no

Font
Theme

အခန်း (၂) - အမေ?

ရှောင်ကော်တစ်ယောက် ဝေခွဲမရဖြစ်နေဆဲမှာပင် အလွန်ရှည်လျားလှသော အိပ်မက်တစ်ခုကို မက်နေသည်ဟု ခံစားလိုက်ရ၏။

အိပ်မက်ထဲတွင် သူမသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်၊ ရှောက်နိုင်ငံ (ဘီစီ ၄၂ ခုနှစ်) ရှိ 'မက်မွန်ပွင့်ကျေးရွာ' ၌ မွေးဖွားခဲ့သူ ဖြစ်ပေသည်။ သူမ၏ အမည်မှာလည်း ချင်ရှောင်ကော် ပင် ဖြစ်၏။ ရှောင်ကော်သည် ထိုရွာလေးတွင် အလှပဆုံး မိန်းကလေးအဖြစ် ကျော်ကြားသူ ဖြစ်သည်။ သူမသည် မက်မွန်ပွင့်ကျေးရွာ၏ နာမည်ကြီး လူသန်ကြီး တစ်ဦးဖြစ်သူ ကျန်းတန်းဟော့နှင့် လက်ထပ်ခဲ့သည်မှာ ၃ နှစ်ပင် ရှိခဲ့လေပြီ။ ကျန်းတန်းဟော့မှာ ရုပ်ရည်ချောမောပြီး အရပ်အမောင်း မြင့်မားသူဖြစ်ရာ သူအရွယ်ရောက်ကတည်းက အောင်သွယ်တော်များမှာ သူ၏ အိမ်တံခါးဝတွင် မပြတ်စတမ်း ရှိနေခဲ့ကြ၏။

ထိုစဉ်က အစားအစာ အလွန်ရှားပါးသော အချိန်ဖြစ်သဖြင့် ဆန်စပါးတစ်အိတ်ကို တောင်းရမ်းခအဖြစ် လက်ခံကာ ရှောင်ကော်တစ်ယောက် လုံးဝမသိကျွမ်းဖူးသော ကျန်းတန်းဟော့နှင့် လက်ထပ်ခဲ့သည်။ မင်္ဂလာဆောင်သည့်နေ့တွင် ရှောင်ကော်သည် ခေါင်းမြှီးခြုံကို လွှမ်းကာ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့၏။ ထို့နောက်တွင်မူ သတို့သားခန်းထဲ၌ ထိုင်ကာ သူမ၏ ခေါင်းမြှီးခြုံကို လာရောက်လှန်ပေးမည့် သတို့သားကို စောင့်ဆိုင်းနေခဲ့သည်။

မင်္ဂလာဦးည ကုန်လွန်၍ မိုးသောက်အလင်းသို့ ရောက်သောအခါ ဆူညံသံကို ကြားလိုက်ရ၏။ ချင်ရှောင်ကော် အိပ်ရာကပင် မထရသေးမီမှာပင် စစ်ဝတ်စုံဝတ် အမျိုးသားနှစ်ဦးမှာ အခန်းထဲသို့ ဇွတ်အတင်း ဝင်ရောက်လာပြီး အိပ်ရာနိုးကာစ ဖြစ်သော သူမ၏ခင်ပွန်းကို ဖမ်းဆီးခေါ်ဆောင်သွားကြလေတော့သည်။

ရှောင်ကော်တစ်ယောက် ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် အပြင်ဘက်မှ သူမယောက္ခမ၏ အော်ဟစ်ငိုယိုသံကို ကြားလိုက်ရ၏။

“လူကြီးမင်းတို့... မလုပ်ပါနဲ့ရှင်၊ မလုပ်ကြပါနဲ့။ ကျွန်မသားလေးက အခုမှ အိမ်ထောင်ကျကာစပဲ ရှိသေးတာပါ။ မျိုးဆက်တောင် မကျန်သေးပါဘူး။ ကျေးဇူးပြုပြီး သနားငဲ့ညှာပြီး သူ့ကို လွှတ်ပေးကြပါ”

“အဘွားကြီး... တစ်အိမ်ထောင်မှာ အမျိုးသား တစ်ဦးစီ စစ်မှုထမ်းရမယ်ဆိုတာ အမိန့်ပဲ။ မင်းတို့အိမ်မှာ သူတစ်ယောက်တည်း ရှိတာဆိုတော့ သူ့ကို ငါတို့ ခေါ်သွားရမှာပဲ။”

ယောက္ခမဖြစ်သူ၏ ရင်ကွဲမတတ် ငိုယိုသံကို ကြားရသောအခါ ရှောင်ကော်တစ်ယောက် ထိုလူများမှာ အရွယ်ရောက်ပြီးသား အမျိုးသားများကို စစ်ထဲဝင်ရန် လိုက်လံဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။

ထိုသို့တွေးမိသည်နှင့် ရှောင်ကော် သည် ဝတ်ရုံကို ကောက်စွပ်ကာ အပြင်သို့ ပြေးထွက်လာခဲ့သည်။ သူမ သည် ခြံထဲတွင် ဒူးထောက်ငိုယိုနေသော ယောက္ခမကို ဖက်ထားလိုက်မိ၏။ သူမ မြင်လိုက်ရသည်မှာ စစ်သည်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသော ခင်ပွန်းဖြစ်သူ၏ ကျောပြင်ကိုသာ ဖြစ်သည်။ သူသည် ချုပ်နှောင်ခံထားရသဖြင့် နောက်သို့ လှည့်ကြည့်၍ပင် မရပေ။ ကျန်းတန်းဟော့ သည် သူတို့သားအမိကို လှည့်မကြည့်ဘဲ မိမိကိုယ်ကိုယ် ဂရုစိုက်ကြရန်နှင့် သူပြန်လာမည့်အချိန်ကို စောင့်နေရန်သာ မှာကြားသွားခဲ့သည်။

ထိုအချိန်မှစ၍ စစ်သည်များ သည် သန်စွမ်းသော လူငယ်များကို စစ်ထဲသွင်းရန် အခါအားလျော်စွာ ရောက်လာတတ်ကြ၏။ ရွာအတွင်း၌လည်း လူကြီးလူငယ်မရွေး ငိုယိုသံများမှာ မပြတ်လတ်ခဲ့။ ရွာသားများမှာ ချစ်ခင်ရသူများနှင့် ခွဲခွာရသဖြင့် အသည်းကွဲနေကြရရှာသည်။ ထိုမြင်ကွင်း ကို မြင်သောအခါ စစ်သည်များကလည်း အနည်းငယ် သနားသွားဟန်ဖြင့် “ဟေ့... ဟေ့... ဒါက မင်းတို့အားလုံးအတွက် အခွင့်အရေးကောင်းပဲ။ အကယ်၍ သူတို့သာ စစ်ပွဲကနေ အသက်ရှင်ပြန်လာပြီး ရာထူးကြီးကြီး ရခဲ့မယ်ဆိုရင် မင်းတို့ရဲ့ ဘိုးဘေးဘီဘင်တွေပါ ဂုဏ်တက်မှာ” ဟု နှစ်သိမ့်စကား ဆိုကြသည်။

စကားဆုံးသည်နှင့် စစ်တပ်ကို ရွာပြင်သို့ ထွက်ခွာရန် အမိန့်ပေးလိုက်လေတော့သည်။ မက်မွန်ပွင့်ကျေးရွာတွင် အိုမင်းမစွမ်းသူ အနည်းငယ်မှလွဲ၍ အမျိုးသားဟူ၍ မကျန်ခဲ့တော့။ ထိုအချိန်မှစ၍ ရွာလေးတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် အားနည်းသော သက်ကြီးရွယ်အိုများသာ ကျန်ရစ်ခဲ့လေတော့သည်။

ရှောင်ကော်သည် ယောက္ခမဖြစ်သူကို တွဲကာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့၏။ “အမေ...”

“ရှောင်ကော်... အခုတော့ ငါ့ရဲ့ မျှော်လင့်ချက်အားလုံးက ညည်းဆီမှာပဲ ရှိတော့တယ်။” သူမ၏ ယောက္ခ မသည် ရှောင်ကော်၏ ဝမ်းဗိုက်ကို ညွှန်ပြရင်း ငိုရှိုက်ကာ ပြောလိုက်သည်။ သူမသည် အလွန်အမင်း ငိုကြွေးထားသဖြင့် စကားပြောရာတွင်ပင် အမောတဟိုက် ဖြစ်နေရှာသည်။ သို့သော်လည်း သူမ စိတ်ထဲတွင်တော့ သေချာရေရာခြင်း မရှိပေ။ နောက်ဆုံးတော့လည်း... ဒါက တစ်ညတည်းတင် မဟုတ်ပါလား...။

ယောက္ခမဖြစ်သူ၏ စကားများက သူမအတွက်တော့ ကြီးမားလှသော ဖိအားနှင့် ကြောက်ရွံ့မှုများကို ဖြစ်ပေါ်စေခဲ့သည်။ စစ်မြေပြင်သို့ ရောက်သွားပြီးမှ အသက်ရှင်လျက် ပြန်လာနိုင်သူဟူသည် အလွန်နည်းပါးကြောင်း သူမ ရင်ထဲ၌ သိနေခဲ့၏။ အခုမှ အိမ်ထောင်ကျကာစမှာပင် ခင်ပွန်းဖြစ်သူ ခေါ်ဆောင်ခံလိုက်ရသဖြင့် သူမအားကိုးရာဟူ၍ ယောက္ခမတစ်ဦးတည်းသာ ရှိတော့သည်။ ၎င်းအပြင်... အတွေးပေါင်းစုံနှင့်အတူ ရှောင်ကော်သည် မိမိ၏ ဝမ်းဗိုက်ကို ငုံ့ကြည့်လိုက်မိ၏။ တစ်ညတည်းနှင့် ကိုယ်ဝန်ရနိုင်ဖို့ဆိုသည်မှာ ဘယ်လောက်များ အခွင့်အလမ်း ရှိနိုင်ပါ့မလဲ...။

အမျိုးသားများ စစ်ထဲပါသွားပြီးနောက်တွင် ကျန်ရစ်သူမိသားစုများအတွက် တစ်လလျှင် ငွေတုံး တစ်တုံးစီ ထောက်ပံ့ကြေး ပေးအပ်ခဲ့သည်။ ဤသည်မှာ သူတို့၏ ခင်ပွန်းများ စစ်မြေပြင်တွင် အသက်ရှင်လျက် တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း သက်သေပင် ဖြစ်၏။ ချင်ရှောင်ကော်သည် ထိုလစဉ်ကြေးလေးကိုပင် စိတ်ဖြေသိမ့်ရာအဖြစ် မှတ်ယူထားခဲ့သည်။ လစဉ် ငွေရောက်လာသရွေ့ သူမ၏ ခင်ပွန်းသည် အသက်ရှင်နေသေးသည်ဟု အဓိပ္ပာယ်ရပေသည်။ ဤငွေတုံး များသည် တစ်ရွာလုံးရှိ လူများအတွက် သူတို့ချစ်ရသူများ ဘေးကင်းနေသေးသည်ဟူသော မျှော်လင့်ချက်နှင့် နှစ်သိမ့်မှုကို ပေးစွမ်းနိုင်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့်လည်းကောင်း၊ ယောက္ခမဖြစ်သူ၏ ဆုတောင်းများကြောင့်လည်းကောင်း မင်္ဂလာဦးညအပြီးတွင် ရှောင်ကော်တစ်ယောက် ကိုယ်ဝန်ရရှိခဲ့လေသည်။ ပူဆွေးနေသော ယောက္ခမဖြစ်သူမှာလည်း အနည်းဆုံးတော့ မျှော်လင့်စရာ တစ်ခုခု ရှိလာခဲ့ပြီ ဖြစ်၏။ ကိုယ်ဝန်ဆောင်စဉ် ကာလတစ်လျှောက်လုံးတွင် ရှောင်ကော်သည် အိမ်အလုပ် ဘာမှလုပ်စရာမလိုဘဲ အားရပါးရ နားနေခွင့် ရခဲ့သည်။

မကြာမီမှာပင် သားဖွားရမည့်အချိန်သို့ ရောက်ရှိလာခဲ့၏။ ရှောင်ကော်သည် ကျန်းမာသန်စွမ်းပြီး ဖိုသီဖတ်သီရှိသော သားလေးတစ်ယောက်ကို ဖွားမြင်ခဲ့သည်။ မြေးလေး ရလာသည့်အတွက် ယောက္ခမဖြစ်သူမှာလည်း အလွန်ဝမ်းသာသွားကာ ၃ရက်တိုင်တိုင် ပါးစပ်မစိနိုင်အောင် ပြုံးနေခဲ့တော့သည်။ ကလေးငယ်သည် တစ်နေ့ထက်တစ်နေ့ ကြီးထွားလာခဲ့သလို၊ စစ်တပ်မှ ထောက်ပံ့ကြေးများမှာလည်း လစဉ်မပြတ် ရောက်ရှိလာခဲ့၏။ သူတို့၏ ဘဝလေးမှာလည်း တစ်နေ့ထက်တစ်နေ့ တဖြည်းဖြည်း ပြေလည်လာခဲ့သည်။

ထိုသို့ရှိနေစဉ် တစ်နေ့တွင်မူ ထောက်ပံ့ကြေးငွေများ ရောက်မလာတော့ပေ။ ထို့အကျိုးဆက်ကို သိနေသော ယောက္ခမဖြစ်သူမှာလည်း ရုတ်ချည်းပင် အိပ်ရာထဲလဲသွားတော့သည်။ ထိုသို့သောနေ့မျိုး ရောက်လာလိမ့်မည်ဟု စိတ်ထဲက ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း သတင်းဆိုးကို လက်မခံနိုင်ဘဲ အသည်းအသန် ဖျားနာခဲ့လေသည်။ ထိုစဉ်က တစ်ရွာလုံးတွင်လည်း အစာရေစာ ရှားပါးမှုနှင့် ကြုံတွေ့နေရချိန်ဖြစ်ရာ သူမသည်လည်း ဖျားနာမှုကို မကျော်လွှားနိုင်ဘဲ မကြာမီမှာပင် ကွယ်လွန်သွားခဲ့သည်။

ချင်ရှောင်ကော် သည် ပူဆွေးမှုကို အံတုရင်း ယောက္ခမ၏ နာရေးကိစ္စများကို စီစဉ်ပေးခဲ့၏။ ဝမ်းနည်းပူဆွေးနေဖို့ပင် အချိန်မရသေးမီမှာပင် သူမသည် စိတ်ကို တင်းတင်းထားကာ အစားအစာ ရှာဖွေဖို့ ပြင်ဆင်ရပြန်သည်။ ပြင်းထန်သော မိုးခေါင်ရေရှားမှုကြောင့် ကောက်ပဲသီးနှံများအားလုံး ညှိုးနွမ်းပျက်စီးကုန်ပြီး ရိတ်သိမ်းစရာ ဘာမှမရှိတော့ပေ။ ငွေတုံး များ တတ်နိုင်သူအချို့မှာမူ မြို့ပေါ်သို့သွားကာ ရိက္ခာဝယ်ယူကြသော်လည်း ယခုကဲ့သို့ အချိန်မျိုးတွင် မြို့ပေါ်၌ပင် ကုန်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်နေလေပြီ။

ရှောင်ကော်တွင်တော့ ငွေတုံး တစ်တုံးမှ မကျန်တော့၊ ၃ နှစ်သားအရွယ် သားငယ်လေးကိုလည်း ကြည့်ရှုစောင့်ရှောက်ရသေးသည်။ သူတို့သားအမိမှာ ရရာနှင့် ဝမ်းကျောင်းနေရသဖြင့် မကြာမီမှာပင် ကလေးငယ်မှာ ပိန်ချောင်ကာ အာဟာရချို့တဲ့လာခဲ့၏။ သားလေး ကို ပိုကျွေးနိုင်ရန်အတွက် ရှောင်ကော် သည် ၃၊ ၄ ရက်ဆက်တိုက် အစာမစားဘဲ နေလေ့ရှိသည်။ ထိုအခြေအနေကြောင့် အချိန်အတန်ကြာသောအခါ ရှောင်ကော်၏ ကျန်းမာရေးမှာ သိသိသာသာ ချို့ယွင်းလာခဲ့တော့သည်။

အတန်ကြာပြီးနောက်တွင်မူ မိုးခေါင်ရေရှားမှုကြီးမှာ ကုန်ဆုံးသွားခဲ့၏။ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ချောင်းများ ပြန်လည်ပြည့်လျှံလာခဲ့သည်။ မြေဆီလွှာများ ပြန်လည်စိုပြေလာပြီး ရွာသူရွာသားအားလုံး၏ ဘဝမှာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

တစ်နေ့နံနက်တွင် ရှောင်ကော်သည် အစားအစာရှာရန် အိမ်ပြင်ထွက်ဖို့ ပြင်ဆင်နေစဉ်မှာပင် ဟန်ချက်ပျက်ကာ လဲကျသွားပြီး ထိုနေရာမှာတင် ကွယ်လွန်သွားခဲ့လေတော့သည်။

***

နောက်တစ်စက္ကန့်မှာပင် ရှောင်ကော်၏ မျက်ခုံးလေးများ လှုပ်ခတ်သွား၏။ ကုတင်ဘေးတွင် ထိုင်နေသော ကလေးငယ်မှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

"အမေ! ဟီး... အမေ နိုးပါဦး! အမေ... ဟီး... ဟီး..."

ငိုယိုသံကို မခံစားနိုင်သဖြင့် ရှောင်ကော်သည် ပင်ပန်းနေသော မျက်လုံးများကို ဖွင့်လိုက်ပြီး သူမကို ဖက်ထားသော ကလေးငယ်ကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်၏။ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ ရုတ်ချည်း သတိဝင်လာခဲ့သည်။

"ဒီမျောက်မဲလေး က ဘယ်ကရောက်လာတာလဲ..."

ထိုကောင်လေးမှာ နှုတ်ခမ်းဆူကာ မကျေမနပ်နှင့် ရှိုက်ကြီးတငင် ငိုတော့သည်။

"အမေ..."

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment