အပိုင်း (၅)
အဝတ်အစားအသစ်ကို လဲဝတ်ပြီးနောက် ကုချင်းယန်မှာ အသက်ရှူချောင်သွားရသည်။ သူနှင့် လီမိသားစု၏ ဆက်ဆံရေးကို အပြီးတိုင် ဖြတ်တောက်လိုက်နိုင်သည့်အလား။
သခင်မကြီးရွှီက သူ့နောက်သို့ လူတကယ်ပို့မည်ကို စိုးရိမ်သဖြင့် နို့ထိန်းအမေလျှို့က နာကျင်နေသည့်တိုင် ကုချင်းယန်ထက်ပင် ပို၍ မြန်မြန် လျှောက်နေခဲ့သည်။
သူတို့သုံးယောက်လုံး မြို့တော်ဂိတ်ကို ရောက်ရှိသွား၏။ မြို့တော်ပြင်ပသို့ ရောက်မှသာ အသက်ရှူရဲတော့သည်။
ချွေးဟုန်က သူ(မ)၏ခြေလှမ်းတို့ကို ရပ်လိုက်သည်။ သူ(မ)၏ မျက်လုံးများမှာလည်း နီရဲနေလျက်။
“သခင်လေး… ဒီတစ်ခေါက်ခွဲပြီးရင် ကျွန်မတို့ ပြန်ဆုံနိုင်ပါ့မလားတော့ မသိဘူး။ သခင်လေး ကိုယ့်ကျန်းမာရေးကိုယ် သေချာ ဂရုစိုက်ရမယ်နော်။”
“အခွင့်အရေးတွေ ရှိလာမှာပါ။”
ကုချင်းယန် သူ(မ)ကို နှစ်သိမ့်ပေးချင်သော်ငြား ဘယ်ကနေ ဘယ်လို စနှစ်သိမ့်ပေးရမှန်း မသိတော့ချေ။
ချွေးဟုန်က သူ(မ)၏မျက်ရည်များကို သုတ်ပစ်လိုက်ပြီး သူ(မ)လက်ထဲရှိ လက်ကိုင်ပဝါကို အတင်းထိုးထည့်ပေးလာ၏။
“သခင်လေး… ဒီတစ်ခေါက်တော့ မငြင်းပါနဲ့တော့နော်။”
လက်ကိုင်ပဝါက တော်တော်လေး လေးလံနေသည်။ အထဲတွင်လည်း ငွေပြားအချို့ကို ထည့်ထားကာ ယခင်တစ်ခေါက်ကထက် ပိုလေးနေသေးသည်။
သူ(မ)က ရှင်းပြလာသည်။
“အိမ်တော်က ညီအစ်မတွေက ကျွန်မ သခင်လေးကို ရှာတွေ့မှန်းသိသွားလို့ ဒီငွေတွေကို သခင်လေးလက်ထဲ ထည့်ပေးဖို့ ယုံယုံကြည်ကြည်နဲ့ အပ်ပေးခဲ့ကြတာ။ ပြီးတော့ သခင်မကြီးဆီမှာလုပ်တဲ့ အစေခံတချို့တောင် ထည့်ပေးလိုက်သေးတယ်။”
“ဒါတွေက ကျွန်မတစ်ယောက်တည်းဟာ မဟုတ်ပါဘူး။ သခင်လေး ငြင်းခွင့်မရှိဘူးနော်။”
စိတ်ခံစားချက်တို့က ပြင်းထန်လွန်းလှသည်။
ကုချင်းယန်လည်း လက်ခံလိုက်သည်။ သူ၏စိတ်ထဲ ကျေးဇူးတင်လိုစိတ်တို့ဖြင့် ပြည့်နှက်နေပြီး၊ မည်သို့ ကျေးဇူးတင်ရမည်ကို မသိတော့သဖြင့် ဤအတိုင်းသာ ပြောလိုက်တော့သည်။
“ငါ့ကိုယ်စား သူတို့ကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး။”
“ဟုတ်… ကျွန်မ ပြောလိုက်ပါ့မယ်။”
ချွေးဟုန်က အချိန်ကြန့်ကြာမည်ကို စိုးရိမ်သဖြင့် ပြောလိုက်သည်။
“သခင်လေးတို့ မြန်မြန် သွားသင့်ပြီ။ မာမားလျှို့လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါနော်။”
ကုချင်းယန်က သူ(မ)၏ ဖူးရောင်နေသည့် မျက်နှာကိုကြည့်ကာ ခပ်တိုးတိုးလေး ပြောလိုက်သည်။
“ချွေးဟုန်… လီမိသားစုက ကောင်းတဲ့နေရာမဟုတ်ဘူး။ အခွင့်အရေး ရလာခဲ့ရင် မင်းလည်း လီအိမ်တော်ကနေ စောစော ထွက်လာသင့်တယ်။”
ချွေးဟုန်က နှာရှုံ့ကာ လည်တဆန့်ဆန့်နှင့် သူတို့ ထွက်သွားသည်ကို ကြည့်နေရှာသည်။
သခင်မကြီးက ရက်စက်လွန်းလှသည်ဟု သူ(မ) ထင်၏။ ယခင်အချိန်များ၌ သူတို့အား ကာကွယ်ပေးကာ၊ သူတို့ဘက်ကနေ ရပ်တည်ပေးခဲ့သူမှာ သခင်လေးသာ ဖြစ်သည်။ ဤသို့ ကောင်းမွန်သည့် သခင်လေးက နှင်ထုတ်ခံလိုက်ရပြီဆိုတော့ လီအိမ်တော်က တကယ်ကို ကောင်းသည့်နေရာတစ်ခု မဟုတ်တော့ပေ။
ဒါပေမယ့် သူ(မ) ဘာတတ်နိုင်မှာလဲလေ..
ကျွန်စာချုပ်ချုပ်ဆိုထားသဖြင့် သူ(မ)ဟာ အစေခံတစ်ယောက်မျှသာ။ သူ့ကိုယ်သူ ပြန်ရွေးရန်အတွက် ငွေမြောက်မြားစွာ လိုသေးဦးမည် ဖြစ်၏။ သူ(မ)၏ လွတ်လပ်ခွင့်ကို ပြန်ဝယ်ရန်အတွက် သူ(မ)ထံ၌ ငွေကြေး မရှိပါချေ။
သူတို့၏ ပုံရိပ်များ မျက်စိတစ်ဆုံး ပျောက်ကွယ်သွားမှသာ ချွေးဟုန်က သူ(မ)၏ မျက်ရည်များကို သုတ်လျက် လှည့်ပြန်သွားခဲ့သည်။
မည်မျှပင် ပင်ပန်းပြီး ခါးသီးနေပါစေ၊ သို့တည်းမဟုတ် သူ(မ) ရိုက်နှက်ခံရပြီး ကြိမ်းမောင်းခံရပါစေ ကိစ္စမရှိချေ။ လီအိမ်တော်တွင် အလုပ်လုပ်ပြီး ပိုက်ဆံရနိုင်သရွေ့ သူ(မ)၏မိသားစုကို လုပ်ကျွေးနိုင်မည်ဖြစ်သည်။
သို့သော် ချွေးဟုန်၏ ခြေလှမ်းများက ရုတ်ခြည်း ရပ်တန့်သွားရသည်။
သူ(မ)သည် သူ(မ)၏ အင်္ကျီလက်ထဲမှ ထွက်ကျလာသည့်အရာကို မယုံနိုင်စွာ ကြည့်နေမိသည်။ ငွေပြား ၂၀ တန် ငွေသားတစ်ရွက်။ ၎င်းက သူ(မ)၏ လွတ်လပ်ခွင့်ကို ပြန်ဝယ်ယူရန် လုံလောက်ပေသည်။ ပြီးနောက် အိမ်ကိုပြန်ကာ စီးပွါးရေး အသေးစားလေးတစ်ခု လုပ်ရန်ပင် ကျန်နေသေး၏။
~~~
နို့ထိန်းအမေလျှို့တွင် ဒဏ်ရာများ ရှိနေသေးသဖြင့် အတန်ကြာ လျှောက်သွားပြီးသော် ခန္ဓာကိုယ်က ဆက်မခံနိုင်တော့ပေ။
ကုချင်းယန်က ခန္ဓာကိုယ်ကို ကိုင်းချလိုက်ပြီး:
“အမေ… တက်လာခဲ့။ ကျွန်တော် ပိုးပေးမယ်။”
နို့ထိန်းအမေလျှို့က ပိန်ပါးနေသော သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။
သူ(မ)က ဘယ်လိုလုပ် သူ့ကို ဒုက္ခခံစေချင်မှာလဲ။
သူ(မ) ထပ်ခါထပ်ခါ ပြောလိုက်သည်။
“အမေ အဆင်ပြေပါတယ်။ ပိုးပေးဖို့ မလိုပါဘူး။”
ကုချင်းယန်က အတတ်နိုင်ဆုံး တိုက်တွန်းနေသည့်တိုင် နို့ထိန်းအမေလျှို့ကတော့ ငြင်းဆန်နေဆဲ။
ရွေးချယ်စရာမရှိတော့သဖြင့် ကုချင်းယန်မှာ သူ(မ)၏လက်မောင်းကို ထိန်းကိုင်ပေးကာ ဖြည်းဖြည်းချင်း လျှောက်ရုံသာ တက်နိုင်တော့သည်။
“ကျွန်တော်တို့ အခြေချမယ့် နေရာရှာတွေ့တာနဲ့ ကျွန်တော် မြင်းလှည်းတစ်စီးလောက် ဝယ်လို့ရမရ ကြည့်လိုက်ဦးမယ်။”
ကံမကောင်းချင်တော့ မှောင်ရီစပျိုးလာသည့်တိုင် သူတို့ နားခိုနိုင်မည့်နေရာသို့ မရောက်သေးချေ။
ထိုနေရာ၌ စာပို့စခန်းရှိသော်ငြား စာပို့စခန်းက သာမန်အရပ်သားပြည်သူများက်ို တည်းခိုခွင့်မပြုသဖြင့် သူတို့ ဝင်ခွင့်မရခဲ့ကြပေ။
တရားဝင် လမ်းမကြီးပေါ်တွင်ပင် ညကြီးမင်းကြီး ခရီးသွားလာခြင်းက ရွေးချယ်မှုကောင်းတစ်ခုမဟုတ်ပေ။ ဤခေတ်ကာလတွင် တောင်ပေါ်၌ လူစားတတ်သည့် ကျားအစစ်များ ရှိနေပြီး လူကိုစားဖို့ ထွက်လာတတ်ကြသည်။
မှောင်မည်းနေသည့် တောအုပ်မှတစ်ဆင့် ရံဖန်ရံခါ ထွက်လာတတ်သည့် သားရဲတိရစ္ဆာန်များ၏ အော်ဟစ်သံကလည်း ကြောက်စရာကောင်းလှသည်။ နို့ထိန်းအမေလျှို့၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်လာ၏။ သို့တိုင် သူ(မ)က သူ၏လက်မောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း နှစ်သိမ့်ပေးရှာသည်။
“မကြောက်နဲ့… အမေရှိတယ်။”
[ချင်းကျိုးစီရင်စု မြေစောင့်နတ်စင် check-in မှတ်ကို ရှာဖွေတွေ့ရှိပါသည်။ check-in ဝင်ရန်အတွက် အမှတ် (၁) ကို သုံးစွဲပါမည်လား။]
သူ့မှာ အမှတ် မရှိတော့ပေ။ သို့ဖြစ်၍ သူ check-in လုပ်လို့ မရတော့ချေ။ သို့တိုင် မြေစောင့်နတ်စင်တွင် အနားယူခြင်းက ရွေးချယ်မှုကောင်းတစ်ခုဖြစ်ပေလိမ့်မည်။
“ကြည့်ဦး… ဟိုဘက်မှာ နတ်စင်ရှိတယ်။”
ကုချင်းယန်က အော်လိုက်ခြင်း။
“ဒီညတော့ ကျွန်တော်တို့ ဒီမှာပဲတည်းလိုက်မယ်။ မနက်ဖြန် မနက်ကျမှပဲ ဆက်သွားကြတာပေါ့။”
နို့ထိန်းအမေလျှို့လည်း ၎င်းကိုမြင်ကာ စိတ်သက်သာရာ ရသွားခဲ့သည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးပေးလျက် လျှောက်လာခဲ့၏။
မြေစောင့်နတ်စင်တွင် ပူဇော်ထားသည့် အမွှေးတိုင်များ ရှိနေဆဲပင်။ ယစ်ပလ္လင်ပေါ်တွင်လည်း ပူဇော်ပစ္စည်းများ ရှိနေသေးကာ အမိုးအကာများကလည်း မပျက်မစီး ရှိနေသေးသည်။ ကြည့်ရသလောက်တော့ တစ်ယောက်ယောက်က ပုံမှန်လာပူဇော်ကာ ထိန်းသိမ်းပေးထားဟန်။
လေဒဏ်မိုးဒဏ်ကနေ ကာကွယ်ပေးနိုင်မည့် နေရာတစ်ခုကို ရသွားခဲ့သဖြင့် နှစ်ယောက်လုံး စိတ်သက်သာရာ ရသွားခဲ့သည်။
ကုချင်းယန်က သူ၏အထုပ်ထဲမှ အသားဘန်းမုန့်ကို ထုတ်လိုက်သည်။ ၎င်းက “ငရဲပြည်နန်းတော်မှ အဆင့်မြင့်လက်ဆောင်ထုပ်” ပင်။ စနစ်သိုလှောင်ခန်းတွင် အချိန်ကို ရပ်တန့်ထားသဖြင့် အသားဘန်းမုန့်က နွေးနေဆဲ။
“အမေ… ဘန်းမုန့်လေး စားပါဦး။”
ကုချင်းယန် ဘန်းမုန့်တစ်လုံးကို ကမ်းပေးလိုက်ပြီး သူကိုယ်တိုင်လည်း တစ်လုံးဖဲ့စားလိုက်သည်။
နို့ထိန်းအမေလျှို့မှာ အံ့အားသင့်သွားရလျက်။
“ဒါကို ဘယ်တုန်းက ပြင်ဆင်ထားခဲ့တာလဲ။”
“ကျွန်တော်တို့ လမ်းခရီးမှာ ဗိုက်ဆာနေမှာ စိုးလို့ပါ။”
ကုချင်းယန်က မသိမသာ ဖုံးကွယ်ကာ ပြောလိုက်သည်။
ကံကောင်းစွာဖြင့် သူ အထုပ်တစ်ထုပ်ကို သယ်လာခဲ့သည်။ သို့မဟုတ်ပါလျှင် သူလည်း မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။ သူသည် အထုပ်ထဲမှ ပစ္စည်းများကို စထုတ်လိုက်၏: ရေဘူး၊ မီးခြစ်၊ အားလုံး အထဲမှာရှိနေသည်။
နို့ထိန်းအမေလျှို့မှာ အထင်ကြီးသွားရသည်။ သူ(မ)က အဆက်မပြတ် ချီးကျူးနေတော့၏။
“ယန်အာက အားလုံးကို သေချာစဉ်းစားထားတာပဲ။ အခုမှ အိမ်ပြင်ကို ထွက်ဖူးတာဆိုပေမယ့် အားလုံးကို သေချာပြင်ဆင်လာနိုင်တယ်။”
အတန်ကြာသော် နတ်စင်ထဲ၌ မီးပုံလေးတစ်ခုကို ထွန်းညှိလိုက်သည်။ သူတို့ အတူတူ ပူးကပ်ထိုင်နေကြသဖြင့် သိပ်မအေးတော့ပေ။
ကုချင်းယန်တစ်ယောက် နောင်တရဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်တော် မြေအိုးယူလာဖို့ မေ့သွားတယ်။ အမေ့အတွက် ဆေးမကျိုပေးနိုင်တော့ဘူး။”
“ဒီနေ့အတွက် သောက်ပြီးသားပဲလေ။ မနက်ဖြန်ကျမှ တစ်ခုခုကြံရင်လည်း နောက်မကျသေးပါဘူး။”
နို့ထိန်းအမေလျှို့က ပြန်ကောင်းလာသလို ခံစားရသည်။ ထို့ပြင် သူ(မ) ဆေးမသောက်လျှင်တောင် အဆင်ပြေမည်ထင်၏။
ကုချင်းယန်က ချွေးဟုန်ပေးခဲ့သည့် လက်ကိုင်ပဝါကို ဖွင့်လိုက်သည်။ သူထင်ထားသလိုပင် အထဲတွင် အများကြီး ရှိနေ၏။ ထိုအထဲ၌ သူနှင့်ရင်းနှီးနေသည့် ငွေလက်ကောက်တစ်ကွင်း ပါနေလေသည်။ ထိုလက်ကောက်အား သင်မကြီးရွှီကို ခစားသည့် ဟုန်သုန်းက ခဏခဏ ဝတ်ဆင်နေကျပင်။
သူ့မျက်ဝန်းများ နီရဲလာရ၏။
“သူတို့ဘာသာတောင် ဒုက္ခရောက်နေကြတာကို ကျွန်တော့်အတွက် စိတ်ပူနေကြသေးတယ်။”
“အဲ့တာ ယန်အာက ကြင်နာတတ်လို့ပေါ့။ မဟုတ်ရင် သားကို ဘယ်သူက ကူညီပါ့မလဲ။"
နို့ထိန်းအမေလျှို့က ပြောသည်။
သူ(မ)က လက်ကိုဆန့်ကာ သူ့ကျောပြင်ကို ညင်ညင်သာသာလေး ပုတ်ပေးနေရင်း သခင်မကြီးရွှီကသာ ဤမျှလောက်ထိ ရက်စက်တတ်လိမ့်မည်ဟု တွေးနေခဲ့သည်။ သူ(မ)ကိုယ်တိုင် ၁၅ နှစ်တိတိ ပြုစုပျိုးထောင်လာခဲ့သည့် ကလေးတစ်ယောက်အား ဤသို့ နှင်ထုတ်ပစ်ရဲသည်—သူ(မ)နှလုံးသားက သံမဏိဖြင့်ပြုလုပ်ထားခြင်း ဖြစ်ပေလိမ့်မည်။
ဗိုက်အပြည့်ဖြည့်ပြီးသော် မီးပုံ၏ အနွေးဓာတ်ကြောင့် နှစ်ယောက်လုံး ငိုက်မြည်းလာရသည်။
ကုချင်းယန် သူ့မျက်လုံးကိုပိတ်ကာ အနားယူနေသော်ငြား တကယ်တော့ စနစ်သင်ခန်းစာကို စပြီး သင်ယူနေခြင်းပင်။ ယခုအခါတွင် သူသည် မိသားစုကို ထောက်ပံ့ဖို့အတွက် ငွေရှာရမည့်သူတစ်ဦး ဖြစ်နေလေပြီ။ ပိုလေ့လာပြီး အမှတ်တွေ ပိုရရှိနိုင်မှသာ သူတို့၏ဘဝကို ပို၍ ကောင်းမွန်လာအောင် လုပ်နိုင်မည်ပင်။
ကုချင်းယန်မှာ သင်ခန်းစာများကို လေ့လာရင်းနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ပျော်သွားခဲ့သည်။
နောက်နေ့မနက် သူနိုးလာတော့ အရင်ဆုံး ရရှိလိုက်သည့်ရနံ့မှာ အစားအစာမှ ထွက်လာသည့် အနံ့သင်းသင်းလေးပင်။
“ယန်အာ နိုးလာပြီပဲ။ ထ၊ မျက်နှာသစ်ပြီး ထမင်းစားတော့။”
နို့ထိန်းအမေလျှို့မှာ သည်ကလေးနှင့် ပြန်တွေ့ဆုံကတည်းက သူ(မ)၏အခြေအနေက ပို၍ ကောင်းလာသလို ခံစားရသည်။
သူ(မ) ဒီကလေးကို ဂရုစိုက်ပေးရမယ်။ ဖျားနေလို့ မဖြစ်ဘူး။
ကုချင်းယန် နိုးထိန်းအမေလျှို့အား အံ့ဖွယ်လူသားပမာ ကြည့်လိုက်မိသည်။ ဤသို့သော တောရိုင်းထဲတွင်ပင် သူ(မ)က ဆန်ပြုတ်တစ်ခွက်၊ အရံဟင်းနှင့် ဘန်းမုန့်နှစ်လုံးကို ပြင်ဆင်နိုင်ခဲ့သည်။
ဘန်းမုန့်ကင်ကတော့ သူထုတ်ပေးထားတဲ့ အသားဘန်းမုန့်၊ ဒါပေမယ့် ဆန်ပြုတ်နဲ့ အရံဟင်းက ဘယ်ကနေ ရောက်လာတာပါလိမ့်?
သူရှုပ်ထွေးနေသည်ကို သဘောပေါက်သွားတော့ နို့ထိန်းအမေလျှို့က ရှင်းပြလာသည်။
“အမေ စောစောနိုးလာတော့ မြေစောင့်နတ်စင်တစ်ဝိုက် လျှောက်ကြည့်လိုက်တာလေ။ အနောက်မှာ မြေအိုးဟောင်းတစ်အိုး တွေ့တာနဲ့ သုံးလိုက်တာ။ ပြီးတော့ အနောက်ဘက်တောကနေ ဟင်းသီးဟင်းရွက်တချို့လည်း ခူးလာခဲ့တယ်။”
ထိုသည်များကို အချိန်မှန် ပြန်မသွားနိုင်မည်စိုးသည့် အနီးအနားရှိ ရွာသားများက နတ်စင်၌ နားခိုရင်း ချန်ထားခဲ့ဟန်။
“ဆားနဲ့ ဆီမရှိတော့ အရသာတော့ မကောင်းလောက်ဘူးနော်။”
နို့ထိန်းအမေလျှို့က အရသာ သိပ်မတွေ့သလို ခံစားခဲ့ရသည်။
ကုချင်းယန်ကတော့ စိတ်ထဲ လုံးဝမထား။ သူက မြိန်ရေယှက်ရေ စားသောက်ရင်း:
“အရမ်းကောင်းတယ်။ အမေ့ရဲ့လက်ရာက အရမ်းကောင်းတာပဲ။”
“သားကြိုက်ရင် ပိုစားလေ။ ခဏနေကျရင် လမ်းခရီးအတွက် အမေ တောဟင်းသီးဟင်းရွက်တွေ ထပ်သွားခူးလိုက်မယ်။”
နို့ထိန်းအမေလျှို့က ပြုံးကာ ပြောသည်။
ကုချင်းယန်က သူ(မ)ကို မြန်မြန် တားလိုက်သည်။
စားသောက်လို့ပြီးသွားတော့ သူ နှုတ်ခမ်းကို သုတ်ကာ မတ်တတ်ရပ်ရင်း ပြောလိုက်သည်။
“ကျွန်တော် အနောက်ဘက်ကိုသွားပြီး ဒီနားတစ်ဝိုက်မှာ လူနေအိမ်တွေရှိမရှိ သွားကြည့်လိုက်ဦးမယ်။”
“ဒါဆိုရင်လည်း ဂရုစိုက်ဦးနော်။”
ကုချင်းယန်က နတ်စင်နောက်ဘက်သို့ လျှောက်သွားလိုက်သည်။ အနောက်ဘက်တွင် တောင်တစ်လုံး ရှိ၏။ လယ်ကွင်း သို့မဟုတ် လယ်အိမ်လည်း မရှိပေ။ တောအုပ်နက်သာ ရှိနေသည်။ မြေကြီးပေါ်တွင်မူ တောဟင်းသီးဟင်းရွက်များက အစုလိုက်အပြုံလိုက် ပေါက်နေကြပြီး သဘာဝအတိုင်း စိမ်းစိမ်းစိုစိုနှင့်။
[Host: ကုချင်းယန်] [အသက်: ၁၅ နှစ်] [အမှတ်: ၁၁ မှတ်] [အရည်အချင်း: သိပ္ပံဆေးပညာ (အခြေခံ) ၁၃ ရာခိုင်နှုန်း]
ကုချင်းယန် စနစ်ကို စစ်ဆေးကြည့်လိုက်သည်။ တစ်ညတာ လေ့လာပြီးသည့်နောက် သူ့အမှတ်က ၁၀ မှတ်ထိ တိုးလာခဲ့၏။
နေ့စဉ်ရရှိခဲ့သည့် အမှတ်များနှင့် ပေါင်းလိုက်သော် အမြင့်ဆုံးအမှတ် ၁၁ ထိ ရောက်ရှိသွားသည်။
“ညတွင်းချင်း သူဌေးကြီး” ဖြစ်လာသဖြင့် သူ တစ်ခုခုကို အမြန် စမ်းကြည့်ချင်နေသည်။
[ချင်းကျိုးစီရင်စု မြေစောင့်နတ်ကျောင်း၌ check in လုပ်ခြင်း အောင်မြင်ပါသည်။ အလေးချိန် ၁၀၀ ရှိသော ဆန်အိတ်ကို ရရှိပါပြီ။]
ကုချင်းယန်ခများ စိတ်ပျက်သွားရသည်။ မြေစောင့်နတ်စင်က ဆန်ပေးလာလိမ့်မည်ဟု သူ မထင်ထားခဲ့။ ဆန်အကောင်းစားများ ရလျှင် ကောင်းပေသော်ငြား သူ့အနေနှင့် ထုတ်ယူ၍ မရနိုင်ချေ။ သူ ဆန်အိတ်ကြီးတစ်အိတ်ကို ဝယ်လာပြီး အိတ်ထဲမှာ ထည့်ထားခဲ့သည်ဟု ဆင်ခြေပေး၍လည်း မရ။ လောလောဆယ်တော့ စနစ်သိုလှောင်ခန်းမှာသာ သိမ်းထား၍ ရပေတော့မည်။
လှည့်ပတ်ကြည့်ရှုပြီးနောက် နတ်စင်တစ်ဝိုက်တွင် check-in အမှတ် မရှိတော့သည်ကို တွေ့လိုက်ရသည်။ သို့ဖြစ်၍ သူတို့ ခရီးဆက်နှင်ခဲ့ကြ၏။
သူတို့ထွက်သွားချိန်တွင် ကုချင်းယန်က ထိုမြေအိုးကိုပါ တစ်ပါတည်း ယူလာလိုက်သည်။ ၎င်းကို ဆန်ပြုတ်ပြုတ်ဖို့နှင့် ဆေးကျိုရန်၌ အသုံးပြု၍ ရနိုင်သည်ပင်။ နို့ထိန်းအမေလျှို့က သူ(မ)၏ မနက်စာဖြစ်သည့် ဆန်ပြုတ်ကို သောက်ပြီးလေပြီ။ ထို့နောက် မြေအိုးကိုသုံးကာ ဆေးကျိုရင်း သူ(မ) ပိုသက်သာလာပြီဟုလည်း ဆို၏။
ကုချင်းယန်က မြေအိုးရှိခဲ့သည့် နေရာတွင် ငွေ ၁၀ ပြားထားခဲ့ကာ နို့ထိန်းအမေလျှို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။
မြင်းလှည်းမရှိသဖြင့် နှစ်ယောက်လုံး ခြေလျင်သွားရုံသာ တက်နိုင်တော့သည်။ သို့သော်ငြား နေ့ဘက်တွင် တရားဝင် လမ်းမကြီးက လင်းထိန်ကျယ်ဝန်းလှသဖြင့် ညဘက်လို ကြောက်စရာ မကောင်းချေ။
အကယ်၍ မြင်းလှည်းတစ်စီးသာရှိလျှင် ပိုအဆင်ပြေလိမ့်မည်ဟု ကုချင်းယန် တွေးမိသည်။
ခရီးလမ်းတစ်လျှောက်လုံး သူတို့ ရွာတစ်ရွာကိုမှ မတွေ့ရသေးပေ။ ကုချင်းယန် မော့ကြည့်လိုက်တော့ တောင်ထိပ်တစ်ခုပေါ်၌ ရွှေဝါရောင်အလင်းတန်းတစ်ခု ထွက်လာနေသည်ကို တွေ့လိုက်ရ၏။
နို့ထိန်းအမေလျှို့က သူ ကြည့်နေရာသို့ လှမ်းကြည့်၍ ပြောလာသည်။
“အဲ့ဒါက ချင်းကျိုးစီရင်စု အပြင်ဘက်မှာရှိတဲ့ ချင်းချန်တောင်ကုန်းပဲ။ အဲ့ဒီမှာ ချင်းချန်တာအိုနတ်စင် ရှိတယ်။ ဆုတောင်းပြည့်တယ်လို့ ကြားဖူးတယ်။”
ကံမကောင်းစွာဖြင့် ထိုနေရာက check in လုပ်ဖို့အတွက် ဝေးလွန်းလှသည်။
အတန်ကြာ လျှောက်လာပြီးနောက် သူတို့ လယ်ကွင်းတစ်ကွင်းကို တွေ့လိုက်ရသည်။ ထိုနေရာတွင် လယ်ကွင်းရှိနေလျှင် အနီးတစ်ဝိုက်၌ သေချာပေါက် ရွာတစ်ရွာ ရှိပေလိမ့်မည်။
ကုချင်းယန်က နို့ထိန်းအမေလျှို့ကို အသာအယာ တွဲထိုင်ပေးကာ မတ်တတ်ရပ်လျက် ဆိုလိုက်သည်။
“ကျွန်တော် ဟိုဘက်ကို သွားကြည့်လိုက်ဦးမယ်။ ရွာကိုရှာတွေ့ခဲ့ရင် သူတို့ဆီကနေ လှည်းတစ်စီးငှါးလာမယ်နော်။”
သူ မြင်းလှည်းကို မဝယ်နိုင်ခဲ့လျှင်တောင် လူစီး၍ရသည့် နွားလှည်းတစ်စီးဆိုလျှင်လည်း အဆင်ပြေပေသည်။
နို့ထိန်းအမေလျှို့က စိုးရိမ်စွာဖြင့် သူနှင့်အတူတူ လိုက်သွားချင်ခဲ့၏။
“အမေ…ကျွန်တော် လမ်းလျှောက်တာ မြန်ပါတယ်။ မြန်မြန် ပြန်လာခဲ့မယ်နော်။”
ကုချင်းယန်က အပြေးလေး သွားခဲ့သည်။ အကြောင်းမှာ ရွှေရောင်အလင်းတန်း check in နေရာကို မြင်လိုက်၍ပင်။
အသက်အောင့်ကာ မိုင်တစ်ဝက်ခန့် ပြေးလာပြီးနောက် ကုချင်းယန် ရပ်ကာ အမောဖြေလိုက်သည်။ သူ့ခန္ဓာကိုယ် ပို၍ သန်မာလာသည်ကို သူ ခံစားရ၏။ ဂျင်ဆင်းအားဆေးလုံးများ၏ အာနိသင်ကြောင့် ဖြစ်နိုင်သည်။
သို့သော် သူ၏ ချွေးများကို သုတ်ပစ်လိုက်ရင်း တစ်ခုခုမှားနေသည်ကို သတိထားမိသွားသည်။ သူ အလင်းတန်းရှိရာအတိုင်း ပြေးလာခဲ့သော်ငြား သူ့အရှေ့တွင် check in လုပ်ရန် ရွာဆို ဝေးစွ၊ လယ်ကွင်းတောင် ရှိမနေ။
ကုချင်းယန် မျက်မှောင်ကြုတ်လိုက်မိသည်။ သို့ပေသည့် တောက်ပနေသည့် ရွှေရောင်အလင်းတန်းက တောအုပ်နက်နောက်ဘက် သူ့မျက်စိရှေ့တင် ရှိနေသည်လေ။ သူ အထဲကို ချောင်းကြည့်လိုက်သည်။ ထိုသည်က မတ်စောက်နေသည့် ကုန်းစောင်းတစ်ခု ဖြစ်ပြီး အောက်ခြေတွင် ဘာရှိမှန်း မတွေ့ရပေ။
[ဖေ့ရွှမ်းကို ရှာတွေ့ပါပြီ။ check in လုပ်ရန်အတွက် အမှတ် (၁) မှတ်ကို သုံးစွဲပါမည်လား]
ဖေ့ရွှမ်း? ဘာကြီးတုန်း?
ကုချင်းယန် မျက်ဝန်းများကို မှေးစင်းလိုက်သည်။ ဤအချက်ပြစာတန်းက ယခင်ကဟာနှင့် ကွဲပြားနေ၏။ ဒီ check-in မှတ်က တစ်ခုခု ထူးခြားနေလို့များလား?
ယခင်တစ်ခေါက်က မူမမှန်တာဖြစ်လာတော့ check-in လုပ်ပြီးနောက် စနစ်စွမ်းရည်တစ်ခု ပေါ်လာခဲ့သည်။
ဒီတစ်ခေါက်ရော?
ကုချင်းယန်မှာ ကုန်းစောင်းကိုကြည့်ကာ စွန့်စားဖို့ ဆုံးဖြတ်လိုက်သည်။ ဘေးအန္တာရာယ်များကြား စည်းစိမ်များ ရှိနေတတ်သည်လေ။ check-in စနစ်က သူ့လက်ထဲရှိနေမှတော့ သူ့ပါးစပ်ထဲကို ဝင်လာသည့် အစာကို လက်လွှတ်မခံနိုင်ပါ။ သတိကြီးခြင်းကြောင့်နှင့် အခွင့်အရေးကောင်းကို လက်လွှတ်မခံနိုင်ချေ။
ကုချင်းယန် ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး သတိကြီးကြီးဖြင့် အောက်ကို ဆင်းသွားခဲ့သည်။ check-in မှတ်ကလည်း နီးသည်ထက် နီးကပ်လာ၏။
သူ နောက်ဆုံးခြေလှမ်းများဆီရောက်ကာ ကြည့်လိုက်ချိန် ကြောင်အမ်းသွားရသည်။
မြင့်မားသော တောရိုင်းမြက်များအကြား လူတစ်ယောက် လဲလျောင်းနေ၏။ အနက်ရောင် အဝတ်အစား၊ အနက်ရောင် ဘောင်းဘီက်ို ဝတ်ဆင်ထားသည့် ထိုသူက လူကောင်းတစ်ယောက်နှင့် တစ်စက်လေးမှ တူမနေ။
“ဒါက ဖေ့ရွှမ်းလား? ဖေ့ရွှမ်းက လူလား?”
ကုချင်းယန်တစ်ယောက် မယုံကြည်နိုင်သေး။ check-in မှတ်က နေရာဖြစ်ရမှာ မဟုတ်ဘူးလား။ လူတစ်ယောက်ကို ဘယ်လို check-in လုပ်မှာလဲ။
“သေနေတာလား။ ရှင်နေတာလား။”
သူ လက်ညှိုးကိုဆန့်ကာ မြေပြင်ပေါ်လဲနေသူကို တို့ထိကြည့်လိုက်သည်။ အနွေးဓာတ်တော့ ရှိနေသေး၏။
“ check-in မှတ်က သူ့အောက်မှာ ရှိနေတာလည်း ဖြစ်နိုင်တာပဲလေ။”
ကုချင်းယန် တွေးလိုက်မိသည်။ သို့နှင့် သူ လက်လှမ်းကာ ထိုလူအား ဘေးဘက်သို့ ရွှေ့လိုက်သည်။
သို့ပေသည့် ခဏကြာသော် သူ ကိုယ့်ကိုယ်ကိုယ် လိမ်နေ၍မရတော့ချေ။ check-in သင်္ကေတက သတိလစ်နေသည့် လူနှင့်အတူ လိုက်ရွေ့လျားနေသည်။ ဖေရွှမ်းက check-in မှတ် ဖြစ်၏။
“လမ်းဘေးက သူစိမ်းယောကျာ်းတွေကို လျှောက်မကယ်ရဘူး။”
ကုချင်းယန် သူ့ကိုယ်သူ သတိပေးနေခဲ့သည်။
သို့ပေသည့် သူ၏ စူးစမ်းချင်စိတ်က ပြင်းပြနေသည်။
လူတစ်ယောက်က ဘယ်လိုလုပ် check-in မှတ် ဖြစ်နိုင်တာလဲ။ check-in လုပ်ပြီးရင် သူ ဘာပြန်ရမှာလဲ။ သစ္စာရှိတဲ့ အစေခံလား။ အသေခံ စစ်သည်တော် တစ်ယောက်လား။ တပ်သား ၈၀,၀၀၀ နဲ့အတူ ပြန်လာမယ့် စစ်နတ်ဘုရားလား။
အနှီလူက အလွန်ပင် ငယ်ရွယ်သေးသည်။ အလွန်ဆုံးရှိလှ ၂၀ လောက်သာရှိမည်။ သူက ခံ့ညားသော်လည်း ခက်ထန်သည့် ရုပ်ရည်မျိုးရှိသည်။ သတိမေ့နေသည့်တိုင် သူ၏ မျက်ခုံးတန်းကြီးက တွန့်ချိုးနေဆဲ။ ၎င်းက သူ့အား ဒေါသထွက်လွယ်သည့် ပုံပေါ်စေသည်။
သူ ဘေးဘက်ကို ရွှေ့လိုက်သည့်တိုင် ထိုလူက မနိုးသေး။ ပြင်ပဒဏ်ရာလည်း ရှိမနေသဖြင့် သတိမေ့နေရသည့် အကြောင်းရင်းကိုမူ မသိနိုင်။
ကုချင်းယန် ထပ်မံ တုံ့ဆိုင်းသွားရပြန်သည်။ သို့ပေသည့် အဆုံးတွင်တော့ check-in လုပ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။
သူ အရှက်မဲ့စွာဖြင့် လက်ကိုဆန့်လိုက်သည်။
[check-in]
***
Aurora Novel Translation Team