no

Font
Theme

အပိုင်း (၆)

[စနစ်: သင် ဖေ့ရွှမ်းအပေါ်ကို sign in ဝင်လိုက်ပါပြီ။ နွားလှည်းတစ်စီး ရရှိပါပြီ။]

ကုချင်းယန် မျက်တောင်ခတ်လိုက်သည်။ သူအကြာကြီး တောင့်တနေခဲ့ရသည့် နွားလှည်းက သူ့လက်ထဲသို့ ရောက်ရှိလို့လာလေပြီ။ သူ စနစ်ကို စစ်ဆေးကြည့်လိုက်သည်။ ၎င်းက ပစ္စည်းအသုံးအဆောင် အစုံအလင်ပါရှိသော လှည်းတစ်စီးဖြစ်ကာ လိုအပ်သမျှအားလုံးကိုပါ တစ်ခါတည်း ထည့်ပေးထားလေသည်။

သူ၏အကြည့်တို့က ဖေ့ရွှမ်းထံသို့ ပြန်ရောက်သွားသည်။ ယခုမူ သူ့မျက်နှာပေးက ကြင်နာရိပ်များဖြင့် ပြည့်နေလျက်။ သူ့အကြည့်တို့က ရွှေရောင်များဖြင့် တောက်ပနေသည့် ဘုရားလောင်းကို ကြည့်နေသည့်အလား။

ဒီလူက လူကောင်းတစ်ယောက်ပဲ!

ကုချင်းယန်မှာ ထပ်ပြီး တုံ့ဆိုင်းမနေတော့ဘဲ လက်လှမ်းကာ ဖေ့ရွှမ်းကို မ'လိုက်သည်။ သို့ပေသည့် အနှီလူကတော့ လှုပ်သည်ဆိုရုံမျှသာ လှုပ်လာ၏။ သူဟာ နို့ထိန်းအမေလျှို့ကိုပင် မ'နိုင်သူမဟုတ်၊ အရပ်ရှည်ရှည်နှင့် သန်မာသူကို ချီနိုင်ရန်ဆို ဝေးစွ။ ထိုသူ့အား မ'မည့်အတွေးကို စွန့်လွှတ်လိုက်ပြီး ကုချင်းယန်တစ်ယောက် ထိုလူ၏ ခြေထောက်နှစ်ချောင်းကို ဆွဲကာ ကုန်းစောင်းပေါ်သို့ တရွတ်တိုက် ဆွဲခေါ်သွားလိုက်သည်။

“ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။ ခင်ဗျားကိုက လေးလွန်းနေတာ။ ဘာလို့ အရမ်းလေးနေရတာလဲ။ တောဝက်ကျနေတာပဲ။”

“တောဝက်” ဖေ့ရွှမ်းကတော့ သတိမေ့နေဆဲ။ အနှီလူ၏ မျက်ခုံးများက စိတ်အနှောင့်အယှက် ဖြစ်နေသည့်အလား ပို၍ တွန့်ချိုးသွားသည်။

သူ၏ ခွန်အားများအားလုံးကို အသုံးပြု၍ ကုချင်းယန်ခမျာ ထိုသူ့အား မြေပြန့်ပေါ်သို့ ဆွဲတင်နိုင်ခဲ့သည်။ ထို့နောက် ချွေးများ တဒီးဒီးကျလျက် ထိုလူ၏ဘေးတွင် ထိုင်ချလိုက်ပြီး အသက်လုရှူနေမိ၏။

“သတိရပါဦး… သတိရပါဦး။”

သူသည် ထိုလူ၏ နှုတ်ခမ်းမွေးနှင့် နှာခေါင်းကို ဆိတ်ကြည့်လိုက်၏။ သို့ပေသော်ငြား တုံ့ပြန်မှုမရှိ။ သို့ဖြစ်၍ ထိုသူ့အား နှိုးမည့်အတွေးကို စွန့်ပစ်လိုက်ရသည်။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် ကုချင်းယန်မှာ ဂျင်ဆင်းအားဆေးလုံးကို ထုတ်ကာ ထိုအမျိုးသား၏ ပါးစပ်ထဲသို့ သွပ်ထည့်ပေးလိုက်သည်။ အနည်းဆုံးတော့ ၎င်းကို ဂျင်ဆင်းဖြင့် ဖော်စပ်ထားသောကြောင့် အသက်မသေအောင် ဆက်ထိန်းထားပေးနိုင်သည်လေ။

ထို့နောက် သူ နွားလှည်းကို ထုတ်လိုက်သည်။ သန်မာထွားကြိုင်းသည့် နွားနက်ကြီးတစ်ကောင်က ခေါင်းကိုစောင်းလျက် သူ့လက်ဖဝါးကို ချစ်မြတ်နိုးစွာ လာလျက်၏။

သက်ရှိနွားတစ်ကောင်!

ကုချင်းယန်မှာ အံ့အားသင့်သွားရလျက်။ sign-in စနစ်က သက်ရှိသတ္တဝါများကိုပင် ဖန်တီးပေးနိုင်သည်။ ကြိုးစားအားထုတ်ကာ ဖေ့ရွှမ်းကို လှည်းပေါ်သို့ ဆွဲတင်ပြီးနောက် ကုချင်းယန်က အရှေ့ဘက်မှာ ထိုင်လိုက်သည်။

“သွားတော့…”

သူ အော်လိုက်စ။ ထို့နောက် ချက်ချင်းဆိုသလို မသက်မသာ ဖြစ်သွားရသည်။ လီမိသားစုမှ ပျိုးထောင်ပေးထားသော သခင်လေးတစ်ဦးအနေဖြင့် နွားလှည်းကို မည်သို့မောင်းရမှန်း သူ မသိချေ။

သူ ရှက်ရှက်နှင့် ပါးပြင်ကို ကုတ်ခြစ်နေစဉ် နွားနက်ကြီးက စတင် လှုပ်ရှားလာကာ အရှေ့ဘက်သို့ တည်ငြိမ်စွာပင် လျှောက်သွားတော့သည်။ သူညွှန်ပြသည့်နေရာတိုင်းကို နွားကြီးက သွားသည်။ နွားကြီးမှာ လူစကားကို တကယ် နားလည်နိုင်သည့်အလား ခွေးတစ်ကောင်ထက်တောင် ပို၍ လိမ္မာနေ၏။ စနစ်မှ ထုတ်လုပ်ပေးထားသည့် နွားကြီးက သာမန်နွားများထက် အဆပေါင်းများစွာ ပိုသာလွန်ကြောင်း ကုချင်းယန် တွေးလိုက်မိသည်။

~~~

နို့ထိန်းအမေလျှို့ခမျာ စိုးရိမ်စိတ်ကြောင့် ဗျာများနေလေပြီ။

“အမေ… ကျွန်တော် ပြန်လာပြီ။”

ကုချင်းယန်က နွားလှည်းရှေ့တွင် ထိုင်ကာ လက်ယမ်းပြလိုက်သည်။

နို့ထိန်းအမေလျှို့မှာ မယုံနိုင်ဟန်ဖြင့် သူ(မ)၏မျက်စိကို ပွတ်သပ်နေမိသည်။

“သား နွားလှည်း ဝယ်လာတာလား။”

“ဟုတ်တယ်… ကျွန်တော် ကံကောင်းသွားတာ။”

၎င်းက မှန်ကန်ကြောင်း ကုချင်းယန် တွေးလိုက်သည်။ မည်သူမျှမရှိသော တောနက်အလယ်တွင် လူတစ်ယောက်နှင့် ဆုံခဲ့ရပြီး sign in လုပ်လိုက်ရုံဖြင့် နွားလှည်းတစ်စီး ရခဲ့ခြင်းက ကံကောင်းခြင်း၏ ဖွင့်ဆိုချက် မဟုတ်လော။

“မြန်မြန်တက်လာခဲ့လေ။ လှည်းစီးရအောင်။”

သူ ဖိတ်ခေါ်လိုက်သည်။

နို့ထိန်းအမေလျှို့က ထိုအခါမှသာ အနောက်ဘက်ရှိ လူကို သတိထားမိသွား၏။ သူ(မ)ခမျာ ထခုန်မိသွားရသည်။

“သူက ဘယ်သူလဲ။”

နို့ထိန်းအမေလျှို့က မျက်မှောင်ကြုတ်လိုက်သည်။

“သူလမ်းဘေးမှာ သတိလစ်နေတာ တွေ့လို့။ ဒီတိုင်း သေအောင် ပစ်မထားခဲ့ရက်တာနဲ့ ခေါ်လာလိုက်တာ။”

“ယန်အာ… သားက ကြင်နာတတ်တဲ့သူမှန်း အမေသိပါတယ်။ ဒါပေမယ့် ဒီလူက ဘယ်ကမှန်းလဲမသိရ၊ ပြီးတော့ တစ်ကိုယ်လုံး အနက်ပဲဝတ်ထားသေးတယ်။ မကောင်းတဲ့လူ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။”

အနှီလူက မကောင်းသည့်သူ ဟုတ်မဟုတ်ကို ကုချင်းယန် မသိပေ။ သို့သော် တစ်ခုခု ထူးခြားသည်ကိုမူ သေချာ၏။ သူက sign-in မှတ်လေ။

ထိုလူပေးသည့် နွားလှည်း “လက်ဆောင်” ကို လက်ခံထားပြီးပြီမို့ ထိုသူ့အား ဤအတိုင်း ပုတ်သွားအောင် ပစ်မထားခဲ့နိုင်ပါချေ။

“သူက သတိလစ်နေတော့ ကျွန်တော်တို့ကို နာကျင်အောင် မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့ မြို့တစ်မြို့ကိုရောက်ရင် ချထားခဲ့လိုက်မယ်။”

ကုချင်းယန်က ထိုလူ၏ ခန္ဓာကိုယ်ကို လက်ဖြင့် စမ်းရှာကြည့်လိုက်သည်။

“လက်နက်မရှိဘူး၊ ပိုက်ဆံမရှိဘူး၊ ခရီးသွားလာခွင့် လက်မှတ်လည်း မရှိဘူး။ ကြည့်ရတာတော့ ဓားပြတိုက်ခံရတာထင်တယ်။”

သူသည် မပြောမဆိုနှင့် ဖေ့ရွှမ်း၏ခါးပတ်ကို ဖြုတ်လိုက်ပြီး ထိုသူ၏လက်နှစ်ဖက်ကို တင်းတင်းလေး တုတ်နှောင်လိုက်သည်။

“ကဲ… သူနိုးလာလို့ လူဆိုးဖြစ်နေရင်တောင် ကျွန်တော်တို့ကို ရန်မူနိုင်မှာ မဟုတ်တော့ဘူး။”

သို့နှင့် နို့ထိန်းအမေလျှို့က အင်တင်တင်ဖြင့် လက်ခံလိုက်သည်။

လမ်းခရီးတစ်လျှောက်၌ ကုချင်းယန်က ကျေးရွာများတွင် Sign-in ဝင်ခဲ့ရာ ကောက်ပဲသီးနှံ ၁၀၀ ပိဿာ၊ ဆီးသီးခြောက် ၅၀ ပိဿာနှင့် ကန်စွန်းဥ ၃၀၀ ပိဿာတို့ကို ရရှိခဲ့သည်။ ရွာများက အစားအစာများကိုသာ ပေးလေ့ရှိသည်ကို သူ သတိပြုမိသွား၏။ သို့ဖြစ်၍ သုံးကြိမ်မြောက် ကြိုးစားကြည့်ပြီးနောက် သူ့အမှတ်တွေကို လျှောက်မဖြုန်းပစ်တော့ချေ။

မှောင်ရီစပျိုးလာတော့ ချန်ရှီးရွာကို ရောက်သွားခဲ့သည်။ အုတ်အိမ်များဖြင့် ပြည့်နှက်နေကာ ချမ်းသာကြွယ်ဝကြမည့်ဟန်။

သူတို့ တစ်ညတာခိုနားဖို့ ဆုံးဖြတ်လိုက်သည်။

ကုချင်းယန်ခမျာ သူ့ကိုယ်သူ အလွန် ကျန်းမာသန်စွမ်းနေသည့်နှယ် ခံစားနေရသည်။ ပုံမှန်ဆိုလျှင် ယခင်ရက်များက ကြုံတွေ့ခဲ့ရသော စိတ်ဖိစီးမှုကြောင့် သူ့အနေနှင့် ဖျားနာပြီး အိပ်ရာထဲလဲနေမည် ဖြစ်သော်ငြား ယခုမူ တက်ကြွလန်းဆန်းနေဆဲ။

၎င်းမှာ ဂျင်ဆင်းအာနိသင်ကြောင့် ဖြစ်မည်ဟု တွေးလိုက်မိသည်။

ထိုည၌ ကုချင်းယန်က သတိမေ့နေဆဲဖြစ်သည့် ဖေ့ရွှမ်းနှင့် တစ်ခန်းတည်းတွင် အတူတူ နေထိုင်ခဲ့သည်။ သူ ထိုလူ၏ ပါးစပ်ထဲသို့ ဆေးနောက်တစ်လုံး ထပ်သွပ်ထည့်ပေးလိုက်၏။ ထို့နောက် သွေးလည်ပတ်မှု ကောင်းစေဖို့အတွက် ကြိုးကို နည်းနည်း ချောင်စေလိုက်သည်။

“ခင်ဗျား မြန်မြန်နိုးလာတာ ပိုကောင်းလိမ့်မယ်။ ကျွန်တော် ခင်ဗျားကို တစ်သက်လုံး စောင့်ရှောက်မထားနိုင်ဘူးနော်။”

ထို့နောက် ကုချင်းယန်တစ်ယောက် ခုတင်၏ တစ်ဖက်ခြမ်းကို လှိမ့်သွားကာ အိပ်ပျော်သွားခဲ့သည်။

ခဏအကြာတွင် ဖေ့ရွှမ်း၏ မျက်လုံးများက အမှောင်ထုများကြား ရုတ်ခြည်း ပွင့်လာလေသည်။

သူ၏ပထမဆုံး တုံ့ပြန်မှုမှာ အလိုအလျောက် တိုက်ခိုက်ခြင်းပင်။ သို့ပေသည့် သူ၏လက်က ထိုကောင်လေး၏ လည်ပင်းနားသို့ မရောက်နိုင်မီ ရပ်တန့်သွားရသည်။

ဒီကောင်လေးက သူ့ကို ကယ်တင်ခဲ့တာပဲ။ ပေါ့ဆစွာ အိပ်ပျော်နေသည့် ငယ်ရွယ်နုပျိုပြီး ခံ့ညားသော ၁၆ နှစ်အရွယ်ကောင်လေးကို သူ ကြည့်လိုက်သည်။

ဖေ့ရွှမ်း မျက်မှောင်ကြုတ်လိုက်မိ၏။

သတိမဲ့လိုက်တာ။

သူ ကြိုးကို တိတ်တဆိတ် ဖြည်လိုက်ပြီး ရွာအခြေအနေကို စုံစမ်းရန်အတွက် အပြင်သို့ ထွက်သွားခဲ့ကာ ကောင်းကင်ထက်သို့ အချက်ပြမီးကို လွှတ်တင်လိုက်သည်။ ထို့နောက် အခန်းထဲသို့ ပြန်သွားကာ လဲလျောင်းလိုက်ပြီး ကြိုးကို သူ့လက်ကောက်ဝတ်နား ခပ်လျော့လျော့လေး ပြန်ချည်ထားလိုက်တော့သည်။ အကယ်၍ ကုချင်းယန်သာ နိုးနေခဲ့ပါက သူ “ရှာဖွေ” ခဲ့သည့် အမျိုးသား၏ ခန္ဓာကိုယ်ထဲတွင် မီးရှူးမီးပန်း ဝှက်နိုင်ခဲ့ခြင်းကြောင်း အံ့အားသင့်သွားပေလိမ့်မည်။

နောက်နေ့မနက်တွင် ကုချင်းယန်တစ်ယောက် စိတ်ကြည်လင်စွာ နိုးထလာခဲ့သည်။ သူအကြောဆန့်လိုက်သော် ဘေးမှာအိပ်နေသူကို ရိုက်မိသွား၏။

“အခုထိ မနိုးသေးဘူးလား။”

ထိုစဉ် သူ ရုတ်ခြည်း အေးခဲသွားရသည်။ အိပ်ပျော်နေသည့် ဖေ့ရွှမ်း၏ခေါင်းပေါ်တွင် ဇောက်ထိုးတြိဂံသင်္ကေတကြီးက ထပ်ပေါ်လာပြန်၏။

၎င်းက ယမန်နေ့က sign-in မှတ်နှင့် တူနေပေသည်။

ဤမြို့တွင် တစ်ကြိမ်သုံးပြီးသည်နှင့် sign-in မှတ်က ပျောက်သွားသည်။ သို့ပေသော်ငြား သည်တစ်ခုကတော့ ပြန်ပေါ်လာပြန်သည်။ ကုချင်းယန်၏ မျက်ဝန်းများက တောက်ပသွားရ၏။

ဒါက ဒီတိုင်း သာမန်လူတစ်ယောက် မဟုတ်ဘူး၊ အကြိမ်ကြိမ် အသုံးပြုနိုင်တဲ့ လူသား sign-in မှတ် ဖြစ်နေတာပဲ။

သို့နှင့် ကုချင်းယန်တစ်ယောက် သူ၏ “နတ်ဆိုးဆန်သည့်” လက်ကို ဆန့်ထုတ်လိုက်သည်။

အရင်တစ်ခေါက်က နွားလှည်းတစ်စီး၊ ဒီတစ်ခေါက်ကရော ဘာများလဲ။

[စနစ်: သင် ဖေ့ရွှမ်းအပေါ်မှာ sign-in ဝင်လိုက်ပါပြီ။ ဆေးပုလင်းလေးမျိုးကို အစုံလိုက် ရရှိပါပြီ။]

သူ၏ ကျောပိုးအိတ်ထဲတွင် ခရီးသွားလာရာ၌ မဖြစ်မနေလိုအပ်သော ဆေးဝါးများဖြစ်သည့် ရူယိဆေးလုံး၊ ဖင်အန်းဆေးမှုန့်၊ ဝေါလုံဆေးလုံးနှင့် ဟုန်လင်းဆေးလုံးတွဲများ ပေါ်လာခဲ့သည်။ ၎င်းနှင့်အတူ ငွေဇွန်းလေးတစ်ဇွန်းပါ တွဲပါလာသေး၏။

ဖေ့ရွှမ်းကို ကြည့်နေသည့် ကုချင်းယန်၏ မျက်ဝန်းများမှာ တောက်ပနေလျက်။

သူက ရွှေတွင်းကြီးပဲ။

ရုတ်တရက်ဆိုသလို ဖေ့ရွှမ်းက သူ့မျက်လုံးများကို ဖွင့်လိုက်သည်။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားခဲ့၏။ ထိုအချိန်၌ သူဟာ ဖေ့ရွှမ်း၏ကိုယ်ပေါ်တွင် ထိုင်နေကာ သူ့လက်နှစ်ဖက်ကလည်း ထိုလူ၏ ရင်ဘတ်ပေါ်သို့ ဖိကပ်ထားသဖြင့် သံသယဖြစ်ဖွယ်ကောင်းသော အနေအထားမျိုး ဖြစ်နေပေသည်။

ထိုသည်မှာ အလွန်ပင် ရှက်ရွံ့ဖွယ်ကောင်းသည့် အခိုက်အတန့်လေးတစ်ခု ဖြစ်နေခဲ့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment