no

Font
Theme

အခန်း ၆ စိတ်ဝင်စားတယ်လား???

ထိုအရာက ပေါ့ပေါ့ပါးပါး မေးလိုက်ခြင်းပင်။

လဲ့ကျစ်က ခေါင်းခါပြီး တိုးတိုးလေး ပြန်မေးလိုက်သည်။

“ကျွန်မ အရှေ့နန်းတော်ကို လျှောက်ကြည့်လို့ ရမလား”

“ရတယ်”

ဟော်တူ တည်တည်ငြိမ်ငြိမ် ထပ်ပြောလိုက်သေးသည်။

“ကိုယ်ကလွဲရင် မင်းက ဒီအရှေ့နန်းတော်မှာ အကြီးဆုံးပဲ၊ အဲဒါကို မင်းနားလည်လား?"

လဲ့ကျစ်က အံသြဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“သခင်တစ်ယောက်လို ပြုမူ... အစေခံတစ်ယောက်စီကတောင် အနိုင်ကျင့်ခံရတာက..."

သူက စီရင်ချက်၏ ဒုတိယပိုင်းကို ဆက်မပြောတော့ပေ။ သို့သော် လဲ့ကျစ်က သူ့မျက်လုံးများထဲတွင် ရှိနေသည့် သရော်လှောင်ပြောင်မှုမှတဆင့် သူ ဘာပြောသည်ကို ခန့်မှန်းနိုင်သည်။

‘အစေခံကတောင် အနိုင်ကျင့်နိုင်ရင် အဲ့လူက အမှိုက်ပဲ....’

လဲ့ကျစ်က သူမနှုတ်ခမ်းကို ဖိကာ လှည့်ထွက်လာခဲ့သော်လည်း ဟော်တူက သူမကို ထပ်တားရန် လှမ်းအော်လိုက်သည်။ သူမ ကုတင်ဘက်သို့ ကြည့်လိုက်ရာ ဟော်တူက သူ့ဘေးနားရှိ ထော့ကျိုးလေးဟော်၏ နားရွက်ကို ညင်သာစွာ ညှစ်ရန် သူ့လက်ကို မြှောက်ထားမှန်း မြင်လိုက်ရသည်။ သူက ထော့ကျိုးလေးဟော်ကို နားရွက်မ ဆွဲမကာ ဟု ရွံရှာဟန်ဖြင့် ပြောလာခဲ့သည်။

“ယူသွားတော့”

တစ်စုံတစ်ယောက်က သူ့နားရွက်ကို ညှစ်နေသောကြောင့် ထော့ကျိုးလေးဟော်က စိတ်မသက်မသာ အော်ဟစ်လိုက်ပြီး ဟော်တူ၏လက်ကို ကုတ်ရန်အတွက် ကြောင်ခြေသည်းနှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ သို့သော် သူ့ခြေသည်းလေးများက တိုလွန်းပြီး ဟော်တူ၏ လက်ချောင်းများကို မထိနိုင်ဘဲ လေထဲတွင်သာ နှစ်ကြိမ်လောက် ဝဲသွားခဲ့သည်။

လဲ့ကျစ်က အလျင်စလို တုံ့ပြန်လိုက်ပြီး ထော့ကျိုးလေးဟော်ကို ကယ်တင်ကာ သူမလက်ထဲ၌ ပွေ့ထားလိုက်သည်။ ထော့ကျိုးလေးဟော်က လဲ့ကျစ်၏လက်နှစ်ဖက်အတွင်းမှ သူ့၏ခေါင်းလုံးလုံးလေးကို ထုတ်ထားပြီး ဟော်တူကို မကျေမနပ် ဆက်အော်နေသည်။

ဟော်တူက ပျင်းရိစွာဖြင့် သူ့မျက်ခွံများစကို တစ်ချက်ပင့်ကြည့်လိုက်သည်။

‘အိုး၊ အသိတရားမရှိတဲ့ ကြောင်မိုက်လေး’

......။........။.....

ချီတိုင်းပြည်က မြောက်ဘက်တွင် တည်ရှိသောကြောင့် ဆောင်းရာသီတွင် အလွန်အေးသည်။ နှင်းများ ဆက်တိုက်ကျလာပြီး ဘယ်တော့မှ ရပ်တန့်သွားမည့်ပုံ မပေါ်ချေ။ မြေပြင်ပေါ်ရှိ ဆီးနှင်းများ တိုးသထက်တိုးလာလေသည်။

လဲ့ကျစ်က လီယောင်ကို သူမနောက်သို့ လိုက်ခွင့်မပေးဘဲ ထူထဲသော မြေခွေးသားမွေးများပါသည့် အပေါ်ရုံကို ရစ်ပတ်ကာ ထော့ကျိုးလေးဟော်ကို သူမ၏ရင်ခွင်ထဲ၌ ပွေ့ကိုင်ထားရင်း ကျယ်ဝန်းသော ခြံဝင်းထဲတွင် ဦးတည်ရာမဲ့ လှည့်လည်သွားလာနေခဲ့သည်။ သူမ၏ ချည်သားဖိနပ်များက နှင်းများပေါ်သို့ နင်းလိုက်တိုင်း မြည်သံများ ထွက်ပေါ်နေသည်။

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် လဲ့ကျစ်၏လက်များ နာကျင်လာသည်။ သူမက လက်နှစ်ဖက်ကို မြှောက်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"နင်က ဒီလောက် လေးမှန်း ငါ မသိခဲ့ဘူး"

ထော့ကျိုးလေးဟော်က သူမ ပြောနေသည့်စကားကို နားလည်ပုံရပြီး သူမ၏လက်ဖဝါးကို သူ၏ခေါင်းဝိုင်းဝိုင်းလေးဖြင့် တိုး‌ဝှေ့လိုက်သည်။

ဤကြီးမားလှသော အရှေ့နန်းတော်ကို နန်းဆောင်များဖြင့် ဝန်းရံထားသော်လည်း နန်းတော်တွင် အစေခံများ၊ မိန်းမစိုးများနှင့် အစောင့်အကြပ်များ မရှိပေ။

လဲ့ကျစ်က လမ်းလျောက်နေရင်း မောပန်းလာပြီး ဇီးပင်တစ်ပင်ဘေးရှိ ကျောက်သားအဆောင်လေးတွင် ဝင်ထိုင်ကာ အနားယူနေလိုက်သည်။ သို့သော် သူမ ထိုင်ပြီးသည်နှင့် အဝေးမှ ထွက်လာသည့် ခြေသံနှင့် တီးတိုးပြောသံများကို ကြားလိုက်ရသည်။

"ကျွန်တော် ဘာလုပ်ရမလဲ! ကိုယ်ရံတော်အန်းက တကိုယ်လုံး သွေးထွက်နေပြီး သူ့ဘဝရဲ့ တဝက်လောက်တော့ သွားပြီ”

"ဘာဖြစ်တာလဲ? ကိုယ်ရံတော်အန်းက ဘာလို့ ရုတ်တရက် အပြစ်ပေးခံရတာလဲ”

“ထိုက်ဇီဖေးကို စော်ကားတဲ့ အစေခံအုပ်စုနဲ့ တစ်ခုခုတော့ ပတ်သက်နေပုံရတယ်၊ မဟုတ်ရင် အရှင့်သားက ဘာလို့ သူတို့ကို အပြစ်ပေးရတာလဲ"

"မင်းရဲ့အသံကို လျော့ပြော၊ စကား ပြောတဲ့အခါ သတိထားလေ၊ ကိုယ်ရံတော်အန်းအတွက် ဆေးဝါးရဖို့ နည်းလမ်းရှာနိုင်ရင် ပိုကောင်းလိမ့်မယ်”

ကျောက်သားအဆောင်ကို ပိတ်ကွယ်နေသည့် ဇီးသီးနီပင်များ အများအပြား ရှိနေခဲ့ပြီး အစောင့်များက ကျောက်သားအဆောင်ကို သတိမထားမိခဲ့ကြချေ။ သူတို့ နီးကပ်လာသည့်အချိန်အထိ လဲ့ကျစ်ကို မတွေ့ကြသေးပေ။ သူမကို ရုတ်တရက် တွေ့လိုက်မှ ဒူးထောက်အရိုအသေပေးလိုက်ကြပြီး သူတို့အားလုံး ကြောက်ရွံ့တုန်လှုပ်နေကြသည်။ သူတို့၏ အသံကပင် ထိန်းမနိုင် သိမ်းမရ ထိတ်လန့် တုန်ခါနေလေသည်။

ယခုအခါ အရှေ့နန်းတော်ရှိ လူတိုင်းက သူမအား ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူနေကြပုံရကြောင်း နားလည်လိုက်ပြီး လဲ့ကျစ်တစ်ယောက် သက်ပြင်းချလိုက်ပြန်သည်။ သူမက သူတို့ကို ထခိုင်းလိုက်ပြီး မေးမြန်းလိုက်သည်။

“ကိုယ်ရံတော်အန်းရဲ့ ဒဏ်ရာက အရမ်းပြင်းထန်နေတာလား”

ထိုစကားကို ကြားနေရသည့်တိုင် အစောင့်သုံးယောက်က ဖြူဖျော့ဖျော့မျက်နှာဖြင့် သူမကို စိတ်ပျက်လက်ပျက် ပြန်ကြည့်နေကြပြီး စကားမပြောရဲကြပေ။

လဲ့ကျစ်က သူတို့ကို အတင်းအကြပ် ဖိအားမပေးတော့ဘဲ ထပ်ပြောလိုက်သည်။

“သွား... ဆေးသွားယူလိုက်၊ တစ်ယောက်ယောက်က မေးရင် ငါကလို့ ပြောလိုက်”

အစောင့်များက အနည်းငယ် ထိတ်လန့်သွားပြီးမှ ခေါင်းညိတ်ပြကာ ဝမ်းသာအားရ ကျေးဇူးတင်နေကြသည်။ ထို့နောက် ဆေးယူရန် အမြန်ထွက်သွားကြသည်။

အရှေ့နန်းတော်တွင် သခင်က သဘောမတူပါက အပြစ်ပေးခံရသူများကို ကုသပေးမည် မဟုတ်ပေ။ ယခု ထိုက်ဇီဖေး၏အမိန့်ဖြစ်နေသောကြောင့် ကိုယ်ရံတော်အန်းကို ကယ်တင်နိုင်တော့မည့်ပုံရသည်။

“ပြန်ကြရအောင်”

လဲ့ကျစ်က ခေါင်းငုံ့ကာ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ မြေခွေးသားမွေးဝတ်ရုံကို တင်းတင်းကျပ်ကျပ် စေ့လိုက်ပြီး ထော့ကျိုးလေးဟော်အား လေအေး မတိုက်စေရန် ကြိုးစားလိုက်သည်။

သို့သော် သူမ ထွက်လာပြီး သိပ်မကြာခင်မှာပင် လီယောင် ပြေးလာသည်ကို သူမ တွေ့လိုက်ရသည်။

“သခင်မ၊ ဘုရင်မင်းမြတ်က နန်းတော်သို့ ပြန်ရောက်တော်မူပါပြီ”

လီယောင်က အနည်းငယ် အသက်ရှူချောင်သွားဟန်ဖြင့် ထပ်ပြောလာပြန်သည်။

“ဒီနေ့ည ဘုရင်မင်းမြတ်က ရိလဲ့ခန်းမမှာ ဂုဏ်ပြုစားပွဲ ကျင်းပမယ်တဲ့၊ အရှင်သားထိုက်ဇီနဲ့ ထိုက်ဇီဖေး အတူတူ တက်ရောက်ရမယ်လို့ နှုတ်အမိန့်ကို သတင်းပေးပို့လိုက်ပါတယ်”

လဲ့ကျစ်က မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်လိုက်သည်။

‘နောက်ဆုံးတော့ ပြန်လာပြီပေါ့.... ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန်ဆိုသလို ပြန်လာမှာပါပဲ။’

ထော့ကျိုးလေးဟော်ကို သူ၏နွေးထွေးသော အခန်းထဲသို့ ပြန်ပို့ပြီးနောက် လဲ့ကျစ်လည်း အိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

ဟော်တူကတော့ အိပ်ပျော်နေဆဲပင်။

သို့သော် သူက စောင်၏ ထောင့်စွန်းလေးကိုသာ သူ့ခါးပေါ်သို့ လွှမ်းခြုံထားပြီး အဝတ်ပါးပါးလေးသာ ဝတ်ဆင်ထားသည်။

လဲ့ကျစ်က သူ့လက်ဖမိုးကို လှမ်းထိလိုက်ပြီး နွေးထွေးမှု အရိပ်အယောင် မတွေ့ရပေ။

နန်းတော်ပွဲအတွက် စောနေသေးသောကြောင့် လဲ့ကျစ်က သူ နည်းနည်းကြာကြာ ထပ်အိပ်နိုင်မည်ဟု တွေးကာ သူ့ကို မနှိုးဘဲ နေလိုက်သည်။ သူမက စောင်ကို လှန်ပြီး သူ့ကို ခြုံပေးလိုက်သည်။ ထို့နောက် ရေချိုးခန်းသို့သွားကာ ခမ်းနားထည်ဝါသော နန်းတော်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ရန် ပြင်ဆင်နေခဲ့သည်။

အမှန်တကယ်တွင် ဟော်တူက အမြဲတမ်း အအိပ်ဆက်သူဖြစ်ပြီး လဲ့ကျစ် ကုတင်အနီးသို့ ရောက်လာကတည်းက သူ နိုးနေခဲ့ခြင်းပင်။ သို့သော် သူမ သူ့ကို စောင်ဖြင့် အုပ်ပေးပြီး လှည့်ထွက်သွားသည်အထိ သူ့မျက်လုံး မဖွင့်ခဲ့ပေ။

သို့တိုင်အောင် လဲ့ကျစ်၏ ပါးလွှာသွယ်လျသော နောက်ကျောကို သူ့မျက်လုံးအောက်ခြေမှ ထင်ရှားစွာ မြင်နေရသည်။ ဟော်တူ၏ မျက်နှာတွင် ဘာအမူအရာမှ ထုတ်ဖော်မပြသခဲ့သော်လည်း သူ့နှလုံးသားထဲတွင် သံသယများ ပြည့်နှက်နေခဲ့သည်။

မကြာခင်မှာပင် လဲ့ကျစ်က အနီရောင်တောက်တောက် ပြောင်လက်နေသည့် နန်းတော်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားပြီး အထူး ဆင်မြန်းရန် ရွှေဆံညှပ်ကို ရွေးချယ်ထားသည်။ သူမက သူမကိုယ်သူမ အလှဆုံးဖြစ်နေစေရန် ခမ်းနားထည်ဝါစွာ ၀တ်စားဆင်ယင်ထားသည်။ ဟော်တူက သူမ ထွက်လာတာကို မြင်သွားပြီး သူ့မျက်လုံးများ မည်းမှောင်သွားကာ ခေါင်းကို အမြန် ပြန်လှည့်လိုက်သည်။

"အရှင့်သား နိုးပြီလား"

လဲ့ကျစ်က ကုတင်နားသို့ ချဉ်းကပ်သွားသည်။

ဟော်တူက ပေါ့ပေါ့ပါးပါး ညည်းသံဖြင့် တုံ့ပြန်လိုက်သည်။

“အရှင့်သား… ခမည်းတော်က နန်းတော်မှာ ဧည့်ခံပွဲတစ်ခု ပြုလုပ်မှာမို့ အခမ်းအနားကို တက်ရောက်ရမယ်လို့ အမိန့်ပေးခဲ့ပါတယ်”

လဲ့ကျစ်က အပြုံးဖြင့် သူမလက်ကို ဆန့်ထုတ်ရင်း ထပ်ပြောလိုက်သည်။

"အရှင့်သား ထနိုင်အောင် ကျွန်မ ကူညီပေးပါ့မယ်"

ဟော်တူက သူမ၏ ကျောက်စိမ်းလက်ဖဝါးကို ကြည့်ရင်း အံ့အားသင့်နေပြန်သည်။

‘သေချာတာက သူ မနေ့ညက သူမ လက်ကို တမင်လိမ်ခဲ့ပြီး သူမ သေလောက်အောင် ကြောက်နေပုံရတယ်။ အခု သူမ သူ့ကို ထပ်ခါထပ်ခါ ချဉ်းကပ်ဖို့ ဘယ်လို သတ္တိရှိလာတာလဲ။ ဟော်ရှအတွက်ဆိုရင် ဒါက အရမ်းကို အရှက်ရစရာ မဟုတ်ဘူးလား။’

သူမမှာ ဒီလို သရုပ်ဆောင်စွမ်းရည်တွေရှိနေတာကို ပြဇာတ်ရုံ မသွားနိုင်တာ စိတ်မကောင်းစရာပဲ။ သူမခေါင်းထဲမှာ ဘာတွေရှိနေလဲဆိုတာကို သိဖို့ သူ သူမခေါင်းကို ခုချက်ချင်း ရိုက်ခွဲချင်နေပြီ။

ဘာပဲဖြစ်ဖြစ် ဒါက သူရဲ့ အတွေးတစ်စပါပဲ။

တကယ်က ခေါင်းကွဲတာက အလှလေးအတွက် မကောင်းဘူး...ရုပ်ဆိုးသွားလိုက်မယ်။’

သူက မငြင်းဆန်ဘဲ ပြုံးပြနေပြီး သူ့လက်ကို သူမလက်ဖဝါးပေါ်သို့ တင်ပေးလိုက်သည်။ လဲ့ကျစ်က ကျောက်စိမ်းဖြူတုတ်ကောက်ကို သူ့ဆီ လှမ်းပေးလိုက်သည်။

"ကျွန်မ အရှင် ရေချိုးဖို့ အလုပ်အကျွေးပြုပေးရမလား"

"မလိုဘူး"

ဟော်တူက သူမကို ရိုးရှင်းစွာ ငြင်းဆိုလိုက်သည်။

လဲ့ကျစ်က ကုတင်ပေါ်တွင် ထိုင်ကာ သူ့ကို စောင့်နေခဲ့သည်။ ခဏအကြာတွင် ဟော်တူက ရွှေရောင်နှင့်အဖြူရောင်အဆင်များပါသော သာမန်နန်းတော်အဝတ်အစားကို ပြောင်းလဲဝတ်ဆင်လာခဲ့သော်လည်း ၎င်းက သူ့ကိုယ်ပေါ်တွင် သာမန်မျှ မဟုတ်တော့ပေ။

သေမျိုးများက အဝတ်အစားများကို အားကိုးကြသော်လည်း လက်ရှိအချိန်တွင် ထိုသို့မဟုတ်ပေ။ ဟော်တူအတွက် အဝတ်အစားက လူအပေါ် အနည်းငယ် မှီခိုနေရသည့် ခံစားချက်မျိုး ရှိနေခဲ့သည်။

လဲ့ကျစ်က သူ့အနီးသို့ ထလာလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အနည်းငယ်ရှုံ့တွနေသော ကော်လာကို ပြင်ပေးရန် သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။

"ကိုယ်ရံတော်အန်းရဲ့ ဒဏ်ရာက အရမ်းပြင်းထန်တယ်လို့ ကျွန်မ သိလိုက်ရတယ်၊ အဲဒါကြောင့် ကျွန်မဘာသာ ဆုံးဖြတ်ချက်ချလိုက်မိတယ်၊ သူ့ကို ဆေးနည်းနည်းပေးလိုက်တယ်၊ အဲ့အတွက် အရှင့်သားက ကျွန်မကို အပြစ်တင်မှာလား”

ထိုစကားကို ကြားရချိန်တွင် ဟော်တူက သူမကို ပြန်မဖြေဘဲ ပြုံးနေခဲ့သည်။ ခဏအကြာတွင်မှ သူက မေးလာပြန်သည်။

"မင်းက အန်းရွှယ်ကို စိတ်ဝင်စားနေတာလား?"

ကော်လာပေါ်ရှိ လက်က ရပ်တန့်သွားပြီး လဲ့ကျစ်က ပြုံးနေသော်လည်း တကယ်မပြုံးသော မက်မွန်ပွင့်မျက်လုံးတစ်စုံကို ကြည့်ရန် သူမ မျက်လုံးများကို မော့ထားလိုက်သော်လည်း သူမ ထိတ်လန့်နေမိသည်။ နောက်ဆုံးတွင် သူမက သူမ၏နှုတ်ခမ်းလေး တွန့်ကွေးသွားသည်အထိ တောက်ပစွာ ပြုံးလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"ဒါက အဲ့လောက်ထိ မဟုတ်ပါဘူး.. ပြောရရင်တော့ အိမ်ကို ချစ်လို့ ကျီးကန်းတွေကို ချစ်တာပါ"

(အိမ်ကို ချစ်လို့ ကျီးကန်းကို ချစ်တယ်* – လူတစ်ယောက်ကို ချစ်ရင် သူနဲ့ပတ်သတ်တဲ့ အရာအားလုံးကို ချစ်တယ်လို့ ပြောချင်တာပါ)

ဤတစ်ကြိမ်တွင်တော့ ဟော်တူ၏ မျက်နှာက အမှန်တကယ် ရိုးရိုးသားသား ပြုံးနေခဲ့သည်။

‘အလှလေးက အန္တရာယ်များတယ်ဆိုရင် ထက်မြက်တဲ့အလှလေးက ပိုပြီး အန္တရာယ်များတယ်....

ဒါပေမယ့်......

အဲ့လိုဆိုရင်ရော.... ဘာဖြစ်သေးလဲ...’

ဟော်တူက သူ၏နှလုံးသားထဲတွင် ပထမဆုံးအကြိမ်အဖြစ် ဤမျှ စိတ်ဝင်စားစရာကောင်းသောလူကို သူ့ထံ ပေးပို့ခဲ့သော သူ၏ညီတော်ကို ကျေးဇူးတင်ကြောင်း ပြောကြားနေခဲ့သည်။

‘စိတ်ဝင်စားစရာကောင်းတယ်..... အရမ်းပျော်စရာကောင်းတယ်...’

#######

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

အန်းရွှယ်: “......”

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment