အပိုင်း (၈)
ကုချင်းယန်ခမျာ အစီစဉ်ကို သေချာဆွဲခဲ့သည်။ သို့ပေသော်ငြား ချန်ရှီးရွာတွင် သုံးရက်တိတိ တည်းခိုခဲ့ပြီး ရွာအနှံ့လျှောက်ကြည့်သွားခဲ့သည့်တိုင် မည်သည့်လုံခြုံရေးအစောင့်အကြပ်ကိုမျှ မတွေ့ခဲ့ရပေ။
တခြားရွေးချယ်စရာ မရှိတော့သဖြင့် သူလည်း ပိုက်ဆံကို ထပ်ဖြုန်းနေ၍ မရတော့ပေ။ ထို့ပြင် sign in ဝင်ရမည့် နေရာလည်းမရှိသဖြင့် တတိယမြောက်နေ့တွင် သူတို့ သုံးယောက်စလုံး နွားလှည်းဖြင့် လင်ချွမ်းခရိုင်သို့ ဦးတည်သွားခဲ့ကြတော့သည်။
သူတို့ နွားလှည်းပေါ် တက်ပြီးသည်နှင့် ကုချင်းယန်က ဖေ့ရွှမ်းဘေးတွင် ထိုင်ကာ သူ့အား နွေးထွေးဖော်ရွေသော အပြုံးတစ်ပွင့် ပေးလိုက်သည်။
“ခင်ဗျားရဲ့မျက်နှာ အဆင်ပြေရဲ့လား။ ဆေးထပ်လိုချင်လား။”
ကုချင်းယန်က ခေါင်းလေးစောင်းကာ ကြည့်လိုက်သည်။ ဖေ့ရွှမ်း၏ ညာဘက်ပါးပြင်တွင် တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် ပြင်းထန်ပုံရသော ပွန်းပဲ့ဒဏ်ရာတစ်ခု ရှိနေသည်။
ကုချင်းယန်မှာ ပြောနေရင်းနှင့် သူ၏ ဝတ်ရုံထဲမှ ဆေးဆီတစ်ဗူးကို ထုတ်ကာ ထိုလူ၏ မျက်နှာပေါ်သို့ တိုက်ရိုက် လိမ်းပေးလိုက်လေပြီ။
[စနစ်: သင် ဖေ့ရွှမ်းအပေါ် sign in ဝင်လိုက်ပါပြီ။ တောင်တက်ခရီးသည်များ အသုံးပြုသည့် ပစ္စည်းတစ်စုံ ရရှိပါပြီ။]
“တောင်တက်ခရီးသည်များသုံး ပစ္စည်းတစ်စုံ” က ကြိုးနှစ်ချောင်းပါသော ခိုင်ခံ့သည့် ဝါးကျောပိုးအိတ်တစ်လုံး ဖြစ်ကာ၊ ပေါ့ပါးပြီး ဆေးဝါးနှင့် အစားအစာများထည့်ရန် အကန့်များစွာ ပါရှိလေသည်။ ၎င်းက သယ်ရလွယ်သော ခရီးဆောင် လက်ဆွဲသေတ္တာအိတ်လေး တစ်လုံးပင်။
ကုချင်းယန်မှာ ကျေနပ်စွာဖြင့် သူ့လက်ကို ပြန်ရုပ်လိုက်သည်။
ဖေ့ရွှမ်းကတော့ လက်ပိုက်လျက် ထိုင်နေပြီး စိတ်ထဲ၌လည်း ယောက်ယက်ခတ်နေမိသည်။ အကြောင်းတစ်ခုခုကြောင့် ဤလူငယ်လေးက သူ့အား ထိတွေ့ရသည်ကို နှစ်သက်ပြီး စည်းဘောင်ဟူ၍ မရှိသလိုပင်။ ကောင်လေးက အသယ်ငယ်သေးသောကြောင့် သူ သည်းခံပေးခဲ့သော်ငြား ယခုရက်ပိုင်းအတွင်း ထိုအပြုအမူများက ပိုမိုများပြားလာခဲ့သည်။
သူ့အား ကယ်တင်ပေးခဲ့သည့် ကျေးဇူးကြွေးကြောင့်သာ မဟုတ်လျှင် နှောင့်ယှက်ခံရမှုမှ ရှောင်ရှားရန်အတွက် သူ အစောကတည်းက ထွက်သွားခဲ့ပြီးပြီပင်။
ယခုမူ မိဘမဲ့ကလေးနှင့် သူ၏ “အမေ” ကိုကြည့်ကာ မစွန့်ပစ်နိုင် ဖြစ်နေချေပြီ။
ကုချင်းယန်မှာတော့ ဖေ့ရွှမ်း ဘာတွေးနေမှန်း မသိရှာ။ မဟုတ်လျှင် သူ့ခမျာ စွပ်စွဲခံလိုက်ရသည့်နှယ် ခံစားရမည်ဖြစ်သည်။ သူသည် ထိုလူအား “ထိတွေ့” ရသည်ကို မကြိုက်၊ sign-in မှတ်ကိုသာ ကြိုက်လေသည်။
[သင် ဖေ့ရွှမ်းအပေါ် sign-in ဝင်လိုက်ပါပြီ။ “ပိုးမွှားပြေးနံ့သာအိတ်” ကို ရရှိပါပြီ။]
၎င်းက မနေ့ကဟာ ဖြစ်သည်။ အိတ်က သာမန်နံ့သာအိတ်တစ်အိတ်ဟု ထင်ရသော်လည်း ပိုးမွှားများကို သေစေနိုင်ခြင်းနှင့် စိတ်ကို လန်းဆန်းစေသည့် ဆေးဖက်ဝင်အပင်များ ပါဝင်သည်။ ထိုအိတ်ကို ဆောင်ထားကတည်းက ပိုမွှားများကို လွယ်လွယ် ဆွဲဆောင်မိလေ့ရှိသည့် ကုချင်းယန်မှာ တစ်ကြိမ်မှ နှောင့်ယှက်မခံရသေးချေ။ စနစ်၏ ထုတ်ကုန်များက တကယ်ပင် အဆင့်မြင့်လှ၏။
တောင်တက်ခရီးသည်များသုံးသည့် ပစ္စည်းအစုံကတော့ ယနေ့ ရိတ်သိမ်းရရှိခဲ့သည့် အရာဖြစ်သည်။ တခြား sign-in မှတ်နှင့် မတူဘဲ ဖေ့ရွှမ်းက နေ့တိုင်း ပြန်သုံး၍ရနေသည်။ sign-in ဝင်ပြီးသော် ကုချင်းယန်တစ်ယောက် ဖေ့ရွှမ်းကို စိတ်မဝင်စားတော့။ ဆေးဆီဗူးကို အိတ်ကပ်ထဲ ပြန်ထိုးထည့်ကာ မနက်ဖြန် ထပ်သုံးဖို့ စဉ်းစားထားသည်။
ဖေ့ရွှမ်း၏ မျက်ခုံးအစုံမှာ မသိမသာလေး တွန့်ချိုးသွားလျက်။
“မင်းလည်း လိမ်းသင့်တယ်။”
“ဘာ..”
ကုချင်းယန် မျက်တောင်ခတ်လိုက်သည်။ ထိုအခါမှသာ ဖေ့ရွှမ်းက သူ့လက်ကောက်ဝတ်ကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း သတိပြုမိသွားသည်။ သူတို့ စတွေ့သည့်နေ့တွင် ဖေ့ရွှမ်းက သူ့လက်ကို တင်းတင်း ချည်နှောင်ထားခဲ့သည်။ ကုချင်းယန်၏ အသားအရေက နုနယ်သဖြင့် သူ့လက်ကောက်ဝတ်တစ်ဝိုက်၌ အနီရောင် အမှတ်က ကျန်ရှိနေဆဲပင်။
သူ နွားလှည်းထဲကို ချောင်းကြည့်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ကျွန်တော့်အမေ မကြားစေနဲ့၊ သူ(မ)မြင်ရင် စိတ်ပူနေလိမ့်မယ်။”
သူ(မ)သာ မြင်ခဲ့ပါလျှင် ဖေ့ရွှမ်းတစ်ယောက် သူတို့နှင့် ခရီးအတူတူ သွားမည်ကို လုံးလုံး သဘောတူတော့မည် မဟုတ်ချေ။
ဖေ့ရွှမ်း၏ အေးစက်ကာ ခက်ထန်သည့် မျက်နှာထားကြောင့် နို့ထိန်းအမေလျှို့က ထိုသူ့ကို “မကောင်းသည့်လူ” ဟု ထင်ခဲ့သည်။
ဖေ့ရွှမ်းလည်း လှည်းထဲသို့ ချောင်းကြည့်လိုက်သည်။
ထိုနှစ်ယောက်၏ ဆက်ဆံရေးက ထူးဆန်းလှသည်။ ရင်းနှီးသလို ထင်ရသော်ငြား သွေးသားအရတော့ တော်စပ်မည့်ဟန် မရှိပေ။
“သိပါပြီ။”
ကုချင်းယန် ပြောရင်း လက်ကောက်ဝတ်ကို ခပ်ဖွဖွလေး ပွတ်သပ်လိုက်သည်။ သူရှင်းပြလိုက်၏။
“တကယ်တော့ အဲ့နေ့က ခင်ဗျား စိတ်မတည်မငြိမ် ဖြစ်နေလို့နေမှာ။ ကျွန်တော့်ရဲ့ အသားအရေကလည်း နုနယ်ပြီး အညိုအမည်း စွဲလွယ်လို့ပါ။ ခင်ဗျားအပြစ် မဟုတ်ပါဘူး။”
ဖေ့ရွှမ်းနှင့် အပေါက်အလမ်းတည့်အောင်လုပ်ရင်း ထိုသူ၏နောက်ခံကို သိချင်သဖြင့် သူ မေးလိုက်သည်။
“အစ်ကိုဖေ့… ခင်ဗျား လင်ချွမ်းကို ဘာသွားလုပ်မလို့လဲ။”
“သူငယ်ချင်းဆီ အလည်သွားမလို့။”
ဖေ့ရွှမ်းက လေးတွဲ့စွာ ပြန်ပြောသည်။
“ခင်ဗျား အဲ့မှာနေမလို့လား။”
“မဆုံးဖြတ်ရသေးဘူး။”
“ကျွန်တော်တို့က ဆွေမျိုးတွေဆီ သွားနေဖြစ်မှာဆိုတော့ အဲ့မှာပဲ အခြေချဖြစ်မယ်ထင်တယ်။ ရေစက်ရှိရင် မကြာခဏ လာလည်သင့်တယ်။”
“ကြည့်ကြတာပေါ့။”
စကားအနည်းငယ် ပြောပြီးသည့်နောက် ဖေ့ရွှမ်းက ပြန်လည်အေးစက်သွားသည်။ ကုချင်းယန်လည်း စိတ်ပျက်သွားကာ “အိပ်ရန်” အတွက် သူ့မျက်လုံးကို မှိတ်လိုက်၏။ တကယ်တော့ စာလုပ်ဖို့အတွက် စနစ်ထဲ ဝင်နေခြင်းပင်။
သုံးရက်တာ သင်ကြားပြီးနောက် သူ၏ ဆေးပညာက အခြေခံအဆင့် ၃၃ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။ သူသည် ဆေးဖက်ဝင်အပင် အများစုက်ို အလွတ်မှတ်ထားပြီးဖြစ်ကာ ယခုမူ ဆေးပညာကို တရားဝင် စသင်နေလေပြီ။
“Host: ကုချင်းယန်၊ အသက်: ၁၅၊ အမှတ်: ၂၅ မှတ်၊ အရည်အချင်း: ဆေးပညာ (အခြေခံ) ၃၃ ရာခိုင်နှုန်း။”
သမားတော်၏ လမ်းညွှန်မှုအောက်တွင် သူက ဆေးစာများကို စာသင်ခန်းထဲတွင် အလွတ်ကျက်မှတ်ခဲ့သည်။ နို့ထိန်းအမေလျှို့ သူ့ကို လာနိုးချိန်တွင် သူ၏ တိုးတက်မှုနှုန်းက ၃၅ ရာခိုင်နှုန်းသို့ ရောက်ရှိနေလေပြီ။ အဆင့်ပိုတက်လေလေ တိုးတက်မှုနှုန်းက ပိုနှေးလာလေလေပင်။ သို့သော်ငြား သူ စိတ်မပျက်မိပါချေ။ သူ၏ အမှတ်က ၂၇ မှတ် ရှိသဖြင့် အသုံးပြုရန် လုံလောက်ပေသည်။
လူငယ်လေးက အပျင်းကြောဆန့်လိုက်ရင်း အားမာန်အပြည့်နှင့်။ သူ လင်ချွမ်းကို ရောက်လျှင် တစ်ခုခုလုပ်ရန် ပြင်ဆင်ထားသည်။
“ယန်အာ… တစ်ခုခု လာစားဦး။”
နို့ထိန်းအမေလျှို့က လှမ်းခေါ်လာသည်။ သူ(မ)သည် လမ်းခရီးအတွက် ရည်ရွယ်ကာ ချန်ရှီးရွာတွင် ရှိနေစဉ်က လှည်းထဲတွင် ရိက္ခာများ ဖြည့်တင်းထားခဲ့သည်။ စနစ်မှ ရရှိထားသော အသားဘန်းမုန့်များက ကုန်သွားပြီဖြစ်သော်ငြား ရွာမှ ရရှိခဲ့သော ဘန်းမုန့်ဖြူကတော့ အေးစက်နေသည့်တိုင် စားရ အဆင်ပြေလှသည်။
ကုချင်းယန်မှာ တစ်ကိုက်ကိုက်လိုက်ပြီး နင်မတတ် ဖြစ်သွားရ၏။
“ဖြည်းဖြည်းစား၊ ရေသောက်လိုက်ဦး။”
နို့ထိန်းအမေလျှို့က တိုက်တွန်းလာသည်။
“များများစား၊ ဒီရက်တွေမှာ သား အရမ်းပိန်လာတယ်။”
“ပိန်လာတာလား။”
ကုချင်းယန် သူ့မျက်နှာကို ထိကြည့်လိုက်သည်။ ဂျင်ဆင်းအားဖြည့်ဆေးလုံးက အံ့ဩစရာကောင်း၏။ တစ်နေ့ တစ်လုံး သောက်ရုံမျှဖြင့် အားအင်ပိုရှိလာကာ လီမိသားစုတွင် ရှိနေစဉ်ကထက် အစားစားချင်စိတ် ပိုရှိလာခဲ့သည်။
“ပိန်လည်းပိန်သွားတယ်၊ အသားလည်း ညိုလာတယ်။”
နို့ထိန်းအမေလျှို့က စိတ်မကောင်းစွာ ပြောလာသည်။
“သားက တစ်ခါမှ ဒီလို ဒုက္ခမရောက်ဖူးဘူးလေ။ မနေ့ကလမ်းက အဆင်ပြေပေမယ့် ဒီနေ့က မြေတွေ မညီဘူး။”
ကုချင်းယန်ကတော့ သူ(မ) သူ့အပေါ် စိုးရိမ်လွန်နေခြင်း ဖြစ်မည်ဟုသာ တွေးလိုက်သည်။ သူ ဘန်းမုန့်နှစ်လုံးကို စားပြီးသည့်နောက် ပတ်ဝန်းကျင်ကို စူးစမ်းရန် မတ်တတ်ရပ်လိုက်သည်။ သူ့အနေနှင့် လျှောက်ကြည့်နေခြင်းမဟုတ်၊ sign-in မှတ်က်ို ရှာနေခြင်း ဖြစ်၏။ အသုံးပြုစရာ အမှတ်ရှိနေသဖြင့် သူ သုံးကြည့်ချင်နေမိသည်။ ဖေ့ရွှမ်းအတွက်မူ သူက သူ၏ ပထမဆုံးခရီးစဉ်တွင် စူးစမ်းလိုစိတ်ရှိသည့် ကလေးတစ်ယောက်မျှသာ။
ကုချင်းယန်တစ်ယောက် ရုတ်တရက် ဖေ့ရွှမ်း၏မြင်ကွင်းမှ ပျောက်သွားခဲ့သည်။ သူမျက်မှောင်ကြုတ်ကာ လိုက်သွားရန် ထလိုက်သော်လည်း ရှက်ဖွယ်ကောင်းသည့် အရာတစ်ခုခုနှင့် တိုးမိမည်ကို စိုးသဖြင့် တုံ့ဆိုင်းသွားရသည်။
[Note: ပြောချင်တာက ကုချင်းယန် အပေါ့သွားတာ ဘာညာနဲ့ တိုးမှာစိုးလို့။]
[စနစ်: တောသင်္ချိုင်းကုန်း Sign-in မှတ်ကို တွေ့ရှိပါသည်။ Sign-in ဝင်ရန်အတွက် အမှတ် (၁) မှတ်ကို သုံးစွဲပါမည်လား။]
တောသင်္ချိုင်းကုန်းတွေလား။ ကုချင်းယန် တုန်ရီသွားရသည်။ သူ ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်သော်လည်း ခါးထိရှိသော ကျူပင်မှလွဲ၍ ဘာမှမမြင်ရ။
“စည်းစိမ်ချမ်းသာကို အန္တရာယ်တွေကြားကနေ ရှာရတာပဲလေ။ အစ်ကိုကြီးတို့၊ အစ်မကြီးတို့ ကျေးဇူးပြုပြီး စိတ်မရှိကြပါနဲ့နော်။ ကျွန်တော် အရိုအသေပေးပါ့မယ်။ အချင်းချင်း ကူညီကြတာပေါ့။”
ကုချင်းယန်က Sign-in မှတ်ကို အရိုအသေ ပေးလိုက်ပြီး တုံ့ဆိုင်းမနေတော့ဘဲ Sign-in ဝင်လိုက်သည်။
[စနစ်: သင် တောရိုင်းသင်္ချိုင်းကုန်းကို Sign-in ဝင်ရောက်လိုက်ပါပြီ။ ကျောက်စိမ်းတံဆိပ်တုံးကို ရရှိပါပြီ။]
တံဆိပ်တုံးမှာ သေးငယ်ကာ နှစ်စင်တီမီတာတောင် မပြည့်သည့် ကျားနဂါးရုပ်ကို ထုဆစ်ထားသော ကျောက်စိမ်းဖြူလေးတစ်ခုပင်။
ကြည့်ရသလောက်တော့ အတော်လေး တန်ဖိုးကြီးမည့်ဟန်။ သူ ၎င်းကို ပြောင်းပြန် လှန်လိုက်သည်။ အောက်ခြေတွင် “လှည့်လည်သွားလာသူ” ဟု ရေးထိုးထား၏။ ၎င်းက ထူးဆန်းပေသည်။
“မင်း ဒူးထောက်ပြီး ဘာတွေလုပ်နေတာလဲ။”
“အားးးး။”
ကုချင်းယန်မှာ ထခုန်မိမတတ် ဖြစ်သွားရသည်။ သူသည် တံဆိပ်တုံးကို စနစ်ကျောပိုးအိတ်ထဲသို့ ချက်ချင်း ပစ်ထည့်လိုက်မိ၏။
ဖေ့ရွှမ်း၏ အေးစက်စက်မျက်နှာကို မြင်လိုက်ရမှသာ စိတ်အေးသွားရသည်။
“ခင်ဗျား လမ်းလျှောက်တာက အသံလည်းမထွက်ဘူးရော။ ကျွန်တော့်ကို လန့်သေအောင်လုပ်နေတာလား။”
ဖေ့ရွှမ်းက သူ့ကို စူးစမ်းသလို ကြည့်လာသည်။
“မင်းက ဒီမှာ ဒူးထောက်ပြီး ဘာလုပ်နေတာလဲ။”
“ဘာမှမဟုတ်ပါဘူး။”
ကုချင်းယန် ထရပ်လိုက်ပြီး သူ့ဘောင်းဘီကို ဖုန်ခါချလိုက်သည်။
“ဒီမှာ အထီးကျန်နေတဲ့ သင်္ချိုင်းကုန်းတွေကို တွေ့လို့လေ။ ကျွန်တော်တို့ ဆုံစည်းခွင့်ရမှတော့ ဘာလို့ ဂါဝရမပြုရမှာလဲပေါ့။”
ထိုသို့ပြောပြီး သူ ခပ်မြန်မြန် ထွက်သွားလိုက်သည်။
ဖေ့ရွှမ်းမှာမူ မြင့်မားသော ကျူပင်များကိုကြည့်ကာ အတွေးနက်သွားရ၏။
ကုချင်းယန်က ရုတ်တရက် ပြန်ပြေးလာခဲ့သည်။ သို့ပေသည့် ဘန်းမုန့်တချို့ကို ယူကာ ပြန်လာခဲ့ခြင်းပင်။ သူသည် ထိုမုန့်များကို မြေပြင်ထက်သို့ ချထားလိုက်သည်။
“သေးငယ်တဲ့ အလှူအတန်းလေးပါ၊ မင်းတို့ ကြိုက်ဖို့ မျှော်လင့်ပါတယ်။”
သူကမူ အဖိုးတန်သော တံဆိပ်တုံးကို ရရှိခဲ့သဖြင့် ဘန်းမုန့်အချို့ကို ပေးကမ်းခြင်းက ဘာမှ မဟုတ်ပါချေ။
ဖေ့ရွှမ်း၏ မျက်နှာထားက ပို၍ ထူးဆန်းလာ၏။
ဒီသခင်လေးက အပြစ်ကင်းစင်တဲ့အပြင် ကြင်နာတတ်သေးတယ်… လင်ချွမ်းလို ကြမ်းတမ်းတဲ့ နေရာမျိုးမှာ သူ အသက်ရှင်နိုင်ပါ့မလား။ သူတို့ကို ပို့ပေးပြီးရင် သူလည်း နှစ်ရက်၊ သုံးရက်လောက်တော့ နေပေးမှပါပဲ။
~~~
စားသောက်ပြီးသည့်နောက် သူတို့ ခရီးဆက်ခဲ့ကြသည်။ ကုချင်းယန်နှင့် ဖေ့ရွှမ်းတို့က လှည်းကို တစ်လှည့်စီ မောင်းခဲ့ကြသည်။ ၎င်းက ခရီးလမ်းကို ပိုလွယ်ကူစေ၏။ နို့ထိန်းအမေလျှို့ကတော့ အစားအသောက်ကို တာဝန်ယူသည်။ သူ(မ)က ဖေ့ရွှမ်း၏ အေးစက်မှုကို မဘောမကျပါသော်ငြား သူ၏ အစားအစာဝေစုကိုတော့ လျှော့မပေးခဲ့။
ထိုနှစ်ရက်တာအတွင်းတွင် ကုချင်းယန်တစ်ယောက် sign-in မှတ်ကို ရွာအချို့တွင်သာ တွေ့ရှိခဲ့သည်။ ဆုလာဘ်အဖြစ်တော့ ဂျုံ၊ စပါး များကိုသာ ပြန်ပေးကြ၏။
[စနစ်: သင် ဖေ့ရွှမ်းအပေါ်ကို sign-in ဝင်ရောက်လိုက်ပါပြီ။ မီးခြစ်ကျောက်ပါသော ကြာပန်းပုံစံ နံ့သာအိတ်တစ်လုံးကို ရရှိပါပြီ။]
[စနစ်: သင် ဖေ့ရွှမ်းအပေါ်ကို sign-in ဝင်ရောက်လိုက်ပါပြီ။ ရွှေသားကွပ်ထားသော ငွေဓားမြှောင်ကို ရရှိပါပြီ။]
ပစ္စည်းတိုင်းက အသုံးဝင်လှပေသည်။ ထိုမှအပ ခရီးလမ်းက အေးချမ်းခဲ့သည်။
နို့ထိန်းအမေလျှို့က ဖေ့ရွှမ်းကိုကြည့်ကာ ရေရွတ်လိုက်သည်။
“အမေပြောသားပဲ၊ တရားဝင် လမ်းမကြီးပေါ်မှာ ဓားပြတွေ မရှိပါဘူးလို့။ တချို့လူတွေများနော် အလကားစီးချင်တော့ ဆင်ခြေပေးပြီး လူတွေကို လာခြောက်နေတာ။”
ကုချင်းယန်က ချက်ချင်း ကြားဖြတ်ပြောလိုက်သည်။
“အမေ… အဲ့လို မပြောပါနဲ့။ အစ်ကိုဖေ့ရွှမ်းက အရပ်ရှည်ပြီး သန်မာတယ်လေ။ သူရှိတော့ ကျွန်တော် အများကြီး ပိုလုံခြုံသလို ခံစားရတယ်။”
သူ ဖေ့ရွှမ်းကို ပြုံးပြလိုက်သော်လည်း ထိုလူကတော့ ခေါင်းကို တစ်ဖက်သို့ လှည့်သွားခဲ့သည်။
ကုချင်းယန်မှာ စိတ်ပျက်မိသွား၏။ ခရီးအကြာကြီး သွားခဲ့သော်လည်း သူကတော့ “ရွေ့လျား sign-in မှတ်” နှင့် မိတ်ဆွေမဖြစ်သေးချေ။ သူ ထိုအကြောင်းကို တွေးတောနေတုန်း စနစ်၏မျက်နှာပြင်က ပေါ်ထွက်လာသည်။
[စနစ်: တောဝက်တောင်ကုန်း Sign-in မှတ်ကို ရှာဖွေတွေ့ရှိပါသည်။ Sign-in ဝင်ရန်အတွက် အမှတ် (၁) မှတ်ကို သုံးစွဲပါမည်လား။]
၎င်းမှာ မသင်္ကာစရာကောင်းပေသည်။ ပုံမှန်အားဖြင့် လူအရိပ်အယောင်မရှိသော တောနက်ထဲတွင် Sign-in မှတ် မရှိတတ်။ သူ ချက်ချင်း Sign-in ဝင်လိုက်သည်။
[စနစ်: သင် တောဝက်တောင်ကုန်းတွင် Sign-in ဝင်လိုက်ပါပြီ။ လက်ပစ်မြား ရရှိပါပြီ။]
[Note: လက်မောင်းတစ်ဝိုက်မှာ ပတ်ပြီး ဝှက်ထားလို့ရတဲ့ မြားတိုအသေးလေးပါ]
လက်ပစ်မြားလား။
ကုချင်းယန်မှာ အကြောင်းအရင်းကို နားမလည်နိုင်တော့ချေ။ သို့သော်ငြား သူလက်ကောက်ဝတ်ကို တိတ်တဆိတ် ပွတ်သပ်ရင်း စူးစမ်းလေ့လာနေလိုက်၏။
“လုယက်ကြမယ်ဟေ့။”
“နွားလှည်းကို ထားခဲ့ကြ။ ခရီးဆောင်အိတ်ရောပဲ။ ဒါဆို မင်းတို့အသက်ကို ချမ်းသာပေးမယ်။”
“ပြီးတော့ အဝတ်အစားတွေရောပဲ။ အဝတ်အစားတွေကိုလည်း ချွတ်လိုက်။”
ကုချင်းယန် ချက်ချင်း မော့ကြည့်လိုက်မိသည်။
လက်ပစ်မြား—ဒါကို ထုတ်သုံးရမယ့် အချိန်ရောက်နေပြီမလား။
***
Aurora Novel Translation Team