no

Font
Theme



တောဝက်ကြီးသည် အချိန်အတော်ကြာအောင် မှင်သက်နေပြီးနောက် ဒေါသထွက်လာကာ နောက်သို့ အနည်းငယ်ပြန်ဆုတ်၍ အရှိန်ယူ ပြေးလာပြီး ကျင်းဝူ ကို အားဖြင့်ခုန်အုပ်လိုက်သည်။

ကျင်းဝူသည်လည်း သူ၏လက်ခလယ်ကို ခံစစ်အသွင် အသင့်ပြင်ထားပြီး တောဝက်ကြီး ခုန်အုပ်လိုက်ချိန်တွင် ပြန်လည်ခုခံသည့်အနေဖြင့် သူ့လက်ခလယ်ကို ဆန့်ထုတ်ကာ တောဝက်ကြီး၏နဖူးကို တွန်းထုတ်လိုက်သည်။

တောဝက်ကြီးသည် ရုတ်တရက်အော်ဟစ်ပြီး မြေပြင်ပေါ် လဲကျသွားကာ တစ်ကိုယ်လုံးတွန့်လိမ်သွားတော့သည်။

ကျန်သည့်တောဝက်များသည် သူတို့၏ခေါင်းဆောင် ရုတ်တရက်လဲကျသွားသည်ကို မြင်သည့်အခါ ခြေလှမ်းများ ရပ်တန့်သွားပြီး ခေါင်းများကိုငုံ့ကာ အစွယ်ဖြင့်ထိုးရန် ကျင်းဝူဆီသို့ ပိုမိုပြင်းထန်သည့်အရှိန်ဖြင့် ပြေးဝင်လာကြသည်။

သူတို့၏ခြေထောက်လေးချောင်း မြေကြီးကိုထိသည့်အချိန်တွင် "ဒုန်း" ဆိုသည့် အသံများနှင့်အတူ မြေကြီးဟာလည်း တုန်ခါသွားတော့‌လေသည်။

ကျင်းဝူက သူ၏လက်ခလယ်ကို မြှောက်လိုက်ပြီး တောဝက်အုပ်ကြားတွင် ရဲရင့်စွာ လှည့်ပတ်သွားလာနေကာ သူ ဖြတ်သွားသည့်နေရာတိုင်းရှိ တောဝက်များသည် တွန့်လိမ်၍ မြေပြင်ပေါ် လဲကျကုန်ကာ နားထောင်ရ မနှစ်မြို့ဖွယ်ကောင်းသည့် ဝက်အော်သံများကို ထုတ်လွှတ်နေကြသည်။

ကျင်းဝူ၏ လျှပ်စစ်ဒဏ်ကို ပထမဆုံးခံစားလိုက်ရသည့် တောဝက်ကြီးကတော့ ထိုအချိန်တွင် တဖြည်းဖြည်း ငြိမ်သက်နေပြီဖြစ်သည်။

သို့ပေမဲ့ သူဟာ ဇွဲမလျော့သေးဘဲ ရုတ်တရက်လှည့်ကာ ကျင်းဝူဆီသို့ ဒေါသတကြီးဖြင့် ပြန်လည် ခုန်အုပ်လာခဲ့ပြန်သည်။ ကျင်းဝူသည်လည်း ယခင်အတိုင်း တုံ့ပြန်လိုက်သည့်အတွက် တောဝက်ကြီးမှာ အော်ဟစ်ပြီး တွန့်လိမ်ကာ မြေပြင်ပေါ် ထပ်မံလဲကျသွားရပြန်သည်။

အရှိန်လျော့လာ‌သော ကျန်သည့်တောဝက်များကလည်း တောဝက်ခေါင်းဆောင်ကဲ့သို့ ကျင်းဝူထံ အကြောင်းမဲ့ ပြေးပြေး ဝင်လာကြကာ ထိုကဲ့သို့ပင် တွန့်လိမ်ကာ မြေပြင်ပေါ် လဲကျသွားကြပြန်သည်။

ထိုကဲ့သို့ အကြိမ်ကြိမ်အခါခါ ထကြ လဲကြ၊ လဲကြ ထကြ နှင့်  အနှီတောဝက်အုပ်သည် ဇွဲအလွန်ကောင်းသော အံ့မခန်းစိတ်ဓာတ်ကို ပိုင်ဆိုင်ထားလေသည်။

နောက်ဆုံးတွင်တော့ အကြီးဆုံးတောဝက်ကြီးက ထလာပြန်ပြီး ကျင်းဝူက သူ၏လက်ခလယ်ကို မြှောက်ပြလိုက်သည့်အခါ တောဝက်ကြီးသည် ရုတ်တရက် ခေါင်းလှည့်ကာ သူ့ခြေထောက်လေးချောင်းလုံးကို အသုံးပြုပြီး.... အသားကုန်ထွက်ပြေးသွားတော့သည်။

ထပ်မံ တိုက်ခိုက်ရန် အရှိန်လျော့ကျနေပြီဖြစ်သည့် ကျန်တောဝက်တွေကလည်း ခေါင်းဆောင် ထွက်ပြေးသွားသည်ကို မြင်သည့်အခါ လဲကျနေရာမှ ထကာ အသက်လုပြီး ထွက်ပြေးသွားကြတော့သည်။

အချို့သော တောဝက်အနည်းငယ်မှာ သူတို့ခြေထောက်တွေ အားနည်းနေ၍ ထမပြေးနိုင်ဘဲ လဲကျနေကြတုန်းပင်ဖြစ်သည်။

ထိုအခါမှသာ ကျင်းဝူတစ်ယောက် သူ၏လက်မောင်းကို ခါယမ်းရန် အခွင့်အရေးရတော့သည်။ သူ တစ်နာရီနီးပါးလောက် ဆက်တိုက်ဆိုသလို စွမ်းအင်းစုစည်းပစ်ခတ်နေခဲ့ရသည့်အတွက် လက်မောင်းများပင် နာကျင်နေ‌လေပြီ။

အခင်းဖြစ်ပွားသည့်နေရာရှိ အနံ့ဆိုးများက အလွန်ပင်ဆိုးရွားလွန်းသည့်အတွက် ကျင်းဝူ သူ့နှာခေါင်းကို ပိတ်ဆို့ထားကာ မနှစ်မြို့စွာဖြင့် ထိုနေရာကနေ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

"အိုး… အရင်ဆုံး ငါလက်ဆေးရဦးမယ်။ ငါ့လက်ခလယ် ထိပ်မှာ ဝက်သားနံ့တွေနဲ့"

ထိုအချိန်မှာပင် ကောင်းကင်ကနေ အင်ဂျင်သံကြီး ထပ်မံကြားလိုက်ရပြန်သည်။ ကျင်းဝူ မော့ကြည့်လိုက်သည့်အခါ၌ အရင်က ပျံသန်းသွားသည့် "ပင့်ကူကြီး" ပြန်လာတာကို တွေ့လိုက်ရသည်။

"ပင့်ကူကြီး" ထဲက လူတွေက သူ့ကိုတကယ်ပဲ ရှာတွေ့သွားပြီး အခုကယ်တင်ဖို့ ပြန်လာတာများလား။

ကျင်းဝူသည် ပင့်ကူကြီးထဲမှ လူသားများ သူ့ကိုရှာတွေ့နိုင်ဖို့ အလွန်မျှော်လင့်နေခဲ့တာဖြစ်သည်။

"ဒါပေမယ့်... အရင်ဆုံး လက်ဆေးရဦးမယ်"

လက်ဆေးပြီးသည့်အချိန် ကျင်းဝူတစ်ယောက် ရေထဲရှိ သူ့မျက်နှာကို သူပြန်ကြည့်နေမိပြီး ရေပြင်တွင်မြင်နေရသော မျက်နှာလေးသည် ယနေ့ခေတ် မိန်းကလေးငယ်တွေ အလွန်နှစ်သက်ကြသည့် ချောမောလှပသောမျက်နှာလေးတစ်ခု ဖြစ်နေသည်။

"ငါ လူသားဖြစ်လာတဲ့အခါ ဒီလိုပုံစံမျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး"

အမှန်တွင် ကျင်းဝူသည် ယောက်ျား ပိုပီသကာ ထက်မြတ်သည့် မျက်နှာအနေအထားမျိုးဖြင့် မြင့်မားထွားကြိုင်းသည့် ကိုယ်လုံးကိုယ်ပေါက်မျိုးကို ပိုင်ဆိုင်ချင်ခဲ့သည်။

သို့သော်လည်း သူ့တွင် ယခုကဲ့သို့ မျက်နှာမျိုး ရရှိလာသည့်နောက်တွင်လဲ အလွယ်တကူ လက်ခံလိုက်နိုင်သည်။ သူ့မျက်နှာကို သေသေချာချာ ကြည့်လိုက်ပြီးနောက်တွင် တစ်ဆထပ် တစ်ဆတိုးကာ ကျေနပ်သွားလေသည်။

သို့ရာတွင် သူ၏နဖူးနေရာရှိ မျက်ခုံးနှစ်ခုကြား၌ လက်မအရွယ်လောက်ရှိသည့် ခရုခွံပုံစံ အမှတ်အသားလေးတစ်ခု ရှိနေခဲ့၏။

ကျင်းဝူသည် ဤအမှတ်အသားမှာ သူ၏မိုးကြိုးဘေးဒဏ်ခံရပြီးနောက် လူအသွင်ပြောင်းခြင်း ဖြစ်စဥ်တွင် သူ မည်သည့်နေရာ မှားယွင်းသွားခြင်းကြောင့် ပေါ်လာသည်  မသိတော့ပါပေ။

သူသည် ခရုအသွင်ပြန်မပြောင်းနိုင်သည့်အပြင် လူသားပုံစံပြောင်းသွားပြီးနောက်မှာလည်း သူ့နဖူးပေါ်တွင် ခရုခွေပုံစံ အမှတ်အသားတစ်ခုထပ်ကျန်နေခဲ့ပြန်သည်။

"ပင့်ကူကြီး” သည် ကျင်းဝူ ခေါင်းပေါ်၌ ပျံဝဲနေပြီးနောက် မြစ်ကမ်းဘေးရှိ ကွင်းပြင်တစ်ခုပေါ်သို့  ဆင်းသက်လိုက်‌လေသည်။

တံခါးပေါက်က ဖြည်းဖြည်းချင်းပွင့်လာပြီး အပေါ်ကနေ အနက်ရောင်ယူနီဖောင်းနှင့် စစ်ဦးထုပ်ဆောင်းထားသည့် အရပ်ရှည်ရှည် လူကြီးတွေ ဆင်းလာကြ၏။

ပင့်ကူကြီးပေါ်မှ ဦးဆောင်ဆင်းလာသူက အရပ် ၁.၉ မီတာကျော်ရှိပြီး ကိုယ်လုံးကိုယ်ထည်ကြံ့ခိုင်ကာ အသားညို ညစ်ညစ်နှင့်ဖြစ်၍ သူ့အသွင်က အဖြူနှင့်အမည်း ရောစပ်ထားသကဲ့သို့ပင်ဖြစ်သည်။

ကျင်းဝူတစ်ယောက် ဘယ်နိုင်ငံကစစ်သားလဲဆိုတာ မသိသလို ၊ အနှီလူများ၏စစ်ဝတ်စုံများမှာ ဘယ်နိုင်ငံကဆိုတာလဲလည်း မသိပါချေ။

ဤလူများအားလုံးသည် လက်နက်ကိုယ်စီကိုင်ဆောင်ထားပြီး လက်နက်များသည်လည်း ထူးဆန်းနေသေးသည်။ သူယခင်က တီဗီမှာမြင်ဖူးသည့် သေနတ်များနှင့် လုံးဝမတူဘဲ ကွဲပြားနေ၏။

ကျင်းဝူက သူတို့၏လက်နက်တွေကို စိတ်ဝင်တစားကြည့်နေတုန်းမှာပင် ထိုလူများကလည်း သူ့ကို အံ့အားသင့်စွာနှင့် ရှော့ရသွားသည့် မျက်လုံးများဖြင့် ပြန်ကြည့်နေကြသည်။

အနှီမျိုးစိတ်သည် အဝတ်အစားမဝတ်ထားသည့်အပြင် ထူးဆန်းသည့် မြက်စကတ်တစ်ထည်ပတ်ထားပြီး ခေါင်းပေါ်တွင်လည်း အရွက်ကြီးတစ်ရွက်တင်ထား‌သေးသည်။ ထိုအရာတွေအားလုံးထက် ပိုပြီးအဓိကကျသည့် အချက်မှာ....

“ဗိုလ်မှူးကြီးကော်ရေး ၊ ဒီမျိုးစိတ်ဆီမှာ မာရှယ့် အနံ့ရှိနေတယ်”

ဗိုလ်မှူးကြီးကော်ရေးလည်း ထိုမျိုးစိတ်ထံမှ မာရှယ့် အနံ့ကို သေချာပေါက်ရနေသည်။ သူတို့ Orc များ၏ အနံ့ခံအာရုံမှာ အလွန်ပင်အားကောင်းလှသည်။

ထိုအတွက်ကြောင့်လည်း ယခုချိန်တွင် သူတို့အားလုံးမှာ နှာခေါင်းရှုံ့မိကြပြီး မျက်နှာတွေသည်လည်း မနှစ်မြို့ဖွယ်ပုံစံများ ဖော်ပြနေကြသည်။ ဤနေရာရှိ တောဝက်များ၏ အနံ့အသက် မှာ တကယ်ကို လွန်စွာပြင်းလွန်းလှသည်။

သို့ပေမယ့် သူတို့သည် ကောင်းမွန်စွာ လေ့ကျင့်သင်ကြားထား‌သော စစ်သားများဖြစ်သည့်အတွက် သူတို့နှာခေါင်းကို ပိတ်ထားဖို့ မလုပ်နိုင်ကြပေ။

ကျင်းဝူမှာ‌တော့ ထိုလူသားတွေရောက်လာဖို့ကို မျှော်လင့်နေခဲ့ရတာပဲ ဖြစ်သည်။

တစ်ဖက်ခြမ်းမှ လာနေသည့်လူတွေ၏ မျက်နှာများမှာ ဖော်ရွေမှုမရှိတာကို ကျင်းဝူ တွေ့သည့်အချိန်၌ သူက သတိထားနေခဲ့သည်။

ကျင်းဝူသည် လူသားတွေကို ထိခိုက်နာကျင်စေချင်တာမျိုး မဟုတ်သော်လည်း အနှီလူသားများကသာ သူ့ကိုတိုက်ခိုက်လာမည်ဆိုလျှင် စောစောက တောဝက်များကဲ့သို့ပင် "လျှပ်စစ်ရှော့တိုက်ခံရတဲ့အရသာ" ကို မြည်းစမ်း ကြည့်လို့ရအောင် လုပ်ပေးဖို့ စီစဉ်ထား‌လေသည်။

ကျင်းဝူသည် ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို ဖြည်းညှင်းစွာစုပ်ယူနေပြီး အနှီစွမ်းအင်များမှာ အစောလေးက တောဝက်များနှင့် "တိုက်ပွဲ" ကြောင့် ပတ်ဝန်းကျင်တွင် ကျန်နေသည့် စွမ်းအင်များဖြစ်သည်။ ယခုအချိန်တွင် လက်ချောင်းထိပ်၌စုစည်းထားသည့် လျှပ်စီးကွင်းမှာ ပဲစေ့လောက်သာကျန်တော့ပြီး သေချာဖြဲမကြည့်လျှင် မမြင်ရနိုင်ပေ။

တစ်ဖက်ရှိ ဗိုလ်မှူးကြီးကော်ရေးသည် ဤနေရာတွင် ရုတ်တရက်ပေါ်လာသည့် ထူးဆန်း‌သောမျိုးစိတ်အကြောင်းအား မေးမြန်းဖို့ လာရန်ပြင်လိုက်သည်။

ထိုစဥ်တွင် အနှီမျိုးစိတ်က လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူတို့ကို သူ၏လက်ခလယ် ပြလိုက်တာကို မြင်လိုက်ရသည်။

ဗိုလ်မှူးကြီးကော်ရေးနှင့် သူ၏လူများ : "..."

ဗိုလ်မှူးကြီးကော်ရေးသည် သူ၏လက်ထောက် ဂျက်ကာ ကို မာရှယ် အား ရှာဖို့ လူတွေခေါ်ခိုင်းကာ ပတ်ဝန်းကျင်တွင် သွားရှာခိုင်းလိုက်ပြီး သူကိုယ်တိုင်မှာတော့ ထိုမျိုးစိတ်ထံသို့ လျှောက်လာလိုက်သည်။

ထိုမျိုးစိတ်၏ ဒေါသအလျှောက် တုံ့ပြန်သည့်အပြုအမူက သူ့ကို ဒေါသထွက်စေတာမျိုး မရှိပါချေ။ ဘာကြောင့်ဆို အနှီမျိုးစိတ်သည် သူတို့အမြင်တွင် အလွန်ကို အားနည်းလွန်းနေသည့်အတွက်ပဲ ဖြစ်သည်။

ပုရွက်ဆိတ်တစ်ကောင်က ကျားတစ်ကောင်ကို ဒေါသသွားဆွနေရင်ကော ကျားက ဒေါသထွက်နေပါ့မလား?

သူတို့ ဤနေရာကိုလာရသည့် အဓိကရည်ရွယ်ချက်မှာ မာရှယ့်ကို ရှာရန်ဖြစ်ပြီး ထိုမျိုးစိတ်ထံတွင် မာရှယ့်၏ အနံ့ရှိနေသည်။

အနှီမျိုးစိတ်၏ မျက်လုံးများမှ သတိအနေအထား ရှိသည်ကို မြင်တော့ ဗိုလ်မှူးကြီးကော်ရေးသည် ငါးလှမ်းအကွာ၌ ရပ်လိုက်ပြီး သူ၏မျက်နှာအမူအရာကို ပျော့ပျောင်းအောင် ကြိုးစားလိုက်ရင်း

"ငါတို့က မကောင်းဆိုးဝါးတွေမဟုတ်ပါဘူး။ မင်းကို လူတစ်ယောက်အကြောင်း မေးချင်လို့ပါ။ ဒါမှမဟုတ် မြွေတစ်ကောင်ပေါ့။ ကိုယ်လုံးနဲ့ကျောမှာ အနက်ရောင်နဲ့ မီးခိုးရောင်ဖျော့ဖျော့ အကွက်တွေရှိတယ်။ မင်းမြင်မိသေးလား"

ကျင်းဝူ : "..."

‘ဘယ်လို ငှက်ဘာသာစကားမျိုးနဲ့ ပြောနေတာလဲဟ’

နှစ်ပေါင်းထောင်ချီ နေထိုင်လာခဲ့သော ဘာသာစကား ၁၈ မျိုးကို နားလည်သည့် ကျင်းဝူအတွက် တစ်ဖက်လူပြောနေသည့် စကားများကို လုံးဝနားမလည်နိုင်‌သော အခြေအနေမျိုးကတော့ အလွန်ကို ရှားပါလှသည်။

ဗိုလ်မှူးကြီးကော်ရေးလည်း သူပြော‌နေသည်အား နားမလည်မှန်း ချက်ချင်းသဘောပေါက်သွား‌လေသည်။

အင်ပါယာအုပ်ချုပ်မှုအောက်တွင် ဂြိုလ်ပေါင်းများစွာရှိပြီး ဂြိုလ်တစ်ခုစီတိုင်း၌ ကိုယ်ပိုင်ဘာသာစကားရှိသော်လည်း လင်းဂွာဖန်ဂါ ဟုခေါ်သော ဘာသာစကားကို‌တော့ လူသိများကြသည်။

သို့ပေမယ့် ဂြိုလ်အချို့မှာ အလွန်ဝေးလံလွန်းသည့်အတွက် ကြယ်တာရာကွန်ရက်နှင့် ချိတ်ဆက်လို့မရနိုင်သေး‌သောကြောင့် လင်းဂွာဖန်ဂါကို သုံးစွဲနိုင်မှုမှာ အကန့်အသတ်ရှိနေဆဲဖြစ်သည်။

ဤပုန်းကွယ်နေသည့်ကြယ်မှာ ဖွံ့ဖြိုးမှုမရှိသေးသည့် ကြယ်တစ်လုံးဖြစ်ပြီး လူသားများလည်း မနေထိုင်ကြသေးပေ။ သို့သော်လည်း ကြယ်တာရာဓားပြများ သို့မဟုတ် ကြယ်တာရာကြေးစားစစ်သားများကတော့ ဤဂြိုလ်ပေါ်သို့ ရံဖန်ရံခါ ရပ်နားလေ့ရှိကြသည်။

ကော်ရေးသည် ထိုမျိုးစိတ်မှာ အလွန်ကြည့်ကောင်းသည်အား မြင်သောအခါ ဝေးလံ‌သောဂြိုလ်တစ်ခုမှ ကြယ်တာရာ လူကုန်ကူးသူများနှင့် အတူ ဤနေရာအား ရောက်လာသည် ဟု ခန့်မှန်းမိလိုက်သည်။

ထို့ကြောင့် သူ၏ နေရာလွတ်ကို လှည့်ဖွင့်လိုက်ပြီးအထဲမှ အပိုစစ်ဝတ်စုံတစ်စုံကို ထုတ်လိုက်ကာ ကျင်းဝူ အား ပြုံးပြ၍ ဝတ်စုံကို လှမ်းပြကာ ပေးလိုက်သည်။

ကော်ရေး၏ကြင်နာသော အပြုအမူကိုမြင်သည့်အခါမှ ကျင်းဝူသည်လည်း သတိကိုလျှော့ချလိုက်ပြီး လျှောက်သွားကာ ထိုလူတွေကဲ့သို့ အနက်ရောင်ယူနီဖောင်းကို ယူလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။

ကျင်းဝူ နီးကပ်လာသည်နှင့်အမျှ ဗိုလ်မှူးကြီးကော်ရေးသည်လည်း သူ့ဆီမှ မာရှယ်၏အနံ့ကို ပိုပြင်းပြင်းရလာသည်။

ဤကဲ့သို့သော ပြင်းထန်သည့်အနံ့မျိုးကို မာရှယ်ကိုယ်တိုင်မှလွဲ၍ မာရှယ့်ထံမှ အပြည့်အဝ အမှတ်အသားပြုခံထားရသည့် မျိုးစိတ်အမများထံမှသာ ရနိုင်‌သည်။

ဗိုလ်မှူးကြီးကော်ရေးတစ်ယောက် မယုံနိုင်ဖြစ်သွားရ‌၏။ ဘာ့‌ကြောင့်ဆို သူတို့၏မာရှယ်သည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး အသက်ရှင်နေလျှင်တောင်မှ ကိုမာဝင်သကဲ့သို့ လှုပ်ရှားမှုမပြုနိုင်ဘဲ ဖြစ်နေနိုင်သည့်အပြင် ဤနေရာသည်လဲ ရှေးကျသောသစ်တောကြီးတစ်ခုဖြစ်‌နေလေသည်။

အိုး မဟုတ်‌သေးပါဘူး။ မာရှယ့်ရဲ့ သတ္တဝါပုံစံက ခြေလက်မရှိတဲ့ မြွေတစ်ကောင်‌လေ။ လူသားပုံစံက လှုပ်ရှားဖို့မဖြစ်နိုင်ရင်တောင် သားရဲပုံစံကတော့ ပုံမှန်အတိုင်း လှုပ်ရှားနိုင်လောက်တယ်။ ဒါပေမယ့်....

ဗိုလ်မှူးကြီးကော်ရေးမှာ ပိုလို့တောင် မယုံနိုင်ဖြစ်သွားရလေသည်။ သူတို့၏ မာရှယ်တစ်ယောက် ဤကဲ့သို့ အပျိုစင်သစ်တောကြီးထဲ၌ ထိုမျိုးစိတ်ကို အမှတ်အသားပြုနိုင်ရန် သူ၏သားရဲပုံစံကို အသုံးပြုခဲ့သည်များလား.....

ဒါက သူအမြဲလေးစားခဲ့ရတဲ့ မာရှယ်ပဲ! !

“နော်ဖူ အင်ပါယာ” ၏ ဗိုလ်မှူးကြီး ကော်ရေး  အတွေးဝင်္ကပါထဲလည်နေတုန်းမှာပင် ကျင်းဝူက သူ၏စစ်ဝတ်စုံကို လဲလှယ်လိုက်ပြီး မြစ်ကမ်းဘေးရှိ ကျောက်တုံးကြီး၏နောက်ကနေ ထွက်လာပြီဖြစ်သည်။

အနှီစစ်ဝတ်စုံသည် ကျင်းဝူအတွက် အနည်းငယ်ကြီးနေပြီး ဘောင်းဘီနှင့် အင်္ကျီလက်များမှာ နှစ်ခါလောက် ခေါက်ထားရသည်။ စစ်ဘွတ်ဖိနပ်များကလဲ အနည်းငယ် ရှည်နေသည့်အတွက် ကလေးတစ်ယောက်က လူကြီးအဝတ်အစားများအား ခိုးဝတ်ထားသလိုပင် ပွယောင်းနေ‌တော့သည်။

ကျင်းဝူသည် လူသားအဝတ်အစားများအား ပထမဆုံးအကြိမ် ဝတ်ဆင်ဖူးတာဖြစ်ပြီး၊ သူ့အတွက် ထူးဆန်းနေသည်။ ထို့အပြင် အဝတ်အစားများမှာ သူ့ကိုယ်နှင့် သိပ်မကိုက်‌သည့်အတွက် သူ့မှာ ရှက်ရွံ့နေပြီး ဗိုလ်မှူးကြီးကော်ရေး ကို ပြုံးပြလိုက်‌လေသည်။

အတွေးကမ္ဘာထဲရောက်နေသည့် ဗိုလ်မှူးကြီး ကော်ရေးတစ်ယောက် သူ၏ ဦးနှောက်တွင် အံအားသင့်ဖွယ်ရာ အတွေးများဖြင့် ပြည့်နှက်နေပြီး ကျင်းဝူ၏ အပြုံးကို ထပ်မြင်လိုက်သည့်အခါ ပိုလို့တောင် အံ့သြသွား‌တော့သည်။

သူ့ခေါင်းထဲရှိ ရှုပ်ထွေးနေသော အတွေးများကို ချက်ချင်းဖယ်ရှားလိုက်ပြီး၊ သူထင်ထားသလို မဖြစ်နိုင်‌လောက်ပေ။

မာရှယ်က ဒီလိုအရာမျိုး ဘယ်လိုလို့လုပ်မှာလဲ!

မာရှယ်က သူ လေးစားအားကျရတဲ့သူပဲလေ !

မာရှယ်သည် အရွယ်ရောက်လာကတည်းက စစ်တပ်ထဲမှာပဲ နေထိုင်ခဲ့သည်။ ယခုဆို နှစ်ပေါင်းနှစ်ဆယ်တောင် ရှိသွားပြီဖြစ်၏။ သူသည် သန့်ရှင်းစင်ကြယ်သည့် ဘဝတွင် နေထိုင်ခဲ့ပြီး၊ လက်တွဲဖော်မရှိသည့်အပြင် ၊ အချစ်ဆိုတာလဲ မရှိခဲ့ပါ‌ချေ။ လူသားများနှင့်လည်း အဆက်အသွယ်မရှိကာ ဤကဲ့သို့ အခြေအနေမျိုး၌ ဤအပျိုစင်သစ်တောကြီးထဲတွင် လူပုံစံအသွင်ပြောင်းထားသည့် သားရဲမျိုးစိတ်တစ်ခုအား ဘယ်လိုလုပ်ပြီး အနှီကိစ္စကို လုပ်နိုင်ပါမည်လဲ....

ဒါ လုံးဝမဖြစ်နိုင်တဲ့အရာပဲ!!

နောက်ဆုံး၌ ဗိုလ်မှူးကြီးကော်ရေးသည် ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျလိုက်ရသည်။ သူ၏ မျက်နှာအမူအရာကို ပြင်ဆင်လိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ၊ ရုတ်တရက် လေပြေလေညင်းတစ်ချက် တိုက်ခတ်လာပြီး မျိုးစိတ်ခွဲကောင်လေး၏ နဖူးပေါ်ရှိ ဆံပင်များကို လွင့်သွားစေသည်။

ထို့‌နောက် သူမြင်လိုက်ရသည်မှာ ကောင်လေး၏ နဖူးနှင့် မျက်ခုံးများကြားတွင် လက်မကြီးလောက်ရှိသည့် မြွေပုံစံ အမှတ်အသားတစ်ခုပင်။

ပါးစပ်ဟမိလိုက်သည့် ဗိုလ်မှူးကြီးကော်ရေးမှာ ဤတစ်ခါတော့ တကယ်ကို အံ့အားသင့်သွားရသည်! ! !

အစောလေးကပင် မာရှယ့်ကိုရှာရန် တခြားသူများအား ခေါ်သွားသော်လည်း ဘာမှ ရှာမတွေ့ခဲ့၍ ပြန်လာသည့် ဂျက်ကာ ကလည်း ထိုမြင်ကွင်းကို မြင်လိုက်ရကာ သူလည်း အံ့သြသွားပြန်သည်! ! !

"ဗိုလ်မှူးကြီး၊ သူက မာရှယ်... မာရှယ့်ရဲ့... တွဲဖက်အဖော်လား"

Orc အင်ပါယာတွင် မျိုးစိတ်များဖြစ်‌စေ ၊ အမျိုးသမီးများဖြစ်စေ Orc များက အပြည့်အဝ အမှတ်အသားပြုလိုက်သည်နှင့် သူတို့၏ နဖူးနှင့် မျက်ခုံးတွေကြားတွင် သားရဲပုံစံ အမှတ်အသားတစ်ခု ပေါ်လာလေ့ရှိသည်။

ဒီမျိုးစိတ်ရဲ့ နဖူးနဲ့ မျက်ခုံး‌တွေကြားမှာ မြွေပုံစံ အမှတ်အသားတစ်ခုရှိနေတယ် ၊ ပြီးတော့ သူ့ဆီကနေ မာရှယ့်ရဲ့အနံ့က ပြင်းပြင်းထန်ထန် ထွက်နေတာ၊ ဒါက ဘာကိုဆိုလိုတာလဲ?

ဒါက ဒီမျိုးစိတ်ကို သူတို့မျိုးနွယ်ရဲ့ မာရှယ်က တကယ်ကို အပြည့်အဝ အမှတ်အသား ပြုလုပ်ခဲ့တယ်လို့ ဆိုလိုချင်တာပဲ!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment