no

Font
Theme



မာရှယ် နေ့လည်တုန်းက သူ့နဖူး အရိုက်ခံရပြီးနောက် သူလှုပ်ရှားနေတာ ရပ်လိုက်သည်။ သူ လှုပ်ရှားနေလို့လည်း အသုံးမဝင်ပေ။

ဤနေရာသို့ သူရောက်နေတာ သိလိုက်ရပြီးနောက်ပိုင်း လူပုံစံ ပြောင်းလို့မရသည့်အပြင် သူ့စွမ်းအင်ကိုလည်း ထုတ်သုံးလို့မရချေ။

သူ့ စွမ်းအင်အရင်းအမြစ်က အပြည့်အဝပြန်ကောင်းနေပြီး စွမ်းအင် လှုပ်ရှားမှုများကလည်း အလွန်အဆင်ပြေ ချောမွေ့နေသည်။ သို့သော်လည်း ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များ မည်သို့ပင် ချောမွေ့စွာ စီးဆင်းနေပါစေ ထုတ်သုံးလို့မရပေ။

သူ့စွမ်းအင်အရင်းအမြစ် ပြန်ကောင်းလာသည့်အတွက် စိတ်လှုပ်ရှားမှုအပြီးမှာ ရေမွန်သည် တဖြည်းဖြည်း စိတ်ငြိမ်သွားပြီး အပြင်ဘက်က အသံတွေကိုသာ နားထောင်ရင်း သူဘယ်မှာ ရှိနေလဲဆိုသည်အား ခန့်မှန်းနေမိသည်။

သူသည် အနှီ ဘာမှန်းမသိ‌သောနေရာ၏ အောက်ခြေ "ကြမ်းပြင်" ပေါ်မှာ တိတ်တိတ်လေး လှဲနေလိုက်သည်။ သူကြားနေရသော ပြောစကားများအရ ရေမွန်တစ်ယောက် မဝန်ခံချင်‌သော်လည်း သူက တကယ့်ကို ဥတစ်လုံးထဲတွင် ရှိနေပုံရသည်။

ထို့အပြင် အနှီဥကလည်း မပေါက်သေးပေ။

သူထပ်ပြီး စဉ်းစားသုံးသပ် နေလိုက်သည်။ သူ့ခန္ဓာကိုယ်က အရွယ်အစားသေးငယ်သွားခြင်း မဟုတ်။ သို့သော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဤနေရာထဲ ထည့်ထားလို့ရသည့်အပြင် နေရာလွတ်အများအပြားပင် ကျန်နေသေး၏။

ဆိုတော့ ဒီဥက ဘယ်လောက်တောင် ကြီးမလဲ။ ဒီလောက်ကြီးတဲ့ ဥတစ်လုံးကို ကိုယ်ဝန်ဆောင်ထားနိုင်တဲ့ ဗိုက်ကလဲ ဘယ်လောက်တောင် ကြီးရမလဲ။

ဒီဥက ဘယ်တော့မွေးမလဲ၊ စစ်ရေးနဲ့ နိုင်ငံရေးက ဘယ်လိုဖြစ်သွားပြီလဲ၊ သူ့နေရာမှာ ဘယ်သူက မာရှယ်အဖြစ် တာဝန်ယူမလဲ  ဆိုသည်များကိုပင်သူစဉ်းစားမိသေးသည်။

ထို့အပြင် ရှေးဟောင်းတောအုပ်ထဲမှာ သူ့ကို လိုက်လံရှာဖွေခဲ့သည့် လူလေးယောက်ကိုရော ဘယ်သူတွေ လွှတ်လိုက်သည်လဲ။

သူ့အသက်ကို ဘယ်သူပဲလိုချင်ချင် သူက အသုံးမဝင်သည့်သူ ဖြစ်သွားပြီဆိုလျှင်တောင် သူ့ကို အလွှတ်မပေးချင်သည့်သူပဲဖြစ်ရမည်။

ယခုလေးတင်ပဲ အပြာရောင်ဂြိုလ် တွင် သူတစ်ခါက ကူညီပေးခဲ့ဖူးသည့် အမျိုးသမီးတစ်ယောက်က သူ့ဖြူစင်မှုကို လာရောက်ထိပါးနေသည် ဟုလဲ ကြားလိုက်ရသေးသည်။

သူ့မိဘတွေကတော့ သူ့မှာစေ့စပ်ထားသူနှင့် ကလေးရတယ်ဆိုသော သတင်းကို ယုံကြည်ကြမည် မဟုတ်သော်လည်း လုံးဝမယုံကြည်ဖို့ကြတော့လဲ မဖြစ်နိုင်ပြန်‌ပေ။

သူ့အမေ ဒိုရစ် က သူ့ကို အရင်ကတည်းက အိမ်ထောင်ချပေးချင်နေသည်။ သူ့ရှေ့မှာ တခြားအမျိုးသမီးတွေအကြောင်း အမြဲတမ်း ပြောပြောနေတတ်၏။ သို့သော်လည်း သူက အလုပ်တွေ အရမ်းရှုပ်နေခြင်းကို အကြောင်းပြကာ ငြင်းဆန်ထားခဲ့‌လေသည်။

သူ့(ရေမွန်)အဖေစွမ်းအင်တွေ ပျောက်ဆုံးသွားပြီးနောက် တစ်နှစ်ပတ်လုံး အိပ်ရာထဲမှာပဲ နေနေရပြီး ဘာမှ မလုပ်နိုင်တော့ပေ။ ယခု သူက ရုတ်တရက် "သေဆုံး" သွားတော့ သူ့မိဘတွေကရော ဘယ်လိုဖြစ်သွားမလဲမသိနိုင်။

အနာဂါတ်မှာ သူတို့တွေ ဘယ်လို ဆက်ပြီးနေထိုင်သွားကြမှာလဲ?

ရေမွန် ငြိမ်ငြိမ်လေးနေကာ အများကြီး တွေးတောနေမိသည်။ ရုတ်တရက်ဆိုသလိုပင် သူ့ကို မမြင်ရသည့် အားတစ်ခုက သူ့ခန္ဓာ ကိုယ်၏ ခုနစ်လက်မလောက်ကို ညှစ်တာခံလိုက်ရသည်။ ထို့နောက် သူ့အမြင်‌များက မှုန်ဝါးမှောင်မဲနေရာမှ အလင်းရောင် တဖြည်းဖြည်းလင်းလက်လာပြီး တောက်ပနေသည့် အခန်းတစ်ခုထဲသို့ ရောက်သွား‌တော့သည်။

ရုတ်တရက် လင်းလက်လာသော အလင်းရောင်များကြောင့် ရေမွန့် မျက်လုံးများက အနည်းငယ် မသက်မသာဖြစ်ကာ မှုန်ဝါးနေသေး၏။

"သာ့ဟေး ၊ နိုးပြီလား" သူ ပြတ်သားရှင်းလင်း‌သော အသံတစ်ခုကိုကြားလိုက်ရသည်။

ထိုအသံကို ရေမွန် တော်တော်လေးပင် ရင်းနှီး‌နေသည်။ သူနိုးလာကတည်းက ထိုအသံအား ကြားနေရတာဖြစ်ပြီး အသံထွက်ကလဲ အရမ်းကြီး ထူးဆန်းနေ‌သေးသည်။

ဝေးလံသည့်ဂြိုလ်မှ လူတစ်ယောက်က အခြေခံစကားများကို စပြောတတ်‌သောအချိန်တွင် ဖြစ်တတ်သည့် လေယူလေသိမ်းမျိုးပင်ဖြစ်ပြီး စကားပြောနှုန်းကလည်း နှေးသည်။

"နိုးနေတာကို သေချင်ယောင်ဆောင် မနေနဲ့။ မင်း ရဲ့ အမြီး လှုပ်နေတာ ငါမြင်တယ်။"

ရေမွန်: "..."

ရေမွန် က သူဝင်နေခဲ့သည့် ဥ အကြောင်းစဥ်းစားလိုက်မိကာ ပျို့အန်လိုက်‌တော့သည်။ ထို့နောက်မှ သူ အခုရောက်နေသော ပတ်ဝန်းကျင်ကို ခံစားနိုင်တော့၏။ အခု သူ ဥအပြင်ဘက်ကို ရောက်နေပြီဆိုသည်ကိုလည်း သိလိုက်ရသည်။

အဲဒီဥက... ဥ မဟုတ်ဘူး။

ကျင်းဝူ သည် မြွေကြီးက သူ့အမြှီး ကို ထပ်မလှုပ်လိုက်သော်လည်း သူ့မြွေလျှာ ထုတ်လိုက်သည်အား တွေ့လိုက်ရသည်။ ဒါဟာတုံ့ပြန်မှုတစ်ခုလို့ ယူဆလိုက်ပြီး သူအတော်လေး ကျေနပ်သွားလေပြီ။

ဘာပဲဖြစ်ဖြစ် ဒီမြွေကြီးရဲ့ အိုင်ကြူက နိမ့်တယ်‌လေ။ ဒါကြောင့် သူ့(ရေမွန်)ကို အရမ်းကြီး မျှော်လင့်ထားလို့ မရနိုင်ဘူး။

သို့သော်လည်း ဉာဏ်အလင်းပွင့်ပြီး‌သော နတ်ဆိုးသားရဲများ၏ အိုင်ကြူ မှာ ကျင့်ကြံဆင့်မြင့်လာတာနှင့်အမျှ တဖြည်းဖြည်း မြင့်တက်လာလိမ့်မည်။

မြွေကြီး၏ လက်ရှိ စွမ်းအားကတောင် သူထက် အဆပေါင်းများစွာ ပိုအားကောင်းနေသေးသည်။ နောက်ပိုင်း၌ ဤမြွေကြီး၏ အိုင်ကြူ ကလည်း မြင့်တက်လာလျှင်.....

ကျင်းဝူက မျက်လုံးလှိမ့်လိုက်ပြီး အနှီမြွေကြီးအား အရင်ဆုံး ဦးနှောက်ဆေးထားရန် ဆုံးဖြတ်လိုက်သည်။

"ငါ မင်းကို ပြောစရာရှိတယ်။ အရင်နေ့က မင်းက ကျားဖြူကြီးတစ်ကောင်၊ မိကျောင်းကြီးတစ်ကောင်နဲ့ ရန်ဖြစ်ခဲ့တယ်၊ မှတ်မိလား"

ကျင်းဝူ၏ အသံကြားတော့ မြွေဆိုးကြီးက ကျင်းဝူဘက် လှည့်ကြည့်လိုက်‌လေသည်။

"ငါပြောတာကို နားလည်လား။ နားလည်ရင် ခေါင်းညိတ်ပြ"

ကျင်းဝူ ပြောပြီးသည်နှင့် မြွေဆိုးကြီးက မြွေခေါင်းကို ညိတ်ပြလိုက်‌တော့၏။

ဟုတ်တယ်ပဲ ၊ သာ့ဟေး က အဲ့လောက် "စာမတတ်" ဘူးလေ။ သာ့ဟေး သူ့ကို နာခံလာအောင် လုပ်ဖို့က အများကြီး အားစိုက်ထုတ်ဖို့ မလိုဘူး။

ကျင်းဝူက ဆက်ပြော‌လေသည်။ "မင်း မနေ့က ဒဏ်ရာတွေ အများကြီးရပြီး သေမလိုဖြစ်နေတာ။ အဲ့ဒါကို ငါက မင်းကို ကယ်လိုက်တာလေ"

ရေမွန်က အကြမ်းဖျင်း ခန့်မှန်းမိလိုက်ပြီး သူ၏မြွေခေါင်းကို အနည်းငယ် ငုံ့လိုက်ကာ ဆရာလေး၏ ဆုံးမစကားများကို လေးလေးစားစား နားထောင်နေလိုက်သည်။

သို့သော်လည်း အနှီ "ဆရာလေး" နောက်ထပ် ပြောလာသည့်စကားကတော့ နားလည်အောင် ရှင်းပြရန် ခက်ခဲနေ‌လေသည်။

"အသက်ကယ်တဲ့ကျေးဇူးက ကောင်းကင်ထက် ကြီးမားတယ်။ ငါက မင်းကို ပြန်လည်မွေးဖွားပေးလိုက်တဲ့ မိဘပဲ"

ရေမွန်: "..."

"ဟုတ်ပါတယ်လေ၊ ငါတို့မျိုးနွယ်တွေက မတူကြဘူး။ ငါက မင်းရဲ့ အဖေ ဖြစ်လို့မရဘူး။ ဒါပေမယ့် ငါတို့က ကံတရားကြောင့် ဆုံတွေ့ခဲ့ရတာပဲ‌လေ။ ပြီးတော့ မင်းရဲ့ စွမ်းအင်တွေကလဲ အရမ်းနိမ့်ကျနေသေးတယ်။ ဘယ်သူမှ မသင်ပေးရင်  နောက်ထပ် အနှစ်တစ်ထောင်၊ ရှစ်ရာလောက်ကြာရင်တောင် မင်းကလူဖြစ်လာမယ် မထင်ဘူး။ အဲ့တော့ ငါက မင်းကို ငါ့ရဲ့ ညီလေးအဖြစ် လက်ခံပေးမယ်"

ရေမွန်: "..."

ထိုသို့ ပြောသောအချိန်မှ ရေမွန် သဘောပေါက်သွားသည်။ အနှီ သူ့ကိုယ်သူ(ကျင်းဝူ) အစ်ကိုဖြစ်ချင်နေသော ဆရာလေးက သူ(ရေမွန်)ဘယ်သူလဲဆိုတာကိုပင် သေချာ မသိပေ။ ထို့အပြင် သူ(ရေမွန်)က Orc တစ်ကောင်ဆိုတာကိုလဲ မသိ။ သူ့ကို သာမန် မြွေတစ်ကောင်ဟုသာ ထင်နေ‌လေသည်။

ထို့အပြင် တစ်ဖက်လူပြောနေသော "လူအသွင်ပြောင်းတယ်" ဆိုသည်က သာမန်မြွေတစ်ကောင်ကို လူဖြစ်အောင် လုပ်‌ပေးမည်ဟု ပြောသည်များလား။

ရေမွန် က တိတ်တိတ်လေး နားထောင်နေပြီး လှုပ်လည်း မလှုပ်။ ထိုဆရာလေး၏ အစွမ်းက မယုံနိုင်စရာပင်။

ယခုအချိန်တွင် သူ့မျက်လုံးများက အလင်းရောင်နှင့် တဖြည်းဖြည်း လိုက်လျောညီထွေ ဖြစ်လာသည်။

ရေမွန်၏ မည်း‌မှောင်နေသော အစိမ်းရောင် မျက်လုံးများက အနည်းငယ် လှုပ်ရှားလာပြီး ဆရာလေး၏ ဗိုက်ကို ကြည့်လိုက်သည်။

ထိုဆရာလေး က အရမ်းကြီးပြီး မလိုက်ဖက်သော စစ်ဝတ်စုံကို ဝတ်ထားသည်။ သို့သော်ငြား သူ့၏ ခါးနှင့် ဗိုက်ကတော့ ပြားပြားလေးသာဖြစ်၏။ သာမန်လူမျိုးစိတ်များနဲ့ မကွဲပြားပါချေ။

 

သူ့အကြည့်များကို ဖြည်းဖြည်းချင်း အပေါ်သို့ ရွှေ့လိုက်ပြီး အုပ်ထိန်းသူ၏ မျက်နှာကို ကြည့်လိုက်မိသည်။

ဒီအုပ်ထိန်းသူက ပုန်းကွယ်နေ‌တဲ့ကြယ်ဂြိုလ်‌ရဲ့ အပျိုစင်တောအုပ်ထဲက သူ တွေ့ခဲ့ရတဲ့ လူမျိုးစိတ်ပဲ။

ပြီးတော့... ဒီလူမျိုးစိတ်ရဲ့ နဖူးပေါ်မှာ မြွေပုံသဏ္ဍာန် ပြားချပ်ချပ် လက်မလောက် အမှတ်အသားတစ်ခု ရှိတယ်။

"သာ့ဟေး၊ ဟေ့... မင်းကို အခုကစပြီး သာ့ဟေး လို့ ခေါ်မယ်။ ဒါက ငါ မင်းကို ပေးတဲ့ နာမည်ပဲ"

ရေမွန် က သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ကွေးလိုက်ပြီး သူ့ခေါင်းကို ကွေးထားတဲ့ ခန္ဓာကိုယ်ပေါ် တင်လိုက်သည်။

ကျင်းဝူက မြွေကြီးက အရမ်းစွမ်းအားကြီးမည်ဟု မျှော်လင့်ထားသော်လည် အခုအချိန်တွင် စိတ်နဲ့ကိုယ် မကပ်သကဲ့သို ဖြစ်နေသည့် သူ၏ညီငယ်လေး ကြည့်ကာ အခုလို အနည်းငယ် စိတ်ဓာတ်ကျသွားသလို ခံစားနေရသည်။

"မင်းကိုယ်မင်း အထင်မသေးပါနဲ့။ ငါ့ကို ကြည့်"

ကျင်းဝူက သူ့နဖူးပေါ်က ခရုခွံပုံစံကို လက်ညှိုးထိုးပြီး "ဒီကမ္ဘာမှာ ဒီလိုပုံစံရှိတဲ့ လူတွေကို အရမ်းတန်ဖိုးထားကြတယ်။ မင်း လူပုံပြောင်းပြီးရင် ငါ မင်းအတွက်လည်း တစ်ခုလုပ်ပေးမယ်"

ရေမွန် ခေါင်းကို မော့လိုက်ပြီး မြွေပုံစံ အမှတ်အသားကို ထပ်မံ ကြည့်လိုက်သည်။ ပြီးတော့ ပတ်ဝန်းကျင်ရှိ ရနံ့နှင့်အမှုန်အမွှားများကို စစ်ဆေးရန် သူ့မြွေလျှာကို မြန်မြန် ထုတ်လိုက်သည်။

သူ(ကျင်းဝူ)ဝတ်ထားတဲ့ ယူနီဖောင်းပေါ်က ကော်ရေး ရဲ့ ရနံ့အပြင် ထိုလူမျိုးစိတ်ရဲ့ ရနံ့ကိုလည်း အနံ့ရလိုက်သည်။ သို့သော်လည်း တခြား Orc တွေရဲ့ ရနံ့ကိုတော့ မရပေ။

ထို့ကြောင့် ဒီလူမျိုးစိတ်ရဲ့ နဖူးပေါ်က မြွေပုံစံ အမှတ်အသားကို သူကိုယ်တိုင် လုပ်ထားတာ ဖြစ်နိုင်သည်။

မြွေကြီးရဲ့ တုံ့ပြန်မှုကို တွေ့တော့ ကျင်းဝူက ဆက်ပြောသည်။ "စိတ်မပူပါနဲ့။ မင်း ငါ့စကားကို နားထောင်နေသမျှ ကာလပတ်လုံး မင်းစိတ်ပူစရာမရှိဘူး။ နောင်တစ်ချိန်မှာ ငါ ကြီးပွားချမ်းသာလာခဲ့ရင် မင်းလည်း ငါ့နောက်လိုက်ပြီး ပူပူနွေးနွေး အစားအသောက်တွေကိုပဲ စားသောက်ရလိမ့်မယ်။"

သူက လက်ချောင်းနဲ့ ခေါ်လိုက်ပြီး "ဒီကိုလာ၊ ငါ မင်းခန္ဓာကိုယ်ကို စစ်ဆေးပေးမယ်"

တကယ်တော့ ရေမွန် ဥထဲက အပြင်ကိုထွက်လာတာနဲ့ သူ့ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်သွားပြီဆိုတာ ခံစားမိသည်။ စွမ်းအားတွေကိုလည်း ထုတ်လွှတ်လို့ရနေပြီ ဖြစ်သည်။

သူစိတ်ပါရင်တောင် လူပုံပြောင်းလို့လည်း ရနေပြီ။

ဒါပေမယ့်...

အခုတော့

သူ လူပုံမပြောင်းချင်သေးဘူး။ အနည်းဆုံးတော့ ဒီလူမျိုးစိတ်ရှေ့မှာတော့ မပြောင်းချင်သေးဘူး။

 

ရေမွန် က ကုတင်ပေါ်ကို ဖြည်းဖြည်းချင်း တွားသွားပြီး မြွေခေါင်းကို မော့ပေးလိုက်သည်။ ဒီလူမျိုးစိတ်က သူ့ခန္ဓာကိုယ်ကို ဘယ်လိုစစ်ဆေးမလဲဆိုတာ သူသိချင်နေသည်။

ကျင်းဝူ က နာခံတတ်တဲ့ သာ့ဟေး ကို အရမ်းကျေနပ်သွားသည်။ ကုတင်ပေါ်မှာ ထိုင်ခုံလေး ချထိုင်လိုက်ပြီး မြွေကြီးရဲ့ နဖူးကို လက်ညှိုးနဲ့ ထိလိုက်ကာ ဝိညာဉ်စွမ်းအင် အနည်းငယ် ထည့်ပေးလိုက်သည်။

ရေမွန် က သူ့ခန္ဓာကိုယ်ထဲကို နူးညံ့တဲ့ စွမ်းအင်တစ်ခု ဝင်လာတာကို ခံစားလိုက်ရပြီး အဲဒီစွမ်းအင်က အရင်က သူ့ခန္ဓာကိုယ်ထဲကို ဒီလိုပဲ ဝင်လာဖူးသလို အနည်းငယ် ရင်းနှီးနေတယ်။

နူးညံ့တဲ့ စွမ်းအင်က သူ့ရဲ့သွေးကြောတွေတစ်လျှောက် ဖြည်းဖြည်းချင်း ရွေ့လျားသွားပြီး နောက်ဆုံးမှာ သူ့ရဲ့စွမ်းအားအရင်းအမြစ်ဆီ ကို ရောက်သွားသည်။

ဒီလူမျိုးစိတ် ပြောတာ မှန်တယ်လို့ သူထင်သည်။ သူ့ရဲ့ ဒဏ်ရာတွေ၊ ပျက်စီးသွားတဲ့ စွမ်းအားအရင်းအမြစ်ကိုတောင် ဒီလူက ကုသပေးလိုက်တာ ဖြစ်ရမည်။

ကျင်းဝူ လက်ကို ပြန်ရုတ်လိုက်ပြီး ပြောလိုက်သည်။ "အရမ်းကောင်းတယ်။ နောက်ရက်ကျရင် မင်းအတွက် ဝိညာဉ်ကျောက်တွေ အများကြီး ရှာပေးမယ်။ မင်းခန္ဓာကိုယ်ကို ငါ ဖွံ့ဖြိုးအောင် လုပ်ပေးပြီးပြီ။ ကြိုးစားပြီး လေ့ကျင့်ရင် မင်း မကြာခင် လူပုံပြောင်းနိုင်လိမ့်မယ်"

ခန္ဓာကိုယ်ကို ဖွံ့ဖြိုးအောင် လုပ်ပေးပြီးပြီ...

ဒါပေမယ့် ရေမွန် က အနည်းငယ် မသက်မသာ ဖြစ်နေကာ သူ့မြွေမျက်နှာကို လှည့်လိုက်သည်။

ကျင်းဝူးက လက်ခုပ်တီးလိုက်ပြီး "ဒီမှာကြည့်၊ ငါ့နာမည်က ကျင်းဝူ။ အခုကစပြီး မင်း ငါ့ကို အစ်ကို ကျင်းဝူ လို့ ခေါ်လို့ရတယ်။ မင်းကတော့ သာ့ဟေး ပေါ့"

လူပုံပြောင်းရင် လူမဲ မဟုတ်တဲ့ ရေမွန်: "..."

ကျင်းဝူ က သူ့ဗိုက်ကို လက်ညှိုးထိုးပြီး "အိုး၊ မင်းကို ပြောစရာရှိတယ်။ အခုကစပြီး နေ့ဘက်တွေမှာ မင်း ဒီမှာပဲ နေရမယ်။ ညဘက်ကျရင် လေညှင်းခံဖို့၊ လောကကြီးကို ကြည့်ဖို့၊ လူတွေ ဘယ်လိုပျော်ပျော်ရွှင်ရွှင် နေထိုင်ကြလဲဆိုတာ ကြည့်ဖို့ မင်းကို ငါ အပြင် ထုတ်ပေးမယ်"

သူ့ရဲ့ အတုအယောင်ကိုယ်ဝန်ကလဲ တစ်လလောက် ကြာဦးမှာဆိုတော့ အခုချိန်မှာ သာ့ဟေးကို သူအပြင်လောက ကို ဘာမှ လိုက်မပြသနိုင်သေးပါဘူး။

နရှီဇါဝါ ဆိုတဲ့ ဆရာဝန်က ဗျူရိုကနေ စက်ကိရိယာလေးတစ်ခု ယူလာပေးထားသည်။ အဲဒါက ကိုယ်ဝန်ဆောင်ခင်ပွန်းရဲ့ အခြေအနေကို အချိန်မရွေး စောင့်ကြည့်လို့နေတဲ့ စက်လေးဖြစ်ပုံရသည်။

အဲဒါကြောင့် သာ့ဟေး က သူ့အခွံထဲမှာပဲ ဆက်နေရမည်။

ရေမွန် က သူ့ကို အရင်က ဘယ်နေရာမှာ ထားခဲ့လဲဆိုတာ မမြင်ချင်တော့ပေ။ ထို့ကြောင့် သူ့ခေါင်းကို တိတ်တိတ်လေး လှည့်လိုက်သည်။

ကျင်းဝူ ကလဲ သာ့ဟေး က သူ့အခွံထဲ ဝင်မနေချင်ဘူးလို့ နားလည်လိုက်သည်။

အခွံထဲမှာ နေရတာ အိပ်ရုံကလွဲလို့ ဘာမှ လုပ်လို့မရပေ။ အရမ်းပျင်းစရာ ကောင်းလေသည်။

မြွေတွေက သူတို့ခရုတွေလို မဟုတ်ဘူး။ မြွေတွေက ဆောင်းတွင်းမှာပဲ အိပ်ကြတာဖြစ်သည်။ သူတို့ခရုတွေကျတော့ နွေရော ဆောင်းပါ အိပ်ကြသည်။ ပြီးတော့ အိပ်ချင်တဲ့အချိန်လဲ အိပ်လေ့ရှိသည်။

သူ့ညီငယ်လေး၏ အရိမ်အခြေကိုကြည့်ကာ ကျင်းဝူတစ်ယောက် စဥ်းစားချိန်ညှိနေလေသည်။

‘ညီငယ်လေး မလုပ်ချင်သည်များကို  မျက်စိစုံမှိတ်ကာ မခိုင်းမိစေရန် သတိထားရမည်။ သင့်တော်တဲ့ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများပေးခြင်းသည် ညီငယ်လေးက မိမိအပေါ် သစ္စာရှိလိမ့်မည်ကျင်းဝူက ကောင်းကောင်းသိသည်။’

ထို့နောက် ကျင်းဝူက မြွေကြီးကို ပြောလိုက်တယ်။ "အခုကစပြီး ငါ ညတိုင်း မင်းအတွက် ကြက်တစ်ကောင်ဖမ်းပြီး အမွှေးနှုတ်ပေးမယ်"

ရေမွန်: "..."

"အိုကေ၊ ညဉ့်နက်သွားပြီ။ အိပ်တော့။ အဲဒါက လျှပ်စစ်မီးလုံးပဲ။ မင်း ဒါကို အရင်က မမြင်ဖူးဘူး မလား။ မင်း အဲ့တာကို ပိတ်လို့ရတယ်"’

ကျင်းဝူ က ကုတင်ပေါ်ကနေ ခြေဗလာနဲ့ ဆင်းလာပြီး နံရံတစ်ဝိုက်ကို ကြည့်လိုက်ပေမယ့် မီးခလုတ်ကို သူ မတွေ့ဘူး။

သူ လက်ခုပ်တီးလိုက်ပြီး သူ့ညီလေးကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အခု မင်းကို စမ်းသပ်ရမယ့်အချိန်ရောက်ပြီ။ ဒီမီးကို ပိတ်လိုက်။ ဘယ်လိုပိတ်ရမလဲ မမေးနဲ့။ မင်းကိုယ်တိုင် ရှာဖွေရမယ်"

ရေမွန်: "..."

ရေမွန် က သူ့အမြီးကို အနည်းငယ် လှုပ်လိုက်တာနဲ့ မီးက ပိတ်သွားတယ်။

ကျင်းဝူ: "..."

ကျင်းဝူ က ခပ်တည်တည်နဲ့  "ကောင်းတယ်၊ မဆိုးဘူး"

ကျင်းဝူ အမှောင်ထဲတွင်ပင် လမ်းလျှောက်ကာ ကုတင်ပေါ် တက်အိပ်လိုက်သည်။ ထို့နောက် မှောင်မဲနေတဲ့အခန်းထဲမှာ သဲသဲကွဲကွဲ အသံတစ်ခု ထွက်လာသည်။ "ဒီည မင်းကြမ်းပြင်ပေါ်မှာ အိပ်လို့ရတယ်"

ရေမွန်: "..."

ရေမွန် ကြမ်းပြင်ပေါ်မှာ လှဲအိပ်နေလိုက်သည်။ ကုတင်ပေါ်ကလူ အသက်ရှူသံငြိမ်သွားတဲ့အထိ စောင့်နေပြီးမှ တိတ်တိတ်လေး တံခါးဖွင့်ပြီး တွားထွက်သွားလိုက်သည်။

တံခါးနားက ဆလင်ဒါပုံစံ စက်ရုပ်ရဲ့ မျက်လုံးနီနီတွေ တလက်လက် ဖြစ်ပြီး ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။

ရေမွန် အခန်းအပြင်သို့ အလျင်အမြန် ထွက်လိုက်သည်။ ဆလင်ဒါပုံစံ စက်ရုပ်က သူ့ရဲ့ ခေါင်းကြီးကို မော်တာနှင့်လှည့်ကာကြည့်လာပြီး စက်ရုပ်မျက်လုံးနီနီတွေက သံသယဝင်သလို ခဏလောက် လင်းနေပြီးမှ တဖြည်းဖြည်းချင်း မှိန်ကျသွားသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment