အခန်း ၄၄ ကြောက်ရွံ့မှု
ဟော်တူ နန်းတော်တံခါးဝသို့ လှမ်းဝင်လိုက်ချိန်တွင် ကောင်းကင်တစ်ခုလုံး တိမ်ထူထပ်ကာ အုံမှိုင်းနေပြီး နောက်ဆုံးတွင် နှင်းပွင့်ဖြူဖြူလေးများ တစ်လွှာပြီးတစ်လွှာ ကျဆင်းလာသည်။
သူက ကောင်းကင်ယံသို့ မော့ကြည့်နေပြီး သူ၏မျက်လုံးထဲသို့ တမင်တကာ ဝင်လာသော နှင်းပွင့်လေးများ အရည်ပျော်သွားသည်အထိ မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။
'လောကကြီးက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပေမယ့်... ရေခဲနဲ့ နှင်းတွေရဲ့ အေးစက်မှုကတော့ ထာဝရမပြောင်းလဲဘဲ ရှိနေမှာပဲ'
ဟော်တူက ကျောက်စိမ်းတုတ်ကောက်ကို အားပြုလျက် နန်းတော်လမ်းမပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။ သူ၏ ကျောပြင်က တဖြောင့်တည်း တည်မတ်နေဆဲပင်။ လမ်းတစ်လျှောက်ရှိ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများက ဟော်တူ၏ ဘေးနားမှ ဖြတ်သွားကြချိန်တွင် ရပ်တန့်ကာ တရိုတသေ ခေါင်းငုံ့အရိုအသေ ပေးနေကြသည်။
နန်းတော်ထဲတွင် အိမ်ရှေ့စံနှင့် ပတ်သက်သော ကောလာဟလများက အလွန်ပင် များပြားလှသည်။ ထိုသတင်းအများစုက ကြောက်စရာကောင်းလှပြီး သူ၏ ပုံမှန် ညို့မှိုင်းအေးစက်နေသော အသွင်အပြင်ကလည်း ထိုကောလာဟလများကို အတည်ပြုပေးနေသကဲ့သို့ ရှိနေလေသည်။
သို့သော် နန်းတွင်းသူ နန်းတွင်းသားများအားလုံး ဝန်ခံရမည့်အချက်တစ်ခုက သူ၏ လှုပ်ရှားမှုတိုင်းတွင် ရှိနေသော ခမ်းနားထည်ဝါသည့် မင်းသားတစ်ပါး၏ အရောင်အဝါမျိုးကို အခြားမင်းသားများ မည်သို့မျှ လက်လှမ်းမမီနိုင်ခြင်းပင်။ ခြေထောက် မသန်စွမ်း ဖြစ်နေလျှင်ပင် သူ၏ အရှိန်အဝါက မှိန်ဖျော့မသွားခဲ့ပေ။
လေနှင့် နှင်းများက ပိုမိုပြင်းထန်လာပြီး ဟော်တူ၏ ဆံပင်များပေါ်တွင် နှင်းပွင့်များ အလွှာလိုက် ဖုံးအုပ်လာသည်။ သူက ရှေ့ကိုသာ အေးစက်စွာ စိုက်ကြည့်ရင်း တော်ဝင်ဥယျာဉ်ဆီသို့ ဦးတည်လျှောက်လှမ်းနေသည်။
လဲ့ကျစ် အပါအဝင် လူတိုင်းက ဟော်တူ တော်ဝင်အမိန့်တော်ကို ဖီဆန်ခဲ့သောကြောင့် ဟော်ချန်ယွင်က သူ့ကို အလျင်အမြန် ဆင့်ခေါ်သည်ဟု ထင်နေကြသည်။ သို့သော်လည်း ထိုအရာက အကြောင်းပြချက်အစစ်အမှန် မဟုတ်ကြောင်း ဟော်တူတစ်ယောက်တည်းသာ ကောင်းကောင်း နားလည်နိုင်သည်။
စိုစွတ်လာသော နှင်းပွင့်များက သူ၏ အနက်ရောင် ဆံနွယ်များကို စိုစွတ်သွားစေသည်။ သူ၏ နှုတ်ခမ်းထောင့်များက တဖြည်းဖြည်း တွန့်ကွေးလာသည်။
'လာပါ့ပွဲတော်က နီးနေပြီပဲ၊ အဲ့ဒီနေ့က ခမည်းတော်ရဲ့ တစ်နှစ်မှာ တစ်ကြိမ်သာပြတဲ့ "ချစ်ခင်မှု" တွေ ထွက်ပေါ်လာမယ့်နေ့ပေါ့လေ'
(လာပါ့* – နှစ်စဉ်နှစ်တိုင်း လပြက္ခဒိန်၏ ၁၂လပိုင်း ၈ ရက်နေ့ ပွဲတော်၊ အများအားဖြင့် နတ်မင်းရှစ်ပါးကို ပူဇော်တဲ့ပွဲတော်လို့ ယုံကြည်ကြပြီး ဗုဒ္ဓကို ပူဇော်တယ်လိုလည်း ယုံကြည်ကြပါတယ်တဲ့။ ပြီးတော့ အဲ့ပွဲတော်ပြီး နောက်သုံးပတ်လောက်ဆိုရင် နှစ်သစ်ကူးပြီမို့ နှစ်သစ်ကူးအကြိုပွဲလို့လဲ သတ်မှတ်ကြတယ်၊ အများအားဖြင့် ကျန်းမာစေဖို့၊ လာဒ်လာဘရွှင်စေဖို့ ရည်ရွယ်ပြီး ကျင်းပကြတယ်။ အဲ့နေမှာ လာဘထမင်းရည်/လာဘယာဂု ကိုသောက်လေ့ရှိကြတယ်)
တော်ဝင်ဥယျာဉ်အတွင်းရှိ အနီရောင်ဇီးပန်းပွင့်လေးများက ငွေဖြူရောင် နှင်းများကြားတွင် ပိုမိုနီရဲစွာ ပွင့်လန်းနေကြသည်။ ဟော်တူ လှမ်းကြည့်လိုက်ချိန်တွင် ဟော်ချန်ယွင်က လက်နှစ်ဖက်ကို နောက်ပစ်လျက် ဇီးပန်းပင်ရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုဇီးပန်းပင်က သူ့မယ်တော်ကိုယ်တိုင် စိုက်ပျိုးခဲ့သည့် အပင်ဖြစ်သည်။
ဟော်တူက ဖြည်းညှင်းစွာ ချဉ်းကပ်သွားသော်လည်း စကားတစ်ခွန်းမှ မပြောသလို၊ အလေးအမြတ်လည်း မပြုဘဲ ဟော်ချန်ယွင်၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ ဟော်ချန်ယွင်ကလည်း သူ့ကို အရေးမလုပ်ဘဲ ဇီးပန်းပင်ကိုသာ ငေးငေးငိုင်ငိုင် လှမ်းကြည့်နေသည်။
ကင်းလှည့်နေသော တော်ဝင်အစောင့်များ ဖြတ်သွားချိန်တွင်ပင် ထိုသားအဖနှစ်ဦးက လုံးဝ မလှုပ်မယှက် ရှိနေကြသည်။ သူတို့နှစ်ဦးကြားတွင် အေးစက်မာကျောသော အတားအဆီးတစ်ခု ကာရံထားသကဲ့သို့ ခံစားရစေပြီး ဘေးလူများ အနီးသို့ မကပ်ဝံ့အောင် ကြောက်ရွံ့နေစေသည်။
နန်းတွင်းအစေခံများနှင့် မိန်းမစိုးများကလည်း အသံပင် မထွက်ဝံ့ကြဘဲ ခြေသံကိုပင် သတိကြီးစွာ ထိန်းသိမ်းနေကြရသည်။ ညအချိန် ရောက်ရှိလာသဖြင့် နန်းတော်တစ်ခုလုံးကို ဆီမီးများ လင်းထိန်အောင် ထွန်းညှိလိုက်ကြပြီ ဖြစ်သည်။
“တူအာ...”
နောက်ဆုံးတွင် ဟော်ချန်ယွင်က စကားစပြောလာသည်။ သူ၏ အသံက နှင်းခဲများ ဖုံးလွှမ်းနေသကဲ့သို့ အေးစက်လွန်းလှသည်။
“မင်းရဲ့မယ်တော် ကွယ်လွန်သွားတဲ့ နှစ်ပတ်လည်နေ့ နီးလာပြန်ပြီ၊ ဒီနှစ်ရော... မင်း သူ့ကို မတွေ့ချင်သေးဘူးလား”
ဟော်တူက နှုတ်ခမ်းကို မဲ့လိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
“ခမည်းတော်ဧကရာဇ်က သူ့ကို သွားတွေ့ရင် လုံလောက်ပါပြီ”
ထိုစကားကို ကြားလိုက်ချိန်တွင် ဟော်ချန်ယွင်က မျက်လွှာပင့်ကြည့်လာသော်လည်း ဘာမှ မပြောဘဲ ဘေးသို့ အကြည့်ပြန်လွှဲသွားသည်။
ဟော်တူက မဆင်မခြင် နေထိုင်တတ်သူ ဖြစ်သော်လည်း ရှေ့တွင်ရှိနေသည့် ကြောင်သူတော်ယောင်ဆောင်ကာ ချစ်ခင်ဟန်ပြတတ်သော ဤလူနှင့်အတူ အတူကစားပေးရန် စိတ်ဝင်စားခြင်း မရှိပေ။ သူက ချည်သားခြေနင်းဖိနပ်ကို အနည်းငယ် မတင်ကာ နောက်ပြန်လှည့်လိုက်ပြီး ပြန်ထွက်ရန် အသင့်ပြင်လိုက်သည်။
“အဲ့ဒီလဲ့ကျစ်ကို... မင်း တကယ်ပဲ ကြိုက်လို့လား”
ဟော်ချန်ယွင်၏ မေးခွန်းကြောင့် ဟော်တူ၏ ခြေလှမ်းများ ခဏတာ ရပ်တန့်သွားသည်။ ထို့နောက် သူက စိတ်အားထက်သန်နေသကဲ့သို့ လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ဒီသားတော်က သူ့ကို သဘောကျတာပေါ့...”
သူက သူ့လေသံတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသလို ပုံဖော်ရင်း ဆက်ပြောလိုက်သေးသည်။
“တတိယညီတော်ရဲ့ စေတနာကိုပဲ ကျေးဇူးတင်ရတော့မယ်၊ အဲ့ဒီလို စီစဉ်ပေးခဲ့တဲ့ သူ့ကြောင့်သာ မဟုတ်ရင်... ဒီသားတော်က ဘယ်လိုလုပ်ပြီး ဒီလောက် နွေးထွေးနူးညံ့တဲ့ ရင်ခွင်ထဲမှာ ယစ်မူးခွင့်ရပါ့ပလဲ”
ဟော်ချန်ယွင်က မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ နှာမှုတ်လှောင်ပြောင်လိုက်သည်။
“ဟွန့်... ဟုတ်လား၊ အခုတော့ မင်းလည်း ယောက်ျားနဲ့ မိန်းမကြားက ကိလေသာတွေထဲမှာ ပျော်မွေ့နေတတ်ပြီပေါ့၊ ဒါဆို မင်းက ဘာဖြစ်လို့ တော်ဝင်အမိန့်တော်ကို ဖီဆန်တာလဲ၊ ချီမျိုးနွယ်တွေရဲ့ ကောင်းချီးကို ရတာက မင်းအတွက် မကောင်းဘူးလား”
“ဟက်...”
ဟော်တူက မထီမဲ့မြင် ပြုံးလိုက်ပြီးမှ လှောင်ပြောင်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
“ခမည်းတော်ဧကရာဇ်က ဒီသားတော်အတွက် တကယ့်အလှလေးကို အရင်ပေးခဲ့ပြီး... အခုကျတော့ ရုပ်ဆိုးတဲ့ တစ်ယောက်ကို ထပ်ပေးတယ်။ ဘာလဲ... ခမည်းတော်က အသက်ကြီးလာလို့ မျက်စိတွေ မှုန်သွားပြီလား”
သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီး ထိုအကြောင်းကို အလေးအနက် တွေးတောနေသည့်ဟန်ဖြင့် ဆက်ပြောလိုက်ပြန်သည်။
“တကယ်လို့ ခမည်းတော်က ဒီသားတော်ကို ဇနီးတစ်ယောက်ထက်ပိုပြီး ပေးချင်တယ်ဆိုရင်... ဘာလို့ ရှဖေးထိုင်က တစ်ယောက်ကို မပေးတာလဲ၊ အဲ့ဒါဆိုရင်တော့ လဲ့မျိုးနွယ်က ရင်သပ်ရှုမောဖွယ် အလှလေး နှစ်ယောက်ကို တစ်ပြိုင်တည်း ပိုင်ဆိုင်ရမှာ၊ အဲ့ဒါမှ ချီမျိုးနွယ်တွေရဲ့ ကောင်းချီးမင်္ဂလာ အစစ်အမှန် ဖြစ်မှာပေါ့”
“မင်း... မင်း အယုတ်တမာကောင်.... ထွက်သွားစမ်း”
ဟော်ချန်ယွင်က ဒေါသအလွန်အမင်း ထွက်သွားပြီး ကြမ်းတမ်းသော အမူအရာများပင် ထွက်ပေါ်လာသည်။ သူက အသက်ရှူကြပ်သွားသလို ခံစားနေရပြီး ဟော်တူကတော့ သူ့ကို ဂရုမစိုက်ပေ။ ဟော်တူ ထိုနေရာမှ ထွက်လာသည်မှာ ကြာလှပြီ ဖြစ်သည်။
နန်းတော်တံခါးမှ ထွက်လာသည်နှင့်တပြိုင်နက် ဟော်တူက သူ့အင်္ကျီလက်ဝထဲတွင် ခပ်တင်းတင်း ဆုပ်ထားသော လက်သီးကို ဖြေချလိုက်သည်။ သူ လက်သီးကို ပြင်းထန်စွာ ဆုပ်ထားခဲ့မိသဖြင့် သူ၏လက်သည်းရာများက လက်ဖဝါးပေါ်တွင် အနီရောင် အမှတ်အသားများအဖြစ် ထင်ကျန်နေခဲ့သည်။
သူ၏ မျက်နှာပေါ်မှ ဟန်ဆောင်အပြုံးများကလည်း မှိန်ဖျော့သွားပြီး သူ့အမူအရာက ရေခဲကဲ့သို့ အေးစက်သွားသည်။
‘အခုနပြောနေတဲ့ ဟော်ချန်ယွင်ရဲ့ စကားတွေက ပေါ့ပေါ့ပါးပါးလို့ ထင်ရပေမယ့် တကယ်တမ်းတော့ လျှို့ဝှက်စူးစမ်းမှုတွေ ရှိနေတာလေ။ ဟော်ချန်ယွင်က သူ ထိမ်းမြားလက်ထပ်ခြင်းအမိန့်ကို လက်မခံတာကို ဂရုမစိုက်ဘူး။ ဟော်ချန်ယွင် စိတ်ဝင်စားတာက သူက ဘာလို့ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကို ငြင်းပယ်ခဲ့လဲ ဆိုတာပါပဲ’
ဟော်ချန်ယွင်က 'လဲ့ကျစ်' ဟူသော နာမည်ကို ထုတ်ပြောလိုက်ချိန်တွင် ဟော်တူ၏ နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ ဤနှစ်များတစ်လျှောက် သူက သူ့၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကိုပင် ဂရုမစိုက်ဘဲ နေထိုင်ခဲ့သော်လည်း လွန်ခဲ့သော ထိုအခိုက်အတန့်လေးအတွင်းတွင် သူ၏ ရင်ဘတ်တစ်ခုလုံး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားကာ အသက်ရှူကြပ်သည့်အထိ နာကျင်ခဲ့ရသည်။
'နံရိုးတွေထဲအထိ နာကျင်နေတာပဲ...'
ယခုန သူသာ တစ်ခဏမျှ တုံ့ဆိုင်းနေခဲ့လျှင် ဟော်ချန်ယွင်၏ သံသယဖြစ်လွယ်သော ကိုယ်ရည်ကိုယ်သွေးအရ သူ့အတွေးများကို သေချာပေါက် သိရှိသွားမည်ဖြစ်သည်။
အမှန်စင်စစ် ဟော်တူ၏ တကယ့်ပြိုင်ဘက်က ဟော်ရှမဟုတ်ဘဲ သူ၏ ခမည်းတော် ဟော်ချန်ယွင် ဖြစ်နေခဲ့သည်။ ဟော်တူက နှစ်ပေါင်းများစွာကြာအောင် စီစဉ်မှုများ ပြုလုပ်ခဲ့သူဖြစ်ပြီး ရှုံးနိမ့်ခြင်း၏ ရလဒ်ကိုလည်း ကြိုတင်တွက်ဆထားပြီးသား ဖြစ်သည်။
'ရှုံးရင်တော့ သေရမှာပေါ့... အဲ့ဒါအပြင် ဘာမှ ထပ်ဆုံးရှုံးစရာ မရှိဘူးလေ။ ဘာပဲဖြစ်ဖြစ် အနိုင်ရခဲ့ရင်တောင် တစ်နေ့မှာ သေရမှာပဲ။ ဒါက သေခြင်းတရား တစ်ခုပါပဲ'
သို့သော် ယနေ့တွင်မူ သူ့ရင်ဘတ်ထဲမှ အသက်ရှူကြပ်လောက်အောင် တင်းကျပ်နေသည့် ဝေဒနာကြောင့် ဟော်တူတစ်ယောက် ရုတ်တရက် အသိဝင်လာခဲ့သည်။
'ငါ... အခုတော့ ငါ လုံးဝ ရှုံးလို့ မဖြစ်တော့ဘူး'
......။......။........
ထိုက်ဇီ စံအိမ်တော်အတွင်း၌...
“ညောင်...”
လဲ့ကျစ်က ကုတင်ပေါ်တွင် မတ်မတ်ထိုင်နေပြီး သူမ၏ လက်နှစ်ဖက်ထဲ၌ 'ထော့ကျိုးလေးဟော်'ကို ပွေ့ချီထားသည်။ သူမ၏ လက်ဖဝါးနှင့် ကြောင်လေး၏ ခေါင်းကို ဖိမိသည်အထိ တစ်စုံတစ်ခုကို စဉ်းစားရင်း ကြောင်တောင်တောင်လေး ငေးနေခြင်း ဖြစ်သည်။
လက်ဖဝါးပေါ်သို့ ကြောင်မွှေးနုနုလေးများ၏ ပွတ်တိုက်မှုကို ခံစားလိုက်ရမှ လဲ့ကျစ် သတိပြန်ဝင်လာပြီး စားပွဲပေါ်ရှိ တောက်ပနေသော အနီရောင်ဖယောင်းတိုင်ကို ကြည့်လိုက်ပြန်သည်။ ဤဖယောင်းတိုင်က အခန်းတွင်း လန်းဆန်းစေရန် သူမ လင်းယွဲ့ကို ထွန်းခိုင်းထားခြင်း ဖြစ်ပြီး ယခုအခါ ကုန်လုနီးပါး ဖြစ်နေချေပြီ။
လဲ့ကျစ်က ကြောင်လေးကို ပွေ့ချီလျက် ကုတင်ပေါ်မှ ဆင်းကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် အပြင်ဘက်မှ အမှောင်ထုထဲသို့ တွေတွေကြီး ငေးကြည့်နေမိပြန်သည်။
'ဟော်တူက ဘာလို့ အခုထိ ပြန်မလာသေးတာလဲ...'
ကံကောင်းထောက်မစွာဖြင့် နန်းတော်ဘက်မှ အခြားသတင်းဆိုးများ ထွက်ပေါ်မလာသေးပေ။
‘ဘာသတင်းမှ မကြားရသေးတာက အကောင်းဆုံးသတင်းပဲ’
ရုတ်တရက် တံခါးအပြင်ဘက်မှ လေးလံသော ခြေသံများနှင့်အတူ မြေပြင်ပေါ်သို့ တုတ်ကောက်ထောက်သံ တိုးတိုးလေး ထွက်ပေါ်လာသည်။ လဲ့ကျစ်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ကြောင်လေးကို အောက်သို့ အသာချကာ တံခါးဆီသို့ အမြန်ပြေးသွားလိုက်သည်။ သူမ တံခါးဖွင့်ရန် လက်လှမ်းလိုက်စဉ်မှာပင် တစ်ယောက်ယောက်က တံခါးကို အပြင်ဘက်မှ တွန်းဖွင့်လိုက်သည်။
“ပြန်လာပြီလား...”
သူမ၏ လေသံထဲတွင် ထိန်းမနိုင်သိမ်းမရသော ပျော်ရွှင်မှုများ ရောယှက်နေသည်။ လဲ့ကျစ်က သူ၏ အင်္ကျီလက်ဝကို အရင်ဆွဲယူလိုက်ပြီးမှ လက်ကို လှမ်းဆွဲလိုက်သည်။ အေးခဲနေသော စိုစွတ်မှုကို ခံစားလိုက်ရသဖြင့် သူမ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ရင်းနှီးနေသော ရုပ်သွင်ကို မြင်လိုက်ရသဖြင့် ကြောင်လေးကလည်း ဟော်တူ၏ ခြေရင်းသို့ စိတ်လှုပ်ရှားစွာ ပြေးသွားပြီး ခေါင်းလေးမော့ကာ ဟော်တူကို ပွတ်သပ်လိုက်သည်။ သို့သော် ဟော်တူ၏ အဝတ်အစားများက နှင်းများအရည်ပျော်ခြင်းကြောင့် စိုရွှဲနေသဖြင့် ကြောင်လေး၏ ခြောက်သွေ့ပျော့ပျောင်းသော အမွှေးများကို စိုစွတ်စေကာ ချက်ချင်းဆိုသလိုပင် ဘောလုံးတစ်လုံးကဲ့သို့ စုကျုံသွားတော့သည်။
“ညောင်”
ကြောင်လေးက ဝမ်းနည်းစွာ အော်ဟစ်လိုက်ပြီး ရွံရှာသည့်ပုံစံဖြင့် ချက်ချင်း နောက်ပြန်လှည့်ထွက်ပြေးသွားတော့သည်။ လဲ့ကျစ်ကတော့ ထွက်မပြေးပေ။ သူမက ဟော်တူ၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်နှင့် သူ့နဖူးကို စမ်းကြည့်နေသည်။
ရေခဲတုံးတစ်တုံးကဲ့သို့ အေးစက်နေမှုကို ခံစားလိုက်ရပြီးနောက် သူမ၏ မျက်နှာမှ ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။
“အပြင်မှာ နှင်းတွေ အသည်းအသန် ကျနေတာလေ... အရှင့်သားက ဘာလို့ ထီးမဆောင်းလာတာလဲ”
ရင်းနှီးနေသော နူးညံ့သည့်အသံလေးကို ကြားလိုက်ရသဖြင့် ဟော်တူလည်း ပြုံးလိုက်မိသည်။ သူမပါ အအေးမိသွားမည်ကို စိုးရိမ်သောကြောင့် သူက တည်ငြိမ်သောအမူအရာဖြင့် လဲ့ကျစ်၏လက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်ကာ ရေချိုးခန်းဘက်သို့ လျှောက်သွားလိုက်သည်။
“ကိုယ် အရင် ရေချိုးလိုက်ဦးမယ်”
“ရေချိုးခန်းထဲက ရေတွေက အေးနေပြီ၊ ရေနွေးရတဲ့အထိ စောင့်နေရင် တော်တော်ကြာမှာပေါ့”
လဲ့ကျစ်က သူ၏ ရွှဲနစ်နေသော အဝတ်အစားများကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း ထပ်ပြောလိုက်သည်။
“ကျွန်မတို့ ရေပူစမ်းကန်ကို သွားမလား”
ဟော်တူက ပြုံးနေပြီး လဲ့ကျစ်၏ လက်ဖမိုးပေါ်သို့ သူ့လက်ကို တင်လိုက်ကာ သူမကို လွှတ်ပေးရန် အရိပ်အယောင်ပြလိုက်သည်။
“အင်း... ကိုယ့်ဘာသာကိုယ် သွားလိုက်မယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်က မျက်မှောင်ကြုတ်သွားပြန်သည်။ တစ်နေ့တာလုံး စုပြုံနေခဲ့သော သူမ၏စိုးရိမ်မှုများက ဒေါသအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။
'နန်းတော်ထဲမဝင်ခင်ကတော့ ရိုင်းစိုင်းတဲ့စကားတွေ ပြောခဲ့ပြီး... အခုကျမှ လာပြီး တည်ငြိမ်ပြနေတာလား၊ ကောင်းပြီလေ...'
လဲ့ကျစ်က ပေါ့ပေါ့ပါးပါးလေး ညည်းတွားလိုက်သော်လည်း သူမ၏ လက်ကိုတော့ လုံးဝ မလွှတ်ပေးပေ။
“ဘာလဲ... အရှင့်သားထိုက်ဇီက ကျွန်မ ထိတာကို မကြိုက်ဘူးလား။ ကောင်းပြီလေ... အရှင့်သားက မထိစေချင်ဘူးဆိုရင်လည်း နောက်ဆို ကျွန်မ အရှင့်သားကို ထပ်မထိတော့ဘူး၊ ကတိပေးတယ်”
'အိုး... အကြိမ် ကိုးဆယ့်ကိုးကြိမ်တောင် ကျန်သေးတယ်လေ။ အဲ့ဒီတော့ အိပ်မက်ပဲ မက်နေလိုက်တော့'
ဟော်တူကတော့ ရယ်ရမလား၊ ငိုရမလားပင် မသိတော့ဘဲ ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။ သူမက သူ့ကို ပြန်လည်အံတုရန် စိတ်အားထက်သန်နေသော်လည်း သူမ၏ ဒေါသစိတ်က အလွန် တက်ကြွနေသည်မှာ အထင်အရှားပင်။ သို့သော် ဤအချက်ကပင် ကောင်းသောလက္ခဏာ ဖြစ်သည်။ သူ့အပေါ်တွင် ထားရှိသော သူမ၏ ကြောက်ရွံ့မှုများက တဖြည်းဖြည်း လျော့နည်းလာနေသည်ကို ပြသနေသည်။
ယခင်ကဆိုလျှင် လဲ့ကျစ် ဤကဲ့သို့သော ပုံစံမျိုး ဖြစ်လာလိမ့်မည်ဟု သူ တွေးပင် မတွေးရဲခဲ့ပေ။
'ချိုမြိန်ဖွယ်ကောင်းတဲ့ ညုတုတု အမူအရာလေးပဲ...'
“သွားကြရအောင်...”
ဟော်တူက သူမကို ဆက်တွဲခွင့်ပြုလိုက်သည်။
“ခဏစောင့်ဦး”
လဲ့ကျစ်က သူ့လက်ကို လွှတ်လိုက်ပြီး ဗီရိုဆီသို့ အမြန်ပြေးသွားကာ ထူထဲသော အပေါ်ရုံအင်္ကျီတစ်ထည်ကို ယူလာပြီး ဟော်တူကိုယ်ပေါ်သို့ ဂရုတစိုက် ခြုံပေးလိုက်သည်။
ဟော်တူက တစ်နေကုန် နှင်းထဲတွင် မတ်တပ်ရပ်နေခဲ့ရသူ ဖြစ်သဖြင့် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က အေးခဲတောင့်တင်းနေခဲ့သည်။ သို့သော် ယခုအခိုက်အတန့်တွင်မူ ဟော်တူ၏ နှလုံးသားထဲသို့ နွေးထွေးမှုလေးတစ်ခု တစ်ဟုန်ထိုး တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုနွေးထွေးမှုက အပေါ်ရုံအင်္ကျီကြောင့်လား သို့မဟုတ် သူမကြောင့်လားဆိုသည်ကိုတော့ သူကိုယ်တိုင်ပင် မဝေခွဲနိုင်တော့ပေ။
နှစ်ယောက်သား ရေပူစမ်းကန်မှ ပြန်လာချိန်တွင် အချိန်က တော်တော်နောက်ကျနေပြီ ဖြစ်သည်။ ကုတင်ကန့်လန့်ကာများကို ချလိုက်ပြီးနောက် လဲ့ကျစ်က သူမ၏ ပါးပြင်လေးများကို အသာအုပ်လိုက်မိသည်။ ရေပူစမ်းကြောင့် ဖြစ်ပေါ်လာသည့် အပူရှိန်က ယခုထက်တိုင် မပျောက်သွားသေးပေ။ စောနက စိတ်မရှည်ဘဲ သူ့နောက်ကို ဇွတ်လိုက်သွားမိသည့်အတွက် သူမ အနည်းငယ် နောင်တရမိသွားသည်။
'သူ့ရဲ့ တည်ငြိမ်လေးနက်တဲ့ ပုံစံတွေက အတုအယောင်တွေပဲ၊ အပြင်အဝတ်အစားတွေကို ချွတ်လိုက်တာနဲ့ ပြုံးနေတဲ့ မျက်လုံးလေးတွေနဲ့ ငါ့ဆီ ရောက်လာတာ... တကယ့်ကို အမြတ်ထုတ်ချင်နေတဲ့ပုံပဲ'
စမ်းရေကန်နားမှ မြင်ကွင်းများက သူမ၏ မျက်လုံးထဲတွင် ပြန်လည် ထင်ဟပ်လာသည်။ ကန်ထဲမှ အပူချိန်က မြင့်မားလွန်းသဖြင့် လဲ့ကျစ် အသက်ကို ပြင်းပြင်းရှူခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ အသိဉာဏ်က ကပ်နေသေးသဖြင့် အမြန်ပြေးထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
လဲ့ကျစ်က မျက်လုံးများကို တင်းတင်းမှိတ်ထားရင်း ဘာမှမတွေးတော့ရန် သူမကိုသူမ တွန်းအားပေးလိုက်သည်။
'အိပ်လိုက်တော့... နိုးလာရင် အရာရာ အဆင်ပြေသွားလိမ့်မယ်'
လဲ့ကျစ်ကိုယ်တိုင်လည်း တစ်နေ့တာလုံး ကြောက်ရွံ့စိုးရိမ်မှုများကြောင့် ပင်ပန်းနွမ်းနယ်နေခဲ့ပြီး အလျင်အမြန် အိပ်ပျော်သွားခဲ့သည်။ အချိန်မည်မျှ ကြာသွားသည်ကို မသိနိုင်သော်လည်း သူမ၏ ဘေးနားမှ အသက်ရှူသံက တဖြည်းဖြည်း နှေးကွေးလာပြီး နာကျင်စွာ ညည်းညူးနေသည့်အသံအချို့ ထွက်ပေါ်လာသည်။
လဲ့ကျစ်က မူလကတည်းက အအိပ်ဆက်သူဖြစ်ပြီး အသံအနည်းငယ်ကြားသည်နှင့် နိုးလာခဲ့သည်။ သူမ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ဟော်တူ၏ လက်မောင်းကို ထိရန် လက်လှမ်းလိုက်သည်။ ထိုအချိန်တွင် သူ့၏ညအိပ်ဝတ်စုံမှ အေးစက်စက် အထိအတွေ့ကို ခံစားလိုက်ရသည်။
'သေချာတာက... သူလည်း စောနက ရေပူစမ်းမှာ စိမ်လာတာပဲလေ။ ဘာလို့ ဒီလောက် အေးစက်နေရတာလဲ'
လဲ့ကျစ်၏ နှလုံးသားက ထိတ်လန့်သွားပြီး အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမ ထထိုင်ကာ ကုတင်ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သောကြောင့် အပြင်ဘက်ရှိ ဖယောင်းတိုင်မီးမှိန်မှိန်က ကုတင်ထဲသို့ စိမ့်ဝင်လာသည်။ သူမက ဟော်တူ၏ အနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။
“အရှင့်သား... နေလို့ မကောင်းဘူးလား”
“ဘာမှ မဖြစ်ပါဘူး... မင်း အရင် အိပ်နှင့်တော့လေ”
ဟော်တူက မျက်လုံးများကိုပင် မဖွင့်ဘဲ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ သို့သော် လဲ့ကျစ်က မယုံပေ။ သူမက သူမ၏လက်လေးကို မြှောက်လိုက်ပြီး သူ့၏ ပါးပြင်၊ နဖူးနှင့် လည်ပင်းတို့ကို စမ်းကြည့်လိုက်သည်။
ဟော်တူ၏ ခန္ဓာကိုယ်က ရေခဲတုံးကဲ့သို့ အလွန်အမင်း အေးစက်နေပြီး နဖူးတွင်လည်း အေးစက်သော ချွေးစေးများ ထွက်နေသည်။
'ဘာမှမဖြစ်ဘူးတဲ့လား... ဒါက ကြီးကြီးမားမား ဖြစ်နေတာ အသိသာကြီးပဲလေ'
"အရှင့်သား.... ဘာဖြစ်နေတာလဲဟင်”
လဲ့ကျစ်၏ မျက်နှာလေးက စိုးရိမ်ကြောက်ရွံ့မှုများကြောင့် ဖြူဖျော့သွားပြီး အသံများပင် တုန်ယင်နေသည်။ ဟော်တူကတော့ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမှ မဆိုဘဲ ငြိမ်သက်နေခဲ့သည်။ လဲ့ကျစ်က အလွန်စိုးရိမ်သွားပြီး သူ၏ ကြက်သွေးရောင် ညဝတ်ဝတ်စုံမှ ခါးစည်းကြိုးကို တင်းတင်းဆုပ်ကိုင်ကာ သူမ၏နှုတ်ခမ်းကို ဖိကိုက်ရင်း ထပ်ပြောလိုက်သည်။
“အရှင့်သား ဘာမှမပြောရင်... ကျွန်မဘာသာပဲ ကြည့်လိုက်တော့မယ်နော်”
လဲ့ကျစ်၏ စကားက ပြတ်သားတင်းမာနေသော်လည်း သူမ၏ နှလုံးသားကတော့ အားငယ်တုန်လှုပ်နေသေးသည်။ တကယ်တမ်းတွင် သူ ဘာမှမပြောဘဲ တားမြစ်နေလျှင် သူ့ဝတ်စုံကို ချွတ်ကြည့်ရန်အထိ သူမ သတ္တိမရှိသည်မှာ အမှန်ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသည့် ဟော်တူက သူ့မျက်လုံးများကို ဖွင့်ကြည့်လာသည်။ သူ၏ မျက်ဝန်းအိမ်ထဲတွင် အမှောင်ထုတစ်ခု ဖုံးလွှမ်းနေသကဲ့သို့ပင်။ သူက လဲ့ကျစ်ကို လေးလေးနက်နက် စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် စိတ်လျှော့လိုက်သည့်ဟန်ဖြင့် တိုတိုတုတ်တုတ် ပြောလာသည်။
“ခြေထောက်...”
နှစ်စဉ်နှစ်တိုင်း လာပါ့ပွဲတော်အကြိုကာလ ရောက်တိုင်း ဟော်တူက ခြေထောက်မှဖြစ်စေ၊ နှလုံးသားမှဖြစ်စေ အဆက်မပြတ် နာကျင်နေရတတ်သည်။ ထိုနာကျင်မှု၏ ကွာခြားချက်ကို သူကိုယ်တိုင်ပင် အတိအကျ မပြောပြနိုင်ပေ။ သို့သော် ယခုနှစ်တွင်မူ နာကျင်မှုက ပို၍ ဆိုးရွားလာသည်။ ယနေ့ နှင်းထဲတွင် အကြာကြီး ရပ်နေခဲ့ရခြင်းကြောင့်လည်း ဖြစ်နိုင်ပေလိမ့်မည်။
လဲ့ကျစ်က ကမန်းကတမ်း ထထိုင်လိုက်ပြီး သူ၏ ဘောင်းဘီအောက်နားကို ခြေသလုံးအပေါ်သို့ တွန်းတင်လိုက်သည်။ ထိုခြေထောက်က သာမန်ခြေထောက်နှင့်မတူဘဲ မသန်စွမ်းဖြစ်နေသော သူ၏ခြေထောက်ကို သူမ အနီးကပ် ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
လဲ့ကျစ်က သူ၏ခြေသလုံးမှ အားနည်းမှုကို ခံစားလိုက်ရပြီး လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ ညင်သာစွာ ဆုပ်ကိုင်ကြည့်လိုက်သည်။ ထိုအခါမှ သူ၏ တစ်ကိုယ်လုံး အေးစက်နေရသည့် အရင်းအမြစ်ကို သူမ ရှာတွေ့သွားခဲ့သည်။ သူ၏ ခြေထောက်များက ရေခဲခန်းထဲမှ ထုတ်ယူလိုက်သော ရေခဲတုံးများကဲ့သို့ အေးစက်တောင့်တင်းနေပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။
ခြေသလုံးပေါ်ရှိ နက်မှောင်သောအနီရောင် အမာရွတ်ကြီးကို မြင်လိုက်ရချိန်တွင် လဲ့ကျစ်က မသိစိတ်ဖြင့် ထိုနေရာကို ပွတ်သပ်ပေးရန် လက်လှမ်းလိုက်မိသည်။ သူ့ကို ထိခိုက်နာကျင်စေမည်အား သူမ ကြောက်လန့်နေပြီး သူမ၏ လှုပ်ရှားမှုတိုင်းက အလွန်ပေါ့ပါးနေသည်။ သို့သော် သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်များက ဝေဝါးလာခဲ့ပြီ ဖြစ်သည်။
“အဲ့ဒါက မနာပါဘူး...”
ဟော်တူ၏ မျက်လုံးများက သူမ၏ မျက်နှာပေါ်မှာပင် အမြဲရှိနေခဲ့ပြီး သူမ မမေးမီမှာပင် သူက အရင်ဖြေထားလိုက်သည်။ ၎င်းက အမှန်တရားပင်။ သူ၏ ခြေသလုံးက သွေးလည်ပတ်မှု ပြတ်တောက်နေသဖြင့် မည်သည့်အထိအတွေ့ကိုမျှ မခံစားနိုင်တော့သည်မှာ ကြာနေချေပြီ။ ရံဖန်ရံခါ ထုံကျင်တတ်သော်လည်း ၎င်းက ခြေထောက်မသန်စွမ်းဖြစ်ပြီးနောက် ဖြစ်ပေါ်လာသည့် တုန်လှုပ်ချောက်ချားဖွယ် ဝေဒနာတစ်ခုမျှသာ ဖြစ်သည်။
“ဘယ်သူက... အရှင့်သားကို ဒီလောက်အထိ နာကျင်အောင် လုပ်ခဲ့တာလဲဟင်”
ထိုစကားကို ပြောထွက်သွားပြီးမှ လဲ့ကျစ်ကိုယ်တိုင်ပင် အံ့ဩသွားရသည်။ ဤမေးခွန်းက သူမအနေဖြင့် စည်းကျော်သကဲ့သို့ ဖြစ်သွားပြီး မမေးသင့်သော မေးခွန်းဖြစ်နေသည်မှာ ထင်ရှားလှသည်။
......။........။.......
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ဟော်တူ : ၉၉ ကြိမ်ဆိုတော့ အခု ဘယ်နှစ်ခါ ကျန်သေးလဲ။
ကျစ်ကျစ်: ဘာမှ မရှိတော့ဘူး၊ ကုန်ပြီ။
ဟော်တူ : “......”
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟