အခန်း (၂၃) ပထမကမ္ဘာ
မနက်စာ စားပြီးနောက် ဆုန်ကျူယောင်တစ်ယောက် ကျောင်းကနေ ထွက်လာခဲ့သည်။
အေးချမ်းသာယာပြီး နေသာလှသော ထိုမနက်ခင်း၌ ကျောင်းသားများသမဂ္ဂသည် ကျောင်း၏ ပညာသင်ဆုရ အထူးဝင်ခွင့်ကျောင်းသားများအပေါ် ဗုံးတစ်လုံးချလိုက်သကဲ့သို့ ဂယက်ထစေမည့် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ရာ၊ အထူးဝင်ခွင့်ရကျောင်းသားများကြားတွင် ဒေါသတရားများ မီးမွှေးပေးလိုက်သလို ဖြစ်သွားခဲ့သည်။ နံနက်စောစောတွင် ကျောင်းသားသမဂ္ဂသည် ကျောင်း၏ ဒီဂျစ်တယ် ဘုတ်ပြားပေါ်၌ အရေးကြီးသော ကြေညာချက်တစ်ခု တင်ခဲ့သည်။ ၎င်းမှာ ကျောင်း၏ အထူးဝင်ခွင့် စနစ်ကို ဖျက်သိမ်းတော့မည်ဖြစ်ကြောင်းနှင့် လက်ရှိ အထူးဝင်ခွင့်ရ ကျောင်းသားအချို့သည် အခြားကျောင်းများသို့ ပြောင်းရွှေ့ရမည် ဖြစ်ကြောင်းပင်။ ထိုကျောင်းပြောင်းရမည့် စာရင်းကို ကျောင်းသားများသမဂ္ဂမှ ဆွေးနွေးနေဆဲဖြစ်ပြီး နောက်နှစ်ပတ်အကြာတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ရာ အထူးဝင်ခွင့်ရ ကျောင်းသားအားလုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြရန် နှိုးဆော်ထားသည်။
ဤကြေညာချက်ကြောင့် တစ်ကျောင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
"မိုက်တယ်ဟေ့။ ဒီကျောင်းမှာ အစကတည်းက အထူးဝင်ခွင့်ရကျောင်းသားတွေ မရှိသင့်တာ။ ဆင်းရဲမွဲတေလွန်းပြီး ကြည့်ရတာ စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းတယ်"
"ဝါး... ဒါကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုလိုက်ပြီလား"
"ဟားဟားဟား... ကျောင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌက ကျင်းယောင်နဲ့ ကျင်းယွီတို့ရဲ့ အဖေလေ မဟုတ်ဘူးလား"
အထူးဝင်ခွင့်ရ ကျောင်းသားများအတွက်မူ ဤသတင်းသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားရစေသည်။
"ဘာလဲ... ဒီကြေညာချက်က ဘာကို ဆိုလိုတာလဲ။ ဟေး... ဒါ ဘာကို ပြောတာလဲ"
"ငါတို့ကို ကျောင်းထုတ်တော့မယ်လို့ ဆိုလိုတာလား။ ဘာအကြောင်းပြချက်နဲ့လဲ။ ငါတို့က ဘာမှားလို့လဲ"
"ဟုတ်တယ်... ဘာအကြောင်းပြချက်မှ မရှိဘဲ ဘာလို့ ငါတို့ကို ကျောင်းထုတ်ရတာလဲ"
အထူးဝင်ခွင့်ရကျောင်းသားများတွင် စကားပြောခန်းဂရုတစ်ခု ရှိသည်။ မင်ရှု့သည် ဆက်တိုက်တက်နေသော စာတိုများကို ကြည့်နေရာ ကျောင်းသားတိုင်း၏ တုံ့ပြန်မှုများ အလွန်ပြင်းထန်နေကြသည်။ သို့သော် သူမသည် တကယ့်အထူးဝင်ခွင့်ရကျောင်းသား မဟုတ်သဖြင့် တည်ငြိမ်နေသည်။ သူမ လှည့်ကြည့်လိုက်သောအခါ လီကျောက်၏ မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်ကို သတိပြုမိသွားသည်။
"ကျောက်ကျောက်?"
လီကျောက်သည် ဘာမှပြန်မပြောဘဲ ဖုန်းကိုကောက်ကိုင်ကာ ဂရုထဲတွင် စာရိုက်နေသည်။ မင်ရှု့က ဂရုထဲသို့ ဆက်ကြည့်လိုက်ရာ လူအများစုက ကျိုးရှုချန်း ဆိုသည့် ကျောင်းသားတစ်ဦးအကြောင်း ပြောနေကြသည်ကို တွေ့ရသည်။ ထိုလူ့အမည်ဘေးတွင် အတန်း ၃ ဟု ရေးထားသဖြင့် သူသည် အထူးဝင်ခွင့်ရကျောင်းသားများထဲမှ စီနီယာအစ်ကိုကြီးတစ်ဦး ဖြစ်ပေလိမ့်မည်။ လီကျောက်သည်လည်း သူ့အမည်ကို ထည့်သွင်း ရေးသားနေသည်။
ကျိုးရှုချန်းသည် ကျင်းခယ့်အကယ်ဒမီရှိ အထူးဝင်ခွင့်ရကျောင်းသားများကြားတွင် အလွန်ရေပန်းစားပြီး ၎င်းတို့၏ ခေါင်းဆောင်တစ်ဦးကဲ့သို့ပင်။ ပညာသင်ဆုများ ကြန့်ကြာခြင်း၊ သို့မဟုတ် အထူးဝင်ခွင့်ရကျောင်းသားများအပေါ် မတရားနှိပ်စက်ခြင်းနှင့် အလွန်အကျွံ စော်ကားမော်ကားပြုမူခြင်း စသည့် ပြဿနာများ ကြုံတွေ့ရတိုင်း ကျိုးရှုချန်းသည် အမြဲတမ်း ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ကာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ထံမှ ရှင်းလင်းချက်တောင်းဆိုပေးလေ့ရှိသည်။ သူ၏ တရားမျှတမှုကို မြတ်နိုးစိတ်ကြောင့် လူငယ်များထံမှ လေးစားခံရသူ ဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့ အဖြစ်အပျက်ကြီး ကြုံရသောအခါ လူတိုင်းက ကျိုးရှုချန်း၏ တုံ့ပြန်မှုနှင့် ဖြေရှင်းမည့်နည်းလမ်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ မကြာမီ ကျိုးရှုချန်း ပေါ်ပေါက်လာသည်။
"အားလုံးပဲ အားကစားကွင်းမှာ လူစုကြပါ။ ကျောင်းအုပ်ကြီးဆီ အတူတူသွားပြီး ရှင်းလင်းချက်တောင်းကြမယ်" ကျိုးရှုချန်းက ဂရုထဲတွင် ပြောလိုက်သည်။
ကျိုးရှုချန်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အထူးဝင်ခွင့်ရ အထက်တန်းကျောင်းသားအားလုံး ထရပ်ကာ အားကစားကွင်းသို့ အပြေးအလွှား သွားရောက်လူစုကြတော့သည်။ ထိုအထဲတွင် လီကျောက်နှင့် မင်ရှု့တို့လည်း လိုက်ပါသွားသည်။ မကြာခင်မှာပင် အားကစားကွင်း၌ ကျောင်းသားထုကြီး စုရုံးလိုက်ကြသည်။ ကျိုးရှုချန်းသည် အလံတင်သည့် စင်မြင့်ထက်တွင် ရပ်နေပြီး၊ သူသည် ကတုံးကေနှင့် ရုပ်ရည်သန့်ပြန့်သော အရပ်ရှည်ရှည် ကောင်လေးတစ်ယောက် ဖြစ်သည်။
"အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ကျောင်းသားသမဂ္ဂရဲ့ ကြေညာချက်က ယုတ္တိမရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိဘူး။ တစ်ခုခုတော့ မှားနေပြီ။ ကျောင်းအုပ်ကြီးဆီ အတူတူသွားပြီး ရှင်းလင်းချက် တောင်းကြရအောင်" ကျိုးရှုချန်းက ပြောလာသည်။
ကျောင်းသားထုကြီးသည် ကျောင်းအုပ်ကြီးရုံးခန်းဆီသို့ ချီတက်သွားကြစဉ် စာသင်ဆောင်ပေါ်ရှိ လူချမ်းသာမိသားစု၏ ကျောင်းသားများက ၎င်းတို့ကို လှောင်ပြောင် သရော်နေကြသည်။ ကျောင်းအုပ်ကြီးကမူ ကြိုတင်အကြောင်းကြားစာ ရရှိထားပြီးဖြစ်သဖြင့် အစောကတည်းက ပုန်းရှောင်သွားခဲ့ပြီ ဖြစ်သည်။
"ဒီကိစ္စက ကျောင်းသားသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ပဲ။ မကျေနပ်ရင် ကျောင်းသားသမဂ္ဂဆီပဲ သွားကြပါ" ကျောင်းသားများ နေပူထဲတွင် ရပ်နေသည်ကို မကြည့်ရက်သော ဆရာတစ်ယောက်က ထွက်ပြောသည်။
"မင်းတို့မလာခင်ကတည်းက ကျောင်းအုပ်ကြီးက ထွက်သွားတာ"
"ဒီလို ကျောင်းနဲ့ပတ်သက်တဲ့ ကိစ္စမျိုးကို ကျောင်းသားသမဂ္ဂကပဲ ဆုံးဖြတ်လို့ရတာလား။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဒါကို ခွင့်ပြုမှာ မဟုတ်ဘူး"
"ငါ့ကို ပြောလည်း အပိုပဲ။ ကျောင်းသားသမဂ္ဂဆီပဲ သွားကြတော့"
ထို့ကြောင့် လူအုပ်ကြီးသည် ကျောင်းသားသမဂ္ဂ အဆောက်အအုံဆီသို့ လှည့်ပြန်ခဲ့ရသည်။
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ဝင်ပေါက်တွင် ပိတ်ဆို့ထားပြီး ၎င်းတို့ကို အထဲပေးမဝင်ကြချေ။ ထိုစဉ် ကျင်းယောင်သည် တိုင်တစ်ခုကို ပျင်းရိပျင်းတွဲ မှီရင်း ဆေးလိပ်သောက်နေသည်။
"နင်တို့က ပုန်ကန်ချင်တာလား" အဝင်ဝတွင် လက်ပိုက်ကာ ခက်ထန်သော အမူအရာဖြင့် ပိတ်ရပ်နေသည့် ဖုမေလင်းဟူသော ကျောင်းသူက အေးစက်စွာ မေးလိုက်သည်။
"ငါတို့က ရှင်းလင်းချက်ပဲ လိုချင်တာပါ။ ကြေညာချက်က ဘာကို ဆိုလိုတာလဲ" ကျိုးရှုချန်းက မေးလိုက်သည်။
"နင်က တစ်တန်းလုံးမှာ စာအတော်ဆုံးကျောင်းသား မဟုတ်ဘူးလား။ နားလည်နိုင်စွမ်းက ဘာလို့ ဒီလောက်တောင် ညံ့ဖျင်းနေရတာလဲ။ အထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်လေ" ဖုမေလင်းက ပြန်ပြောလိုက်သည်။
"ငါတို့ကို ဘယ်လိုလုပ်ပြီး ဒီလိုရက်စက်နိုင်ရတာလဲ။ ဘာအကြောင်းပြချက်နဲ့ ငါတို့ကို ကျောင်းထုတ်မှာလဲ" အထူးဝင်ခွင့်ရကျောင်းသားတစ်ယောက်က အားလုံးကိုယ်စား ဒေါသတကြီး မေးလိုက်သည်။
"ဟုတ်တယ်၊ ဘာလို့လဲ"
"အထူးဝင်ခွင့်ရကျောင်းသားအားလုံး ပြင်ဆင်ထားကြပါဆိုတာ ဘာကို ပြောတာလဲ။ ဘာအတွက် ပြင်ဆင်ရမှာလဲ" အခြားတစ်ယောက်ကလည်း ထပ်မံမေးခွန်းထုတ်သည်။
အထူးဝင်ခွင့်ရကျောင်းသားများသည် ဒေါသတကြီး ဆန္ဒပြကာ အဖြေတောင်းဆိုလျက်ရှိသည်။
"အားလုံး ပါးစပ်ပိတ်ထားစမ်း" ဖုမေလင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"နင်တို့ကို ဒီမှာ ပေးရပ်ထားတာကိုက ငါ နင်တို့ကို မျက်နှာသာပေးထားလို့။ ကျင်းခယ့်အကယ်ဒမီက ပုဂ္ဂလိက အထက်တန်းကျောင်းတစ်ခုပဲ၊ မသင်မနေရ ပညာရေးစနစ်ရှိတဲ့ အစိုးရကျောင်း မဟုတ်ဘူး။ ငါ နင်တို့ကို ထွက်သွားရမယ်လို့ ပြောရင် ထွက်သွားရမှာပဲ။ နင်တို့က ဘယ်လို့အဆင့်အတန်းနဲ့ ငါ့ကို လာမေးခွန်းထုတ်နေတာလဲ။ နင်တို့မှာ ဒီလိုစကားမျိုး ပြောပိုင်ခွင့်ရှိလို့လား"
ထိုစကားကို ကြားရသောအခါ အထူးဝင်ခွင့်ရကျောင်းသားများအားလုံး နှုတ်ဆိတ်သွားကြပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။
[အိုး... ဘုရားရေ။ ဒါကြီးက ရင်နာဖို့ကောင်းလွန်းတယ်]
[ငါ တကယ်ဒေါသထွက်မိတယ်၊ ဒီလို အမှိုက်သရိုက်ကျောင်းက ကျောင်းသားတွေကို ဘာလို့ ဒီလိုမျိုး ဆက်ဆံရတာလဲ]
[အရမ်းသနားဖို့ကောင်းတာပဲ။ သူတို့အားလုံးက ဆယ်ကျော်သက်လေးတွေပဲ ရှိသေးတာ။ ကျောင်းဆိုတာ ဆင်စွယ်မျှော်စင်တစ်ခု ဖြစ်သင့်တာကို အခုတော့ ပိုက်ဆံက အရာရာကို ဆုံးဖြတ်တဲ့ အရင်းရှင်လူ့အဖွဲ့အစည်းရဲ့ ရက်စက်မှုကို ခံစားနေရပြီ။ အနာဂတ်မှာ သူတို့ ဘယ်လိုလူတွေ ဖြစ်လာကြမလဲ]
[ဒါက သူတို့ရဲ့ သိက္ခာကို မြေကြီးပေါ်ချပြီး နင်းခြေလိုက်တာပဲ]
[ယောင်ယောင်ရေ... လူဆိုးတွေကို လာဆုံးမပေးပါဦး!]
[နင်က ဘာလို့ ဆုန်ကျူယောင်ကို ခေါ်နေတာလဲ။ သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုပဲ ကာကွယ်နိုင်တာ။ လူအများကြီးကို ဘယ်လိုလုပ် ကူညီနိုင်မှာလဲ]
ကျိုးရှုချန်းသည် မျက်နှာတစ်ခုလုံး နီမြန်းလာသော်လည်း အလျှော့မပေးဘဲ ပြန်ပြောလိုက်သည်။
"ကျောင်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကျောင်းရဲ့ အောင်ချက်ရာခိုင်နှုန်းကိုတော့ လျစ်လျူမရှုနိုင်ပါဘူး"
"ဟား... ငါတို့က ကျောင်းကို ပြုပြင်ပြောင်းလဲပြီး ကျောင်းသားတိုင်းကို ထိပ်တန်းပညာရေးမျိုး သင်ပေးဖို့ စီစဉ်ထားတာ။ ဒီမှာ ပျင်းရိပျင်းတွဲ အချိန်ဖြုန်းနေမယ့် ကျောင်းသားတွေ ရှိနေတော့မှာ မဟုတ်ဘူး။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ငါတို့ ဆုံးဖြတ်ချက်ကို မထောက်ခံလောက်ဘူးလို့ ထင်နေတာလား။ ကျောင်းရဲ့ အောင်ချက်ရာခိုင်နှုန်းအတွက် အထူးဝင်ခွင့်ရကျောင်းသားတွေ မလိုအပ်တော့တဲ့အချိန်ကျရင် သူတို့က ဒီအထူးဝင်ခွင့်ရကျောင်းသားတွေရဲ့ အဆင်ပြေမှုကို ဂရုစိုက်နေမှာ မဟုတ်ဘူး"
ကျိုးရှုချန်း၏ နှုတ်ခမ်းများ ဖြူဖျော့သွားသည်။
"နင်တို့မှာ ဒါကို ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး"
"ငါတို့မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိမရှိဆိုတာ မကြာခင် မင်းတို့ သိရမှာပါ" လူတိုင်းကို ကျောချမ်းသွားစေမည့် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
ဖုမေလင်းသည် ချက်ချင်းပင် ဘေးသို့ ဖယ်ပေးလိုက်ရာ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ကျင်းယွီကို သူ၏အတွင်းရေးမှူးက ဖြည်းဖြည်းချင်း တွန်းထုတ်လာသည်ကို လူတိုင်း မြင်လိုက်ရသည်။ ကျင်းယွီသည် ဆုန်ကျူယောင်၏ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်မှုကို ခံခဲ့ရသဖြင့် ဒဏ်ရာ အနည်းငယ်ရရှိထားပုံရသည်။ သူသည် လည်ပင်းပတ်ပတ်တီး ဝတ်ဆင်ထားပြီး ညာဘက်ခြေထောက်တွင်လည်း ကျောက်ပတ်တီး စည်းထားသည်။ အမှန်တော့ အထက်တန်းလွှာတို့၏ သိက္ခာကို ထိန်းသိမ်းရန်အတွက် ဆုန်ကျူယောင်ဆီက အရိုက်ခံရသည်ဟု မပြောဘဲ လှေကားပေါ်က ပြုတ်ကျသည်ဟုသာ သူ အကြောင်းပြထားသည်။ သူမလက်ချက်ဖြင့် အရိုက်ခံရသည်ဟု ဝန်ခံမည့်အစား လှေကားပေါ်က ပြုတ်ကျသည်ဟု အပြောခံရခြင်းက ပို၍ သာလွန်သည်ဟု သူ ယူဆထားသောကြောင့်ပင်။ ကျင်းယွီသည် ရုပ်ပျက်ဆင်းပျက် အခြေအနေရှိသော်လည်း ထိုနေရာရှိ မည်သူတစ်ဦးတစ်ယောက်မှ မရယ်မောဝံ့ကြချေ။ ထိုလူငယ်၏ အရှိန်အဝါသည် တော်ဝင်ဆန်နေဆဲဖြစ်ပြီး လူအများကို စိုးမိုးထားနိုင်သည့် ထောင်လွှားသော အရှိန်အဝါများလည်း လျော့ပါးသွားခြင်း မရှိသေးပေ။