သူ့ရှေ့မှ လူထွားကြီးနှစ်ယောက်က သူ့ကို တအံ့တသြကြည့်နေကြသည့်အတွက် ကျင်းဝူ ကြက်သေသေသွားသည်။ သူစစ်ဝတ်စုံ ၀တ်ထားတာကို တအံ့တသြကြည့်ခံရလောက်အောင် ကြည့်ကောင်းနေသည့် သူ့ကိုယ်သူတောင် အနည်းငယ် ဂုဏ်ယူနေမိသည်။
ကျင်းဝူ လည်ချောင်းကို တစ်ချက်ရှင်းကာ ပြုံးပြီးပြောလိုက်သည်။ "အင်္ကျီတွေအတွက် ကျေးဇူးတင်ပါတယ်"
ကျင်းဝူ၏ အပြုံးကို မြင်ပြီး ဗိုလ်မှူးကြီး ကော်ရေးနှင့် ဂျက်ကာတို့ ထပ်ပြီး တုန်လှုပ်သွားကြသည်။
မျိုးစိတ်များသည် အထီးများ ဖြစ်သော်လည်း မွေးဖွားလာကတည်းက စွမ်းအား အရင်းအမြစ်တွေ မရှိကြသည့်အပြင်၊ သူတို့၏ ခန္ဓာကိုယ်များကလည်း အားနည်းနေဆဲပင်ဖြစ်သည်။
စွမ်းအင်ကို အားပေးအားမြှောက်ပြုသည့် Orc အင်ပါယာ၌ သူတို့ကို လူများက အထင်မကြီးကြပေ။ သူတို့သည် မိန်းမများနှင့် အိမ်ထောင်ပြုရန်လည်း ခက်ခဲလေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာကျော်က ဆရာတစ်ယောက်သည် မျိုးစိတ်များ၏ ခန္ဓာကိုယ်ကို ပြောင်းလဲပေးနိုင်သည့် နည်းလမ်းတစ်ခုအား တင်ပြခဲ့သည်။ ထိုနည်းလမ်းဖြင့် ပြောင်းလဲမှုပြုလုပ်ပြီးနောက် မျိုးစိတ်များသည် ကိုယ်ဝန်ရယူနိုင်လာပြီး ကလေးမွေးဖွားနိုင်စွမ်း ရှိလာကြသည်။
နောက်ပိုင်းတွင် Orc မိသားစုတော်တော်များများသည် သူတို့၏ မျိုးစိတ်ကလေးများကို ခန္ဓာကိုယ် ပြောင်းလဲပေးရန် တစ်ယောက်ပြီးတစ်ယောက် ပို့ဆောင်လာကြလေသည်။
ပြောင်းလဲမှုခံယူပြီးသော မျိုးစိတ်များ၏ မျိုးပွားနိုင်စွမ်းမှာ မိန်းမများထက် နည်းနေသော်ငြား မျိုးစိတ်များသည် များသောအားဖြင့် ရုပ်ရည်ချောမောကြသည့်အတွက် မျိုးစိတ်များနှင့် လက်တွဲဖို့ ဆန္ဒရှိသည့် Orc တော်တော်များများ ရှိနေဆဲဖြစ်သည်။
သူတို့ရှေ့ရှိ မျိုးစိတ်မှာ ဗဟိုကြယ်၌ ကြီးပြင်းလာသည့် မင်းညီမင်းသားများထက်ပင် ပိုချောမောလေသည်။
သူတို့ မာရှယ်က သားရဲအသွင်ပြောင်းနေတာတောင်မှ ဒီလိုနေရာမျိုးမှာ ဒီမျိုးစိတ်ကို ဘာလို့ အမှတ်အသားပေးခဲ့လဲဆိုတာ အံ့သြစရာ မရှိတော့ဘူး...
ဗိုလ်မှူးကြီး ကော်ရေးသည် အမြန်အဆန်ပင် ပြန်လည် တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ မာရှယ်မှ အမှတ်အသား ပြုလုပ်ထားတဲ့ မျိုးစိတ်အကြောင်းကို သူ အများကြီး မတွေးရဲပေ။
ကော်ရေးသည် ကျင်းဝူကို ခေါင်းညိတ်ပြပြီး ဂျက်ကာအား လှည့်မေးလိုက်သည်။ "မာရှယ့်ကို ရှာတွေ့ပြီလား။"
ဂျက်ကာ၏မျက်နှာသည် ချက်ချင်း တည်တံ့သွားပြီး "မတွေ့ဘူး၊ အနီးအနားမှာ ဘာမှ ရှာမတွေ့ခဲ့ဘူး၊ ရွှံ့နွံဘေးမှာ မာရှယ့်ရဲ့ အကြေးခွံနည်းနည်းနဲ့... မာရှယ့်ရဲ့ သွေးတွေပဲ တွေ့ခဲ့ရတယ်။"
တောဝက်ရိုင်းများ၏ ပြင်းထန်သည့် အနံ့များအပြင် မာရှယ်ရေမွန်၏ အနံ့မှာလည်း လေထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။
မာရှယ်သည် ဤနေရာအား အရင်ရောက်ရှိနေခဲ့သည်မှာ သေချာသလောက်ရှိသည်။
ဗိုလ်မှူးကြီး ကော်ရေးသည် မြေပြင်ပေါ်ရှိ တောဝက်များ နင်းထားခဲ့သည့် ရှုပ်ပွနေသော ခွာရာများကို ကြည့်ပြီး ဤနေရာ၌ ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဆိုတာ သိလိုက်ရသည်။
မာရှယ်တစ်ယောက် တောဝက်များနှင့် သေချာပေါက်ကို တိုက်ခိုက်ခဲ့ရမှာဖြစ်ပြီး တောဝက်သည်လည်း မြွေများ၏ သဘာဝရန်သူဖြစ်လေသည်။
ဒီသားရဲအုပ်စုက မာရှယ့် ကို စားသွားတာများလား!
ယရင်က မာရှယ်သာဆိုလျှင် တောဝက်တစ်အုပ်လောက်ကို မျက်စိထဲပင် မထည့်၍ရသော်လည်း ယခုတော့ မာရှယ်မှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး စွမ်းအင်ကိုလည်း မသုံးနိုင်ပေ၊ သာမန် မြွေတစ်ကောင်သာသာပဲဖြစ်လေသည်၊ ထို့နောက်တွက်လည်း တောဝက်တစ်အုပ်နှင့်သာ တွေ့ဆုံမယ်ဆိုလျှင်...
"ဗိုလ်မှူးကြီး ကော်ရေး၊ ရေဒါနဲ့ မာရှယ့် ရဲ့ စွမ်းအားကုဒ်ကို ရှာလို့ မရတော့ဘူး။"
စစ်သားတစ်ယောက်က အထိတ်တလန့်နှင့် ပြေးလာပြီး သတင်းပို့သည်။
ကော်ရေး မျက်လုံးမှိတ်ထားမိလိုက်သည်။
ဒီယုတ်မာတဲ့ တောဝက်တွေ !
“မြေကို သုံးပေတူးရရင်တောင် တောဝက်အုပ်စုကို ရအောင်ရှာ။ ဒီသားရဲတွေကို အပိုင်းပိုင်းခုတ်ထစ်ပစ်လိုက်၊ တစ်ကောင်မှ မလွတ်စေနဲ့ !”
ကော်ရေး၏ အသံသည် ဒေါသများနှင့် ပေါက်ကွဲထွက်လာသည်။ သူတို့၏ မာရှယ်၊ သူတို့ လေးစားအားကျရသည့်၊ အင်ပါယာ၏ အင်အားအကြီးဆုံး မာရှယ်ရေမွန်သည် နောက်ဆုံး၌ တောဝက်တစ်ကောင်၏ ပါးစပ်ကြောင့် သေဆုံးသွားရလေပြီ။
“ဟုတ်ကဲ့ပါ !”
ဂျက်ကာ နှင့် သူ့လူတွေဟာ ချက်ချင်းဆိုသလို အဖြူရောင်ဝံပုလွေ၊ ကျားသစ်၊ ကြံ့၊ ခြင်္သေ့ စသည့် တိရစ္ဆာန်အမျိုးမျိုးအဖြစ် ပြောင်းလဲသွားပြီး တောအတွင်းပိုင်းသို့ အလျင်အမြန် ပြေးဝင်သွားကြသည်။
ကျင်းဝူတစ်ယောက် အံ့အားသင့်ပြီး ကြောင်အမ်းအမ်းကြည့်နေမိသည်။
ဒီလူတွေက......
မဟုတ်ဘူး၊ ဒီနတ်ဆိုးတွေက......
ဘယ်တုန်းက နတ်ဆိုးတွေက လူသားတွေရှေ့မှာ သူတို့ရဲ့ မူလသားရဲပုံစံကို ပြသဖို့ ဒီလောက်အထိ ရဲရင့်လာကြတာလဲ။
ကျင်းဝူသည် တရုတ်နိုင်ငံ၌ လျှို့ဝှက်အထူးဌာနတစ်ခုရှိသည်ဆိုတာ သိပါသည်။ ထိုဌာနရှိ အဖွဲ့ဝင်များသည် ထူးဆန်းသည့် လူတွေချည်းပင် ၊ နတ်ဆိုးများ ၊ မိစ္ဆာများလည်း ပါပေသည်။
သူ့ဆရာသည်လည်း ထိုဌာနမှ တစ်ယောက်ဖြစ်သည်။
သို့သော်လည်း သူသည် တစ်ခြား မျိုးစိတ်များတွင်လည်း ဤကဲ့သို့ အထူးဌာနများရှိသည်ဆိုတာ မသိခဲ့ပေ။
ထို့အပြင် စောစောက မျိုးကွဲနတ်ဆိုးများသည် “လူသား” တစ်ယောက်ဖြစ်သည့် သူ့ရှေ့မှာပင် သူ့ကို ဘာမှ မမှုဘဲ သူတို့၏ မူလသားရဲပုံစံကို ပြသဝံ့ကြသည်။ သိပ္ပံပညာကိုသာ ယုံကြည်သော သူ့လို လူသား တစ်ယောက်ကို မကြောက်ကြပေဘူးလား။
ဗိုလ်မှူးကြီးကော်ရေး က ကျင်းဝူ ကို စိုးရိမ်သည့် မျက်လုံးများနှင့် ကြည့်နေမိသည်။ သူသည် မာရှယ်၏ အမှတ်သားလုပ်ထားသော မျိုးကွဲတစ်ယောက်ဖြစ်သည့်အတွက် အိမ်ကို အရင်ဆုံး ခေါ်သွားသင့်သည်။
ဒါပေမယ့် မာရှယ့်ရဲ့ မိဘတွေကို ဒီအကြောင်း ပြောပြသင့်လား။
ဤမျိုးကွဲလေးနေထိုင်ဖို့ရန်အတွက် ကောင်းမွန်သည့်နေရာတစ်ခုကို အရင်ဆုံးရှာပြီး စီစဉ်ပေးလိုက်တာက ပိုကောင်းလေသည်။
ကော်ရေးတစ်ယောက် ကျင်းဝူကို ကြည့်နေတုန်းမှာပင် ကျင်းဝူသည်လည်း သူ့ကို ပြန်ကြည့်နေမိသည်။
ကျင်းဝူသည် သူ့ရှေ့က လူကြီးမှာ နတ်ဆိုးတစ်ကောင်လားဆိုပြီး တွေးနေမိသည်။ သူက အနာဂတ်တွင် လူ့အဖွဲ့အစည်း၌ နေထိုင်ရန် စီစဉ်ထားသော်လည်း သူက နတ်ဆိုးတစ်ကောင်ဖြစ်သည်ဆိုသည့် အချက်အား ဖော်ထုတ်ချင်တာမျိုး မရှိပေ။
ဘာ့ကြောင့်ဆို ကျင်းဝူက သူတို့၏ နောက်လိုက်အဖြစ် အထူးဌာနတစ်ခုခုတွင် ဝင်ရန် သို့မဟုတ် အထူးတာဝန်များ ထမ်းဆောင်ရန် သူတို့ စည်းရုံးဆွဲဆောင်ခံရမည်အား မလိုချင်သောကြောင့်ဖြစ်၏။
သူသည် လူသားဘဝကိုသာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တာပဲ ဖြစ်သည်။
ကျင်းဝူသည် တစ်ဖက်လူ သူ့ကို ကြည့်နေမှန်း သတိထားမိပြီး သူ(ကျင်းဝူ) က ဤလူတွေမှာ တာဝန်ထမ်းဆောင်ဖို့ ထွက်လာတာဖြစ်ပြီး ၊ အခု သူ့ကို ခေါ်သွားရန် အဆင်မပြေ ဟု ခန့်မှန်းမိသည်။
သူသည် ဤလူများကို ခက်ခဲအောင်မလုပ်ချင်သဖြင့် တိုက်ရိုက်ပဲ မေးလိုက်သည်၊ “ကျွန်တော့်ကို ခေါ်သွားဖို့ အဆင်မပြေဘူးလား”
တစ်ဖက်လူက သူပြောသည်ကို နားမလည်မှန်း သိသာသည့်အတွက် ကျင်းဝူတစ်ယောက် ကိုယ်ဟန်အမူအရာဖြင့် ပြောပြလိုက်သည်။
သူက လက်နှင့် တောအတွင်းပိုင်းကို ညွှန်ပြပြီးနောက် လက်ကို ဝေ့ယမ်း ပြလိုက်ပြန်သည်။ အဓိပ္ပာယ်မှာ ‘ခင်များတို့မှာ တာဝန်ရှိရင် သွားလို့ရပြီ၊ ကျွန်တော့်ကို ထားခဲ့လို့ရတယ်’ဟု ဆိုလိုတာပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူက ဒီကနေ တစ်ယောက်ထဲလဲ ပြန်ထွက်နိုင်ပါသည်။ အချိန်နည်းနည်း ပိုကြာသွားရုံသာ။ ထို့အပြင် ယခု သူ့မှာ နတ်ဆိုးစွမ်းအင်ရှိသည့် ညီလေးတစ်ယောက်လည်း ရှိနေပြီဖြစ်သည်။ သာ့ဟေးသာ နိုးလာခဲ့လျှင် သူတို့ ဤအပျိုစင်တောအုပ်ကြီးမှ မြန်မြန် ထွက်သွားနိုင်မည်ပင်။
သာ့ဟေးအကြောင်း စဉ်းစားရင်း ကျင်းဝူ က သူ့ဗိုက်ကို ပွတ်လိုက်မိကာ အခုချက်ချင်း သာ့ဟေးကို အပြင်သို့ သူထုတ်ချင်နေမိသည်။
သာ့ဟေးရဲ့ ဒဏ်ရာတွေက လုံးဝ ပြန်ကောင်းနေပြီ ဒီလို သူ့ဗိုက်ထဲမှာ၊ မဟုတ်သေးဘူး၊ သူ့အခွံထဲမှာ ဆက်နေနေတာက သူ့အတွက် တော်တော်ကို အဆင်မပြေဘူး။
ဒါပေမယ့် ဒီမှာ တစ်ခြားလူတွေ ရှိနေသေးတယ်။ သူ့ခန္ဓာကိုယ်ထဲကနေ ဒီလို မြွေကြီးတစ်ကောင်ကို ရုတ်တရက် ထုတ်လိုက်ရင်... သူ့ ပြဿနာကို သူကိုယ်တိုင် မီးထွန်းမရှာချင်ပါ။
ဗိုလ်မှူးကြီးကော်ရေးသည် ကျင်းဝူ၏ ကိုယ်ဟန်အမူအရာများကို လုံးဝ နားမလည်နိုင်ဖြစ်နေ၏။ သူ(ကော်ရေး)က လက်ကို ယမ်းပြသည်မှာ အာကာသယာဉ်ပေါ် မတက်ချင်ဘူး ဟု ပြောသည်ဟုသာ ထင်နေသည်။
ဗိုလ်မှူးကြီးကော်ရေးတစ်ယောက် မျက်ခုံးကို တွန့်လိုက်ပြီး အာကာသယာဉ်ပေါ် တက်ဖို့ လက်ဟန်ပြလိုက်သည်။
ကျင်းဝူသည် နှစ်ခါတိတိ ဟန်ဆောင်ပန်ဆောင် ငြင်းဆန်ပြီးနောက်တွင် သူက အာကာသယာဉ်ပေါ်သို့ ဟိတ်ဟန်ထုတ်ကာ တက်သွားတော့သည်။
ပျံသန်းပြီး ဒီနေရာကနေ ထွက်သွားလို့ရနေမှတော့ ဘယ်သူက ဒီမှာနေခဲ့ချင်မှာလဲ။ သာ့ဟေး နိုးလာရင်တောင် လေယာဉ်ထက်တော့ မြန်မြန် မပြေးနိုင်ဘူးလေ။
ဂျက်ကာသည် သူ့လူတစ်ချို့ကို ခေါ်ပြီး တောဝက်အုပ်အား ရှာတွေ့သည်အထိ အနံ့ခံကာလိုက်ရှာသည်။ သူတို့သည် ဒေါသထွက်လွန်း၍ တောဝက်အုပ်ကို ချပ်ဝတ်တန်ဆာ တစ်ထည်လောက်ပင်မချန်ထားဘဲ အပြတ် ရှင်းပစ်လိုက်သည်။
သူတို့ ပြန်လာသည့်အချိန်တွင် မျက်လုံးများက သွေးနီရောင် ဖြစ်နေကြသည်။
အားလုံး အာကာသယာဉ်ပေါ်သို့ တက်လာကြပြီးနောက် ဗိုလ်မှူးကြီးကော်ရေးသည် ဝမ်းနည်းစွာဖြင့် စစ်ရေးဆိုင်ရာ ဆက်သွယ်ရေး ကိရိယာနှင့် စစ်ဌာနချုပ်ထံ ဆက်သွယ်လိုက်သည်။
သူက သူတို့ ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် မာရှယ် သေဆုံးသွားသည့်သတင်းကို တင်ပြခဲ့သော်လည်း မာရှယ်၏ အမှတ်သားကိစ္စနှင့် မျိုးကွဲ ကောင်လေး၏ကိစ္စ ကိုတော့ ချန်လှန်ထားခဲ့သည်။
မာရှယ် ရေမွန်၏ ဂုဏ်သတင်းကို ထိခိုက်စေမည့် ဤကဲ့သို့ကိစ္စမျိုးအား မပြောသည်က အကောင်းဆုံးဖြစ်ပြီး၊ သူတို့ထဲက တစ်ချို့လောက်သာ ဤကိစ္စကို သိထားလိုက်ကြသည်။
*
အာကာသယာဉ် ပြန်ရောက်သည့်အခါ၌ ဗဟိုကြယ်စုသို့ တိုက်ရိုက်ပြန်ရန် မပျံနိုင်ပေ၊ ဘာကြောင့်ဆို ဗဟိုကြယ်စုမှာ ပုန်းကွယ်နေသည့်ဂြိလ်နှင့် အလွန်ဝေးလွန်းသည့်အတွက် အနည်းဆုံး ကြယ်တာရာ သုံးခုကို ဖြတ်သန်းဝင်ရောက်ကာ ထောက်ပံ့ရေး ရယူရမှာပင်ဖြစ်သည်။
ထိုအချိန်တွင် ဗိုလ်မှူးကြီးကော်ရေးသည် ထောက်ပံ့ရေးယူရန် ပထမဆုံးကြယ်တစ်ခုပေါ်ရှိ စစ်ရေးစွမ်းအင် ထောက်ပံ့ရေးစခန်း၌ အာကာသယာဉ်ကို ရပ်လိုက်သည်။
သူ၏ခန္ဓာကိုယ်တွင်လဲ အဆိပ်အတောက်များက လက်ခံနိုင်သောအကန့်အသတ်ကို ကျော်လွန်နေပြီဖြစ်ပြီး စစ်သားအများစုမှာလဲ သူတို့၏ခန္ဓာကိုယ်အား စစ်ဆေးမှုများပြုလုပ်ရန် ပြင်ဆင်ထားကြသည်။
ကျင်းဝူသည် အာကာသယာဉ်ပေါ်ကနေ ဆင်းလာပြီး ထိုလူ့အဖွဲ့အစည်း၏ မြင့်မားသည့် အဆောက်အအုံများနှင့် အဆင့်မြင့် နည်းပညာထုတ်ကုန်များကို မြင်လိုက်ရသည်။
"ဗိုလ်မှူးကြီး ကော်ရေး၊ ခင်ဗျားကော စစ်ဆေးဖို့ လိုသေးလား" ချိုသာသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ပြောနေသူက အသက် ၃၀ ဝန်းကျင်ရှိသည့် လူငယ်တစ်ယောက်ဖြစ်ပြီး မျက်ခုံးနက်နက်နှင့် မျက်လုံးလှလှလေးများ ရှိသည်။ ကျင်းဝူသည် ထိုလူငယ်လေးကို ပထမဆုံးအကြိမ် မြင်တွေ့တွေ့ချင်းမှာပင် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ဗိုလ်မှူးကြီး ကော်ရေး နှင့် အခြားသူများနှင့်အတူ လမ်းလျှောက်လာခဲ့ရသည့် လမ်းတစ်လျှောက်ရှိ မြင်တွေ့ခဲ့သော လူအားလုံးမှာ အရပ်ရှည်ပြီး ရုပ်ကြမ်းကြမ်း လူထွားကြီးများချည်းပင်။ အခု ရှေ့မှလူကတော့ ပိုပြီး နူးညံ့သည့်ပုံ ရှိလေသည်။
ဗိုလ်မှူးကြီး ကော်ရေး က "လုပ်ပေးပါ၊ ဆရာ နရှီဇာဝါ" ဟု ပြောလိုက်သည်။
"ဒါက ဘယ်သူလဲ"
နရှီဇာဝါ က ဗိုလ်မှူးကြီးကော်ရေး နောက်မှ လိုက်လာသည့် ကျင်းဝူ ကို လက်ညှိုးထိုးပြီး မေးလိုက်သည်။
ဤကြယ်အား ထုံးကျောက်ကြယ် ဟုခေါ်ကာ အလွန်ဝေးလံသည့် ကြယ်တစ်ခုဖြစ်၍ ထိုကောင်လေးကဲ့သို့ အားနည်းသော မျိုးကွဲများက ဤနေရာသို့ မလာကြချေ။
နရှီဇာဝါ ကလည်း မျိုးကွဲတစ်ယောက်ပင်။ သို့သော် သူသည် စစ်ဘက်ဆိုင်ရာဆရာဝန်တစ်ယောက်အဖြစ် စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်နေပြီး စစ်တပ်ထဲနေခြင်းက သူ့အတွက် ပို၍ လုံခြုံလေသည်။
ဗိုလ်မှူးကြီးကော်ရေး က ကျင်းဝူ ၏ သရုပ်မှန်ကို ရှင်းမပြဘဲ "ဒါက ကျွန်တော်တို့ လမ်းမှာ ကယ်တင်ခဲ့ရတဲ့ မျိုးကွဲလေးပါ။ သူ့ကိုလည်း ခန္ဓာကိုယ် စစ်ဆေးပေးပါ" ဟုသာ ဝေ့ဝိုက်ပြောလိုက်တော့သည်။
မျိုးကွဲများသည် ယေဘုယျအားဖြင့် ရုပ်ရည်ချောမောပြီး အစွမ်းအစများ အားနည်းသည့်အတွက် ကြယ်တာရာပေါ်မှ လူကုန်ကူးသူများ၏ ပစ်မှတ်ထားခြင်း ခံရပြီး ဝေးလံသော ကြယ်တာရာများဆီသို့ ပို့ဆောင်ရောင်းချခြင်း ခံရလေ့ရှိသည်။
ဤမျိုးကွဲသည် အလွန်ပင် ချောမောလှသောကြောင့် နရှီဇာဝါ က ဗိုလ်မှူးကြီး ကော်ရေး သည် လူကုန်ကူးသူများထံမှ ကယ်တင်လာခဲ့သည်ဟု ခန့်မှန်းလိုက်မိသည်။
မျိုးကွဲတစ်ဦးဖြစ်သည့် နရှီဇာဝါ သည်လည်း ကျင်းဝူ ကို ကိုယ်ချင်းစာနာစွာဖြင့် ညင်သာစွာ လက်ယပ်ခေါ်ရင်း ပြုံးပြီး "မင်္ဂလာပါ၊ ကျွန်တော်က ဒီက ဆရာဝန်ပါ၊ ခင်ဗျားကို ဆေးစစ်ပေးပါ့မယ်" ဟု ပြောလိုက်သည်။
ကျင်းဝူ က သူတို့ ပြောဆိုနေသည်ကို နားမလည်ပေ။ သို့သော် နရှီဇာဝါ ၏ ကြင်နာသည့်ပုံစံကို မြင်လိုက်ရသောအခါ သူနှင့်အတူ လိုက်သွားလိုက်တော့သည်။
ထိုအချိန်တွင် သူသည် သေသပ်လှပသော လျှပ်စစ်သံလိုက်အားသုံး ယာဉ်ငယ်လေးတစ်စီးကို မြင်လိုက်ရသည်။ လျှပ်စစ်သံလိုက် ( magnetic levitation ) ကို အသုံးပြုထားသောယာဥ်လေးဖြစ်သည့်အတွက် ၎င်းကို မက်လေ့ဗ်ယာဉ် (maglev) ဟု ခေါ်သင့်သည်။
ထို မက်လေ့ဗ်ယာဉ်သည် ရုတ်တရက် "ရှရွှက်" ဟူသော အသံနှင့်အတူ ကောင်းကင်သို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မမြင်ရတော့ချေ။
သူသည် မက်လေ့ဗ်ကားများ ရှိသည်ကို သိသော်လည်း ယခုကမ္ဘာပေါ်ရှိ မက်လေ့ဗ်ဗ်ယာဉ်များသည် မည်သည့်အချိန်ကစ လေယာဉ်ကဲ့သို့ ပျံသန်းနိုင်သွားခဲ့ပါသနည်း။ ထိုပျံသန်းသွားသောယာဥ်ငယ်လေးကိုကြည့်ကာ သူ့စိတ်ထဲမှာ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။
ကော်ရေး နှင့် တခြားသူများ လုပ်သည့် ဆေးစစ်ချက်များနှင့် ကျင်းဝူ လုပ်သည့် ဆေးစစ်ချက်များက လုံးဝ မတူပေ။ နရှီဇာဝါက သူတို့ကို စစ်ဆေးခန်းဝင်ပေါက်ကို ခေါ်သွားပြီး တခြားဆရာဝန်များကို ကော်ရေး နှင့် တခြားသူများအား စစ်ဆေးရန် စီစဉ်ပေးလိုက်သည်။ သူက ကျင်းဝူ ကိုတော့ တခြားစစ်ဆေးခန်းတစ်ခုသို့ ခေါ်သွားလေသည်။
ခဏနေတော့ ကော်ရေးက နရှီဇာဝါ အလျင်အမြန် ပြန်လာသည်ကို မြင်လိုက်ရပြီး "ဗိုလ်မှူးကြီး ကော်ရေး၊ ခင်ဗျား ပြန်ခေါ်လာတဲ့ မျိုးကွဲ ၊ သူ့မှာ ကိုယ်ဝန်ရှိနေတယ်!" ဟု ပြောလိုက်တော့သည်။
ကော်ရေးက ထိုင်ခုံပေါ်ကနေ ရုတ်တရက် ထလိုက်ပြီး မျက်လုံးပြူးသွားကာ "ဘာပြောတယ်? သူ့မှာ ကိုယ်ဝန်ရှိနေတယ်၊ ကိုယ်ဝန်ရှိတယ်?!"
Orc အင်ပါယာသည် သားပေါက်လေးများကို အလွန် အလေးထားပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသားများကိုလည်း အလေးထားသည်။ ထိုလူများသည် အထူးအခွင့်အရေးများကို ရရှိခံစားနိုင်ကြသေးသည်။
သို့သော် အဓိကမှာ ထိုအချက်မဟုတ်ပေ။ အဓိကအချက်မှာ သူ ပြန်ခေါ်လာသည့် မျိုးကွဲကို မာရှယ်ရေမွန်က ပြည့်စုံသည့် အမှတ်သားလုပ်ထားသည်ဆိုသော အချက်ပင်!
"သေချာလို့လား" ဗိုလ်မှူးကြီး ကော်ရေးက ထပ်မေးလိုက်သည်။
နရှီဇာဝါက သူ၏ တုံ့ပြန်မှုကို နည်းနည်း ထူးဆန်းသည်ဟု ထင်သော်လည်း ခေါင်းညိတ်ပြီး တည်ငြိမ်စွာဖြင့် "ဒီနေရာက စစ်ဆေးမှုတွေက နည်းနည်းတော့ အဆင့်နိမ့်သေးတယ်။ ကျွန်တော်တို့ သူ့ကို ဥပဒေပညာပေး ကြယ်စင်စု ဗျူရိုဆီကို အမြန်ဆုံး ခေါ်သွားပြီး ထပ်စစ်ဆေးဖို့ လိုတယ်" ဟု ပြောလိုက်သည်။