အခန်း (၃) - ဟင်းသီးဟင်းရွက် ဆန်ပြုတ် သောက်ခြင်း
ချင်ရှောင်ကော်သည် အသားညိုညိုနှင့် ကောင်လေးကို မယုံကြည်နိုင်သလို စိုက်ကြည့်နေမိ၏။ အိပ်မက်ထဲက အရာအားလုံးသည် တကယ်ဖြစ်ပျက်နေသည်ဟု သူမ မယုံကြည်နိုင်သေးပေ။ ထိုအိပ်မက်ထဲမှ မှတ်ဉာဏ်များသည် ဤခန္ဓာကိုယ်က ကြုံတွေ့ခဲ့ရသည်များဖြစ်ပြီး၊ ဤခန္ဓာကိုယ်မှာလည်း ခုနတင်ကမှ အသက်ပျောက်သွားခဲ့ခြင်း ဖြစ်သည်။ သူမသည် ယခင်ကမ္ဘာပျက်ကပ်ကြီးထဲမှ ထွက်ခွာလာခဲ့သော်လည်း သူမ၏ ဝိညာဉ်သည် ဤခန္ဓာကိုယ်သစ်ထဲသို့ ရောက်ရှိလာခဲ့လေပြီ။ သူမသည် ကလေးတစ်ယောက်နှင့် အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်နေဆဲပင်။
“အမေ…?”
ကောင်လေးက သူမကို စိုးရိမ်တကြီးဖြင့် တိုးတိုးလေး ခေါ်လိုက်၏။ သူသည် အမေဖြစ်သူ၏ ထူးဆန်းသော အမူအရာကို ကြည့်ပြီး ပို၍ စိတ်မအေး ဖြစ်လာခဲ့သည်။__ ‘အမေ ခေါင်းများ ထိခိုက်သွားတာလား မသိဘူး’
“အမေ… အဆင်ပြေရဲ့လားဟင်။ အမေ တစ်ခုခုဖြစ်သွားရင် သား ဘယ်လိုလုပ်ရမလဲ။” ကောင်လေးက ကလေးသံလေးဖြင့် ပြောရှာသည်။ “အမေ… နောက်ဆိုရင် သား အများကြီး မစားတော့ဘူးနော်။ သား အပြင်ထွက်ပြီး အစားအစာ ရှာပါ့မယ်။”
သူ အစားအများကြီး စားမိသောကြောင့် အမေဖြစ်သူ ငတ်ပြတ်ကာ လဲကျသွားခြင်းဖြစ်သည်ဟု ကလေးငယ်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရှာသည်။
ရှောင်ကော်တစ်ယောက် အတွေးထဲမှ ရုန်းထွက်ကာ ငိုယိုနေသော ကောင်လေးကို ကြည့်လိုက်၏။ “ဟေ့… မငိုနဲ့လေ။” သူမသည် ကလေးတစ်ယောက်နှင့် မည်သို့ဆက်ဆံရမည်ကို တကယ်ပင် မသိပေ။ သူမသည် ငိုနေသော ကလေးကို ကြည့်ရင်း သူ့အမည်ကို ပြန်စဉ်းစားလိုက်သည်။ “ကျန်း… ကျန်း… ကျန်းချင်းဝမ်။”
ရှောင်ကော်က သူ့အမည်ကို ဂရုတစိုက် ခေါ်လိုက်၏။ ရှိုက်ကြီးတငင် ငိုနေသော ကောင်လေးသည် သူ့အမည်ကို ကြားသည်နှင့် ချက်ချင်း ငြိမ်ကျသွားတော့သည်။ သူ တစ်ခုခု အမှားလုပ်မိမှသာ အမေဖြစ်သူက သူ့အမည်ကို ဤသို့ ခေါ်လေ့ရှိသည် မဟုတ်ပါလား။
“အမေ…?”
ကောင်လေးက သူမကို ‘အမေ’ ဟု တိုးတိုးလေး ခေါ်လိုက်သံကြောင့် ရှောင်ကော်၏ နှလုံးသားမှာ အရည်ပျော်သွားရလေပြီ။ “ကျွမ့်ကျွမ့်… အမေ အဆင်ပြေပါတယ်။ ငါ့သား ဘာမှ စိတ်မပူနဲ့နော်။” သူမ သည် ကလေးကို နှစ်သိမ့်လိုက်၏။
ရှောင်ကော်သည် ထိုကလေး မွေးဖွားစဉ်က ယောက္ခမဖြစ်သူက 'ကျွမ့်ကျွမ့်' ဟု နာမည်ပြောင် ပေးခဲ့သည်ကို သတိရသွားသည်။ ကလေးကို သန်သန်စွမ်းစွမ်းနှင့် ကြီးထွားလာစေရန် ရည်ရွယ်၍ ပေးခဲ့ခြင်းဖြစ်၏။
ယခုကြည့်ရသည်မှာမူ သူသည် အတော်လေး ပိန်ချောင်နေပြီး ညစ်ပတ်ပေရေနေပေသည်။__ ‘ငါက အပျိုလေး ရှိသေးတာကို ဒီအရွယ် သားတစ်ယောက် ဘယ်လိုလုပ် ရလာတာပါလိမ့်’
“ဂွီ....ဂွီ...”
ရှောင်ကော်၏ ဝမ်းဗိုက်ထဲမှ ဆန္ဒပြသံများကို ကြားလိုက်ရ၏။ သူမ အတော်လေး ဆာလောင်နေလေပြီ။ ဤခန္ဓာကိုယ်မှာ အစားမစားရသည်မှာ ၃ ရက်ပင် ရှိခဲ့လေပြီ။ ရှောင်ကော်သည် ဝမ်းဗိုက်ကို ဖိထားရင်း အစားအစာရှာရန် အိပ်ရာပေါ်မှ ထဖို့ ကြိုးစားလိုက်သည်။ ခြေထောက်နှင့် ကြမ်းပြင် မထိသေးမီမှာပင် သူမ ခေါင်းမူးသွားပြီး ကုတင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။ ရှောင်ကော်သည် မလဲကျစေရန် ကုတင်ကို အသည်းအသန် လှမ်းဆွဲလိုက်ရသည်။ သူမကို မျက်တောင်မခတ် စောင့်ကြည့်နေသော ကျွမ့်ကျွမ့်မှာလည်း ချက်ချင်းပင် သူမဘေးသို့ ခုန်ဝင်လာပြီး အဝတ်အစားများကို လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဆွဲကိုင်ထားလေသည်။
ရှောင်ကော် ယခင်က လဲကျသွားခဲ့သည်ကို သူ စိတ်ထဲ အတော်လေး ထိခိုက်သွားခဲ့သဖြင့် နောက်ထပ် မတော်တဆဖြစ်မှာကို စိုးရိမ်နေခြင်း ဖြစ်၏။
“စိတ်မပူနဲ့ ကျွမ့်ကျွမ့်။ အမေ ဟန်ချက်ပျက်သွားတာပါ။ ဘာမှမဖြစ်ပါဘူး။” ရှောင်ကော်က ကျွမ့်ကျွမ့်၏ ကျောလေးကို ဖြည်းညှင်းစွာ ပွတ်သပ်ပေးလိုက်၏။
“သား အမေ့ကို တွဲထားပေးမယ်လေ။” ထိုကောင်လေးက တည်တည်တံ့တံ့ ပြောလိုက်သည်။
“အင်းပါ…။”
ရှောင်ကော်သည် ကျွမ့်ကျွမ့်နှင့်အတူ မီးဖိုခန်းသို့ လျှောက်လာခဲ့၏။ သူမသည် အလွတ်ဖြစ်နေသော ဆန်အိတ်များကို ကြည့်ရင်း ငတ်မွတ်ခေါင်းပါးမှု မတိုင်ခင်က ဘာတွေစားခဲ့သလဲဆိုသည်ကို အသည်းအသန် စဉ်းစားလိုက်မိသည်။ မိုးမခေါင်ခင်က ဆန်များရှိခဲ့သော်လည်း ဆန်ကုန်သွားသောအခါ အသက်ဆက်ရန်အတွက် တောဟင်းသီးဟင်းရွက်များကို တူးဆွစားသောက်ခဲ့ရ၏။ အိမ်ထဲ၌ အစားအစာ ဘာမှမကျန်တော့ပေ။
ရှောင်ကော်သည် မီးဖိုခန်းအနှံ့ ရှာဖွေကြည့်ပြီးနောက် နောက်ဆုံးတွင် ဆန်တစ်ဆုပ်ခန့်ပါသော ဆန်အိတ်ငယ်လေးကို ရှာတွေ့ခဲ့သည်။ ဆန်မှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း ယခုအချိန်တွင် ဆန်စေ့တိုင်းမှာ အလွန်ရှားပါးပြီး အဖိုးတန်လှ၏။ ရှောင်ကော်မှာ ဝမ်းသာသွားရသည်။ သူမသည် အိုးထဲသို့ ရေနှင့် ဆန်စေ့များကို ထည့်ပြီး မီးဖိုတွင် မီးမွှေးလိုက်လေတော့သည်။
ရှောင်ကော်နောက်သို့ တကောက်ကောက် လိုက်နေသော ကျွမ့်ကျွမ့် က ဝေခွဲမရသော လေသံဖြင့် မေးလာခဲ့သည်။
“အမေ… ဒီဆန်လေးက အရေးပေါ် အခြေအနေအတွက် သိမ်းထားတာလို့ အမေ ပြောခဲ့တယ် မဟုတ်လားဟင်။”
ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် ထိုဆန်အိတ်ကို ကျွမ့်ကျွမ့်အတွက် အရေးပေါ်ရိက္ခာအဖြစ် သီးသန့်ဖယ်ထားခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ယခုလက်ရှိ အခြေအနေတွင်မူ ဤအတိုင်းသာ ဆက်သွားနေလျှင် သူတို့သားအမိနှစ်ဦးစလုံး ငတ်ပြတ်ပြီး သေဆုံးသွားကြမည်ကို ရှောင်ကော် သိနေခဲ့သည်။ သူမ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ကျွမ့်ကျွမ့်ကို ငတ်မွတ်ခေါင်းပါးမှုဒဏ် မခံစေရဟု ဆုံးဖြတ်လိုက်၏။ ဤသည်မှာ ယခုလောလောဆယ်တွင် အရေးကြီးဆုံးသော ဦးစားပေးပင် ဖြစ်ပေသည်။
“ဟုတ်တယ်လေ… အခုက အရေးပေါ် အခြေအနေပဲပေါ့။ ငါ့သားနဲ့ အမေနဲ့ ဆန်ပြုတ် သောက်ကြမလား။”
ဆန်ပြုတ်ဟူသော စကားလုံးကို ကြားလိုက်ရုံနှင့် ကျွမ့်ကျွမ့်တစ်ယောက် သောက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့၏။ ဆန်ပြုတ်အရသာကို မမြည်းစမ်းရသည်မှာ အတော်လေးပင် ကြာမြင့်ခဲ့လေပြီ။ သူသည် ဆန်ပြုတ်၏ မွှေးရနံ့ကိုပင် မှတ်မိနေသေးသဖြင့် နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း သဘောတူသည့်အနေဖြင့် ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်လေတော့သည်။
ရှောင်ကော်သည် ကျွမ့်ကျွမ့်၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်၏။ ဆံပင်များမှာ စေးကပ်ညစ်ပတ်နေခဲ့သည်။ အစာစားပြီးလျှင် ကလေးကို ကိုယ်လက်သန့်စင်ပေးရန်အတွက် ရေနွေးအနည်းငယ် ပြင်ဆင်ပေးရမည်ဟု သူမ တွေးလိုက်မိသည်။
သူတို့ စကားပြောနေစဉ်မှာပင် အိုးထဲမှ ရေများမှာ ပွက်ပွက်ဆူလာခဲ့၏။ ချက်ပြုတ်နေသော ဆန်ပြုတ်နံ့လေးမှာ အိုးအဖုံးဘေးမှတစ်ဆင့် ဝေမှိုင်ထွက်ပေါ်လာခဲ့သည်။ သူတို့သားအမိနှစ်ဦးစလုံးမှာ ဆန်ပြုတ်၏ မွှေးရနံ့ကို တစ်ပြိုင်နက်တည်း ရှူရှိုက်လိုက်ရင်း ကျေနပ်အားရစွာဖြင့် သက်ပြင်းချလိုက်မိကြသည်။
“အာ… မွှေးလိုက်တာ။”
တစ်ဦးနှင့်တစ်ဦး အသံကြားသွားသောအခါ ရှောင်ကော်နှင့် ကျွမ့်ကျွမ့်တို့သည် အကြည့်ချင်းဆုံသွားပြီး ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလိုက်ကြ၏။
ရှောင်ကော်သည် မတ်တတ်ရပ်လိုက်ပြီး ဟင်းသီးဟင်းရွက် ဆန်ပြုတ်လုပ်ရန်အတွက် ဆီနှင့် ဟင်းရွက်များကို မီးဖိုခန်းအနှံ့ ရှာဖွေလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဟင်းရွက်တစ်ပင်နှင့် ဆီအိုးထဲတွင် ကပ်နေသော ဝက်ဆီခဲလေး တစ်တုံးကို ရှာတွေ့ခဲ့၏။
သူမသည် ဟင်းရွက်ကို ဆေးကြောပြီးနောက် ခပ်စိပ်စိပ် လှီးဖြတ်လိုက်သည်။ ထို့နောက် ဟင်းရွက်စိမ်းများနှင့် ဝက်ဆီခဲကို အိုးထဲသို့ ထည့်ကာ ယောက်မဖြင့် မွှေပြီး ဆီသတ်လိုက်၏။ လတ်ဆတ်သော ဟင်းလျာ၏ မွှေးကြိုင်လှသော ရနံ့မှာ မီးဖိုခန်းအတွင်းသို့ ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့လေသည်။ ရှောင်ကော်နှင့် ကျွမ့်ကျွမ့်တို့၏ ဝမ်းဗိုက်ထဲမှလည်း ဆာလောင်မှုကို အချက်ပေးသည့်အနေဖြင့် ‘ဂွီ… ဂွီ…’ ဟု အသံများ ထွက်ပေါ်လာလေတော့သည်။