အပိုင်း (၇)
ကုချင်းယန်မှာ စက္ကန့်ပိုင်းမျှ ကသိကအောက် ဖြစ်သွားရသည်။ ထို့နောက် ဤအခြေအနေမှ ရုန်းထွက်ရန် ဆုံးဖြတ်လိုက်၏။
“ခင်ဗျား နိုးပြီပဲ။ ခင်ဗျားက အကြာကြီး သတိမေ့နေခဲ့တာ။ ကျွန်တော် ဘယ်လိုခေါ်ခေါ် နိုးမလာဘူး။”
ထို့နောက် အိပ်ရာပေါ်မှ အလုအယက် ဆင်းလိုက်ကာ သဘာဝကျကျ ပြန်လှည့်လျက် မေးလိုက်သည်။
“ကံမ'လို့ ခင်ဗျား နိုးလာပြီ။ ခင်ဗျား ဗိုက်ဆာနေလား။ ရေဆာလား။ မဟုတ်ရင် အရင်ဆုံး တစ်ခုခုစားချင်လား။”
ဖေ့ရွှမ်းဘက်က ပြန်ဖြေလာသည်ကိုပင် မစောင့်တော့ဘဲ ကုချင်းယန်တစ်ယောက် ပြေးထွက်သွားခဲ့သည်။
အပြင်ရောက်သော် သူ့ရင်ဘတ်ကိုပုတ်ကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
၎င်းမှာ အခန်းထဲတွင်ရှိနေသော ထိုလူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသည့် ကိုယ်ရောင်ကိုယ်ဝါကြောင့် ဖြစ်ပေလိမ့်မည်။ ထိုသူ့မျက်နှာ အေးစက်သွားလျှင် ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသည့်နှယ် ခံစားရစေ၏။
check-in မှတ်တောင် ထုတ်ပေးနိုင်တယ်ဆိုတဲ့ ဖေ့ရွှမ်းက တကယ်ပဲ ဘယ်လိုလူမျိုးများလဲ။
လူအသွင်ဆောင်ထားတဲ့ နတ်ဆိုးတစ်ကောင်များလား ဒါမှမဟုတ် ဒီကမ္ဘာရဲ့ “ရွေးချယ်ခံရသူ” လား၊ မဟုတ်ရင်လည်း “ကံကြမ္မာရဲ့ သားတော်” များလား။
ကုချင်းယန်တစ်ယောက် ဆေးပုလင်းတွဲကို ထုတ်ကာ လက်ဖြင့် ဆော့ကစားနေရင်း ပြန်မချနိုင်ဖြစ်နေသည်။ ပုလင်းကို ငွေစစ်စစ်နှင့် ပြုလုပ်ထားပြီး ဒီဇိုင်းကလည်း လက်ရာမြောက်ကာ အတွင်းရှိ ဆေးဝါးများက ပိုလို့တောင် အသုံးဝင်သေးသည်။
သူ ဆော့လို့ဝသွားတော့ ဆေးပုလင်းကို စနစ်သိုလှောင်ခန်းထဲသို့ ပြန်ပစ်ထည့်လိုက်သည်။ ထို့နောက် တည်းခိုခန်းပိုင်ရှင်ထံ၌ အစားအစာ သွားတောင်းခဲ့သည်။
အတန်ကြာသော် သူသည် စွပ်ပြုတ်တစ်ပန်းကန်၊ ဘန်းမုန့်နှစ်လုံး၊ ဆားနယ်ထားသော အသီးအရွက် တစ်ပန်းကန်ကို သယ်လျက် အခန်းသို့ ဝင်သွားလိုက်သည်။
နည်းနည်း အေးစက်နေရုံပဲကို ဘာများကြောက်စရာ ရှိလို့လဲ။
ဤသည်မှာ အလိုအလျောက် check-in မှတ် ဖြစ်ပေသည်။ သို့ဖြစ်၍ ကုချင်းယန်သည် နောက်ကွယ်က အကြောင်းအရင်းကို သေချာပေါက် ရှာဖွေရန် ဆုံးဖြတ်ထားသည်။
သူ နွေးထွေးစွာ ပြုံးပြလိုက်ရင်း
“အခုလေးတင် ပြုတ်ထားတဲ့ ဆန်ပြုတ်ပူပူလေး၊ မြည်းကြည့်ပါဦး။”
ဖေ့ရွှမ်းက မတ်တတ်ရပ်ကာ သူ့အား ခန့်မှန်းရခက်သော မျက်နှာပေးဖြင့် ကြည့်နေလေသည်။
သူနိုးလာလျှင် ထိုကလေး သူ့အား ကြောက်လိမ့်မည်ဟု သူထင်ထားခဲ့သည်။
ဒါပေမယ့် ရေဆာနေလား၊ ဗိုက်ဆာနေလားလို့ မေးရဲလောက်အောင်ထိ သတ္တရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ဖေ့ရွှမ်း၏ ခံစားချက်များမှာ တစ်ခဏမျှ ရှုပ်ထွေးသွားရလျက်။
ကုချင်းယန်က အစားအစာကို ချထားပေးရင်း ဖော်ရွေစွာပင် နှုတ်ဆက်ခဲ့သည်။
“လာစားလေ။ ခင်ဗျားက တစ်ရက်နဲ့တစ်ညတောင် သတိမေ့နေခဲ့တာဆိုတော့ ဗိုက်ဆာနေမယ် ထင်တယ်။ ခန္ဓာကိုယ် နွေးသွားအောင်လို့ ဆန်ပြုတ်လေး အရင်သောက်လိုက်။”
ဖေ့ရွှမ်းလည်း လျှောက်သွားပြီး ထိုင်ချလိုက်သည်။
ရွာမှ ပြင်ဆင်ပေးထားသည့် အစားအစာက ရိုးရှင်းလှသည်။ ဆန်ပြုတ်ကလည်း ရေကျဲသော်ငြား အတန်အတင့်တော့ ပျစ်နေပေသည်။
“အား!”
အဆုံးတွင်မူ ကုချင်းယန်တစ်ယောက် တစ်ခုခု မှားနေကြောင်း သတိထားမိသွားခဲ့သည်။
သူ အိပ်ရာပေါ်ကို ကြည့်လိုက်တော့ ကြိုးတစ်ချောင်း ရှိနေလေသည်။
သူ့မျက်နှာက ရုတ်ခြည်း နီမြန်းလာ၏။ သူ ဤလူနှင့် ရင်းနှီးအောင်လုပ်ဖို့ စဉ်းစားနေရုံသာရှိသေး၊ သူသည် ထိုလူအား ကြိုတုပ်ထားခဲ့ကြောင်းကို ယခုမှသာ ပြန်သတိရ
လာသည်။
အဲ့ဒါကြောင့် ဖေ့ရွှမ်းရဲ့မျက်နှာက ဒီလောက် အေးစက်နေတာကိုး… အံ့ဩစရာမရှိတော့ပါဘူးလေ။
မေ့မြောနေရာမှ နိုးလာသူတစ်ယောက်က မိမိ၏လက် တုပ်နှောင်ခံထားရသည်ကိုတွေ့ပြီး တစ်စုံတစ်ယောက်ကလည်း သူ့ပေါ်မှ ခွထိုင်နေသည်ကို တွေ့လျှင် မည်သူမဆို ပျော်ရွှင်လိမ့်မည် မဟုတ်ပေ။
ကုချင်းယန် ရှက်ကိုးရှက်ကန်း ပြုံးကာ ရှင်းပြလိုက်သည်။
“ခင်ဗျားက လူဆိုးဖြစ်နေမှာကို စိုးရိမ်လို့လေ၊ အဲ့ဒါကြောင့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ကြိုးချည်ထားလိုက်တာပါ။”
နောက်ဆုံးတော့ ဖေ့ရွှမ်းက စကားပြောလာသည်။
“ငါက တကယ် လူဆိုးဖြစ်နေရင်ရော။”
“ဟမ်..”
ကုချင်းယန် ပြန်မတုံ့ပြန်နိုင်မီမှာပင် သူ့ခန္ဓာကိုယ်က ပတ်ချာလည်သွားရ၏။ ခုတင်ပေါ်ရှိ ကြိုးက သူ့ထံသို့ ရောက်ရှိလာပြီး မျက်တောင်တစ်ခတ် အတွင်းမှာတင် သူ့အား တင်းတင်းကျပ်ကျပ် တုတ်နှောင်လိုက်တော့သည်။
ဖေ့ရွှမ်း၏လှုပ်ရှားမှုများက အလင်းသဖွယ် မြန်ဆန်လှ၏။ ကုချင်းယန်တစ်ယောက် ဘာဖြစ်သွာရမှန်း မသိလိုက်ခင်မှာပင် တင်းကျပ်စွာ အချည်ခံလိုက်ရကာ လှုပ်ပင်မလှုပ်ရှားနိုင်တော့ချေ။
သူ အလိုအလျောက် အော်ငိုရန် ကြိုးစားလိုက်သော်ငြား ပါးစပ်ကို လက်ဖြင့် အုပ်ခံလိုက်ရသည်။
ဖေ့ရွှမ်းက သူ့ညာလက်နှင့် သူ့ပါးစပ်ကို အုပ်လိုက်သည်။ ဘယ်ဘက်လက်ဖြင့်မူ အစောက ချည်နှောင်ထားသည့် ကြိုးကို ဖြေလျှော့ပေးနေခဲ့သည်။ ထို့နောက် သူ ထိုကောင်လေးကို အသာအယာ တွန်းထုတ်လိုက်သည်။
“မင်းကိုယ်မင်း ကာကွယ်နိုင်စွမ်းမရှိရင် တွေ့ရာလူကို လျှောက်ကယ်မနေနဲ့။”
ကုချင်းယန်၏မျက်နှာမှာ မခံမရပ်နိုင်စိတ်ကြောင့် အပြာမှသည် အနီရောင်သို့ ပြောင်းလဲလာသည်။
သူဟာ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိသော လူကြီးတစ်ယောက်ဟု သတ်မှတ်ထားပါသော်ငြား ဖေ့ရွှမ်း လှုပ်ရှားလိုက်သည်နှင့် စဉ်းနှီတုံးပေါ်က အသားတုံး ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားခဲ့ပါမည်နည်း။
ကံကောင်းသည်မှာ ထိုလူက စနောက်နေရုံမျှသာ။
“ကျွန်တော့်ကို ပြန်ဖြေပေး။”
ကုချင်းယန် နှစ်ကြိမ်မျှ ကြိုးစားလိုက်သော်လည်း ကြိုးက အလွန် ခိုင်ခံ့နေသည်။
ဖေ့ရွှမ်း၏လက်ဖဝါးက ပူခြစ်နေသည်။ ထိုထူးဆန်းသော ခံစားချက်က သူ့အား မျက်မှောင်ကြုတ်မိသွားစေ၏။
ကုချင်းယန်၏ မျက်နှာပြင်တစ်ခုလုံး ရှက်ဒေါသကြောင့် နီရဲလာသည်ကိုမြင်သော် ဖေ့ရွှမ်းတစ်ယောက် သူ့ကိုယ်သူ လွန်သွားသလို ခံစားခဲ့ရသည်။ သူ ကြိုးထုံးကို ဖြေလျှော့ပေးပြီးသား ဖြစ်နေသည့်တိုင် ထိုကောင်လေးက ကြိုးကို မဖြေနိုင်သေး။
သူ့မှာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် ရှေ့သို့ တစ်လှမ်းလှမ်းကာ ကြိုးဖြေပေးရန် ကိုင်းညွှတ်လိုက်သည်။ ထိုစဉ်—
“ခွပ်..”
ကုချင်းယန်က ဤအခိုက်အတန့်ကို စောင့်နေခဲ့ခြင်းပင်။ သူ လက်ပြန်ထိုးချက်တစ်ချက် ပစ်လွှတ်လိုက်ရာ ထိုလူ၏ ညာဘက်ပါးပြင်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့သည်။
သူ နောက်တစ်ချက် ထပ်ထိုးချင်ခဲ့သော်ငြား ဖေ့ရွှမ်းက သူ၏လက်ကောက်ဝတ်ကို အလျင်အမြန် ဆုပ်ကိုင်လာသည်။
ကုချင်းယန် ရုန်းမထွက်နိုင်တော့သဖြင့် ခုန်လိုက်ကာ သူ့ခေါင်းထိပ်ဖြင့် ထိုလူ၏ မေးစေ့ကို ဆောင့်တိုက်လိုက်သည်။ ထိုစဉ် တခြားလက်ဖြင့် ထိုလူ၏ ဆံပင်များကို စောင့်ဆွဲရန် ပြင်လိုက်၏။
ထိုကောင်လေး၏ အကြံအစည်ကို ရိပ်မိသည့် ဖေ့ရွှမ်းက ခြေနှစ်လှမ်းခန့် ပြန်ဆုတ်လိုက်သည်။
“ရပ်တော့။”
ကုချင်းယန်က အောင်နိုင်သူတစ်ယောက်အလား သူ့လက်သီးကို မှုတ်လိုက်သည်။
“ဒါက ကျွန်တော့်ကို ကြိုးတုပ်ထားလို့။”
သူ၏ ညာဘက်ပါးပြင်မှ စပ်ဖျဉ်းဖျဉ်း ခံစားနေရသည်။ ဖေ့ရွှမ်းမှာ စိတ်တိုတိုဖြင့် အံကြိတ်လိုက်မိ၏။ သူသည် ထိုကလေးကို သူ့အကြောင်းသိသွားအောင် သင်ခန်းစာ ထပ်ပေးချင်နေသည်။
သို့ပေသော်ငြား မေးစေ့ကို ပင့်တင်လျက် တက်ကြွနေသည့် ကုချင်းယန်၏ပုံစံကိုမြင်သော် သူ၏ ဒေါသတချို့က ပျောက်ပြယ်သွားရသည်။
အရင်တိုက်ခိုက်မိခဲ့သည့် သူ့အမှား ဖြစ်သော်လည်း သူ၏ အေးစက်စက်နိုင်သော စရိုက်ကြောင့် ရှင်းပြချက် မပေးနိုင်ခဲ့ချေ။
“ဂွီ… ဂွီ”
ဖေ့ရွှမ်း၏ဗိုက်က အချိန်ကိုက်မြည်လာပြီး သူ့အား ဤအခြေအနေမှ ကယ်တင်ခဲ့သည်။
ကုချင်းယန်လည်း မျက်ခုံးပင့်လိုက်ပြီး အခြေအနေကို တိတ်တဆိတ် လက်ခံလိုက်သည်။
“အရင်စားလိုက်။”
သူ ဟန်ပါပါလေး ထိုင်ချလိုက်ပြီး မေးထောက်လျက် ဖေ့ရွှမ်း ထမင်းစားသည်ကို ကြည့်နေလိုက်သည်။
သူက ဗလုံးဗထွေး ဆက်ပြောနေခဲ့၏။
“ကျွန်တော်က ခင်ဗျားကို ကယ်ခဲ့တာနော်။ ဒါပေမယ့် ခင်ဗျားကတော့ ကျွန်တော့်ကို ကြိုးတုပ်ပြီး ကျေးဇူးပြန်ဆပ်လိုက်တယ်ပေါ့။ ဒါ ခင်ဗျားရဲ့ အမှားပဲ။ တစ်ချက်ပဲ ထိုးတာက သက်ညှာတာလို့ ပြောလို့ရသေးတယ်။ ကျွန်တော် ခင်ဗျားကို တကယ့်လူဆိုးတစ်ယောက်လို့ သတ်မှတ်ပြီး ဓားနဲ့ထိုးလိုက်ရင် အခုချိန်ဆို ခင်ဗျား ကြမ်းပြင်ပေါ် လဲနေလောက်ပြီ။”
ကုချင်းယန်မှာ သူ့ကိုယ်သူ အမွှန်းတင်ပြောနေခြင်း မဟုတ်ဟု ခံစားရသည်။
“ငရဲပြည်နန်းတော် လက်ဆောင်ထုပ်” မှ ရရှိထားသော ဓားမြှောင်က သူ၏ စနစ်သိုလှောင်ခန်းတွင် အသင့်ရှိနေပြီး အချိန်မရွေး ထုတ်သုံးနိုင်သည်။ ဖေ့ရွှမ်း၏ သိုင်းပညာက မည်မျှပင် ကောင်းနေပါစေဦးတော့၊ လေထုထဲမှ ဓားတစ်လက် ရုတ်တရက် ထွက်ပေါ်လာကာ အလစ်သုတ် တိုက်ခိုက်လာလိမ့်မည်ဟု သေချာပေါက် ထင်မှတ်ထားလိမ့်မည် မဟုတ်ပါချေ။
“ခင်ဗျားရဲ့မျက်နှာ အဆင်ပြေရဲ့လား။ ကျွန်တော် အားသိပ်မသုံးခဲ့ဘူးနော်။ ဟမ့်.. ကျွန်တော်က ခင်ဗျားလို လက်ကြမ်းတဲ့သူ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ လက်ကောက်ဝတ်ဆို နာနေတုန်းပဲ။”
ကုချင်းယန်က ရွေ့လျားနိုင်သော check-in မှတ်ကို မျက်စိကျနေသဖြင့် ဖေ့ရွှမ်းအပေါ် စိတ်ရှည်သည်းခံပေးနေခြင်းပင်။
“check-in မှတ်” က အစားအစာထဲ ခေါင်းစိုက်ထားပြီး သူ့ကို လျစ်လျူရှုထားသော်ငြား သူကတော့ စိတ်ရှည်ရှည်သာ စောင့်နေခဲ့သည်။
“ကျွန်တော့်နာမည်က ကုချင်းယန်။ ခင်ဗျားနာမည်ကရော။ ဘယ်မှာနေလဲ။ ဘာအလုပ်လုပ်လဲ။ ဘယ်ကနေ လာတာလဲ၊ ပြီးတော့ ဘယ်သွားမလို့လဲ။”
ဖေ့ရွှမ်းက စားပွဲပေါ်ရှိ အစားအစာ အားလုံးကို စားပစ်ပြီးမှသာ စကားပြောလာ၏။ အံ့ဩစရာအကောင်းဆုံးမှာ သူသည် မြန်မြန် စားနေသည့်တိုင် အသံတစ်ချက်မှ မထွက်စေဘဲ ယဉ်ကျေသိမ်မွေ့စွာနှင့် သပ်ရပ်စွာ စားခဲ့ခြင်းပင်။
“ဖေ့ရွှမ်း။”
ကုချင်းယန်မှာ မကျေနပ်သေး။
“ပြီးတော့ရော။”
သူ့နာမည် ဖေ့ရွှမ်းဖြစ်ကြောင်း check-in မလုပ်ခင်ကတည်းက သိပြီးသားလေ—နာမည်က အဲ့မှာတင် ရှိနေတာကို။
ဖေ့ရွှမ်းက သူ့ကိုကြည့်လာသည်။
“မင်းရော ဘယ်သွားမလို့လဲ။”
“ကျွန်တော် အရင်မေးတာလေ။”
ကုချင်းယန်က မကျေမနပ်ဖြစ်စွာ ပြောလိုက်သည်။
တစ်ခဏမျှ အကြည့်ချင်း ပြိုင်ကြည့်ပြီးနောက် ကုချင်းယန်ဘက်က လက်နက်ချလိုက်သည်။ ဘာပဲဖြစ်ဖြစ် တခြားသူ၏ “ခန္ဓာကိုယ်” (အမှတ်အတွက်) ကို အငမ်းမရ လိုချင်နေသူမှာ သူသာဖြစ်သည်လေ။
“ကျွန်တော် လင်ချွမ်းခရိုင်ကို သွားမလို့။ ခင်ဗျား လင်ချွမ်းခရိုင်ကိုသိလား။ ဒီကနေဆို လေးရက်လောက် လျှောက်ရဦးမှာ။ အဲ့ဒီကိုသွားတာ ကျွန်တော့်ရဲ့ ပထမဆုံးအကြိမ်ပဲ။”
ကုချင်းယန် ထိုသူ့ကို ကြည့်လိုက်သည်။
“အခု ခင်ဗျားအလှည့်ပဲ။ ခင်ဗျား ဘယ်သွားမလို့လဲ။”
“လင်ချွမ်းခရိုင်ကိုပဲ။”
ဖေ့ရွှမ်းက အံ့ဩနေဟန်ဖြင့် မျက်ခုံးပင့်လိုက်သည်။
ကုချင်းယန်မှာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားပြီး စားပွဲကိုရိုက်ကာ အော်ပြောလိုက်သည်။
“ရေစက်ပဲ။ ဘုရားကပေးတဲ့ ရေစက်ပဲ။ ကျွန်တော်တို့ သွားမယ့်လမ်းကြောင်း တူနေတယ်ရော။ ကျွန်တော်တို့အတူတူ အဖော်ပြုရင်း သွားလို့ရပြီပေါ့။”
“ဘာရေစက်လဲ။”
နို့ထိန်းအမေလျှို့က အခန်းထဲသို့ ဝင်လာရင်း စူးစမ်းဟန်ဖြင့် မေးလာသည်။
ဖေ့ရွှမ်းက စားပွဲတွင် ထိုင်နေသည်ကိုမြင်သော် သူ(မ) သက်ပြင်းချလိုက်မိသည်။
“မောင်ရင် နောက်ဆုံးတော့ နိုးလာပြီပဲ။ နိုးပြီဆိုမှတော့ ထွက်သွားသင့်ပြီ။ ငါတို့ ယန်အာရဲ့ ကြင်နာတတ်တဲ့ နှလုံးသားကြောင့်သာ မောင်ရင် အသက်ရှင်ခဲ့တာ။ နောက်နောင် အပြင်ထွက်ရင် သတိထားဦး။”
မနေ့ကတော့ ကုချင်းယန်လည်း ဤအတိုင်းသာ တွေးခဲ့သည်။
သို့ပေသည့် ယနေ့မူ အခြေအနေက ကွဲပြားနေ၏။
လူသား check-in မှတ်ကို ပြန်အသုံးပြုလို့ ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။
သူ နို့ထိန်းအမေလျှို့ကို မျက်စိတစ်ဖက် မြန်မြန် မှိတ်ပြလိုက်သည်။
ကံမကောင်းစွာဖြင့် နို့ထိန်းအမေလျှို့မှာ သခင်လေး၏ ရည်ရွယ်ချက်ကို လုံးလုံး နားမလည်နေ။ သူ(မ)က စိုးရိမ်တကြီး မေးလာရှာသည်။
“ယန်အာ…သားမျက်လုံး ဘာဖြစ်တာလဲ။ သဲဝင်သွားလို့လား။ ဒီကိုလာခဲ့ အမေ မှုတ်ပေးမယ်။”
ဖေ့ရွှမ်းအနေနှင့် သူတို့၏ ပြဇာတ်အသေးလေးကို နားမလည်ဘဲ မနေပါချေ။ သူ၏စိတ်ထဲ၌ ရယ်ချင်နေသော်လည်း မျက်နှာတွင်မူ မဖော်ပြခဲ့ပေ။
ကုချင်းယန် ချောင်းဟန့်လိုက်သည်။
“အမေ… ဖေ့ရွှမ်းကလည်း လင်ချွမ်းခရိုင်ကို သွားမှာတဲ့။ အဲ့ဒီဘက်မှာ ကျွန်တော်တို့ နှစ်ယောက်လုံး လူစိမ်းတွေ ဖြစ်နေတာဆိုတော့ အဖော်ပြုပေးမယ့်သူရှိရင် ပိုလုံခြုံတာပေါ့။”
“သူက လူကောင်းတစ်ယောက်ပါ။”
ကုချင်းယန်က မလျှော့တမ်း ပြောလိုက်သည်။
စနစ်က သူ့ကို အန္တာရာယ်ပေးမှာ မဟုတ်ဘူး၊ သူသေသွားရင် နွားခေါင်းနဲ့ မြင်းမျက်နှာလည်း ဒုက္ခရောက်လိမ့်မယ်။
နို့ထိန်းအမေလျှို့မှာ ကူကယ်ရာမဲ့နေလျက်။
“သူ လူကောင်းဟုတ်မဟုတ်ကို သား ဘယ်လိုသိတာလဲ။ ဒီကမ္ဘာကြီးမှာ အပြင်ပန်းကို သိနိုင်ပေမယ့် စိတ်ရင်းကိုတော့ သိနိုင်တာမဟုတ်ဘူး။”
“ကြည့်လေ… သူက ဘယ်လောက်တောင် ခံ့ညားလိုက်လဲ။ လူတစ်ယောက်ရဲ့မျက်နှာက သူ့စိတ်ရင်းကို ပြတယ်တဲ့။ ဒီလောက်ကြည့်ကောင်းတဲ့ လူတစ်ယောက်က လူဆိုးမဖြစ်နိုင်ပါဘူး။”
ကုချင်းယန်က လျှောက်ပြောနေခဲ့သည်။
ဤမျှ တဲ့တိုးဆန်သော ချီးမွမ်းစကားများကြောင့် ဖေ့ရွှမ်းပင် ကသိကအောက် ဖြစ်သွားရသည်။ သူ၏ ပါးပြင်နှင့် လက်ဖဝါးပင် ပူနွေးလာခဲ့၏။
နို့ထိန်းအမေလျှို့မှာ မျက်မှောင်ကို ပို၍ ကြုတ်မိသွားရသည်။ သခင်လေးက ငွေကို အလွန်အကြူး သုံးနေရုံတင်မကဘဲ လူကိုပါ ရုပ်ရည်ကိုကြည့်၍ ဆုံးဖြတ်နေသလို ခံစားရသည်။
ဒါက မကောင်းဘူး။
သူ(မ) သူ့ကို ဆူပူတော့မည့်အချိန်တွင် ဖေ့ရွှမ်းက မတ်တတ်ထကာ လျှောက်လာသည်။
နို့ထိန်းအမေလျှို့လည်း သတိထားကာ သူ(မ)၏ ပါးစပ်ကို ပိတ်ထားလိုက်သည်။ ဖေ့ရွှမ်းက သာမန်လူတစ်ယောက် မဟုတ်ဟု သူ(မ) အမြဲ ခံစားခဲ့ရသည်။
ဖေ့ရွှမ်းက ပြောလာသည်။
“ချင်းကျိုးကနေ လင်ချွမ်းကို သွားတဲ့လမ်းမှာ တောင်ဓားပြတွေ ခဏခဏ ထွက်လာလေ့ရှိတယ်။”
“တောင်ဓားပြလား။”
ဤတစ်ကြိမ်တွင် နို့ထိန်းအမေလျှို့က ကြောက်လန့်သွား၏။
သူ(မ)သည် ချင်းကျိုးစီရင်စု၌သာ တစ်သက်လုံး နေထိုင်လာခဲ့သဖြင့် အပြင်လောကတွင် တောင်ဓားပြများ ရှိလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။
ကုချင်းယန်လည် ထိတ်လန့်သွားမိသည်။ အေးချမ်းသာယာပြီး ချမ်းသာကြွယ်ဝသော ဤခေတ်ကာလ၌ ဓားပြများ ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အားနည်းပြီး ကျန်းမာရေးမကောင်းတဲ့ ကောင်လေးနဲ့၊ ပြင်းထန်တဲ့ဒဏ်ရာကနေ ပြန်သက်သာလာခါစ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ဘယ်လိုလုပ် ဓားပြတွေကို ယှဉ်နိုင်မှာလဲ။
ဖေ့ရွှမ်းက သူတို့၏တုံ့ပြန်မှုကို ကြည့်လိုက်သည်။
“အသက်ကယ်တင်ပေးတဲ့ ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ ကျွန်တော် ခင်ဗျားတို့နှစ်ယောက်လုံးကို ကာကွယ်ပေးမှာပါ။”
ကုချင်းယန် စိတ်ထဲမှ တွေးလိုက်မိသည်။
နောက်ဆုံးတော့ “အသက်ကယ်ပေးတဲ့ ကျေးဇူးကြွေး” ဆိုတဲ့ တံဆိပ်တုံးကို သူရခဲ့ပြီ။ အဲ့ကျေးဇူးကို ဒီတိုင်းပဲတော့ ပြန်ဆပ်ခွင့် မပေးနိုင်ဘူး။ ငါနေ့တိုင်း check in လုပ်ရမယ်။
သို့ပေသည့် နို့ထိန်းအမေလျှို့ကတော့ သူ့ကို မယုံကြည်ပေ။ သူ(မ)က ကုချင်းယန်ကို ဆွဲကာ ပြောသည်။
“အမေ အပြင်သွားပြီး ဒီနားတစ်ဝိုက်မှာ နည်းနည်းလောက် မေးကြည့်လိုက်ဦးမယ်။ မှန်ရင်တော့ အမေတို့ ဖြည်းဖြည်းချင်း သွားကြတာပေါ့။ လုံခြုံရေးဌာနက အစောင့်အကြပ်တွေနဲ့ သွားတာကတော့ အကောင်းဆုံးပဲ။ ပိုစိတ်ချရတာပေါ့။”
ကုချင်းယန်လည်း ၎င်းကို အကြံကောင်းဟု ထင်သည်။ ထို့ကြောင့် သူ ပြောလိုက်သည်။
“ဒီလိုမှန်းသိခဲ့ရင် ချင်းကျိုးစီရင်စုကနေ လူငှါးလာခဲ့ပါတယ်။”
သို့ရာတွင် သူတို့ခမျာ အလောတကြီး ထွက်လာခဲ့ကြရ၏။ သူတို့ထံ၌ လှည်းငှါးဖို့ပင် အချိန်မရှိခဲ့၊ လူငှါးဖို့ရန်ဆို ဝေးစွ။
ကံကောင်းစွာဖြင့် အခုတော့ လှည်းတစ်စီး ရှိနေလေပြီ။
ထိုအကြောင်းကို တွေးမိတော့ ကုချင်းယန်တစ်ယောက် ဖေ့ရွှမ်းကို ဝေ့ကြည့်လိုက်မိသည်။
ဖေ့ရွှမ်းက မျက်ခုံးများကို ကုပ်ထားလျက်ရှိ၏။ ထိုနှစ်ယောက်က သူ့စကားကို ပေါ့တန်တန်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပါချေ။
သူ ထပ်ပြောမည်လုပ်ရန်ရှိသေး ကုချင်းယန်က သူ့ကို မော့ကြည့်လာသည်ကို မြင်လိုက်ရ၏။ ထိုလူငယ်လေးက တောက်ပကြည်လင်ပြီး လူတစ်ယောက်၏ နှလုံးသားအား အလိုလို နူးညံ့သွားစေနိုင်သည့် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည်။
“အစ်ကိုဖေ့ရွှမ်း…မစိုးရိမ်ပါနဲ့။ ကျွန်တော် အစောင့်အကြပ်တွေ ငှါးလိုက်ပါ့မယ်။ အဲ့အချိန်ကျရင် ခင်ဗျားလည်း ကျွန်တော်တို့နဲ့ လိုက်လို့ရတယ်လေ။ ပိုလုံခြုံတာပေါ့။”
သူတို့၏အကြည့်ချင်း ဆုံသွားတော့ ကုချင်းယန်က နွေးထွေးစွာပင် ပြုံးပြလာသည်။
ဖေ့ရွှမ်းမှာ မျက်မှောင်ကို ပိုကြုတ်လိုက်မိသည်။
နို့ထိန်းအမေလျှို့ကလည်း ပျော်မနေချေ။ သူ(မ)စိတ်ထဲ တွေးလိုက်မိသည်။
ဒီလူငယ်လေး သတိရလာပြီပဲကို ဘာလို့ ဒီလောက်တောင် ပါးနပ်မှုမရှိဘဲ သူတို့နောက်ကို ဇွတ်လိုက်ချင်နေရတာလဲ။
ကုချင်းယန်မှာ အရာရာကို ကြိုတင်အစီစဉ်ချထားခဲ့သည်။ သို့သော် သူ အနီးတစ်ဝိုက်မှာ လိုက်မေးကြည့်လိုက်တော့ ချန်ရှီးရွာရှိ လူများက “အစောင့်အကြပ်” အကြောင်း ကြားသည်နှင့် ခေါင်းကိုသာ ခါယမ်းကြတော့သည်။
“ကျွန်တော်တို့က လယ်သမားတွေပါ။ လူတွေကို တည်းခိုခွင့်ပေးတာတော့ ရပေမယ့် အစောင့်အရှောက် အလုပ်မျိုးတော့ မလုပ်တတ်ကြပါဘူး။”
“မင်းတို့ အလျင်လိုမနေရင် နည်းနည်းလောက် ထပ်စောင့်ကြပါလား။ အစောင့်အကြပ်အဖွဲ့တွေက ရက်ပိုင်းခြား တစ်ခါလောက် ချန်ရှီးရွာကနေ ဖြတ်သွားကြတယ်။ လမ်းခရီးတူတဲ့ အဖွဲ့နဲ့တွေ့ရင်တော့ ငွေပြားနည်းနည်းပေးပြီး အတူသွားလို့ရတယ်။”
ကုချင်းယန် မျက်မှောင်ကြုတ်လိုက်သည်။
အစောင့်အကြပ်ကို ရှာဖွေရသည်က လွယ်ကူသော်လည်း လမ်းခရီးတူမည့် အဖွဲ့ကို ရှာရန်က ခက်ခဲလှသည်။ လင်ချွမ်းခရိုင်က ဝေးလံခေါင်သီသော နေရာတွင်ရှိကာ ထိုနေရာ၌လည်း အစောင့်ကြပ်များ သိပ်မရှိချေ။
သူ မမေးဘဲ မနေနိုင်ခဲ့။
“အဲ့မှာ ဓားပြတွေ တကယ်ရှိတာလားဗျ။”
“ရှိတယ်လို့တော့ ကြားတာပဲ။ ဒါပေမယ့် ဒုက္ခရောက်ဖူးတဲ့သူ ရှိတယ်လို့တော့ မကြားဖူးဘူး။”
ချန်ရှီးရွာသားများက သာမန်ကာလျှံမျှသာ ပြန်ဖြေလာသည်။ လူတိုင်းနီးပါးက တစ်ခါမှ ခရီးမသွားဖူးပေ။ သူတို့သည် ဖြတ်သန်းသွားလာကြသော ခရီးသည်များ၏ အတင်းပြောသံကိုသာ ကြားဖူးကြခြင်းပင်။
ကုချင်းယန်မှာ ပို၍ စိတ်အေးသွားရသည်။
“ကျွန်တော်တို့ နှစ်ရက်သုံးရက်လောက် ထပ်နေကြမလား။ ပထမအချက်အနေနဲ့ အမေရဲ့ ကျန်းမာရေးအခြေအနေ ပိုကောင်းလာအောင်ပေါ့။ ဒုတိယအနေနဲ့ ရုံးတော်အစောင့်အကြပ်ကို စောင့်လို့ရတာပေါ့။ လမ်းခရီးတူတဲ့သူရှိရင် ပိုလုံခြုံမှာပဲလေ။”
ကုချင်းယန် အကြံပေးလိုက်သည်။
နို့ထိန်းအမေလျှို့က တည်းခိုခအတွက် ပိုက်ဆံထပ်မဖြုန်းချင်သော်လည်း ကြောက်စရာကောင်းသည့် ဓားပြများအကြောင်းကို တွေးကာ သဘောတူလိုက်သည်။
ကုချင်းယန်က သူ့အား စိတ်ပါလက်ပါ ဖိတ်ခေါ်လိုက်သည်။
“အစ်ကိုကြီးဖေ့ရွှမ်း၊ ခင်ဗျားလည်း အခုမှနိုးလာတာလေ။ ပြီးတော့ ခန္ဓာကိုယ်ကလည်း မသက်သာသေးဘူး။ အနားယူဖို့အတွက် တစ်ရက်နှစ်ရက်လောက် ထပ်နေလိုက်ပါလား။”
ဖေ့ရွှမ်း သဘောမတူမည်ကို စိုးရိမ်သဖြင့် သူ ထပ်ပြောလိုက်သည်။
“ခင်ဗျားက ရုတ်တရက် လဲကျသွားပြီးတော့ အကြာကြီး အိပ်နေခဲ့တာလေ။ လမ်းခရီးမှာ ထပ်မေ့လဲရင် ဘယ်လိုလုပ်မလဲ။ အတူတူသွားရင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးလို့ရတာပေါ့။”
ကောင်လေး၏ မျက်ဝန်းထဲရှိ ရိုးသားမှုနှင့် မလိုလားအပ်မှုတို့ မရှိသည်ကိုမြင်သော် စောနကတင် သူတို့ လက်သီးချင်း ယှဉ်ခဲ့ကြသည်ကို သတိရမိသွားရသည်။ ထို့ကြောင့် ဤကောင်လေးက အာဃာတ ထားတတ်သူမဟုတ်ကြောင်း ဖေ့ရွှမ်း သတိပြုမိသွား၏။
သူလည်း သူ့လူများကို စောင့်ရဦးမည်ဖြစ်သဖြင့် သဘောတူလိုက်သည်။
“ကောင်းပြီလေ။”
သူ့မှာ အသက်ကယ်ပေးခဲ့သည့် ကျေးဇူးကြွေး ရှိနေသေးသဖြင့် ပြန်ပေးဆပ်ရမည်က သဘာဝကျသည်။ ထို့ပြင် ထိုကောင်လေးက တခြားသူများအပေါ် သိပ်ပြီးသတိထားမှု မရှိသည့်အချက်က သူ့ကို စိတ်မအေးဖြစ်စေသည်။
ကုချင်းယန်မှာ စိတ်ထဲမှနေ၍ အလွန် ဝမ်းသာနေမိသည်။
အဆင်ပြေသွားပြီ။ check-in မှတ်က သူနဲ့အတူ လိုက်လာမှာဆိုတော့ လမ်းခရီးမှာ သိပ်ပြီး စိုးရိမ်စရာ မလိုတော့ဘူး။
နို့ထိန်းအမေလျှို့ကတော့ နှုတ်ခမ်းကို ရှုံ့မဲ့ပစ်လိုက်သည်။
ဟမ့်.. တကယ်ကို အရေထူတာပဲ။ သူတကယ်ကြီး သဘောတူလိုက်တယ်ပေါ့။
***
Aurora Novel Translation Team