အခန်း (၇) - အိမ်တွင်းသန့်ရှင်းရေး
ဗိုက်ဝအောင် စားထားပြီးသော သားအမိနှစ်ဦးသည် အိမ်သန့်ရှင်းရေးလုပ်ရန် ပြင်ဆင်လိုက်ကြ၏။ ရှေးစကားပုံတစ်ခု ရှိသည်မဟုတ်ပါလား၊ “ဘဝသစ်မှာ အသွင်သစ်” ဟူ၍။
ထိုခေတ်ကာလတွင် နံရံများနှင့် အိမ်များကို တည်ဆောက်ရာ၌ အုတ်များကို အသုံးမပြုကြပေ။ မက်မွန်ပွင့်ကျေးရွာတွင်မူ ဤသို့သော ထူးခြားချက်ရှိနေခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကွယ်လွန်သွားခဲ့ပြီဖြစ်သော ကျန်းထန်းဟောက်၏ ဖခင်ကြောင့် ဖြစ်သည်။ ကျန်းမိသားစု မပျက်စီးမီက သူတို့သည် ဤဒေသတွင် အချမ်းသာဆုံး မိသားစု ဖြစ်ခဲ့ကြ၏။ သို့သော် နောက်ပိုင်းတွင် သစ္စာဖောက်များ၏ မဟုတ်မတရား စွပ်စွဲမှုကို ခံခဲ့ရသဖြင့် သူတို့၏ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးခဲ့ရသည်။ ကျန်ရှိနေသော ငွေကြေးအနည်းငယ်ဖြင့် ကျန်းမိသားစုသည် မက်မွန်ပွင့်ကျေးရွာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ထိုငွေအများစုကို မြေဝယ်ရန်နှင့် အိမ်ဆောက်ရန်အတွက် အသုံးပြုခဲ့ကြသည်။
ရှောင်ကော်သည် ကျွမ့်ကျွမ့်ကို ခေါ်ကာ အိမ်တစ်ပတ် ပတ်ကြည့်လိုက်၏။ သူမ ဤနေရာသို့ ရောက်လာချိန်က ကောင်းကင်မှာ မှောင်နေပြီဖြစ်ရာ ချက်ပြုတ်စားသောက်ဖို့သာ အာရုံစိုက်နေခဲ့ရသဖြင့် အိမ်အတွင်းပိုင်းကို သေချာကြည့်ရန် အချိန်မရခဲ့ပေ။ ယခု အချိန်ရလာသောအခါမှ တစ်အိမ်လုံးကို သေချာ လှည့်ပတ်ကြည့်ရှုခွင့် ရတော့သည်။
ပင်မအခန်း ၃ခန်းမှာ တောင်ဘက်သို့ မျက်နှာမူထားပြီး အိမ်၏အလယ်တွင် ထမင်းစားခန်း ရှိသည်။ အရှေ့ဘက်အခန်းမှာ ဒေါ်လေးကျန်း (ယောက္ခမ) မကွယ်လွန်မီက နေထိုင်ခဲ့သော အခန်းဖြစ်ပြီး၊ ရှောင်ကော်၏ အခန်းမှာမူ အနောက်ဘက်ခြမ်းတွင် ရှိ၏။ မီးဖိုခန်းမှာ ဒေါ်လေးကျန်း၏ အခန်းနှင့် ၃မီတာခန့် အကွာတွင် တည်ရှိသည်။ ခြံဝင်းမှာ အတော်လေး ကျယ်ဝန်းပြီး စိုက်ပျိုးရန် မြေကွက်ငယ်လေးတစ်ခုလည်း ပါရှိ၏။ သို့သော် အချိန်အတော်ကြာအောင် ဂရုမစိုက်နိုင်ခဲ့သဖြင့် မြေဆီလွှာများမှာ လုံးဝ ခြောက်သွေ့နေပြီ ဖြစ်သည်။ ခြံဝင်းထဲရှိ ရေတွင်းမှာတော့ ရှောင်ကော် အကြိုက်ဆုံး အစိတ်အပိုင်းပင် ဖြစ်၏။ ကျန်းထန်းဟောက် သည် သူ၏မိခင် ရေခပ်ရန်အတွက် ရွာတစ်ဝက်လောက်အထိ လမ်းလျှောက်ရမည်ကို မကြည့်ရက်သဖြင့် ဤရေတွင်းကို ကိုယ်တိုင်တူးပေးခဲ့ခြင်း ဖြစ်သည်။
အိမ်အခြေအနေကို သေချာသိရှိပြီးနောက် ရှောင်ကော်သည် ကျွမ့်ကျွမ့်ကို ခေါ်ကာ သန့်ရှင်းရေး စတင်လေတော့သည်။ သူတို့နှစ်ဦးသည် ပရိဘောဂများကို အိမ်ပြင်သို့ အရင်ဆုံး ထုတ်လိုက်ကြ၏။ ပရိဘောဂများမှာ နေရောင်နှင့် မထိတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် စိုထိုင်းထိုင်းနှင့် မှိုနံ့များ ထွက်နေသည်။ စောင်များ၊ မွေ့ရာများနှင့် အဝတ်အထည်များမှာလည်း ပြင်းထန်သော မှိုနံ့များ ထွက်ပေါ်နေ၏။
အိမ်မှာတင် ရေတွင်းရှိသဖြင့် ရေအတွက် စိတ်ပူစရာ မလိုပေ။ ရှောင်ကော်သည် ရေကို နှမြောတွန့်တိုခြင်း မရှိဘဲ အသုံးပြုလိုက်သည်။ သူမက ကျွမ့်ကျွမ့်ကို ဘရပ်ရှ်တစ်ခု သွားယူခိုင်းလိုက်၏။ သူ သွားယူနေစဉ်မှာပင် ရှောင်ကော်သည် လက်စွပ်ကို အသုံးပြုကာ တစ်ဖက်မီးဖိုခန်းမှ ပန်းကန်ဆေးဆပ်ပြာရည်ကို 'သယ်ဆောင်' လာခဲ့သည်။ အိမ်ပတ်ဝန်းကျင်တွင် အဝတ်လျှော်ရန် အခြားပစ္စည်း ဘာမှမတွေ့သဖြင့် ပန်းကန်ဆေးဆပ်ပြာရည်ကိုပင် အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ကျွမ့်ကျွမ့် လက်ထဲတွင် ဘရပ်ရှ်ကို ကိုင်ကာ ပြန်ထွက်လာချိန်တွင် ရှောင်ကော်မှာလည်း လက်စွပ်ထဲမှ ပြန်ထွက်လာကာစပင် ရှိသေးသည်။ ကောင်လေးက ဘရပ်ရှ်ကို အမေဖြစ်သူထံ လိမ္မာပါးနပ်စွာ ကမ်းပေးရင်း ချစ်စဖွယ် လေသံလေးဖြင့် မေးလိုက်သည်။ "အမေ... သား နောက်ထပ် ဘာကူလုပ်ပေးရမလဲဟင်?"
ရှောင်ကော်က ဘာမှလုပ်စရာမလိုတော့ပါဟု ပြောမည့်ဆဲဆဲမှာပင် ကျွမ့်ကျွမ့်၏ မျှော်လင့်ချက်အပြည့်နှင့် တောက်ပနေသော မျက်လုံးလေးများကို မြင်လိုက်ရသဖြင့် တွန့်ဆုတ်သွားပြီး အကူအညီတောင်းစရာ အလုပ်တစ်ခုကို လိုက်ရှာလိုက်သည်။ "ဒါဆိုရင် သား က အဝတ်လျှော်ဇလုံနဲ့ အဝတ်ရိုက်တုတ်လေးကို ကူယူပေးပါဦးလား?"
ကျွမ့်ကျွမ့်က ဝမ်းသာအားရ ခေါင်းညိတ်ပြီး အိမ်ထဲသို့ ပြေးဝင်သွားတော့သည်။ ရှောင်ကော်က ရေတွင်းမှ ရေနှစ်ပုံး ခပ်ယူလိုက်၏။ ကျွမ့်ကျွမ့် ဇလုံနှင့်အတူ ပြန်ရောက်လာသောအခါ ရှောင်ကော်က ရေများကို ချက်ချင်း လောင်းထည့်လိုက်သည်။ ဇလုံမှာ အလွန်ကြီးမားသဖြင့် ရှောင်ကော်သည် အခန်းများထဲသို့ ဝင်ကာ ဗီရိုထဲမှ အဝတ်အစားများနှင့် မနေ့က ဝတ်ခဲ့သော အဝတ်ဟောင်းများကို ထပ်မံ သယ်ထုတ်လာခဲ့သည်။ သူမ ခြံဝင်းထဲသို့ ပြန်ဝင်လာသောအခါ ကျွမ့်ကျွမ့်မှာ ထိုင်ခုံပုလေးတစ်လုံးကို ထုတ်ယူလာပြီး ဘေးနားတွင် ရပ်စောင့်နေသည်ကို မြင်လိုက်ရ၏။ သူသည် လူကြီးဆန်ဆန် ပြုံးပြနေပြီး မိမိကိုယ်ကိုယ် ဂုဏ်ယူနေဟန်ရှိသည်။ ထိုပုံစံမှာ ချီးကျူးခံရရန် စောင့်နေသော ခွေးပေါက်လေးတစ်ကောင်နှင့်ပင် တူလှ၏။ ရှောင်ကော်မှာ ထိုမြင်ကွင်းကြောင့် ရယ်မောမိတော့သည်။
"အမေ?" ကျွမ့်ကျွမ့်ကတော့ သူ့အမေ ဘာလို့ ထပ်ပြုံးနေတာလဲဆိုတာ မသိရှာပေ။ အမေဖြစ်သူမှာ မနေ့က နိုးလာကတည်းက လူတစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။ အရင်ကဆိုလျှင် အမေသည် အမြဲတမ်း မျက်မှောင်ကြုတ်ပြီး သက်ပြင်းချနေတတ်သူ ဖြစ်၏။ နောင်ကိုလည်း အမေ ဤသို့ပင် အမြဲတမ်း ပြုံးနေနိုင်ပါစေဟု သူ ဆုတောင်းလိုက်မိသည်။
ရှောင်ကော်မှာ ကျွမ့်ကျွမ့် ဘာတွေးနေသည်ကို မသိပေ။ သူမသည် လမ်းလျှောက်သွားပြီး သူ၏ပါးလေးကို ဆွဲဖျစ်လိုက်၏။ သူ၏ မျက်နှာလေးမှာ အသားပြန်ပြည့်လာရန် လိုနေသေးသည်။ ရှောင်ကော်က ကျွမ့်ကျွမ့်ကို အားပေးသည့် လေသံဖြင့် "ကျွမ့်ကျွမ့်လေးက တကယ်ကို တော်တာပဲ။ အိမ်အလုပ်တွေ ကူလုပ်ပေးရုံတင်မကဘူး၊ အခုဆို အမေ့အတွက် ထိုင်ခုံပါ ယူလာပေးသေးတယ်!"
ကျွမ့်ကျွမ့်မှာ အမေ့၏ ချီးကျူးစကားကြောင့် ရှက်ကိုးရှက်ကန်းနှင့် မျက်နှာလေး နီမြန်းသွားသည်။ "ဒါက ဘာမှမဟုတ်ပါဘူး။ သား အမေ့ကို ကူညီချင်တာတွေ အများကြီး ရှိပါသေးတယ်။ သား နည်းနည်းကြီးလာရင် အမေ့အတွက် အဝတ်တွေ လျှော်ပေးမယ်၊ ထမင်းလည်း ချက်ကျွေးမယ်နော်။"
ကျွမ့်ကျွမ့်၏ ယောက်ျားပီသသော ကမ်းလှမ်းချက်ကြောင့် ရှောင်ကော် အလွန်ဝမ်းသာသွားရသည်။ "ဒါဆိုရင်တော့ ကျွမ့်ကျွမ့်လေး မြန်မြန်ကြီးလာတဲ့အထိ အမေ စောင့်နေပါ့မယ်"
"ဟုတ်ကဲ့! သား မြန်မြန်ကြီးမှာပါ!" ဟု ကျွမ့်ကျွမ့်က ကတိပေးလိုက်သည်။
ရှောင်ကော်သည် ခောက်ထိုင်ခုံလေးပေါ်တွင် ထိုင်ကာ အဝတ်များ စတင်လျှော်တော့သည်။ ကျွမ့်ကျွမ့်က ကြည့်နေရင်းမှ ရုတ်တရက် မီးဖိုခန်းဘက်သို့ ပြေးသွား၏။ ရှောင်ကော်က သူ ဘယ်သွားမှန်း မသိသဖြင့် အလုပ်ကိုသာ ဆက်လုပ်နေသည်။ ခဏအကြာတွင် ကျွမ့်ကျွမ့် ပြန်ရောက်လာ၏။ သူသည် အိမ်ထဲမှ အခြားထိုင်ခုံပုလေးတစ်လုံးကို သယ်လာခဲ့ခြင်း ဖြစ်သည်။ သူမ၏ နောက်တွင် ဝင်ထိုင်လိုက်ပြီး သူ၏ လက်ကလေးများဖြင့် သူမ၏ ခါးကို စတင် နှိပ်နယ်ပေးတော့သည်။
ရှောင်ကော် လှည့်ကြည့်လိုက်ပြီး အံ့အားသင့်သွားရ၏။ 'ဒီကလေးက... တကယ်ကို သိတတ်လွန်းပါလား’
ကျွမ့်ကျွမ့်သည် ရှောင်ကော်၏ ကျောပြင်ကို အားတက်သရော ဆက်လက်နှိပ်နယ်ပေးနေ၏။ သူ၏ မျက်နှာလေးမှာလည်း အလွန်အရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်နေရသည့်အလား တည်တည်တံ့တံ့ ရှိနေသည်။
သူ ဘေးနားတွင် ရှိနေပေးသဖြင့် ရှောင်ကော်သည် အားအင်များ ပြည့်ဝလာကာ အဝတ်လျှော်ခြင်းကို အမြန်ဆုံး အပြီးသတ်နိုင်ခဲ့သည်။ အဝတ်များ လျှော်ပြီးနောက်တွင် စောင်အစွပ်များကို ချွတ်ကာ အိပ်ရာခင်းများ အားလုံးကို ဆက်လက် လျှော်ဖွပ်လိုက်၏။ ပရိဘောဂများကိုလည်း တစ်ခါတည်း သန့်ရှင်းရေး လုပ်လိုက်သည်။ မေလ၏ ရာသီဥတုမှာ သန့်ရှင်းရေးလုပ်ရန် အလွန်ကောင်းမွန်လှပြီး နေ့ဘက်တွင် နေရောင်ခြည် အလုံအလောက် ရရှိသည်။ ညနေစောင်းလျှင် သူမလျှော်ထားသမျှ အရာအားလုံး ခြောက်သွားပေလိမ့်မည်။
"အမေ တကယ်တော်တာပဲ!" ကြိုးတန်းပေါ်တွင် ချိတ်ထားသော အဝတ်များနှင့် အိပ်ရာခင်း အများအပြားကို ကြည့်ရင်း ကျွမ့်ကျွမ့်က အံ့သြတကြီး ပြောလိုက်သည်။
"ဒါပေါ့! သားရဲ့ အကူအညီနဲ့ နှိပ်နယ်ပေးမှုကြောင့် အမေ တစ်စက်ကလေးတောင် မပင်ပန်းတော့ဘူး။" ရှောင်ကော်က ကိုယ်လက်များကို ဆန့်ထုတ်ရင်း ကျွမ့်ကျွမ့်ကို ပြောလိုက်သည်။ သူမသည် ကလေးကို ချော့ပြောနေခြင်း မဟုတ်ဘဲ တစ်နေ့တာ အလုပ်များကြောင့် တကယ်ပင် ပင်ပန်းသည်ဟု မခံစားရခြင်း ဖြစ်သည်။