no

Font
Theme

အပိုင်း ၆

မိန်းမစိုး၏ဒူးများပျော့ခွေကာ မြေပေါ် ဒူးထောက်ကျသွားခဲ့တော့သည်။ ဧကရာဇ်ကိုယ်တိုင် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အမတ်ကြီးအား သခင်မလေးမင်နှင့် ချန်းဝမ်တို့လက်ထပ်မည့်ကိစ္စအတွက် စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပေးရန် စီစဉ်ခဲ့သည့်သတင်းက နန်းတော်တစ်ခုလုံး ပြန့်နေခဲ့ပြီဖြစ်သည်။

သူ့တွင် အသက်ဆယ်သက်ရှိနေလျှင်ပင် နောက်တွင် ချန်းဝမ်၏ တော်ဝင်ဝမ်ဖေးဖြစ်လာမည့်သူကို မစော်ကားဝံ့ပါပေ။

ကျို့ကျူကတော့ နားမလည်နိုင်ဖြစ်နေသည်။ ထိုသူက ဘာလို့ ရုတ်တရက်ကြီး ဒူးထောက်လိုက်တာလဲ။

သို့သော် သူ့နောက်လိုက် မိန်းမစိုးဖြစ်သူ၏ခက်ခဲမှုကိုနားမလည်သော ထိုကောင်စုတ်ကလေးကတော့ ကျို့ကျူဆံကေသာထက်မှ ဖီးနစ်ပုံဆံထိုးကို ကြည့်ကာ

“အဲဒီဆံထိုးက လှလိုက်တာ။”

ပုံမှန်အားဖြင့် သူ့ဘက်မှ ထိုသို့ပြောလိုက်သည်နှင့် တစ်ဖက်သူက သူ့ထံသို့ ပေးအပ်လာခဲ့သည်ချည်းသာ။

“အို။”

ကျို့ကျူသည် ဆံထိုးကို ထိလိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ

“ငါလည်း အဲလိုပဲထင်တယ်။”

ထိုကလေးသည် ကျို့ကျူကို စိုက်ကြည့်နေ၏။

ပြီးတော့ရော။

ကျို့ကျူကလည်း ကလေးကို ပြန်စိုက်ကြည့်နေသည်။

ဘာလဲ၊ သည်ကလေးက သူ့ရဲ့အကြိုက်ကို သူ(မ)ဘက်က ချီးကျူးပေးဖို့ မျှော်လင့်နေတာလား။

“သခင်လေး။”

ဒူးထောက်နေသော မိန်းမစိုးသည် ထိုကလေး၏ အင်္ကျီလက်စကို ညင်သာစွာ ကိုင်လိုက်ပြီး

“ဒီသခင်မလေးက သခင်မလေးမင်ပါ။ ချန်းဝမ်နဲ့ လက်ဆက်မဲ့သူလေ။”

သခင်ငယ်လေးကျန်းသည် မိန်းမစိုးကိုင်ထားသော အင်္ကျီလက်ကို ရုန်းခါပစ်လိုက်ကာ ပြောလိုက်၏။

“ဒါဆို သူ(မ)က မြှူဆွယ်တတ်တဲ့ကွေ့ဖေးရဲ့ မိသားစုဝင်ပေါ့။”

မင်ယွဲ့နန်းဆောင်မှ အစေခံများသည် ဝေဖန်ပြောဆိုမှုကို မကြားလိုက်သည့်အလား အပြုံးတစ်ပွင့်ဆင်မြန်းထားကြသေးသော်လည်း မိန်းမစိုးများမှာတော့ ကြောက်လွန်း၍ တုန်ယင်နေကြလေပြီ။

မြှူဆွယ်တတ်တဲ့ကွေ့ဖေးတဲ့လား။

ကျို့ကျူသည် မင်ယွဲ့နန်းဆောင်မှ အထိန်းတော်ကြီးဘက်သို့ တစ်ချက်ကြည့်လိုက်ရာ ခပ်သာသာလေး ခေါင်းညိတ်ပြလာသည်။

ယခုမှသာ ထိုကောင်စုတ်လေးက စုကွေ့ဖေးကို ရည်ညွှန်းပြောဆိုနေကြောင်း သူ(မ) သိတော့သည်။

“သခင်မလေးမင်၊ သခင်မလေးအနေနဲ့ ကလေးတစ်ယောက်ရဲ့စကားကို စိတ်ထဲမထည့်လိုက်ပါနဲ့။”

ကျို့ကျူတစ်ယောက် မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်သောအခါ အထိန်းတော်ကြီးက ပြောလိုက်သည်။ ထို့နောက် သူ(မ)က အရိုအသေပြုလိုက်ကာ

“မယ်မယ်ကလည်း ကလေးတစ်ယောက်ကို အပြစ်မမြင်ပါဘူး။”

“မယ်မယ်က ကြင်နာနွေးထွေးပြီး စိတ်ထားမြင့်မြတ်တယ်ဆိုပေမဲ့ ဒါက တခြားသူတွေ ပြောချင်တိုင်းပြောလို့ရတယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး။”

ကျို့ကျူသည် ပြောလိုက်ပြီးနောက် သူ(မ)မှာ လက်များပင် ယားနေရသည်။ သည်နေရာသည် လင်းကျိုသာဆိုလျှင် ထိုရိုသေးလေးစားမှုမရှိသော ကောင်စုတ်ကလေး အပြစ်ပေးခံရမည်မှာ ကြာပြီဖြစ်သည်။

ကြင်နာနွေးထွေးတယ်။

စိတ်ထားမြင့်မြတ်တယ်။

ဒူးထောက်နေသော မိန်းမစိုးများမှာ နားကြားများမှားလေသလား တအံ့တဩ ဖြစ်နေကြရသည်။ သခင်မလေးမင်က ဘယ်သူ့အကြောင်း ပြောနေတာပါလိမ့်။

“ဆိုးသွမ်းနေတဲ့ကလေးတွေက များသောအားဖြင့် သေချာမသင်ယူရသေးလို့ပါ။”

ကျို့ကျူသည် သူ(မ)ကိုယ်သူ(မ) ချင့်ချိန်စဉ်းစားတတ်သူဟု မှတ်ယူပြီး၊ ကလေးကို ကိုယ်တိုင်ဆုံးမ၍လည်း မဖြစ်လေရာ သူ၏အုပ်ထိန်းသူကို သွားပြောသင့်သည်ဟု စဉ်းစားလိုက်သည်။

“ခုနက၊ ဒီသခင်လေးက ချီဝမ်ရဲ့တစ်ဝမ်းကွဲညီလေးလို့ ပြောခဲ့တယ်မလား။”

ယခုကဲ့သို့သောကိစ္စရပ်မျိုးကို ကိုင်တွယ်ရာတွင် မိဘအုပ်ထိန်းသူကို အကြောင်းကြားခြင်းကသာ အမြဲတမ်းအတွက် မှန်ကန်သော ချဉ်းကပ်မှုပင်။

သို့သော် ချီဝမ်က မည်သူနည်း။ ထားလိုက်ပါတော့၊ ကိစ္စမရှိဘူး။

“ကူးကူ၊ ကျွန်မတို့ သခင်လေးကျန်းကို ချီဝမ်ဆီပြန်ပို့ပြီး အရှင်မင်းသားကိုပဲ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်တာ ကောင်းမယ်နော်။”

ကျို့ကျူသည် ခဏလောက် စဉ်းစားပြီးနောက် အကြံပြုလိုက်၏။

“ချီဝမ်က နူးညံ့ပြီး စိတ်နှလုံးရှင်းသန့်သူတစ်ယောက်ဆိုတော့ သခင်လေးကျန်း အပြောအဆိုရိုင်းပျတာကို ပြင်ဆင်ပေးနိုင်မှာ အသေအချာပါပဲ။”

ချီဝမ်က မည်သို့သောသူဖြစ်ကြောင်း သူ(မ)မသိသော်လည်း တစ်စုံတစ်ယောက်၏ အကျင့်စရိုက်ကို ချီးကျူးဂုဏ်တင်လိုက်ခြင်းကသာ ဘေးအကင်းဆုံးဖြစ်ပေ၏။

“နားလည်ပါပြီ။”

နန်းတွင်းအစေခံတစ်ယောက်က ပြုံးလိုက်ကာ

“ဒီအစေခံ သခင်မလေးရဲ့ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လိုက်ပါမယ်။”

ထိုဆိုးဆိုးသွမ်းသွမ်းကလေးလေး သုန်သုန်မှုန်မှုန်မျက်နှာနှင့် ခေါ်သွားခံရသည်ကို ကြည့်နေရင်း ကျို့ကျူ ခပ်တိုးတိုးလေး ဟွန့်ခနဲ နှာမှုတ်လိုက်သည်။ သည်လိုကောင်စုတ်ကလေးက အမျိုးသမီးတွေအကြောင်း ဘာများသိမှာတဲ့လဲ။

စုကွေ့ဖေးသည် တကယ့်ကို နတ်သမီးလေးဖြစ်ပေ၏။

နှစ်ရက်အတွင်းပင် မင်မိသားစုမှ သခင်မလေးနှင့် ချန်းဝမ်တို့ စေ့စပ်မည့်သတင်းက မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေပြီ။

“အမတ်ကြီးမင်ရဲ့စိတ်နေစိတ်ထားကိုလည်း ကျွန်တော်တို့အားလုံး သိနေကြတာပဲ။ စိတ်ပူနေစရာ မလိုပါဘူး။”

“လက်ထပ်သွားတဲ့သမီးက ဖိတ်စင်သွားတဲ့ရေလိုပါပဲ။ အမတ်ကြီးမင်။ စိတ်ကိုအေးအေးထားပါ၊ စိတ်လျှော့ပါ။”

မင်ကျင်းကျိုးသည် သူ့ကိုနှစ်သိမ့်ပေးနေကြသည့် အမတ်ကြီးများကို နောက်တွင်ချန်ခဲ့ပြီး ရထားလုံးပေါ်သို့သာ သုန်မှုန်စွာဖြင့် တက်လိုက်လေသည်။

လက်ထပ်ရမည့်သူက သူတို့၏သမီးမဟုတ်၍ ထိုသူတို့အတွက်တော့ အပြောလွယ်ပေမည်။ အဘယ်သို့များ သည်ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားနိုင်မည်နည်း။

သမီးတစ်ယောက်ရှိခြင်းက မှားယွင်းနေသလား။ သူ(မ)က ချစ်မြတ်နိုးဖို့ မထိုက်တန်ဘူးဆိုသည့် သဘောလား။

နှလုံးသားတစ်ခုလုံးအက်ကွဲကြေမွနေသော အဖေတစ်ယောက်ဖြစ်သည့် မင်ကျင်းကျိုးသည် သူနှင့်အဆင်ပြေချောမွေ့ခဲ့သော လုပ်ဖော်ကိုင်ဖက်များကို ကြည့်နေရင်း စိတ်ပျက်မှုများသာ တိုးလာရသည်။

သို့နှင့် သူ အိမ်ပြန်ရောက်သောအချိန် လှပကြော့ရှင်းလှသောချစ်စဖွယ် သမီးလေးကို တွေ့လိုက်ရသောအခါ ဝမ်းနည်းမှုကြောင့် မျက်ရည်ကျမိမတတ်ပင် ဖြစ်ရတော့သည်။

မင်ကျင်းကျိုး၏အမူအရာကို မြင်ရရုံဖြင့် ထိုသူက သူ၏သမီးကို ချန်းဝမ်နှင့်လက်ထပ်ပေးရမည့်ကိစ္စအား လက်သင့်မခံနိုင်ဖြစ်နေကြောင်း ရှန်းရှီသိလိုက်သည်။ သူ(မ)သည် ထိုသူအား နှစ်သိမ့်ပေးနေရင်း သူ(မ)၏တူများကို လှမ်းခေါ်လိုက်ကာ ကျို့ကျူကိုခေါ်သွား၍ လမ်းလျှောက်ထွက်ပေးရန် ပြောလိုက်သည်။

သည်ရက်ထဲတွင် သူ(မ)သည်လည်း ချီတုံချတုံဖြင့် စိုးရိမ်ပူပန်နေခဲ့ရကာ သမီးဖြစ်သူကို အိမ်ပြင်လွှတ်ရမည်ကိုပင် စိုးထိတ်နေမိသည်။ ကျို့ကျူက ထွက်သွားသည်နှင့် ပျောက်ကွယ်သွားကာ ဘယ်သောအခါမှ မပြန်လာတော့မည့်ပမာ ခံစားနေရ၏။

ကျို့ကျူက အလွန်လိမ္မာသည်။ သူ(မ)ကို အပြင်ထွက်ခွင့်မပေးလျှင်လည်း အိမ်တော်တွင်သာ အမေကို အဖော်ပြုပေးနေပြီး အပြင်ထွက်ချင်သည်ဟုဆိုကာ ပြဿနာရှာခြင်းမျိုး ဘယ်တုန်းကမှမလုပ်ခဲ့။

သို့သော် ဧကရာဇ်က သူ(မ)တို့၏သမီးလေးကို ချန်းဝမ်၏ တော်ဝင်ဝမ်ဖေးတစ်ယောက်အဖြစ် ဆုံးဖြတ်ချက်ချလိုက်သည့်အခါတွင်တော့ အမေတစ်ယောက်နေဖြင့် လက်လွှတ်ရန်သာ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးရတော့သည်။ သူ(မ)၏ အပြစ်ရှိစိတ်တို့ စွန်းထင်းနေသော ချစ်ခြင်းမေတ္တာက သမီးအတွက် လှောင်အိမ်တစ်ခု မဖြစ်စေလိုပေ။ ဤသို့ဖြစ်နေလျှင်မူ သည်အရာသည် ချစ်ခြင်းမေတ္တာမဟုတ်ဘဲ.....နှိပ်စက်ညှဉ်းပန်းမှုတစ်ခုသာ ဖြစ်နေပေလိမ့်မည်။

“သမီး အပြင်မထွက်ချင်ပါဘူး။ သမီးက အိမ်မှာပဲနေပြီ အမေ့ကို အဖော်ပြုပေးချင်တာ။”

ကျို့ကျူက ရှန်းရှီ၏လက်ကို ဖွဖွလေး ကိုင်ဆွဲထားပြီး မျက်ဝန်းများက ကြယ်တာရာလေးများအလား တလဲ့လဲ့လက်နေခဲ့သည်။

“အမေ သမီးရဲ့အဖေနဲ့ ဆွေးနွေးစရာကိစ္စရှိလို့ပါ။ ဝမ်းကွဲအစ်ကိုနဲ့ အပြင်ထွက်ပြီး အမေ့အတွက် ပါးနီဘူးနည်းနည်းလောက် ကူရွေးပေးခဲ့။”

ရှန်းရှီသည် ကျို့ကျူ၏ပဝါကို ပြင်ဆင်ပေးနေရင်း ပြုံးပြလိုက်ကာ

“သွားတော့။ အမေ ညစာအတွက် မီးဖိုဆောင်ကို သမီးကြိုက်တဲ့ဟင်းတွေ ပြင်ခိုင်းထားလိုက်မယ်။”

“ဒါဆို သမီး ခဏနေ ပြန်လာခဲ့မယ်နော်။”

ကျို့ကျူက ရှန်းရှီ၏လက်ကို ဖွဖွလေး ဆုပ်ကိုင်လိုက်ပြီးမှ ထရပ်လိုက်ကာ တံခါးဘက်သို့ ထွက်သွားလေသည်။

ရှန်းရှီမှာ အမှုမဲ့အမှတ်မဲ့ဖြင့် သူ(မ)၏ခြေလှမ်းအတိုင်း တံခါးနားသို့ ခြေလှမ်းအနည်းငယ်လောက် လိုက်သွားလိုက်မိပြီးမှ မနည်း ရပ်လိုက်ရသည်။

“အမေ။”

ကျို့ကျူသည် တံခါးနားအရောက်မှ ပြုံးရိပ်သမ်းနေသော ကွေးညွတ်ညွတ်မျက်ဝန်းများနှင့် ခေါင်းလေးလှည့်လာကာ

“သမီးက ညစာကို ခရမ်းသီးလိပ်အစာသွတ်ဟင်း စားချင်တာ။ မမေ့နဲ့နော်။”

ရှန်းရှီမှာ သူ(မ)၏သမီး ပြုံးပြုံးလေး ပြန်လှည့်လာချိန်တွင် ရင်ထဲ ငြိမ်းအေးသွားခဲ့လေပြီ။

သူ(မ)၏ကလေးက သည်နေရာတွင်သာ ရှိနေဆဲပင်။

သူ(မ)၏သမီးလေးသည် သာမန်ကလေးများကဲ့သို့ အပြင်သွားမည်၊ သို့သော် မိသားစုကို ချွဲနွဲ့ရန် သတိရနေသေးပြီး ညစာအတွက် စားချင်သည့်အရာကိုလည်း ပြောပြနေဆဲပင်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment