အပိုင်း ၅
ဧကရာဇ်တစ်ပါးဖြစ်သည့်အလျောက် မင်ကျင်းကျိုးတစ်ယောက် သူ၏သမီးကို တော်ဝင်မိသားစုနှင့် လက်မဆက်ပေးလိုကြောင်း ဧကရာဇ်လုံဖန်း ကောင်းစွာသိသည်။ သိုသော် မင်မိသားစု၏သမီးကသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်နေပေ၏။
မင်ညီအစ်ကိုသုံးယောက်လုံးသည် ဖြောင့်မတ်မှန်ကန်သော မင်းမှုထမ်းများဖြစ်ကြပြီး နန်းတော်နှင့် ပြည်သူများအပေါ်တွင်လည်း သစ္စာရှိကြပေသည်။ ထို့ကြောင့် သူတို့၏မိသားစုနှင့် လက်ဆက်ခြင်းကသာ ချန်းဝမ်အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပေ၏။
ယခင်ကမူ၊ ထိုညီအစ်ကိုသုံးယောက်လုံးတွင် သားများသာရှိ၍ မိသားစုချင်း အမျိုးအဆွေများ ဖြစ်မလာနိုင်ခြင်းကို အမြဲလိုလို စိတ်မကောင်းဖြစ်ခဲ့ရသည်။ ယခုတော့ တတိယညီ၏သမီးကို ရှာတွေ့ခဲ့ပြီဖြစ်၍ သည်အချိန်ကသာ အကောင်းဆုံးအချိန်အခါပင်။
စိတ်ဓာတ်မခိုင်မာသောသူသည် ဘယ်သောအခါမှ ဧကရာဇ်တစ်ပါးဖြစ်လာမည်မဟုတ်ပေ။
ခဏလောက်စဉ်းစားနေပြီးနောက်တွင်တော့ ဧကရာဇ်လုံဖန်းသည် နန်းတွင်းအစေခံများကို မင်ယွဲ့နန်းဆောင်သို့ လက်ရေးလှများနှင့် ပန်းချီကားလိပ်များ သွားပို့ခိုင်းလိုက်သည်။ သူ၏ချစ်လှစွာသောကွေ့ဖေးက သည်လိုစိတ်ဝင်စားဟန်မျိုး ပြသခဲသည်ကြောင့် သူ့အနေဖြင့် ပံ့ပိုးပေးချင်မိသည်။
စိတ်ပျက်လက်ပျက် ထွက်ခွာသွားသော မင်ကျင်းကျိုးနှင့်ယှဉ်လျှင် ကျို့ကျူကတော့ မင်ယွဲ့နန်းဆောင်တွင် ပျော်ရွှင်ဖွယ်အချိန်အခါသမယလေး ဖြစ်နေလေ၏။ သူ(မ)သည် စုကွေ့ဖေးနှင့်အတူ ပန်ချီကားများ ရှုစားပေးခဲ့ပြီးနောက်တွင် စားသောက်ရန်ပါ ဖိတ်ကြားခံခဲ့ရသည်။
အစားအသောက်များမှာ အလွန် အရသာရှိလှပြီး သူ(မ)ကို ခစားသည့်အစေခံများကလည်း အလွန် ဂရုစိုက်ပေးကြလေသည်။ စားပြီသောအခါ ကျို့ကျူတစ်ယောက် အလွန်ကို ကျေနပ်ပျော်ရွှင်နေတော့၏။
စုကွေ့ဖေးသည် စားပွဲထက်မှ ကုန်စင်သွားသောပန်းကန်များကို တစ်ချက်ကြည့်လိုက်ပြီး အစေခံများကို ရှင်းရန် လက်ဟန်ပြလိုက်လေသည်။
သည်သေးသေးသွယ်သွယ်မိန်းမငယ်လေးက ကောင်းကောင်းတော့ စားနိုင်သည်ပင်။
“မယ်မယ်၊ ဧကရာဇ်က တန်ဖိုးကြီးပန်ချီကားတွေ ပို့ဆောင်လိုက်ပါတယ်။”
အထိန်းတော်တစ်ယောက်က စုကွေ့ဖေးအနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်လေသည်။
“ကျွန်တော်မျိုးမ သခင်မလေးမင်ကို ပြလိုက်ရမလား။”
စုကွေ့ဖေးသည် ဖွဖွလေး ချောင်းဟန့်လိုက်ကာ ပါးစပ်နှင့်လက်ကို ဆေးကြောနေသည့် ကျို့ကျူထံသို့ တစ်ချက်ကြည့်လိုက်ပြီး
“နောက်တစ်ခေါက်မှပေါ့။”
သူ(မ)က ညင်သာစွာ ပြောလိုက်လေ၏။
စုကွေ့ဖေးနှင့် အမျိုးသမီးအမှုထမ်းတို့ တိုးတိုးလေး ပြောနေကြသည်ကို တွေ့လိုက်သောအခါ ကျို့ကျူသည် ဆွေးနွေးစရာရှိနေသည်ဖြစ်မည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် လက်ကိုခြောက်အောင်သုတ်ပြီးသည်နှင့် မတ်တတ်ထရပ်ကာ အရိုအသေပြုလိုက်ပြီး
“ညနေ နေဆောင်းခါနီးပြီဆိုတော့ မယ်မယ် အနားယူတော်မူပါ။ ဒီငယ်သား နောက်လည်း မယ်မယ့်ဆီ လာခဲ့ပါမယ်။”
စုကွေ့ဖေးက ပြုံးလိုက်ကာ
“မင်းကို မတားတော့ပါဘူး၊ ဒါပေမဲ့ ဒါက ဒီကွေ့ဖေးတို့ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုဆိုတော့ လက်ဗလာချည်းတော့ ပြန်ခွင့်မပြုနိုင်ဘူး။”
ထိုသို့ပြောပြီးသည်နှင့် စုကွေ့ဖေးသည် အစေခံများအား ကြိုတင်ပြင်ဆင်ထားခဲ့သော လက်ဆောင်များ ယူဆောင်လာရန် စေခိုင်းလိုက်လေသည်။
ရွှေ၊ ကျောက်စိမ်း၊ မြ၊ ပိုးသား၊ ဖဲသား......စသည်ဖြင့် အစေခံများသည် ပြည့်လျှံနေသောဗန်းပေါင်း ဆယ်ချီကို သယ်ဆောင်လာကြလေ၏။
ကျို့ကျူခမျာ ဗန်းများပေါ်မှ တလဲ့လဲ့ဖြာနေသော ကျောက်မျက်ရတနာများကြောင့် ခဏတာလောက် အသက်ရှူမှားကာ ရင်ဘတ်ပင်ဖိထားလိုက်ရသည်။
သူ(မ)၏ဆရာများနှင့်အတူ ဆယ်စုနှစ်တစ်ခုလောက် ချို့ချို့တဲ့တဲ့နေခဲ့ရရှာသောကြောင့် သူ(မ)သည် တောက်တောက်ပပ လက်ဝတ်ရတနာများထံမှ ဆွဲဆောင်ခံလိုက်ရလေပြီ။ မျက်ဝန်းများက ထိုနေရာဆီသို့သာ ရောက်နေလေ၏။
“ဒါက မိန်းမငယ်လေးတွေကြိုက်တဲ့ အရာတွေပဲ။ ဒါတွေယူသွားပြီး ပျော်သလိုသုံး။”
စုကွေ့ဖေးသည် ကျို့ကျူ၏ အံ့ဩနေဟန်အမူအရာလေးကို တွေ့၍ ပြောလိုက်ပြန်၏။
“သဘောကျရဲ့လား။”
“သဘောကျပါတယ် မယ်မယ်။”
ကျို့ကျူက ရိုးသားစွာ ပြန်ဖြေလိုက်သည်။ ဘယ်မိန်းမငယ်လေးကများ သည်လိုတလဲ့လဲ့လက်နေသော လှလှပပ ပစ္စည်လေးများကို မကြိုက်အံ့။
“ကြိုက်တယ်ဆိုရင် ဒီကွေ့ဖေး ကျေနပ်ပါပြီ။”
စုကွေ့ဖေးက သူ(မ)၏တုံ့ပြန်ပုံကို နှစ်ခြိုက်နေဟန်မှာ သိသာစွာဖြင့် ပြောလာသည်။ ထို့နောက် စုကွေ့ဖေးသည် သူ(မ)၏အယုံကြည်ရဆုံးသော အထိန်းတော်ကြီးကို ကျို့ကျူအား နန်းတော်အပြင်သို့ ကိုယ်တိုင်လိုက်ပါပို့ဆောင်ခိုင်းလိုက်လေ၏။
“ကြည့်ပါလား။ ဘယ်မိန်းကလေးကများ လှပတဲ့လက်ဝတ်လက်စားတွေကို မကြိုက်လို့လဲ။”
စုကွေ့ဖေးသည် ထိုင်ခုံနောက်သို့ မှီထိုင်လိုက်ကာ
“မယ်မင်းတို့က စာအုပ်တွေ၊ ပန်းချီကားတွေပဲ အကြံပြုနေကြတာ။ ဒါပေမဲ့ အဲဒါတွေက စိတ်ဝင်စားဖို့ ခက်ခဲလွန်းတာကို။”
အစေခံတစ်ယောက်က ပြုံးကာ ပြောလိုက်လေသည်။
“မယ်မယ်က တကယ်ကို အမြှော်အမြင်ရှိလှပါတယ်။”
“မယ်မယ်က အမြှော်အမြင်ရှိရုံတင်မဟုတ်ဘဲ၊ သခင်မလေးမင်က မယ်မယ်နဲ့ အမေနဲ့သမီးလို ဆက်ဆံရေးမျိုးရှိနေတယ်ဆိုတာ ဒီအစေခံလည်း မြင်ခဲ့ပါတယ်။”
နောက်ထပ်အစေခံတစ်ယောက်ကလည်း ထောက်ခံလေ၏။
“သူ(မ)က နွေးထွေးကြင်နာတတ်ပြီး မယ်မယ်နဲ့လည်း ရင်းနှီးဖော်ရွေပါတယ်။ တကယ်ကို အချိန်အကြာကြီး အဆက်အသွယ်ပျက်နေခဲ့တဲ့ အမျိုးအဆွေတွေလိုပဲ။”
“ဆိုရိုးစကားအတိုင်းဆို၊ တူရာတူရာစုတယ်ဆိုတဲ့ သဘောမျိုးပေါ့။”
စုကွေ့ဖေးမှာ သူ(မ)အစေခံများ၏ စကားများကြောင့် အလွန်နှစ်ခြိုက်နေလေတော့သည်။ ကနဦးတွင်တော့ သည်လက်ထပ်ပွဲစီစဉ်မှုနှင့်ပတ်သက်၍ သူ(မ) ချီတုံချတုံဖြစ်ခဲ့မိသည်ဆိုသော်လည်း ဧကရာဇ်၏ရည်ရွယ်ချက်ကိုတော့ နားလည်ပေသည်။
နန်းတွင်းမှအမတ်ကြီးအများစုက သူ(မ)နှင့် သူ(မ)၏သားတော်ကို သဘောမကျကြဘဲ၊ သူ(မ)ကိုမူ နောက်ကွယ်တွင် “မြှူဆွယ်တတ်တဲ့ကွေ့ဖေး” ဟုပါ ခေါ်တတ်ကြသည်။ ချန်းဝမ်ကို မင်မိသားစု၏သမီးနှင့် လက်ဆက်ပေးလိုက်ရုံဖြင့် သူတို့၏အတွေးအမြင်များကို ပြောင်းလဲပစ်နိုင်မည်မဟုတ်သော်ငြား အနည်းဆုံးတော့ သူ(မ)တို့ကြားမှ တင်းမာမှုကို လျှော့ချနိုင်သွားမည်ဖြစ်သည်။
နောက်ကွယ်မှကိစ္စရပ်များကိုတော့ သူ(မ) မစဉ်းစားလိုတော့......ယင်းက အကျိုးမရှိသည့်အရာများသာ။
သို့သော် သူ(မ) မထင်မှတ်ထားသည်မှာ ကျို့ကျူဆိုသော ကလေးမလေးက အလွန်ချစ်စဖွယ်လေးဖြစ်နေမည်ကိုပင်။ ချိုချိုမြိန်မြိန်နှင့် ချစ်စဖွယ်ကောင်းလှပြီး ပညာတတ်မိသားစုများတွင် ကြီးပြင်းလာသော ကလေးများနှင့်မတူပေ။
“ဘာ။ စုကွေ့ဖေးက သခင်မလေးမင်ကို တွေ့ဆုံမှုအတွက် လက်ဆောင်အနေနဲ့ ရွှေငွေကျောက်မျက်ရတနာတွေ ပေးလိုက်တယ်တဲ့လား။”
နျဉ်ဖေးမှာ သူ(မ)၏အစေခံ တင်ပြသည်ကို ကြားလိုက်ရချိန်တွင် ဟက်ဟက်ပက်ပက် ရယ်လိုက်ကာ
“ကုန်သည်သမီးကတော့ အမြဲတမ်း ကုန်သည်သမီးပါပဲ....အဲဒါကြောင့် သူ(မ)ရဲ့နည်းလမ်းတွေက အမြဲတမ်း ပေါ့ပေါ့တန်တန်ဖြစ်နေတာ။ မင်မိသားစုရဲ့ ညီအကိုတွေထဲမှာ ထိပ်တန်းပညာရှင်နှစ်ဦးနဲ့ တတိယအဆင့် ပညာရှင်တစ်ဦး ရှိတယ်။ ပြီးတော့ သူတို့ရဲ့မျိုးဆက်တွေကလည်း ခံ့ခံ့ညားညား လူရည်မွန်တွေချည်းပဲ။ သူတို့တွေက ဒီလို တောက်တောက်ပြောင်ပြောင် လက်ဝတ်လက်စား အပေါစားတွေလောက်ကို အသိအမှတ်ပြုမယ်တဲ့လား။”
*(T/n - 'ကွေ့ဖေး'ရော၊ 'ဖေး'ရောက ဧကရာဇ်ရဲ့ကိုယ်လုပ်တော်တွေပေမဲ့ ကွေ့ဖေးက အဆင့်ပိုမြင့်ပါတယ်။)*
“မယ်မယ် ဒီနေ့ အမတ်ကြီးမင်လည်း ဧကရာဇ်ဆီ အခစားဝင်ခဲ့ပြီး မင်္ဂလာကိစ္စကို ဖျက်သိမ်းချင်နေတယ်လို့ ကြားပါတယ်။”
“ဧကရာဇ်ဆုံးဖြတ်ချက်ချပြီးရင်၊ ဘယ်သူမှ ပြောင်းလဲလို့ရမှာမဟုတ်ဘူး။”
နျဉ်ဖေးက ခပ်ဖွဖွပြုံးလျက် ပြောလိုက်သည်။
“မင်ကျင်းကျိုးကတော့ အလဟဿ ခွန်အားတွေ ဖြုန်းတီးနေတာပဲ။”
“ကျွန်တော်မျိုးမတို့ ဘယ်လိုလုပ်ကြမလဲ မယ်မယ်။ မင်မိသားစုက ချန်းဝမ်ကို ထောက်ခံပေးတော့မယ်ဆိုရင်ရော။”
“မဖြစ်နိုင်တာ။”
နျဉ်ဖေးသည် သူ(မ)အစေခံ၏ထင်မြင်ချက်ကို တင်းမာစွာ ဖြတ်ပြောလိုက်သည်။
“ဟိုးရှေးခေတ်တွေတည်းက မိသားစုဘယ်နှခုကများ မိသားစုဂုဏ်ကျက်သရေကို စွန့်လွှတ်ပြီး တခြားမိသားစုရဲ့ ချွေးမတစ်ယောက်ဖြစ်သွားတဲ့ သမီးတစ်ယောက်အတွက်နဲ့ မဟာဗျူဟာကျစီစဉ်ပေးတာမျိုး ရှိခဲ့လို့လဲ။”
“မိန်းကလေးတွေက...”
နျဉ်ဖေးသည် နွေးထွေးမှုကင်းမဲ့နေသော မျက်ဝန်းများဖြင့်
“မိသားစုရဲ့ အကျိုးအမြတ်အတွက် ချိန်ဆစရာ ပစ္စည်းတစ်ခုသာသာပါပဲ။”
“မယ်မယ်။”
“တော်တော့။ ငါနားလည်ပြီ။”
နျဉ်ဖေးက အေးစက်စွာ ပြောလိုက်သည်။
“စုကွေ့ဖေးနဲ့ သူ(မ)ရဲ့ချွေးမတော်တို့ ဘယ်လောက်ထိ ရှေ့ဆက်နိုင်ကြမလဲ ကြည့်ကြတာပေါ့။”
ရှေးခေတ်အစဉ်အဆက်တည်းကပင် ယောက္ခမနှင့် ချွေးမတို့တွင် ဆက်ဆံရေးတင်းမာမှုများ ရှိခဲ့ကြသည်သာ။ အထူးသဖြင့် တစ်ယောက်က ကုန်သည်မိသားစုမှ မွေးဖွားလာသည့် မျက်နှာသာပေးခံ ကွေ့ဖေးတစ်ယောက်ဖြစ်ပြီး တစ်ဖက်မှာမူ ပညာရှိမိသားစုမှ သမီးတစ်ယောက်ဖြစ်နေသည့် အခါမျိုးတွင်ပင်။
စောင့်ကြည့်ကြတာပေါ့လေ........ဇာတ်လမ်းတွေအများကြီး ဖြစ်လာတော့မှာ။
နန်းတော်ထဲမှ လမ်းတစ်ခုတွင်၊ ကျို့ကျူသည် ဝေါယာဉ်ပေါ်တွင် ထိုင်နေခဲ့ပြီး၊ ကလေးတစ်ယောက်သည် မိန်းမစိုးအနည်းငယ် ခြံရံလျက် သူ(မ)ရှိရာဘက်သို့ လျှောက်လာနေသည်။
ထိုကလေးသည် ကောင်းမွန်စွာဝတ်စားဆင်ယင်ထားသော်လည်း နန်းတော်အမှတ်အသားတော့ မပါချေ။ သူ့ထံမှ မောက်မောက်မာမာအငွေ့အသက်မျိုးပျံ့လွင့်နေပြီး မေးစေ့ကို အနည်းငယ် မော့ပင့်ထားကာ ဝေါယာဉ်ပေါ်တွင် ထိုင်နေသည့် ကျို့ကျူကို ကြည့်၍ မေးလာ၏။
“မင်းက ဘယ်သူလဲ။”
ကျို့ကျူက ထိုကလေးကို ငုံ့ကြည့်လိုက်ပြီး လေးလေးနက်နက် ပြန်ဖြေလိုက်လေသည်။
“တခြားသူတစ်ယောက်ရဲ့ နာမည်ကိုမေးတဲ့အခါ ကိုယ့်နာမည်ကိုယ် အရင် မိတ်ဆက်သင့်တယ်လေ။”
ကလေးက ငယ်ငယ်ရွယ်ရွယ်သာ ရှိသေး၍ အပြုအမူများ သင်ကြားနိုင်ရန် မျှော်လင့်ချက်ရှိသေးသည်။
“ငါက ချီဝမ်ရဲ့ တစ်ဝမ်းကွဲညီတော်ပဲ။”
ထိုကလေးသည် ခေါင်းကိုအနည်းငယ်ပိုမော့လိုက်ကာ ကျို့ကျူကို ဆူပူကြိမ်းမောင်းလိုဟန်ဖြင့်
“မင်းက ငါ့ကိုလမ်းဖယ်ပေးသင့်တာလေ။”
နန်းတော်မှ ကွေ့ဖေးများပင် သူ့ကို ရိုရိုသေသေဆက်ဆံကြခြင်းဖြစ်သည်။ သူနှင့်ဆုံနေကျ မျိုးရိုးမြင့်မိသားစုမှ သခင်မလေးများဆိုလျှင်လည်း အမြဲလိုလို စကားပြောခွင့်ရချင်နေကြသည်သာ။
ကျို့ကျူက အကြည့်လွဲလိုက်ကာ ထိုကလေးအား လျစ်လျူရှုထားလိုက်သည်။
တစ်ခါတစ်ရံတွင် ဆိုးသွမ်းသော ကလေးများသည် အလိုလိုက်ထားသောကြောင့် ထိုသို့ဖြစ်နေခြင်းပင်။
“ကူးကူကို နှုတ်ခွန်းဆက်သပါတယ်။”
ထိုကလေးနောက်မှ လိုက်လာကြသော မိန်းမစိုးများသည် မင်ယွဲ့နန်းဆောင်မှ အထိန်းတော်ကြီးဖြစ်ကြောင်း သိကြ၍ ဖြူဖျော့ကုန်ကြကာ အလျင်အမြန် အရိုအသေပေးလိုက်ကြလေသည်။
“သခင်လေးကျန်းက ငယ်ငယ်ရွယ်ရွယ်ပဲ ရှိပါသေးတယ်။ သူ မသင့်တော်တာများ ပြောဆိုမိခဲ့ရင် သူ့ကို ခွင့်လွှတ်ပေးတော်မူပါ။”
မင်ယွဲ့နန်းဆောင်မှ အထိန်းတော်ကြီးက ပြုံးလိုက်ကာ
“ဒီအထိန်းတော်ကြီးက မယ်မယ့်ရဲ့ညွှန်ကြားချက်နဲ့ သခင်မလေးမင်ကို နန်းတော်အပြင် လိုက်ပို့ပေးရုံတင်ပါ။ ဒီလိုမျိုး လေးစားမှုကို မခံယူဝံ့ပါဘူး။”
သခင်မလေးမင်တဲ့လား။
***
Aurora Novel Translation Team