အပိုင်း (၄)
စနစ်၏ နိုတီပေးသံမြည်လာသည်နှင့် ကုချင်းယန်က ကျယ်ပြောသည့် အဖြူရောင် ကွင်းပြင်ကြီးတစ်ခုထဲသို့ ရောက်ရှိသွားသည်။ သူ့ရှေ့တွင် လူရိပ်တစ်ရိပ် ပေါ်လာ၏။ အနှီသူမှာ ဆေးပေးခန်းမှ သမားတော်ကြီး ဖြစ်နေလေသည်။
“ဆေးပညာ သင်ကြားချင်ရင် အရင်ဆုံးအနေနဲ့ ဆေးဖက်ဝင်အပင်တွေကို သိရမယ်။ ဒီနေ့တော့ အမျိုးအစား ခွဲခြားတာကနေ စကြတာပေါ့။”
ဆေးဖက်ဝင်အပင်များက ကုချင်းယန်၏ရှေ့တွင် အတန်းလိုက်ကြီး ပေါ်လာသည်။ သမားတော်အိုကြီး၏ ပုံစံမှာ ခက်ထန်ပုံပေါက်သော်ငြား သူ၏ ရှင်းပြချက်များက စေ့စပ်သေချာကာ အသေးစိတ်ကျလှသည်။
ကုချင်းယန် ဆေးဖက်ဝင်အပင်များကို ကောက်ယူလိုက်သည်။ ၎င်းကို ကိုင်ရသည်မှာ တကယ့် အစစ်အမှန်ကို ကိုင်နေသည့်နှယ် ခံစားရစေ၏။ သူသည် ၎င်းတို့၏ အနံ့ကိုခံနိုင်ပြီး ထိတွေ့နိုင်ကာ ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။
ကုချင်းယန် စိန်လှုပ်ရှားသွားရသည်။ ဤသည်မှာ အကောင်းစား ပစ္စည်းများပါဝင်ပြီး ဆရာဖြစ်သူကလည်း တစ်ခုမှ ထိန်ချန်မထားဘဲ အကုန်နီးပါး သင်ကြားပေးသည့် သီးသန့်စာသင်ခန်းတစ်ခုပင်။ ငယ်စဉ်ကလေးဘဝကတည်းက ဖျားနာခဲ့သူတစ်ဦးအနေဖြင့် သူဟာ အမြဲတစေ ဆေးပညာကို စိတ်ဝင်စားခဲ့သည်။ ယခု သူသည် လီမိသားစု၏ သခင်လေးမဟုတ်တော့သဖြင့် သမားတော်ပြရန်အတွက် ငွေကြေးကုန်ကျမည်ဖြစ်၏။ ထို့ကြောင့် သူကိုယ်တိုင် သင်ယူထားခြင်းက ငွေကုန်ကျသက်သာစေမည့်အပြင် စိုးရိမ်ပူပန်မှုများကိုပါ လျော့နည်းစေမည် ဖြစ်သည်။
သူ အာရုံစူးစိုက်ကာ သမားတော်၏ ညွှန်ကြားချက်များအား ဝီရိယရှိရှိ လိုက်နာခဲ့သည်။
“ဒီနေ့တော့ ဒီလောက်ပါပဲ။ သေချာမှတ်ထားပါ… ဆေးပင်တွေကို ခွဲခြားတတ်ဖို့က အခြေခံအုတ်မြစ်ပဲ။ မင်း ဝီရိယရှိရှိ ကြိုးစားရမယ်နော်။”
သမားတော်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။ ကုချင်းယန်လည်း စနစ် စာသင်ခန်းထဲမှ ထွက်ကာ သူ၏အမှတ်ကို စစ်ဆေးကြည့်လိုက်ရာ ပျော်ရွှင်မှုကြောင့် သူ့ရင်တောင် ခုန်သွားရသည်။
“Host : ကုချင်းယန်၊ အသက်: ၁၅၊ အမှတ်: ၃ မှတ်၊ အရည်အချင်း: ဆေးပညာ (အခြေခံ) ၃%”
သူ၏ အမှတ်များအားလုံးကို ခုနက ဆေးခန်းတွင် sign in ဝင်ရာ၌ အသုံးပြုလိုက်သည်။ သို့ဖြစ်၍ ဤအမှတ် (၃) မှတ်က သူ၏လေ့လာမှုအတွက် စနစ်က ပြန်ပေးသည့် ဆုလာဘ်ဖြစ်ပေလိမ့်မည်။ စာသင်ခန်းက သူ့အား အတတ်ပညာတစ်ခုခု သင်ပေးရုံတင်မကဘဲ အမှတ်ပါ ပြန်ပေးသေးသည်။
သူ၏ စိတ်တို့ လှုပ်ခတ်သွားရသည်။ အကယ်၍ သူသာ ၁၀၀ ရာခိုင်နှုန်းထိရောက်အောင် လေ့လာနိုင်လျှင် အမှတ် (၁၀၀) ရရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် ချင်းကျိုးတစ်လျှောက် sign-in မှတ်အားလုံးကို ရှာဖွေရန် လုံလောက်မည်ဖြစ်၏။
“ချင်းယန်… ယန်အာ…”
အချိန်အတော်ကြာ အိပ်ပျော်နေခဲ့သည့် နို့ထိန်းအမေလျှို့က နောက်ဆုံးတော့ နိုးလာခဲ့လေပြီ။
ကုချင်းယန်က စနစ်၏ မျက်နှာပြင်ကို ဘေးဘက်ကို တွန်းထုတ်လိုက်ပြီး အိပ်ရာဘေးသို့ သွက်သွက်လေး လျှောက်သွားလိုက်သည်။
“အမေ… နေရတာ သက်သာရဲ့လား။ ဆေးက အဆင်သင့်ဖြစ်နေပြီ၊ ကျွန်တော် သွားယူလိုက်ဦးမယ်။”
သူ(မ) သူ့ကို မတားနိုင်မီမှာပင် ကုချင်းယန်က အလောတကြီး ပြေးထွက်သွားကာ အငွေ့တထောင်းထောင်း ထွက်နေသေးသည့် ဆေးပန်းကန်ကို ယူ၍ပြန်လာလေသည်။ သူ့လက်ချောင်းများက အပူကြောင့် နီရဲနေသည်ကိုမြင်တော့ နို့ထိန်းအမေလျှို့မှာ အပြစ်ရှိသလို ခံစားသွားမိသွားရ၏။
သူ(မ)ရဲ့ သခင်လေးက ဒီလို ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေကို လုပ်ရမယ့် လူမျိုးမဟုတ်ဘူးလေ။
ဆေးသောက်ပြီးနောက် နို့ထိန်းအမေလျှို့မှာ ပို၍ သန်မာလာသလို ခံစားလိုက်ရသည်။ သို့ပေသည့် အခန်းကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် သူ(မ) ပင့်သက်ရှိုက်မိသွားရ၏။
“ယန်အာ… အမေတို့ တည်းခိုဖို့အတွက် အခုချက်ချင်း တခြားနေရာကို ရှာရမယ်။”
“လာလို့လဲ။ ဒီတည်းခိုခန်းက မကောင်းလို့လား။”
ကုချင်းယန်က မေးလိုက်သည်။ စားပွဲထိုးကလည်း ဆေးကျိုရာ၌ ကူညီပေးနေခဲ့သည်လေ။
နို့ထိန်းအမေလျှို့က ကူကယ်ရာမဲ့နေဟန်ဖြင့် သူ့ကို ကြည့်လာသည်။
“အမေ့သားလေး… အမေတို့က လီမိသားစုဝင် မဟုတ်တော့ဘူးလေ။ ပိုက်ဆံကို အလကား လျှောက်သုံးပစ်လို့ မဖြစ်ဘူး။ ဒီလို ခမ်းနားတဲ့အခန်းက တစ်ညကို အနည်းဆုံး ၁ ပြားလောက် ကျမှာ။ သာမန်လူတွေက ဒီလို အဆင့်မြင့်တဲ့အခန်းကို တတ်နိုင်မှာ မဟုတ်ဘူး။ အမေပြောတာကို နားထောင်… ပိုတိတ်ဆိတ်ပြီး စျေးချိုတဲ့နေရာကို ရှာကြရအောင်နော်။ တစ်ပြားနဲ့ ဆယ်ရက်လောက်တောင် တည်းလို့ရတယ်။ ”
ကုချင်းယန် သူ့နှာခေါင်းကို ကုတ်လိုက်သည်။ ဤအခန်းက တစ်ညကို သုံးပြားတန်ကြောင်း သူ မပြောပြရဲတော့ချေ။
နို့ထိန်းအမေလျှို့က ဇွတ်တိုက်တွန်းလာသဖြင့် သူလည်း ပစ္စည်းထုတ်ပိုးကာ သူ(မ)နှင့်အတူ ထွက်သွားရန်မှအပ မတတ်နိုင်တော့ပေ။
သူတို့ စျေးပိုချိုသည့် နေရာကိုရောက်သော် နို့ထိန်းအမေလျှို့မှာ စိတ်အေးသွားရ၏။ သူ(မ)ထံ၌ စုဆောင်းငွေများရှိသော်လည်း ရေရှည်သုံးစွဲနိုင်ဖို့ ခြိုးခြံခြွေတာ သုံးရမည်ကို သူ(မ) နားလည်ပေသည်။
“ကျွန်တော့်မှာလည်း ပိုက်ဆံတချို့ ဝှက်ထားတာရှိပါတယ် အမေ။”
ကုချင်းယန် ပြောလိုက်သည်။ သူ(မ) စိတ်အေးစေရန်အလို့ငှါ နှစ်သိမ့်ပေးလိုက်ခြင်းပင်။
“စုစုပေါင်း ၁၀၀ ပြားလောက်ရှိတာမို့ ကျွန်တော်တို့အတွက် လုံလောက်ပါတယ်။”
“အဲ့လိုဆိုရင်တောင် ခြွေတာရမယ်လေ။”
နို့ထိန်းအမေလျှို့က တိုက်တွန်းလာသည်။
“အနာဂတ်မှာ သားယူမယ့် မိန်းမအတွက်နဲ့ သားသမီးအတွက် စုဆောင်းထားရမယ်။”
အဆုံးတွင်မူ သူတို့သည် တစ်ညကို ဝမ် ၁၀၀ သာ ကျသင့်သည့် သာမန်တည်းခိုခန်းလေးတစ်ခန်း၌ အခြေချလိုက်ကြသည်။ ၎င်းက ကျဉ်းပြီး သီးသန့်ရေချိုးခန်း သို့မဟုတ် အစားအသောက် ဝန်ဆောင်မှုပင် မရှိချေ။ သို့ပေသည့် အတော်လေးတော့ သန့်ရှင်းမှုရှိ၏။ နို့ထိန်းအမေလျှို့က ပင်ပန်းနွမ်းနယ်မှုကြောင့် ပြန်အိပ်ပျော်သွားသော် ကုချင်းယန်မှာ သူ၏ အသစ်ရရှိထားသော အမှတ်များကို သုံးချင်နေစိတ် ပြင်းပြနေသဖြင့် အပြင်ကို ခိုးထွက်လာခဲ့သည်။
သူ သူ၏ပစ်မှတ်ကို ဂရုတစိုက် ရွေးချယ်လိုက်သည်။
1.အပေါင်ဆိုင်: [စနစ်: ချင်းကျိုးစီရင်စု အပေါင်ဆိုင်၌ Sign-in ဝင်ခြင်း အောင်မြင်ပါသည်။ ကျောက်စိမ်းဖြူဆွဲကြိုး တစ်ကြိုး ရရှိပါပြီ။]
တကယ် အလုပ်ဖြစ်သားပဲ… သူတွေးလိုက်မိသည်။ အပေါင်ဆိုင်ကပေးသည့် ပစ္စည်းက အပေါင်ဆိုင်တွင် ပြန်ပေါင်နှံနိုင်သည်အထိ တန်ဖိုးရှိကာ ငွေပြား ၃၀ မှ ၅၀ ပြားထိ တန်ကြေးရှိနိုင်သည်။
2.အဝတ်အထည်ဆိုင်: [စနစ်: ချင်းကျိုးစီရင်စု အဝတ်အထည်ဆိုင်၌ Sign-in ဝင်ခြင်း အောင်မြင်ပါသည်။ ဆောင်းတွင်းဝတ် အဝတ်အစားကို ရရှိပါပြီ။]
ထိုအဝတ်များက သူနှင့် ကွက်တိကျနေကာ သူအကြိုက်ဆုံး အရောင်ဖြစ်သည့် အပြာနက်ရောင် ဖြစ်၏။ စနစ်၏ ဆုလာဘ်များက သူ့အကြိုက်ပေါ်မူတည်၍ ပြင်ဆင်ထားသည့်ဟန်။
3.ဆေးဆိုင်: [စနစ်: ချင်းကျိုးစီရင်စု ဆေးဆိုင်၌ Sign-in ဝင်ခြင်း အောင်မြင်ပါသည်။ ဂျင်ဆင်းအားဆေး တစ်ပုလင်းကို ရရှိပါပြီ။]
သူ အပျော်လွန်သွားရ၏။ ဤဆေးများက သူ၏ အားနည်းသည့် အခြေအနေအတွက် သမားတော်မှ အကြံပြုပေးထားသည်များနှင့် ကွက်တိကျနေသည်။
လက်တွေ့တွင် ထိုဆေးတစ်လုံးကို တစ်ပြားကျသင့်မည် ဖြစ်၏။ ဆေးပုလင်းထဲတွင်မူ ဆေးလုံး ၁၀၀ လုံးပါရှိသည်။ သူ ဆေးတစ်လုံးကို ချက်ချင်း မျိုချလိုက်သည်။ ထို့နောက် သူ့ခြေထောက်များမှ ညောင်းညာကိုက်ခဲမှုများ အလိုလို ပျောက်သွားသလို ခံစားလိုက်ရသည်။
ကုချင်းယန်က နို့ထိန်းအမေလျှို့အတွက် အဝတ်အစားသစ်များကို ယူကာ တည်းခိုခန်းသို့ ပြန်လာခဲ့သည်။ သူ(မ)မှာ သူ၏ သိတတ်မှုကြောင့် ရင်ထဲထိမိသွားရသည်။ သို့သော်ငြားလည်း ကုန်ကျစရိတ်အတွက် ပူပန်နေမိ၏။
“အမေက အိုနေပါပြီကွယ်… ဒီလို အကောင်းစားအဝတ်တွေ မလိုပါဘူး။”
သူ(မ)က ပြုံးပြုံးလေး ပြောလာသည်။ သို့တိုင် အဝတ်အစားသစ်များကိုတော့ လဲဝတ်လိုက်သည်။
သူတို့နှစ်ယောက် အနားယူရန် ပြင်ဆင်နေစဉ် ချွေးဟုန်က အခန်းထဲသို့ မောဟိုက်စွာဖြင့် အလောတကြီး ပြေးဝင်လာသည်။
“သခင်လေး၊ နို့ထိန်းအမေလျှို့! မာမားတို့ အခုချက်ချင်း ချင်းကျိုးစီရင်စုကနေ ထွက်သွားကြတော့။”
သူ(မ)၏ နီမြန်းကာ ဖူးရောင်နေသည့် ပါးပြင်ကို သတိပြုမိသော် ကုချင်းယန် မျက်မှောင်ကြုတ်မိသွားသည်။
“မင်းမျက်နှာက ဘာဖြစ်တာလဲ။”
“ကျွန်မ အဆင်ပြေပါတယ်။ ဒီတိုင်း တစ်ခုခုနဲ့ တိုက်မိသွားတာပါ။”
သူ(မ)က အလောတကြီးဖြစ်နေသည့် လေသံဖြင့် လိမ်ညာလိုက်သည်။
“အတင်းတုတ်တတ်တဲ့ အဘွားကြီးတစ်ယောက်က သခင်လေးက စျေးကြီးတဲ့ တည်းခိုခန်းမှာ တည်းနေတယ်ဆိုတဲ့အကြောင်းပြောနေတာကို သခင်မကြီးရွှီ ကြားသွားတယ်လေ။ အဲ့တာကို သခင်မကြီးရွှီက သခင်လေး လီအိမ်တော်က ပစ္စည်းတွေကို ခိုးခဲ့တယ်ထင်ပြီး လိုက်ဖမ်းဖို့ လူလွှတ်လိုက်ပြီ။”
“ဘာ!?”
နို့ထိန်းအမေလျှို့က အလန့်တကြားနှင့် ငိုရှာသည်။
“ပိုက်ဆံတင်မဟုတ်ဘူး။”
ချွေးဟုန်က ဆက်ပြောလာသည်။
“အစ်မဟုန်သုန်းပြောတာတော့ သခင်လေးအသစ်က ဒေါသထွက်နေပြီး သခင်လေးကို ‘သင်ခန်းစာ’ ပေးဖို့ သခင်မကြီးရွှီကို ပြောနေတာတဲ့။ သခင်လေး ထွက်သွားရမယ်။ တက်နိုင်သမျှ ဝေးဝေးကို ပြေးကြ။”
ကုချင်းယန် စိတ်ဆင်းရဲသွားရသည်။ သူ အဝတ်တစ်ထည် ကိုယ်တစ်ထည်နှင့်သာ ထွက်လာခဲ့သည်ကို သခင်မကြီးရွှီကလည်း ကောင်းကောင်းသိသည်လေ။ သို့ပေသော်ငြား ၁၅ နှစ်တာ သံယောဇဉ်ကိုပင် မထောက်ထားဘဲ သူ(မ)၏သား “အရင်း” ဖြစ်သူ စိတ်ကျေနပ်စေရန်အတွက် မဟုတ်မမှန်သော သံသယတို့ဖြင့် သူ့အား နင်းခြေပစ်ရဲသည်။
“ငါတို့ အခုပဲ သွားလိုက်မယ်။”
ကုချင်းယန် ပြတ်သားစွာပင် ပြောလိုက်သည်။
သူ နို့ထိန်းအမေလျှို့ကို တွဲထူပေးနေရင်း ရပ်တန့်သွားရ၏။
“အမေ၊ ချွေးဟုန်… ကျွန်တော့်ကို ခဏစောင့်နော်။”
သူ အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။ သူပြန်ထွက်လာသော် အဝတ်အစားများ လဲနှင့်ပြီးသား ဖြစ်နေ၏။ သူသည် လီမိသားစု၏ အရည်အသွေးမြင့် ပိုးထည်များကို မဝတ်တော့ဘဲ စနစ်၏ “လူသစ်လက်ဆောင်ထုပ်” ထဲမှ လုံလုံခြုံခြုံရှိသော ဝါဂွမ်းထည်များကို လဲဝတ်ထားလေသည်။
“သခင်လေး..”
ချွေးဟုန်မှာ အံ့အားသင့်သွားလျက်။
ကုချင်းယန်က ခါးသက်စွာ ပြုံးလိုက်ပြီး
“ကျွန်တော် လီအိမ်တော်ကနေ ထွက်လာတုန်းက သူတို့ရဲ့ အဝတ်အစားကို ဝတ်ခဲ့မိလို့။ အခု သူတို့ကို ပြန်ပေးလိုက်မယ်။”
***
Aurora Novel Translation Team