကျို့ကျူ ဝတ်စုံတစ်ထည်ဝတ်လိုက်သည်နှင့် တစ်မျိုးတစ်မည် ရှာဖွေကာ ချီးကျူးနေတော့၏။
“ဒီဝတ်စုံကို နောက်ဆုံးထွက်ထားတဲ့ ဆံထိုးနဲ့ တွဲဝတ်လိုက်ရင် သခင်မလေးကို လစန္ဒာကနေ ဆင်းသက်လာတဲ့ လနတ်သမီးလေးလို လှသွားစေမှာပဲ။”
ထို့နောက် အလုပ်သမလေးက ကျို့ကျူ၏စကတ်ကို ပြင်ပေးလိုက်ပြီး
“ကျွန်မတို့ဆိုင်က တတိယထပ်မှာဆိုရင်လည်း ကျောက်မျက်ရတနာတွေနဲ့ ကျောက်စိမ်းအဆင်တန်ဆာတွေ ရှိပါသေးတယ်။ တစ်ချက်လောက် ကြည့်ချင်လား။”
“သခင်မလေး၊ ဒီနေ့က ဆဠမသခင်လေး ဝယ်ပေးမှာဆိုတော့ အကြိုက်သာဝယ်ပစ်လိုက်။”
ချွမ်းဖန်က အပြုံးလေးတစ်ပွင့်ဖြင့် ကျို့ကျူ၏နား’နားလေးသို့ ကပ်ကာ တိုးဖွဖွလေး ပြောလိုက်သည်။
“တတိယသခင်လေး မြို့တော်မှာ ရှိတုန်းက ဆဠမသခင်လေးက သူ့ကိုပဲ အမြဲတမ်း ပေးချေခိုင်းခဲ့တာ။ သခင်မလေး၊ တတိယသခင်လေး ကုန်ရကျိုးနပ်အောင် ကူညီပေးသင့်တယ်နော်။”
မင်ချွင်းဖုတို့မျိုးဆက်တွင် မောင်နှမများ၏ အဆင့်ကို မွေးဖွားသည့်အစဉ်လိုက်အတိုင်းသာ သတ်မှတ်လေ၏။ ထို့ကြောင့် မင်ချွင်းဖုက ဆဠမသခင်လေးဖြစ်ပြီး၊ ကျို့ကျူ၏ အစ်ကိုအရင်းဖြစ်သူကတော့ တတိယသခင်လေးဖြစ်သည်။ ကျို့ကျူအနေဖြင့် အစ်ကိုဖြစ်သူကို တစ်ခါမှမမြင်ဖူးခဲ့ဘူးဆိုသော်ငြား မိဘများထံမှတော့ ထိုသူ၏အကြောင်းများ များစွာကြားသိထားရ၏။
“ဒါက နည်းနည်းများ လွန်မနေဘူးလား။”
ကျို့ကျူတစ်ယောက် ထိုသို့ပြောနေသော်ငြား ခြေထောက်များကတော့ လှေကားဆီသို့ ဦးတည်နေခဲ့လေပြီ။
အစ်ကိုဖြစ်သူ၏ငွေကို သုံးရ၍ အမှန်တကယ် အပြစ်ရှိစိတ်ဝင်သည့်ညီမဟူသည် အနည်းငယ်သာ ရှိပေ၏။
ဆိုင်မှ အလုပ်သမလေး၏အပြုံးမှာတော့ ပို၍ပင် တောက်ပသွားတော့သည်။ ဘယ်အလုပ်သမားကများ ဝယ်သူ ပစ္စည်းပိုဝယ်သည်ကို မကျေမနပ် ဖြစ်မည်တဲ့လဲ။
***
Aurora Novel Translation Team