အပိုင်း (၁)
ကူးပြောင်းပြီး ၁၅ နှစ်အကြာတွင်တော့ ကုချင်းယန်တစ်ယောက် သူဟာ ကလေးချင်းမှားလဲခံထားရသည့် ဇာတ်လမ်းထဲမှ “သခင်လေးအတု” ဖြစ်ကြောင်း သိရှိသွားရသည်။
သူသည် သူတစ်ပါး၏ မြင့်မြတ်သောအခွင့်အရေးကို ရယူကာ စည်းစိမ်ချမ်းသာမှုများအကြား ၁၅ နှစ်တိုင်တိုင် နေထိုင်ခဲ့သည်။ ထို့ပြင် ဘာမှမလုပ်ဘဲအေးအေးဆေးဆေးသာ နေချင်ခဲ့သည့် သူ့ခမျာ သခင်လေးအစစ် ပြန်ရောက်လာသည့်အချိန်မှစ၍ ရုတ်တရက်ဆိုသလို လူတိုင်း၏ ရွံ့ရှာခြင်းကိုခံရသူ ဖြစ်လာခဲ့၏။
သူ “အမေ” ဟု ၁၅ နှစ်တိုင်တိုင် ခေါ်ခဲ့သည့် သခင်မကြီးရွှီက အေးစက်ကာ အကြင်နာကင်းမဲ့သော လေသံဖြင့် ပြောလာသည်။
“ငါ့သားက ဆင်းရဲ့ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့အချိန် မင်းကတော့ ငါ့သားရဲ့နေရာကို လုယူပြီး ၁၅ နှစ်လုံးလုံး စည်းစိမ်တွေကို အလကားသက်သက် ခံစားနေခဲ့တာ။”
“မင်းမှာ ရှက်စိတ်နည်းနည်းလေးပဲ ရှိသေးရင်တောင် ကိုယ့်ဂုဏ်သိက္ခာကိုယ် ထိန်းတဲ့အနေနဲ့ လီမိသားစုကနေ အမြန်ဆုံး ထွက်သွားသင့်တယ်။”
“မင်း ဂုဏ်သိက္ခာရှိရှိ မထွက်သွားချင်ရင်တော့ သိက္ခာရှိအောင် ငါက ကူညီပေးရမှာပေါ့လေ။”
ထိုအချိန်၌ ကုချင်းယန်မှာ မှင်သက်သွားခဲ့ရသည်။
သူ၏ ၁၅ နှစ်တာ အချိန်ကာလက အဆင်ပြေချောမွေ့ခဲ့သည်။ ကျန်းမာရေး ချို့တဲ့တာကလွဲ၍ မိသားစု၏ “တစ်ဦးတည်းသော မျိုးစေ့” အဖြစ် ဖူးဖူးမှုတ်ခံထားရကာ သူလိုချင်သမျှကို ရခဲ့သည်။
သို့ပေသည့် သားအရင်းဖြစ်သူ ပြန်ရောက်လာသည်နှင့် သူ့အမေက သူ့အား လမ်းစရိတ်အတွက်ပင် ပိုက်ဆံတစ်စေ့တစ်ပြားတောင် မပေးဘဲနှင့် အိမ်မှ နှင်ချချင်နေတော့၏။
သားကတော့ အတုဖြစ်နေပေမယ့် ၁၅ နှစ်တာ သံယောဇဉ်ကရော အတုအယောင် တွေချည်းပဲလား..
အိမ်ပြင်ကို ဆွဲထုတ်ခံရသည့်တိုင် ကုချင်းယန်မှာ မယုံကြည်နိုင်သေး။ အနောက်မြောက်အရပ်မှ လေတိုက်ခတ်လာပြီး အအေးဒဏ်ကြောင့် သူ၏ ခန္ဓာတစ်ခုလုံး ခိုက်ခိုက်တုန်လာမှသာ သဘောပေါက်သွားရသည်။
အမေက သူ့ကို တကယ် မလိုချင်တော့ဘူးပဲ.. သူ(မ)က သူ့ကို လီမိသားစုကနေ ကန်ထုတ်နေတာပဲ.. ဒီရက်ကစပြီး သူဟာ လီချင်းယန် မဟုတ်တော့ဘူး၊ ကုချင်းယန် ဖြစ်သွားပြီ..
သူ့ကို မည်သည့်အရာမှ ယူဆောင်သွားခွင့် မပြုရလောက်အောင်ထိ သူ(မ)က ရက်စက်ပါသည်။ နှစ်သစ်ကူးမုန့်ဖိုးများ၊ ကိုယ်ပိုင်စုငွေများ၊ ပြီးနောက် သူ နှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားခဲ့သည့် လစဉ်သုံးငွေအားလုံးက သူ့အခန်းထဲမှာပဲ ကျန်ရစ်ခဲ့ပြီး လူသစ်အတွက် အသင့်ပြင်ထားသည့်နှယ် ဖြစ်သွားရ၏။
ဒီလိုဖြစ်လာမယ်မှန်း ကြိုသိခဲ့ရင် သူ အကုန်သုံး၊ အကုန်စားပြီး ဖြုန်းတီးခဲ့ပါတယ်..
ကုချင်းယန်ခမျာ ဤအဖြစ်အပျက်ကို လက်မခံနိုင်သေးချေ။
သူဟာ ခြေလှမ်းကျဲကျဲတို့ဖြင့် ရာမနတ်စင်ဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားခဲ့သည်။
“ထွက်ခဲ့စမ်း။ အပြင်ကို ထွက်ခဲ့စမ်း။”
နတ်စင်ထဲတွင် မည်သည့် လှုပ်ရှားမှုမှ မရှိနေ။ ကုချင်းယန် သူ့မျက်လုံးကို မှေးစင်းလိုက်ပြီး အမွှေးတိုင်ကို လက်တစ်ဆုပ်စာ ဆုပ်ယူကာ မီးညှိဖို့ ပြင်လိုက်သည်။
ထိုအခါ သူတို့မှားနေကြောင်းသိသည့် ကျွဲခေါင်းနှင့် မြင်းမျက်နှာ အစောင့်အရှောက် နတ်မင်းနှစ်ပါးက ကိုယ်ထင်ပြလာကြ၏။ သူတို့၏ မျက်နှာပန်းများကတော့ ခါးသီးသီး ဖြစ်နေကြလျက်။
“ငါတို့ ကောင်းကောင်းမွန်မွန်လေး ဆွေးနွေးလို့ရပါတယ်ကွာ။ အမွှေးတိုင်ကိုတော့ မထွန်းပါနဲ့။”
“ငါဒီအကြောင်းကို ဗဟိုဌာနထိ သွားတိုင်ကြားမှာ။ ငရဲပြည်က ရာမမင်းကြီးကိုလည်း သွားတိုင်ကြားမှာ။”
ကုချင်းယန်က ရှေ့ကို တိုးကပ်သွားပြီး လက်သီးပြင်းပြင်း နှစ်ချက် ကျွေးလိုက်သည်။
ကျွဲခေါင်းကို ခြေထောက်ဖြင့်နင်းပြီး မြင်းမျက်နှာကို လက်သီးဖြင့် ထိုးကာ သူအော်ဟစ်လိုက်သည်။
“အဲ့အချိန်တုန်းက ခင်ဗျားတို့နှစ်ကောင်ပြောတော့ ကျွန်တော်က ကံကောင်းလို့ ဘဝကောင်းမှာ လူဝင်စားရမယ်၊ မွေးကတည်းက ချမ်းသာပြီး ဘာမှလုပ်စရာမလိုဘဲ ပျော်ပျော်ရွှင်ရွှင် နေရမှာဆို။ အခုတော့ ကြည့်ဦး။ အကုန်လုံးက အတုအယောင်တွေ၊ အတုအယောင်တွေချည်းပဲ!”
“ဒီနေရာက တခြားသူဟာဖြစ်နေတယ်။ အခုတော့ ပြန်ယူခံလိုက်ရပြီ။ အဆင်မပြေဘူးဆိုရင်လည်း စောစောစီးစီး ပြောခဲ့ရောပေါ့။ အဲ့လိုဆိုရင် ငါ ပန်ဒါကြီးတစ်ကောင်အနေနဲ့ပဲ ကူးပြောင်းသွားခဲ့မှာပေါ့။ ရှေးခေတ်ကြီးထိလာပြီး ဘာလို့ ဒီလို ဒုက္ခခံနေဦးမှာလဲ။”
“ပြောကြစမ်း။ အခု ဘယ်လိုလုပ်ကြတော့မလဲ။”
“ကျွန်တော်တို့ ရှင်းပြပါရစေဦး။”
“ရှင်းပြမယ်ဆိုရင်လည်း ရှင်းရှင်းလင်းလင်းပြော၊ အခုချက်ချင်းပြော။”
ကုချင်းယန် ခက်ထန်စွာ ပြုံးလိုက်သည်။
“မဟုတ်ရင် ငါ ဒီနေရာမှာတင် လည်လှီးသေလိုက်မှာ၊ ငါတို့ ရာမစံအိမ်ရောက်မှ စကားထပ်ပြောကြတာပေါ့။”
ကျွဲခေါင်းက ဒူးထောက်လိုက်၏။
“အစ်ကိုကြီး… မင်းက ကျွန်တော်တို့ရဲ့ အစ်ကိုကြီးပါ။ အဲ့လိုမလုပ်ပါနဲ့။ ရာမမင်းကြီးသာ သိသွားရင် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေ နှုတ်ခံရလိမ့်မယ်။ သူက အရမ်းကြောက်ဖို့ကောင်းတာနော်၊ တစ်မှတ်နှုတ်ခံရရင် နှစ်တစ်ထောင်စာ ကံကောင်းမှုတွေ ကုန်သွားမှာ။”
မြင်းမျက်နှာက ပို၍ပင် ဆိုးရွားနေ၏။ သူက ကုချင်းယန်၏ ခြေသလုံးကို ဖက်လျက်:
“ချိတ်ဆက်သွားပြီ။ ဒီကမ္ဘာငယ်လေးက အခုတော့ တံဆိပ်ခတ်လိုက်ပြီ။ မင်းလည်လှီးသေရင်တောင် ရာမမင်းကြီးကို တွေ့ဖို့ မစဉ်းစားနဲ့တော့။”
“ထွက်သွားစမ်း ကလေး။”
“ဟားဟားဟား… ကောင်စုတ်လေး။ မင်းကများ ကျွဲခေါင်းနဲ့ မြင်းမျက်နှာ အရှင်ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ။ အဲ့ကမ္ဘာငယ်လေးထဲမှာ တစ်ယောက်တည်း ပျော်ပျော်ကြီး ကစားနေလိုက်တော့။”
ထိုနှစ်ကောင်မှာ မာန်တက်စွာ ရယ်မောရင်း သူတို့၏ ခန္ဓာများက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ကုချင်းယန်ကတော့ ဒေါသထွက်နေ၏။ သူ ရှေ့ကို တိုးသွားကာ ကျွဲခေါင်းနှင့် မြင်းမျက်နှာ၏ ရုပ်ထုများကို ပြင်းပြင်းထန်ထန် နှစ်ချက်ကန်လိုက်ပြီး၊ အပိုင်းပိုင်း အစစဖြစ်အောင် ကန်လိုက်သော်ငြား မည်သည့် တုံ့ပြန်မှုမှ မရှိပေ။
သူ အမွှေးတိုင်ကို မီးထွန်းလိုက်သည့်တိုင် မီးစွဲသည်နှင့် တစ်ပြိုင်နက် ပြန်ငြိမ်းသွားသည်။
ကြမ်းကြုတ်ရက်စက်သည့် မျက်နှာထားရှိသော ရာမမင်းကြီး၏ မျက်နှာကိုကြည့်ရင်း ကုချင်းယန်ခမျာ အသက်ကျပ်သည့်နှယ် ခံစားလိုက်ရ၏။ သူဟာ ထိုနှစ်ကောင်၏ လိမ်လှည်လှည့်ဖြားခြင်းကို ထပ်မံခံလိုက်ရလေပြီ။
သေကြောင်းကြံစည်နိုင်မည့် နည်းလမ်းပေါင်း ၁၈ မျိုးက သူ့အတွေးထဲ၌ ဖျတ်ခနဲ ဝင်လာသည်။ သို့သော်ငြား သူ ထိုနည်းလမ်းအားလုံးကို လက်လျှော့လိုက်သည်။ အဘယ်ကြောင့်ဆိုသော် နည်းလမ်းအားလုံးက နာကျင်စရာကောင်းသည့်အပြင် သနားစရာကောင်းသလို သေပုံသေနည်းကလည်း ရုပ်ဆိုးပန်းဆိုး ဆန်လှသည်။
(Sign-In စနစ်ကို အောင်မြင်စွာ စတင်ပါပြီ။ ဟယ်လို Host… ကျေးဇူးပြုပြီး စနစ်ရဲ့ လမ်းညွှန်ချက်တွေကို ဂရုတစိုက် ဖတ်ပေးပါ။)
ကုချင်းယန် မျက်မှောင်ကြုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ လမ်းညွှန်ချက်များကို ဖွင့်လိုက်သည်။
1.sign in လုပ်ရန်အတွက် အမှတ် ( points ) များသုံးရန် လိုအပ်သည်။
2.Sign-In နှင့် တိုက်ရိုက်ထိတွေ့နိုင်ရန် အမှတ်များ လိုအပ်သည်။
3.Sign-In မှရရှိမည့် ဆုလာဘ်များကို ကျပန်းစနစ်ဖြင့် ပြန်ပေးမည်ဖြစ်၍ မိမိကိုယ်ကိုယ် ရှာဖွေပါ။
4.နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်က စနစ်နှင့်သာ သက်ဆိုင်သည်။
အခုခေတ် ရွှေလက်ချောင်းတွေက ဒီလောက်တောင် ပေါ့ပျက်ပျက်နိုင်တာလား။
(Host: ကုချင်းယန်) (အသက်: ၁၅) (အမှတ်: ၃ မှတ် (အခြေခံရမှတ်))
ကုချင်းယန်တစ်ယောက် ထိုအရာကို “မြေအောက်ရထားမှာ ဖုန်းကြည့်နေတဲ့ လူအိုကြီးရဲ့” meme မျက်နှာထားဖြင့် ကြည့်လိုက်သည်။ သူ ရွှေလက်ချောင်းရဲ့ စွမ်းဆောင်ရည်ကို အရင်စမ်းကြည့်ရမယ်။ တကယ်လို့ ကျွဲခေါင်းနဲ့ မြင်းမျက်နှာသာ သူ့ကို လှည့်စားရဲရင် နာနာကျင်ကျင်နဲ့ သေသွားမယ်ဆိုရင်တောင် ပြန်ပေးဆပ်စေရမယ်။
ရာမမင်းကြီး၏ ကြမ်းကြုတ်ရက်စက်သော ရွှံ့စေးရုပ်ထုကို မကျေမနပ် စိုက်ကြည့်ရင်း ကုချင်းယန် နှာမှုတ်လိုက်သည်။
“ဘယ်လို ‘ရာမမင်းကြီး’ လဲမသိဘူး။ လူကဲခတ်ညံ့လိုက်တာ။ ကြယ်တစ်ပွင့်ပဲပေးမယ်။”
ဘာတုန်းဟ?
ထိုအချိန်တွင် ရာမမင်းကြီး၏ ဦးခေါင်းထက်၌ တလက်လက်တောက်ပနေသော ရွှေတြိဂံဇောက်ထိုးပုံတစ်ခု ပေါ်လာသည်။
(ချင်းကျိုးစီရင်စု ရာမနတ်စင် Sign-In အမှတ်ကို ရှာဖွေတွေ့ရှိပါသည်။ Sign-In ဖို့အတွက် အမှတ် (၁) မှတ်ကို သုံးစွဲပါမည်လား။]
ကုချင်းယန်၏ မျက်ခုံးများက လှုပ်သွားရ၏။ သူ ယစ်ပလ္လင်ပေါ် ခုန်တက်လိုက်ပြီး Sign-In အမှတ်ကို နှိပ်လိုက်သည်။
[ချင်းကျိုးစီရင်စု ရာမနတ်စင်၌ စနစ် Sign-In လုပ်ခြင်း အောင်မြင်ပါပြီ။ “လက်ဆောင်ထုပ်အသစ်” ရရှိပါပြီ။]
(လက်ဆောင်ကို စနစ်သိုလှောင်ခန်းထဲ ထည့်သွင်းလိုက်ပါပြီ။ Host က စနစ်ကနေတစ်ဆင့် ထုတ်ယူနိုင်ပါတယ်။)
ကုချင်းယန်၏ မျက်လုံးများက တောက်ပသွား၏။ စနစ်သိုလှောင်ခန်းလား? ဆိုလိုတာက သူ့မှာ သယ်ဆောင်ရလွယ်ကူတဲ့ လျှို့ဝှက်သိုလှောင်ခန်း ရှိနေပြီပေါ့။
သူတွေးလိုက်သည်နှင့် အထုပ်တစ်ထုပ်က သူ့လက်ထဲ ရောက်လို့လာသည်။
အထုပ်ကို ဖြည်ကြည့်လိုက်သော် ငွေအသပြာဆယ်ပြားကို တွေ့လိုက်ရသည်။ ငါးပြားမှာ ငွေသားဖြစ်ပြီး ကျန်သည်များကတော့ ငွေအကြွေစေ့လေးများသာ။
ထို့အပြင် ရိက္ခာခြောက်များ၊ ရေဘူး၊ မီးခြစ်၊ အဝတ်အစား နှစ်စုံသုံးစုံ၊ ဆီစက္ကူထီးတစ်လက်နှင့် ဓားမြှောင်တစ်ချောင်းတို့ ပါရှိသည်။
ကုချင်းယန်မှာ အံ့အားသင့်သွားရသည်။ လက်ဆောင်ထုပ်အသစ်က သူ့အတွက် လုံလောက်အောင် ပြင်ဆင်ပေးထား၏။ အခု သူက လီမိသားစုမှ ကန်ထုတ်ခံလိုက်ရပြီဆိုမှတော့ သူ့မှာသာ ဂုဏ်သိက္ခာရှိနေသေးလျှင် ထိုအိမ်ကို ဘယ်သောအခါမှ ပြန်သွားတော့မည် မဟုတ်ချေ။ သူ့အနေနှင့် သခင်လေးအတု၏ မွေးရပ်မြေသို့သာ ပြန်သွား၍ရသည်။
သခင်မကြီးရွှီ ပြောခဲ့သောကြောင့် သခင်လေးအတု၏အိမ်က လင်ချွမ်းခရိုင်၌ ရှိသည်ကို သူ သိရှိထားပြီးသားပင်။ ခြေလျင်သွားလျှင် ချင်းကျိုးစီရင်စုမှ ထိုနေရာသို့ရောက်ရန် ငါးရက်ခန့် ကြာမြင့်မည်ဖြစ်၏။
လက်ဆောင်ထုပ်ထဲရှိ ပစ္စည်းများအားလုံးက ခရီးဝေးသွားဖို့အတွက် သင့်တော်လှသဖြင့် သူ၏ လက်ရှိအခက်အခဲကို ဖြေရှင်းပေးပြီးသား ဖြစ်သွားသည်။
အရာအားလုံး ပြည့်စုံသွားပြီဖြစ်၍ သခင်လေးအတု၏ ဇာတိမြေကို အရောက်သွားရန် လုံလောက်ပေပြီ။
ကုချင်းယန် တွေးလိုက်သည်။ ဒီ'ရွှေလက်ချောင်းက’ အသုံးဝင်သားပဲဟ။ ကျွဲခေါင်းနဲ့ မြင်းမျက်နှာက မလိမ်ခဲ့ဘူးပဲ။
ကုချင်းယန် ဗိုက်ဆာနေသဖြင့် ပေါင်မုန့်အဖြူကို ထုတ်လိုက်သည်။ ၎င်းက နွေးနေဆဲ။
မုန့်ကို ဖဲ့ကြည့်လိုက်တော့ အထဲတွင် မျှစ်အတုံးလေးများနှင့် အသားခြောက်များဖြင့် ပြည့်နေသည်။ တစ်ကိုက် ကိုက်လိုက်ရာ အလွန်ပင် မွှေးကြိုင်လွန်းလှသဖြင့် သူ မနားတမ်း စားနေမိ၏။
အဖြူရောင်ပေါင်မုန့်က အရွယ်ရောက်ပြီးသူတစ်ဦး၏ လက်ဖဝါးထက်ကြီးကာ ထူသည်။ တစ်ခုစားလိုက်သည်နှင့် ကုချင်းယန် ဗိုက်ပြည့်သွားရသည်။
အသားပေါင်မုန့်ကို စားပြီးသွားသော် သူ၏ တိုင်ကြားချင်စိတ်များ လျော့ပါးသွားရသည်။ ဘာပဲဖြစ်ဖြစ် ကောင်းကောင်းသေရတာထက်စာရင် ဆိုးဆိုဝါးဝါး အသက်ရှင်နေရတာကမှ ပိုကောင်းသေးသည် မဟုတ်ပါလား။
သူ သူ့ဝမ်းဗိုက်ကို ပွတ်သပ်လိုက်ပြီး ရာမကျောင်းတော်မှ ထွက်သွားဖို့ ပြင်ဆင်လိုက်သည်။ ပြီးနောက် အပြင်ဘက်တွင် တခြား Sign-In အမှတ်များ ရှိမရှိ ရှာကြည့်ဖို့ တွေးနေခဲ့၏။
အခြေအနေက သည်လိုဖြစ်လာမှတော့ သူလည်း Sign-In အမှတ်၏ အသုံးဝင်ပုံကို သေချာလေ့လာပြီး ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းရပေမည်။
သူလှည့်ကြည့်လိုက်တော့ ရာမမင်းကြီး၏ ယစ်ပလ္လင်ပေါ်တွင် ထင်ကျန်နေဆဲဖြစ်သော သူ့ခြေရာများကို တွေ့လိုက်ရသည်။
ကုချင်းယန် ရယ်လျက် ပြန်သုတ်ပေးလိုက်သည်။
“လူအိုကြီး… စိတ်မရှိပါနဲ့နော်။ ငါ အလိမ်ခံလိုက်ရလို့ ဒေါသထွက်သွားလို့ပါ။ ခင်ဗျား မကျေနပ်ဘူးဆိုရင်တော့ ကျွဲခေါင်း၊ မြင်းမျက်နှာတို့နဲ့ သွားရှင်းလိုက်ပါ။ သူတို့ကမှ တကယ့် တရားခံတွေ။”
“သူတို့ရဲ့ အလုပ်စွမ်းဆောင်ရည် အမှတ်တွေကို အများကြီး နှုတ်ပစ်လိုက်။ သူတို့ သေအောင်နှုတ်ပစ်လိုက်။ ဘာနှစ်တစ်ထောင်လဲ? ခင်ဗျားက သက်ညှာလွန်းတယ်။ အနည်းဆုံး နှစ်တစ်သောင်းလောက်ဆို အတော်ပဲ။”
ရာမမင်းကြီး မကြားနိုင်သည့်တိုင် ကုချင်းယန်ကတော့ လျှောက်ပြောနေသည်ကို မရပ်သေး။
“ခွင့်လွှတ်တော်မူပါ၊ ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ။"
ရာမမင်းကြီး၏ ခြေထောက်ပေါ်ရှိ ဖုန်မှုန့်များကို သုတ်ပေးပြီးနောက် ကုချင်းယန်က အထုပ်ကို စနစ်သိုလှောင်ခန်းထဲ ပြန်ကန်ထည့်လိုက်ပြီး မြန်မြန် ထွက်သွားခဲ့သည်။
သူထွက်သွားသည်နှင့် ကျွဲခေါင်းနှင့် မြင်းမျက်နှာတို့က နာကျင်စွာအော်ဟစ်ရင်း ထွက်လာသည်ကို သူသိနိုင်ပါမည်လော။
“သခင်… ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးပါ။”
“ကျွန်တော်မျိုးတို့ တမင်လုပ်တာ မဟုတ်ရပါဘူး။ မရည်ရွယ်ဘဲ လုပ်မိခဲ့တဲ့ အမှားပါ။”
“အဲ့ဒီကောင်လေးက ပြေးတာအရမ်းမြန်တော့ ကျွန်တော်မျိုးတို့ လိုက်မမီတော့လို့ပါ။”
“ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ အသက်ချမ်းသာပေးတော်မူပါ။”
အစောလေးကတင် မာန်တက်နေခဲ့သည့် ထိုနှစ်ကောင်မှာ ယခုတွင်တော့ နောင်တရသည့်လေသံဖြင့် ခါးခါးသီးသီး မျက်ရည်ကျနေရှာသည်။ သူတို့၏ နတ်မင်းအစွမ်းများ စုပ်ယူခံရသည့် နာကျင်မှုကြောင့် သူတို့၏ နဂိုမူလပုံစံကိုပင် ထိန်းမထားနိုင်တော့ပေ။
သူတို့ ဘယ်လိုလုပ်ပြီး သိမှာတုန်း? စနစ်က ချိတ်ဆက်ပြီး ကမ္ဘာငယ်လေးတစ်ခုကို တည်ဆောက်ပြီးပြီဆိုပေမယ့် သူတို့ မထွက်သွားနိုင်ခင်မှာပဲ သခင့်ရဲ့ လက်ပူးလက်ကြပ်မိတာကို ခံလိုက်ရတယ်လေ။
သူတို့ရဲ့ ဘဝကတော့ သွားပါပြီ။
ဒီတစ်ခါတော့ သူတို့ တကယ်ကို နှစ်ပေါင်းတစ်သောင်းလောက် ဒုက္ခခံရတော့မယ် ထင်ပါရဲ့။
ဒီလိုဖြစ်မယ်မှန်းသိရင် သူတို့ အဲ့ကောင်စုတ်လေးကို ကောင်းကောင်း ပြုစုယုယခဲ့ပါတယ်။ ဒီနတ်ဆိုးရဲ့ နှိပ်စက်တာကို ခံရတာထက်စာရင် တခြား ဘာပဲလုပ်ရလုပ်ရ ပိုကောင်းနေသေးတယ်။
***
Aurora Novel Translation Team