ရေမွန် အနည်းငယ်လောက် ရေကူးခတ်သွားပြီးသောအခါတွင် ခုဏက တွေ့လိုက်ရသည့် မျိုးကွဲကောင်လေးဟာ မြစ်ထဲ၌ အေးအေးဆေးဆေး ရေချိုးနေသည်ကို တွေ့လိုက်ရသည်။
အနှီမျိုးကွဲကောင်လေးမှာ အထီးဖြစ်ပေမယ့် မွေးဖွားလာချိန်တွင် လူအသွင် မရှိလောက်ပေ ၊ ဒါကြောင့် သူတို့ထံ စွမ်းအင်အရင်းအမြစ်လဲ မရှိနိုင်။ ထိုကြောင့် မျိုးကွဲအများစုက ပုံမှန်အားဖြင့် ပိန်ပိန်ပါးပါးနှင့် အားနည်းကြပြီး မျိုးကွဲတချို့ဆိုလျှင် အမျိုးသမီးတွေလောက်ပင် ခွန်အား မရှိကြချေ။
သို့သော်လည်း အနှီမျိုးကွဲများမှာ ယေဘုယျအားဖြင့် ရုပ်ရည်ချောမောလှပကြပြီး ဗဟိုကြယ်စုတွင်ရှိသော Orc အများစုက သူတို့ကို ချစ်သူအဖြစ် ရွေးချယ်လေ့ရှိကြသည်။
ရေမွန်မှာ နောက်ထပ် ထပ်မကြည့်တော့ဘဲ မြွေခေါင်းကို အနည်းငယ် လှည့်ထားလိုက်သည်။
အပျိုစင်တောအုပ်ကြီးထဲ၌ တစ်ယောက်တည်း ဖြစ်နေပြီး မည်သည့်အဝတ်အစားမျှ မရှိသော်ငြား ကောင်းကောင်းမွန်မွန် သွားလာနေထိုင်နိုင်သော ကောင်လေးနှင့် ပတ်သတ်သမျှ ဖြစ်နိုင်ချေတွေ အားလုံးကို သူ့ခေါင်းထဲက ဖယ်ရှားလိုက်တော့သည်။
ဒီမျိုးကွဲကောင်လေးရဲ့ သရုပ်မှန်က ဘာပဲဖြစ်ဖြစ်၊ ဒီကို ဘာကြောင့်ရောက်လာတာပဲဖြစ်ဖြစ် ဤကောင်လေးက သူ့ကို သတ်ဖို့ ရောက်လာတာ မဟုတ်နိုင်ပေ။ ဘာကြောင့်လဲဆိုလျှင် ဤမျိုးကွဲကောင်လေးဆီမှ ဘာအန္တရာယ်မှ သူမခံစားရလို့ဖြစ်သည်။ ပြီးတော့ သူ့ကို သတ်ချင်တဲ့သူတွေက ဒီလိုစွမ်းအားနည်းတဲ့ကောင်လေးကို လွှတ်မှာ မဟုတ်ဘူး။
ရေမွန်က သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ရွှေ့လိုက်ပြီး ဒီနေရာမှ ခဏတာရှောင်နေဖို့ စဉ်းစားလိုက်သည်။ အဲဒီအချိန်မှာပဲ ရေမွန်မှာ မျိုးကွဲကောင်လေးရဲ့ နောက်ကျောဘက်ကနေ သစ်ခြောက်တစ်တုံး ပေါ်လာတာကို မြင်လိုက်ရသည်။
‘မဟုတ်ဘူးဟ ၊ အဲဒါ မိကျောင်းကြီးဟ။’
ရေမွန်ဟာ ချက်ချင်းပဲ ထလိုက်ကာ ကောင်လေးဆီ တည့်တည့်မတ်မတ် လျှောက်သွားလိုက်တော့သည်။
မိကျောင်းသည် ကျင်းဝူ၏ နောက်ကျောဘက်ကို တိတ်တဆိတ် ရေကူးလာပြီး သူ့ရဲ့ ပါးစပ်ကြီးကို ဖြည်းဖြည်းချင်း ဟလိုက်သည်။
ကျင်းဝူတစ်ယောက် ရေ လက်တစ်ခုပ်ကို ခပ်ယူကာ မျက်နှာသစ်လိုက်ပြီးနောက် မျက်နှာက ရေတွေကို သုတ်လိုက်သည့်အချိန် မြစ်ကမ်းပေါ်ကနေ မြွေမဲကြီးတစ်ကောင် ရေကူးလာတာကို တွေ့လိုက်ရသည်။
' ဒါ စောစောတုန်းက ကျားဖြူကြီးကို ဖမ်းခဲ့တဲ့ မြွေဆိုးကောင်ပဲ။ ဒီမြွေဆိုးကြီးက ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာရတာလဲ။ '
မြွေတွေက သားကောင်ကြီးတစ်ကောင်ကို စားသည့်အခါ သားကောင်ကို စုတ်ဖြဲပြီး အပိုင်းလိုက်နည်းနည်းစီ မစားကြဘဲ တစ်ကိုယ်လုံးကို မျိုချလိုက်ပြီးမှ ဖြည်းဖြည်းချင်း အစာချေဖျက်ကြတာဖြစ်လေသည်။
ဒါ့ကြောင့်လည်း အစာခြေနေတဲ့အချိန်က မြွေတွေအတွက် အားအနည်းဆုံး အချိန်ပဲ။ သူတို့က ယေဘုယျအားဖြင့် သူတို့ရဲ့ လေးလံနေတဲ့ ခန္ဓာကိုယ်ကြီးတွေကို ဆွဲယူသွားလေ့ မရှိပဲ တစ်နေရာမှာပဲ အစာခြေဖို့ အနားယူလေ့ရှိကြသည်။
ကျင်းဝူက မြွေဆိုးကြီးရဲ့ ဗိုက်ကို ကြည့် လိုက်သည်။ ပြားပြားလေးဖြစ်နေတာပဲ။
ကမ်းပေါ်က မြွေဆိုးကြီးက ရုတ်တရက် သူ့ခန္ဓာကိုယ်ရဲ့ သုံးပုံတစ်ပုံကို မြှောက်လိုက်ပြီး ရေခဲလို အေးစက်တဲ့ မျက်လုံးတွေနဲ့ တည့်တည့်ကြည့်ပြီးတော့ တိုက်ခိုက်ဖို့ ပြင်လိုက်သည်။
ကျင်းဝူ : “…”
ဒီမြွေဆိုးကြီးက သူ့ကို ချစ်သွားတာလား။
သူလူဖြစ်လာပြီးနောက်ပိုင်း သူ့အသားအရေက ဖြူဖွေးနူးညံ့နေပြီး အရေပြားထူတဲ့ ကျားဖြူကြီးထပ်တော့ အစာချေဖျက်ဖို့ ပိုပြီး လွယ်ကူမယ်ဆိုတာ သေချာတာပေါ့။
ဒီမြွေဆိုးကြီးက အကြံကြီးပြီး အစားအစာကိုတောင် ရွေးချယ်စားသောက်တတ်တာပဲ။ ဒီအပျိုစင်သစ်တောကြီးထဲမှာ သားရဲ၊ ငှက်၊ အဆိပ်ပြင်းတဲ့အင်းဆက်နဲ့ ရွှေခရုလေးတို့ဟာလဲ သူတို့ကိုယ်သူတို့ အချိန်ပြည့်နီးပါး ကာကွယ်နေကြရတာပဲနော်။
သူက "ဘယ်သူမှ ငါ့ကို မထိရင် ငါလည်း ဘယ်သူ့ကိုမှ မထိဘူး" ဆိုတဲ့စိတ်ဓာတ်နဲ့ နေထိုင်ပေမယ့် တခြားသတ္တဝါတွေက သူ့ကို တိုက်ခိုက်ဖို့ အရင်လုပ်လာရင်တော့...
ကျင်းဝူက သူ့ရဲ့ကာကွယ်ရေးကို အားမြင့်လိုက်ပြီး လက်ခလယ်ကို တိတ်တဆိတ်မြှောက်လိုက်လေသည်။
သူတို့ ခရုမျိုးနွယ်တွေက တိုက်ခိုက်မှုပညာတွေ အားနည်းပေမယ့် လုံးဝမရှိနေတာမျိုးလို့တော့ မဟုတ်ဘူးလေ။
သူတို့က သဘာဝတရားရဲ့ ဒြပ်စင်ငါးခုအစိတ်အပိုင်းတွေနဲ့ စွမ်းအင်ကို သူတို့ကိုယ်တိုင် စုစည်းနိုင်ကြပြီး အသုံးပြုနိုင်ပေမယ့် စုစည်းနိုင်တဲ့ စွမ်းအင်ပမာဏက ကန့်သတ်ချက်ရှိပြီး တိုက်ခိုက်မှုရဲ့ အကျိုးသက်ရောက်မှု ကလည်း သာမန်အဆင့်မှာပဲ ရှိကြသည်။
ကျင်းဝူက လက်ခလယ်ဆီသို့ မိုးကြိုးလျှပ်စီးကြောင်းကို စုစည်းပို့လွှတ်လိုက်ပြီးနောက် ထွက်ပေါ်လာတဲ့ သံလိုက်စက်ကွင်းကြီးကို တစ်ချက်ကြည့်လိုက်သည်။ သံလိုက်စက်ကွင်းကြီးက သေးငယ်ပေမယ့် မြွေဆိုးကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အကြောသေသွားစေဖို့တော့ လုံလောက်ပါသည်လေ။
မြွေဆိုးကြီးက မြေပြင်ပေါ်ကနေ မြှောက်တက်လာပြီး မြားတစ်စင်းလို အရှိန်နဲ့ ကျင်းဝူဆီကို ဦးတည်ပြီးလာနေခဲ့သည်။ ခဏအတွင်းမှာပဲ သူက ကျင်းဝူရဲ့ မျက်လုံးတွေရှေ့ကို ရောက်လာပြီး သူ့ရဲ့ခန္ဓာကိုယ်ကို ဆွဲဆန့်ထုတ်လိုက်တော့သည်။
မြွေဆိုးကြီးက သူနဲ့ အရမ်းနီးကပ် လာပြီး မြွေဆိုးကြီးရဲ့ခန္ဓာကိုယ်ကနေ သွေးနံ့ပြင်းပြင်းတွေကို ကျင်းဝူ ရလိုက်တဲ့အခါမှာတော့ ကျင်းဝူက သူ့ရဲ့ လျှပ်စီးကြောင်းကို ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပစ်လွှတ်လိုက်သည်။
မြွေခေါင်းကြီးက သူ့ရဲ့နား ဘေးနေားကနေ ဖြတ်သွားပြီး နောက်ကျောဘက်ကနေ ရေပွက်သံကြီးတစ်ခုကိုပဲ ကြားလိုက်ရသည်။ ရွှေခရုလေးက လှည့်ကြည့်လိုက်တော့ မြွေဆိုးကြီးက သစ်ကိုင်းအခြောက်တစ်ခုကို ကိုက်ဖြတ်နေတာကို တွေ့လိုက်ရသည်။
' အို..မဟုတ်ဘူး၊ အဲဒါ သစ်ကိုင်းခြောက် မဟုတ်ဘူး။ မိကျောင်းတစ်ကောင်ရဲ့ ခေါင်းပဲ။ '
မိကျောင်းကြီးက မြွေရဲ့ ကိုက်ဖြတ်ခံရတာကနေ လွတ်မြောက်ဖို့ သူ့ရဲ့ ပါးစပ်ကိုအကျယ်ကြီးဟပြီး လှုပ်ရမ်းလိုက်သည်။
ကျင်းဝူက မြွေကြီးကို ကြည့်လိုက်သည်။ သူ့ရဲ့ ခန္ဓာကိုယ်ကြီးက ကျင်းဝူရဲ့ မိုးကြိုးလျှပ်စီးကြောင်း သံလိုက်စက်ကွင်းကြောင့် တွန့်လိမ်နေပေမယ့် မိကျောင်းခေါင်းကိုတော့ ခိုင်ခိုင်မြဲမြဲ ကိုက်ထားဆဲပဲ ဖြစ်သည်။
ဒါဆို... သူ ဒီမြွေကြီးကို သူအထင်လွဲနေခဲ့တာပဲ။
ကျင်းဝူက မိုးကြိုးလျှပ်စီး ထပ်မံ စုစည်းလိုက်ပြီးနောက် မိကျောင်းကြီးကိုပါ လျှပ်စီးကြောင်း ပစ်ဖို့ ပြင်လိုက်ပြန်သည်။
ဒါပေမယ့် မထင်မှတ်ထားပဲ မြွေဆိုးကြီးက သူ့ရဲ့ ခြောက်သွေ့နေတဲ့ မြွေအမြီးကို လိမ်ကျစ်ပြီး မိကျောင်းကြီးကို ချည်နှောင်ကာ ဝေးရာကို ဆွဲခေါ်သွားပြီဖြစ်လေသည်။
ဒီမြွေဆိုးကြီးက ဒဏ်ရာကုသနှုန်းက အရမ်းကိုမြန်တာပဲနော်။ ကျင်းဝူက ယခင်တုန်းကလဲ တခြားသားရဲများကို ထိုနည်းတူ ပစ်ခတ်ခဲ့ဖူးရာ ထိုသားရဲများသည် အနည်းဆုံး သုံးမိနစ်ကနေ ငါးမိနစ်လောက်ထိ ပြန်မလှုပ်နိုင်ကြချေ။
သူ့ကို စဉ်းစားမရဖြစ်စေတဲ့ အချက်က သူရဲ့ သေးငယ်တဲ့ လျှပ်စီးကြောင်း သံလိုက်စက်ကွင်းလေးက မြွေကြီးကို ခဏတာပဲ တွန့်လိမ်သွားပြီး ထုံကျင်သွားစေတာရင်တောင်မှ ဘယ်လိုမှ ပြိုင်ဘက်ရဲ့ခန္ဓာကိုယ်ကို အာရုံစိုက်ပြီး မလွတ်တမ်း ကိုက်ထားနိုင်ရန် မဖြစ်နိုင်ပေ။
ရေထဲမှာ ကြောင့် မို့လိုများလား။
ရေက လျှပ်စစ်စီးကြောင်းကို ပိုပြီစီးဆင်းစေနိုင်လို့ ရေထဲမှာ သူ့ရဲ့ သေးငယ်တဲ့ လျှပ်စီးကြောင်း သံလိုက်စက်ကွင်းရဲ့ အစွမ်းက ပိုမြင့်တက်သွားရမှာလေ။
ဒါဆို မိကျောင်းကြီးကိုပါ လျှပ်စစ်ဓာတ် ထိသွားတာပဲဖြစ်ရမယ်။
အဲဒီအချိန်မှာပဲ အဖြူရောင်ဝမ်းဗိုက်ရှိတဲ့ ငါးတချို့က ရေပေါ်မှာ ပေါလောပေါ်လာကြပြီး သူတို့တွေက လျှပ်စစ်ဓာတ် ထိသွားတာ ဒါမှမဟုတ် သတိလစ်သွားပုံ ပေါ်နေကြသည်။ ဒါက ကျင်းဝူရဲ့ အတွေးတွေကို ပိုပြီး သေချာအတည်ပြုပေးလိုက်တာပဲဖြစ်သည်။
ဒီနည်းကို အရင်က ရေထဲမှာ မသုံးဖူးပေမယ့် ဒီနည်းနဲ့ သုံးလို့ ရသည်ဆိုတာ သိလိုက်ရပြီ။
ကျင်းဝူတစ်ယောက် သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ဖို့ အခြားနည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
လုံးထွေးနေတဲ့ မြွေကြီးနဲ့ မိကျောင်းကြီးက တစ်ယောက်နဲ့ တစ်ယောက် ကိုက်ဖြတ်ရင်း ကမ်းပေါ်ကို ရောက်လာကြသည်။
မြွေမဲကြီးက မိကျောင်းကြီးကို ဒီနေရာကနေ ဝေးရာကို ခေါ်သွားဖို့ ရည်ရွယ်ချက်ရှိပုံရပြီး မိကျောင်းကြီးရဲ့ ကိုယ်လုံးကို သူ့ကိုယ်လုံးနဲ့ ရစ်ပတ်ပြီး ပိုပိုပြီး အဝေးကို ဆွဲထုတ်နေတာပဲဖြစ်သည်။ နောက်ဆုံးမှာ သူတို့နှစ်ကောင်လုံး သိပ်မဝေးတဲ့ ရွှံ့ဗွက်အိုင်တွေကြားထဲကို လုံးထွေးပြီးပြုတ်ကျသွားတော့သည်။
သားရဲကြီးနှစ်ကောင် ပြုတ်ကျသွားတဲ့အရှိန်ကြောင့် ရွှံ့ဗွက်အိုင်ထဲက ရွှံ့တွေနဲ့ပန်းပွင့်လေးတွေက ကျောက်တုံးတွေပေါ် ပြန့်ကျဲသွားကြသည်။ အဲ့နောက်တော့ ရေမျက်နှာပြင်ပေါ်မှာလဲ အနီရောင် အကွက်တွေ တပွက်ပွက်နဲ့ ပေါ်လာတော့တာပဲ။
ရွှံ့ဗွက်အိုင်ရဲ့ အစွန်းမှာ ရပ်နေတဲ့ ကျင်းဝူက တဖြည်းဖြည်း ငြိမ်သက်သွားတဲ့ ရေမျက်နှာပြင်ကို ကြည့်ပြီ ဒီမြွေဆိုးကြီးကတော့ ဉာဏ်ကောင်းပုံရသည် လို့ တွေးမိသွားသည်။
မြစ်ထဲမှာ သူရေချိုးနေတုန်း မြွေကြီးက သူ့ကို ကူညီချင်ခဲ့တာ။ ကျင်းဝူက သူ့ရဲ့ အကူအညီကို မလိုအပ်ပေမယ့်လို့ပေါ့။
အဲ့လိုကူညီခဲ့လို့လဲ သူက လျှပ်စစ်နဲ့ မှားပစ်ခံထိသွားရတာဖြစ်သည်။
တကယ်လို့ လျှပ်စစ်စီးကြောင်းကို မပစ်လွှတ်ခဲ့ဘူးဆိုရင်တောင်မှ မိကျောင်းကြီးက မြွေကြီးရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူးချေ။ မိကျောင်းကြီးကလည်း လျှပ်စစ်ဓာတ် ထိသွားပေမယ့် မြွေကြီးလောက်တော့ လျှပ်စီးဒဏ်ကို ခံရမှာ မဟုတ်ဘူး။
ကျင်းဝူက တောဘက်ထဲကို လှည့်ကာ လျှောက်လာခဲ့လိုက်ပြီး အရင်ဆုံး သစ်တုံးအခြောက်တုံးတစ်တုံးကို ရှာဖို့ လုပ်လိုက်သည်။ အကြောင်းအရာတွေက ဒိလိုမျိုးဖြစ်ပြီးသွားပြီဆိုတော့လဲ ရွှံ့နုန်းထဲကို ဆင်းပြီး ကြည့်မှဖြစ်မယ်လေ။
မြွေကြီး သေသွားပြီဆိုရင်တော့ ငါသူ့ကို မြှုပ်နှံပေးရမယ်။ အသက်ရှူနေသေးရင်တော့ ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားရမယ်။
ကျင်းဝူ အနည်းငယ် လျှောက်လိုက်တော့ နောက်ကျောဘက်ကနေ "ဒုန်း" ဆိုတဲ့ အသံကြီး ကြားလိုက်ရသည်။
ရွှံ့တွေနဲ့ ပေပွနေတဲ့ ဦးခေါင်းနဲ့ မြွေကြီးက ရွှံ့ထဲက ထွက်လာသည်။
မြွေကြီးဟာ ရွှံ့အစွန်းဘက်ကို ဖြည်းဖြည်းခြင်း ရွှေ့လာပီး နောက်ဆုံး ဓာတ်ခဲကုန်သွားတဲ့ အရုပ်လိုမျိုး ခေါင်းက ရွှံ့အိုင်ထဲကို ပစ်ကျသွားတော့သည်။
ကျင်းဝူက ပုံမှန်အမြန်နှုန်းထက် ဆယ်ဆ မြန်တဲ့အမြန်နှုန်းနဲ့ လျှောက်သွားပြီး မြွေကြီးရဲ့ ခန္ဓာကိုယ်ထဲကို စိတ်စွမ်းအား အနည်းငယ် ထည့်ပေးလိုက်သည်။
"အသက်ရှင်သေးတယ်။"
ဒီမြွေကြီးရဲ့ အသက်ရှင်ချင်တဲ့ စိတ်ဓာတ်က အတော်လေးကို ဇွဲကောင်းတာပဲ။
စိတ်စွမ်းအား ထည့်ပေးလိုက်တဲ့အခါ ကျင်းဝူက မြွေကြီးရဲ့ ဒဏ်ရာတွေက အရမ်းကို ပြင်းထန်နေတာကို တွေ့လိုက်ရတော့သည်။
မျက်စိနဲ့ မြင်နိုင်တဲ့ ပြင်ပဒဏ်ရာတွေထပ် အတွင်းဒဏ်ရာတွေက ပိုပြီး ပြင်းထန်သည်။ ကျောရိုးတွေ အတော်များများ ကျိုးသွားတဲ့အပြင် ကြွက်သားတွေ၊ သွေးကြောတွေလည်း ပျက်စီးနေသည်။ ခန္ဓာကိုယ်ထဲက စွမ်းအားတွေလည်း ကုန်ခန်းသွားပြီး ဘယ်အချိန်မဆို သေသွားနိုင်တဲ့ အခြေအနေမှာ ရှိနေသည်။
ဒီမြွေကြီးက သာမန်မြွေ နတ်ဆိုးမျိုးကွဲ မြွေ ဖြစ်ပုံရသည်။
တစ်ခုခုကို လေ့ကျင့်ရင်း အမှား လုပ်မိပြီး ဒီလိုအခြေအနေကို ရောက်သွားတာ ဖြစ်နိုင်သည်။
ကျင်းဝူက စိတ်စွမ်းအင်ကို ဖြည်းဖြည်းချင်းထည့်ပေးပြီး ကျိုးသွားတဲ့ ကျောရိုးနဲ့ နံရိုးတွေကို ဂရုတစိုက်နဲ့ ဆက်ပေးလိုက်သည်။ ဒါတွေကတော့ အဆင်ပြေသွားပေမယ့် သွေးကြောတွေကတော့ ဆက်လို့မရဘူးဖြစ်နေသည်။
အဲဒီသွေးကြောတွေထဲမှာ တစ်ခုနဲ့တစ်ခု ပြန်လည်ထိန်းချုပ်ထားတဲ့ စွမ်းအင်နှစ်မျိုး ရှိနေပြီး သူတို့ဟာ အချင်းချင်း တိုက်ခိုက်နေကြပြီး စွမ်းအင်နှစ်ခုထိတွေ့လိုက်တာနဲ့ တပြိုင်နက် သွေးကြောတွေက ပြန်ပြတ်သွားတော့တာပဲ ဖြစ်သည်။
မြွေကြီးရဲ့ စွမ်းအင် ဒြပ်စင်ငါးခု ထဲက မီးစွမ်းအင် ဖြစ်သည်။ မြွေရဲ့ ခန္ဓာကိုယ်မှာ မီးစွမ်းအားတွေ ပါဝင်ပြီး ရေက မီးကို နိုင်သည်။ ဒါကြောင့် မြွေက ရေစွမ်းအင်ကို စုပ်ယူပြီး ကျင့်ကြံတာကို ရှောင်ရှားရမည်။ မဟုတ်ရင် ခန္ဓာကိုယ်ထဲက စွမ်းအင်နှစ်မျိုးဟာ တစ်ခုနဲ့တစ်ခု ဟန့်တားပြီး အန္တရာယ်ဖြစ်စေလိမ့်မည်။
ကမ္ဘာမှာရှိတဲ့ သဘာဝတရားက သတ္တဝါများအတွက် ဉာဏ်အလင်းပွင့်လာရန် အခွင့်အရေးများပေးထားပြီး သူတို့ဟာ ကောင်းကင်နဲ့ မြေကြီးကြားက သဘာဝစွမ်းအင်တွေကို အလိုအလျောက် စုပ်ယူနိုင်ကြသည်။ အဲ့ဒီ သဘာဝစွမ်းအင်တွေကတော့ ဒြပ်စင် ငါးခုကိုကိုယ်စားပြုတဲ့ စွမ်းအားတွေပဲဖြစ်သည်။
ယေဘုယျအားဖြင့် ကိုယ်မှာ ဘယ်လို စွမ်းအား ရှိလဲဆိုတာပေါ်မူတည်ပြီး အဲဒီ စွမ်းအား နဲ့ တူညီတဲ့ ဒါမှမဟုတ် အပြန်အလှန် အကျိုးပြုတဲ့ စွမ်းအား ကို အလိုအလျောက် စုပ်ယူကြရသည်။
ဒီမြွေဆိုကြီးရဲ့ကိစ္စမှာဆိုရင်တော့ ရေစွမ်းအင် မြင့်မားစွာပါဝင်တဲ့ တစ်ခုခုကို အားကောင်းစွာ စုပ်ယူနေတာ နေမှန်း သိသာသည်။ ဥပမာ - ရေစွမ်းအင်ပါတဲ့ စွမ်းအင်ကျောက်တုံးလိုမျိုးပေါ့။
ကျင်းဝူက ဒီမြွေဆိုးကြီးကို သနားတဲ့စိတ်နဲ့ ကြည့်နေမိသည်။ ဒီမြွေဆိုးကြီးမှာ ဉာဏ်ရည်ရှိပေမယ့် သူ့ရဲ့အိုင်ကျူ က အရမ်းနိမ့်နေတာပဲ။ ဒြပ်စင်ငါးခုစွမ်းအားတွေရဲ့ အပြန်အလှန် အကျိုးသက်ရောက်မှုရှိတယ် ဆိုတာကိုတောင် သူမသိရှာဘူး။
သူက မြွေဆိုးကြီးရဲ့ ခန္ဓာကိုယ်ထဲကို စိတ်စွမ်းအားများ ထပ်ထည့်ပေးပြီး မြွေဆိုးကြီးရဲ့ ခန္ဓာကိုယ်ထဲက ရေစွမ်းအင်နဲ့ မီးစွမ်းအင်ကို ဖြည်းဖြည်းချင်း ခွဲထုတ်လိုက် ပြီးတော့ ခွဲထုတ်လိုက်တဲ့ ရေစွမ်းအင်ကို မြွေကြီးရဲ့ ခန္ဓာကိုယ်အပြင်ကို အတင်း ဖယ်ထုတ်ပစ်လိုက်ရသည်။
ဒီလိုလုပ်ရတဲ့လုပ်ငန်းစဉ်က အချိန်ကုန် လူပင်ပန်းစေသည်။ မသိလိုက်ခင်မှာဘဲ နေကလည်း အနောက်ဘက်ကို တိမ်းစောင်းသွားပြီး ကောင်းကင်က တဖြည်းဖြည်း မှောင်လာကာ တောထဲက သတ္တဝါတွေလည်း စတင်ပြီး လှုပ်ရှားလာကြပြီပဲ ဖြစ်သည်။
နောက်ဆုံးတော့ ကျင်းဝူက မြွေကြီးရဲ့ ခန္ဓာကိုယ်ထဲက ရေစွမ်းအင်အားလုံးကို ဖယ်ရှားပြီး ခုခံအားကို ပိုကောင်းလာအောင် လုပ်ပေးလိုက်သည်။
အလုပ်က ဒီမှာတင် မပြီးသေးဘူးပေ။ မြွေကြီးရဲ့ စွမ်းအင်အရင်းအမြစ်ကိုလဲ ပြန်လည်ပြုပြင်ပေးရဦးမယ်။
စွမ်းအင်အရင်းအမြစ်မရှိရင် ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက လည်ပတ်နိုင်မှာ မဟုတ်ဘူး။ သွေးကြောတွေကို သေချာ ဆက်ပေးထားရင်တောင် ဒီမြွေကြီးက သာမန်မြွေတစ်ကောင်ပဲ ဖြစ်သွားလိမ့်မယ်။
သူတို့လို နတ်ဆိုးကျင့်ကြံသူတွေမှာ စွမ်းအားအရင်းအမြစ် ဖြစ်သည့် အမြူတေဆိုတာ ရှိရသည်။ ပုံမှန်ကျင့်ကြံတဲ့အခါ ကောင်းကင်နဲ့ မြေကြီးကြားက ဝိညာဉ်စွမ်းအားတွေကို စုပ်ယူပြီး သတ်မှတ်ထားတဲ့ သွေးကြောလမ်းကြောင်းတွေအတိုင်း ရွှေ့လျားစေပြီး နောက်ဆုံးမှာ အမြူတေထဲကို ထည့်သွင်းပေးရသည်။
အမြူတေ က ပိုပြီးခိုင်မာလေလေ နတ်ဆိုးစွမ်းအားက ပိုကောင်းလေလေပါပဲ။
ကျင်းဝူရဲ့ အမြူတေက အခုဆိုရင် ဂျယ်လီဘောလုံးလေး တစ်လုံးလိုပဲရှိသေးတာ တစ်ခါတုန်းကလဲ သူ့ရဲ့ အမြူတေက ကွဲသွားဖူးသည်လေ။ အဲဒီတုန်းက သူ့အသက်က ၅၀၀ ကျော်ကျော်ပဲ ရှိပါသေးသည်။
အမြူတေ အဆင့်ကို ရောက်တာလည်း မကြာသေးတော့ အမြူတေ ကလည်း မြူခိုးတွေလိုပဲ ရှိသေးတာ။ ကံဆိုးချင်တော့ နတ်ဆိုး နှစ်ကောင် တိုက်ခိုက်နေတာနဲ့ ကြုံလိုက်ရသည်။
အဲဒီတုန်းက သူ့ရဲ့ အမြူတေ ကလည်းအရမ်းမမြင့်သေးတော့ ခုခံကာကွယ်နိုင်ပေမယ့် ကံဆိုးစွာနဲ့ အမြူတေ ကွဲသွားခဲ့ရသည်။
ကံကောင်းချင်ပြန်တော့လည်း သူတို့ ခရုမျိုးနွယ်ဟာ မွေးရာပါ ပြန်လည်ပြုပြင်နိုင်စွမ်း ရှိသည်။ နှစ် ၂၀ လောက် အိပ်ပျော်နေပြီးတဲ့နောက်မှာ အမြူတေ က ပြန်ကောင်းသွားခဲ့သည်။
ဒါပေမယ့် သူ့ရှေ့က မြွေဆိုးကြီးမှာတော့ အလိုအလျောက် ပြန်လည်ပြုပြင်နိုင်စွမ်း မရှိဘူးဆိုတော့ နှစ် ၂၀၀ လောက် အိပ်ပျော်နေခိုင်းရင်တောင် သူ့ဘာသာ ပြန်ကောင်းလာမှာ မဟုတ်လောက်ဘူး။
ဒါကြောင့် သူကိုယ်တိုင်ပဲ ကူညီပေးမှဖြစ်မယ်။သူ့ရဲ့လက်ရှိ ကျင့်ကြံဆင့်နဲ့ သူ့ရဲ့ ခရုအရည်တွေကို ပေါင်းစပ်လိုက်ရင် အမြူတေကိုပြန်လည်ပြုပြင်ပေးဖို့က ပြဿနာ မဟုတ်ပေ။
ကျင်းဝူကက သူ့ရဲ့ခရုခွံထဲကနေ မူလအရည်တွေကို ထုတ်ယူလိုက်ပြီး အရွက်တွေကို ခွက်အနေနဲ့ သုံးလိုက်ပြီး မြွေဆိုးကြီးရဲ့ ပါးစပ်ထဲကို လောင်းထည့်လိုက်သည်။
ဒီလိုနဲ့ မူလအရည် တစ်လီတာလောက် လောင်းလိုက်ထည့်ပြီးတဲ့နောက်မှာ ကျင်းဝူက တင်ပျဉ်ခွေထိုင်လိုက်ပြီး မြွေကြီးရဲ့ ခန္ဓာကိုယ်ထဲက အမြူတေကို ပြန်လည်ပြုပြင်ဖို့ စိတ်စွမ်းအင်ကို အသုံးပြုလိုက်သည်။
မိုးလင်းခါနီးလာတော့ ကောင်းကင်က တဖြည်းဖြည်း လင်းလာပြီး အနီရောင် နေမင်းကြီးကလည်း မိုးကုတ်စက်ဝိုင်းထဲကို ထွက်လာသည်။ မြက်ပင်တွေပေါ်က နှင်းစက်လေးတွေကလည်း နေရောင်အောက်မှာ တလက်လက် တောက်ပနေတာပေါ့။
ကျင်းဝူက သူ့ရဲ့လက်ကို ရုတ်သိမ်းလိုက်ပြီး မျက်လုံးကိုလဲ ဖြည်းဖြည်းချင်း ဖွင့်လိုက်ပေမယ့် တစ်ညလုံး ပြုပြင်ပေးခဲ့ရတဲ့ မြွေဆိုးကြီးရဲ့ အမြူတေက သူ့ရဲ့စိတ်ထဲမှာ စွဲထင်နေတုန်းပဲ။
ဒီမြွေကြီးရဲ့ အမြူတေက ဘာလို့ ကင်းကောင်လိုမျိုး မာကျောနေဖြစ်ပြီး ဘာလို့ အဲ့လောက်ထိ ခိုင်မာနေရတာလဲဆိုတာ သူ့ကို ဘယ်သူကများပြောပြပေးနိုင်မလဲ။
အစကတော့ ဒီမြွေဆိုးကို ဉာဏ်အလင်းပွင့်စ နတ်ဆိုးလေးလို့ပဲ ထင်ခဲ့တာ။ ဒဏ်ရာတွေ ပျောက်သွားရင် ညီလေးတစ်ယောက်လို ခေါ်ထားဖို့တောင် စီစဉ်ထားခဲ့သေးသည်။ ဒါပေမယ့် အခု ရလဒ် အရတော့...…