အခန်း (၂၄) ပထမကမ္ဘာ
"ကျိုး... ရှုချန်း မဟုတ်လား။ မင်းကို ကျောင်းထွက်ဖို့ ဆယ့်ငါးရက် ပြင်ဆင်ချိန်ပေးမယ်" ကျင်းယွီက ပြတ်သားစွာ ကြေညာလိုက်သည်။
ကျိုးရှုချန်း တစ်ယောက် မှင်သက်သွားသည်။
"ဘာလဲ... ဘာကို ဆိုလိုတာလဲ" အထူးဝင်ခွင့်ရကျောင်းသားများက လန့်ဖျန့်ကာ မေးလိုက်ကြသည်။
"စီနီယာက..."
"သူ့အတွက် ရှေ့နေလိုက်ပြီး စကားပြောပေးတဲ့သူ ဘယ်သူမဆို သူနဲ့အတူ တစ်ခါတည်း ကျောင်းထွက်ရမယ်" ကျင်းယွီက ပြောလိုက်သည်။
ထိုအေးစက်စက် လေသံသည် မကျယ်လှသော်လည်း ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးကို အေးခဲသွားစေသည်။ ကျင်းယောင်သည် ဆေးလိပ်ကို ကိုင်ရင်း ကျောင်းသားအဆောင်ဘက်သို့ လှမ်းကြည့်ပြီးနောက် ဆုန်ကျူယောင် ဘယ်အချိန်မှ ပေါ်လာမလဲဟု တွေးနေမိသည်။ ဘာကြောင့်ရယ်မသိ သူမအကြောင်း တွေးမိရုံမျှဖြင့် သူ၏လက်မပေါ်ရှိ ကိုက်ရာက ပြန်၍ ယားယံလာသလို ခံစားလိုက်ရသည်။ အထူးဝင်ခွင့်ရကျောင်းသားများ နှုတ်ခမ်းလှုပ်ရုံမျှရှိသော်လည်း ခေတ္တမျှ မည်သည့်အသံမှ ထွက်မလာခဲ့ကြချေ။ ၎င်းတို့အားလုံး စကားပြောရန် တုံ့ဆိုင်းနေကြသည်၊ အကြောင်းမှာ ကျင်းယွီ၏ အာဏာကို မည်သူမှ သံသယမဝင်ရဲကြသောကြောင့်ပင်။ သူသည် ကျင်းခယ်အကယ်ဒမီတစ်ခုလုံးက မေးခွန်းထုတ်စရာမလိုဘဲ နာခံရသည့် အာဏာရှင်တစ်ဦးဖြစ်သည်။
ဒီကျောင်းကနေ ထွက်သွားရမယ် ဟုတ်လား။
လူချမ်းသာကျောင်းသားများက ၎င်းတို့ကို အထင်သေးကြပြီး တစ်ခါတရံ အကြောင်းပြချက်မရှိဘဲ ကိုယ်ထိလက်ရောက် စော်ကားကြသည်ရှိသော်၊ ဤကျောင်းက ပေးလာသော တတိယအဆင့် ပညာသင်ဆုများပင် အလွန်ရက်ရောလှပြီး ကျောင်းလခ၊ စားစရိတ်နှင့် နေထိုင်စရိတ်အားလုံး အလကားဟု သတ်မှတ်ထားလေသည်။ ဤပညာသင်ဆုများသည် ၎င်းတို့မိဘများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်သည့်အပြင် အကယ်၍ နိုင်ငံခြားတက္ကသိုလ်တစ်ခုခုက လက်ခံခဲ့လျှင်လည်း ကုန်ကျစရိတ်အချို့ကို ကျောင်းက ကျခံပေးတတ်သည်။ ပြည်တွင်းရှိ နာမည်ကြီးတက္ကသိုလ်တစ်ခုခုသို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့လျှင်ပင် ငွေသားဆုလာဘ် အမြောက်အမြား ရရှိကြသေးသည်။
အကယ်၍ ၎င်းတို့သာ အထက်တန်းပထမနှစ်ဆိုလျှင် အဆင်ပြေနိုင်သော်လည်း ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသားများအတွက်မူ မညသို့ပြုလုပ်မည်နည်း။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် သုံးလပင်မလိုတော့သည့် အချိန်သို့ နီးကပ်နေပြီ ဖြစ်သည်။ ၎င်းတို့အနေဖြင့် သာမန်အစိုးရကျောင်းသစ်တစ်ခုတွင် ပတ်ဝန်းကျင်အသစ်နှင့် အံဝင်ခွင်ကျ ဖြစ်နိုင်ပါ့မလား။ ထိုကျောင်းသစ်တွင် အရင်ကျောင်းဟောင်းနှင့်ပတ်သက်၍ အမြဲတမ်း မေးမြန်းခံနေရတော့မည်လား။ ဘာကြောင့် ကျောင်းပြောင်းလာရတာလဲဟု မေးခွန်းထုတ်ခံရမည်လား။ ၎င်းတို့ကို လက်ခံမည့် ကျောင်းတစ်ကျောင်းကိုရော ရှာတွေ့နိုင်ပါ့မလား။ ၎င်းတို့၏မိသားစုဘက်မှ ပိုကောင်းသောကျောင်းသို့ ပြောင်းရွှေ့နိုင်မည့် အဆက်အသွယ်ကောင်းမျိုး ရှိနိုင်ပါ့မလား။
မရေမတွက်နိုင်သော မေးခွန်းများ စိတ်ထဲပေါ်လာသည်နှင့်အမျှ ၎င်းတို့၏မျက်နှာများ ဖြူလျော်သွားကြသည်။ ၎င်းတို့သည် နေရောင်ခြည်၏ နွေးထွေးမှုကိုပင် မခံစားရတော့ချေ။ ကျိုးရှုချန်းသည် ၎င်းတို့ရှေ့တွင် မားမားမတ်မတ် ရပ်နေဆဲဖြစ်သော်လည်း ၎င်းတို့အနက် မည်သူမျှ စကားမပြောရဲကြပေ။ မိန်းကလေးအချို့ကမူ ခေါင်းငုံ့ကာ ရှိုက်ကြီးတငင် ငိုကြွေးနေကြပြီ ဖြစ်သည်။
မင်ရှု့သည် ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲကာ အရှေ့သို့ ငေါက်ခနဲ ထွက်လာပြီး အော်ဟစ်လိုက်သည်။
"သွားကြတာပေါ့၊ ဘယ်သူက ဒီလိုအမှိုက်သရိုက်ကျောင်းမျိုးမှာ နေချင်လို့လဲ။ နင်တို့အားလုံးက အမှိုက်စတွေစုနေတဲ့ အမှိုက်တစ်သိုက်ပဲ၊ လူ့အဖွဲ့အစည်းရဲ့ ကပ်ပါးကောင်တွေ။ နင်တို့တင်မကဘူး နင်တို့မိဘတွေလည်း ဒီလိုပဲ။ သူတို့က သာမန်လူတွေရဲ့ သွေးကိုစုပ်ပြီး သာမန်လူတွေကို အထင်သေးကြတယ်၊ ပြီးတော့ နင်တို့လို အမှိုက်တွေကို ပြန်သွန်သင်ပေးလိုက်တာပဲ"
"သူငယ်ချင်းတို့... သွားကြမယ်"
လေထုတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ မည်သူမျှ မလှုပ်ရှားကြသည့်အပြင် မည်သူမျှလည်း ပြန်မထူးကြချေ။ မင်ရှု့၏ ဒေါသများ ငြိမ်ကျသွားပြီးနောက် အနည်းငယ် နေရခက်ကာ အရှက်ရသလို ခံစားလိုက်ရသည်။
[မိုက်လိုက်တာ... ဒါပေမယ့် မိုက်ပြီးသွားတော့ နည်းနည်းတော့ ရှက်စရာကောင်းတယ်]
[တကယ့်လက်တွေ့ဘဝနဲ့ အရမ်းတူလွန်းတယ်]
[ပြောစရာ စကားတောင်မရှိတော့ဘူး၊ ဘာလို့ ဒီလိုကျောင်းမျိုးမှာ ဆက်နေချင်ရတာလဲ။ ကျောင်းပြောင်းလိုက်တာကမှ ပိုကောင်းဦးမယ်။ ဒီလောက် စာတော်တဲ့သူတွေကို လက်ခံမယ့် တခြားကျောင်းတွေ မရှိဘဲ နေမလား]
[အခြေအနေက မတူဘူးလေ။ နာမည်ကြီးအစိုးရကျောင်းတွေမှာ စာတော်တဲ့ကျောင်းသားတွေ အများကြီးရှိတော့ ပညာသင်ဆုအတွက် ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်တယ်။ ဒါတင်မကဘူး၊ ပညာသင်ဆုတွေက ဒီလိုထိပ်တန်းကျောင်းတွေလို ဘယ်တော့မှ ရက်ရက်ရောရော မရနိုင်ဘူး။ အရေးကြီးဆုံးက ပတ်ဝန်းကျင်အသစ်နဲ့ အသားကျဖို့ ခက်ခဲတာပဲ။ ဆင်းရဲလို့ ကျောင်းထုတ်ခံရတယ်ဆိုတာက မာနကို အရမ်းထိခိုက်စေတယ်။ ဒီထဲမှာ တတိယနှစ်ကျောင်းသားတွေ အများကြီးပါတယ်၊ တကယ်လို့ စိတ်ဓာတ်မခိုင်မာရင် စာမေးပွဲကျပြီး အတန်းပြန်တက်ရမှာ သေချာတယ်]
[ကိုယ်ချင်းစာမိလို့ တကယ်မျက်ရည်ကျရပါတယ်။ ငါတို့က ဆင်းရဲတဲ့မိသားစုမှာ မွေးချင်လို့ မွေးလာတာမို့လို့လား။ ငါသာ ရွေးချယ်ခွင့်ရှိရင် ငွေဇွန်းကိုက်ပြီး မွေးလာချင်တာပေါ့]
"မင်း နောက်တစ်ခါ ပြန်ပေါ်လာပြန်ပြီပဲ။ ဆုန်ကျူယောင်က မင်းကို တစ်ခါကူညီပေးဖူးရုံနဲ့ ကမ္ဘာကြီးရဲ့ ထိပ်ဆုံးကို ရောက်သွားပြီလို့ ထင်နေတာလား" ကျင်းယောင်က သူခိုးမလေး မင်ရှု့ကို မှတ်မိသွားသည်။
မင်ရှု့သည် ၎င်းတို့ကို အော်ဟစ်ဆဲဆိုပြီးနောက် မည်သူ့ထံမှ တုံ့ပြန်မှုမျှ မရရှိသဖြင့် အားအင်ကုန်ခမ်းသလို ဖြစ်နေချိန်တွင် ကျင်းယောင်၏ စကားကြောင့် တင်းနစ်ကွင်းထဲ၌ အနိုင်ကျင့်ခံခဲ့ရသည့် ကြောက်ရွံ့မှုများ ပြန်လည်ပေါ်လာပြီး၊ ဒေါသကြောင့် နီမြန်းနေသော သူမ၏မျက်နှာသည်လည်း ချက်ချင်းပင် ဖြူဖျော့သွားသည်။
ကျင်းယွီက မင်ရှု့ကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။
"မင်းလည်း ကျောင်း ထွက်ရမယ်"
ယခုအချိန်တွင် မည်သည့်ကျောင်းသားမှ စကားမဟရဲတော့ပေ။ ထိုစဉ် ကျင်းယွီက ဆက်ပြောလိုက်သည်။
"အထူးဝင်ခွင့်ရကျောင်းသားအားလုံး ထွက်ရမှာတော့ မဟုတ်ဘူး။ အထူးဝင်ခွင့်ရကျောင်းသားတိုင်းက ငါတို့ကျောင်းနဲ့ အသားမကျနိုင်သလို ဒီပတ်ဝန်းကျင်ထဲကိုလည်း ဝင်ဆံ့နိုင်ခြင်းမရှိဘူးလို့ ကျောင်းသားသမဂ္ဂက သုံးသပ်ထားတယ်။ ဒါကြောင့်မို့လို့ ကျောင်းသားသမဂ္ဂအနေနဲ့ မင်းတို့ထဲက အချို့ကို 'လူလျှော့' ဖို့ ပြင်ဆင်နေတာ။ ဒါပေမယ့် တခြားကျောင်းသားတွေရဲ့ ထောက်ခံချက်အပေါ် အခြေခံပြီး၊ ငါတို့ရဲ့ လူနေမှုဘဝပုံစံနဲ့ အသားကျပြီး ကျင်းခယ့်အကယ်ဒမီရဲ့ ပတ်ဝန်းကျင်ထဲ ဝင်ဆံ့နိုင်မယ့် အထူးဝင်ခွင့်ရကျောင်းသားအချို့ကိုတော့ ဆက်ထားပေးမှာပါ"
"မင်းတို့မှာ အတန်းထဲပြန်ပြီး စာမေးပွဲဖြေဖို့ စက္ကန့် ၃၀ အချိန်ရှိတယ်။ ဒီလ စာမေးပွဲမှာ အမှတ်မကောင်းတဲ့ အထူးဝင်ခွင့်ရကျောင်းသားတွေလည်း ကျင်းခယ့်အကယ်ဒမီကနေ ထွက်သွားရမှာပဲ"
ထိုစကားကို ကြားရသောအခါ အထူးဝင်ခွင့်ရကျောင်းသားများ စိုးရိမ်တကြီး တုန်လှုပ်ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် တဖြည်းဖြည်းချင်း အုပ်စုခွဲကာ ထွက်ခွာသွားတော့သည်။ တဖြည်းဖြည်းနှင့် လူနည်းစုသာ ကျန်ရစ်တော့ရာ ထိုအထဲတွင် ကျိုးရှုချန်း၊ မင်ရှု့နှင့် လီကျောက်အပြင်
'... ဟင်? '
မင်ရှု့၏ အကြည့်များ ရုတ်တရက် ရပ်တန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
'ကျန်းပိုင်ချီရောလား'
ဤကောင်လေးသည် အမှန်တကယ် ထူးဆန်းလွန်းလှသည်။ နေရောင်ခြည်အောက်တွင် ရပ်နေသည့်တိုင် မှုံမှိုင်းပြီး ဖုန်ထူထပ်သော အရှိန်အဝါတစ်ခုအောက်တွင် ဖုံးလွှမ်းနေသကဲ့သို့ ထင်မှတ်ရသောကြောင့် လူအများက အလွယ်တကူ လျစ်လျူမိပေလိမ့်မည်။ ကျင်းယွီသည် ကျန်ရှိနေသော လူနည်းစုကို အေးစက်စွာ ဝေ့ကြည့်လိုက်ပြီးနောက် သူ၏အတွင်းရေးမှူးအား ဘီးတပ်ကုလားထိုင်ကို တွန်းရန် အချက်ပြလိုက်သည်။ လူတစ်ယောက်ကို စောင့်နေသည့် ကျင်းယောင်ကမူ စိတ်မပါလက်မပါဖြင့် သန်းဝေကာ လှည့်ထွက်သွားတော့သည်။
"ငါ ဘယ်လိုလုပ်ရင် ဆက်နေခွင့်ရမလဲ" ကျိုးရှုချန်း၏ အသံသည် ၎င်းတို့အနောက်မှ တိုးလျော့စွာ ထွက်ပေါ်လာခဲ့ရာ၊ လူအများကို ရင်ကွဲမတတ် ခံစားရစေသည်။
ကျင်းယွီကမူ သူ့ကို အရေးမစိုက်ပေ။
"ဒူးထောက်ပြီး တောင်းပန်ရင်ရော ရမလား"
မင်ရှု့တစ်ယောက် လန့်ဖျန့်ကာ ဇဝေဇဝါ ဖြစ်သွားပြီး အရှေ့သို့ တစ်လှမ်း တိုးမည်အပြုတွင်၊ လီကျောက်က သူမကို လှမ်းဆွဲကာ ခေါင်းခါပြလိုက်သည်။ ကျိုးရှုချန်း၏ မိသားစု အခြေအနေမှာ အလွန်ကျပ်တည်းလှသည်။ သူ၏အဖေသည် လေဖြတ်ပြီး အိပ်ရာထဲလဲနေကာ၊ အမေဖြစ်သူက ဆီးချိုရောဂါ ခံစားနေရ၍ မူလတန်းတက်နေသည့် ညီလေးတစ်ယောက်လည်း ရှိနေသေးသည်။ မိသားစု စားဝတ်နေရေး အသုံးစရိတ်အားလုံးကို ကျိုးရှုချန်း၏ ပညာသင်ဆုဖြင့်သာ ထောက်ပံ့ထားရခြင်း ဖြစ်သည်။ အကယ်၍ သူသာ ကျင်းခယ့်အကယ်ဒမီမှ ထွက်ခွာရပါက သူ၏ တစ်ခုတည်းသော ကံကြမ္မာမှာ ကျောင်းထွက်ပြီး အလုပ်ထွက်လုပ်ရုံသာ ရှိတော့သည်။
ထိုအကြောင်းကို တွေးမိရင်း လီကျောက်၏ မျက်ဝန်းများ နီမြန်းလာသည်။ ကျိုးရှုချန်းသည် တကယ့်ကို ထူးချွန်ထက်မြက်သူဖြစ်ပြီး၊ စိတ်သဘောထားကောင်းကာ တစ်ကျောင်းလုံးတွင် အမြဲတမ်း အဆင့်တစ်ရသူ ဖြစ်သည်။ သူသည် အနာဂတ်တွင် မြို့တော်၏ အကောင်းဆုံး တက္ကသိုလ်သို့ သေချာပေါက် တက်ရောက်နိုင်ပြီး ထူးချွန်သော လူတော်တစ်ယောက် ဖြစ်လာနိုင်သူ ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခါနီးအချိန်မှ ကျောင်းထုတ်ခံရခြင်းသည် သူ၏ မရေမတွက်နိုင်သော အခွင့်အရေးများကို ရိုက်ချိုးလိုက်သလိုဖြစ်စေပြီး သူ့အတွက် ခက်ခဲသော အနာဂတ်ကိုသာ ဖြစ်ပေါ်လာပေလိမ့်မည်။
ထို့ပြင် သူသည် မိမိကိုယ်တိုင်အတွက် တိုက်ပွဲဝင်နေချိန်တွင် ၎င်းတို့က ဘာအခွင့်အရေးဖြင့် ရှေ့ကနေ ပိတ်ရပ်တားဆီးနိုင်မည်နည်း။ ၎င်းတို့ထဲက မည်သူမျှ သူ့အတွက် တာဝန်မယူပေးနိုင်သလို မည်သည့်အကူအညီမှလည်း မပေးနိုင်ကြချေ။ သို့သော် ကျင်းယွီကမူ သူ့ကို မမြင်သကဲ့သို့ပင် ဆက်လက်ထွက်ခွာသွားသည်။ ဖုမေလင်းသည် သူ၏ လုပ်ရပ်အတွက် နောင်တရနေခြင်းကို အထင်သေးသည့်အလား လှောင်ပြောင်သရော်ရင်း ပြောလိုက်သည်။
"စမ်းကြည့်ချင်ရင်လည်း ကြည့်ပေါ့၊ ဒါပေမယ့် နင့် ဒူးနှစ်ဖက်က တကယ်ပဲ အဲ့လောက်တန်ဖိုးရှိတယ်လို့ ထင်နေတာလား"
ကျိုးရှုချန်း၏ မျက်နှာတစ်ခုလုံး အလွန်ပျက်ယွင်းသွားသည်။ မကြာမီ ကျောင်းသားသမဂ္ဂ အဆောက်အအုံအပြင်ဘက်တွင် ၎င်းတို့အနည်းငယ်သာ ကျန်ရစ်တော့သည်။ ပူပြင်းလှသော နေရောင်ခြည်ပင် မြေပေါ်သို့ ကျဆင်းသွားသော ၎င်းတို့၏ စိတ်နှလုံးသားများကို နွေးထွေးအောင် မလုပ်ပေးနိုင်တော့ပေ။
မင်ရှု့သည် သူမ၏ နဖူးကို ရိုက်ကာ အမြန်ပြောလိုက်သည်။
"မစိုးရိမ်ကြနဲ့ဦး။ ငါတို့ဆီမှာ ဆုန်ကျူယောင်ရှိသေးတာပဲ။ သူ့မှာ သေချာပေါက် နည်းလမ်းရှိမှာပါ၊ ပြီးတော့ ငါတို့ကိုလည်း သူ ဒီအတိုင်း ပစ်ထားမှာ မဟုတ်ဘူး!"
ကျိုးရှုချန်း၏ မှောင်မှိုက်နေသော မျက်ဝန်းအိမ်များ အသက်ကယ်ကြိုးတစ်မျှင်ကို ဆုပ်ကိုင်နိုင်လိုက်သကဲ့သို့ ဖျတ်ခနဲ လင်းလက်သွားသည်။
ကျန်းပိုင်ချီသည် ကျိုးရှုချန်းကို ခေတ္တ စိုက်ကြည့်နေပြီးနောက် ဖြည်းဖြည်းချင်း လှည့်ထွက်သွားလေသည်။