အပိုင်း ၁
ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းဌာနမှ အမိန့်ပြန်တမ်းလွှာ လာရောက်ပို့ဆောင်သည့် အမတ်ကြီးများကို တွေ့ပြီးနောက် မင်အိမ်တော်၏လေထုအခြေအနေမှာ တင်းမာနေတော့သည်။
မင်ကျင်းကျိုးသည် အမိန့်ပြန်တမ်းလွှာကို လက်ထဲတွင်ကိုင်ထားပြီး၊ ၎င်းက ရွှေရောင်နဂါးများနှင့် ကံကောင်းခြင်းနိမိတ်တိမ်တိုက်ပုံများ ရေးထိုးတန်ဆာဆင်ထားသည့် အမိန့်ပြန်တမ်လွှာတစ်ခုမဟုတ်ဘဲ ပေါင်တစ်ထောင်လေးသည့် သံတူကြီးတစ်ခုဖြစ်နေသည့်ပမာ လက်များက အနည်းငယ် တုန်ယင်နေခဲ့သည်။
“ဦးလေး။”
မင်ချွင်းဖုသည် မင်ကျင်းကျိုးတစ်ယောက် အထိတ်တလန့်ဖြစ်ကာ လဲကျသွားမည်စိုး၍ အလျင်အမြန် ကိုင်ထိန်းပေးထားလိုက်သည်။
သူ၏ဝမ်းကွဲညီမလေးတစ်ယောက် တော်ဝင်မိသားစုနှင့် လက်ထပ်ရမည်က ဝမ်းမြောက်ဖွယ်ကိစ္စတစ်ရပ်ဖြစ်သော်ငြား၊ ကျို့ကျူ လက်ထပ်ရမည့်သူအကြောင်း တွေးမိလိုက်သည်နှင့် “ ဂုဏ်ယူပါတယ်” ဟူသောစကားကို လုံးလုံး ထုတ်မပြောနိုင် ဖြစ်ရသည်။
ဧကရာဇ်က စုကွေ့ဖေး ကို ချစ်မြတ်နိုးပြီး သူ(မ)၏သားတော် ချန်းဝမ်ကို ပို၍ပင် မျက်နှာသာပေးကြောင်း မြို့တော်ကလူတိုင်းသိသည်။
*(T/n - ကွေ့ဖေး- ကိုယ်လုပ်တော်၊ ဝမ်- မင်းသား)*
ချန်းဝမ်က ဆယ့်ငါးနှစ်မပြည့်ခင်တည်းကပင် သူ့ထက်ငါးနှစ်ကြီးသည့် မင်းသားကြီးနှင့်အတူ ဝမ်ဟူသော ဘွဲ့ကို ရထားခဲ့ခြင်းဖြစ်သည်။ ယခုအသက်နှစ်ဆယ်အရွယ်တွင် နန်းတော်အပြင်မှ သူ၏အိမ်တော်က ခမ်းနားထည်ဝါစွာပြင်ဆင်ထားခဲ့သော်လည် မကြာခဏဆိုသလို အရှင်ဧကရာဇ်က သူ့ကို နန်းတော်ထဲတွင်သာ နေခိုင်းတတ်ပြီး၊ မင်းသား မင်းသမီးများအားလုံးအပေါ်တွင်လည်း အလွန် လွှမ်းမိုးနိုင်ပေသည်။
နန်းတော်ထဲတွင် ချန်းဝမ်ကသာ အစစ်အမှန် အိမ်ရှေ့စံတစ်ယောက်ဖြစ်သည်ဟု သတင်းပြန့်နေသေးသည်။ စုကွေ့ဖေး၏ နိမ့်ကျသောမျိုးရိုးနှင့် ချန်းဝမ်၏ အသက်အရွယ်တို့ကြောင့်သာမဟုတ်လျှင် ဧကရာဇ်က သူ့ကို ဆက်ခံသူအဖြစ်ကြေညာခဲ့သည်မှာ ကြာခဲ့လောက်လေပြီ။ သို့သော် ချန်းဝမ်၌ သူ့အမေထံမှ အမွေရသည့် မျက်နှာချောချောမှလွဲလျှင် ချီးမွမ်းဂုဏ်တင်စရာ ရှားပါးလှရာ များစွာသော အမတ်များက သူ ထီးနန်းဆက်ခံမည်ကို မလိုလားကြချေ။
ကျို့ကျူးသည် ဒူးထောက်နေလျက်သားဖြင့် သူ(မ)အဖေ၏ သောကရောက်နေဟန်အမူအရာနှင့် ဝမ်းကွဲအစ်ကို၏ ဝမ်းနည်းပက်လက်ဖြစ်နေဟန်မျက်နှာတို့အား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ(မ) မတ်တတ်ရပ်လိုက်ပြီး မင်ကျင်းကျိုးထံသို့ ဂရုတစိုက်နှင့် တိုးကပ်သွားကာ အမိန့်ပြန်တမ်းလွှာကို ဖတ်ကြည့်ရန် ယူလိုက်၏။
“အမိန့်ပြန်တမ်းလွှာမှာပြောထားတာတော့ ချန်းဝမ်က ထူးချွန်ထက်မြက်တယ်၊ ခံ့ညားပြီး စာပေလည်းလိုက်စားတယ်ဆို။ အကုန်လုံးက ကောင်းတာတွေချည်းပဲကို။”
သူ(မ)သည် အမိန့်ပြန်တမ်းလွှာကို လိပ်လိုက်ပြီး မင်ကျင်းကျိုးထံသို့ ပြန်ပေးလိုက်ကာ ပြောလိုက်သည်။ ထို့နောက် ထိုသူ၏ လက်ကောက်ဝတ်ကို ခပ်ဖွဖွပုတ်ပေးရင်း ပြောလိုက်၏။
“အဖေရယ် ဒီလောက်ကြီးလည်း စိတ်ဆိုးနေစရာမလိုပါဘူး။”
မင်ကျင်းကျိုးက သူ့သမီး၏ ချိုသာကြည်မြနေသော အပြစ်ကင်းလှသည့်မျက်နှာလေးကို ကြည့်လျက် တုန်တုန်ယင်ယင်အသံဖြင့်
“အနောက်ဘက်စျေးက ဖရဲသီးရောင်းတဲ့သူတောင် သူ့အသီးသူ ကောင်းတယ်ချီးကျူးသေးတာပဲ......”
သူ့သားတော်ကို ကိုယ်တိုင် မင်္ဂလာပွဲစီစဉ်ပေးသည့် ဧကရာဇ်ဆိုရင်ဖြင့် ပြောနေစရာကိုမလိုပါချေ။
မင်ချွင်းဖုသည် ခပ်ဖွဖွချောင်းဟန့်လိုက်ပြီး ဦးလေးဖြစ်သူအား တော်ဝင်မိသားစုကို မလေးမစားမပြောဆိုပါရန် သတိပေးလိုက်သည်။
“ညီမလေး၊ ဦးလေးနဲ့ အစ်ကိုတို့က ညီမလေး ထားသွားမှာကို သဘောမတူနိုင်ဖြစ်နေလို့ပါ။”
လွန်ခဲ့သောနှစ်များက၊ သူတို့အိမ်တော်ခွဲသည် နန်းတော်တွင် အရှိန်အဝါကျဆင်းလာခဲ့ပြီး ခက်ခဲကြမ်းတမ်းကာ ဝေးလံခေါင်ဖျားသည့်အရပ်ဆီသို့ ပို့ဆောင်ခံခဲ့ရ၍ မင်ကျင်းကျိုးသည် သူ၏မွေးခါစသမီးလေးကို ကာကွယ်စောင့်ရှောက်ပေးရန် အိမ်တော်မှအကြီးအကဲများထံသို့ အပ်နှံထားခဲ့သည်။ လက်ရှိဧကရာဇ် နန်းတက်သောအခါမှ မင်ကျင်းကျိုးနှင့် သူ၏ညီအစ်ကိုများက မြို့တော်သို့ပြန်လာရပြီး မင်းမှုထမ်းတာဝန်များ ပြန်လည်ထမ်းဆောင်ရခြင်းဖြစ်၏။
မှူးမတ်များသည် နန်းတော်မှခွင့်ပြုချက်မရှိဘဲ မြို့တော်မှထွက်ခွာခွင့်မရှိသော်ငြား၊ မင်းကျင်းကျိုးသည် သူ့သမီးကို လင်းကျိုမှ ပြန်လည်ခေါ်ဆောင်ရန် အကြိမ်ကြိမ် လူလွှတ်စေခိုင်းခဲ့သည်။ အိမ်တော်၏အကြီးအကဲများသည် အစပိုင်း၌မူ သူ(မ)က ကျန်းမာရေးချူချာ၍ ခရီးဝေးသွားရန်မသင့်တော်လှဟုဆိုကာ အမြဲလိုလို ငြင်းဆန်နေခဲ့၏။
သို့သော် မင်ကျင်းကျိုးနှင့် ဇနီးဖြစ်သူက သူတို့၏ချစ်လှစွာသောသမီးလေးအား လွမ်းဆွတ်နေကြလေပြီ။ ထို့ကြောင့် သူ(မ)အနားတွင်နေပေးရန် သမားတော်တစ်ဦး ဌားရမ်းပေးထားခဲ့ပြီး တစ်နှစ်ကျော်လောက် သေသေချာချာ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပြီးနောက်၊ အဆုံးတွင်တော့ သူတို့၏ခြောက်နှစ်အရွယ်သမီးလေးကို မြို့တော်သို့ ပြန်ခေါ်လာနိုင်ခဲ့လေသည်။
သို့နှင့် “ဝမ်းကွဲညီမလေး” ကို မြို့တော်သို့ပြန်ခေါ်လာချိန်တွင် ရှန်းရှီက ချက်ချင်းဆိုသလို တစ်ခုခုလွဲမှားနေကြောင်း ခံစားမိခဲ့၏။ ထိုကလေးမလေးက သူ(မ)ရော မင်ကျင်းကျိုးနှင့်ပါ တော်တော်လေး ဆင်သော်ငြား ယင်းကလေးသည် သူ(မ)တို့၏ကလေးဟု မခံစားရချေ။
*(T/n- ရှီဆိုတာ သခင်မကြီးဆိုတဲ့ အဓိပ္ပာယ်ပါ။)*
ထို့ကြောင့် စုံစမ်းစစ်ဆေးကြည့်ပြီးနောက် မကြာခင်တွင် သိလိုက်ရသည်မှာ ညီအစ်ကိုသုံးဦးတို့ နယ်စွန်နယ်ဖျားသို့ ပို့ခံလိုက်ရပြီးနောက်တွင် အိမ်တော်မှသူများသည် ရာထူးရာခံမြင့်သည့် အရာရှိကြီးများက ဒဏ်ခတ်မည်စိုးသည်ကြောင့် ကလေးကို တောထဲတွင် ပစ်လိုက်သည် ဟု။
ကျို့ကျူဟူသောနာမည်သည် “အဖိုးတန်လှသော ကျောက်စိမ်းနှင့် ပုလဲလုံးလေးများ” ဟု အဓိပ္ပာယ်ရပြီး မိဘများက ချစ်မြတ်နိုးစွာဖြင့် တင်စားထားခဲ့ကြခြင်းဖြစ်သည်။ သို့သော် ထို အကြင်နာမဲ့လှသော အမျိုးအဆွေများသည် စာနာစိတ်ကင်းမဲ့စွာဖြင့် သူတို့၏ရတနာလေးကို စွန့်ပစ်ခဲ့ကြလေ၏။
အမှန်တရားကိုသိပြီးနောက် မင်ကျင်းကျိုးနှင့် ရှန်းရှီတို့ခမျာ ဝမ်းနည်းပက်လက်ဖြစ်ကြရတော့သည်။ သူတို့သည် ချက်ချင်းပင် အတုအယောင် ကျို့ကျူကို လင်းကျိုသို့ ပြန်ပို့ခဲ့ပြီး သူတို့၏အိမ်တော်နှင့်လည်း အဆက်ဖြတ်ကာ ကိုယ်ပိုင်အိမ်တော်ကို ထူထောင်ခဲ့ကြသည်။
မင်ချွင်းဖု၏အဖေနှင့် ဒုတိယဦးလေးတို့သည် မျိုးရိုးတူများဖြစ်ကြပြီး ဝေးလံခေါင်သီးသောဒေသသို့ အပို့ခံရစဉ်၌လည်း အခက်အခဲများကို အတူတကွ ဖြတ်ကျော်ခဲ့ကြသည်။ ထို့ကြောင့် သဘာဝကျကျပင် သူတို့သည်လည်း မတရားမှုကို သည်းမခံနိုင်ကြဘဲ မင်ကျင်းကျိုးနှင့်အတူ လင်းကျိုမှ မင်အိမ်တော်နှင့် အဆက်ဖြတ်ခဲ့ကြပြီး မိသားစုသုံးခုလုံးသည် ယင်းအိမ်တော်နှင့် လုံးလုံးလျားလျားကို အဆက်အသွယ်မရှိကြတော့ပေ။
သို့နှင့် လွန်ခဲ့သောလအနည်းငယ်လောက်ကမှ မင်ချွင်းဖုသည် တာအိုဘုရားကျောင်းအဟောင်းတစ်ခုတွင် ကျို့ကျူအား တွေ့ခဲ့လေ၏။ ယင်းဘုရားကျောင်းသည် နံရံများက ပြိုပျက်ကွာကျနေပြီး ခေါင်မိုးနှင့် ပြတင်းပေါက်များကလည်း ပျက်စီးနေကာ အလွန်ဟောင်းနွမ်းစုတ်ပြတ်နေခဲ့ကာ ကြွက်ပင်မနေလောက်သည်အထိ အလွန်စုတ်ချာနေခဲ့သည်။
ဆယ့်ခြောက်နှစ်အရွယ်ကလေးမလေးက ခပ်ကြီးကြီးပေါက်စီတစ်လုံးကို ဆုပ်ကိုင်ထားပြီး သူ့အား ကျေနပ်နေသော အမူအရာလေးဖြင့် မော့ကြည့်လာ၏။ သူ့ကိုတွေ့ပြီးနောက်တွင် ပေါက်စီကို အလျင်အမြန် နောက်တွင်ဝှက်လိုက်ကာ မေးလာသည်။
“အစ်ကိုက ဒီကို အမွှေးတိုင်လာထွန်းတာလား ဒါမှမဟုတ် ကံကြမ္မာလာဖတ်တာလား။ ကျွန်မတို့ဘုရားကျောင်းက နတ်မင်းက အရမ်းအစွမ်းကြီးတာနော်။”
မင်ချွင်းဖုသည် စင်ထက်မှ ဖုန်တက်နေသော နတ်မင်းရုပ်တုကို ကြည့်လိုက်ပြီး ဘယ်နေရာကများ အစွမ်းထက်လှလဲ မနည်းကြည့်နေရ၏။
သို့သော် နောက်ပိုင်းတွင်တော့ မင်ချွင်းဖုကိုယ်တိုင် ယင်းဘုရားကျောင်းက တကယ်ပဲ အစွမ်းထက်ပါစေဟု မျှော်လင့်နေမိတော့သည်။ အဘယ့်ကြောင့်မူ တာအိုမယ်သီလရှင်နှစ်ပါးက သူ့ကို ပညာရေးနတ်မင်းကြီးက စောင်မ၍ အောင်မြင်မှုများရကာ၊ ကြီးမြတ်သော ဆရာကောင်းသမားကောင်းများနှင့်တွေ့ပြီး ဘဝလမ်းခရီးတွင် အလုပ်အကိုင်လည်း ချောမွေ့မည်ဟု ဟောခဲ့၍ဖြစ်၏။
ပညာတော်သင်တစ်ယောက်အနေဖြင့် မည်သူကများ “ငွေသော်တာလမင်းထံမှ အောင်မြင်မှု အကိုင်းအခက်များ ဆွတ်ခူးနိုင်မည်”ကို မလိုလားအံ့နည်း။
ထိုအဟောက တကယ်ကို မှန်ကန်ရမည် !
“အစ်ကိုချွင်းဖု”
ကျို့ကျူက သူ၏အင်္ကျီလက်ကိုဆွဲကာဖြင့်
“ဘာတွေ စဉ်းစားနေတာလဲ။”
မင်ချွင်းဖုတစ်ယောက် အတွေးများနေရာမှ ရပ်လိုက်သော်လည်း ပြန်မဖြေရသေးခင်ပင် ခြံဝင်းအပြင်ဘက်မှ အလျင်စလို လျှောက်လာသော ခြေသံများကို ကြားလိုက်ရ၏။
“အမေ ပြန်လာပြီလား။”
ကျို့ကျူသည် သူ(မ)ထံသို့လျှောက်လာသည့် ရှန်းရှီအနားသို့သွားရန် တံခါးပေါက်နားသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
ရှန်းရှီမှာ ပထမတော့ စိုးရိမ်သွားခဲ့သော်လည်း ကျို့ကျူတစ်ယောက် တံခါးနားတွင် ရပ်နေသည်ကို တွေ့လိုက်သောအခါတွင်တော့ အမူအရာက ချက်ချင်းကို နူးညံ့သွားခဲ့ပြီး
“ကျို့ကျူ ဘာလို့ တံခါးဝကြီးမှာ ရပ်နေတာလဲ။ အခုက ဆောင်းဦးဖြစ်နေပြီ၊ မျက်နှာကို လေအေးတွေမတိုက်စေနဲ့။”
ကျို့ကျူသည် ရှန်းရှီ၏ခန္ဓာကိုယ်မှ သင်းပျံ့ပျံ့ရနံ့လေးကို ရလိုက်သည်။ သူ(မ)က လက်ကိုဆန့်ကာ ရှန်းရှီ၏လက်မောင်းကို ချိတ်လိုက်ပြီး အခန်းဆီသို့ လျှောက်လာရင်း
“မစိုးရိမ်ပါနဲ့ အမေရယ်။ သမီးက အရေထူပါတယ်။”
အမေနှင့်သမီးမှာ အတူတူနေသည်က သိပ်မကြာကြသေးသော်လည်း အလွန်ကိုရင်းနှီးကျွမ်းဝင်နေကြလေပြီ။ ဤသည်မှာ အမေနဲ့သမီးကြားမှ မမြင်ရသော ကံကြမ္မာကြိုးမျှင်တစ်ခု ဖြစ်ပေမည်။
ရှန်းရှီသည် ထိုင်လိုက်ပြီးသည်နှင့် အစေခံများအား ကျို့ကျူအတွက် အားဖြည့်စွပ်ပြုတ်လုပ်ပေးရန် ခိုင်းလိုက်၏။ သူ(မ)သည် သမီးဖြစ်သူ၏မျက်နှာသေးသေးသွယ်သွယ်လေးကို ကြည့်နေချိန်တွင် မျက်ဝန်းများ၌ သောကအပြည့်ဖြင့်။
ဤသည်မှာ အမေများမြင်တတ်ကြသော ပိန်နေသည် ဟူသည့် သဘောမျိုးပင်။
သူ(မ)၏စိတ်ထဲတွင် ကျို့ကျူခမျာ လွန်ခဲ့သောဆယ်နှစ်တာလုံး ခက်ခဲပင်ပန်းမှုမျိုးစုံ ကြုံခဲ့ရရှာမည်ဟု ထင်နေသည်။ ထို့ကြောင့် သူ(မ)သည် ပြဇာတ်ထဲတွင် ကံမကောင်းသည့်သူများ တွေ့ရလျှင်ပင် စိတ်မထိန်းနိုင်ဘဲ သူ(မ)၏သမီးလေးနှင့် နှိုင်းဆနေမိ၏။ သူ(မ)၏သမီးလေးလည်း သည်လိုဆိုးဆိုးရွားရွားဘဝမျိုးသာဖြစ်ခဲ့လျှင် ဘယ်လိုလုပ်ရပါ့။
***
Aurora Novel Translation Team