no

Font
Theme

အခန်း ၄၁ တော်ဝင်အမိန့်တော်

အိပ်ခန်းဆောင်အတွင်းရှိ အပူပေးမီးဖိုထဲတွင် မီးတောက်များ တဖျတ်ဖျတ် တောက်လောင်နေသည်။ လဲ့ကျစ် ဒဏ်ရာရရှိခဲ့သည့် နေ့မှစ၍ အိမ်တော်တစ်ခုလုံးတွင် အပူပေးမီးဖိုများ အမြဲမပြတ် ထားရှိပေးထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် အအေးဒဏ်ကို အမြဲကြောက်တတ်သော လဲ့ကျစ်တစ်ယောက် အခန်းတွင်း အပူချိန်က အနည်းငယ် မြင့်တက်နေသည်ဟု ခံစားမိနေသည်။ သူမ ရှက်လွန်းလှသဖြင့် ဘေးတွင် ချထားသော လက်နှစ်ဖက်ကို ဘယ်မှာထားရမှန်း မသိတော့ပေ။ သူမက ဟော်တူကို တိတ်တဆိတ် ကြည့်နေမိပြီး ခဏတာ စကားမဆိုနိုင်ဘဲ ရှိနေသည်။

'သူ အခု ပျော်နေတာမလား... ဟုတ်တယ်မလား'

သူ၏ အနက်ရောင် မျက်ဝန်းအစုံမှာ ကြည်လင်နေပြီး ဒေါသအရိပ်အယောင်များ ကင်းစင်ကာ တောက်ပနေသည်။ ဤသည်မှာ သူမ၏ 'ချော့မြှူမှု' အောင်မြင်သည်ဟု ဆိုလိုခြင်းပင်။

လဲ့ကျစ်က ယောက်ျားနှင့် မိန်းမကြားရှိ နက်ရှိုင်းသော ဆက်ဆံရေးများကို အမှန်တကယ် နားမလည်ခဲ့ပေ။ သူမ အိမ်ထောင်ပြုနိုင်သော အရွယ်သို့ ရောက်ရှိလာချိန်တွင် သူမ၏ဖခမည်းတော်က ဟော်ရှနှင့် လက်ထပ်ပေးမည်ဟု ကတိပြုခဲ့ဖူးသည်။ ထိုစဉ်က သူမ၏ နှလုံးသားထဲတွင် မည်သည့် စိတ်လှုပ်ရှားမှုမျှ မရှိခဲ့ဘဲ လောကရှိ လင်မယားအများစုကလည်း ဤသို့ပင် လက်ထပ်ကြသည်ဟုသာ ထင်ခဲ့ဖူးသည်။ လင်နှင့်မယားကြား၌ တစ်သက်လုံး အပြန်အလှန် လေးစားမှုရှိရမည် ဖြစ်ပြီး၊ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ မရှိလျှင်လည်း အဆင်ပြေသည်ဟု သူမ ယူဆခဲ့သည်။

သို့သော် ယခု သူမနှင့် ဟော်တူ၏ အခြေအနေကတော့...

လဲ့ကျစ်က သူမတို့နှစ်ဦး၏ ဆက်ဆံရေးတွင် သူမက ဟော်တူကို အသုံးချ၍ တာ့ချီ၏ဧကရာဇ်ကို ကလဲ့စားချေရန် စီစဉ်နေသည်ထက် မပိုကြောင်း ကောင်းစွာ သိထားခဲ့သည်။ သူမက ခြေလှမ်းတိုင်းကို ရေခဲပြင်ပေါ်တွင် လျှောက်လှမ်းနေရသကဲ့သို့ အမြဲသတိစွာ လျှောက်လှမ်းနေခဲ့ရသည်။ အစပိုင်းတွင် သူမက သူမ၏ရှင်သန်‌ရေးအတွက် ဟော်တူကို အကာအကွယ်အဖြစ် အသုံးချခဲ့ပြီး၊ နောက်ပိုင်းတွင် သူမ၏ လမ်းကြောင်း ချောမွေ့စေရန် ကြိုးစားခဲ့သည်။ သူမ၏ မျှော်လင့်ချက်အရ ဟော်တူက သူမအတွက် အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်စေမည်ဟု ယူဆခဲ့သော်လည်း သူမကိုယ်တိုင်ကတော့ တစ်ဖက်လူ၏ ခံစားချက်ကို အလွယ်တကူ ကစားနိုင်စွမ်းရှိသူ မဟုတ်ပေ။ ယခုအချိန်တွင် အချို့အရာများက သူမ၏ ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် လဲ့ကျစ် တွေးနေမိသည်က ဟော်တူကဲ့သို့ စေ့စေ့စပ်စပ် တွေးခေါ်တတ်သည့်သူက သူ့ကိုယ်သူ အားနည်းစေမည့် အနေအထားမျိုးတွင် ရပ်တည်မည်မဟုတ်ဘဲ၊ ယောက်ျားနှင့် မိန်းမကြားရှိ ချစ်ခြင်းမေတ္တာ ဒဏ္ဍာရီများထဲသို့ ကျရောက်လောက်အောင်လည်း မိုက်မဲမည် မဟုတ်ပေ။ ဟော်တူက သူမထက် ပို၍ ဆင်ခြင်တုံတရား ရှိမည်ဟု သူမ ယုံကြည်ထားသည်။

ထိုသို့ တွေးမိပြီးနောက် လဲ့ကျစ်က သက်ပြင်းတစ်ချက် အသာချကာ ပြုံးလိုက်ပြန်သည်။

'အခုအချိန်မှာတော့ ဘာမှ စိတ်ပူမနေတော့ဘူး'

လဲ့ကျစ်က သူမ၏ရှေ့မှ လူ၏ မျက်နှာကို စိုက်ကြည့်နေပြန်သည်။ ဟော်တူက သူမကို ဘာမှ ထပ်မံ မတိုက်တွန်းဘဲ အေးအေးဆေးဆေး စောင့်ကြည့်နေဆဲပင်။ သူက အမြဲတမ်း တည်ငြိမ်အေးဆေးလွန်းသူ ဖြစ်သည်။

လက်ရှိအခြေအနေက ယခင် ရေပူစမ်းအပန်းဖြေအိမ်တွင် ရှိစဉ်ကနှင့် မတူတော့ပေ။ ထိုနေ့က သူမ၏ စိတ်အစဉ် မငြိမ်မသက် ဖြစ်နေခဲ့သည်။ သို့သော် ယနေ့တွင် သူမ၏ စိတ်က ကြည်လင်ပြတ်သားနေသည်။

လဲ့ကျစ်က သူမ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူ၏ ပုခုံးပေါ်သို့ ညင်ညင်သာသာ တင်လိုက်သည်။ ထို့နောက် သူမ၏ မျက်နှာလေးကို ရှေ့သို့ အသာအယာ တိုးကပ်သွားပြီး သူ့နှုတ်ခမ်းထောင့်လေးများကို ညင်သာစွာ ဖိကပ်နမ်းလိုက်သည်။ ဤသည်က သူမတို့နှစ်ဦးကြားမှ ပထမဆုံး အနမ်းမဟုတ်သော်လည်း လဲ့ကျစ်၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာနေသည်။ မကြာမီ ဟော်တူ၏ အေးစက်သော နှုတ်ခမ်းများ ပူနွေးလာသည်ကို သူမ ခံစားလိုက်ရပြီး ချက်ချင်း နောက်ပြန်ဆုတ်ကာ အနမ်းတိုလေးကို ကမန်းကတန်း အဆုံးသတ်လိုက်သည်။

လဲ့ကျစ် နောက်ပြန်ဆုတ်သွားချိန်တွင် ဟော်တူ၏ မျက်ခုံးများ သိသိသာသာ မျက်မှောင်ကြုတ်သွားသည်ကို သူမ တွေ့လိုက်ရသော်လည်း ဘာမှ ထပ်မပြောမိပေ။ ခဏအကြာတွင် ဟော်တူက သူ့နှုတ်ခမ်းများကို လက်ချောင်းထိပ်လေးများဖြင့် အသာအယာ ထိတွေ့ရင်း နူးညံ့စွာ ပြုံးလိုက်သည်။

"မလုံလောက်သေးပေမယ့်... အဆင်ပြေပါတယ်"

'မလုံလောက်ဘူး တဲ့လား...'

လဲ့ကျစ်၏ မျက်လုံးလေးများထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။ သူမက သူ့ကို မျက်လုံးပြူးဖြင့် တစ်ချက် စိုက်ကြည့်ပြီးနောက် ခေါင်းကို ဟိုဘက်သို့ လှည့်သွားခဲ့သည်။ သို့သော် သူမ၏ နံဘေးတွင် အသံတစ်သံ ကြားလိုက်ရပြီး ဟော်တူ၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်။

"ကုတင်ပေါ်က ဆင်းလိုက်"

"ဟင်"

လဲ့ကျစ် ထိတ်လန့်သွားပြီး ခေါင်းကို ပြန်လှည့်ကာ မေးလိုက်မိသည်။

"အခုလား"

ဟော်တူက ပေါ့ပေါ့ပါးပါး ရယ်မောရင်း ငေါ့တော့တော့ ပြန်ပြောလာသည်။

"မဟုတ်ရင်... မင်း အခု အိပ်ပျော်မှာလား"

လဲ့ကျစ် အမြန် ခေါင်းယမ်းလိုက်ပြီး ကုတင်ပေါ်မှ သွက်လက်စွာ ဆင်းလိုက်သည်။

......။.......။......

ညမိုးချုပ်နေပြီ ဖြစ်သော်လည်း အိပ်ခန်းဆောင်အတွင်း၌ မီးရောင်များ လင်းထိန်နေဆဲပင်။ နှစ်ယောက်သား အိပ်ရာမှထကာ စားပွဲတွင် ထိုင်လိုက်ကြပြီး ဆိုင်၏ စာရင်းစာအုပ်များကို တစ်ဖန်ပြန်၍ ဖွင့်လိုက်ကြသည်။

အချိန်အတော်ကြာပြီးနောက် ဟော်တူက စာရင်းစာအုပ်၏ နောက်ဆုံးစာမျက်နှာကို ဖတ်ရှုပြီးသွားကာ သူ့ဘေးနားရှိ လဲ့ကျစ်ကို မော့ကြည့်လိုက်သည်။ လဲ့ကျစ်ကတော့ ခေါင်းကို လက်နှစ်ဖက်ဖြင့် ထောက်ကာ စားပွဲပေါ်ရှိ စာရင်းများကို စိတ်ပျက်လက်ပျက် စိုက်ကြည့်နေရှာသည်။

ဟော်တူက သူမကို ကြည့်ပြီး ပြုံးလိုက်ပြန်သည်။ အစောပိုင်းတွင် သူ သူမကို စကားအနည်းငယ်ဖြင့် စနောက်ချင်သော်လည်း သူမ မျက်မှောင်ကြုတ်ကာ စိတ်ညစ်နေသည်ကို မြင်လိုက်ရသောကြောင့် လေသံ ပြောင်းလိုက်သည်။

"လဲ့ကျစ်... မင်းက တကယ်ပဲ စီးပွားရေးကို ဘယ်လိုလုပ်ရမှန်း လုံးဝမသိတာပဲကိုး"

ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်၏ ပါးပြင်လေးများ နီရဲသွားပြီး သူမ၏နှုတ်ခမ်းကို ဖိကိုက်ကာ ခေါင်းငုံ့သွားသည်။

‘သူ ပြောတာ မှန်တယ်၊ သူမက စီးပွားရေးနဲ့ ပတ်သက်ပြီး ဘာမှ မသိခဲ့ဘူး’

ဟော်တူက သူမကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလာပြန်သည်။

“အခုအချိန်မှာတော့ ပြန်ပြီး ကယ်တင်လို့ရပါသေးတယ်၊ ဒါပေမယ့် မုန့်နဲ့ သကြားလုံးတွေက အသေးစားလုပ်ငန်းတွေလေ၊ အဲ့ဆိုင်တွေကနေ ငွေမဆုံးရှုံးရင်တောင် ဒီလုပ်ငန်းတွေကိုပဲ အားကိုးပြီး အမြတ်အစွန်း ကြီးကြီးမားမား ရဖို့ ခက်ခဲတယ်”

လဲ့ကျစ်က မျက်မှောင်ကြုတ်ရင်း ပြန်မေးလိုက်သည်။

“ကျွန်မက လုပ်ငန်းသေးသေးလေးတောင် မလုပ်နိုင်ဘူး၊ လုပ်ငန်းကြီးတစ်ခုကို လုပ်ရဲဖို့ ကျွန်မ ဘယ်လောက်တောင် သတ္တိရှိဖို့ လိုမလဲ”

ထို့အပြင် သူမက အရင်းအနှီးကိုပင် ချေးယူခဲ့ရသည်။

“မှားတယ်”

ဟော်တူက စာရေးစုတ်တံကို ကောက်ကိုင်လိုက်ပြီး လဲ့ကျစ်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

"မင်းက နန်းတွင်းမှာပဲ ကြီးပြင်းလာခဲ့တာလေ၊ ပြီးတော့ နန်းတော်ထဲက တော်ဝင်စားဖိုမှူးတွေက မုန့်အချိုနဲ့သကြားလုံးအများစုကို ဖန်တီးပြီး မင်းစားဖို့ ပို့ပေးတာ၊ အဲ့ဒါတွေက သာမာန်လူတွေစားတဲ့ အရာတွေနဲ့ မတူဘူး။ သူတို့က အရည်အသွေးမြင့်ပြီး စျေးပေါတဲ့ အရာတွေကို ရှာဖွေတတ်ကြတယ်၊ မင်းမှာ ပိုက်ဆံဆိုတဲ့ သဘောတရားတောင် မရှိဘူး၊ အဲ့တော့ မင်း ဘယ်လိုလုပ် နည်းလမ်းကို ရှာနိုင်မှာလဲ"

“ဒါဆို... မနက်ဖြန်ကစပြီး ကျွန်မ အစကနေ ပြန်လေ့လာမယ်"

"အိုး... ကောင်းပြီလေ"

ဟော်တူက မျက်ခုံးပင့်လိုက်ပြီး ခနဲ့နေပြန်သည်။

"မင်း လေ့လာလို့ပြီးတဲ့ အချိန်လောက်ဆို မင်းရဲ့ဆိုင်လည်း အရင်းပြုတ်သွားတာ ကြာလောက်ပြီပေါ့"

လဲ့ကျစ်၏ မျက်နှာလေးက ရှက်စိတ်နှင့် အားငယ်စိတ်တို့ ရောပြွမ်းကာ နီရဲနေလေသည်။ ဟော်တူက စာရွက်တစ်ရွက်ကို ယူကာ စားပွဲပေါ်တွင် ဖြန့်လိုက်ပြီး အမိန့်ပေးလာပြန်သည်။

"အစားအသောက်နဲ့ အဝတ်အစားတွေ အပါအဝင် မင်း နေ့စဉ် သုံးစွဲနေကျ အရာတွေကို အကုန်ချရေး"

လဲ့ကျစ် နားမလည်နိုင်ဖြစ်သော်လည်း သူ ခိုင်းသည့်အတိုင်း အိပ်ရာထချိန်မှ အိပ်ရာဝင်ချိန်အထိ သူမ နေ့စဉ် အသုံးအများဆုံး အရာများကို ပြန်လည်စဉ်းစားကာ စာရွက်ပေါ်တွင် ချရေးလိုက်သည်။ ခဏအကြာတွင် သူမ စုတ်တံကို ချလိုက်ပြီး စာရွက်ကို ဟော်တူရှေ့သို့ တွန်းပို့လိုက်သည်။

ဟော်တူက စာရွက်ကို ငုံ့ကြည့်ပြီး စုတ်တံဖြင့် နေရာအချို့ကို စက်ဝိုင်းပုံ ဝိုင်းပြကာ စာရွက်ကို ပြန်ပေးလိုက်သည်။ လဲ့ကျစ်က ထိုနေရာများကို ငုံကြည့်လိုက်သည်။

ပန်းလက်ဖက်ခြောက်၊ ငှက်သိုက်၊ ငါးမုန့်...

"ဒါက..."

"မင်း ရေးထားတဲ့ အများစုက တော်ဝင်မိသားစုတွေ၊ မင်းမှုထမ်းတွေနဲ့ ချမ်းသာတဲ့ ကုန်သည်တွေပဲ သုံးနိုင်တဲ့ အရာတွေ၊ တိုင်းပြည်တစ်ခုနဲ့တစ်ခု စားသောက်မှုပုံစံ ကွဲပြားပေမယ့် ကိုယ် ဝိုင်းပြထားတဲ့ အရာတွေကတော့ တာ့ချီမှာရှိတဲ့ မှူးမတ်တွေရဲ့ ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ အရာတွေပဲ"

လဲ့ကျစ် ချက်ချင်း နားလည်သွားတော့သည်။ သူမ နားမလည်သည့် သာမန်လူသုံးကုန်ပစ္စည်းများကို အစမှ သင်ယူနေမည့်အစား သူမ အကျွမ်းကျင်ဆုံးဖြစ်သည့် အဆင့်မြင့်ပစ္စည်းများကို အာရုံစိုက်ခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။ ဟော်တူ ဝိုင်းထားသော အရာများအားလုံးက တာ့လီ၏ ထွက်ကုန်များ ဖြစ်ကြသည်။ တာ့ချီမှ ကုန်သည်များနှင့် နှိုင်းယှဉ်ပါက သူမက ဤပစ္စည်းများ၏ အရည်အသွေးကို မည်သို့ ခွဲခြားရမည်ကို ပို၍ သိမြင်နိုင်စွမ်း ရှိသည်။

"နားလည်ပြီလား"

ဟော်တူက သူမ ထက်မြက်ကြောင်း သိနေပြီး အပိုစကား အများကြီး ပြောရန် မလိုအပ်မှန်း နာလည်နေသည်။

‘ဒီကောင်မလေးကို အရိပ်အမြွက်ပြရုံနဲ့ လုံလောက်နေပြီ’

လဲ့ကျစ်က ခေါင်းညိတ်ပြ‌ေသော်လည်း စိုးရိမ်စိတ်ကတော့ ရှိနေဆဲပင်။

"နားတော့ လည်ပါပြီ။ ဒါပေမယ့် တစ်ခါ ဆုံးရှုံးဖူးတော့ ကြောက်တော့ ကြောက်တာပေါ့"

"လဲ့ကျစ်"

ဟော်တူက သူမကို အသံမာမာဖြင့် ဖြတ်ပြောလိုက်သည်။

"လုပ်ငန်းတစ်ခု နေ့ချင်းညချင်း အောင်မြင်ဖို့ဆိုတာ မလွယ်ဘူး၊ ဒီအချိန်မှာ မင်းရဲ့ ဦးတည်ချက်ကို ပြောင်းလဲလိုက်ရင်တောင် အောင်မြင်မှုကို ဘယ်သူမှ ရာနှုန်းပြည့် အာမမခံနိုင်ဘူး၊ ဒါပေမယ့် မင်းကိုယ်တိုင် မကြိုးစားကြည့်ဘဲနဲ့တော့ ဘယ်လိုလုပ် သိနိုင်မှာလဲ"

လဲ့ကျစ်က ဟော်တူ၏ မျက်လုံးများကို စိုက်ကြည့်ရင်း အနည်းငယ် လန့်သွားမိသည်။ ဤသည်မှာ သူမအနေဖြင့် သူ၏ လေးနက်သော အမူအရာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး သူ၏ အနက်ရောင် မျက်ဝန်းများထဲတွင် ပြတ်သားသော စွမ်းအားများ ကိန်းအောင်းနေသလို ခံစားရသည်။ သူမလည်း သူ၏ စိတ်ဓာတ်ခွန်အားများ ကူးစက်ခံလိုက်ရပုံရပြီး မသိစိတ်ကြောင့် ခေါင်းညိတ်ပြလိုက်မိသည်။

"ဟုတ်ကဲ့..."

အနီရောင် ဖယောင်းတိုင်မီးက လောင်ကျွမ်းလုနီးပါး ဖြစ်နေပြီး မီးတောက်လေးမှာ အနည်းငယ် တုန်ခါသွားသည်။

"ကဲ... အခု အိပ်လို့ ရပြီလား"

ဟော်တူက သူမကို စိုက်ကြည့်ရင်း အေးအေးဆေးဆေး မတ်တပ်ထရပ်ကာ ကုတင်ဆီသို့ ပျင်းတိပျင်းတွဲ လျှောက်လှမ်းနေသည်။ လဲ့ကျစ်က ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ကန့်လန့်ကာကို ချလိုက်ကာ ပန်းထိုးခေါင်းအုံးလေးကို မှီလိုက်သည်။ ထို့နောက် အတွင်းဘက်သို့ မျက်နှာမူကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

အမှောင်ထဲမှ ရင်းနှီးနေသော ရယ်သံတစ်ခု ထွက်ပေါ်လာချိန်တွင် လဲ့ကျစ်၏ နှလုံးသားထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

‘ပုံမှန်ဆိုရင် သူ ဒီလို ရယ်လိုက်တိုင်း ဘာကောင်းတဲ့အရာမှ ဖြစ်မလာဘူးလေ’

သူမ မျှော်လင့်ထားသည့်အတိုင်း ဟော်တူက ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည်။

"လဲ့ကျစ်... မင်း အခု အကြွေးတွေ အများကြီး တင်နေပြီနော်"

လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ရင်း အာမခံလိုက်သည်။

"စိတ်မပူပါနဲ့ အရှင့်သား... အရှင့်သား ချေးပေးထားတဲ့ ငွေတွေကို သေချာပေါက် ပြန်ဆပ်ပါ့မယ်"

"ကိုယ်က ငွေအတွက် အလျင်လိုနေတာ မဟုတ်ဘူး၊ ဒါပေမယ့် အခြားအကြွေးတွေအတွက် အခု ပြန်ဆပ်ထားလို့ ရတယ်"

"ဘာလဲ..."

လဲ့ကျစ်တစ်ယောက် စိတ်ရှုပ်သွားရပြန်သည်။

‘နောက်ထပ် ဘာအကြွေးတွေ တင်နေသေးလို့လဲ’

ဟော်တူက တိုးတိုးလေး ထပ်ပြောလာပြန်သည်။

"မင်း ဘာမှမပေးဘဲနဲ့ ရေပူစမ်းအိမ်က ကန်ထဲမှာ ဖြတ်လမ်းကို အလကား သုံးခွင့်ရမယ်လို့ ထင်နေတာလား"

ထိုစကားကြောင့် လဲ့ကျစ်၏ ခေါင်းထဲတွင် ဝုန်းခနဲ ဖြစ်သွားရသည်။

‘အား ငါ မေ့လုနီးပါး ဖြစ်သွားခဲ့တာပဲ၊ ဖြတ်လမ်းကို သုံးချင်ရင် တန်ဖိုးတစ်ခု ပြန်ပေးရမယ်လို့ သူ ပြောခဲ့ဖူးတာ မဟုတ်ဘူးလား’

လဲ့ကျစ်က သူတစ်ပါးအပေါ် အခွင့်ကောင်းယူရခြင်းကို မနှစ်သက်သူ ဖြစ်သဖြင့် အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဖြတ်လမ်းအတွက်... အရှင့်သားက ကျွန်မကို ဘယ်လိုပြန်ဆပ်စေချင်လဲဟင်"

အစပိုင်းတွင် ဟော်တူက ဤကိစ္စကို မေ့ထားခဲ့သော်လည်း ယခုန သူမ ပေးခဲ့သည့် စိတ်မပါတပါ အနမ်းတစ်ဝက်တစ်ပျက်ကြောင့် သူ အလွန် စိတ်မကျေမနပ် ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူ ဘာလိုချင်သည်ကို ချက်ချင်း တွေးမိသွားတော့သည်။

"ဒါက ရိုးရှင်းပါတယ်... ကိုယ့်ကို အကြိမ်တစ်ရာ နမ်းရမယ်"

သူက အသံကို နှိမ့်ချလိုက်ပြီး အလွန်လေးနက်သော ပုံစံဖြင့် ထပ်ပြောနေသေးသည်။

"နမ်းတဲ့အချိန်မှာလည်း အနမ်းတွေက တစ်ခုနဲ့တစ်ခု မတူစေရဘူး"

‘ပေါ့ပါးတဲ့ အနမ်းလေးတွေ၊ နက်နက်နဲနဲ အနမ်းလေးတွေ၊ စုတ်ယူနမ်းရှိုက်မှုလေးတွေ...’

ဟော်တူကတော့ ထိုအကြောင်းကို တွေးကြည့်ရုံနှင့်ပင် အံ့သြစရာကောင်းလောက်သည့် ချိုမြိန်မှုကို ခံစားနေရပြီ ဖြစ်သည်။

ထိုအချိန်တွင် လဲ့ကျစ်က သူ၏ မိုက်မဲသော စကားကြောင့် ထိတ်လန့်နေရှာသည်။

‘သူ ပြောနေတာတွေကို သူ တကယ် မသိတာလား’

"ဘာလို့လဲ မလုပ်ချင်ဘူးလား"

လဲ့ကျစ်က သူမ၏အောက်နှုတ်ခမ်းလေးကို ဖိကိုက်ထားသည်။ ကုတင်ကန့်လန့်ကာကြားမှ ဝင်လာသော မှိန်ဖျော့ဖျော့ အလင်းရောင်ကို အားကိုးကာ သူမ ကုတင်အတွင်းဘက်သို့ တိုးကပ်သွားပြီး ဟော်တူ၏ ခါးကို ဖက်လျက် ရှက်ရွံ့စွာ နမ်းလိုက်မိသည်။

ဟော်တူက သူ့မျက်လုံးများကို မှိတ်ထားပြီး သူမ၏ အနမ်းကို ဂရုတစိုက် ခံစားနေလိုက်သည်။ သူမက စိတ်တိုတိုနှင့် သူ၏လျှာဖျားကို နာကျင်အောင် ကိုက်လိုက်သည့်တိုင်အောင် သူက ဘာမှမတုံ့ပြန်ဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။

‘သေချာတာပေါ့... သူမ ဒေါသထွက်နေပြီ။ ဒါပေမယ့် သူမက သူ့ကို တကယ်တမ်း နာကျင်အောင်လည်း မကိုက်ရက်ဘူးလေ’

ဟော်တူက နှုတ်ခမ်းကို အသာတွန့်လိုက်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။

'စိတ်မပူပါနဲ့... ကိုးဆယ့်ကိုးကြိမ် ကျန်သေးတယ်'

........။.......။.........

ယုံနင်း နန်းတော်တွင်....

"ဘာ"

လင်းချီက သူ ကြားလိုက်ရသည့် သတင်းကြောင့် မယုံနိုင်လောက်အောင် အံ့သြနေလေသည်။

ဧကရီက ဖီးနစ်ဝတ်ရုံကို ဆင်မြန်းထားပြီး ဂုဏ်သိက္ခာအပြည့်ဖြင့် တင့်တယ်ဟန် ရှိနေသော်လည်း သူမက သူမ၏အစ်ကိုဖြစ်သူကို အားကိုးရာမဲ့စွာ ကြည့်နေရင်း သက်ပြင်းချလိုက်သည်။

"ဒီအချိန်မှာတော့ လင်းမိသားစုထဲက တစ်ယောက်ယောက်ကို စတေးရတော့မှာပဲ"

လင်းချီက မျက်မှောင်ကြုတ်ရင်း ပြန်ပြောလိုက်သည်။

"မင်း တခြားတစ်ယောက်နဲ့ ပြောင်းလိုက်လို့ မရဘူးလား၊ ငါ့မှာ သမီးတွေ အများကြီးရှိတာပဲ၊ ဘာလို့ ယွိရှန့် ဖြစ်နေရတာလဲ"

သူထံတွင် သားသမီးများစွာ ရှိသော်လည်း လင်းယွိရှန့်၏ မိခင်က သူ့အချစ်ဆုံး ကိုယ်လုပ်တော် ဖြစ်သည်။ လင်းချီက ဘာကိုမှ မကြောက်သော်လည်း သူမ၏ မျက်ရည်များကိုတော့ အလွန်ကြောက်ရသည်။

လင်းဝမ်နင်က ထပ်ပြောလိုက်သည်။

"သူရဲ့ စိတ်က မရှင်းမလင်း ဖြစ်နေလို့လေ"

သူမ ငယ်စဉ်ကတည်းက ချစ်ခင်ခဲ့ရသော တူမလေးက ရုပ်ရည်လှပသော်လည်း လူအများထဲမှ ဟော်တူကို သဘောကျနေခဲ့သည်။

ကနဦး အစီအစဉ်အရ ဟော်ရှအနေဖြင့် လဲ့ကျစ်ကို အသုံးချကာ ဟော်တူကို ဖယ်ရှားနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့သော် ယခုအချိန်အထိ ဟော်တူ ကောင်းမွန်စွာ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် လဲ့ကျစ်တွင် ထိုမျှ အရည်အချင်း မရှိဟု လင်းဝမ်နင် တွေးနေမိသည်။

ယခုအချိန်တွင် အစီအစဉ်များကို ပြောင်းလဲရန် အချိန်တန်ပြီ ဖြစ်သည်။ လင်းယွိရှန့်က ငယ်စဉ်ကတည်းက ဟော်တူကို စွဲလမ်းခဲ့သူဖြစ်ရာ သူမကို သူတို့၏ လှေပေါ်သို့ တွန်းတင်ပေးပြီး သူမ၏ကိုယ်လုပ်တော်ဖြစ်လိုသော ဆန္ဒကို ဖြည့်ဆည်းပေးရုံသာ ရှိတော့သည်။

အမှန်တကယ်တွင် ဧကရီဖြစ်နေသည့် လင်းဝမ်နင်က ဟော်တူကို သတ်ရန်အတွက် လင်းယွိရှန့်ကို တိုက်ရိုက်ခိုင်းစေရလောက်အောင် မိုက်မဲသူ မဟုတ်ပေ။ ထိုမိန်းကလေး၏ ခေါင်းမာသော စိတ်နေစိတ်ထားဖြင့်ဆိုလျှင် မည်သည့်အချိန်တွင်မျှ ထိုသို့ ကျေကျေနပ်နပ် လုပ်ဆောင်မည် မဟုတ်မှန်း သူမ သိနိုင်သည်။ သို့သော် လင်းယွိရှန့်က အလွန်တုံးအလှပြီး စကားအနည်းငယ်ဖြင့် လှည့်ဖြားလိုက်ရုံလျှင် သူမ လှည့်စားခံရမည်မှာ သေချာနေသည်။

လင်းယွိရှန့်ကို ဟော်တူ၏ ဘေးတွင် ထားခြင်းက သူမထံမှ သတိပေးချက်တစ်ခု ပေးလိုက်ခြင်းနှင့် အတူတူပင်။ ပွဲစပြီးသည်နှင့် နောက်ကြောင်းပြန်လှည့်ရန် လမ်းမရှိတော့ပေ။ ဤတူမဖြစ်သူကို နယ်ရုပ်တစ်ခုအဖြစ် အကောင်းဆုံး အသုံးချပြီးနောက် လိုအပ်လျှင် စွန့်လွှတ်ရမည် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လင်းမိသားစုတွင် သားသမီးများစွာ ရှိနေပြီး လင်းဝမ်နင်အတွက် လင်းယွိရှန့်က ထိုကလေးများထဲမှ သာမန်ကလေးတစ်ဦးမျှသာ ဖြစ်သည်။

လင်းဝမ်နင်၏ ခံ့ညားလှသော်လည်း အေးစက်သော အပြုံးကို မြင်လိုက်ရသောအခါ လင်းချီသည် ဘာမှ ထပ်မပြောဝံ့တော့ပေ။ သူသည် ခေါင်းညိတ်ပြကာ အရိုအသေပေးပြီး နန်းတော်ထဲမှ ပြန်လည် ထွက်ခွာသွားတော့သည်။

........။........။........

ထိုက်ဇီ စံအိမ်တော်တွင်...

တော်ဝင်အမိန့်တော်ကို ကြေညာရန် နန်းတော်မှ ရောက်ရှိလာသော စွေ့ကုန်းကုန်းက အမိန့်တော်ကို ဖတ်ကြားပြီးနောက်၊ ကျောက်စိမ်းရောင် ဘီးတပ်ထိုင်ခုံပေါ်တွင် ထိုင်နေသည့် အရှင့်သားထိုက်ဇီကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေမိသည်။ သူ၏ နဖူးတွင်လည်း ချွေးစေးများ ထွက်နေလေသည်။

နောက်ဆုံးအကြိမ် လက်ထပ်ထိမ်းမြားရန် အမိန့်တော်အတွက်လည်း သူပင် လာရောက်ခဲ့ရသည်။ ထိုစဉ်က အရှင့်သားက ခေတ္တမျှ ဆင်ခြင်သုံးသပ်ပြီးနောက် မထင်မှတ်ဘဲ တိတ်တဆိတ် လက်ခံခဲ့သည်။ သို့သော် ယနေ့တွင်မူ သူ၏ မျက်နှာက မှုန်ကုပ်နေပြီး ရေခဲလွှာများ ဖုံးလွှမ်းနေသကဲ့သို့ အေးစက်လွန်းနေသည်။

အချိန်အတော်ကြာသွားသည့်တိုင်အောင် ဟော်တူက အမိန့်တော်ကို လက်ခံရန် ရည်ရွယ်ချက်ရှိပုံ မပေါ်ပေ။ သူ၏ မသန်စွမ်းသော ခြေထောက်ကြောင့် ဟော်တူက အမိန့်တော်ခံယူချိန်တွင် ဘယ်သောအခါမှ ဒူးထောက်ရန် မလိုခဲ့ပေ။

စွေ့ကုန်းကုန်းက သူ၏ မျက်လုံးများကို ကစားလိုက်သောအခါ ဘေးနားတွင် ဒူးထောက်နေသည့် ထိုက်ဇီဖေးကို တွေ့သွားခဲ့သည်။ အမိန့်တော် မထုတ်ပြန်မီ ဧကရာဇ်မင်းမြတ်၏ ညွှန်ကြားချက်များကို သူ သတိရမိသွားသည်။

သူက ခြေနှစ်လှမ်းမျှ နောက်ဆုတ်လိုက်ပြီး လဲ့ကျစ်၏ ဘေးသို့ တိုးသွားကာ ရွှေရောင်တော်ဝင် အမိန့်တော်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

"ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်၊ ထိုက်ဇီဖေးက အရှင့်သားရဲ့ ပထမဆုံး ဇနီးဖြစ်တာကြောင့် ဒီအမိန့်တော်ကို လက်ခံလိုက်ရင် အရှင့်သား လက်ခံတာနဲ့ အတူတူပါပဲ"

လဲ့ကျစ်က သူမ၏မျက်လုံးများကို မော့ကြည့်လိုက်သော်လည်း စွေ့ကုန်းကုန်းကို မကြည့်ဘဲ ဟော်တူရှိရာဆီသို့သာ ခေါင်းလှည့်ကြည့်လိုက်သည်။ သူကလည်း အေးစက်လှသော မျက်ဝန်းအစုံဖြင့် သူမကို စိုက်ကြည့်နေသည်။ ထိုအကြည့်ကြောင့် မင်္ဂလာဆောင်ညက သူမ၏လက် ကျိုးသွားခဲ့စဉ်က ခံစားခဲ့ရသည့် နာကျင်မှုများက သူမ၏ အာရုံထဲသို့ ဝုန်းခနဲ ပြန်ရောက်လာသည်။ လဲ့ကျစ်က သူမ၏ လက်နှစ်ဖက်ကို နောက်ကျောဘက်သို့ အမြန် ဝှက်ထားလိုက်သည်။

ဟော်တူ၏ မျက်လုံးများထဲမှ သတိပေးချက်က အလွန် ထင်ရှားလွန်းလှသည်။ လဲ့ကျစ်တစ်ယောက် သူမ၏ ပုခုံးများကိုပင် လျှော့ချလိုက်မိသည်။ ဤအမိန့်တော်ကိုသာ သူမ သတ္တိရှိရှိ လှမ်းယူလိုက်ပါက ဟော်တူက သူမ၏ လက်ကို သေချာပေါက် ပြန်ချိုးပစ်နိုင်မှန်း သူမ အသေအချာ နားလည်နေခဲ့သည်။

'လက်မခံဘူး... သေတာတောင် လက်မခံနိုင်ဘူး!'

......။.......။.......

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : ဟား ဟား။ ကောင်းပြီ၊ မင်း လက်ခံလို့ရပါတယ်။ (အကြိမ်တစ်ထောင်နမ်းပြီး တောင်းပန်ရင် ခွင့်လွှတ်ပေးမယ်)

ကျစ်ကျစ် : ရှင်...ရဲတင်းလှချည်လား၊ ဒါက ခြိမ်းခြောက်နေတာ မဟုတ်ဘူးလား။ ကျွန်မက ငတုံး မဟုတ်ဘူး....

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment