အပိုင်း ၈
သစ်ခက်ပုံရွှေဆံထိုးတွေ၊ အနီရောင်ဆံထိုးတွေ၊ ကျောက်စိမ် ပုလဲတို့နဲ့ စီခြယ်ထားတဲ့ သရဖူတွေ…..ဒါတွေကို ဝယ်မဲ့သူမရှိရင်၊ သူတို့လေးတွေ အထီးကျန်နေရလိမ့်မည်မလား။
“ဒီဆံထိုးတွေ၊ အဆင်တန်ဆာတွေက နောက်ပိုင်း ဘာလို့ ကြောင်စီစီတွေ ဖြစ်လာကြတာလဲ။ သစ်ခက်ပုံရွှေဆံထိုးတွေ၊ အနီရောင်ကျောက်တွေ၊ လိပ်ခွံရောင်တွေ….တော်တော်ကို အမြင်မရှိတာတွေ!”
“ဒီကျောက်စိမ်းလက်ကောက်တစ်ခုပဲ နည်းနည်းလောက် လက်ခံနိုင်စရာရှိတယ်။”
အစတည်းက ကျောက်စိမ်းလက်ကောက်ကို စိတ်ပင်မဝင်စားခဲ့သည့် ကျို့ကျူ : “……”
“သခင်လေး၊ ဒါက နောက်ဆုံးထွက်ထားတဲ့ပုံစံတွေပါ။”
အလုပ်သမလေးက ယဉ်ကျေးစွာပြုံးလျက် ရှင်းပြနေသည်။
“သခင်လေး ဒါတွေကိုမကြိုက်ဘူးဆိုရင်၊ ကျွန်မ တခြားပုံစံတွေ ပြပေးလို့ရပါတယ်။”
“နန်းတော်က လူတချို့လောက် ကြိုက်လိုက်တာနဲ့ လူကြိုက်များသွားတာချည်းပဲ။ လူတိုင်းက ဒါပဲ လိုက်ကြိုက်နေကြတာ။”
ထိုလူငယ်က နှာခေါင်းရှုံ့လိုက်ကာ အထင်မြင်သေးသောလေသံဖြင့် ပစ္စည်းတချို့ကို ညွှန်ပြ၍
“ဒါတွေပဲ။ ကျန်တာတွေက အဖြစ်မရှိဘူး။”
“သခင်မလေး။”
အလုပ်သမလေးက ထိုလူငယ်ပြောသည်ကို မကြားသယောင်ပြု၍ ကျို့ကျူကို တိုးတိုးလေး မေးလာသည်။
“ဒါလေး ပန်ကြည့်မလား။”
“အင်း။”
ကျို့ကျူသည် သစ်ခက်ပုံရွှေဆံထိုးလေးကို အလုပ်သမလေးထံသို့ ပေးလိုက်ပြီး ကြေးမုံမှန်တစ်ချပ်ကို ယူကာ သူ(မ)ကိုယ်သူ(မ) ကြည့်လိုက်သည်။
သူ(မ)၏ဆံပင်များက နက်မှောင်ထူထဲ၍ သစ်ခက်ပုံရွှေဆံထိုးကို ပန်ဆင်လိုက်သောအခါ ကြည့်မလှဖြစ်ဖို့ဝေးကာ၊ ကောင်းယင်ယံမှ ကြယ်လေးတစ်စင်း အမှတ်တမဲ့ဖြင့် သူ(မ)၏ဆံကေသာထက် ကြွေကျလာသည်နှင့်ပင် တူနေတော့သည်။
ယခုလေးတင် အလုပ်သမလေးထံမှ ရတနာသေတ္တာကို လှမ်းယူလိုက်သော လူငယ်လေးသည် လှည့်အထွက်တွင် ကျို့ကျူတစ်ယောက် မှန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဒီလောက် စုတ်ပဲ့နေတာကို…..”
ဟင်။
ဟင်……
ဒီလောက်ကြီးလည်း ဆိုးရွားမနေပါဘူးလားလို့။
“လှပါတယ်။”
ကျို့ကျူက ဆံထိုးလေးကို ထိကြည့်လိုက်ကာ ပြောလိုက်သည်။
“ကျွန်မတော့ ကြိုက်တယ်။”
ဆံထိုးကို စုတ်ပဲ့နေသည်ဟု ပြောခဲ့သောလူငယ်လေးက ယခု ကျို့ကျူကို စိုက်ကြည့်နေသောအခါ သူ(မ)မှာ မျက်လုံးပင်ကျယ်သွားရသည်။
ဘာလဲ၊ သူ စုပ်ပဲ့တယ်လို့ထင်တာနဲ့ပဲ တခြားသူကိုပါ အဲဒီပစ္စည်းကို မဝယ်စေချင်တာလား။
“သခင်မလေး၊ မင်းက အမြင်ရှိတာပဲ။ မင်းဆံပင်ပေါ်က ဆံထိုးက လနန်းတော်က သစ်ခက်လေးတစ်ခက်လို၊ ကောင်းကင်ဘုံရေကန်က ပန်းလေးတစ်ပွင့်လိုပဲ။”
ထိုလူငယ်လေးက ချောင်းဟန့်လိုက်ကာ ကျို့ကျူထံသို့ သာသာလေး ဦးညွတ်ပြလာသည်။
ကျို့ကျူ : “…….”
အစောပိုင်းက သူပြောခဲ့သည်ကို သူ(မ)က မကြားခဲ့သည့်အတိုင်းပင်။
သူ(မ) သည်မြို့တော်သို့ မလာခင်တွင် ဆရာဖြစ်သူများက မြို့တော်မှလူများသည် ဉာဏ်များကြကြောင်းနှင့် စကားကို လက်လွတ်စပယ်မပြောဘဲ သတိထားသင့်ကြောင်း ပြောခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
“ကျွန်တော်က ဖင်းယွမ်နယ်စားကြီးရဲ့ ဆက်ခံသူဖြစ်တဲ့ ကျန်းဝမ်နန်ပါ။ ဒီကသခင်မလေးက ဘယ်မိသားစုကလဲ မေးလို့ရမလား။”
ကျို့ကျူဘက်မှ ဘာမှပြန်မပြောသောအခါ လူငယ်လေးသည် ခြေတစ်လှမ်း တိုးလာ၏။
ဖင်းယွမ်နယ်စားကြီး၊ ကျန်း…..
ဒါ ကွေ့ဖေးကို မိစ္ဆာမလို့ ပြောခဲ့တဲ့ ကောင်စုတ်လေးရဲ့ မိသားစုကမလား။
ကျို့ကျူသည် မတ်တတ်ရပ်လိုက်ကာ
“ကျွန်မရဲ့အမြင်က ဆိုးရွားလှပါတယ်။ ရှင့်ကိုလည်း မနှောင့်ယှက်ချင်တော့ပါဘူး။ နှုတ်ဆက်ခဲ့ပါတယ်။”
ကိုယ့်ကလေးကိုပင် သေချာမပျိုးထောင်နိုင်သူများက ခေါင်းတွင် တစ်ခုခုချို့ယွင်းနေသည်သာဖြစ်မည်။ ထို့ကြောင့် သူ(မ) ခပ်ဝေးဝေးနေရန်သာ ဆုံးဖြတ်လိုက်၏…..သူတို့ရဲ့ ရူးသွပ်မှုတွေ ကူးစက်ကုန်မလားဆိုတာ ဘယ်သူသိမတဲ့လဲ။
ထိုမိန်းကလေး အလျင်အမြန် ထွက်ခွာသွားသည်ကို ကြည့်နေရင်း ကျန်းဝမ်နန်မှာ သူ(မ) ထိတ်လန့်သွားသည်ဟု မခံစားမိဘဲ မနေနိုင်တော့။
ကျန်းဝမ်နန်သည် သူ၏အစေခံဘက်သို့ လှည့်လိုက်ကာ
“ငါက ဒီလောက်တောင် ရုပ်ဆိုးနေလို့လား။”
“သခင်လေးက ချောမောကြည့်ကောင်းလှပြီး မျက်နှာကလည်း ကျောက်စိမ်းလို ဝင်းမွတ်နေတာပါ။”
ကျန်းဝမ်နန်က ဆိုင်ရှင်ဘက်သို့လှည့်ကာ
“ခုနကမိန်းကလေး ပန်သွားတဲ့ ဆံထိုးတစ်ခုယူမယ်။”
“သခင်လေး။”
အစေခံဖြစ်သူက တိုးတိုးလေးပြောလိုက်သည်။
“သခင်လေးပဲ စုတ်ပဲ့တယ်လို့ ပြောခဲ့တာမလား။”
“အဆိုတစ်ခု မင်းကြားဖူးလား။”
ကျန်းဝမ်နန်က မျက်ခုံးကိုပင့်ကာ နားလည်ရခက်ဖွယ်အမူအရာဖြင့် ပြောလေသည်။
“ဘယ်လိုအဆိုလဲ။”
“ယောက်ျားတွေဟာ ပြောင်းလဲလွယ်တဲ့ သက်ရှိတွေပဲတဲ့။”
“ဗျာ၊ တကယ်လား။”
လေးတွဲ့တွဲ့အသံတစ်ခုက ဝင်ပြောလာသည်။
“မင်း ဘယ်လောက် ပြောင်းလဲလွယ်တယ်ဆိုတာ ပြပါဦး။”
ကျန်းဝမ်နန်တစ်ယောက် အသံလာရာဆီသို့လှည့်ကြည့်လိုက်ရာ လက်ဝတ်ရတနာသေတ္တာကို ကိုင်ထားသည့်လက်က လွှတ်ချမိတော့မလိုပင် ဖြစ်သွားသည်။ ထို့နောက် သူသည် အနီးမှ သီးသန့်အခန်းကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။ ဘာလို့များ “ထိုသူ” ဒီမှာရှိနေတာကို ဘယ်သူကမှ မပြောခဲ့ကြတာလဲ။
“ခုနက နန်းတော်က ဂုဏ်သရေရှိပုဂ္ဂိုလ်တွေရဲ့အမြင်ကို မင်းဝေဖန်နေတာ ကြားမိလိုက်ပါတယ်။”
ခရမ်းရောင်ဝတ်စုံနှင့်သူက ထိုင်ခုံထက်တွင် ထိုင်နေကာ မြင်းရိုက်သည့်ကျာပွတ်ကို ပေါ့ပေါ့ပါးပါး ကစားနေရင်း ပြောလေ၏။
“နန်းတော်က ဘယ်သူ့ရဲ့အကြိုက်ကများ မင်းကို မကျေမနပ်ဖြစ်နေစေပါလိမ့်၊ သခင်လေးကျန်း။”
“အရှင်မင်းသား ဒီမှာရှိနေတာကို ကျွန်တော်မျိုး မသိလိုက်လို့ပါ။ ကျွန်တော်မျိုးရဲ့ ရိုင်းပျမှုအတွက် တောင်းပန်ပါတယ်။”
ကျန်းဝမ်နန်က လေးလေးစားစား အရိုအသေပြုလိုက်ပေသည်။
“အွန်း။”
ခရမ်းရောင်ဝတ်စုံနှင့်သူက ခပ်သာသာ ခေါင်းညိတ်ပြလိုက်ပြီး
“မင်းရဲ့အပြစ်မဟုတ်ပါဘူး။ ဒီမှာရှိနေမိတဲ့ ဒီမင်းသားရဲ့အပြစ်ပါ။ ဒါပေမဲ့ ကံမကောင်းစွာပဲ ဒီနေ့စိတ်မကြည်နေတော့ ဘယ်အရာကိုမှ “စုတ်ပဲ့” တယ်လို့ပြောတာမျိုး မကြားချင်ဘူးဖြစ်နေတာ။”
သူက မြင်းရိုက်ကျာပွတ်ကို စားပွဲပေါ်သို့ ပစ်ချလိုက်ကာ
“မင်းရဲ့နာမည်အပြည့်အစုံကို ပြောပါဦး။”
ကျန်းဝမ်နန် အံသာကြိတ်လိုက်မိတော့သည်။ သူသည် ချီဝမ်နှင့် တစ်ဝမ်းကွဲတော်စပ်သူဖြစ်ပြီး ဖင်းယွမ်နယ်စားကြီး၏ သားအကြီးဆုံးဖြစ်သည်။ ချန်းဝမ်အနေဖြင့် သူ့နာမည်ကို မသိသည်မျိုး ဘယ်လိုများ ဖြစ်နိုင်မည်နည်း။ ဒါသည် အရှက်ရမှုတစ်ခုသာ။
“ထားလိုက်ပါတော့။”
ခရမ်းရောင်ဝတ်စုံနှင့်လူသည် မတ်တတ်ထရပ်လိုက်ပြီး
“မင်းပြောလည်း ဒီမင်းသားက မှတ်မိမှာမှမဟုတ်တာ။”
ထိုသို့ပြောပြီးသည်နှင့် သူသည် ပခုံးများအနည်းငယ်တုန်ယင်နေသော ကျန်းဝမ်နန်ကို ကြည့်လာပြီး ရုတ်တရက် ရယ်မောလိုက်ကာ
“မကြောက်ပါနဲ့။ ဒီမင်းသားက သာမန်လူတွေကိုဆို သက်ညှာပေးတတ်ပါတယ်။”
ကျန်းဝမ်နန်တစ်ယောက် ပို၍ပင် တုန်ယင်လာတော့သည်။
ထိုသူ နောက်ဆုံး “သက်ညှာပေးခဲ့သော” သူက ယခုထိ မြို့စွန်တွင် ကျောက်သယ်နေရတုန်းပင်။
မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ငါယုံမယ်များ ထင်နေလား။
လုံးဝ မယုံဘူး!
***
Aurora Novel Translation Team