အခန်း (၆) - ဝက်သားနှင့် ကြက်သွန်မြိတ် ဝမ်တွန်
နောက်တစ်နေ့ မိုးသောက်အလင်းသို့ ရောက်သည်နှင့် အိမ်အပြင်ဘက်မှ ကြက်တွန်သံများကြောင့် ရှောင်ကော် နိုးလာခဲ့သည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကျွမ့်ကျွမ့်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ သူမသည် အိပ်ရာပေါ်မှ အသာအယာထ၊ တံခါးကိုပိတ်ပြီး မနက်စာပြင်ဆင်ရန် မီးဖိုခန်းသို့ လျှောက်လာခဲ့သည်။
သူမသည် မနေ့ညက ယူဆောင်လာသော ဝက်သားကို ထုတ်ပြီး စတင်နုပ်နုပ်စဉ်းတော့သည်။ မီးဖိုခန်းအနှံ့ ရှာဖွေကြည့်သော်လည်း ဝမ်တွန်အစာသွတ်ရန်အတွက် ကြက်သွန်မြိတ်နှင့် ဟင်းခတ်အမွှေးအကြိုင်များကို မတွေ့ရပေ။ ထို့ကြောင့် ရှောင်ကော်သည် လက်စွပ်ကိုအသုံးပြုကာ တစ်ဖက်ကမ္ဘာသို့ တစ်ခေါက်ပြန်သွားပြီး သူမလိုအပ်သော ပါဝင်ပစ္စည်းများကို သွားရောက်ယူဆောင်ခဲ့သည်။ လိုအပ်သည်များ ရလာသောအခါ လက်စွပ်ဖြင့်ပင် ယခုမီးဖိုခန်းသို့ ပြန်လာခဲ့၏။ ရှောင်ကော်သည် ဟင်းခတ်မှုန့်များကို ဗူးလေးများထဲသို့ ထည့်ပြီးနောက် ဂျင်းနှင့် ကြက်သွန်မြိတ်များကို လှီးဖြတ်လိုက်သည်။ ပြီးနောက် ဇလုံတစ်ခုထဲထည့်ကာ ဆား၊ ဟင်းခတ်မှုန့်၊ ပဲငပိရည်နှင့် အမွှေးအကြိုင်မျိုးစုံ ထည့်လိုက်၏။ ထို့နောက် ဂျင်းနှင့် ကြက်သွန်မြိတ် အနှစ်ပြုလုပ်ကာ နုပ်နုပ်စဉ်းထားသော အသားထဲသို့ အပိုင်းလိုက်ထည့်လိုက်သည်။ ရှောင်ကော်သည် ထိုအရောအနှောကို အားရပါးရမွှေပြီးနောက် ငရုတ်ကောင်းဆီကို အပူပေးကာ အပေါ်မှ ဆမ်းလိုက်၏။ ဤသို့လုပ်ခြင်းဖြင့် အသား၏မွှေးရနံ့ကို ထိန်းထားနိုင်ပြီး ဝမ်တွန်များမှာလည်း အရည်ရွှမ်းကာ အသားကျစ်ကျစ်လေး ဖြစ်လာမည် ဖြစ်သည်။
အစာသွတ်ရန် အသားအရောအနှော အဆင်သင့်ဖြစ်သောအခါ ဂျုံနယ်ရန် ဆက်လုပ်ပြန်သည်။ ဂျုံမှုန့်များကို ချောမွတ်သော မုန့်သားရအောင် နယ်ပြီးချိန်တွင် နေမှာ ကောင်းကင်ယံသို့ မြင့်တက်လာခဲ့သည်။ သူမသည် အိုးထဲသို့ ရေထည့်ကာ မီးစတင် မွှေးလိုက်သည်။
အခြားအခန်းထဲတွင်မူ ကျွမ့်ကျွမ့် နိုးလာသောအခါ အမေဖြစ်သူကို မတွေ့သဖြင့် ထိတ်လန့်သွားကာ အပြင်သို့ပြေးထွက်ပြီး လိုက်ရှာတော့သည်။ မီးဖိုခန်းအတွင်းမှ ထွက်ပေါ်လာသော အသံများကို ကြားရသဖြင့် ကျွမ့်ကျွမ့်မှာ အထဲသို့ ပြေးဝင်၍ “အမေ!”
ရှောင်ကော် ကြားသွားပြီး လှည့်ကြည့်လိုက်ရာ ကျွမ့်ကျွမ့် နိုးလာသည်ကို မြင်လိုက်ရသည်။ “သား၊ မင်း စောစောနိုးလာတာပဲ။ အမေ က မနက်စာ အဆင်သင့်ဖြစ်မှ နှိုးမလို့ပဲ။”
ကျွမ့်ကျွမ့်က သူ၏အမေ အစားအစာရှာရန် အပြင်သို့ ထွက်သွားပြန်ပြီဟု ထင်နေခြင်း ဖြစ်သည်။ အမေဖြစ်သူ မနက်စာ ချက်နေသည်ကို မြင်လိုက်ရသောအခါမှ ချက်ချင်း စိတ်အေးသွားတော့သည်။ “အမေ... မနက်စာစားပြီးရင် သားလည်း အမေနဲ့အတူ အပြင်လိုက်ခဲ့မယ်နော်။”
“အပြင်သွားမယ်?” ရှောင်ကော် မေးလိုက်မိ၏။ ထို့နောက်မှ သူတို့သားအမိမှာ ယခင်က နေ့စဉ်နေ့တိုင်း အစားအစာရှာရန် အပြင်ထွက်ခဲ့ရသည်ကို သတိရသွားသည်။ “မလိုပါဘူး သားရဲ့။ အမေ စားစရာတွေ အများကြီး ရှာထားပြီးပြီ။ အခုကစပြီး အမေ့သားလေး အစားအစာရှာဖို့ အမြဲတမ်း အပြင်ထွက်နေစရာ မလိုတော့ဘူး။”
“တကယ်လားဟင်?” ကျွမ့်ကျွမ့်က ရှောင်ကော်ကို အရောင်တောက်နေသော မျက်လုံးလေးများဖြင့် ကြည့်လိုက်ရာ သူမက ပြုံးပြလိုက်သည်။
“တကယ်ပေါ့”
“ဒါဆိုရင်တော့ သိပ်ကောင်းတာပဲ။ သား အမေ့ကို မီးကူမွှေးပေးမယ်နော်။” ဟု ပြောပြောဆိုဆိုဖြင့် သူသည် ထိုင်ခုံပုလေးကိုယူကာ မီးဖိုရှေ့တွင် ဝင်ထိုင်လိုက်သည်။
ရှောင်ကော် က ခေါင်းညိတ်ပြလျက် “ဒါဆိုလည်း သားက ရေဆူအောင် ကူလုပ်ပေးဦး။ ရေဆူပြီဆိုရင် အမေတို့ ဝမ်တွန်တွေ ချက်ကြမယ်။”
ကျွမ့်ကျွမ့်က စားပွဲပေါ်မှာ ဘာရှိသလဲဆိုသည်ကို မော့ကြည့်လိုက်သည်။ “ဝမ်တွန်လား! တကယ်ကြီး ဝမ်တွန်တွေပဲ!”
ကျွမ့်ကျွမ့်သည် စားပွဲပေါ်ရှိ ဝမ်တွန်လေးများကို ကြည့်ရင်း မျက်လုံးလေးများ တလက်လက် တောက်လာခဲ့သည်။ ဤမုန့်ကို မစားရသည်မှာ အတော်လေး ကြာမြင့်ခဲ့လေပြီ။ သူသည် ထင်းချောင်းလေးများကို စုစည်းကာ အားတက်သရောဖြင့် မီးဖိုထဲသို့ ထိုးထည့်ပေးနေတော့သည်။
ရှောင်ကော်သည် ဝမ်တွန်ထုပ်ခြင်း ပြီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူမသည် ကျွမ့်ကျွမ့်ကို မီးဟပ်မှာ စိုးရိမ်သဖြင့် မီးဖိုနှင့် အနည်းငယ် ခွာခိုင်းလိုက်၏။ ထို့နောက် ဝမ်တွန်များကို အိုးထဲသို့ ထည့်လိုက်ပြီး တစ်ခုနှင့်တစ်ခု ကပ်မသွားစေရန် အဆက်မပြတ် မွှေပေးနေလေသည်။
အိုးထဲမှ ရေများ ပွက်ပွက်ဆူလာသည်နှင့်အမျှ ဝမ်တွန်၏ ကြွယ်ဝလှသော မွှေးရနံ့မှာ မီးဖိုခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ကျွမ့်ကျွမ့်မှာ မအောင့်နိုင်တော့ဘဲ အမေဖြစ်သူကို ‘ကျက်ပြီလား’ ဟု မရပ်မနား မေးနေတော့သည်။ ကျွမ့်ကျွမ့် ထပ်မစောင့်နိုင်တော့သည်ကို မြင်သောအခါ ပြောလိုက်သည်။ “ပန်းကန်နဲ့ တူလေးတွေ ကူယူပေးပါဦး။”
ကျွမ့်ကျွမ့် ချက်ချင်းပင် လှည့်ကြည့်၍ “အမေ... ကျက်ပြီလားဟင်!”
ရှောင်ကော် က ခေါင်းညိတ်ပြသည်။“အင်း... ပန်းကန်ထဲကို ထည့်လိုက်တော့မယ်။”
ပန်းကန် နှစ်လုံးရှိပြီး တစ်လုံးမှာ ကြီးကာ တစ်လုံးမှာ ငယ်သည်။ ရှောင်ကော်သည် ပန်းကန်အောက်ခြေတွင် ရေမှော်ပင်ခြောက်နှင့် ပုစွန်ခြောက်အချို့ထည့်ကာ နှမ်းဆီ အစက်အနည်းငယ် ချလိုက်၏။ ကျွမ့်ကျွမ့် က ထိုဟင်းခတ်ဗူးလေးများကို စူးစမ်းစွာ ကြည့်နေသည်။ ထိုအရာများမှာ သူ့အတွက် လုံးဝ အသစ်အဆန်းများ ဖြစ်နေ၏။ သူ မမေးနိုင်ခင်မှာပင် ရှောင်ကော်က ဝမ်တွန်များကို ပန်းကန်ထဲသို့ ခပ်ထည့်လိုက်သဖြင့် သူ၏ အာရုံမှာ ထိုဆီသို့ ရောက်သွားတော့သည်။ မွှေးရနံ့မှာ တကယ်ကို ခံတွင်းလိုက်လှ၏။ ရှောင်ကော် ပန်းကန်များထဲသို့ ဝမ်တွန်များ ထည့်ပြီးသောအခါ ကျွမ့်ကျွမ့်က ပန်းကန်များကို ကူသယ်ပေးရန် အသည်းအသန် ကြိုးစားသည်။ ရှောင်ကော်က သူ့ကို ပန်းကန်သယ်ခိုင်းမည့်အစား တူလေးများကိုသာ ကိုင်ခိုင်းလိုက်၏။ သူတို့သည် ထမင်းစားပွဲသို့ အမြန်လျှောက်သွားကာ ထိုင်လိုက်ကြသည်။ ဝမ်တွန်ဟင်းရည်မှာ အလွန်ပူနေသေးသော်လည်း ကျွမ့်ကျွမ့်ကတော့ ဇွန်းဖြင့်ခပ်ကာ အလောတကြီး သောက်လိုက်လေသည်။
၎င်းကို မြင်သောအခါ ရှောင်ကော် က အမြန်ပင် သတိပေးလိုက်ရသည်။ “ဖြည်းဖြည်းသောက်ပါ သားရဲ့၊ အပူလောင်မယ်။” ဟု
ကျွမ့်ကျွမ့်က ခေါင်းညိတ်ပြရင်း အားရပါးရ ဆက်စားနေတော့သည်။ သူ သည် ဤအစားအစာကို အလွန်ပင် နှစ်သက်သည်။
ကျွမ့်ကျွမ့် ပျော်ပျော်ရွှင်ရွှင် စားနေသည်ကို မြင်ရသဖြင့် ရှောင်ကော် အလွန်ဝမ်းသာသွားသည်။ သူမသည် ကလေးစားသည်ကို ကြည့်ရင်း သူမပါ ဗိုက်ဆာလာခဲ့၏။ သူမသည် ဝမ်တွန်ဟင်းရည် နှစ်ပန်းကန်ကြီး အပြည့်ထည့်ကာ အကုန်စားပစ်လိုက်သည်။ မကြာမီမှာပင် အိုးထဲရှိ ဟင်းရည်များ အကုန်ပြောင်သွားတော့သည်။
ဗိုက်အလွန်ဝသွားသဖြင့် ရှောင်ကော်နှင့် ကျွမ့်ကျွမ့်တို့သည် ထိုင်ခုံပေါ်သို့ မှီချလိုက်ကြ၏။ အလျှံပယ် စားသောက်ထားသဖြင့် သူတို့၏ ဝမ်းဗိုက်လေးများမှာ လုံးဝန်းကာ တင်းကားနေတော့သည်။ ရှောင်ကော်သည် အစာကြေစေရန် ကျွမ့်ကျွမ့်၏ ဝမ်းဗိုက်လေးကို ပွတ်သပ်ပေးလိုက်၏။ သုံးလေးကြိမ်မျှ လေချဉ်တက်ပြီးနောက်တွင်မူ ကျွမ့်ကျွမ့်တစ်ယောက် နေလို့ကောင်းသွားလေသည်။
ကောင်လေးသည် အမေဖြစ်သူကို ပန်းကန်ဆေးခွင့်မပေးဘဲ စားပွဲကို ရှင်းလင်းကာ မီးဖိုခန်းသို့ သယ်သွားခဲ့သည်။ ရှောင်ကော်ကလည်း သူ့နောက်က တကောက်ကောက် လိုက်သွား၏။ မီးဖိုမှာ ကျွမ့်ကျွမ့်အတွက် မြင့်လွန်းလှသဖြင့် ရှောင်ကော်ကပင် ဆက်လက်ဆေးကြောပေးရသည်။ ကျွမ့်ကျွမ့်က ရှောင်ကော်ကို ပြောပြသည်။ “အမေ... သား မြန်မြန်ကြီးအောင် ကြိုးစားပါ့မယ်။ ကြီးလာရင် အမေကို သား သေချာစောင့်ရှောက်မယ်နော်။”
ရှောင်ကော်တစ်ယောက် စိတ်ထဲတွင် ကြည်နူးသွားရသည်။ သူမသည် တစ်ကိုယ်တည်းသမားဖြစ်ပြီး ရည်းစားပင် ထားဖူးသူ မဟုတ်ပေ။ သူမ၏ ဘဝစီမံကိန်းမှာလည်း အပျိုကြီးလုပ်ရင်း အသက်အရွယ်ရလာလျှင် IVF နည်းပညာဖြင့် ကလေးယူရန်သာ ဖြစ်သည်။ သို့သော် ယခုမူ မည်သည့်နေရာမှ ရောက်လာမှန်းမသိသော၊ အလွန်သိတတ်သည့် သားလေးတစ်ယောက်ကို ခင်ပွန်းရှိစရာမလိုဘဲ ရရှိလိုက်လေပြီ။ သူမ သည် ကွယ်လွန်သွားပြီဖြစ်သော မူလပိုင်ရှင်နှင့် သူမ၏ ခင်ပွန်းဖြစ်သူကိုပါ အလွန်ပင် ကျေးဇူးတင်မိနေလေတော့သည်။