no

Font
Theme

အပိုင်း (၃)

ကုချင်းယန်မှာ ငယ်စဉ်ကတည်းက ကျန်းမာရေးချို့တဲ့ကာ မကြာခဏဆိုသလို ဖျားနာတတ်သည်။ သူ၏ မိခင်ရင်းဖြစ်သူ သခင်မကြီးရွှီကလည်း အခြားသူများကို ပြုစုစောင့်ရှောက်နိုင်စွမ်းရှိသူ မဟုတ်ခဲ့။

သို့ဖြစ်၍ ဤနှစ်များတစ်လျှောက် သူ့အား ဂရုစိုက်ပေးခဲ့သူမှာ သူ၏ နို့ထိန်းအမေလျှို့သာ ဖြစ်သည်။ သူတို့နှစ်ဦးကြားရှိ သံယောဇဉ်က အလွန်နက်ရှိုင်းလှ၏။ သူတို့က သွေးသားအရ မတော်စပ်ကြသော်ငြား မိခင်ရင်းနှင့် သားဖြစ်သူထက် ပို၍ နီးစပ်ခဲ့ကြသည်။

ကုချင်းယန် ပြင်းပြင်းထန်ထန် ဖျားနေရာမှ နိုးထလာသည့်အကြိမ်တိုင်း သူ ပထမဦးဆုံး တွေ့ခဲ့ရသူမှာ သူ၏ နို့ထိန်းအမေသာ ဖြစ်သည်။

နို့ထိန်းအမေလျှို့တွင်လည်း သားတစ်ယောက်ရှိခဲ့ဖူးသော်ငြား ထိုကလေး အသက်သုံးနှစ်သားအရွယ်တွင် မိသားစုဝင်များက သေသေချာချာ မကြည့်ရှုခဲ့သဖြင့် မြစ်ထဲပြုတ်ကျကာ သေဆုံးသွားခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် နို့ထိန်းအမေလျှို့က အမျိုးသားဖြစ်သူ၏ မိသားစုနှင့် စကားများကာ မိသားစုမှ ခွဲထွက်လာခဲ့သည်။ သူ(မ) ရှာဖွေရရှိခဲ့သည့် လစဉ်ဝင်ငွေကိုတော့ သုံးစွဲကြကာ သုံးနှစ်အရွယ် ကလေးတစ်ယောက်ကို သေချာ မစောင့်ရှောက်နိုင်ခဲ့သဖြင့် သူ(မ)က ထိုသူတို့ကို ပြစ်တင်ဝေဖန်ခဲ့၏။

ထိုအချိန်မှစ၍ နို့ထိန်းအမေလျှို့က ကုချင်းယန်ကို ပြုစုစောင့်ရှောက်ရာ၌သာ သူမ၏ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခဲ့တော့သည်။

ထိုအကြောင်းကို သိရှိပြီးနောက် ကုချင်းယန်သည် နို့ထိန်းအမေ အသက်ကြီးလာလျှင် သူကိုယ်တိုင် စောင့်ရှောင်ပေးကာ သူ(မ)၏ စျာပနကိုပါ တာဝန်ယူပေးချင်ကြောင်းကို သခင်မကြီးရွှီနှင့် ဆွေးနွေးတိုင်ပင်ခဲ့ဖူးသည်။ ထိုစဉ်တွင် သခင်မကြီးရွှီကလည်း မဆိုင်းမတွ သဘောတူခဲ့၏။

နို့ထိန်းအမေက ကျေးဇူးတင်စိတ်ကြောင့် သူ့အပေါ် ပို၍ ချစ်ခင်လာခဲ့ကာ သူ(မ)၏ သားအရင်းဖြစ်သူကို ဂရုစိုက်ပေးတာထက်တောင် ပို၍ ဂရုစိုက်ပေးလာတော့သည်။

နို့ထိန်းအမေသာ စေ့စပ်သေချာစွာ မပြုစုပေးခဲ့လျှင် သူဟာ ထိုပြင်းထန်သည့် ဖျားနာမှုများမှ အသက်ရှင်လွတ်မြောက်နိုင်မည် မဟုတ်ဟု ကုချင်းယန် အမြဲတစေ ခံစားခဲ့ရသည်။

ဘယ်သူထင်ထားမှာလဲ…

ပြန်တွေးကြည့်တော့လည်း သခင်မကြီးရွှီက သူ့ကိုတောင် နှင်ထုတ်ရဲတာပဲကို နို့ထိန်းအမေကိုဆို ဘယ်သည်းခံနိုင်ပါ့မလဲလေ။

ချွေးဟုန်က နှာရှုံ့လိုက်သည်။

“မာမားလျှို့က မတရားမှုကို သည်းမခံနိုင်လို့ သခင်မကြီးဆီသွားပြီး အသနားခံခဲ့တာ။ ဒါပေမယ့် ဘာကြောင့်လဲတော့ မသိဘူး… သခင်မကြီးက အရမ်းဒေါသထွက်သွားပြီး မာမားကို အိမ်ပေါ်ကနေ နှင်ချလိုက်တာပဲ။”

“ မာမားက သခင်လေး စိတ်ပူနေမှာကို စိုးရိမ်လို့ ကျွန်မတို့ကိုလည်း ပြန်မပြောခိုင်းထားဘူး။”

ကုချင်းယန်ခမျာ ချက်ချင်း စိုးရိမ်သွားရသည်။

“သူ(မ) အခုဘယ်မှာလဲ။ ချွေးဟုန်… ငါ့ကို သူ(မ)ဆီ ခေါ်သွားပေး။”

ချွေးဟုန်က သူ(မ)၏ မျက်ရည်များကို သုတ်ကာ အရှေ့မှ ဦးဆောင်သွားသည်။

သူတို့ လမ်းကြားများကြား လျှောက်လာခဲ့ကြရာ လမ်းက ပို၍ အစွန်အဖျားကျလာပြီး ပတ်ဝန်းကျင်ရှိ အိမ်များကလည်း ပို၍ ဟောင်းနွမ်းစုတ်ပြတ်လာသည်။ အဆုံးတွင်တော့ အိမ်တစ်အိမ်ရှေ့၌ ရပ်လိုက်ကြ၏။

“ဒါက မာမားလျှို့ရဲ့ မိဘအိမ်ပဲ။ အခု သူ(မ)မှာ သွားစရာနေရာမရှိတော့ ဒီကိုပဲ ပြန်လာခဲ့တာ။”

သူတို့နှစ်ယောက် အိမ်ထဲကိုပင် မဝင်ရသေးမီ စူးရှရှနှင့် သရော်သံစွက်နေသည့် အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

“လက်ထပ်ပြီးသွားတဲ့ သမီးဆိုတာ သွန်ပစ်လိုက်တဲ့ ရေလိုပဲ။ နင့်အနေနဲ့ မိဘအိမ်ကို ပြန်လာပြီး မောင်လေးဖြစ်သူဆီကနေ ကပ်စားစရာ အကြောင်းမရှိဘူး။ အိမ်ကနေ ဆင်းရင်ဆင်း၊ မဟုတ်ရင် ငွေပြားပဲယူလာလာ။ မဟုတ်ရင်တော့ ဒီအိမ်မှာ နင့်အတွက် နေစရာမရှိဘူး။”

“နင့်မှာ သားတောင် ရှိတာမဟုတ်ဘူး။ နင်က အိုလာရင် ငါ့သားရှာဖွေတာကို စားသောက်မယ့် သားသမီးမရှိတဲ့ အယုတ်တမာမ'သာသာပဲ။ အဲ့ပိုက်ဆံတွေကို အခု ငါတို့သုံးဖို့ မပေးဘဲနဲ့ အခေါင်းထဲထိ သယ်သွားဖို့ တွေးနေတာလား။”

“ဂြိုလ်ဆိုးမ… ကံဆိုးမ။ နင်က မုန်လာဥနီကို လက်ခံမယ့်အစား တုတ်ချောင်းကို တမ်းတနေတာ။ ထုတ်မပေးရင် ငါလည်း ယဉ်ကျေးနေတော့မှာ မဟုတ်ဘူးနော်။”

“နို့ထိန်းအမေ။”

ကုချင်းယန် တံခါးကို ဆောင့်ကန်ဖွင့်လိုက်သည်။

ဆဲဆိုကြိမ်းမောင်းနေသည့် အမျိုးသမီးက သူတို့နှစ်ဦးကိုမြင်တော့ အော်ဟစ်လာသည်။

“ဒီကောင်စုတ်ကရော ဘယ်သူလဲ။ ငါ့အိမ်ရှေ့တံခါးကို ကန်ရဲတယ်ပေါ့။ မင်း တံခါးဖိုးကို လျော်ပေးရမယ်။ မဟုတ်ရင် ထွက်သွားဖို့ မစဉ်းစားနဲ့။”

“သတ္တိရှိရင် တရားရုံးကို သွားတိုင်လိုက်လေ၊ ကျွန်တော် စောင့်နေမယ်။”

ကုချင်းယန် သူ(မ)ကို အေးစက်စက် ကြည့်လိုက်ရာ ထိုအမျိုးသမီး၏ ဆဲရေးသံများကို တိတ်ဆိတ်သွားစေခဲ့သည်။

ထိုအမျိုးသမီးက ထိတ်လန့်သွား၏။ တစ်ဖက်လူ၏ အထောက်အထားကို သတိရသွားတော့ သူ(မ)၏မျက်နှာပေးက ချက်ချင်း ပြောင်းလဲသွားသည်။

“အိုင်းယိုး… ရေကြီးပြီး နဂါးနတ်စင်ကို လာထိမှန်နေတာပဲ။ ကိုယ့်လူအချင်းချင်း မမှတ်မိ ဖြစ်သွားလို့ပါ။ မင်းက လီမိသားစုရဲ့ သခင်လေး ဟုတ်တယ်မလား။ ငါ့အစ်မကို ကောင်းကောင်းနေထိုင်ခိုင်းဖို့ ပြန်လာခေါ်တာလား။ ကြည့်ပါဦး… ဒီရက်ပိုင်းမှာ သူ(မ)ကို ငါပဲ ပြုစုပေးထားတာလေ။ ကျေးဇူးမတင်ရင်တောင် အလုပ်ကြိုးစားခဲ့တာကို ထောက်ထားပြီး ဘောက်ဆူးနည်းနည်းတော့ ပေးသင့်တယ်နော်။”

ကုချင်းယန်ကတော့ သူ(မ)၏ ပေါက်တက်ကရ စကားများကို နားမထောင်ခဲ့။ သူ အိမ်ထဲကို နှစ်လှမ်းသုံးလှမ်းလောက် လှမ်းဝင်လိုက်ရာ ကောက်ရိုးအနည်းငယ်သာ ဖြန့်ထားသည့် မြေကြီးခုတင်ပေါ်တွင် လဲလျောင်းနေသည့် နိုးထိန်းအမေလျှို့ကို တွေ့လိုက်ရသည်။

ဤမျှလောက် အေးစက်သည့် ရာသီဥတုမျိုးတွင် သူ(မ)က စောင်ပင်မခြုံထား။ သည်အတိုင်း မြေကြီးခုတင်ပေါ်တွင်သာ လဲလျောင်းနေခဲ့၏။

“သခင်လေး…”

သူ့ကို မြင်သည်နှင့် နို့ထိန်းအမေလျှို့မှာ အသက်မရှူနိုင်တော့ဘဲ သတိလစ်သွားတော့သည်။

“ကိုယ်တွေ အရမ်းပူနေတာပဲ။ နိုးထိန်းအမေ ဖျားနေပြီ။”

ကုချင်းယန်က သူ(မ)ကို ကောက်ပိုးလိုက်ပြီး ချက်ချင်း ထွက်သွားရန် ပြင်လိုက်သည်။

“ဆေးပေးခန်းကိုသွားမယ်။”

ထိုအမျိုးသမီးက လမ်းပိတ်ရန် ကြိုးစားလာ၏။ သို့ပေသည့် ချွေးဟုန်က အရှေ့သို့သွားကာ သူ(မ)၏ပါးကို ဖြန်းခနဲ ရိုက်ချလိုက်သည်။

“ရှင် လီမိသားစုကလူကို အနိုင်ကျင့်ရဲတယ်ပေါ့။ မျက်စိကန်းနေတာလား။”

အနှီအမျိုးသမီးမှာ ကြောက်လန့်တုန်လှုပ်နေပြီး ဆက်ပြီး မတားဆီးရဲတော့ချေ။

သူတို့ အဝေးကိုရောက်သော် ထိုအမျိုးသမီးက မြေကြီးပေါ်သို့ တံတွေးတွေးချလိုက်ပြီး

“တစ်သက်လုံး ပြန်မလာခဲ့နဲ့တော့။ ငါ့လက်ထဲ ပြန်ရောက်တဲ့တစ်နေ့ နင်အသေပဲ။”

သူ(မ)ကို ချီပိုးကာ ခြေလှမ်းအနည်းငယ် လှမ်းသွားပြီးနောက် ကုချင်းယန်၏ ခန္ဓာကိုယ်က မခံနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်က အားအင်မရှိသည့် သခင်လေးတစ်ယောက်၏ ခန္ဓာကိုယ်ဖြစ်၏။ ချွေးဟုန်က သူတို့နောက် လိုက်မီလာခဲ့သည်။ သူ(မ)က ထိုအခြေအနေကိုမြင်တော့ ခန္ဓာကိုယ်ကို ချက်ချင်း ကိုင်းချကာ နို့ထိန်းအမေလျှို့ကို ပိုး၍ ပြေးတော့သည်။

“သခင်လေး… ကျွန်မ ပိုးလိုက်မယ်။ နောက်ကနေ လိုက်ခဲ့နော်။”

ကုချင်းယန်မှာ အသက်လုရှူကာ ခက်ခဲခက်ခဲ လိုက်သွားနေရသော်ငြား ချွေးဟုန်က အသက်ပင် မရှူသည်ကိုမြင်တော့ သူ၏ကျန်းမာရေးက မည်မျှပင် ချို့တဲ့ကြောင်း စိတ်ထဲမှ ညည်းညူလိုက်မိသည်။

[ချင်းကျိုးစီရင်စု ဆေးပေးခန်း check-in မှတ်ကို ရှာဖွေတွေ့ရှိပါသည်။ check-in လုပ်ဖို့အတွက် အမှတ် (၂) မှတ်ကို သုံးစွဲပါမည်လား။]

၂ မှတ်လား?

ကုချင်းယန် အံ့ဩသွားရသော်လည်း ထိုအကြောင်းကို တွေးရန်အချိန်မရှိပေ။ သူအကြိမ်ကြိမ် အော်ဟစ်လိုက်သည်။

“သမားတော်… ကျေးဇူးပြုပြီး သူ(မ)ကို ကယ်ပေးပါဦး။”

သူတို့၏ ဝင်ရောက်လာမှုကြောင့် တာဝန်ကျနေသည့် သမားတော်ပင် ထိတ်လန့်သွား၏။ ထိုသူက ချက်ချင်း ထရပ်ကာ

“သူ(မ)ကို အထဲမှာ လှဲခိုင်းလိုက်။”

သူ(မ)၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် သမားတော်က စိတ်သက်သာရာရသည့်နှယ် သက်ပြင်းချလိုက်သည်။

“သူ(မ) အဆင်ပြေပါတယ်။ စိတ်လှုပ်ရှားမှု လွန်ကဲပြီး မေ့လဲသွားတာပါ။ သူ(မ)နိုးလာရင် အဆင်ပြေသွားလိမ့်မယ်။”

သမားတော်က သွေးကြောမှတ်တစ်ခုကို ခပ်ဖွဖွ နှိပ်လိုက်တော့ နို့ထိန်းအမေလျှို့က သတိရလာသည်။ ကုချင်းယန်ကိုမြင်တော့ သူ(မ) ဆို့နင့်သွားရ၏။

“သခင်လေး… ဒုက္ခတွေ အများကြီး ခံလိုက်ရပြီ။”

ကုချင်းယန်ခမျာ ကူကယ်ရာမဲ့သွားရသည်။ အားလုံးက ဘာဖြစ်လို့ သူဒုက္ခရောက်နေတယ်လို့ပဲ ထင်နေကြတာလဲ?

သူ ဒုက္ခရောက်မနေပါဘူးနော်၊ မနေ့ညကဆို ငွေပြား (၃) ပြားတန် “နံပါတ် (၁) ကောင်းကင်ဘုံခန်း” မှာတောင် အိပ်ခဲ့သေးတာ။

သူ ထိုင်ချလိုက်ပြီး နို့ထိန်းအမေ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ကုချင်းယန် သူ(မ)ကို နှစ်သိမ့်ပေးလိုက်၏။

“နို့ထိန်းအမေ… ကျွန်တော် အဆင်ပြေပါတယ်။ အားလုံး အဆင်ပြေသွားမှာပါ။”

“သမားတော်… သူ(မ)က အရိုက်လည်း ခံလိုက်ရသေးတယ်။ သူ(မ)ကို စစ်ဆေးကြည့်ပေးပါဦး။”

နို့ထိန်းအမေက ခေါင်းခါလိုက်သည်။

“သူတို့က ကျွန်မကိုသနားလို့ အားထည့်ပြီး မရိုက်ခဲ့ပါဘူး။ ကျွန်မ အဆင်ပြေပါတယ် သခင်လေး။ ဒါပေမယ့် သခင်လေးရဲ့ အနာဂတ်ရော ဘယ်လိုဖြစ်သွားမှာလဲ။ သခင်မကြီးက အရမ်းရက်စက်တာပဲ။”

သူ(မ)ငိုတော့ ချွေးဟုန်လည်း နောက်ကနေ လိုက်ငိုရှာသည်။

သမားတော်က သူတို့ကိုကြည့်ကာ ညင်ညင်သာသာလေး ချောင်းဟန့်လာ၏။

“ဒဏ်ရာတွေက တကယ်ကို မပြင်းထန်ပါဘူး။ ဒါပေမယ့် ကျွန်တော် သောက်ဆေးနည်းနည်းတော့ ပေးလိုက်မယ်။ အဲ့ဒါက သူ(မ)ကို မြန်မြန် သက်သာစေလိမ့်မယ်။”

“ဆေးစာရေးပေးလိုက်ပါ သမားတော်။”

ကုချင်းယန် မြန်မြန် ပြောလိုက်သည်။

“မဖြစ်ဘူး… ကျွန်မရဲ့ ဆေးအတွက် ပိုက်ဆံကို မဖြုန်းတီးလိုက်ပါနဲ့။ ကျွန်မက တစ်ရက်နှစ်ရက်လောက် လှဲနေလိုက်ရင် အဆင်ပြေသွားမှာပါ။”

နို့ထိန်းအမေလျှို့က အားယူကာ ငြင်းရှာသည်။

“သမားတော် ကျေးဇူးပြုပြီး ဆေးစာသာ ရေးပေးလိုက်ပါ။ ကျွန်တော် ပေးနိုင်ပါတယ်။”

သမားတော်က သူတို့ သီးသန့်စကားပြောနိုင်စေရန်အတွက် အလိုက်တသိ အပြင်ကို ထွက်သွားပေးလေသည်။

နို့ထိန်းအမေလျှို့က စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသော်ငြား ယခုအချိန်တွင် သူ့လက်ကို ဆုပ်ကိုင်ထားရုံသာ တတ်နိုင်ပြီး စကားမပြောနိုင်သေးချေ။

“ကျွန်မ အသုံးမကျလို့ သခင်လေးကို မကာကွယ်နိုင်ခဲ့ဘူး။ သခင်မကြီး… သူ(မ)ကတော့…..”

ကုချင်းယန်မှာ ကူကယ်ရာမဲ့သွားရ၏။

နို့ထိန်းအမေလျှို့က လီအိမ်တော်တွင် ဘယ်လောက်ကြာကြာ နေခဲ့နေခဲ့၊ နောက်ဆုံးကျတော့လည်း အစေခံတစ်ယောက်သာသာပဲလေ။ သူ(မ)က ဘယ်လိုလုပ် သခင်မကြီးရွှီကို စည်းရုံးနိုင်ပါ့မလဲ။

မှုန်တေတေဖြစ်နေသည့် သူ၏ မျက်မှာထားကိုမြင်တော့ နို့ထိန်းအမေလျှို့သည် သူဝမ်းနည်းနေခြင်းဖြစ်မည်ဟု တွေးကာ နှစ်သိမ့်ရန် ကြိုးစားလာသည်။

“သခင်လေး မကြောက်ပါနဲ့။ ကျွန်မ ဒီနှစ်တွေအတွင်း အသပြာတချို့ စုမိထားတာ ရှိပါတယ်။ ဒါကို အခုလောလောဆယ် စားစရိတ်အတွက် ယူထားလိုက်။ ကျွန်မ အပြင်ထွက်ပြီး အဝတ်လျှော်ပြီးပဲဖြစ်ဖြစ်၊ ထမင်းချက်တာဖြစ်ဖြစ် လုပ်ပြီး သခင်လေးကို ရှာကျွေးနိုင်ပါတယ်။”

နို့ထိန်းအမေလျှို့က သူ(မ)ရင်ဘတ်ထဲရှိ လက်ကိုင်ပဝါလေးကို ထုတ်ပေးလာသည်။ အထဲတွင် ငွေစအကျိုးအပဲ့များ၊ ငွေသားများနှင့် သူ(မ)တစ်သက်တာလုံး စုဆောင်းရရှိထားခဲ့သည့် လက်ဝတ်ရတနာ တစ်ခု သို့မဟုတ် နှစ်ခုပါရှိလေသည်။

အားလုံးကိုပေါင်းလိုက်လျှင် အနည်းဆုံး ငွေပြား ၂၀ လောက်တော့ရှိမည်။ ၎င်းက နည်းသည့်ပမဏ မဟုတ်။

သူ(မ) အိမ်ပြန်သွားကာ မရီးဖြစ်သူ၏ ဆဲဆိုကြိမ်းမောင်းခြင်းကို ခံခဲ့ရပြီး၊ ယခုတွင်လည်း ဒဏ်ရာရရှိထားကာ ဆေးဝယ်ရန် လိုအပ်သော်ငြား နို့ထိန်းအမေကြီးက ၎င်းကို ထုတ်မသုံးခဲ့။ သူ(မ)က ကုချင်းယန်ကိုသာ အကုန်အစင် ပေးအပ်နေခဲ့သည်။

သခင်မကြီးရွှီက ရက်စက်သော်လည်း ချွေးဟုန်နှင့် နို့ထိန်းအမေက သူ့အပေါ် တကယ်ကို သံယောဇဉ်ရှိရှာသည်။

ကုချင်းယန်တစ်ယောက် ရုတ်တရက် အသက်ရှူချောင်သွားသလို ခံစားလိုက်ရ၏။

လူသားများကြားရှိ ဆက်ဆံရေးက ကံကြမ္မာပေါ် မူတည်နေသည့်နှယ်။ ဖြစ်နိုင်သည်မှာ သူနှင့် သခင်မကြီးရွှီတို့က ကံမပါခဲ့၍ဖြစ်မည်။ ထို့ကြောင့်သာ ၁၅ နှစ်တာအတွင်း မည်သည့် သံယောဇဉ်မှ မတည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်မည်။

သို့ပေသည့် နို့ထိန်းအမေနှင့် ချွေးဟုန်တို့နှင့်တော့ ကံပါခဲ့သဖြင့် သူက သခင်လေးမဟုတ်တော့သည့်တိုင် သူ့အား ဂရုစိုက်ပေးနေကြဆဲပင်။

ဤတစ်ကြိမ်တွင်တော့ ကုချင်းယန် မငြင်းဆန်ခဲ့။ သူ လက်ကိုင်ပဝါကို ယူလိုက်၏။

“နို့ထိန်းအမေ… ကျွန်တော်နဲ့ အတူသွားချင်လား။ ကျွန်တော် လင်ချွမ်းခရိုင်ကို သွားမလို့။”

ကုချင်းယန် သူ(မ)ကို ညင်ညင်သာသာလေး ပွေ့ဖက်လိုက်သည်။

“ကျွန်တော် နို့ထိန်းအမေကို ကျွန်တော့်ရဲ့မွေးစားအမေအဖြစ် သတ်မှတ်လိုက်မယ်လေ။ နို့ထိန်းအမေ အသက်ကြီးတဲ့အထိ ပြုစုစောင့်ရှောက်ပေးပါ့မယ်။ ကျွန်တော်နဲ့ လိုက်မလား။”

နို့ထိန်းအမေလျှို့က ခံစားချက်တို့ဖြင့် လွှမ်းမိုးသွားရသည်။ သူ(မ) စကားမပြောနိုင်သဖြင့် ခေါင်းသာ ညိတ်ပြလိုက်၏။

အတန်ကြာသော် သူ(မ)က မျက်ရည်များကြားမှ ပြောလိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ဒီအသက်အရွယ်ကျမှ သားတစ်ယောက် ထပ်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

“သခင်လေး… ကျွန်မတို့ အတူတူသွားကြရအောင်။ ကျွန်မ သခင်လေးကို စောင့်ရှောက်ပေးမှာပါ၊ သခင်လေးကို ဒုက္ခမခံစေရဘူး။”

ကုချင်းယန်က ခပ်ဟဟရယ်လျက်

“အမေ… ကျွန်တော့်ရဲ့မျိုးရိုးနာမည်က လီမဟုတ်တော့ပါဘူး။ ကျွန်တော့်နာမည်ကိုပဲ ခေါ်ပါတော့။”

“ချင်း… ချင်းယန်။”

နို့ထိန်းအမေလျှို့က သူ(မ)၏စိတ်ထဲမှ အကြိမ်ကြိမ် တိတ်တဆိတ် ခေါ်ခဲ့ဖူးသည့် ထိုနာမည်ကို ခေါ်လိုက်သည်။ သူ(မ)၏ ကိုယ်ခန္ဓာကလည်း နာကျင်မှုကို မခံစားရတော့သလို စိတ်ဓာတ်များလည်း ပြန်တက်ကြွလာရသည်။

ချွေးဟုန်က နှာရှုံ့လိုက်၏။ သူ(မ)လည်း အတူတူ လိုက်သွားချင်ပါသော်ငြား ကျွန်စာချုပ်အောက်တွင် ရှိနေသည့်အပြင် အမေနှင့် မောင်လေးလည်း ရှိနေသေးသဖြင့် သူ(မ) သွားချင်လျှင်တောင် မသွားနိုင်ပေ။

ဝမ်းနည်းမှုနှင့် ပျော်ရွှင်ခြင်းတို့ကြား နှစ်မြှုပ်နေပြီးနောက် နို့ထိန်းအမေလျှို့မှာ ကြာကြာမတောင့်ခံနိုင်တော့ဘဲ မကြာမီမှာပဲ အိပ်ပျော်သွားလေသည်။

ကုချင်းယန် စိုးရိမ်တကြီးဖြင့် သမားတော်ကို ခေါ်လိုက်သည်။

“သူ(မ) ပင်ပန်းနေလို့ပါ။ မနှိုးလိုက်နဲ့၊ တစ်ရေးအိပ်လိုက်ရင် ပြန်သက်သာလာလိမ့်မယ်။”

သမားတော်၏ လက်ထဲတွင် ဆေးကို ကိုင်ထားလျက်

“ရေသုံးခွက်စာကို တစ်ခွက်စာပဲ ကျန်တဲ့အထိ မီးအေးအေးလေးနဲ့ ကျိုပေးပါ။ ဆေးတစ်ထုပ်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် နှစ်ခါကျိုလို့ရတယ်။ ဒါတွေ သောက်ပြီးရင် သူ(မ) ပြန်သက်သာလာလိမ့်မယ်။”

ကုချင်းယန်က အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်၏။

အဆုံးတွင်တော့ ချွေးဟုန်က နို့ထိန်းအမေလျှို့အား တည်းခိုခန်းဆီကို ပြန်ပိုးလာပေးခဲ့သည်။ ကံကောင်းစွာဖြင့် “နံပါတ် (၁) ကောင်းကင်ဘုံ” ခန်းက ကျယ်ဝန်း၏။ လူနှစ်ယောက် အေးဆေးနေ၍ရသည်။

ချွေးဟုန်က အလုပ်လုပ်စရာ ရှိသေးသဖြင့် အကြာကြီးနေ၍ မရပေ။ သူ(မ) မထွက်သွားခင်မှာလည်း အလွန်အမင်း စိုးရိမ်နေသေး၏။

စားပွဲထိုးက သူ(မ)၏ပခုံးကို ပုတ်ကာ ကတိမပေးလာမီအထိပင်။

“ဧည့်သည်တော်… စိတ်ချပါဗျ။ ဆေးကျိုတဲ့အလုပ်ကို ကျွန်တော့်ကိုသာ အပ်ထားလိုက်ပါ။”

နောက်ဆုံးတော့ ချွေးဟုန်က ထွက်သွားခဲ့သည်။

ကုချင်းယန် နို့ထိန်းအမေကို ကြည့်လိုက်သည်။ သူ(မ) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကိုမြင်ပြီးနောက် ဆေးခန်းရှိ check-in အမှတ် (၂) မှတ်အကြောင်းကို မစဉ်းစားဘဲ မနေနိုင်တော့ချေ။

တခြားနေရာများတွင် check-in မှတ် တစ်မှတ်သာလိုအပ်သော်လည်း ဆေးခန်းတွင်မူ (၂) မှတ် လိုအပ်နေသည်။ အဲ့နေရာမှာ တစ်ခုခုများ ထူးခြားတာရှိလို့လား။

[Host: ကုချင်းယန်] [အသက်: ၁၅] [အမှတ်: ၂ မှတ် ]

အမှတ်က နေ့တိုင်းတိုးလာနေပြီး လက်ရှိ သူ့မှာလည်း ငွေကြေးအလုံအလောက် ရှိနေပြီလေ။ ဘာလို့ မစမ်းကြည့်ရမှာလဲ။

ကုချင်းယန် ဆုံးဖြတ်ချက်ချလိုက်ကာ ဆေးပေးခန်းဆီသို့ မြန်မြန် ပြန်သွားလိုက်သည်။

[ချင်းကျိုးစီရင်စု ဆေးခန်း check-in မှတ်ကို ရှာဖွေတွေ့ရှိပါသည်။ check-in လုပ်ဖို့အတွက် အမှတ် (၂) မှတ်ကို သုံးစွဲပါမည်လား။]

[သုံးမယ်။]

[ချင်းကျိုးစီရင်စု ဆေးခန်းတွင် အောင်မြင်စွာ check-in လုပ်ပြီးပါပြီ။ ဆေးအတတ်ပညာကို ရရှိပါပြီ။]

ကုချင်းယန် ပင့်သက်ရှိုက်မိသွားရသည်။ အတတ်ပညာတစ်ခုလား။ ဘယ်လိုလုပ်ပြီး အတတ်ပညာတစ်ခုကိုပါ ရနိုင်တာလဲ။

သူ့စနစ်၏ မျက်နှာပြင် ပြောင်းလဲသွားသည်ကို သူ တွေ့လိုက်သည်။ အတတ်ပညာတစ်ခုကို ပေါင်းထည့်လိုက်ပြီဖြစ်၏။

[Host: ကုချင်းယန်] [အသက်: ၁၅] [အမှတ်: 0 ] [အရည်အချင်း: သိပ္ပံဆေးပညာ (အခြေခံ) 0%]

အတတ်ပညာ ခလုတ်ကို နှိပ်လိုက်တော့ မျက်နှာပြင်တစ်ခု ပေါ်လာသည်။

[အတတ်ပညာ သင်ခန်းစာကို စတင်ပါမည်လား။ သင်ခန်းစာလေ့လာနေစဉ်အတွင်း Host ဖြစ်သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မည်။ မလိုလားအပ်သော အကျိုးဆက်များကို ရှောင်ရှားရန်အတွက် ဘေးကင်းသော ပတ်ဝန်းကျင်တွင်သာ လုပ်ဆောင်ဖို့ အကြံပြုအပ်ပါသည်။]

ကုချင်းယန် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ တည်းခိုခန်းကို ပြန်မရောက်မီအထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။

သူ မည်မျှပင် စိတ်လှုပ်ရှားနေပါစေ လမ်းလယ်ခေါင်ကြီးမှာတော့ လှဲချပစ်၍ မရချေ။

“လူငယ်လေး… တစ်ခုခုဖြစ်လို့လား။ လူငယ်လေးအမေ ထပ်ပြီး နေမကောင်းဖြစ်လို့လား။”

သမားတော်က မေးလာသည်။

ကုချင်းယန်က စိတ်များ တက်ကြွနေသဖြင့် ကျယ်ကျယ်လေး အော်ပြောလိုက်သည်။

“ကျွန်တော့်အမေ အဆင်ပြေပါတယ်ဗျ။ ခင်ဗျားရဲ့ ဆေးပညာက အရမ်းကောင်းတာပဲ သမားတော်။ ကျွန်တော် အရမ်းလေးစားမိလို့ သီးသန့်လာပြီး ကျေးဇူးလာတင်တာပါ။”

ထိုသို့ပြောပြီးနောက် သူ ရိုရိုသေသေ ဦးညွှတ်လိုက်ပြီး လှည့်ကာ ထွက်ပြေးသွားခဲ့သည်။

သမားတော်မှာ တွေဝေသွားသော်ငြား အတန်ကြာတော့ ပြုံးမိလိုက်၏။

“လိမ္မာတဲ့ကလေးပဲ။ ဟူး… သူတို့ရဲ့ ရှေ့ဆက်မယ့်ဘဝ အဆင်ပြေဖို့ မျှော်လင့်ပါတယ်။”

ကုချင်းယန်က တည်းခိုခန်းရှိရာသို့ အပြေးလေး ပြန်လာခဲ့သည်။

သူ အခန်းထဲကို ဝင်သွားတော့ နို့ထိန်းအမေက အိပ်ပျော်နေသေးသည်ကို တွေ့လိုက်ရ၏။

သူလည်း ထိုင်ခုံပေါ်ကို မြန်မြန် မှီချလိုက်ပြီး အတတ်ပညာ စာမျက်နှာထဲသို့ ဝင်သွားလိုက်သည်။

[ဆေးအတတ်ပညာ သင်ခန်းစာကို စတင်နေပါပြီ…]

***

Aurora Novel Translation

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment