အပိုင်း ၁၀
ရှန်းရှီက အစာသွတ်မုန့်တစ်ခု ယူလိုက်ပြီး မင်ကျင်းကျိုးထံသို့ ကမ်းပေးလိုက်သည်။
“ဧကရာဇ် အမျက်ထွက်သွားတယ်။”
မင်ကျင်းကျိုးက စားပွဲတွင် ဝင်ထိုင်လိုက်ကာ အစာသွတ်မုန့်ကို စားလျက် လက်ကျန်ရေနွေးကို သောက်လိုက်ပြီး၊ သူ့သမီးထံသို့ လှည့်ကြည့်လိုက်သည်။
ကျို့ကျူက သူ့ထံသို့ ဇဝေဇဝါပုံစံလေးနှင့် ကြည့်နေလေ၏။
“ဟူး။”
မင်ကျင်းကျိုး သက်ပြင်းသာချလိုက်မိတော့သည်။
မင်းသားတိုင်းက အနည်းဆုံး လူတစ်ယောက်ထံမှတော့ အဆိုပြုခံရသည်သာ။ သူ့သမီး၏သတို့သားလောင်းတစ်ယောက်တည်းသာ အရပ်ဘက်မှူးမတ်များကလည်း မကြိုက်၊ စစ်ဘက်မှ စစ်သူကြီးများကလည်း မုန်းတီးနှင့် မည်သူ့ထံကမှ အဆိုတင်သွင်းခြင်းမခံခဲ့ရ။
“ဘာဖြစ်လို့လဲဟင်။”
ကျို့ကျူက လက်လေးဆန့်ကာ မင်ကျင်းကျိုး၏ကျောကုန်းကို ဖွဖွလေး ပုတ်ပေးလျက်
“ဧကရာဇ်က အဖေအဆိုပြုတဲ့မင်းသားကို သဘောမကျလို့လား။
မင်ကျင်းကျိုး တိတ်ဆိတ်စွာဖြင့်သာ ခေါင်းခါပြလိုက်သည်။ တကယ်ပဲ ထိုမျှလောက်လေးသာဆိုလျှင် သူ သက်ပြင်းပင်ချနေမည်မဟုတ်။
“အဖေပြောတာ ဧကရာဇ်က အခုမှ အသက်ငါးဆယ်ပဲ ရှိသေးတာဆို။”
ကျို့ကျူသည် ဘာကြောင့်များ မှူးမတ်များက ဆက်ခံသူကို အလျင်စလို သတ်မှတ်နေချင်ကြမှန်း နားမလည်နိုင်ဖြစ်နေသည်။ သည်လုပ်ရပ်က အိမ်၏အကြီးအကဲတစ်ယောက်ကို လက်ညှိုးထိုးလျက် သူက မကြာခင်သေဆုံးတော့မည်ဖြစ်၍ မိသားစုအမွေကို ကြိုတင်ခွဲဝေပေးခိုင်းနေသည့်လုပ်ရပ်မျိုးနှင့် ဘာများ ကွာခြားနေတော့မည်နည်း။
မင်ကျင်းကျိုး ခေါင်းညိတ်ပြလိုက်သည်။
“ဧကရာဇ်က ကျန်းမာရေးလည်းကောင်းမွန်ပြီး တိုင်းသူပြည်သားတွေကိုလည်း စိတ်ရင်းနဲ့ ဂရုစိုက်ပေးတယ်။ စစ်တပ်အာဏာကလည်း ဧကရာဇ်လက်ထဲမှာပဲလေ။”
ကျို့ကျူက မင်ကျင်းကျိုးကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး
“ဧကရာဇ်အနေနဲ့ ဆက်ခံသူကို အစောကြီးသတ်မှတ်လိုက်တာက ဘာများကောင်းလို့လဲ။”
“ဒါပေမဲ့ မင်းသားတွေအားလုံးက အရွယ်ရောက်လာကြပြီဆိုတော့ ဧကရာဇ်က စုကွေ့ဖေးတစ်ယောက်တည်းကို မျက်နှာသာပေးနေတဲ့အခါ တိုင်းပြည်ပါ ဒီသားအမိလက်ထဲ ရောက်သွားမှာ စိုးရိမ်နေကြတာပေါ့။”
“သူတို့အားလုံးက ဧကရာဇ်ရဲ့သားတွေပဲလေ၊ ဘာလို့များ ချန်းဝမ်မှ ဖြစ်လို့မရ’ရမှာလဲ…..”
ရှန်းရှီသည် သကြားလုံးတစ်လုံးကို ယူလိုက်ပြီး ကျို့ကျူပါးစပ်ထဲသို့ ထည့်ပေးလိုက်ကာ တိုးတိုးလေးပြောလိုက်သည်။
“ကျို့ကျူက လိမ္မာတယ်နော်။ နန်းတော်ကိစ္စတွေ မပြောရဘူး။”
ကျို့ကျူသည် သကြားလုံးကို ခွက်ခနဲမြည်အောင် ကိုက်ပစ်လိုက်သည်။ ချီဝမ်နဲ့ ဟွေ့ဝမ်အကြောင်း ပြောတာတော့ရပြီး ချန်းဝမ်မှ ဘာဖြစ်လို့လဲ။
ကလေးတစ်ယောက်ကပင် ကွေ့ဖေးမယ်မယ်ကို မကောင်းသည့်ကွေ့ဖေးတစ်ယောက်နှယ် ပြောရဲနေသည့်အကြောင်း ပြန်စဉ်းစားမိလိုက်သောအခါ ကျို့ကျူ စိတ်တိုလာသည်။ မယ်မယ်နဲ့ ချန်းဝမ်က ဒီလောက် စိတ်ထားကောင်းကြတာကို၊ သူ(မ)တို့ ဒီလို အထီးကျန်ဆန်မှုတွေကို ဘယ်လိုများ တောင့်ခံနိုင်ကြတာလဲ။
“ချန်းဝမ်ရဲ့အပြုအမူတွေက မယုံကြည်နိုင်လောက်အောင် ဆိုးရွားတယ်။”
သူ၏သမက်ဖြစ်လာမည့်သူအကြောင်း ပြောရုံဖြင့်ပင် မင်ကျင်းကျိုးမှာ နဖူးတွင် အရေးအကြောင်းများ ပေါ်လာသည်။
“ပြောကြတာတော့၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖင်းယွမ်နယ်စားကြီးအိမ်တော်ရဲ့သခင်လေးက သူ့ကို စိတ်မပျော်ရွှင်အောင်လုပ်လို့ဆိုပြီး ကျောင်းတော်မှာ စာကူးရေးဖို့ လွှတ်လိုက်တယ်တဲ့။”
“စာအုပ်တွေကို ကူးရေးရတာ ဘာများဖြစ်လို့လဲ။”
ရှန်းရှီသည် အနည်းငယ်တအံ့တဩဖြင့် မေးလိုက်သည်။ ယခင်အပြစ်ပေးပုံများနှင့်ယှဉ်လျှင် ယခုတစ်ခေါက် ချန်းဝမ်၏အပြစ်ပေးမှုက တော်တော်လေး သက်ညှာပေးထားသည်သာ။
“သူက ကျန်းဝမ်နန်ကို ကလေးတွေတက်တဲ့ အခြေခံအတန်းကို ပို့လိုက်တာလေ။”
သည်အပြစ်ပေးမှုက ပြင်းထန်သည်၊ မပြင်းထန်သည်ကို ပြောရန် ခက်ခဲလှသော်လည်း၊ တော်တော်လေး အရှက်ရဖွယ်ပင်။
“ကျန်းဝမ်နန်ရဲ့အပြုအမူတွေက လွန်ကဲလွန်းလို့ ချန်းဝမ်က ဒီလိုလုပ်တာဖြစ်မှာပေါ့။”
ကျို့ကျူက တင်းတင်းမာမာ ဝင်ပြောလိုက်သည်။
“ချန်းဝမ်က စိတ်ထားကောင်းတယ်။ သူက အကြောင်းအရင်းမရှိဘဲတော့ လူတွေကို အပြစ်ပေးမှာ မဟုတ်ဘူး။”
ရှန်းရှီနှင့် မင်ကျင်းကျိုးမှာ ကျို့ကျူထံသို့ တစ်ပြိုင်တည်း လှည့်ကြည့်မိလိုက်ကြသည်။
သမီးလေး၊ ဘယ်လိုလှည့်ဖြားမှုနဲ့ ထူးခြားဆန်းကြယ်မှုတွေကြောင့်များ ချန်းဝမ်ရဲ့အကျင့်စရိုက်ကို အမြင်မှားနေရတာလဲ။
“အဲဒီကျန်းဝမ်နန်ပေါ့…..သမီး အရင်တစ်ခေါက် ဆဠမအစ်ကိုနဲ့ အပြင်သွားတုန်းက သူနဲ့ ဆုံခဲ့တယ်လေ။”
ကျို့ကျူက ဖြစ်ပျက်ခဲ့သည်ကို ပြန်ပြောလိုက်သည်။
“သူက သမီးရွေးထားတဲ့ဆံထိုးကို စုတ်ပဲ့တယ်လို့ပြောပြီး လှောင်တယ်။ ပြီးတော့ ဘယ်မိသားစုကလဲဆိုပြီးတောင် မေးချင်သေးတာ။”
“သမီးသံသယရှိတာတော့လေ...”
ကျို့ကျူက မေးစေ့ကိုကိုင်ကာ ဉာဏ်ပညာအပြည့်ပါသော မျက်ဝန်းလေးများဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောလာသည်။
“သူ သမီးရဲ့မိသားစုကို သိချင်တာက တစ်မိသားစုလုံးကို လှောင်ချင်တာပဲဖြစ်ရမယ်။”
“အဓိပ္ပာယ်မရှိတာ။ ယောက်ျားတွေက အဆင်တန်ဆာတွေအကြောင်း ဘာများနားလည်ကြလို့လဲ။”
ရှန်းရှီသည် ခက်ခက်ခဲခဲ ပြန်တွေ့ခဲ့ရသည့် သူ(မ)၏သမီးကို မကောင်းပြောသည့်သူများအား မည်သူ့ကိုမဆို သည်းမခံနိုင်ပေ။
“ဒီလို ပညာရည်မပြည့်ဝတဲ့သူမျိုးကိုတော့ အခြေခံအတန်းကို ပို့ရမယ်။”
“ရှင်မ၊ အဲဒါ အခြေခံအတန်းပါကွာ။”
ထိုအတန်းသည် အငယ်ရွယ်ဆုံးသော ကလေးလေးများတက်သည့် အခြေခံအတန်းဖြစ်၏။
“ဒီလိုဆို… သူက တခြားကလေးတွေကိုပါ ထိခိုက်သွားစေနိုင်လား။”
သူ(မ)၏ ဆွေမျိုးဝေးသည့် မိသားစုများမှ ကလေးများက ယခုမှ ကျောင်းစတက်မည့်အကြောင်း သတိရသွားသည်။
မိသားစုတိုင်း၏ ကလေးတိုင်းက အဖိုးတန်လှပေ၏။ ကျန်းဝမ်နန်ကြောင့် လမ်းမှားရောက်သွား၍ မဖြစ်ချေ။
“ဒီလောက်ထိ အရေးတကြီးကြီးတော့ မဟုတ်ပါဘူးကွာ…..”
မင်ကျင်းကျိုးသည် ခြောက်ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်တော့သည်။ သူက ကျို့ကျူကို ကြည့်လိုက်ကာ မေးလိုက်၏။
“ကျို့ကျူ၊ အရှင်မင်းသား ချန်းဝမ်က နူးညံ့ပြီး စိတ်သဘောထားကောင်းတယ်လို့……သမီးဘယ်က ကြားလာတာလဲ။”
ဘာလို့များ မြို့တော်မှာ ဒီလိုမယုံနိုင်ဖွယ်သတင်းတွေ ပြန့်နေတာလဲ။
“အဲဒါ အမှန်ပဲမဟုတ်ဘူးလား။”
မင်ကျင်းကျိုး : “………….”
သည်သတင်းမှာ အမှန်တရားနှင့် မိုင်ပေါင်းထောင်ချီလောက် ဝေးကွာလှပေ၏။
ကံကောင်းသည်က အနည်းဆုံးတော့ ကမ္ဘာကြီးရဲ့အစွန်အဖျားလောက်ထိတော့ မဝေးဘူးပေါ့လေ။
တကယ်တော့ “အရှင်မင်းသားချန်းဝမ်က စိတ်နှလုံးနူးညံ့ပြီး ကြင်နာတတ်တယ်” ဆိုသော စကားတွင် မှန်သောစကားလုံး တစ်ဝက်တော့ပါ၏။
ဥပမာအားဖြင့် “အရှင် မင်းသား ချန်း ဝမ်” ဟူသည့် စကားလုံး လေးလုံးပင်။
***
Aurora Novel Translarion Team