no

Font
Theme

အခန်း ၄၃ ကသိကအောက်

လေအေးများ တိုးဝှေ့တိုက်ခတ်နေပြီး ကောင်းကင်ယံမှ နှင်းမှုန်များကလည်း တစ်စစ ကြွေကျလာနေပြီ ဖြစ်သည်။ မိုးချုပ်စပြုပြီဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ရိပ်သန်းစပြုလေပြီ။

လင်းယွိရှန့်က ရှေ့မှ လမ်းပြနေသော အစေခံနောက်သို့ လိုက်ပါလာရင်း ထိုက်ဇီအိမ်တော်၏ ပင်မခန်းမဆောင်ဆီသို့ လှမ်းဝင်လာခဲ့သည်။ သူမ၏ နှလုံးခုန်သံက ဗုံတီးနေသကဲ့သို့ ကျယ်လောင်လွန်းလှပြီး ခန္ဓာကိုယ်ပေါ်မှ ပန်းရောင်ဖျော့ဖျော့ အပေါ်ရုံအင်္ကျီလေးကို ခပ်တင်းတင်း ဆွဲစေ့လိုက်မိသည်။

စံအိမ်တော်အပြင်ဘက်မှာ ရှိနေစဉ်က သူမ၏ နှလုံးသားထဲတွင် သတ္တိများ အပြည့်ရှိနေခဲ့သော်လည်း အိမ်တော်ထဲသို့ ခြေလှမ်းလှမ်းဝင်လိုက်သည်နှင့်တပြိုင်နက် သူမ၏ နှလုံးသားက လည်ချောင်းထဲအထိ ခုန်တက်လာမတတ် ကြောက်ရွံ့တုန်လှုပ်နေမိသည်။ သို့သော် လင်းယွိရှန့် မည်မျှပင် ကြောက်ရွံ့နေပါစေ မရှက်နိုင်တော့ပေ။

‘ငါ ဒီအထိ ရောက်နေပြီဆိုမှတော့ ငါ့ရင်ထဲက ခံစားချက်အားလုံးကို ထုတ်ဖော်ရမှာပဲ။ ပြီးတော့ အစ်ကိုတော်ထိုက်ဇီက ငါကို မတွေ့ချင်ပေမယ့် နောက်ဆုံး သူ ငါ့ကို ခေါ်ဆောင်ဖို့ တစ်စုံတစ်ဦးကို စေလွှတ်လိုက်တာပဲ မဟုတ်ဘူးလား၊ ဒါက ကောင်းမွန်တဲ့ စတင်ခြင်းတစ်ခု ဖြစ်မှာပါ'’

ဤသို့တွေးလိုက်မိချိန်တွင် သူမ၏ မျက်နှာပေါ်၌ ချိုမြိန်လွန်းသော အပြုံးတစ်ခု ပေါ်လာပြီး ခန်းမဆောင်ထဲသို့ အားတင်းကာ ဝင်ရောက်သွားသည်။

ခန်းမထဲတွင် ဟော်တူကို တွေ့လိုက်ရသည်။ သူက အစိမ်းရင့်ရောင် ကြာပန်းများနှင့် ခရမ်းရောင်စိန်ပုံစံများ ပန်းထိုးထားသည့် ပိုးထည်ဝတ်စုံကို ခမ်းနားစွာ ဝတ်ဆင်ထားသည်။ အင်္ကျီလက်ဝများတွင်လည်း သဘာဝရှုခင်းပုံများကို သေသပ်လှပစွာ ပန်းထိုးထားပြီး ခါးတွင်ဝတ်စုံနှင့် အရောင်တူသည့် ကျောက်စိမ်းခါးချိတ်လေးကို ချိတ်ဆွဲထားသည်။

သူ့ကို ကြည့်ရသည်က ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ဖြူစင်အေးစက်သော အသွင်အပြင်က လူအများကြားတွင် အလှမ်းကွာဝေးနေသကဲ့သို့ ခံစားရစေသည်။

လင်းယွိရှန့်က လေးလေးစားစား အရိုအသေပြုလိုက်ကာ နှုတ်ဆက်လိုက်သည်။

“ကျွန်မ လင်းယွိရှန့်ပါ၊ အရှင့်သားထိုက်ဇီကို ဂါရဝပြုပါတယ်”

လင်းယွိရှန့်က ဤယဉ်ကျေးပျူငှာသော ကျင့်ဝတ်များနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဟော်တူ၏ရှေ့တွင် သူမ အကောင်းဆုံး မလုပ်ဆောင်နိုင်ဟု အမြဲလိုလို ခံစားခဲ့ရသည်။ သူမက အောက်နှုတ်ခမ်းကို ဖိကိုက်ထားရင်း နီမြန်းနေသော မျက်နှာလေးကို မော့ကာ ဟော်တူ၏ မျက်လုံးများကို သေချာစိုက်ကြည့်နေမိသည်။

စက္ကန့်အနည်းငယ်မျှ ကြာသောအခါ သူမ၏ရင်ထဲမှ နှလုံးခုန်သံက ပိုမိုပြင်းထန်လာပြီး အသက်ရှူပင် ရပ်သွားပြီဟု ထင်မှတ်နေမိသည်။ ယခင်က သူမ သူ့ကို အဝေးကသာ ငေးကြည့်နိုင်ခဲ့သော်လည်း ယခု သူမတို့နှစ်ဦးကြားရှိ အကွာအဝေးက အနီးကပ်ဆုံးသို့ ရောက်နေပြီဖြစ်သည်။ သူ၏ ကြည်လင်နေသော မျက်နှာနှင့် ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်ပုံစံမျက်ဝန်းအစုံက သူမ၏ မျက်လုံးများထဲတွင် ထင်ရှားစွာ ပုံရိပ်ထင်နေသည်။

လင်းယွိရှန့်က မျက်တောင်ပင် မခတ်ဘဲ သူ့ကို ဤအတိုင်း ဆက်ကြည့်နေနိုင်ရန် လောဘတကြီး မျှော်လင့်နေမိသည်။ ဤအခိုက်အတန့်တွင် သူမက အချစ်မဝနိုင်သော ကြောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေရှာသည်။

ဟော်တူက သူ၏ မျက်ဝန်းများကို ပျင်းရိဟန်ဖြင့် ပင့်တင်လိုက်ပြီး လင်းယွိရှန့်က သူ့ထံမှ စူးရှသော အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။ ဘာခံစားချက်မှ ရှာမတွေ့နိုင်သော ထိုအကြည့်များက သူမ၏ နှလုံးသားကို နာကျင်စေသည်။ သူမ လုပ်နိုင်သည်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားရန်သာ ရှိတော့သည်။

“ကျေးဇူးပြုပြီး... ကျွန်မရဲ့ ရင်ထဲက စကားလေးတွေကို ပြောခွင့်ပြုဖို့ အရှင့်သားကို အသနားခံပါရစေ၊ ခွင့်ပြုနိုင်မလားဟင်”

ဟော်တူက ဘာစကားမှ ပြန်မပြောသလို မျက်လုံးတစ်ချက်ပင် မလှုပ်ပေ။ လင်းယွိရှန့်ကတော့ သူ သူမကို အာရုံစိုက်နေသည်ဟု ထင်မှတ်သွားပြီး အသက်ကို ပြင်းပြင်းရှူကာ ဆက်ပြောနေခဲ့သည်။

“ကျွန်မ... ကျွန်မက အရှင့်သားကို သဘောကျနေတာ ကြာပါပြီ၊ ဒါကြောင့် ဒီနေ့ ဒီကို ရဲရဲဝံ့ဝံ့ လာခဲ့ပြီး အရှင့်သားကို မေးချင်တာက... ဘာကြောင့် ဧကရာဇ်မင်းမြတ် အပ်နှင်းလိုက်တဲ့ ဒီအိမ်ထောင်ရေးကို ငြင်းပယ်ခဲ့တာလဲဆိုတာပါပဲ၊ အရှင့်သားက ယွိရှန့်အပေါ် မကျေနပ်တာရှိရင် ကျွန်မကို အခွင့်အရေးတစ်ခုလောက် ပေးဖို့ တောင်းဆိုပါရစေ၊ ကျွန်မက အရှင့်သားအတွက် ပြောင်းလဲပေးဖို့ အဆင်သင့်ရှိပါတယ်”

သူမ၏စိတ်လှုပ်ရှားမှုများကြောင့် လင်းယွိရှန့်၏ အသံက တုန်ယင်နေပြီး သူမ၏ နူးညံ့ပျော့ပျောင်းသော လေသံထဲတွင် ချစ်ခင်စုံမက်မှုများအပြင် ဖုံးကွယ်၍မရသော ထိတ်လန့်မှုများလည်း ပြည့်နှက်နေသည်။

ဘေးတွင် ရပ်နေသော ကိုယ်ရံတော်အန်းရွှယ်က ဤကဲ့သို့ မိန်းကလေးတစ်ဦး၏ ဝန်ခံမှုကို ကြည့်ရင်း သူ့၏အရှင့်သားထိုက်ဇီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက အရှင့်သားနောက်သို့ အချိန်အတော်ကြာ လိုက်ပါလာခဲ့သူဖြစ်ပြီး ဤအမူအရာက ဘာကိုဆိုလိုမှန်း ကောင်းစွာ သိရှိနေသည်။

'အရှင့်သားရဲ့ မျက်လုံးတွေက လင်းယွိရှန့်ဆီမှာ ရှိနေသလို ထင်ရပေမယ့်... တကယ်တမ်းတော့ သူ့စိတ်တွေက တခြားနေရာကို လွင့်စင်နေတာပဲ။ လင်းယွိရှန့်ရဲ့ အသည်းနှလုံးက လာတဲ့ စကားတွေကို အရှင့်သား ကြားနေမှာတောင် မဟုတ်ဘူး'

ဘေးတွင် ရပ်နေသော အန်းရွှယ်က ဘာစကားမှ ဝင်မပြောနိုင်သောကြောင့် တိတ်တဆိတ်သာ ရပ်နေခဲ့သည်။ သူ၏နှလုံးသားထဲတွင်တော့ လင်းယွိရှန့်အတွက် သနားစဖွယ် ငိုကြွေးပေးနေမိသည်။

(T/N: ရှောင်အန်းရွှယ်က လင်းယွိရှန့်အတွက် မျက်ရည်နှစ်စက်တဲ့)

ဟော်တူက အမှန်တကယ် စိတ်လွင့်နေခဲ့ခြင်း ဖြစ်သည်။ လဲ့ကျစ်က သူ့နားနားသို့ ကပ်လျက် "အစ်ကိုတော်ထိုက်ဇီ" ဟု ခေါ်လိုက်သည့် အသံချိုချိုလေးက သူ့နှလုံးသားကို ယခုထက်တိုင် တုန်လှုပ်နေစေသည်။ ထိုအသံကြောင့် သူ ယခုအချိန်အထိ သူ့စိတ်ကို တည်ငြိမ်အောင် မနည်း ပြန်ထိန်းနေရသည်။

ယခင် ခန်းဆီးနောက်ကွယ်တွင် ရှိနေစဉ် ဤကဲ့သို့သော မြှောက်ပင့်စကားသံမျိုးကို သူ ကြားဖူးခဲ့သော်လည်း ထိုစဉ်က ဟော်တူတစ်ယောက် ရွံရှာလွန်းသဖြင့် တုန်ယင်မိသည်အထိ ငြီးငွေ့ခဲ့ဖူးသည်။ သို့သော် ယနေ့ လဲ့ကျစ်၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော ထိုအခေါ်အဝေါ်ကို ကြားလိုက်ရချိန်တွင်တော့ သူကိုယ်တိုင် အံ့ဩသွားမိသည်။

'အစ်ကိုတော်' နှင့် 'ထိုက်ဇီ' ဟူသော စကားလုံးနှစ်ခု ပေါင်းစပ်သွားသည့်အခါ ဤမျှအထိ နားထောင်လို့ ကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

'အစ်ကိုတော်ထိုက်ဇီ...'

‘အစ်ကို အားရှထက် အများကြီး နားထောင်လို့ ကောင်းတယ်’

လဲ့ကျစ်၏ နှုတ်ဖျားက ထွက်ပေါ်လာသော လေနွေးနွေးလေးက ဟော်တူ၏ နားရွက်များကို ညင်သာစွာ ပွတ်သပ်သွားသကဲ့သို့ ခံစားရစေပြီး သူ့နားရွက်ထိပ်လေးများပင် အနည်းငယ် ပူထူသွားရသည်။

“အဟမ်း... အဟမ်း...”

ဘေးမှ အန်းရွှယ်က ဟော်တူ သတိပြန်ဝင်လာစေရန် ရည်ရွယ်ပြီး တမင်တကာ ချောင်းဆိုးလိုက်သည်။ ထိုအခါမှ ဟော်တူ သတိပြန်ဝင်လာပြီး ရှေ့တွင်ရှိနေသော လင်းယွိရှန့်ကို လှမ်းကြည့်လိုက်သည်။ သူမ ခုန ဘာတွေပြောသွားသည်ကို လုံးဝ မကြားလိုက်ရပေ။ သူမ၏ နှုတ်ခမ်းများ လှုပ်ရှားနေသည်ကိုသာ သူ ဝေဝေဝါးဝါး မြင်လိုက်ရသည်။

'ဆူညံလွန်းတယ်...'

နောက်ဆုံးအကြိမ် တွေ့ဆုံစဉ်က လဲ့ကျစ်ကို စော်ကားမော်ကား ပြောဆိုခဲ့သည့် စကားလုံးများက လင်းယွိရှန့်၏ ပါးစပ်မှ ထွက်ကျလာခဲ့သည်ကို ဟော်တူ မမေ့သေးပေ။ သူ၏ နက်မှောင်သော မျက်ဝန်းအစုံတွင် နှင်းခဲအလွှာများကဲ့သို့ အေးစက်မှုများ တဖြည်းဖြည်း ဖုံးလွှမ်းလာသည်။

ဟော်တူက မျက်ခုံးများကို တင်းတင်းကြပ်ကြပ် ပင့်တင်လိုက်ရာ သူ၏ အေးစက်သော မျက်လုံးများထဲတွင် လူသတ်လိုသည့် အရိပ်အယောင်များ စွန်းထင်းလာတော့သည်။ သို့သော် သူက ယိမ်းယိုင်နေသော နှလုံးသားကို ပြန်လည်ထိန်းချုပ်ကာ လူသတ်လိုသည့်ဆန္ဒကို အတင်းအကျပ် နှိမ်နှင်းလိုက်သည်။

'သူမကို သတ်လိုက်ရင်လည်း ဘာအကျိုးအမြတ်မှ ရှိမှာမဟုတ်ဘူး။ ဒါက အလုပ်မဖြစ်ဘူး။ သည်းခံရမယ်... ငါ သည်းခံမှဖြစ်မယ်'

“မင်းက လင်း...”

ဟော်တူက သူမ လင်းမိသားစုမှ ဖြစ်ကြောင်း သိထားသဖြင့် နာမည်ခေါ်ရန် ပါးစပ်ဟလိုက်သော်လည်း သူမ၏ အမည်ကို လုံးဝ မမှတ်မိတော့ပေ။ ဟော်တူ၏ အေးစက်သောအသံကို ကြားလိုက်ရရုံဖြင့် လင်းယွိရှန့်က အလွန်ပျော်ရွှင်သွားပြီး အလောတကြီး ဝင်ပြောလိုက်သည်။

"အစ်ကိုတော်ထိုက်ဇီ...အရှင့်သား ၊ ကျွန်မရဲ့နာမည်က ယွိရှန့်ပါ"

"လင်းယွိရှန့်"

ဟော်တူက ခပ်ယောင်ယောင် ရယ်မောလိုက်ပြီး ထပ်မေးလိုက်သည်။

“ထိုက်ဝေလင်းချီ ရဲ့ သမီးလား”

လင်းယွိရှန့်က ရှက်ရွံ့စွာဖြင့် ခေါင်းလေးငုံ့ကာ တိုးတိုးလေး ပြန်ထူးလိုက်သည်။ ထိုအချိန်တွင် ဟော်တူ၏ နှုတ်ဖျားမှ ပြတ်သားသော စကားသံများ ထွက်ပေါ်လာသည်။

“အဲ့ဒီလို သိမ်ဖျင်းတဲ့ အပြုအမူတွေ၊ အမြင်ကျဉ်းတဲ့ အတွေးအခေါ်တွေနဲ့ ကိုယ့်ခံစားချက်ကိုတောင် မထိန်းချုပ်နိုင်တာက တာ့ချီရဲ့ မြင့်မြတ်တဲ့ မိန်းကလေးတွေမှာ ရှိသင့်တဲ့ပုံစံလား”

သူ၏ လေသံက တည်ငြိမ်နေသော်လည်း စကားလုံးတိုင်းတွင် သရော်လှောင်ပြောင်မှုများနှင့် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေသည်။ လင်းယွိရှန့်လည်း သူမ ကြားလိုက်ရသည့် စကားကြောင့် ခြေထောက်များ ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်လျက် လဲကျသွားသည်။

'သိမ်ဖျင်းတဲ့ အပြုအမူ... အမြင်ကျဉ်းတဲ့ အတွေးအခေါ်...'

ဤစကားအနည်းငယ်က သူမ၏ နှလုံးသားကို ဓားဖြင့် ထိုးနှက်ခံလိုက်ရသလို ခံစားရစေသည်။ သူမ ရင်ထဲတွင် ဆိုးဆိုးရွားရွား နာကျင်သွားရသည်။ လင်းယွိရှန့်၏ ဦးနှောက်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားပြီး တစ်ခုခုကို အမြန်ရှင်းပြချင်သော်လည်း စကားလုံးများက လည်ချောင်းဝ၌ တစ်နေပြန်သည်။

“ကျွန်မ... ကျွန်မ... အရှင့်သား... အဲ့ဒါက...”

“ဒီမင်းသားက မင်းကို ထပ်မတွေ့ချင်တော့ဘူး။ အနာဂတ်မှာ ငါ့ကို မြင်ရင် လမ်းလွှဲသွားတာက မင်းအတွက် အကောင်းဆုံးပဲ”

ဟော်တူက သူ၏ တုတ်ကောက်ကို ကောက်ကိုင်လိုက်ပြီး အဝေးသို့ လှည့်ထွက်သွားရင်း ထပ်ပြောလိုက်သည်။ သူက လင်းယွိရှန့် ဘေးနားမှ ဖြတ်သွားစဉ် သူမ ဒူးထောက်ထားသော ကြမ်းပြင်ကို တစ်ချက်ငုံ့ကြည့်ကာ မကျေမနပ်ဖြင့် အမိန့်ပေးလိုက်သေးသည်။

“တစ်ယောက်ယောက် လာခဲ့စမ်း... ဒီပင်မခန်းမဆောင်ထဲက ကြမ်းခင်းပြားတွေကို အကုန်လဲပစ်လိုက်”

အန်းရွှယ်က လေးနက်သောအသံဖြင့် နာခံကြောင်း တုံ့ပြန်လိုက်သည်။ သူက ထွက်ခွာသွားသော ဟော်တူ၏ ကျောပြင်ကို ကြည့်ကာ ကြမ်းပြင်ပေါ်တွင် ဝမ်းနည်းပူဆွေးစွာ ဒူးထောက်ကျန်ရစ်ခဲ့သော လင်းယွိရှန့်ကို ပြန်လှည့်နေပြန်သည်။

'ထိုက်ဇီဖေးသာ ဒီမြင်ကွင်းကို လူကိုယ်တိုင် မြင်ခဲ့ရင် အရှင့်သားဆီမှာ လင်းယွိရှန့်ကို မသတ်ဖို့ တားခဲ့တာကို နောင်တရနေမလားပဲ'

‘အမှန်စင်စစ်တော့ သေခြင်းတရားဆိုတာက ဓားတစ်ချက်စာလောက်ပါပဲ။ ပြီးတော့ အရှင့်သားက… အသည်းခွဲသမားကြီး’

.......။.......။......

လဲ့ကျစ်က ကျောက်ထိုင်ခုံပေါ်တွင် ထိုင်နေရင်း လက်ထဲမှ မွှေးပျံ့နေသော ဆေးဆီပုလင်းလေးကို ငေးကြည့်နေမိသည်။ အညိုရောင် ဆေးပုလင်းလေးက အနည်းငယ် အေးစက်နေပြီး သူမ၏ လက်ဖဝါးဆီသို့ အအေးဓာတ် ခပ်ပါးပါးလေး ဖြန့်ဝေပေးနေသည်။

သူမ၏ မျက်နှာထက်တွင် လေးနက်သော အရိပ်အယောင်များ ဖုံးလွှမ်းနေသည်။ ဟော်တူ စောနက ထွက်သွားချိန်တွင် ပေါ့ပေါ့ပါးပါး ရယ်မောသွားခဲ့သဖြင့် သူမတို့ကြားမှ သဘောတူညီချက်အတိုင်း ဖြစ်လာလိမ့်မည်ဟု ယူဆနိုင်သော်လည်း လင်းယွိရှန့်၏ စိတ်နေစိတ်ထားကြောင့် ဟော်တူ ဒေါသထွက်သွားခဲ့လျှင် ဤမရေရာသော ကတိက အလုပ်ဖြစ် မဖြစ် မသိနိုင်တော့ပေ။

ထိုအခိုက်အတန့်တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခု ခြံဝင်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။ လဲ့ကျစ်က စိတ်အားထက်သန်စွာဖြင့် ထိုင်ရာမှထကာ ဟော်တူရှိရာသို့ ပြေးသွားလိုက်သည်။ သူ့ရှေ့သို့ ရောက်သည်နှင့် သူမ၏ မျက်လုံးဝိုင်းလေးများဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အပေါ်အောက် လှည့်ပတ်စစ်ဆေးကြည့်လိုက်သည်။

'ကံကောင်းလိုက်တာ... သူ့အဝတ်အစားတွေမှာ သွေးစွန်းနေတာမျိုး မရှိဘူး'

သက်ပြင်းတစ်ချက် ချလိုက်မိသော်လည်း လဲ့ကျစ်၏ နှလုံးသားက ပြန်လည်တုန်လှုပ်သွားရပြန်သည်။

'ဟော်တူက လူတစ်ယောက်ကို သတ်ဖို့ ဘယ်တုန်းက သူ့လက်ကို ကိုယ်တိုင်သုံးလို့လဲ။ ဘေးကနေပဲ အေးအေးလူလူ ကြည့်နေတတ်တာ မဟုတ်ဘူးလား'

ဤသို့တွေးမိသည်နှင့် သူမ သူ့အနားသို့ တိုးကပ်သွားပြီး နှာသီးဖျားလေးဖြင့် အသာအယာ ရှူကြည့်လိုက်သည်။ သွေးနံ့ လုံးဝ မရပေ။ သူမ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ စိတ်ချလက်ချ ပြုံးလိုက်မိသည်။

“အရှင့်သားက ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး... ဟုတ်တယ်မလား”

ဟော်တူက ညင်သာစွာ နှာမှုတ်လိုက်ပြီး ကျောက်စိမ်းဘီးတပ်ကုလားထိုင်၏ ဘေးနားသို့ လျှောက်သွားကာ ဝင်ထိုင်လိုက်သည်။

'ဒီမိန်းကလေးကတော့... တစ်ခုခု တောင်းဆိုစရာရှိရင် ‘အစ်ကိုတော်ထိုက်ဇီ’ လို့ ညင်ညင်သာသာ ခေါ်တတ်ပြီး အလုပ်ပြီးသွားတဲ့အခါကျတော့ “အရှင့်သား” လို့ပဲ ရိုးရိုးရှင်းရှင်း ခေါ်တော့တာလား၊ ငါ့ကို တကယ်ပဲ မထီမဲ့မြင် ပြုနေတာပဲ'

ဟော်တူ၏ မကျေမနပ်ဖြစ်နေသော အကြည့်ကို တွေ့လိုက်ရသဖြင့် လဲ့ကျစ် ခဏတာမျှ ထိတ်လန့်သွားသော်လည်း ယခုအခါ သူ့အကျင့်ကို ကျင့်သားရနေပြီ ဖြစ်၍ ယခင်ကလောက် မကြောက်တော့ပေ။ သူမ သူ့နောက်သို့ ဖြည်းညှင်းစွာ လိုက်သွားပြီး ဟော်တူ၏ အနားတွင် ဝင်ထိုင်လိုက်သည်။ သူမက ဘာမှ ထပ်မပြောတော့ဘဲ ရေနွေးပူဖြင့် လောင်းခဲ့မိသော သူ့လက်ကို အသာအယာ ဆွဲယူလိုက်သည်။

အချိန်မီ ဆေးမလိမ်းခဲ့သောကြောင့် သူ့လက်ဖမိုးပေါ်ရှိ မီးလောင်ဖု အနီကွက်များက အရေပြားပေါ်တွင် ရေးထွင်းထားသကဲ့သို့ နီရဲနေသည်။ လဲ့ကျစ်၏ ရင်ထဲတွင် တင်းကျပ်သွားရသည်။

'ဟော်တူရဲ့ လက်တွေက အရမ်းကြည့်ကောင်းတာလေ... မီးလောင်ဒဏ်ရာတွေ ကျန်ခဲ့ရင် နှမြောစရာကြီး'

တရားခံဖြစ်သော လဲ့ကျစ်က အပြစ်ရှိစိတ်ဖြင့် ဆေးပုလင်းအဖုံးကို ဖွင့်ကာ လက်ချောင်းထိပ်လေးများကို အေးစက်နေသော ဆေးမြှုပ်ထဲသို့ အနည်းငယ် နှစ်လိုက်သည်။ သူမ ဆေးလိမ်းပေးရန် ပြင်နေစဉ်မှာပင် ကိုယ်ရံတော်အန်းရွှယ်က ကမန်းကတန်း ပြေးဝင်လာသည်။

“အရှင့်သား... နန်းတော်က အမိန့်တော် ရောက်လာပါတယ်၊ ဧကရာဇ်မင်းမြတ်က အရှင့်သားကို နန်းတော်ထဲ ချက်ချင်းဝင်ဖို့ အမိန့်ချလိုက်ပါတယ်”

ငြိမ်ကျသွားသော လဲ့ကျစ်၏ နှလုံးသားက ပြန်လည် စိုးရိမ်ပူပန်လာရပြန်သည်။ တော်ဝင်အမိန့်တော်ကို ဖီဆန်ခဲ့သည့်ကိစ္စက လွယ်လွယ်နှင့် ပြီးဆုံးသွားမည်မဟုတ်ကြောင်း သူမ ကောင်းကောင်း သိနေသည်။ သူမ၏ လက်ချောင်းထိပ်မှ ဆေးဆီများက အရေပြားထဲသို့ စိမ့်ဝင်ကာ အေးမြလန်းဆန်းစေရမည် ဖြစ်သော်လည်း သူမကတော့ ဟော်တူကို တွေတွေကြီး စိုက်ကြည့်နေပြန်သည်။

ဟော်တူက သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။ ထို့နောက် သူက တုတ်ကောက်ကို ကောက်ကိုင်ကာ နန်းတော်သို့ သွားရန် မတ်တပ်ထရပ်လိုက်သည်။

“လိမ်း... ဆေးလိမ်းပြီးမှ သွားပါ”

လဲ့ကျစ်က သူ့အင်္ကျီလက်ဝကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်ထားရင်း တားလိုက်သည်။ သူမ၏ လေသံက ထိတ်လန့်နေပုံ ရနေသည်။ သို့သော် ဟော်တူက သူမလက်ထဲမှ ဆေးပုလင်းကို လှမ်းယူပြီး ကျောက်စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

ထို့နောက် ဒဏ်ရာရနေသော လက်ဖဝါးကို မြှောက်ကာ သူ့၏အပူလောင်နေသော အနီစက်များကို လဲ့ကျစ်၏ နှုတ်ခမ်းဖူးဖူးလေးများနှင့် ညင်သာစွာ ထိတွေ့လိုက်သည်။ သူက ဒဏ်ရာရနေသည့် လက်နောက်ကျောကို သူမ၏ နှုတ်ခမ်းနားတလျှောက် ဖြည်းဖြည်းချင်း ပွတ်တိုက်နေပြီး၊ သူမ၏ ဝင်သက်ထွက်သက် နွေးနွေးလေးများဖြင့် ဆေးလိမ်းနေသလို ပြုမူနေသည်။

လဲ့ကျစ်ကတော့ မှင်သက်နေသည်။ သူမက ဟော်တူ၏ မျက်ဝန်းထဲမှ နူးညံ့သောအကြည့်များကို ကြောင်တောင်တောင်လေး စိုက်ကြည့်နေသည်။

'သူ ဘာတွေ လုပ်နေတာလဲ... သူကိုယ်တိုင်ရော သိရဲ့လား'

“ကျွစ်...”

ဟော်တူက သူ့လက်ကို ပြန်ရုပ်လိုက်ပြီး လဲ့ကျစ်၏ ပူနွေးနေသော ပါးပြင်နုနုကို သူ့လက်ချောင်းများဖြင့် ပွတ်သပ်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

“ကိုယ့်အတွက် စိတ်ပူလို့လား”

“အင်း...”

လဲ့ကျစ်က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။

လောကကြီးက မှန်းဆ၍မရနိုင်ကြောင်းကို ရုတ်တရက်ဖြစ်ပေါ်လာတတ်သည့် အပြောင်းအလဲများအား ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားဖူးသည့် လဲ့ကျစ်က အသိဆုံး ဖြစ်သည်။ ထို့ကြောင့် သူမက မထင်မှတ်သော လမ်းခွဲခြင်းမျိုးကို အမြဲတမ်း ကြောက်ရွံ့နေတတ်သည်။

တာ့ချီဧကရာဇ် ဟော်ချန်ယွင်က ရက်စက်သော စိတ်ထားရှိပြီး မိမိသားအရင်းဖြစ်သူ ဟော်တူအပေါ်တွင်လည်း ဂရုစိုက်မှုကင်းမဲ့ကြောင်း အထင်အရှား တွေ့မြင်နိုင်သည်။ ယခု ဟော်တူက တော်ဝင်အမိန့်တော်ကို ပွင့်ပွင့်လင်းလင်း ဖီဆန်လိုက်သောကြောင့် ဧကရာဇ်က သူ့ကို နန်းတော်ထဲသို့ အလျင်အမြန် ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် လဲ့ကျစ်လည်း စိုးရိမ်စိတ်များဖြင့် ရင်တလှပ်လှပ် ဖြစ်နေရသည်။

'ဟော်တူသာ တစ်ခုခုဖြစ်သွားရင် ငါ့ရဲ့ လက်စားချေမယ့် အစီအစဉ်တွေ အကုန်ပျက်စီးကုန်မှာပဲ။ အဲ့ဒီအခါကျရင် ဟော်ရှကို ဆွဲဆောင်ရတဲ့ နည်းလမ်းဟောင်းဆီ ပြန်သွားရတော့မှာလား'

ယခုအချိန်တွင် လဲ့ကျစ်က ဟော်ရှ၏ မျက်နှာကို တွေးလိုက်ရုံနှင့် အလွန်ရွံရှာနေမိပြီ ဖြစ်သည်။ သူမကိုယ်သူမလည်း ပြန်ပြီး မေးခွန်းထုတ်မိနေသေးသည်။

'ငါ တကယ်ပဲ အဲ့ဒီလူကို တည်ငြိမ်တဲ့ အမူအရာနဲ့ ပြန်ပြီး သွေးဆောင်နိုင်ပါဦးမလား၊ မဖြစ်နိုင်တော့ဘူး... ဘယ်လိုမှ မလုပ်နိုင်တော့ဘူး'

“ဒါဆို... နားထောင်လို့ကောင်းတာ တစ်ခုခု ပြောဦးလေ”

ဟော်တူ၏ အသံကြောင့် အတွေးများ ပြတ်တောက်သွားရသည့် လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ပြန်သည်။ သူမက ဟော်တူ၏ လည်ပင်းနားသို့ သူမ၏ ပါးပြင်လေး ကပ်လိုက်ရင်း တိုးတိုးလေး ခေါ်လိုက်သည်။

“အစ်ကိုတော်ထိုက်ဇီ... အစ်ကိုတော်ထိုက်ဇီ... အစ်ကိုတော်ထိုက်ဇီ...”

ဟော်တူ ဘာကို ကြားချင်နေမှန်း သူမ သိနေပြီး သူ အလိုရှိသည့်အတိုင်း သူမ လုပ်ဆောင်ပေးလိုက်ခြင်းပင်။

လဲ့ကျစ်၏ နှလုံးသားထဲတွင် ဖုံးကွယ်ထားသော နောင်တများစွာ ရှိနေခဲ့သည်။ ဆွေမျိုးရင်းချာများ ရုတ်တရက် သေဆုံးသွားခြင်း၊ မိမိ၏ ဝတ္တရားများကို မပြည့်စုံနိုင်ခဲ့ခြင်းနှင့် သူတို့ကို ပြောပြရန် အချိန်မရခဲ့သော စကားများစွာ ရှိနေခဲ့သည်။

'တကယ်လို့ ဒါက ဟော်တူနဲ့ ငါ နောက်ဆုံးတွေ့ရတာမျိုး ဖြစ်ခဲ့ရင်... သူ ထွက်မသွားခင်မှာ သူ နည်းနည်းပိုပြီး ပျော်ရွှင်သွားအောင် လုပ်ပေးချင်မိတယ်'

သို့သော် ထိုအခေါ်အဝေါ်ကို ခေါ်လိုက်တိုင်း လဲ့ကျစ်၏ နှလုံးသားလည်း အနည်းငယ် တုန်လှုပ်နေခဲ့သည်။ သူမ၏ နှလုံးသားကို မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် အခိုင်အမာ ဆုပ်ကိုင်ထားသကဲ့သို့ ခံစားနေရပြီး သူမ၏မျက်ဝန်းအိမ်တွင်လည်း မျက်ရည်များ ဝဲတက်လာသည်။ ထိုခဏ၌ သူမ၏ အတွင်းစိတ်ထဲမှ မေးခွန်းတစ်ခု ပဲ့တင်ထပ်လာပြန်သည်။

'မင်း တကယ်ပဲ ကြောက်နေတာလား၊ အဲ့ဒီလို ကြောက်နေတာက မင်းရဲ့ လက်စားချေဖို့ အစီအစဉ်အတွက်ကြောင့်လား... ဒါမှမဟုတ် တခြားအရာကြောင့်လား'

သူမ၏ ပါးစပ်ထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြန်သည်။

“ကောင်းပြီလေ”

ဟော်တူက သူ့လက်ကို မြှောက်လိုက်ပြီး လဲ့ကျစ်၏ လည်ပင်းနောက်ဘက်သို့ လက်ဖဝါးတင်ကာ ညင်ညင်သာသာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူမ၏ နားရွက်နားသို့ ကပ်လျက် တိုးတိုးလေး ကပ်ပြောလိုက်ပြန်သည်။

ဟော်တူ ထွက်သွားပြီးသည့်တိုင် လဲ့ကျစ်က ထိုနေရာ၌ ကြောင်တောင်တောင်လေး ရပ်ကျန်ရစ်ခဲ့သည်။ သူ့စကားလုံးများက သူမ၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေဆဲပင်။

“အခု မခေါ်နဲ့ဦး... ကိုယ် ပြန်လာတာကို စောင့်နေ၊ ဒီညနေကျမှ ခေါ်ဖို့အတွက် ချန်ထားပေးဦး၊ အိပ်ရာပေါ်ရောက်ရင် ကိုယ့်ကို အဲ့ဒီလိုခေါ်ဖို့ မမေ့နဲ့နော်”

'မိုက်မဲလိုက်တဲ့ စကားတွေ... အဓိပ္ပာယ်မရှိတာတွေ... ပေါက်ကရတွေ'

လဲ့ကျစ်က စိုးရိမ်စိတ်နှင့် ရှက်ရွံ့မှုများ ရောပြွမ်းနေဟန်ဖြင့် သူမ၏နှုတ်ခမ်းလေးကို ဖိကိုက်ထားသည်။ သူမက အမိန့်တော်ကို ဖီဆန်ခဲ့သော ဟော်တူအတွက် ပြစ်ဒဏ်တစ်ခု ရုတ်တရက် ရောက်လာရန်ပင် မျှော်လင့်မိသွားသည်။

'သူ့ရဲ့ အဲ့ဒီလို ပေါက်ကရစကားတွေ ပြောတတ်တဲ့ ပါးစပ်ကို... အပ်နဲ့ပဲ ချုပ်ပစ်လိုက်ချင်တော့တယ်'

......။........။........

ဒီစာရေးသူမှာ ပြောစရာပါရှိတယ်...

ကျစ်ကျစ် : ဒီသေသင့်တဲ့ ခြေမသန်တဲ့ သူရဲ့ ခြေထောက်က အာဏာဖီဆန်မှုကြောင့် ကျိုးသွားတယ်လို့တောင် ငါ သံသယဖြစ်မိတယ်။

ဟော်တူ: မြောင်...., မြောင်...., မြောင်....,

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment