ကျင်းဝူသည် ရွှံ့များပေပွနေသာ မြွေဆိုးကြီး ကို စိတ်ဓာတ်ကျစွာ ကြည့်လိုက်သည်။ ထိုမြွေဆိုးကြီးသည် သူ့ထက် NNNNအဆ လောက်ပိုပြီး သန်မာသည့်အတွက် ညီငယ်လေးအဖြစ်မွေးစားမည့်ကိစ္စကို မေ့လိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။
တစ်နေ့နေ့ ဒီညီလေးက ပုန်ကန်လာခဲ့လျှင် သူ့အနေနှင့် အရှုံးပေးရုံကလွဲပြီး ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
ကျင်းဝူတစ်ယောက် ထရပ်လိုက်ပြီး မြေပြင်ပေါ်က မြွေဆိုးကြီးကို စိတ်ဓာတ်ကျစွာ ထပ်မံ ပြန်ကြည့်လိုက်သည်။
ရုတ်တရက် သူ့မျက်လုံးတွေ လင်းလက်တောက်ပသွားပြီး တစ်ခုခုကို စဉ်းစားလို့ရသွားခဲ့သည်။
ဒီမြွေဆိုးကြီးမှာ အင်အားကြီးမားသော်လည်း စဥ်းစားတွေးခေါ်နိုင်စွမ်း နည်းလှသည်။ သူ့ဘက်ကသာ ကောင်းကောင်း ချော့မော့ပြီး အသက်ကယ်ပေးခဲ့သည့် ကျေးဇူးတွေကို ပြောပြလိုက်နိုင်လျှင် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် သူ့နောက်လိုက်လေး ဖြစ်လာနိုင်သည်လေ။
နောင်တစ်ချိန် သူ နတ်ဆိုးကျင့်ကြံရေးလောကကို ပြန်သွားသည့်အခါ၌ အင်အားကြီးသည့် မြွေဆိုးကြီးတစ်ကောင်က နောက်မှာ လိုက်ပါနေမည် ဖြစ်သည်။
ကျင်းဝူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကာ သူ့ပါးစပ်ထောင့်စွန်းလေးမှာ အပြုံးတစ်ချက် ပေါ်လာပြီးနောက် မြွေဆိုးကြီးကို တက်ကြွစွာ ကုသပေးတော့သည်။
သွေးကြောများကို ဆက်ပေးပြီးသည့်နောက်တွင်လည်း သူ၏စိတ်စွမ်းအင်အားလုံးကို မြွေဆိုးကြီးရဲ့ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်လေသည်။ ဒါသည်ကပင် မြွေဆိုးကြီး၏ ကြွက်သားနှင့် အရိုးများကို ကောင်းမွန်လာစေရန် ကူညီပေးနိုင်သည်။
ဤသို့လုပ်ခြင်းဖြင့် အနာဂတ်တွင် မြွေဆိုးကြီး၏ကျင့်ကြံဆင့်များ အလျင်အမြန်တိုးတက်လာနိုင်သည်။
ကျင်းဝူတစ်ယောက် နောင်တစ်ချိန်တွင် သူ့အချိန် အများစုကို လူ့ဘဝ၌ နေထိုင်သွားဖို့ ရည်ရွယ်ထားလေသည်။ ထို့ကြောင့် မြွေဆိုးကြီး အမြန်ဆုံး လူအသွင်ပြောင်းနိုင်သွားလျှင် သူ့ကိုပါ လူ့လောကထဲ ခေါ်ဆောင်သွားရန်အတွက် ပိုမို အဆင်ပြေသွားလိမ့်မည်ဖြစ်သည်။
အတွင်းဒဏ်ရာနှင့် အပြင်ဒဏ်ရာများ ကုသရန်မှာ အလွန်ရိုးရှင်းလွယ်ကူပြီး သူ၏ ခရုအရည် နည်းနည်း လိမ်းပေးရုံနှင့်ပင် ပျောက်ကင်းနိုင်လေသည်။
သို့ပေမယ့် ဒီမြွေဆိုးကြီးက အရမ်းကို ညစ်ပတ်နေပြီး သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများကလည်း ပုပ်နေကာ ရွှံ့တွေနှင့်လည်း ဖုံးနေသေး၏။
တစ်ညလုံး ကြိုးစားပြီးတဲ့နောက် မြွေဆိုးကြီး၏ ခန္ဓာကိုယ်ပေါ်က ရွှံ့တွေရဲ့ သုံးပုံတစ်ပုံလောက်သာ ဖယ်ရှားနိုင်ခဲ့ပြီး အကုန်လုံး သန့်ရှင်းသွားရန်အတွက် အလွန်ကိုခက်ခဲနေသေးသည်။
ကျင်းဝူက မြစ်ကမ်းနားက မြစ်ငယ်လေးကို လှမ်းကြည့်လိုက်ပြီးနောက်မှာတော့ မြွေဆိုးကြီးကို အဲဒီမြစ်ထဲမှာ အရင်ဆုံး ရေချိုးပေးဖို့ စီစဉ်လိုက်လေသည်။
မြွေဆိုးကြီး၏ ခန္ဓာကိုယ် သုံးပုံတစ်ပုံလောက်သာ ကမ်းပေါ်တွင် ရှိနေပြီး ကျန်သည့် သုံးပုံနှစ်ပုံကတော့ ရွှံ့ထဲမှာ နစ်မြုပ်နေတုန်းပဲ ဖြစ်သည်။
ကျင်းဝူ၏ စိတ်စွမ်းအင်တွေမှာလည်း ယခုအချိန်တွင် ကုန်ဆုံးနေပြီဖြစ်ရာ သူ၏ ရုပ်ပိုင်းဆိုင်ရာ အင်အားကို အားကိုးပြီးသာ သန့်ရှင်းရေးလုပ်ရန်သာ စီစဥ်ရတော့သည်။
ဤမြွေဆိုးကြီးမှာ မီတာ ၂၀ ထက် ပိုရှည်ပြီး အလေးချိန်က ၁၀၀၀ ကီလိုဂရမ် ထက်တောင် လေးလွန်းနေသည့်အတွက် သူကြိုးစားကာ အတော်ကြာ ဆွဲနေတာတောင်မှ မြွေဆိုးကြီးက တစ်မီတာခွဲလောက်သာ ရွေ့သွားခဲ့သည်။
ကျင်းဝူ တစ်ယောက် ချွေးများကို သုတ်လိုက်ပြီးနောက် နောက်ထပ်နည်းလမ်းများကို စတင်စဉ်းစားရတော့သည်။ ရွှံ့ဗွက်အိုင်ဘေးနားတွင် အလွန်တုတ်ခိုင်သည့် သစ်ပင်ကြီးတစ်ပင်ရှိပြီး ထိုသစ်ပင်ကြီးရှိ အကိုင်းအခက်တွေကလည်း အပေါ်အောက် ဘယ်ညာ ဖြာထွက်နေသည်။
ထိုသစ်ပင်ရှိ အကိုင်းတစ်ခု၏ အမြင့်နှင့်အထူ ကလည်း ဆုံချက်တစ်ခုလုပ်ဖို့ သင့်တော်လေသည်။ ကျင်းဝူက ထိုအကိုင်းကို အသုံးပြုပြီး မြွေဆိုးကြီးကို သိပ်မဝေးသည့် မြစ်ထဲသို့ တွန်းချဖို့ရန် စီစဉ်လိုက်လေသည်။
သူအတွက် လိုအပ်သည်မှာ ရှည်လျားသည့် တုတ်ချောင်းတစ်ချောင်းနှင့် ကြိုးအဖြစ်အသုံးပြုရန် သစ်ပင်အမြစ်ရှည် တွေသာဖြစ်လေသည်။ ထိုလိုအပ်သော အရာများကို သစ်တောထဲတွင် အများအပြား ရှာဖွေနိုင်လေသည်။
ကျင်းဝူတစ်ယောက် သင့်တော်သည့်သစ်ခြောက်တစ် ချောင်းကို ရှာတွေ့သွားပြီးနောက်တွင် သန်မာသည့် သစ်ပင်အမြစ်ရှည်တွေကိုလည်း ရှာတွေ့လာခဲ့သည်။
သူက သစ်ပင်အမြစ်ရှည်ကို မြွေဆိုးကြီး၏ ခန္ဓာကိုယ်တွင် ချည်နှောင်လိုက်ကာ သစ်ပင်အမြစ်ရှည်၏ အခြားတစ်ဖက်ကို သစ်ပင်မှာ ချည်နှောင်လိုက်သည်။ ဒါကလဲ မြွေဆိုးကြီး မြစ်ထဲ ပြုတ်ကျသွားပြီး ရေစီးကြောင်းနှင့် မျောပါသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ရှည်လျားလှသည့် သစ်ချောင်း၏ တစ်ဖက်ကို မရွေ့သွားစေရန် သစ်ကိုင်းများကြား ထိုးထည့်ထားပြီး ကျန်သည့် တစ်ဖက်ကို ကျင်းဝူက မြွေဆိုးကြီး၏ ခန္ဓာကိုယ်ကို မြှောက်ကာ ချည်နှောင်ထားလိုက်သည်။ ပြီးနောက် သူက သစ်ပင်ထိပ်ပေါ်သို့ တက်ကာ အမြင့်ကနေ ခုန်ဆင်းလိုက်ပြီး သစ်သားချောင်း၏ တစ်ဖက်ကို တည့်တည့် ခုန်ချလိုက်လေတော့သည်။
မြွေဆိုးကြီးအား ချည်နှောင်ထားသည့် သစ်သားချောင်းဘက်ခြမ်းမှာ စီးဆောဆော့လျှင် မြှောက်တက်သွားသလို ပျံတက်သွားလေသည်။ သစ်ပင်အမြစ်ရှည်နှင့် ချည်နှောင်ခံထားရသည့် မြွေဆိုးကြီးက ကျင်းဝူ၏ ခေါင်းပေါ်မှနေ ကျော်ဖြတ်သွားပြီး မြစ်ဘက်သို့ ဝှီးကနဲ လွင့်ထွက်သွားကာ ရေထဲသို့ တည့်တည့် ပြုတ်ကျသွားတော့သည်။
ကျင်းဝူက မြွေဆိုးကြီး၏ ခန္ဓာကိုယ်ကို ချည်နှောင်ထားသည့် သစ်ပင်အမြစ်ရှည်ကို ဆွဲကြည့်လိုက်ပြီး သစ်မြစ်၏ ခိုင်ခံ့မှုကိုစစ်ဆေးကာ သစ်မြစ်ရှည်က လွန်စွာခိုင်ခံ့သည့်အတွက် ပြုတ်ထွက်မသွားနိုင်ဟု ဆုံးဖြတ်လိုက်သည်။
သူသည် အနီးအနားရှိ သစ်ပင်တစ်ပင်ကနေ သစ်သီးများအား ခူးယူလိုက်ပြီး သစ်ပင်ရိပ်အောက်မှာ ထိုင်နေရင်း မြစ်ထဲရှိ မြွေဆိုးကြီးကို ကြည့်နေလေသည်။
ရုတ်တရက် ကောင်းကင်ပေါ်မှနေ အင်ဂျင်အသံနှင့် ဆူညံသံများ ကြားလိုက်ရသဖြင့် ကျင်းဝူ ခေါင်းမော့ကြည့်လိုက်မိသည်။
ကောင်းကင်ပေါ်တွင် ပင့်ကူအကြီးကြီးတစ်ကောင်ပုံစံနှင့် ထူးဆန်းသည့် အရာတစ်ခု ပျံသန်းနေသည်အား တွေ့လိုက်ရသည်။ ပင့်ကူခြေထောက်တစ်ခုစီမှာလည်း အနီရောင် မီးများ လင်းလက်နေသေးသည်။
ကျင်းဝူက ချက်ချင်းဆိုသလို ခုန်ထွက်သွားပြီး လက်ပြအော်ဟစ်လိုက်ကာ သူ့ကို သူတို့ ရှာတွေ့ဖို့ မျှော်လင့်နေမိသည်။ ကောင်းကင်မှာ ပျံသန်းနေသည့်အရာက ပုံစံအရ ထူးဆန်းသော်လည်း ကျင်းဝူ သေချာသိနေတာကတော့ ထိုအပေါ်မှာ လူတွေ ရှိနေမယ် ဆိုတာပဲ ဖြစ်သည်။
လွန်ခဲ့သည့်ဆယ်စုနှစ်တွေအတွင်း သူနှင့် သူ့ဆရာ လူ့ဘဝမှာ နေထိုင်ခဲ့စဥ်ကတည်းစ ဤကဲ့သို့ အဆင့်မြင့် နည်းပညာမျိုးကို ဖန်တီးနိုင်သည်မှာ လူသားတွေသာ ရှိလေသည်။ အကယ်၍ အထဲမှာ ရှိနေသည့် လူသားတွေသာ သူ့ဆရာကို ရှာတွေ့သွားလျှင် သူဒီနေရာမှ မကြာခင် ထွက်သွားနိုင်လိမ့်မည်ဖြစ်သည်။
အနှီ "ပင့်ကူကြီး" မှာ သူ့ခေါင်းပေါ် ရစ်ပတ်ပျံသန်းနေပြီးနောက် ... ပျံသွားလေတော့သည်။
ကျင်းဝူတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် လက်ကိုပြန်ရုတ်လိုက်ကာ ထိုအရာအား မေ့ပစ်ရန် ဆုံးဖြတ်လိုက်ပြန်သည်။ သူ့ညီလေး မြွေမဲကြီးကို အမြန်ဆုံး ကုသပေးတာက ပိုကောင်းသည် ၊ အဲ့ဒါကမှသာ သူ့ကို ဒီနေရာကနေ ခေါ်ထုတ်သွားဖို့ ပိုပြီး ဖြစ်နိုင်လိမ့်ဦးမည်။
မြွေများ၏ မြေပြင်ပေါ် တွားသွားသည့် အမြန်နှုန်းက သာမန်သာ ဖြစ်သည်။ သို့သော်လည်း သာ့ဟေး ကတော့ သာမန် မြွေတော့ မဟုတ်နိုင်ပေ။
[T/N - သာ့ဟေး ဆိုတာ ကျင်းဝူခေါ်ခေါ်နေတဲ့ မြွေဆိုးကြီးကိုပဲ ပြောတာပါနော်။ မြွေက အနက်ရောင်မို့ တရုတ်လို့(大黑) မဲကြီးလို့ပြောတာပါ။]
သာ့ဟေးက ဉာဏ်ရည်ထက်မြက်ရုံသာမက အင်အားကြီးမားသော နတ်ဆိုးစွမ်းအင်လည်း ရှိသဖြင့် သူက ကားတစ်စီးထက်ပင် မြန်မြန်သွားနိုင်ဦးမည်။
[ *** သာ့ဟေး ဆိုတာက ကျင်းဝူက မြွေဆိုးကြီးကို မှည့်ပေးလိုက်တဲ့ နာမည်ပါ။ သူ့ရဲ့ ညီလေးကို နာမည်တောင် မှည့်ပေးလိုက်ပါပြီ။]
"ကပ္ပတိန် ကော်ရေး၊ စက်က တုံ့ပြန်နေပြီ!"
အာကာသယာဉ်၏ ထိန်းချုပ်ခန်းအလယ်၌၊ အနက်ရောင်ယူနီဖောင်းဝတ်ထားသည့် စစ်သားတစ်ယောက်က သူ့ထိုင်ခုံကနေ ခုန်ထွက်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ဗိုလ်မှူးကြီး ကော်ရေးလည်း လျှောက်လာပြီး စစ်သားရှေ့က စက်ကို ကြည့်လိုက်သည်။
စစ်သားက မျက်နှာပြင်ပေါ်ရှိ အစိမ်းရောင်အစက်ငယ်လေးကို ထိုးပြလိုက်ပြီး
"အဲဒါပါ၊ ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးရဲ့ စွမ်းအင်ကုဒ်ကို ရှာတွေ့ပါပြီ၊ ဗိုလ်ချုပ်ကြီး အသက်ရှင်နေတာပဲဖြစ်ရမယ်!"
"ကောင်းတယ်!"
ကော်ရေးတစ်ယောက် မျှော်လင့်ချက်ရောင်ခြည်များဖြင့် တလက်လက်တောက်ပနေသည့် မျက်လုံးများနှင့် အစိမ်းရောင် အစက်ငယ်လေးကို စိုက်ကြည့်နေမိသည်။
လွန်ခဲ့သည့်ခုနစ်ရက်တုန်းက ဗိုလ်ချုပ်ကြီးက သူတို့ကို ဦးဆောင်ပြီး ဇာ့ဂ်ဘုရင်မကို လိုက်လံဖမ်းဆီးခဲ့သော်လည်း ဇာ့ဂ်ဘုရင်မက အလွန်မြန်လွန်းသည့်အတွက် ဗိုလ်ချုပ်ကြီးမှလွဲ၍ ဘယ်သူမှ မလိုက်နိုင်ခဲ့ကြပေ။
နောက်ဆုံး သူတို့လိုက် မှီ သွားသည့်အချိန်၌ အင်အားပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ဗုံးတစ်လုံး ဖောက်ခွဲတိုက်ခိုက်တာ ခံခဲ့ကြရသည်။ ထိုစွမ်းအင်ဗုံးက မာရှယ် ရေမွန်၏ စွမ်းအင်တွေဖြစ်နေပြီး မာရှယ်ရေမွန်၏ စွမ်းအင်အပိုင်းအစတွေကတော့ ပျောက်ကွယ်သွားခဲ့ရသည်!
တစ်ချိန်တည်းမှာပင် ဇာ့ဂ်ဘုရင်မလည်း မီးခိုးငွေ့တွေအဖြစ် ပြောင်းလဲသွားကာ သုတ်သင်ခြင်းခံလိုက်ရသည်။
Orc အင်ပါယာတွင် စွမ်းအင်ပျောက်ကွယ်သွားခြင်းသည် အသက်အန္တရာယ်အထိ ခြိမ်းခြောက်နိုင်သည့် ပြဿနာတစ်ခုပင်ဖြစ်သည်။ စွမ်းအင်တွေ ပျောက်ကွယ်သွားပြီးနောက်တွင်တော့ Orc များ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အရင်းအမြစ်များပါ ပျက်စီးသွားလိမ့်မည်။ စွမ်းအင် အရင်းအမြစ်များ ပျက်စီးသွားသည့်အခါ၌ သူတို့တွင် ပုံမှန်ရှိနေကျ စွမ်းအင်ထက် အဆ သုံးဆယ်ကျော်ရှိသည့် ပိုမိုပြင်းထန်တဲ့ စွမ်းအင်များ ပေါက်ကွဲထွက်လာလိမ့်မည် ဖြစ်သည်။
စွမ်းအင်အရင်းအမြစ် ပေါက်ကွဲ ပျက်စီးသွားသော Orc များက အသုံးကျတော့ မည်မဟုတ်ချေ။ သူတို့၏ အင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးသွားပြီး ကျန်တဲ့ဘဝတစ်လျှောက်လုံးကို ကုတင်ပေါ်မှာသာ လဲလျောင်းနေရတော့မှာ ဖြစ်သည်။
ပျက်စီးသွားသော အင်္ဂါအစိတ်အပိုင်းများကို နည်းပညာဖြင့် ပြန်လည်ချိတ်ဆက်ပေးလို့ ရသော်လည်း Orc များ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်အရင်းအမြစ်မရှိတော့သည့်အတွက် စွမ်းအင်တွေ လည်ပတ်စီးဆင်းနိုင်တော့မှာ မဟုတ်သည့်အပြင် ထိုအင်္ဂါအစိတ်အပိုင်းတွေ ပြန်လည်ပျက်စီးသွားသည်အထိ စွမ်းအင်များက အဆက်မပြတ် တိုက်ခိုက်နေမှာ ဖြစ်သည်။
မာရှယ်ရေမွန်က အဆင့်ရှစ် Orc တစ်ယောက်ဖြစ်ပြီး အင်မတန် အစွမ်းထက်သော်လည်း စွမ်းအင်ပျောက်ကွယ်မှုဖြစ်ခြင်း အန္တရာယ်မှ မလွတ်မြောက်နိုင်ခဲ့ပါချေ။
သို့ပေမယ့် မာရှယ်ရေမွန်ဟာ အသုံးမကျ သောသူတစ်ယောက် ဖြစ်သွားလျှင်တောင် သူသည် သူတို့အင်ပါယာ၏ သူရဲကောင်းတစ်ယောက် ဖြစ်နေဆဲပင် ဖြစ်သည်!
ဤပုန်းကွယ်နေသည့် ကြယ်ပေါ်တွင် ပြုတ်ကျသွားသည့် ဗိုလ်ချုပ်ကြီး၏ တည်နေရာက အဆုံးအစမရှိသော အပျိုစင်သစ်တောကြီးတစ်ခုပဲဖြစ်နေသည်။
ဤနေရာတွင် သားရဲသတ္တဝါကြီးများစွာ နေထိုင်ကြသည်။ မာရှယ်သည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး သူ့စွမ်းရည်တွေလည်း ဆုံးရှုံးသွားခဲ့ပြီဖြစ်ရာ အသက်ရှင်ဖို့ အခွင့်အလမ်းမှာ အလွန်ကို နည်းပါးသော်လည်း သူတို့နှလုံးသားထဲမှာတော့ မျှော်လင့်ချက်လေးတစ်ခု ရှိနေခဲ့သေးသည်။
"အသက်ရှင်လျက်ရှိရင် လူကိုတွေ့ချင်တယ်၊ သေဆုံးသွားရင် အလောင်းကိုတွေ့ချင်တယ်" ဆိုသည့်အတိုင်း ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သူတို့ဟာ မာရှယ်ရေမွန်ကို သူ့ဇာတိမြေသို့ ပြန်လည်ခေါ်ဆောင်သွားရမှာပဲ ဖြစ်သည်။
ဤယုံကြည်ချက်က သူတို့ကို ခုနစ်ရက်တိုင်တိုင် လွှမ်းမိုးနေခဲ့ပြီး မျှော်လင့်ချက်တွေ ပျက်စီးလုနီးပါး ဖြစ်နေချိန်မှာတော့ မာရှယ်၏ စွမ်းအားကုဒ်ကို ရှာတွေ့လိုက်ရသည်!
မာရှယ်၏ စွမ်းအားကုဒ်ကို ရှာတွေ့နိုင်သည်ဖြစ်ရာ မာရှယ် အသက်ရှင်နေသေးသည်မှာ သေချာသလောက်ရှိပြီး ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်လဲ!
မျက်နှာပြင်ပေါ်ရှိ လင်းလက်နေသည့် အစိမ်းရောင်အစက်ငယ်လေးကို ကြည့်ပြီး ဗိုလ်မှူးကြီး ကော်ရေးက
"ချက်ချင်းပြန်လှည့်ပြီး မူလလမ်းကြောင်းအတိုင်း ပြန်သွားကြ!" ဟု အမိန့်ပေးလိုက်သည်။
ကျင်းဝူက နေကိုကြည့်လိုက်ပြီးနောက် မြွေဆိုးကြီးကို ရေထဲတွင် ဆေးကြောသန့်စင်တာ တော်လောက်ပြီ လို့ ယူဆလိုက်သည်။
သူက အရွက်ကြီးတစ်ရွက်ကို ယူပြီး ခေါင်းပေါ်တွင် နေအရိပ်ရအောင် တင်လိုက်ကာ မြွေဆိုးကြီးအား နည်းနည်းချင်းဆွဲတင်ဖို့ သစ်ပင်အမြစ်ရှည်ကြိုးကို စတင် ဆွဲလိုက်တော့သည်။
ရေဆေးသန့်စင်ပြီးသည့်နောက် မြွေဆိုးကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ သာမန်မဟုတ်မှန်း သူသတိပြုမိသွားသည်၊ ဒဏ်ရာများမှာ အပေါက်တွေ အများကြီးဖြစ်နေကာ သရုပ်ဖော်ပြရန်အတွက်ပင် မကောင်းဘူး ဖြစ်နေသည်။
ကျင်းဝူတစ်ယောက် သူ့ခရုခွံထဲက အရည်တစ်ဆုပ်ကိုယူပြီး မြွေဆိုးကြီး၏ ဒဏ်ရာတွေပေါ် လိမ်းပေးလိုက်သည်၊ ထို့နောက် နောက်တစ်ဆုပ်ထပ်ယူပြီး ဒဏ်ရာပေါ် ပွတ်ပေးလိုက်ပြန်သည်၊ ထိုအရည်တွေ ပွတ်လိမ်းလိုက်သည့်နေရာမှ ဒဏ်ရာတွေသည် မျက်စိနှင့် မြင်သာသည့် အချိန်ခဏလေးအတွင်းမှာတင် ပျောက်ကင်းသွားတော့သည်။
ထိုအချိန်တွင် နေက ကောင်းကင်ယံမှာ ရောက်နေပြီး နေရောင်ကလဲ အပူတပြင်း တောက်လောင်နေလေသည်။
ကျင်းဝူ၏ခေါင်းပေါ်တွင် အရွက်ကြီးတစ်ရွက်ရှိနေသော်လည်း အသုံးဝင်လှသည်တော့ မဟုတ်ပေ။
သူ့ဝိညာဉ်စွမ်းအင်များမှာ အနည်းငယ် ပြန်ကောင်းလာသော်လည်း မြွေဆိုးကြီးကို သစ်ပင်ရိပ်အောက်သို့ ဆွဲယူဖို့ရာ နည်းနည်းခက်နေသေးသည်။
ကျင်းဝူက မြွေဆိုးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဒဏ်ရာတွေကို ကြည့်လိုက်ကာ အနှီဒဏ်ရာတွေက ဘယ်တော့များမှ လုံးဝပျောက်ကင်းသွားမှာလဲ တွေးတောနေမိသည်။ သူသည်လည်း သူ၏ခံနိုင်ရည်ကို ရောက်လုနီးပါးဖြစ်နေလေပြီ။
ကျင်းဝူသည် ခဏလောက် စဉ်းစားပြီးနောက် သွားများကို တင်းတင်းစေ့လိုက်ပြီး မြွေဆိုးကြီးကို သူ့ခရုခွံထဲ ထည့်ထားပေးလိုက်တော့သည်။
သူ လူပုံစံပြောင်းသွားသည့်အခါ သူ့ခရုခွံက သယ်ဆောင်ရလွယ်ကူသည့် နေရာလွတ်တစ်ခုလိုပင် ဖြစ်လာကာ သူကိုယ်တိုင် ထိုထဲဝင်ပြီး အနားယူလို့ မရသော်ငြား အပြင်ကမ္ဘာက အရာတွေကိုတော့ ယူဆောင်သွားလို့ရသည်။
ကျင်းဝူ၏ခရုခွံက သူ့ဝမ်းဗိုက်ထဲတွင် ဝှက်ထားတာဖြစ်ပြီး ထိုနေရာ၏ နေရာလွတ် အတွင်းပိုင်းက အရမ်းကျယ်ဝန်းကာ မူလခရုအရည်တွေနှင့် ပြည့်နှက်နေသည်။
မြွေဆိုးကြီးကို ထိုထဲမှာဆိုလျှင် မြန်မြန်ပြန်ကောင်းအောင် လုပ်ပေးလို့ရပြီး အချိန်ကုန်သက်သာကာ အားစိုက်ထုတ်ရတာလည်း နည်းစေလိမ့်မည်။
ဒါပေမယ့် သူ့ခရုခွံထဲကို သူ့ကိုယ်တိုင်ကလွဲပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးခဲ့ဖူးပေ၊ ကျင်းဝူတစ်ယောက် ဒီလိုလုပ်ရတာက သူ့ကို အနည်းငယ် စိတ်မသက်မသာ ခံစားရစေသည်။
သာ့ဟေးကို သူ့ခရုခွံထဲ ထည့်လိုက်ပြီးသည်နှင့် ကျင်းဝူ သူ့နောက်ကနေထွက်လာသော ထူးဆန်းသည့် အသံတစ်ခုကို ကြားလိုက်သည်။
သူလှည့်ကြည့်လိုက်တော့ တောဝက်တစ်အုပ်က ဒီဘက်ကို လာနေတာကို တွေ့လိုက်ရတော့သည်။
ထိုတောဝက်တွေက သန်မာကာ ထွားကြိုင်းကြပြီး သူအရင်က တွေ့ဖူးသည့် တောဝက်တွေထက် နှစ်ဆလောက် ပိုကြီးကြသည်။
ချွန်ထက်သောနားရွက်တွေနှင့် ပါးစပ်အပြင်ဘက်တွင် ပေါက်နေတဲ့ ချွန်ထက်တဲ့ အစွယ်နှစ်ချောင်းကြောင့် သူတို့က အရမ်းကို ရုပ်ဆိုးပြီး ကြောက်စရာကောင်းပြီး ဝက်မွှေး နဲ့ ရွှံ့စေးတွေနဲ့ လုပ်ထားတဲ့ ချပ်ဝတ်တန်ဆာ ထူထူတစ်ထပ်ကိုလည်း ဝတ်ဆင်ထားကြသည်။
တောဝက်တချို့တွေက သူ့ကို ခိုတစ်ကောင်ရဲ့ မျက်လုံးတွေလို အေးစက်စက်စိုက်ကြည့်နေကြသည်။
ကျင်းဝူ : "..."
ဒီနေရာမှာ ရေအရင်းအမြစ်ရှိတာကြောင့် ဒီတောဝက်အုပ်က ရေလာသောက်တာ ဖြစ်နိုင်သည်။
အရွယ်ရောက်ပြီးသား တောဝက်တစ်ကောင်ရဲ့ ဖျက်ဆီးနိုင်စွမ်းက အရမ်းကို ကြောက်စရာကောင်းကာ ကျားတွေက တစ်ခါတစ်ရံမှာ ဆင်တွေကို သွားရန်စနိုင်ပေမယ့် တောဝက်တွေကိုတော့ ဘယ်တော့မှ အလွယ်တကူ မနှောင့်ယှက်ရဲကြပေ။
အထူးသဖြင့် တောဝက်အုပ်နဲ့ ကြုံတဲ့အခါ တစ်ယောက်ယောက်က မတော်တဆ သူတို့မျက်စိထဲ ရောက်သွားရင် သေတဲ့အထိ လိုက်သတ်မှာပဲ ဖြစ်သည်။
ဒါပေမယ့် ကျင်းဝူက ဒီတောဝက်တွေကို မကြောက်ပေ။
သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအား သိပ်မရှိတော့ပေမယ့် သူ့ကိုယ်သူ ကာကွယ်ဖို့ အလွှာတစ်ခုအတွက်က လုံလောက်ကာ သူ့ရဲ့ကာကွယ်မှုက မကောင်းဆိုးဝါးနတ်ဆိုးကြီးရဲ့ တိုက်ခိုက်မှုတွေကိုတောင် ပိတ်ဆို့ထားနိုင်သည်။
ဒီတောဝက်တွေက အရမ်းကို နံစော်နေတာကြောင့် ကျင်းဝူက ဒီနေရာကနေ အရင်ဆုံး ထွက်သွားဖို့ ရန် သူတို့ကို မလှုံ့ဆော်မိစေဖို ကြံရွယ်လိုက်သည်။
သူ ခြေလှမ်းနှစ်လှမ်းလောက်ပဲ လှမ်းလိုက်ရသေးသည့်အချိန်တွင် သူ့အနားမှ အနီးဆုံးနဲ့ အကြီးဆုံး တောဝက်က သတိပေးချက်မပေးဘဲ သူ့ဆီကို တရှိန်ထိုး ပြေးဝင်လာခဲ့သည်။
ကျင်းဝူက " ဘယ်သူမှ ငါ့ကို မထိရင် ငါလည်း ဘယ်သူ့ကိုမှ မထိဘူး " ဆိုတဲ့စိတ်နဲ့နေတဲ့ သူပဲဖြစ်သည်၊ ဒါပေမယ့် ဒီတောဝက်အုပ်က သူ့အတွေးနဲ့ လုံးဝကို ကိုက်ညီနိုင်မှာ မဟုတ်ပေ။
ဒီတောဝက်ကြီးက တောဝက်အုပ်ရဲ့ ခေါင်းဆောင် ဖြစ်နိုင်ပြီး သူရွေ့လျားလိုက်တာနဲ့ ကျန်တဲ့တောဝက်တွေကလည်း သူတို့ရဲ့ ခြေထောက်လေးချောင်းကို အားကုန်သုံးပြီး သူ့ထံ ပြေးဝင်လာကြသည်။
ဦးဆောင်လာတဲ့ တောဝက်ကြီးက ကျင်းဝူရဲ့ ကာကွယ်ရေးအရံအတားကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဝင်တိုက်သွားချိန်တွင် အဲ့ဒါက သံမဏိပြားထူထူတစ်ချပ်ကို ဝင်တိုက်လိုက်ရသလို ဖြစ်နေသည်။
ကျင်းဝူက လက်မြှောက်ပြီး လက်ခလယ်ကို ထောင်ပြလိုက်လေသည်။
ဒီတောဝက်တွေက မျက်စိကန်းပြီး သူ့ကို တိုက်ခိုက်ဖို့ လာနေတာဖြစ်တဲ့အတွက် သူတို့ကို သင်ခန်းစာ နည်းနည်းတော့ ပေးသင့်သည်လေ။
ကျင်းဝူက လက်ခလယ်ထိပ်မှာ ငုံးဥအရွယ်အစားလောက်ရှိတဲ့ မိုးကြိုးစက်ကွင်းတစ်ခုကို စုစည်းလိုက်သည်။
သူ့မှာ အခုအချိန် ဝိညာဉ်စွမ်းအား အရမ်းနည်းနေခြင်းကြောင့် စုစည်းထားတဲ့ မိုးကြိုးသံလိုက်စက်ကွင်းကလဲ သဘာဝအတိုင်း သေးငယ်သွားပြီး အာနိသင်လည်း လျော့နည်းနေမှာ သေချာသည်။
ဒါပေမယ့် အဆင်ပြေပါတယ်၊ သူ စွမ်းအင်ကို အကြိမ်အနည်းငယ်လောက်တော့ စုစည်းနိုင်ပါသေးသည်?