အခန်း (၁၀) - ခရမ်းချဉ်သီး ဆီချက်
စားပွဲပေါ်ရှိ ပါဝင်ပစ္စည်းများကို ကြည့်လိုက်လျှင် ခရမ်းချဉ်သီးများ၊ ကြက်ဥများ၊ ပန်းခြောက်များနှင့် ဒီမနက်က ကျန်နေသော ဂျုံနယ်ဖတ်အချို့ ရှိနေသည်ကို တွေ့ရ၏။ ရှောင်ကော်သည် ယနေ့နေ့လယ်စာအတွက် "ခရမ်းချဉ်သီးဆီချက်" လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
အချိန်ဆွဲမနေတော့ဘဲ ရှောင်ကော်သည် အင်္ကျီလက်ကို ပင့်တင်ကာ ဟင်းသီးဟင်းရွက်များကို စတင်ဆေးကြောသည်။ ကျွမ့်ကျွမ့် ရောက်လာချိန်တွင် ဟင်းသီးဟင်းရွက်များမှာ လှီးဖြတ်ပြီးသား ဖြစ်နေပြီ။ သူ က ကူညီပေးရမလားဟု ရှောင်ကော်ကို မေးလာ၏။ ခဏမျှ စဉ်းစားပြီးနောက် ရှောင်ကော်က ပန်းကန်လုံးတစ်လုံးကိုယူ၊ ကြက်ဥတစ်လုံးကို ခွဲထည့်ပြီး ကျွမ့်ကျွမ့်ကို ပြောလိုက်သည်။
"ဒီကြက်ဥကို ကူခေါက်ပေး၊ တစ်ဖက်တည်းကိုပဲ လှည့်ပြီး သေချာလေး ခေါက်ပေးနော်။"
ကျွမ့်ကျွမ့်သည် သင်ကြားပေးသည့်အတိုင်း အလွန်ပင် အလေးအနက်ထား၍ ဂရုတစိုက် နားထောင်ရှာသည်။ သူသည် ထိုင်ခုံပုလေးကို အိုးရှေ့သို့ သယ်လာပြီး ကြက်ဥကို အားတက်သရော ခေါက်ပေးသည်။
ရှောင်ကော်သည် ဒယ်အိုးကို အပူပေးပြီး ဝက်ဆီဖတ်များကို ထည့်လိုက်၏။ ဆီများ ထွက်လာသောအခါ ကြက်သွန်မြိတ်နှင့် ခရမ်းချဉ်သီးများကို အိုးထဲသို့ ထည့်လိုက်သည်။ ခရမ်းချဉ်သီးများ နူးအိကာ အရည်များ ထွက်လာသည်အထိ ဆီသတ်လိုက်၏။ အရောအနှောများ ပွက်ပွက်ဆူလာသောအခါ ကျွမ့်ကျွမ့်ခေါက်ပေးထားသော ကြက်ဥများကို လောင်းထည့်လိုက်သည်။ အိုးထဲမှ ထွက်ပေါ်လာသော မွှေးကြိုင်လှသည့် ရနံ့ကြောင့် ကျွမ့်ကျွမ့်ခမျာ စားချင်စိတ်များ ထိန်းမရဘဲ သွားရည်တောင် ကျလာမိတော့သည်။
ရှောင်ကော်သည် ကျွမ့်ကျွမ့်၏ ပုံစံကိုကြည့်ကာ သဘောကျနေမိ၏။ သူမ သည် အိုးထဲမှ ကြက်ဥတစ်ဖဲ့ကို ခပ်ယူ၊ အပူလျော့အောင် မှုတ်ပေးပြီး သူ့ကို ခွံ့ကျွေးလိုက်သည်။ ကျွမ့်ကျွမ့်က တစ်လုပ်တည်းနှင့် အငမ်းမရ စားပစ်လိုက်သည်။ "တကယ် အရသာရှိတာပဲ!"
ကျွမ့်ကျွမ့်သည် ကြက်ဥများကို ဝါးရင်း ဗလုံးဗထွေးနှင့် စကားပြောနေသည်ကို ရှောင်ကော် က ပြုံးကြည့်ရင်း... "ဖြည်းဖြည်းစားဦး”
ရှောင်ကော်သည် အိုးထဲမှ ဟင်းဖတ်များကို ခပ်ထုတ်ကာ အအေးခံရန် တစ်ဖက်တွင် ခဏဖယ်ထားလိုက်သည်။ ထို့နောက် အိုးကို ဆေးကြောပြီး ရေဖြည့်လိုက်၏။ ကျွမ့်ကျွမ့်ကတော့ ဘေးနားတွင် ထိုင်ကာ မီးကို ကြည့်ပေးနေတော့သည်။ ရှောင်ကော်သည် စဉ်းတီတုံးပေါ်တွင် ဂျုံမှုန့်လေးများ ဖြူးလိုက်ပြီး ဂျုံနယ်ဖတ်ကို စတင်လှိမ့်သည်။ သူမသည် ပထမဆုံး ဂျုံများကို အပိုင်းလိုက် ခွဲထုတ်ကာ အပြားလေးများ ဖြစ်အောင် လှိမ့်လိုက်၏။ ပြီးမှ ထိုအပြားများကို တစ်ခုပေါ်တစ်ခု ထပ်ပြီး ခေါက်ဆွဲပြား ကျယ်ကျယ်လေးများ ဖြစ်အောင် လှီးဖြတ်လိုက်သည်။
ရေပွက်ပွက်ဆူလာသောအခါ ရှောင်ကော်က ကျွမ့်ကျွမ့်ကို ရေနွေးပူ မလောင်စေရန် အဝေးတွင် ခဏသွားနေဖို့ သတိပေးသည်။ ထို့နောက် ခေါက်ဆွဲများကို စတင်ပြုတ်သည်။ ခေါက်ဆွဲကျက်သည်ကို စောင့်နေစဉ်အတွင်း ရှောင်ကော်သည် သခွားသီးတစ်လုံးကို ယူကာ အမျှင်လေးများ ဖြစ်အောင် လှီးလိုက်၏။ ဘေးမှ ကြည့်နေသော ကျွမ့်ကျွမ့်မှာတော့ အံ့သြတကြီးဖြင့်... "ဝါး...!" ဟုတောင် အသံထွက်မိရေရွတ်နေခဲ့သည်။
ရေများ ပြန်လည်ပွက်ပွက်ဆူလာသောအခါ ရှောင်ကော်သည် လတ်လတ်ဆတ်ဆတ် ကျက်ရုံရှိသေးသော ခေါက်ဆွဲများကို ခပ်ထုတ်လိုက်ပြီး အသင့်ပြင်ထားသော ရေအေးဇလုံထဲတွင် ထည့်ကာ ဆေးလိုက်သည်။
ခေါက်ဆွဲများ အဆင်သင့်ဖြစ်ပြီကို မြင်သည်နှင့် ကျွမ့်ကျွမ့်သည် တူနှင့် ဇွန်းများကို ဆွဲကာ ထမင်းစားခန်းသို့ ပြေးသွားသည်။ သူ ထပ်မစောင့်နိုင်တော့ပေ။ ရှောင်ကော်သည် ဟင်းအိုးကို ကိုင်ကာ နောက်မှ လိုက်လာရင်း ဖြည်းဖြည်းသွားရန် သတိပေးသည်။
စားပွဲတွင် ရှောင်ကော်က ကျွမ့်ကျွမ့်အတွက် ခေါက်ဆွဲတစ်ပန်းကန် ခပ်ပေးသည်။ သူသည် ရှောင်ကော်ထံမှ ပန်းကန်ကို စိတ်လောတကြီး လှမ်းယူကာ စတင်စားသောက်တော့သည်။ အစားအစာမှာ အလွန်အရသာရှိလှသဖြင့် စကားပင် သေချာမပြောနိုင်တော့ပေ။ "အမေက ဒီလောက်ကောင်းတဲ့ ခေါက်ဆွဲတွေကို ဘယ်လိုလုပ်လိုက်တာလဲဟင်?" ဟု ဟင်းရည်တစ်လုပ်နှင့် တစ်လုပ်ကြားတွင် ကျွမ့်ကျွမ့်က အံ့သြတကြီး မေးသည်။
ရှောင်ကော်သည် ကျွမ့်ကျွမ့်ကို မည်သို့ပြန်ပြောရမလဲ စဉ်းစားလိုက်သည်။ သူမသည် စားဖိုမှူးတစ်ယောက်ဖြစ်ကြောင်း သူ့ကို ပြောပြ၍ မဖြစ်နိုင်ပေ။ "အမေကိုယ်တိုင် ချက်လို့ မရဘူးလား" ဟု ရှောင်ကော်က နောက်ပြောင်ကာ မေးလိုက်သည်။
ကျွမ့်ကျွမ့်က ခဏမျှ စဉ်းစားပြီးနောက် လေးလေးနက်နက် ခေါင်းညိတ်ပြသည်။ "ရတာပေါ့!"
ရှောင်ကော်သည် အစားအစာများဖြင့် ဖောင်းကားနေသော သူ၏ နှုတ်ခမ်းလေးကို အသာအယာ ဆွဲဖျစ်လိုက်သည်။ "ဖြည်းဖြည်းစား။ သီးမယ်နော်။"
ထမင်းစားပြီးသောအခါ ကျွမ့်ကျွမ့် ငိုက်မြည်းနေသည်ကို ရှောင်ကော် မြင်လိုက်သည်။ မျက်လုံးများပင် မဖွင့်နိုင်တော့သော်လည်း ကျွမ့်ကျွ မ့်က ပန်းကန်ဆေးပေးမည်ဟု ဇွတ်အတင်း ပြောနေသည်။ ထို့ကြောင့် ရှောင်ကော်က သူနိုးလာမှသာ ပန်းကန်များကို ဆေးမည်ဖြစ်ပြီး သူ အိပ်မပျော်မချင်း ပန်းကန်များကို မထိပါဟု ကတိပေးလိုက်ရသည်။
"အခု အိပ်လို့ ရပြီလား?" ဟု ရှောင်ကော်က သဘောကျကာ မေးလိုက်သည်။
ကျွမ့်ကျွမ့်ကို ချော့သိပ်ပြီးနောက် ရှောင်ကော်သည် အခန်းပြင်သို့ ထွက်ကာ ပန်းကန်များကို ဆေးသည်။ မီးဖိုခန်းကိုလည်း စေ့စေ့စပ်စပ် သန့်ရှင်းရေး လုပ်လိုက်သည်။ အလုပ်များ ပြီးသွားသော်လည်း ပင်ပန်းသည်ဟု မခံစားရပေ။ ရှောင်ကော် အခန်းထဲသို့ ပြန်ဝင်ကာ ကျွမ့်ကျွမ့်ကို စောင်ခြုံပေးလိုက်သည်။ ထို့နောက် အရှေ့ဘက်ခြမ်းရှိ ဒေါ်လေးကျန်း၏ အခန်းဟောင်းသို့ လျှောက်သွားသည်။ အခန်းမှာ သန့်ရှင်းပြီး အသုံးအဆောင် ဘာမှမရှိပေ။ မက်မွန်ပွင့်ကျေးရွာ၏ ဓလေ့အရ လူတစ်ယောက် သေဆုံးပြီးနောက် ပိုင်ဆိုင်သော အဝတ်အစားများကို မီးရှို့ကြရသည်။ အိပ်ရာနှင့် ဗီရိုများကိုလည်း ဖျက်ဆီးပစ်ကြရသည်။
ရှောင်ကော်သည် ဤအခန်းကို ကျွမ့်ကျွမ့်အတွက် ထားပေးရန် စီစဉ်ထားသည်။ ငွေအလုံအလောက် စုမိသောအခါ ဤအခန်းကို သူ၏ အခန်းအဖြစ် ပြောင်းလဲပေးမည်ဖြစ်သည်။ ကျွမ့်ကျွမ့်မှာ ယခုနှစ်တွင် ၃နှစ် ရှိနေပြီဖြစ်ရာ သူ ကြီးလာလျှင် သူမနှင့် အခန်းတစ်ခန်းတည်း အတူအိပ်ရန် မသင့်တော်တော့ပေ။ ရှောင်ကော်သည် ဤအချက်ကို သူမ လုပ်ဆောင်ရမည့် အလုပ်စာရင်းထဲသို့ ထည့်လိုက်သည်။
ရှောင်ကော် အခန်းအားလုံးကို သန့်ရှင်းရေးလုပ်ပြီးချိန်တွင် ကျွမ့်ကျွမ့် နိုးလာပြီး သူမကို လှမ်းခေါ်သည်။ "အမေ..."
ရှောင်ကော်သည် မျက်လုံးများကို ပွတ်ကာ အခန်းထဲမှ ထွက်လာသည့် ချစ်စဖွယ် ကျွမ့်ကျွမ့်ကို ကြည့်နေမိသည်။ ရှေ့မှ ကလေးငယ်မှာ အသားမည်းပြီး ပိန်လှီနေသော်လည်း သူမမျက်လုံးထဲတွင်တော့ အလွန်ချစ်ဖို့ကောင်းနေဆဲပင်။ ၎င်းမှာ သူမ၏ မိခင်မေတ္တာကြောင့် ဖြစ်ပေလိမ့်မည်။
အာဟာရရှိသော အစားအစာများကို ဆက်တိုက် စားသောက်ပြီးနောက်တွင် ကျွမ့်ကျွမ့်မှာ လူတစ်ယောက်လို ပြောင်းလဲသွားသည်။ သိသိသာသာကြီး ပြောင်းလဲသွားခြင်းမျိုး မဟုတ်သော်လည်း သူသည် ယခင်ကထက် ပို၍ တက်ကြွလာပြီး အရင်လို နုံးချိနေခြင်းမျိုး မရှိတော့ပေ။
ရှောင်ကော်သည် ကျွမ့်ကျွမ့်ကို ပွေ့ချီကာ အသာအယာ ပုတ်ပေးလိုက်သည်။ သူ လုံးဝ နိုးကြားသွားသောအခါ ရှောင်ကော်က မေးလိုက်သည်။ "ရွာထဲမှာ လမ်းလျှောက်ဖို့ အမေနဲ့ လိုက်မလား?"
ကျွမ့်ကျွမ့်က အရောင်တောက်နေသော မျက်လုံးများဖြင့် ရှောင်ကော်ကို ကြည့်ကာ "လိုက်မယ်!" သူ၏ အမေနှင့်အတူ အပြင်ထွက်ရသည်မှာ အတော်လေး ကြာမြင့်ခဲ့လေပြီ။