no

Font
Theme

အခန်း ၁၀ ရိုးသားမှု

"ထိုက်ဇီဖေး အကြောင်းပြန်ပါတယ်၊ အရှင့်သားက ညစာစားပြီးလို့ စာကြည့်ဆောင်ကို သွားပါတယ်"

အစေခံက အလွန် လေးလေးစားစားဖြင့် ယဥ်ယဉ်ကျေးကျေး ပြန်ဖြေနေခဲ့သည်။ သူမက လမ်းညွှန်ပေးရုံမျှမကဘဲ တွေးတောဆင်ခြင်မှုအပြည့်ဖြင့် ရှေ့မှ မီးခွက်ကို ကိုင်ကာ လမ်းပြပေးနေခဲ့သည်။ သူမက လဲ့ကျစ်၏ ခြေလှမ်းကို ဂရုပြုရန်ပင် နှိမ့်ချသော အသံဖြင့် အခါအားလျော်စွာ သတိပေးနေခဲ့သည်။

စင်္ကြံအကွေ့နှစ်ခုလောက်ကို ဖြည်းညှင်းစွာ ဖြတ်လျှောက်လာပြီး နောက်ဆုံးတွင် လဲ့ကျစ်က မရင်းနှီးသော ထိုက်ဇီစံအိမ်ကြီးကို အနီးကပ်ကြည့်နိုင်ခဲ့သည်။

မင်္ဂလာပွဲကြောင့် စံအိမ်၏တံစက်မြိတ်များတွင် အနီရောင်တောက်တောက် မီးပုံးများ ချိတ်ဆွဲအလှဆင်ထားဆဲဖြစ်သည်။ အိမ်တော်ကြီးက ပျော်ရွှင်မှု အရိပ်အမြွတ်များကို ပေးစွမ်းနေသည်။ အရှေ့နန်းတော်ကဲ့သို့ပင် ဤနေရာက အလွန်ကြီးမားသော်လည်း အစေခံများနှင့် ကျွန်များ မရှိဘဲ လူသူကင်းမဲ့နေသည်။

‘သူမအထင် ဟော်တူက အေးစက်ပြီး အထီးကျန်ဆန်စေသလိုပါပဲ။ သူနဲ့ ဆက်ဆံတဲ့အခါ သူ့ပတ်ဝန်းကျင်မှာ မမြင်နိုင်တဲ့ အတားအဆီးတစ်ခု ရှိနေသလို ဖြစ်နေပြီး သူ့ကို ကမ္ဘာပေါ်က အရာအားလုံးနဲ့ ခွဲထုတ်ထားသလို ဖြစ်နေတယ်။’

‘ဟော်ရှက သူမကို ချီတိုင်းပြည်သို့ ပြန်လည်ခေါ်ဆောင်လာပြီးတဲ့နောက်မှာ သူမရဲ့မူလအစီအစဉ်က ဟော်ရှနဲ့ ခေါင်းအုံးအတူအုံးပြီး သူ့ကို တိုးတိုးညှင်းညှင်း တောင်းဆိုဖို့ပါ၊ ဒါမှ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ အစ်မဖြစ်သူကို ကယ်တင်ခွင့်ရမှာလေ။ အခု သူမမှာ ဟော်ရှ တခါမှ မပိုင်ဆိုင်ဖူးတဲ့ ဤခန္ဓာကိုယ်က လွဲပြီး ဘာမှ မရှိတော့တာကို သူမ ကောင်းကောင်း သိတာပေါ့။’

‘ဟော်ရှက သူမကို တောင့်တနေခဲ့တာ မဟုတ်ဘူးလား?’

‘နောက်ဆုံး အစ်မကို မကယ်တင်နိုင်ခဲ့ဘူးဆိုရင်တောင် သူမက ဟော်ရှနဲ့ အတူ သေဖို့ သူမကိုယ်သူမ ငါးစာအဖြစ် အသုံးချနိုင်တယ်။ တာ့လီပြည်ထောင်ရဲ့ တော်ဝင်မိသားစုက သေခြင်းတရားကို ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး။ သူမ တကယ်သာ အဲ့လို ဖြစ်သွားခဲ့ရင် အစ်မကလည်း သူမကိုယ်သူမ သတ်သေဖို့ နည်းလမ်းရှာမယ်လို့ သူမ ယုံကြည်တယ်။ သူမတို့နှစ်ယောက် မြေအောက်ကမ္ဘာမှာ ပြန်ဆုံတွေ့နိုင်လိမ့်မယ်’

‘သူမရဲ့ ခမည်းတော်၊ မယ်တော်နဲ့ အစ်ကိုတော်တို့က သူမတို့ကို စောင့်မျှော်နေမှာ သေချာတယ်။’

‘ဒါပေမယ့် အိမ်နီးချင်းတိုင်းပြည်တွေရဲ့ ဒေါသကို ဖြေဖျောက်ရန်အတွက် ချီဧကရာဇ်က သူမကို ထိုက်ဇီနဲ့ လက်ထပ်ခွင့်ပေးခဲ့တယ်။ ဟော်ရှက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူရဲ့အကြီးမားဆုံးခြိမ်းခြောက်မှုကို ဖယ်ရှားဖို့ သူမရဲ့အလှကို အသုံးချင်ပြန်တယ်။’

ထိုအရာက သူမ၏မူလအစီအစဉ်ကို အနှောင့်အယှက်ဖြစ်စေသော်လည်း ၎င်းက သူမ၏နှလုံးသားအောက်ခြေမှ နောက်ထပ်အစီအစဉ်တစ်ခု ထွက်ပေါ်လာစေသည်။

ဟော်ရှ၏အဆိုအရ ဟော်တူက ဆက်ဆံရလွယ်ကူသော လူ မဟုတ်ပါက သူမ ဟော်တူကို လက်ထပ်ရန် သူမ၏နှလုံးသားထဲမှ ရုန်းကန်မှုကို ဖိနှိပ်ထားမည် မဟုတ်ပေ။ ဟော်ရှကဲ့သို့ ကြောင်သူတော်တစ်ယောက်က သူမအား လက်မထပ်စေချင်ဘူးဆိုလျှင် သူထံ၌ ချီဧကရာဇ်အား ဆွဲဆောင်ရန် နည်းလမ်းများရှိနေမည်ကိုလည်း လဲ့ကျစ် နားလည်နေခဲ့သည်။

သို့သော် သူ မလုပ်ခဲ့ပေ။

ထို့အပြင် ဟော်တူက ရက်စက်ကြမ်းကြုတ်သောဝံပုလွေဖြစ်ကြောင်း ဟော်ရှက တစ်ကြိမ်ထက်ပို၍ ပြောပြခဲ့သည်။ ဟော်ရှက ဟော်တူကို မုန်းတီးသည့်အပြင် ကြောက်လည်း ကြောက်ရွံ့နေသေးသည်။ ထို့အပြင် နားနေစခန်းရှိ ကျေးကျွန်များ၏ အပျင်းပြေ အတင်းအဖျင်းများကြောင့် ဟော်တူက ကြင်နာသူ မဟုတ်ကြောင်း သူမ သိခဲ့ရသည်။

သို့သော် ကိုယ်တွေ့ မမြင်ရသည့် အရာအားလုံးက သေချာပေါက်မှန်သည် မဟုတ်ပေ။

ယခင်အချိန်များတွင် သူမ လီတိုင်းပြည်၏မင်းသမီးလေးအနေဖြင့် မိသားစု၏ အကာအကွယ်အောက်၌ နေထိုင်ခဲ့ရသည်။ ထို့ကြောင့် သူမ စဉ်းစားစရာ မလိုသည့် အရာများစွာ ရှိခဲ့ဖူးသည်။ သူမ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အထိန်းအကွပ် မရှိနေနိုင်ခဲ့သော်လည်း တွေးတောရန်လည်း ပျင်းရိခဲ့မိသည်။

သူမ ငယ်စဉ်က ခမည်းတော်ဘုရင်မင်းမြတ်က ချီတိုင်းပြည်မှ မင်းသားငယ်ကို ပိုမိုကောင်းမွန်စွာ ဆက်ဆံသင့်သည်ဟု ပြောကြားခဲ့ပြီး သူမက ခမည်းတော်စကားကို နားထောင်ခဲ့သည်။ သူမ အိမ်ထောင်ပြုနိုင်သည့် အရွယ်ရောက်ပြီးနောက်တွင် သူမ၏ ခမည်းတော်ဘုရင်မင်းမြတ်က သူမကို ဟော်ရှနှင့် ထိမ်းမြားပေးရန် ကတိပေးခဲ့သည်။ သူမ၏ မယ်တော်၊ အစ်ကိုတော်နှင့် အမတော်တို့အားလုံးက ဟော်ရှက ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ငယ်စဉ်ကတည်းက သိမ့်မွေ့စွာ ကြီးပြင်းလာသူတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူနှင့် လက်ထပ်လျှင် ပျော်ရွှင်အေးချမ်းသည့် ဘဝလေးဖြင့် သေချာပေါက် ဖြတ်သန်းနိုင်မည်ဟုလည်း ပြောခဲ့ကြသည်။ ထိုအချိန်တွင် သူမက အချစ်ကို နားမလည်သော်လည်း အနည်းဆုံးအနေဖြင့် သူမ ဟော်ရှနှင့် ကလေးဘဝကတည်းက အတူကြီးပြင်းလာခဲ့သည့် ခင်မင်ရင်းနှီးမှုတစ်ခုကြောင့် သူမ သဘောတူခဲ့သည်။

သို့သော် နောက်ဆုံးတွင် သူမ သူမ၏တိုင်းပြည် ကျဆုံးခြင်းနှင့် သူမ၏မိသားစု ပျက်စီးခြင်းကို မျက်မြင်တွေ့ရှိခဲ့ရသည်။

သူမ၏ ခမည်းတော်က တာ့လီတိုင်းပြည်ကို ကြင်နာမှုဖြင့် အုပ်ချုပ်ခဲ့ပြီး သူမ၏ ခမည်းတော်က အကြင်နာတတ်ဆုံးသူ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူက တန်ဖိုးမထားသင့်သောသူကို တန်ဖိုးထားကာ မယုံသင့်သောသူကို ယုံကြည်ခဲ့သည်။

ထို့ကြောင့် လဲ့ကျစ်က သူတပါးကို ဘယ်တော့မှ အလွယ်တကူ ယုံမည်မဟုတ်ကြောင်း ကျိန်ဆိုခဲ့သည်။ သူမက မိမိကိုကိုယ်သာ ယုံကြည်မည် ဖြစ်ပြီး မိမိကိုယ်ကိုသာ အားကိုးမည် ဖြစ်သည်။

ထိုလူများက ဟော်တူကို ထိုကဲ့သို့ ဖော်ပြခဲ့ကြသော်လည်း သူမက သံသယဖြစ်ရုံသာဖြစ်ခဲ့သည်။ သူမကိုယ်တိုင် မြင်အောင်ကြည့်ရမည်ဟု တွေးခဲ့သည်။ ထိုကြောင့် ဤနှစ်ရက်အတွင်း သူမ အလွန်ရှင်းလင်းစွာ ကြည့်ရှု့တွေ့မြင်ခဲ့သည်။ ဟော်တူက ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေရုံသာမက လျစ်လျူရှုတတ်ပြီး မိမိကိုယ်ကို တန်ဖိုးထားသူလည်း ဖြစ်သည်။

ဟော်ရှက သူတော်ကောင်းယောင်ဆောင်နေသော်လည်း သူတော်ကောင်းယောင်ဆောင်ထားသော အသွင်အပြင်မှ တစ်ဆင့် သူ၏ အတွင်းစိတ်လောဘကို သူမ တွေ့ရှိနိုင်သေးသည်။ ဟော်တူအတွက်တော့ ထော့ကျိုးလေးဟော်က သူ့မျက်လုံးထဲသို့ ဝင်ရောက်နိုင်ရုံမှ လွဲပြီး သူမ သူ ဘာကို ဂရုစိုက်သည် သို့မဟုတ် ဘာကို လိုချင်သည်ကို လုံးဝ မမြင်နိုင်ခဲ့ပေ။

သို့သော် ဟော်တူ၏စရိုက်ဖြင့် ဟော်ရှက သူ၏နယ်မြေအား ကျူးကျော်ခြင်းကို ခွင့်ပြုထားပြီး ငြိမ်ငြိမ်ထိုင်ကြည့်နေမည် မဟုတ်ကြောင်း လဲ့ကျစ် အနည်းငယ် ခန့်မှန်းနိုင်ခဲ့သည်။

ထိုအခြေအနေမျိုးတွင် ရန်သူ၏ ရန်သူက မိတ်ဆွေဖြစ်သည်။

‘သူမနဲ့ ဟော်တူ မဟာမိတ်ဖြစ်လာနိုင်မလား’

ထိုအကြံအစည်က စတင်ပေါက်ဖွားလာသည်နှင့်အမျှ အမြစ်တွယ်သွားပြီး အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့သည်။ လဲ့ကျစ်က လိုချင်သည့်အရာက ဟော်ရှ ပျက်စီးသွားရန် သက်သက်မဟုတ်ဘဲ သူမ လက်စားချေရန် လူများစွာကို သတ်ပစ်ချင်ခဲ့သည်။ ထို့ပြင် သူမက သူမ၏အစ်မတော်ကို ကယ်တင်ပြီး ပျောက်ဆုံးနေသော ယောင်းမတော်နှင့် သူမ၏တူငယ်ကိုလည်း ရှာဖွေချင်သည်။ တစ်ချိန်တည်းမှာပင် သူမက ခွဲခြမ်းစိတ်ဖြာရသူဖြစ်သွားကာ လီတိုင်းပြည်၏ သာမန်လူများအတွက် မစိုးရိမ် မပူပန်ပဲ မနေနိုင်ခဲ့ပေ။

‘တိုင်းပြည်နဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ သာမန်လူတွေ.... အားလုံးအတွက် သူမတစ်ယောက်တည်းနဲ့ ဟော်ရှကို ဘယ်လို နှိမ်နှင်းနိုင်မှာလဲ။’

သူမထံတွင် ထိုသို့သော အကြံအစည်များ ရှိနေသည်ကို သိပါက သူမ၏ခမည်းတော်က မည်ကဲ့သို့ တုံ့ပြန်မည်ကို သူမ မသိတော့ပေ။

အပြစ်ကင်းပြီး ကြင်နာတတ်သည့် လဲ့ကျစ်က လွန်ခဲ့သည့် တစ်လကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခု အသက်ရှင်လျက်ရှိသော တစ်ဦးတည်းသောလူက ငရဲမှ တွားသွားရုန်းထွက်ခဲ့သော လီတိုင်းပြည်၏မင်းသမီးလေးသာ ဖြစ်သည်။ သူမ မိမိအတွက်သာ အသက်ရှင်နေ၍ မရနိုင်တော့ပေ။

ဟော်ရှက ဟော်တူကို ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်ဟု ပြောခဲ့သည်က မှန်ကောင်းမှန်နိုင်သည်။

သို့သော်လည်း ဤရက်စက်ကြမ်းကြုတ်သည့်ဝံပုလွေသာမဟုတ်လျှင် ဟော်ရှကဲ့သို့ နတ်ဆိုးကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

သူမ လျှောက်မည့်လမ်းတွင် နောက်ထပ် အန္တရာယ်မည်မျှ ရှိနေမည်ကို သူမ မသိနိုင်သေးပေ။

‘အခုတော့ သူမအဖြစ်က ကျားသရေကို တောင်းဖို့ ဝံပုလွေနဲ့ ကခုန်နေရသလိုပါပဲ။ သူမရဲ့ ခြေလှမ်းတိုင်းက ချောက်ကမ်းပါးစွန်းသို့ လျှောက်သွားသလိုမျိုး ဖြစ်နေပြီး အမှားသေးသေးလေးကတောင် သူမကို အပိုင်းပိုင်း ကျိုးကြေသွားစေနိုင်တယ်။’

(ကျားသရေကို တောင်းဖို့ ဝံပုလွေနဲ့ ကခုန်တယ် ဆိုတာက- အန္တရာယ်တစ်ခုကို ရှောင်ဖို့နဲ့ အကျိုးစီးပွားအတွက် အခြား အန္တရာယ်ထဲကို ပြေးဝင်တာမျိုးပါ)

သို့သော် လဲ့ကျစ်ထံတွင် နောက်ကြောင်းပြန်လှည့်ရန် လမ်းမရှိတော့ပေ။ ထိုအပြင် သူမကိုယ်တိုင်လည်း နောက်ပြန်မလှည့်ချင်တော့ပေ။

လဲ့ကျစ်၏ပါးပြင်များက စက္ကူကဲ့သို့ ဖြူဖျော့နေသော်လည်း သူမက သက်ပြင်းတစ်ချက်ချရင်း အားတင်းလိုက်သည်။ သူမ လျှောက်လှမ်းနေသည့် ခြေလှမ်းများက ပိုမိုတည်ငြိမ်လာပြီး ပို၍ ခိုင်မာလာခဲ့သည်။

အရှေ့မှ အစေခံက သူမ မောပန်းနေပြီဟု ထင်ကာ " ကမန်းကတန်း ပြောလာခဲ့သည်။

“ထိုက်ဇီဖေး နောက်ထပ် အနည်းငယ်ကြာရင် စာဖတ်ခန်းကို ရောက်ပါလိမ့်မယ်"

“အင်း”

လဲ့ကျစ်က နွေးထွေးစွာ တုံ့ပြန်လိုက်သည်။

........။.......။.......

စာကြည့်ဆောင်အတွင်းတွင်....

"အရှင့်သား၊ တတိယမင်းသားက ထိုက်ဇီဖေးကို တိတ်တဆိတ် ဆက်သွယ်ခဲ့ပါတယ်..."

အန်းရွှယ်၏ စကားမဆုံးခင်မှာပင် ပြတင်းပေါက်နား၌ ထိုင်နေသည့်လူက သူ့ကို ကြည့်ရန် ဘီးတပ်ထိုင်ခုံကို ညင်သာစွာ လှည့်လာပြီး သူ့နှုတ်ခမ်းပေါ် လက်ညိုးတင်ရင်း ပြောလာခဲ့သည်။

“အန်းရွှယ်၊ တစ်ချို့အရာတွေကို ရှင်းရှင်းလင်းလင်းပြောရတာက သိပ်ပျော်ဖို့ မကောင်းဘူး”

အန်းရွှယ်တစ်ယောက် ဘာပြောရမှန်း မသိဖြစ်နေခဲ့သည်။

‘သူ့ရဲ့အရှင့်သားက ဘာကို ကစားချင်နေတာလဲ’

ထိုအချိန်တွင် တံခါးအပြင်ဘက် ခပ်လှမ်းလှမ်းမှ ခြေသံများ ထွက်ပေါ်လာပြီး တံခါးခေါက်သံ ကြားလိုက်ရသည်။ ထိုနောက် နောက်ထပ်အသံတစ်သံကိုလည်း ကြားလိုက်ရသည်။

“အရှင့်သား၊ ထိုက်ဇီဖေးက အရှင့်သားကို တွေ့ဖို့ တောင်းဆိုပါတယ်”

ထိုစကားကို ကြားရခြင်းက အန်းရွှယ်ကို ပို၍ပင် အံ့သြသွားစေခဲ့သည်။

‘ဒီအချိန်မှာ ထိုက်ဇီဖေးက တတိယမင်းသားနဲ့တွေ့ဆုံဖို့ အရှေ့တံခါးကနေ ထွက်သွားရမှာ မဟုတ်ဘူးလား။ သူမက ဘာလို့ ဒီကို လာတာလဲ။’

ဟော်တူ၏ မျက်နှာတွင်လည်း အံ့သြမှု အလင်းတန်းများ ထွက်ပေါ်လာသော်လည်း သူ့မျက်လုံးများက အပြုံးများဖြင့် ပြည့်နှက်နေသည်။

‘ပျော်စရာတွေ လာမှာ မဟုတ်ဘူးလား...???’

ဟော်တူ ခေါင်းညိတ်ပြလိုက်ကို မြင်လိုက်ရချိန်တွင် အန်းရွှယ်က နားလည်မှုအပြည့်ဖြင့် တံခါးကို ချက်ချင်းဖွင့်လိုက်သည်။ သူက လဲ့ကျစ်ကို အခန်းထဲသို့ ဖိတ်ခေါ်ပြီးနောက် စာဖတ်ခန်းမှ ထွက်လာကာ တံခါးကို ပြန်ပိတ်ပေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

ဟော်တူ၏လေသံက နွေးထွေးမှုမရှိဘဲ အေးစက်နေဆဲပင်။ လဲ့ကျစ်က လေးနက်သောအမူအရာဖြင့် ဟော်တူဆီသို့ လျှောက်သွားကာ ဒူးထောက်လိုက်ပြီး လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်သည်။

ထိုအမူအရာကို မြင်လိုက်ချိန်တွင် ဟော်တူက ရှေ့သို့ ငုံ့လိုက်ပြီး ဒူးထောက်နေသည့် သူမကို ဆုပ်ကိုင်ရန် သူ့လက်များကို ဆန့်တန်းလိုက်သည်။

"ဘာလို့ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားနဲ့ ဂါရဝပြုချင်နေတာလဲ"

ဟော်တူက သဘောတကျရယ်ရင်း ထပ်ပြောလာပြန်သည်။

“အရေးကြီးတဲ့ တစ်ခုခု ရှိနေပုံပဲ”

“ဟုတ်ကဲ့”

လဲ့ကျစ်က သူမ၏ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။ သူမက သူကို မငုံစေဘဲ ထိုင်ချလိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။

"ဟော်ရှက ကျွန်မကို တွေ့ချင်နေတယ်၊ အရှင့်သားက ကျွန်မ သွားသင့်တယ်လို့ ထင်လား"

စာဖတ်ခန်းသို့ လာရာလမ်းတွင် လဲ့ကျစ်က အကြောင်းပြချက်များစွာကို တွေးတောခဲ့သော်လည်း နောက်ဆုံးတွင် အားလုံးက မသင့်လျော်သလို သူမ ခံစားခဲ့ရသည်။ နောက်ဆုံးတွင် သူမက ပြဿနာကို ဟော်တူထံသို့ ပစ်ချရန် ဆုံးဖြတ်လိုက်ပြီး သူမ၏ ရိုးသားမှုကို မြင်ခွင့်ပေးလိုက်သည်။

#########

ဒီစာရေးသူမှာပြောစရာရှိပါတယ်....

ဟော်တူ : မင်းက ဒီကတ်တွေက ဘာလို့ အစဥ်လိုက် မဆော့တာလဲ....?????

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment