no

Font
Theme

ရေမွန်သည် သူ၏မိဘများနှင့် ဆက်သွယ်ပြောဆိုနေဆဲတွင် ကျင်းဝူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို တဖြည်းဖြည်း သဘောပေါက်လာသည်။

သူသည် ခရုခွံထဲသို့ ပြန်လည်မဝင်ရောက်နိုင်သောကြောင့် အနံ့ခံစွမ်းအားမှာ အတော်လေး လျော့နည်းသွားသော်လည်း အနံ့များ ခွဲခြားသိရှိနိုင်စွမ်းကို လုံးဝမဆုံးရှုံးသေးပေ။

သူ့အတုအယောင် ကိုယ်ဝန်၏ဖခင်(ဂေါ်ဖီထုပ်လေးဖေဖေ) သည် သေဆုံးရာမှ ရုတ်တရက် ပြန်လည်ရှင်သန်လာမှုကြောင့် သူ အံ့အားသင့်ခဲ့ရသည်။

အိပ်ခန်းအပြင်ဘက်တွင်ရှိစဥ်က ကျင်းဝူသည် ထိုလူထံမှ မည်သည့်ထူးခြားသည့်အနံ့ကို မျှမရရှိခဲ့ချေ။  အပြင်ဘက်တွင် နေရာကျယ်ပြန့်ခြင်းကြောင့် ထိုလူ၏အနံ့ကို မရခြင်းလဲဖြစ်နိုင်သည်။
 

ယခု သူနှင့် ရေမွန်တို့သည် အိပ်ခန်းထဲတွင် ရှိနေကြပြီး၊ အချိန်အတော်ကြာကြာ အတူရှိနေခဲ့ပြီဖြစ်သောကြောင့် ရေမွန်၏ ခန္ဓာကိုယ်တွင် သူ အရင်က ခံစားဖူးသော အနံ့တစ်ခုရှိနေသည်ကို သူ တွေ့ရှိသွားသည်။
 
အစကတော့ သူ့ နှာခေါင်းထဲတွင် ရနေသောအနံ့သည် မနေ့ညက သာ့ဟေးထံမှ ကျန်ခဲ့သည့်အနံ့ဖြစ်မည်ဟု သူထင်ခဲ့သည်။

သာ့ဟေး မည်သည့်အချိန်တွင် ထွက်သွားသည်ကို ကျင်းဝူ မသိပေ။ အရုဏ်မတက်မီ ထွက်သွားတာဖြစ်နိုင်ပြီး အခန်းထဲတွင် သာ့ဟေး၏ အနံ့သည် အနည်းငယ် စွဲကျန်နေသေးသည်။ ထိုမာရှယ်ရေမွန်ဆိုသောလူလည်း ထိုအနံ့ကို သတိထားမိသွားမည်ကို သူစိုးရိမ်နေမိသည်။

သာ့ဟေး၏အနံ့သည် အချိန်ကြာလာသည်နှင့်အမျှ လျှော့ပါးသွားသင့်သော်လည်း ရလဒ်ကတော့ အချိန် ကြာလာလေလေ သာ့ဟေးအနံ့က ပိုပြင်းထန်လာလေလေပင်…..

ဤသို့ဖြစ်ခြင်းက ဘာကိုဆိုလိုနေသနည်း။

ကျင်းဝူသည် ရုတ်တရက် သူ့ခေါင်းထဲတွင် အတွေးတစ်ခုဝင်လာပြီး မယုံကြည်နိုင်ဖွယ်  ကောက်ချက်တစ်ခုကို သူကောက်ချက်ချမိသည်။

 ဤကမ္ဘာပေါ်ရှိ လူသားများသည် မည်သည့်အချိန်တွင်မဆို သားရဲများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည် ဖြစ်သောကြောင့် သူ့ရှေ့တွင်ရှိနေသော မှတ်ဉာဏ်ပျောက်ဆုံးနေသော အဖော်သည်လည်း....

ကျင်းဝူသည် သူ၏ မှတ်ဉာဏ်ပျောက်ဆုံးနေသော အဖော် က မိဘများနှင့် မည်သည့် မှတ်ဉာဏ်ချို့ယွင်းချက်မျှမရှိဘဲ ဆက်သွယ်ပြောဆိုနေသည်ကို စောင့်ကြည့်နေမိသည်။ သူ့မျက်လုံးများကို မှေးကျဉ်းပြီး သူ့ရှေ့ကလူကို ကြည့်လိုက်မိသည်။


ရေမွန်သည် ဆက်သွယ်မှုကို ရပ်လိုက်ပြီး ကျင်းဝူကို ကြည့်လိုက်သည်။

ကျင်းဝူသည်လည်း သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ကျင်းဝူ၏မျက်လုံးများမှာ ကြည်လင်တောက်ပနေကာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ ပါးစပ်ထောင့်စွန်းတွင်လည်း မဖော်ပြနိုင်သော အပြုံးတစ်ခု ချိတ်ဆွဲထားသည်။ ကျင်းဝူ၏ အကြည့် ထဲတွင်လည်း ခန့်မှန်းမရနိုင်သော သေချာမှုတစ်ခုရှိနေသကဲ့သို့သော သူ့ကို ခံစားရစေလေသည်။

ထို့အကြည့်ကြောင့် ရေမွန်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြေးခွံများ ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရသည်။ ယခုသူက လူသားအသွင်ပြောင်းထားပြီး သူ့ခန္ဓာကိုယ်တွင် အကြေးခွံများ မရှိတော့သော်လည်းပေါ့။


ရေမွန်အတွက်တော့ ကျင်းဝူသည် သူ့အသက်ကို ကယ်တင်ခဲ့သူ လည်းဖြစ်သလို "မှတ်ဉာဏ်ပျောက်ဆုံးမှု" မတိုင်မီက သူ့၏ "အဖော်"လည်း ဖြစ်သည်။
 

ငယ်စဉ်ကတည်းက အမျိုးသမီးများ သို့မဟုတ် တူညီသောအသက်အရွယ်ရှိ အခြားမျိုးစိတ်များနှင့် ထိတွေ့ဆက်ဆံမှု ရှားပါးခဲ့သော ရေမွန်သည် ကျင်းဝူ ၏ စိုက်ကြည့်မှုကို ခံရသည့်အခါတွင် သူ့ရင်ဘတ်ထဲတွင်  ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
 

"စကားပြောလို့ပြီးပြီလား" ဟု ကျင်းဝူက ပြောလိုက်သည်။

ရေမွန်သည် မျက်လုံးများကို အမြန်လွှဲလိုက်ကာ ပြောလိုက်၏ "ပြီးပါပြီ"

ကျင်းဝူသည် မတ်တပ်ရပ်လိုက်ပြီး ရေမွန်ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း ကိုယ်ကို ကိုင်းညွှတ်လိုက်ကာသူ့ခေါင်းကို ရေမွန်၏ လည်ပင်းနားသို့ တဖြည်းဖြည်းချင်း နီးကပ်လိုက်ပြီး သေချာစွာ အနံ့ခံလိုက်သည်။

ရေမွန်သည် ရုတ်တရက် တောင့်ခဲသွားပြီး သူ့မျက်ခွံများနှင့် မျက်တောင်များပင် တုန်လှုပ်သွားသည်။

ကျင်းဝူသည် အတန်ကြာ အနံ့ခံပြီးနောက် သူ့၏ ခန့်မှန်းချက်ကို ပိုမို သေချာနိုင်ခဲ့သည်။

ကျင်းဝူသည် စိတ်ထဲတွင် အေးစက်စက်ဖြင့် နှာတစ်ချက်မှုတ်လိုက်ပြီး ကိုယ်ကို ပြန်မတ်လိုက်ကာ မူလနေရာသို့ ပြန်လျှောက်သွားကာ ထိုင်ချလိုက်ပြီး ရေမွန်ကို အပြုံးဖြင့် ကြည့်နေလိုက်သည်။

ကျင်းဝူ ဝေးသွားသည်နှင့်အမျှ ရေမွန်၏ ကြွက်သားများသည် တဖြည်းဖြည်း ပြေလျော့သွားသည်။

ခဏနေတော့ ကျင်းဝူ က ကြည်လင်သော အသံလေးဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "မနေ့က တစ်ခုခု ပျောက်သွားလို့ ငါ့အတွက် ရှာပေးဖို့ မင်းကို ဒုက္ခပေးရဦးမယ်"

ရေမွန့်စိတ်သည် အတော်အတန် ပြန်ငြိမ်သွားပြီး ကျင်းဝူကို ကြည့်လိုက်ကာ "ဘာပျောက်သွားတာလဲ" ဟု မေးလိုက်သည်။

"အိမ်မွေးတိရစ္ဆာန်"

"အိမ်မွေးတိရစ္ဆာန်လား"

အဲဒါဘာလဲ။ ဒီလို အသုံးအနှုန်းမျိုးကို တစ်ခါမှ မကြားဖူးပါဘူး။

ကျင်းဝူက ရှင်းပြသည်။ "အိမ်မွေးတိရစ္ဆာန်ဆိုတာ စိတ်ပျော်ရွှင်မှုနဲ့ အဖော်အဖြစ် မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ခေါ်တာ"

ရေမွန်သည် ရုတ်တရက် မကောင်းသော အတိတ်နိမိတ်ကို ခံစားလိုက်ရသည်။

ကျင်းဝူက ဆက်ပြောသည်။ "သူက မြွေတစ်ကောင်၊ အရောင်က အမဲရောင်၊ ဒီလောက်အထူ ရှိတယ်၊ အရှည်က ၂၇၈ မီတာလောက်ရှိမယ်၊ ကျောပြင်မှာလဲ မီးခိုးရောင် အမှတ်အသားတွေရှိတယ်"

ရေမွန် : "..."

"သူ့နာမည်က သာ့ဟေး၊ သူက အရမ်းဆိုးတယ်၊ မနေ့ညက တိတ်တိတ်လေး ထွက်ပြေးသွားတယ်"

ရေမွန် : "..."

"ငါသူ့ကို ပြန်ရှာတွေ့ရင်  သင်ခန်းစာပေးရမလား၊ ဒါမှမဟုတ် လွှင့်ပစ်လိုက်ရမလားဆိုတာ မင်းပြောကြည့်လေ"

ရေမွန် : "..."

"ပြောလေ၊ ငါ့ရဲ့အဖော်"
ရေမွန်သည် မနေ့ညက ကျင်းဝူက သူ့အပေါ် ပြောဆို ဆက်ဆံမှုများအရ သူ့အသက်ကို ကယ်တင်ခဲ့သည့် ထိုသူသည် ရိုးရှင်းသောစိတ်ထားရှိသူဟု ခံစားမိသည်။

ကျင်းဝူကယ်တင်ခဲ့သော မြွေနှင့် ပတ်သက်၍ တစ်နေ့နေ့တွင် ကျင်းဝူ သိလာလိမ့်မည်ဟု သူသိနေခဲ့သည်။

သို့သော်လည်း ဒီနှစ်ရက်အတွင်း နားလည်မှုလွဲမှားသည့်ကိစ္စများစွာ မမျှော်လင့်ပဲ ဖြစ်ပျက်ခဲ့သည်။ ထို့ကြောင့် ရေမွန်အနေဖြင့် သူက အခြားသူ၏ ဝမ်းဗိုက်ထဲတွင် တစ်နေ့လုံးနေထိုင်ခဲ့သော သာ့ဟေးဖြစ်ကြောင်းကို ကျင်းဝူအား လောလောဆယ်တွင် မသိစေလိုပေ။

ထိုကဲ့သို့ကိစ္စမျိုးက... အရမ်းရှက်စရာကောင်းပြီး ပြောပြဖို့လည်း ခက်ခဲလွန်းသည်။

သို့သော်လည်း ကျင်းဝူက ဤမျှလောက်ထိ လိမ္မာပါးနပ်မယ်လို့ သူမထင်ခဲ့ပေ။ "မှတ်ဉာဏ်ပျောက်ဆုံး" နေဟန်ဆောင်ကာ ပြောဆိုခဲ့သော်လည်း ကျင်းဝူမှ သူ့ကို မည်ကဲ့သို့ ရှာဖွေတွေ့ရှိသွားပါသနည်း။

မိဘများနှင့် စကားပြောနေစဉ်တွင်ပင် ကျင်းဝူက သူ့ကို တိတ်တဆိတ် အာရုံစိုက်ကြည့်နေသော်လည်း ရေမွန်သည် မည်သည့်နေရာတွင် သူ့ကိုယ်သူ ဖော်ပြမိသွားသည်ကို မသိခဲ့ပေ။

"မင်းစကားမပြောရင် ငါပြောမယ်"

"မင်းက မြွေဆိုးကြီးပဲ၊ မင်းနှစ်ယောက်၏ အနံ့က အတူတူပဲ" ကျင်းဝူ ပြောလိုက်သည်။

ရေမွန် : "..."

ရေမွန်သည် သူမည်သည့်နေရာတွင် ဖော်ပြမိသွားသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။ သူ၏အစွမ်းသည် ကိုးခုမြောက်အဆင့်သို့ ရောက်ရှိသွားသောအခါ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနံ့အားလုံးကို ကြိုက်သလို ဖုံးကွယ်ထားနိုင်သည်။ သို့ပေမယ့် သူ့မိဘများကို သူ့စွမ်းအင်ကို ပြသတုန်းက ဖုံးကွယ်ထားသည့် အနံ့က သူ့စွမ်းအင်နှင့်အတူ ထွက်လာခဲ့သည်။

 ဤကမ္ဘာက သားရဲပုံစံ မပြောင်းလဲနိုင်သည့် မျိုးစိတ်ခွဲများက သူတို့၏ အနံ့ခံစနစ်မှာလည်း နှေးကွေးလွန်းပြီး သားရဲတစ်ဦးချင်းစီ၏အနံ့များကို ကွဲပြားအောင် မခွဲခြားနိုင်ကြပေ။

ဤသည်မှာ သူ(ရေမွန်)၏  ပေါ့ဆမှုပင်။ ကျင်းဝူသည် ဤကြယ်စုမှ မဟုတ်ပေ။ ဤကမ္ဘာက မျိုးစိတ်ခွဲများ၏ ဗီဇစနစ်များအတိုင်း ကျင်းဝူက သူ့အနံ့ကို မရနိုင်ဟု ယူဆခဲ့မိသည်။

ထိုအခိုက်တွင် ကော်ရေးနှင့် နရှီဇါဝါတို့သည် အဝတ်အစားဝယ်ယူရာမှ ပြန်ရောက်လာကြသည်။ သူတို့နှစ်ဦး တံခါးဝမှ ဝင်လာသည်နှင့် ကြမ်းပြင်ပေါ်တွင် ကျိုးပဲ့နေသော ကျောက်စရစ်အပိုင်းအစများကို တွေ့လိုက်ရသည်။ မာရှယ်နှင့် သူ၏ အဖော်တို့သည် မျက်နှာချင်းဆိုင်ထိုင်နေကြပြီး မာရှယ်၏ အဖော်မှာ အနည်းငယ် မပျော်ရွှင်ဟန် ရှိနေသည်။

နရှီဇါဝါသည် အလျင်အမြန်ပင် ရှေ့တိုးလိုက်ပြီး ကျင်းဝူကို အဆင်ပြေမပြေ မေးမြန်းလိုက်သည်။ ကိုယ်ဝန်ဆောင်ခင်ပွန်း သည် အမျက်ဒေါသ မထွက်သင့်ပေ။ မာရှယ်ရေမွန်က သူ့အဖော်အား မည်သည့်အရာကို ပြုလုပ်လိုက်သဖြင့် ဤမိတ်ဖက်လေးက ဒေါသထွက်နေသည်ကို သူမသိပါ‌ချေ။

ရေမွန်၏  ဘာမှအမူအရာမှ မဖော်ပြသည့် မျက်နှာသေကို ကြည့်ပြီး နရှီဇါဝါ ခေါင်းယမ်းလိုက်မိသည်။ ကိုယ်ဝန်ဆောင် အဖော်ကိုတောင် မချော့တတ်သည့် သားရဲမျိုးကို ဘုရားသခင်က ဘာလို့  ဒီလောက်ချောမောပြီး ယဉ်ကျေးတဲ့  အဖော်မျိုး ပေးရတာလဲ။

သို့သော် ကော်ရေး၏  တွေးခေါ်ပုံက နရှီဇါဝါနှင့်  လုံးဝကွာခြားသည်။ သူသည် ကြမ်းပြင်ပေါ်ရှိ ကျိုးပဲ့နေသော ကျောက်စရစ်အပိုင်းအစများနှင့် အနည်းငယ် ဒေါသထွက်နေသော မာရှယ်၏ အဖော်ကို ကြည့်လိုက်ကာ "ဟင့် အွမ်း အင့်" ဒရာမာတစ်ခုကို ချက်ချင်း မြင်ယောင်မိသွားသည်။

ကော်ရေးသည် မာရှယ်ကို လေးစားစွာ ကြည့်လိုက်၏။ မာရှယ်သည် တကယ်ပင် သူ၏ အိုင်ဒေါ ဖြစ်ထိုက်ပါပေသည်။ သူ၏အိုင်ဒေါက ကျောက်စရစ်ကော်ဖီစားပွဲကို အပိုင်းအစများအဖြစ်သို့  ပြောင်းလဲသွားလောက်သည်အထိပင် လုပ်ဆောင်မှု ပြင်းထန်အားကောင်း လေသည်။

သို့သော် မာရှယ့်  အဖော်ဟာ သူ၏ စစ်ဝတ်စုံကိုပဲ ဆက်လက် ဝတ်ဆင်ထားဆဲဖြစ်သည်ကို မြင်လိုက်ရသည့်အခါ... အရိုက်ခံရမှာကို ကြောက်တဲ့  ကော်ရေးက မာရှယ့်  အာရုံကို အလျင်အမြန်ပဲ လွှဲလိုက်သည်။

သူသည် ချက်ချင်းပင် ရေမွန်ကို အလေးပြုလိုက်ပြီး အရေးကြီးသော အမူအယာပြုလုပ်ကာ အစီရင်ခံလိုက်သည်။ "မာရှယ်၊ အုပ်ချုပ်သူဘရုစ်က ပြောစရာရှိလို့  အပြင်မှာ စောင့်နေပါတယ်။"

ရေမွန်သည် ကျင်းဝူကို မည်သို့ ပြန်လည် ဖြေရှင်းရမည်ကို မသိသောကြောင့်  ထရပ်လိုက်ပြီး ကျင်းဝူကို ပြောလိုက်သည်။ "မင်းနဲ့ တော်တဲ့  အဝတ်အစားတွေကို စမ်းကြည့်ပါဦး၊ ငါ အပြင်ထွက်ပြီး တစ်ချို့အရာတွေကို ကိုင်တွယ်လိုက်ဦးမယ်။"

ကျင်းဝူသည် သူ့ကို လျစ်လျူရှုလိုက်သည်။ ရေမွန်သည် မြွေဆိုးကြီး ဖြစ်ကြောင်းကို ကိုယ်တိုင်ဝန်မခံသော်လည်း သူသည် သေချာသွားပြီဖြစ်သည်။ ဤအငယ်ကောင်လေးက အရမ်းဆိုးသည်၊ ဘာစကားမှ မပြောဘဲ ခိုးထွက်သွားသည်။ ပြန်တွေ့သည့်အခါ၌ သူ့မှတ်ဉာဏ်များ ပျောက်ဆုံးသွားသလို ဟန်ဆောင်ပြီး သူ့ကို လိမ်ညာခဲ့သေးသည်။

ကျင်းဝူက သူ့ကို အကြည့်တစ်ချက်ကလေးတောင် ပြန်မပေးသည့်အတွက် သူ၏နှလုံးသားထဲတွင်  ရှုပ်ထွေးသောခံစားချက်ကို ခံစားနေရသည်။ သူ တံခါးဆီသို့  လျှောက်သွားသောအခါ သူ့နောက်မှ ကျင်းဝူ ၏  လှမ်းပြောသံကို ကြားလိုက်ရသည်။ "သာ့ဟေး၊ အဝတ်အစားတွေအတွက် ပိုက်ဆံကို နောက်မှ ဒေါက်တာနရှီဇါဝါကို ပြန်ပေးလိုက်ပါ။"

ရေမွန်သည် သာ့ဟေး ဖြစ်သောကြောင့်  သူ(ကျင်းဝူ)သည် သူ(ရေမွန်)၏အစ်ကိုကြီးဖြစ်ပြီး သူ့(ကျင်းဝူ)အတွက် အကြွေးတချို့ကို  ကူဆပ်ပေးလျှင် အဆင်ပြေသေးသည်။ နောက်မှ သူကိုယ်တိုင် ပိုက်ဆံရှာပြီး ပြန်ပေးလိုက်လျှင် ရပြီလေ။

ရေမွန်၏  ခြေလှမ်းများ တောင့်တင်းသွားပြီး သူ၏နှလုံးသားထဲရှိ မတင်မကျဖြစ်နေသော ခံစားချက်သည်လည်း ပျောက်ကွယ်သွားကာ တိုးတိုးလေး  ပြန်ဖြေလိုက်သည်။ "အင်း၊ ကောင်းပြီ။"

သာ့ဟေးလား?

ကော်ရေး၏နားရွက်များ လှုပ်ခတ်သွားပြီး မာရှယ်ကို မနာလိုစွာ ကြည့်လိုက်မိသည်။ မာရှယ်နှင့်  သူ၏အဖော်တို့သည် အလွန်ပင် ရင်းနှီးကြသည်။ နောက်ပိုင်း သူ့မှာ အဖော်ရှိလာတဲ့အခါ သူ့အဖော်ကိုလည်း သူတစ်ဦးတည်းသာ ခေါ်ဆိုရန် အမည်တစ်ခုပေးပြီး သူ့ကိုလဲ "သာ့ဟွမ်" လို့ ခေါ်ခိုင်းမည်။  ကော်ရေး၏  သားရဲပုံစံမှာ အဝါရောင်ခြင်္သေ့ဖြစ်သောကြောင့် ဖြစ်သည်။

ရေမွန် ထွက်သွားပြီးနောက် နရှီဇါဝါက နွေးနွေးထွေးထွေး နှစ်သိမ့်ပေးလိုက်သည်။ "စိတ်မဆိုးပါနဲ့ ၊ သားရဲတွေက အဲဒီလိုပဲ၊ နောက်ပိုင်းမှာ မင်းဖြည်းဖြည်းချင်း အသားကျသွားပါလိမ့်မယ်။ သူ့ကို မင်းအကြိုက်ပုံစံကို သင်ပေးလိုက်ပေါ့။"

 ကျင်းဝူက "စိတ်ဆိုးစရာဘာမှ မရှိပါဘူး၊ ဒါပေမယ့်  သိပ်မကောင်းတဲ့  အရာတစ်ခုတော့ ဖြစ်သွားတယ်"

"ဘာက သိပ်မကောင်းတာလဲ"

ကျင်းဝူ.. "အိုး၊ ကျွန်တော် ကိုယ်ဝန်ပျက်ကျသွားပြီ။"

 "ဘာ??!!"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment