no

Font
Theme

အခန်း (၉) - ကောက်ပဲသီးနှံများ စိုက်ပျိုးခြင်း

ရှောင်ကော် နောက်တစ်ကြိမ် ငြင်းဆန်ခွင့်မရမီမှာပင် အစ်မရန်သည် ထိုအိတ်ကို ရှောင်ကော်၏ ရင်ခွင်ထဲသို့ အတင်းထိုးထည့်ပေးပြီး ခြင်းတောင်းကို ကိုင်ကာ ထွက်ပြေးသွားတော့သည်။ သူမသည် ပြေးလွှားရင်း ရှောင်ကော်ကို လက်ယမ်းပြကာ အော်ပြောသွားလေသည်။ "အိမ်ထဲ ပြန်ဝင်တော့"

ရှောင်ကော်သည် ပစ္စည်းများကို သိမ်းဆည်းရင်း အစ်မရန် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ အလွန်ပင် စိတ်လှုပ်ရှားသွားရ၏။ နောင်တစ်ချိန်တွင် အစ်မရန်ကို ကျေးဇူးပြန်ဆပ်မည်ဟုလည်း သူမ ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်မိသည်။ ရှောင်ကော် လှည့်အဝင် တံခါးပိတ်လိုက်သည်နှင့် ကျွမ့်ကျွမ့်မှာ သူမဆီသို့ ပြေးလာကာ "အမေ... အစ်မရန်လားဟင်? သားတို့ကို အစားအစာတွေ ထပ်ပေးသွားတာလား?"

"အင်း...အမေတို့အတွက် အများကြီး ပေးသွားတယ် သားရဲ့"

လွန်ခဲ့သော အချိန်အတော်ကြာက အစ်မရန်တို့ မိသားစုမှာ အလွန်ဆင်းရဲပြီး ထမင်းပင် မဝခဲ့ကြပေ။ ထိုစဉ်က ကျန်းမိသားစုမှ လူကြီးများက သူတို့၏ စားဝတ်နေရေးကို ကူညီထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။ ရန်မိသားစုမှာ ထိုကျေးဇူးကို အမြဲ အောက်မေ့နေခဲ့ကြ၏။ ကျန်းထန်းဟောက်၏ မိခင် ကွယ်လွန်သွားပြီးနောက်တွင် ကျန်းမိသားစု၌ ရှောင်ကော်နှင့် ကျွမ့်ကျွမ့်တို့ နှစ်ဦးသာ ကျန်ရစ်တော့သည်။ ရန်မိသားစုမှာလည်း ချမ်းသာလှသည်မဟုတ်သော်လည်း ရှောင်ကော်တို့ သားအမိကို အမြဲတမ်း စိတ်ရင်းမှန်ဖြင့် စောင့်ရှောက်ကြည့်ရှုခဲ့ကြသည်။ ရှောင်ကော်မှာ ရန်မိသားစုထံမှ ရရှိသော အကူအညီများအတွက် အလွန်ပင် ကျေးဇူးတင်မိနေတော့သည်။ သူမသည် ဤကျေးဇူးတရားကို အမြဲမှတ်ထားပြီး တတ်နိုင်သည့် တစ်နေ့တွင် သေချာပေါက် ကျေးဇူးဆပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ရှောင်ကော်နှင့် ကျွမ့်ကျွမ့်တို့သည် ပစ္စည်းများကို မီးဖိုခန်းထဲသို့ သယ်လာကြ၏။ ကျွမ့်ကျွမ့် အိတ်များကို ချလိုက်စဉ် အိတ်ထဲ၌ မာမာသောအရာတစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။ "အမေ... ဒါက ဘာလဲဟင်?"

ကျွမ့်ကျွမ့်က အိတ်ငယ်လေးကို ရှောင်ကော်ထံ ကမ်းပေးလိုက်သည်။ သူမ ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ကြေးပြားလေးများ ပါနေသည်ကို တွေ့လိုက်ရ၏။ စုစုပေါင်း ကြေးပြား ၃၀ ဖြစ်သည်။ ၎င်းမှာ အစ်မရန်က အစားအစာများထဲတွင် လျှို့ဝှက်ထည့်ပေးလိုက်သော ငွေများဖြစ်ကြောင်း ရှောင်ကော် သိလိုက်ရလေပြီ။

ရှောင်ကော်သည် သူမ၏ လက်ထဲရှိ ကြေးပြားလေးများကို ကြည့်ရင်း ပြောမပြတတ်အောင် စိတ်လှုပ်ရှားသွားရသည်။ ကျန်းထန်းဟောက် စစ်မြေပြင်တွင် ကျဆုံးသွားခဲ့ကတည်းက စစ်တပ်မှ ထောက်ပံ့ကြေးများ မရရှိတော့ပေ။ ကျန်ရှိသော စုဆောင်းငွေများမှာလည်း ဒေါ်လေးကျန်း ကွယ်လွန်ချိန်တွင် ကုန်သွားခဲ့သည်။ အစ်မရန်မှာ သူတို့၏ အခြေအနေကို သိရှိနားလည်သဖြင့် သူတို့ကို ကူညီရန်အတွက် အစားအစာထဲတွင် ငွေများ ဝှက်ထည့်ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ရှောင်ကော်သည် ထိုငွေများကို ပြန်ပေးရန် ရည်ရွယ်ခဲ့သော်လည်း တစ်ဖက်မှ ပြန်စဉ်းစားကြည့်ပြန်လျှင် သူမတွင် ငွေတစ်ပြားမှ မရှိချေ။ ငွေပိုရှာနိုင်ရန်အတွက် သူမတွင် အရင်းအနှီးအချို့ ရှိထားရန် လိုအပ်သည်။ ထို့ကြောင့် ရှောင်ကော်သည် ထိုကြေးပြား ၃၀ ကို သိမ်းထားရန် ဆုံးဖြတ်လိုက်၏။ နောင်တစ်ချိန်တွင် အစ်မရန်ကို ဤပမာဏထက် နှစ်ဆပြန်ပေးမည်ဟု သူမ တွေးလိုက်သည်။

ငွေများကို သိမ်းဆည်းပြီးနောက် ရှောင်ကော်သည် ကျွမ့်ကျွမ့်ကို ခေါ်ကာ အိမ်ပြင်သို့ ထွက်လာခဲ့သည်။ အခြားသူများ မျိုးစေ့စိုက်နေကြပြီလားဆိုသည်ကို သူမ သိလိုလှသည်။

စိုက်ပျိုးရေးမြေကွက်များဆီသို့ ရောက်သောအခါ လူအချို့မှာ မျိုးစေ့များ စတင်ကြဲပက်နေကြသည်ကို မြင်လိုက်ရ၏။ ရှောင်ကော်သည် သူမ၏ စိုက်ပျိုးမြေကွက်ဆီသို့ လျှောက်သွားရင်း လမ်းတစ်လျှောက်ရှိ လူများကို နှုတ်ဆက်သွားခဲ့သည်။ သူမ၏ မြေကွက်ဘေးရှိ အိမ်နီးချင်း မိသားစုက နောက်နှစ်ရက်နေလျှင် မိုးရွာနိုင်ကြောင်း ရှောင်ကော်ကို ပြောပြကြ၏။ မိုးမရွာမီ မျိုးစေ့များကို အမြန်စိုက်ထားရန်လည်း တိုက်တွန်းကြသည်။ မိုးရွာပြီးနောက် မြေဆီလွှာများ ရေစိုသွားလျှင် မျိုးစေ့များ အပင်ပေါက်ရန်အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ရှောင်ကော်ကလည်း ထိုစကားမှာ အဓိပ္ပာယ်ရှိသည်ဟု တွေးမိသည်။ သူမတွင် မျိုးစေ့နှစ်ပုံစာသာ ရှိသဖြင့် စိုက်ရသည်မှာ မြန်ဆန်လွယ်ကူပေလိမ့်မည်။ အချိန်မှာလည်း စောသေးသဖြင့် မျိုးစေ့များကို ချက်ချင်း စိုက်သင့်မစိုက်သင့် ကျွမ့်ကျွမ့်နှင့် တိုင်ပင်လိုက်သည်။ ကျွမ့်ကျွမ့်ကလည်း စိုက်ပျိုးရေးတွင် ကူညီပေးမည်ဟု ချက်ချင်းပင် ပြောလာခဲ့၏။

သူတို့နှစ်ဦးသည် ပေါက်ပြားယူရန် အိမ်သို့ အမြန်ပြန်ကြသည်။ စိုက်ခင်းသို့ ပြန်ရောက်သောအခါ ရှောင်ကော်က ဦးဆောင်၍ မြေဆွခြင်းကို စတင်လေတော့သည်။ ကျွမ့်ကျွမ့်ကလည်း သူမနောက်က တကောက်ကောက်လိုက်ရင်း မျိုးစေ့ကြဲရန် ကူညီပေးသည်။

ရှောင်ကော်သည် မြေကွက်ပေါ်တွင် အားတက်သရော ဆက်လက်မြေဆွနေပြီး ကျွမ့်ကျွမ့်ကိုမူ သူ၏ အရှိန်ဖြင့်သာ မျိုးစေ့ကြဲရန် ခိုင်းထား၏။ သူမ၏ အပိုင်းပြီးသွားသောအခါ ရှောင်ကော်သည် ကျွမ့်ကျွမ့်ထံမှ မျိုးစေ့များကို ယူကာ ကျန်ရှိသည်များကို ဆက်လက်စိုက်ပျိုးရင်း ကျွမ့်ကျွမ့်ကိုမူ အနားတွင် ထိုင်နေရန်နှင့် အဝေးသို့ မသွားရန် မှာကြားလိုက်လေတော့သည်။

သူမသည် မျိုးစေ့များကို ကြဲပက်ရင်း တစ်ဖက်မှလည်း ကျွမ့်ကျွမ့်ကို လှမ်းကြည့်နေခဲ့သည်။ ကလေးငယ်မှာ မြေပြင်ပေါ်တွင် လိမ္မာပါးနပ်စွာ ထိုင်ရင်း သူမကို စောင့်နေသည်ကို မြင်ရသဖြင့် ရှောင်ကော် စိတ်အေးသွားကာ အလုပ်ကို အရှိန်မြှင့်လိုက်တော့သည်။

အဆက်မပြတ် အလုပ်လုပ်နေသော်လည်း ရှောင်ကော်သည် တစ်စက်ကလေးမျှ ပင်ပန်းသည်ဟု မခံစားရပေ။ ဖြစ်နိုင်သည်မှာ ကမ္ဘာပျက်ကပ်မတိုင်မီ သူမပိုင်ဆိုင်ခဲ့သော ကုသခြင်းစွမ်းအား မှာ သူမ၏ ဝိညာဉ်နှင့်အတူ ကပ်ပါလာခြင်း ဖြစ်ပေလိမ့်မည်။ မျိုးစေ့အားလုံး ကြဲပြီးသွားချိန်တွင် သူမစိုက်ပျိုးခဲ့သော ဧရိယာမှာ မြေကွက်တစ်ကွက်စာ အတိအကျ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ကျန်းမိသားစုမှာ အခြေချနေထိုင်သူများအဖြစ် သတ်မှတ်ခံထားရသဖြင့် မြေကွက်အငယ်စားလေးတစ်ခုကိုသာ ခွဲဝေရရှိသည်။ အခြားမိသားစုများနှင့် နှိုင်းယှဉ်လျှင် သူတို့ရရှိသော မြေအတိုင်းအတာမှာ သိသိသာသာ သေးငယ်သော်လည်း ရှောင်ကော်၏ အမြင်မှာမူ ဤပမာဏမှာ အတော်ပင်။ ဤမြေကွက်မှ ထွက်ရှိလာမည့် ရိတ်သိမ်းသီးနှံများမှာ သူတို့သားအမိ နှစ်ဦးအတွက် လုံလောက်မှု ရှိပေလိမ့်မည်။

ရှောင်ကော်သည် သူမ၏ ခါးကို ပွတ်သပ်ရင်း မတ်တတ်ရပ်၍ ပေါက်ပြားကို ကောက်ယူကာ ကျွမ့်ကျွမ့်ဆီသို့ လျှောက်သွားရင်း "အိမ်ပြန်ရအောင်လေ"

ကျွမ့်ကျွမ့်က ထရပ်ကာ အမေဖြစ်သူ၏ လက်ကို ဆွဲလိုက်သည်။ ရှောင်ကော်သည် နေကို တစ်ချက်ကြည့်လိုက်ပြီး ကျွမ့်ကျွမ့်ကို ငုံ့ကြည့်ကာ "ဗိုက်ဆာနေပြီလား?"

ကျွမ့်ကျွမ့်မှာ စိုက်ခင်းထဲတွင် အလုပ်လုပ်နေရသည်ကို အလွန်စိတ်ဝင်စားနေသဖြင့် နေမှာ ကောင်းကင်အလယ်တည့်တည့်သို့ ရောက်လုနီးပါး ဖြစ်နေသည်ကို သတိမထားမိခဲ့ပေ။ ယခုဆိုလျှင် မွန်းတည့်ချိန် ရောက်နေလောက်ပြီ ဖြစ်သည်။ စိုက်ခင်းထဲရှိ လူအားလုံးမှာလည်း နေ့လယ်စာစားရန် အိမ်ပြန်ကုန်ကြပြီ ဖြစ်သည်။

ကျွမ့်ကျွမ့်က သိတတ်စွာဖြင့် ခေါင်းခါသည်။"ဟင့်အင်း... သား ဗိုက်မဆာပါဘူး အမေ။ အမေက ပိုပင်ပန်းနေတာပါ။ အိမ်ရောက်ရင် သား အမေ့ကို ကျောနှိပ်ပေးမယ်နော်"

ကျွမ့်ကျွမ့်၏ ချိုသာသော စကားများကြောင့် ရှောင်ကော်၏ နှလုံးသားမှာ ပျော်ရွှင်မှုများဖြင့် ပြည့်လျှံသွားရ၏။ ဤလူသားလေးမှာ မေတ္တာတရားနှင့် နားလည်မှုများဖြင့် ပြည့်နှက်နေလေသည်။ "သား စကားတွေကို ကြားရတာနဲ့တင် အမေ အားတွေ အများကြီး ရှိလာသလိုပဲ။ တကယ်လို့ ပင်ပန်းနေရင်တောင် အခုတော့ ဘာမှမဖြစ်တော့ဘူး"

ထိုစကားကို ကြားသောအခါ ကျွမ့်ကျွမ့်မှာ မျက်နှာလေး နီမြန်းသွားကာ 'အမေက တကယ်ကို သဘောကောင်းတာပဲ' ဟု ပျော်ရွှင်စွာ တွေးနေမိသည်။

ထိုစဉ်မှာပင် ကျွမ့်ကျွမ့်၏ ဝမ်းဗိုက်ထဲမှ 'ဂွမ်.. ဂွမ်...' ဟု အသံမြည်လာတော့သည်။ ကျွမ့်ကျွမ့်မှာ ချက်ချင်းပင် လက်နှစ်ဖက်ဖြင့် ဝမ်းဗိုက်ကို ဖိထားလိုက်ပြီး ရှောင်ကော်ကို ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်၏။ နီမြန်းနေသော သူ၏ မျက်နှာလေးမှာ ပို၍ပင် နီရဲသွားတော့သည်။ ရှောင်ကော်က ကျွမ့်ကျွမ့်၏ နှာခေါင်းလေးကို ညင်သာစွာ ဆွဲညှစ်လိုက်၏။ ကျွမ့်ကျွမ့် အမေ့ကို မပြောပြခဲ့သည်မှာ သူ၏ ဝမ်းဗိုက်ထဲမှ အသံမြည်နေသည်မှာ အတော်လေး ကြာနေပြီ ဖြစ်ကြောင်းပင်။

သားအမိနှစ်ဦး အိမ်သို့ အတူတူ ပြန်လာခဲ့ကြသည်။ ရှောင်ကော်သည် ရေတွင်းမှ ရေဇလုံဖြင့် ခပ်ယူကာ လက်ကို ဆေးလိုက်၏။ ထို့နောက် ကျွမ့်ကျွမ့်ကိုလည်း လာရောက် လက်ဆေးရန် ခေါ်လိုက်သည်။ ရှောင်ကော်သည် နေ့လယ်စာအတွက် ဘာချက်စားလျှင် ကောင်းမလဲဟု စဉ်းစားရင်း မီးဖိုခန်းထဲသို့ နောက်တစ်ကြိမ် ဝင်လာခဲ့လေတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment