no

Font
Theme

အခန်း (၁) : ဘယ်သူက မင်းအမေလဲ

“ရှောင်ကော်... ရှောင်ကော်ရေ၊ နံပါတ်၂ဝိုင်းအတွက် ဝက်သားနီချက် တစ်ပွဲလောက် ပြင်ပေးဦးဟေ့။”

“လာပြီနော်!”

ကြည်လင်အေးမြသော အသံချိုချိုလေးတစ်ခုသည် မီးဖိုခန်းအတွင်းဆီမှ ပဲ့တင်ထပ်လာခဲ့၏။ အခန်းထဲရှိ ပိန်ပိန်ပါးပါး မိန်းကလေးမှာ တစ်ကိုယ်တည်းဖြစ်သော်လည်း ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိသည့်အလား ထင်မှတ်ရပေသည်။ သူမသည် ဟင်းသီးဟင်းရွက်များ လှီးဖြတ်ခြင်း၊ မီးမွှေးခြင်း၊ ဟင်းအမယ်များကို အရသာသွင်းခြင်းနှင့် ဖောက်သည်များထံ ဟင်းပွဲပို့ဆောင်ခြင်းအထိ အရာရာကို သွက်လက်ချက်ချာသော လှုပ်ရှားမှုများဖြင့် တစ်ဦးတည်း ကိုင်တွယ်သည်။

နေ့တစ်နေ့၏ နောက်ဆုံးစားသုံးသူအုပ်စုကို ပို့ဆောင်ပြီးသည့်နောက်တွင်မူ ချင်ရှောင်ကော်တစ်ယောက် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး အားရပါးရ နားနေခွင့် ရသွားတော့သည်။ သူမတွင် အချိန်မရွေး အားအင်ပြန်လည်ဖြည့်တင်းပေးနိုင်သော ကိုယ်ပိုင်ကုသနိုင်စွမ်းရည်ရှိသော်လည်း၊ တစ်နေ့လုံး ဒိုင်ခံရုန်းကန်ခဲ့ရသည့်အတွက် လူမှာမူ အတော်လေး နွမ်းလျနေလေပြီ။

ခါးကို လက်ဖြင့်ဖိနှိပ်ရင်း ရှောင်ကော်တစ်ယောက် မတ်တတ်ရပ်လိုက်မိ၏။ ဘေးပတ်ပတ်လည်တွင်တော့ ပန်းကန်ခွက်ယောက်များမှာ တောင်ပုံရာပုံ ဖြစ်နေလေသည်။

“မနက်ကျမှ ဆေးလိုက်တော့မယ်။”

သူမသည် စိတ်ထဲက ရေရွတ်ရင်း မီးပိတ်ရန် လှည့်လိုက်စဉ်၊ အမှောင်ထုကြားထဲတွင် အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွားသည်ကို ပင်ပန်းနွမ်းလျနေသဖြင့် သတိမထားမိလိုက်ပေ။

ရှောင်ကော်သည် အခန်းထဲသို့ ပြန်လာပြီး ကိုယ်လက်သန့်စင်ကာ အိပ်ရာထဲ ဝင်ခဲ့၏။ အိပ်ပျော်ကာနီးဆဲဆဲတွင် ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းစောင်းငဲ့ကြည့်လိုက်မိသည်။ အပြင်ဘက်တွင် မြူများမှာ ဆိုင်းမှိုင်းနေပြီး ရှောင်ကော်သည်လည်း အထီးကျန်ဆန်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“၃ နှစ်တောင် ရှိသွားပြီပဲ…”

လွန်ခဲ့သော ၃ နှစ်က ချင်ရှောင်ကော်သည် ကျောင်းပြီးရန် လက်တစ်ကမ်းအလို စတုတ္ထနှစ်ကျောင်းသူတစ်ဦး ဖြစ်ခဲ့၏။ စိုက်ပျိုးရေးနှင့် နည်းပညာဌာနမှ သူငယ်ချင်းတစ်စုနှင့်အတူ ကျောင်းပြီးခရီးစဉ် ထွက်လာခဲ့ကြစဉ် ဇွန်ဘီဗိုင်းရပ်စ်များ ပျံ့နှံ့လာခဲ့သည်။ ထိုအကြောင်းရင်းကြောင့်ပင် သူမသည် သူငယ်ချင်းများနှင့် လူစုကွဲသွားခဲ့ရသည်။

ရှောင်ကော်သည် တစ်ယောက်တည်း အားကိုးရာမဲ့နေစဉ် စစ်တပ်မှ စစ်သားများက တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိသွားခဲ့သည်။ စစ်တပ်စခန်းသို့ ရောက်ရှိပြီး ရက်အနည်းငယ်အကြာတွင် ဘေးပတ်ဝန်းကျင်မှ လူအချို့မှာ ထူးခြားသည့် စွမ်းအားရှင်များအဖြစ် ပြောင်းလဲလာခဲ့ကြ၏။ ရှောင်ကော်သည်လည်း မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် ထိုစွမ်းအားရှင်များထဲတွင် ပါဝင်ခွင့်ရဖို့ တိတ်တဆိတ် မျှော်လင့်နေခဲ့သော်လည်း ကံကြမ္မာက သူမဘက်မှာ မရှိခဲ့ပေ။ ကယ်တင်ခံရပြီး စခန်းသို့ ရောက်လာသည့် ဆယ်ဂဏန်းမျှသော လူများထဲတွင် စွမ်းအားဘာမှ မရှိသူမှာ သူမတစ်ယောက်တည်းသာ ဖြစ်နေခဲ့သည်။

ရှောင်ကော်တစ်ယောက် စိတ်ထဲမှာ တိတ်တဆိတ် စိုးရိမ်ပူပန်နေမိ၏။ ယခုအချိန်သည် ကမ္ဘာပျက်ကပ်ကြီး ကျရောက်နေသော အချိန်မဟုတ်ပါလား။ စစ်တပ်က သူမကို မကယ်တင်မီကပင် စခန်းပြင်ပရှိ လူသားတို့၏ ဖုံးကွယ်ထားသော အမှောင်ဘက်ခြမ်းကို သူမ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ အစားအစာ ပြတ်လပ်လာသောအခါ စွမ်းအားမရှိသူများမှာ အနိုင်ကျင့် ဗိုလ်ကျခံကြရ၏။ ရုပ်ရည်ချောမောသူအချို့မှာမူ စွမ်းအားရှင်များ၏ ထိန်းချုပ်အနိုင်ကျင့်မှုကို ခံကြရပေသည်။ ဥပဒေမဲ့ပြီး စည်းကမ်းမဲ့လှသော ထိုကမ္ဘာကြီးတွင် နောက်တစ်စက္ကန့်မှာ ဘာဖြစ်လာမည်ကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ကြပေ။

ကံကောင်းထောက်မစွာဖြင့် သူမ၏ စိုက်ပျိုးရေးအသိပညာနှင့် ဖခင်ဖြစ်သူထံမှ သင်ယူခဲ့သော ဟင်းချက်နည်းပညာရပ်များကြောင့် စားသောက်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ အစားအစာ ရှားပါးနေချိန်ဖြစ်သဖြင့် ရှောင်ကော်သည် သူမ၏ ကျွမ်းကျင်မှုများကို အသုံးချကာ ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးခဲ့၏။ အာဟာရဖြည့် ဘီစကစ် များကိုသာ အဓိကအားထား စားသောက်နေရသော ခေတ်ကာလတွင် ရှောင်ကော်၏ စားသောက်ဆိုင်မှာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အရသာရှိသော ဟင်းလျာများကြောင့် အောင်မြင်ဖြစ်ထွန်းခဲ့သည်။

လွန်ခဲ့သော ၃ နှစ်လုံးလုံး ရှောင်ကော်သည် မိဘများကို လိုက်လံရှာဖွေနေခဲ့၏။ သူတို့၏ သတင်းအစအနမျှ မရရှိခဲ့သော်လည်း သူမသည် ရှာဖွေခြင်းကို မရပ်တန့်ခဲ့။ မိဘများ ဘာဖြစ်နေမလဲဆိုသည်ကို သူမ မတွေးရဲအောင်ပင်။ ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပွားပြီး ၂နှစ်တွင် ရှောင်ကော် သည် စွမ်းအားရှင်တစ်ဦး ဖြစ်လာခဲ့သည်။ သူမ ရရှိခဲ့သော စွမ်းအားသစ်ကို အသုံးချကာ စစ်တပ်မှ စစ်သားများနှင့်အတူ မိဘများကို လိုက်လံရှာဖွေရန် မူလက စီစဉ်ခဲ့သော်လည်း စိတ်ပျက်စရာကောင်းသည်မှာ သူမ ရရှိခဲ့သည့် စွမ်းအားမှာ အခြေခံအဆင့် ကိုယ်တိုင်ကုသနိုင်စွမ်းလေးသာ ဖြစ်နေခဲ့ပြီး အသုံးမဝင်သလောက် ဖြစ်နေခဲ့သည်။ အကယ်၍ ဇွန်ဘီများနှင့်သာ ထိပ်တိုက်တွေ့ခဲ့လျှင် သူမအတွက် သေမင်းနှင့် တွေ့ဆုံခြင်းပင် ဖြစ်ပေလိမ့်မည်။

ရှောင်ကော်သည် သူမ၏ စွမ်းအားကို Level မြှင့်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ကံကြမ္မာ၏ မျက်နှာသာပေးမှုကို မရရှိခဲ့ပေ။ ၂ နှစ်တာ ကြာမြင့်ခဲ့သည့်တိုင်အောင် သူမသည် အခြေခံအဆင့်မှာပင် တစ်ဆို့နေခဲ့သည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်ခဲ့၏။ ရှောင်ကော် ဤစစ်တပ်စခန်းသို့ ရောက်ရှိလာခဲ့သည်မှာ ၃ နှစ်နီးပါး ရှိခဲ့လေပြီ။ ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သော ဤစခန်းကြီး၌ ခေတ်မီလက်နက်မျိုးစုံနှင့် အင်အားကြီး စွမ်းအားရှင် အများအပြား ရှိနေကြသည်။ ထိုသို့ ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကြောင့်ပင် ဤ ၃ နှစ်တာအတွင်း ရှောင်ကော်တစ်ယောက် စိုးရိမ်ပူပန်မှုကင်းစွာ နေထိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက စခန်းရှိ နေထိုင်သူတစ်ဦးသည် စိတ်မကောင်းစရာ သတင်းတစ်ခုကို သယ်ဆောင်လာခဲ့၏။ သူတို့ သည် မိဘများကို ရှာတွေ့ခဲ့သော်လည်း ဇွန်ဘီများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သောကြောင့် ကိုယ်တိုင်ပင် ရိုက်သတ်ခဲ့ရသည်ဟူ၏။ ထို့နောက်တွင်မူ တိတ်ဆိတ်သော နေရာတစ်ခု၌ ထိုရုပ်အလောင်းများကို မြှုပ်နှံပေးခဲ့ကြသည်။

ထိုသတင်းကို ကြားရသောအခါ ရှောင်ကော်သည် စိတ်မကောင်းဖြစ်မိသော်လည်း ဖြစ်တည်နေသော အခြေအနေကို လက်ခံနိုင်အောင် ကြိုးစားခဲ့သည်။ ထိုသို့သော အခြေအနေမျိုးတွင် မည်သူမျှ ဘာမှမတတ်နိုင်သည်ကို သူမ သိနေခဲ့ပေသည်။

ရှောင်ကော်သည် အနာဂတ်အတွက် မျှော်လင့်ချက် မရှိသလိုပင် ဝေဝေဝါးဝါးနှင့် ဆက်လက်ရှင်သန်နေခဲ့သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သည့်အခါမှ အဆုံးသတ်မည်ကို မည်သူမျှ မသိနိုင်ပေ။ သူမ လုပ်နိုင်သည်မှာ ဟင်းချက်ခြင်းနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း၌သာ အာရုံစိုက်ထားခြင်းပင် ဖြစ်၏။ နေ့စဉ်နေ့တိုင်း ဟင်းသီးဟင်းရွက် မျိုးစိတ်အသစ်များ စိုက်ပျိုးခြင်းနှင့် ထွက်ရှိလာသော သီးနှံများ၏ အရသာကို သုတေသနပြုခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့သည်။ ထို့အပြင် စခန်းပြင်ပသို့ သွားစဉ်က တွေ့ရှိလာခဲ့သော ကြက်၊ ဘဲနှင့် ဝက်များကိုလည်း မွေးမြူခဲ့၏။ သူမသည် ဤလုပ်ရိုးလုပ်စဉ်များကိုသာ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် လုပ်ဆောင်နေခဲ့သည်။

တစ်နေ့တွင်မူ ရှောင်ကော်တစ်ယောက် အိပ်ပျော်ကာစမှာပင် ပြင်းထန်သော လှုပ်ခါမှုများကြောင့် လန့်နိုးလာခဲ့၏။ သူမ ဝေဝေဝါးဝါး ဖြစ်နေစဉ်မှာပင် နားထဲ၌ နုနယ်သော အသံလေးတစ်ခုက "အမေ... အမေ... အမေ..." ဟု ငိုယိုအော်ဟစ်နေသည်ကို ကြားလိုက်ရသည်။

ပင်ပန်းလွန်းလှသဖြင့် ရှောင်ကော်တစ်ယောက် မျက်လုံးများကို ဖွင့်မရဘဲ ရှိနေခဲ့၏။ ထိုအသံမှာ မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သူမ သိချင်နေမိသည်။ __ ‘တစ်ခုခုတော့ မှားနေပြီ။ ငါ အရမ်းပင်ပန်းနေတာ မှန်ပေမဲ့ ဘာလို့ မျက်လုံးဖွင့်လို့ မရတာလဲ’ဟု ရှောင်ကော်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေမိ၏။ သူမ၏ ခန္ဓာကိုယ်မှာ လွင့်မျောနေသလို ခံစားနေရပြီး မျက်ခွံများမှာလည်း ကော်ဖြင့် ကပ်ထားသည့်အလား လေးလံနေခဲ့သည်။

နေမထိထိုင်မသာ ဖြစ်နေစဉ်မှာပင် တစ်စုံတစ်ယောက်က သူမ၏ လက်မောင်းကို ဆွဲခါနေဆဲ ဖြစ်၏။ သူမ၏ နားထဲ၌လည်း မပြတ်တမ်း ငိုယိုသံများကို ကြားနေရဆဲပင်။ သတိလွတ်ခါနီးဆဲဆဲ အချိန်တွင် "အမေ" ဟု ခေါ်သံကို ထပ်မံကြားလိုက်ရသဖြင့် သူမ၏ နောက်ဆုံးအင်အားကို စုစည်းကာ "ဘယ်သူက မင်းအမေလဲ..." ဟု ရှောင်ကော် မေးလိုက်လေတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment